နှလုံးသား အနုကပ္ပ (အပိုင်း ၇)
lotaya.mpt.com.mm
|
2022-08-27

Part - 7

" ဖေဖေကလဲ ဒီနေ့ အလုပ်နားရက်မို့ပါ....နော် ။ ဖယောင်း မြန်မြန်ပြန်လာမယ်လေ။ "

အလုပ်နားရက်လေး သူငယ်ချင်းတွေနဲ့ လျှောက်လည်ချင်တာမို့ ဖယောင်းဖေဖေ့ထံ ခွင့်တောင်းနေခြင်းပင်။ 

" ကဲ.....ကဲ...ငါ့သမီးက ဒီလောက်သွားချင်နေမှတော့ သွား သွား။ စောစောတော့ ပြန်လာခဲ့နော် ။ "

" ဟုတ်ကဲ့ ဖေဖေ...."

ခွင့်ပြုချက်ရသည်နှင့် ဖယောင်း ခေါင်းလေးဆတ်ခနဲညိတ်ကာ အိမ်ထဲမှ ထွက်လာခဲ့သည်။ မသိခဲ့ဘူးလေ.....ဖယောင်းဘဝတစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်လို့။ 

မာန်ခိုက်ထင် ကားမောင်းလာရင်းမှ ဒီနေ့ စက်ရုံကိုသွားစစ်ရန် ထွက်လာခြင်းပင်။ ကိုကျော်က နေမကောင်းတာမို့ ပါမလာသလို သူတစ်ယောက်ထဲ ထွက်လာခြင်းပင်။ အခုတလော မှော်ဘီအထည်ချုပ်စက်ရုံမှ မန်နေဂျာက ခေါင်းပုံဖြတ်နေသည်ဟု တိုင်ကြားစာတွေ ရုံးချုပ်ကို ရောက်လာသလို သူကလဲ ထိုစက်ရုံကိုသွားမစစ်ဖူးတာမို့ ဒါ ပထမဆုံးအကြိမ် သွားစစ်ခြင်းပင်။

ဖယောင်း အငှားကားပေါ်မှ ဆင်းလိုက်ကာ ပိုက်ဆံရှင်းရန် ပြင်လိုက်ပေမယ့် ပိုက်ဆံအိတ်ကို မတွေ့တာမို့ ခေါင်းနားပန်းကြီးသွားရသည်။

" ဟင်.... ငါ့ အိတ်ရော....ဘယ်ရောက်...."

ဖျတ်ခနဲသတိရသွားသည်က ဖေဖေ့ကိုခွင့်တောင်းနေစဉ်ကြမ်းပြင်ပေါ်ခဏချထားခြင်းပင်။ ခွင့်ပြုတာနဲ့ ဝမ်းသာအားရပြေးထွက်လာတာ လူချည်းသက်သက်မှန်း ခုမှ သတိထားမိသည်။ 

" ဟေ့.....ကလေးမ ဒါမျိုးတွေရိုးနေပြီနော်။ မဟုတ်တရုတ်တော့ မလုပ်နဲ့.  ရဲလက်အပ်ပစ်မယ်။ "

ဖုန်းကလဲ အိတ်ထဲကျန်ခဲ့တာမို့ ဖယောင်းချွေးတွေပင်ပျံလာရသည်။ မေ့စရာရှားလို့ ကိုယ့်ပိုက်ဆံအိတ်ကိုယ်မေ့ရတယ်လို့။

! တီ..... တီ!

ထိုးရပ်လာသည့် ပါရာဒိုကားအမဲရောင်တစ်စီး.... ။ ကားမှန်လျောခနဲကျလာတော့ ချောမောခန့်ညားသည့် မျက်နှာကို မြင်လိုက်ရ၏။ မာန်ခိုက်ထင် သူ့ကိုပြူးပြူးလေးကြည့်နေသည့် ငတိမအား မေးဆတ်ပြရင်းမှ......

" ဘာဖြစ်နေတာလဲ... "

" ဟေ့...ဟေ့ သူငယ်....မင်းအသိလား။ ဒီကောင်မလေး ကားခလဲမပါပဲ ငါ့ကားငှားစီးတယ်...."

ဖယောင်းမျက်နှာလေးက ရဲခနဲဖြစ်သွားရသလို နှုတ်ခမ်းလေးစူသွားရ၏။ မာန်ခိုက်ထင် စိတ်ထဲမှရယ်ချင်သွားရရင်း ကားသမားအားလှမ်းကြည့်ကာ....

" ကားခက ဘယ်လောက်လဲ...."

" ခြောက်ထောင်.... "

မာန်ခိုက်ထင် အိတ်ကပ်ထဲမှ ပိုက်ဆံယူကာ ကမ်းပေးလိုက်ရင်း ငတိမဘက်လှည့်၍.....

" ကားပေါ်တက်လေ......ဘာလုပ်နေတာလဲ ။ "

ဖယောင်း ယောင်လည်လည်ဖြင့် ကားပေါ်ရောက်လာသလို သူ့အား မရဲတရဲလှမ်းကြည့်ရင်းမှ...

" ဖယောင်းလခထဲက နှုတ်လိုက်နော်....."

ကိုယ်ကသာပြောနေပေမယ့် သူက စကားတောင်ပြန်မပြောပဲ သူ့ကားသာအေးဆေးမောင်းနေ၏။ အခုမှ သတိရသွားရရင်း အရှေ့မှာ ဆင်းရန်ပြောဖို့ပြင်ပေမယ့်.....

! တူ.....တူ.....တူ!

မာန်ခိုက်ထင် ဖုန်းမြည်သံကြောင့် ကိုင်လိုက်ရင်းမှ ....

" ပြော ဦးနိုင်  ....."

" ဘာ.....အခု ဟုတ်လား။ ကျွန်တော် သွားနေပြီ.... ကွက်တိတိုးမယ်ထင်တယ်....ဒါပဲ။ "

ကားကိုပို၍ ခပ်မြန်မြန်မောင်းလိုက်ကာ မှော်ဘီအမြန်ရောက်ဖို့က စိတ်လောနေ၏။ 

" ဟို....ဒီမှာ ဖယောင်းက...."

" မင်း တိတ်တိတ် နေစမ်းပါ ဒီမှာ အရေးကြီးရတဲ့အထဲ။ "

" အို....ရမလား ဘယ်သွားနေလို့သွားမှန်းမသိပဲ။ ဖယောင်းက မိန်းကလေးလေ။ တစ်ခုခုဆို....."

" ဒီမှာ..... ငါမှော်ဘီက စက်ရုံကို အရေးတကြီးစစ်ဆေးစရာရှိလို့သွားနေတာ။ မင်း ငါ့ဝန်ထမ်းမဟုတ်လား......အလုပ်ကိစ္စလို့တွေးလိုက်။ ဒါမှမဟုတ်လဲ စောနကအကြွေးလို့သာမှတ်....  အခုပါးစပ်ကိုပိတ်ထားတော့။ "

ကြည့်စမ်း......ဒီလူဟာလေ။ သူပဲ အလုပ်များတယ် ထင်နေလားမသိဘူး။ မကျေမနပ် မျက်စောင်းလှမ်းထိုးရင်းမှ မှော်ဘီထိသာ ပါလာတာ ဒီလူ့ကိုကြည့်လို့ရသည်မဟုတ်။ 

မာန်ခိုက်ထင် ကားကိုလမ်းဘေးထိုးရပ်ရင်းမှ စက်ရုံကိုလှမ်းကြည့်မိ၏။ ကားပေါ်ကဆင်းလိုက်တာတောင် ကားပေါ်ဆက်ထိုင်နေသေးသည့် ငတိမကြောင့် .....

" ဟ!.... ဆင်းလေ.... မဆင်းပဲဘာလုပ်နေတာလဲ။ "

" ဆင်းမှာပေါ့....ဘယ်လိုဖြစ်နေမှန်းမသိဘူး။ "

စူစူအောင့်အောင့်ဖြင့် ဆင်းလာသည့်ပုံစံကြောင့် မာန်ခိုက်ထင် စောင့်မနေပဲ စက်ရုံဝင်းထဲ အရှေ့မှတန်းဝင်လာခဲ့သည်။ ကုန်တင်ကုန်ချ လုပ်နေကြသည့် လူငါးယောက်ခန့်က သူ့ကိုမြင်တော့ ကြောင်သွားပုံရကာ သူခိုးလူမိဖြစ်သွားဟန်ရ၏။

" မင်း ဘယ်သူလဲ.....ဘာဝင်လုပ်တာလဲ။ "

မာန်ခိုက်ထင် ခပ်တည်တည် စိုက်ကြည့်ရင်းမှ....

" အဲ့မေးခွန်းကို ငါကပြန်မေးရမှာ.....မင်းတို့က ဘာကိစ္စ စက်ရုံထဲက ပစ္စည်းတွေ ခိုးထုတ်နေတာလဲ။ ဒါ အလုပ်ပိတ်ရက်နော်.....မန်နေဂျာ အောင်ကြီးနဲ့ ဒီ​နေ့လုံခြုံရေးကျတာ ဘယ်သူလဲ....."

ဖယောင်း စက်ရုံထဲဝင်လာရင်းမှ သူ့ဘေးလာဝင်ရပ်လိုက်သည်။ ထိုလူတွေထဲမှ လူတစ်ယောက်​က ဖယောင်းနှင့်သူ့ကို အကဲခတ်သလို ငေးကြည့်ရင်း....

" ​သြော်.....အတွဲတွေ လာချိန်းတွေ့တာကိုး..."

" ဘာ !....."

ဖယောင်းဆီမှ ဒေါသတကြီးအသံလေးထွက်လာသလို မာန်ခိုက်ထင် လဲ စိတ်ကမရှည်တော့....

" ငါ ဒီစက်ရုံကသူဌေးပဲ....မင်းတို့အကုန်လုံးကို... "

" ဟား .... ဟား ..... ဟား ...... မင်းကသူဌေးဆို ငါကသူဌေးအဖေပေါ့။ "

မာန်ခိုက်ထင် ကျစ်ခနဲစုပ်သပ်မိသလို ဖုန်းထုတ်ကာ ကိုကျော့်ဆီဆက်ရန်ပြင်တော့ ထိုလူတွေအကုန် ရှူးရှူးရှားရှား ဖြစ်သွားရသည်။ တစ်ယောက်က မာန်ခိုက်ထင် ဆီမှ ဖုန်းကိုအတင်းလာလုသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသလို မာန်ခိုက်ထင်လဲ နီးရာလူကိုဆွဲထိုးလိုက်သည်။

ဖယောင်း အလန့်တကြား ဖြစ်သွားရသလို ရုတ်တရတ်မို့ ဘာလုပ်လို့လုပ်ရမှန်းမသိပဲ မျက်စိလေးပြူးကြောင်ကြည့်နေမိသည်။ ထိုစဉ် ဖျတ်ခနဲ ဖယောင်းလက်တစ်ဖက်ကိုဆွဲ၍ စက်ရုံထဲဝင်ပြေးလာသည့် မာန်ခိုက်ထင်။ ဒီလူနဲ့တွေ့ရင်ကို တစ်ခုမဟုတ်တစ်ခု ပြဿနာကြုံ၏။

@@@@@@@@@@@@

စတိုခန်းထဲ ဝင်ပုန်းနေရသည့်အဖြစ်ကို မကျေမနပ်ဖြစ်နေသည့် ဖယောင်းပန်းပုံစံက စူပုတ်နေသလို မာန်ခိုက်ထင်လဲ နဂိုကမှ စိတ်တိုနေရသည့်အထဲ စိတ်မရှည်တော့။

" နေစမ်းပါဦး .....မင်းရုပ်ကဘာဖြစ်နေတာလဲ။ "

" ဘာဖြစ်ရမလဲ.....ဒီလူလေးငါးယောက်ကိုတောင် မချနိုင်ပဲ ပုန်းနေရလို့ပေါ့။ "

" ဟ! ...ငါးယောက်တစ်ယောက်ချရအောင် ရုပ်ရှင်ရိုက်နေတာမှ မဟုတ်ပဲ။ ဟိုက လုပ်ရင်ကိုယ်ပဲခံရမှာပေါ့....မင်းသတ္တိရှိရင် မင်းသွားချပါလား။ "

" အို....ရှင်က ယောကျာ်းလေးလေ။ "

ငတိမက လာလာချည်သေး။ 

" ယောကျာ်းလေးလဲ တုတ်နဲ့ရိုက်ခေါင်းကွဲတာပဲ။"

" ရှင်ကလဲ ဘယ်လိုလူတွေခန့်ထားလဲမှမသိတာ.....ကိုယ့်သူဌေးတောင် ကိုယ်မသိဘူး။ "

မာန်ခိုက်ထင် မေးဆတ်ပြရင်းမှ...

" မင်းလိုလူတွေနေမှာပေါ့.....ဘူမသိကိုးမသိ။ "

မာန်ခိုက်ထင်စကားကြောင့် ဖယောင်းပန်း အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိသွားသလို နေရာတွင်ပင် ဖိနပ်လေးခုကာထိုင်ချပစ်၏။ မာန်ခိုက်ထင် အပြင်က အသံတွေမကြားရတော့တာမို့ စတိုခန်းတံခါးကိုဆွဲဖွင့်ကြည့်ပေမယ့်....

! ဂျောက်!

ဟင်...။

မပွင့်တာမို့ ထပ်မံတွန်းဖွင့်ကြည့်သည် မရ။ 

မာန်ခိုက်ထင် သုံးလေးချက်မရမကတွန်းဖွင့်နေတော့ ဖယောင်းပန်းပါ အနားရောက်လာရင်း သူ့ကိုငေးကြည့်ကာ.....

" မရဘူးလား.....ဘာဖြစ်တာလဲ ။ "

" တံခါးဂျန့်ဖြစ်နေတယ်ထင်တာပဲ။ "

" ဟမ်....အဲ့ဒါဆို ဘယ်လိုလုပ်မလဲ။ "

ဘယ်လောက်ဖွင့်ဖွင့်မရတော့ မာန်ခိုက်ထင် ကျစ်ခနဲ စုပ်သပ်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ 

" မရပ်လိုက်နဲ့လေ....."

" ဟ... ရမှမရတာ....မင်းလုပ်ကြည့်ပေါ့။ "

ဖယောင်းပန်း ဒီလူ့ကို ကြည့်မရစွာ မျက်စောင်းထိုးပစ်ရင် ကိုယ်တိုင်ဖွင့်ကြည့်ရန်ကြိုးစားသည်။ လက်ကလေးတွေနီရဲလာကာ မရတော့မှ လက်လျှော့လိုက်ရင်း ငိုမဲ့မဲ့လေးဖြစ်လာ၏။ 

" ဒုက္ခပါပဲ..... ဒါဆို ဘယ်လိုလုပ်ကြမလဲဟင်။ "

" ဘာမှလုပ်မရဘူး.....မနက်ခင်းစက်ရုံဖွင့်တဲ့အထိစောင့်ရမှာပဲ။ "

" ဖုန်းကရော....."

" လာလုတုန်းက အောက်ကျသွားတယ်လေ..... ပါမလာဘူး။ "

ဟင်....။

ဖယောင်း မျက်နှာလေးငယ်ကျသွားရသလို ငေးတိငေးငိုင်လေး ဖြစ်သွားတော့ မာန်ခိုက်ထင်လဲ စိတ်ထဲရှုပ်ထွေးသွားရသည်။ သူမက မိန်းကလေးမို့ အဆင်မပြေနိုင်တာ သူသိသည်။ 

နှစ်ယောက်လုံး ညလုံးပေါက် ထိုစတိုခန်းလေးထဲ ပိတ်မိနေခဲ့သလို မနက်ကျမှ စတိုစောင့်တံခါးလာဖွင့်သည့်အခါ သူတို့နှစ်ယောက်လုံး ဝမ်းသာအားရ။ စက်ရုံထဲမှ ပြန်ထွက်လာကာ ဖယောင်းပန်းကို သူမတို့လမ်းထိပ်အထိ ပြန်ပို့ပေးခဲ့ကာ သူလဲ အိမ်ပြန်ကာ နားရသည်။ 

သို့ပေမယ့်.....အတင်းအဖျင်းဆိုတာ လွယ်ကူစွာ ပျံ့နှံ့တတ်၏။

@@@@@@@@@@@

စက်ရုံမှ မန်နေဂျာကိစ္စရော ပစ္စည်းတွေခိုးထုတ်သည့်ကိစ္စပါ ကုမ္ပဏီရှေ့နေတွေနှင့် တိုင်ပင်ကာ စီစဉ်စရာရှိတာ စီစဉ်၍ လုပ်ကိုင်နေစဉ် ဖယောင်းပန်း နှင့် မာန်ခိုက်ထင် တစ်ညလုံး စတိုခန်းထဲမှာ ရှိနေခဲ့သည့် ကောလဟာလက စက်ရုံကလူတစ်ချို့မှတဆင့် ဖယောင်းပန်းအလုပ်လုပ်သည့် ကုန်တိုက်အထိ ပျံ့နှံ့လာ၏။

ဖယောင်း ဆိုင်တွင် အရောင်းပါးတုန်း ထမင်းစားရန်ထွက်လာပေမယ့် ကွက်ကြည့်ကွက်ကြည့် လေသံတီးတိုးတို့က မကြားတကြားမို့ နေရခက်လှသည်။ ဆိုင်မှာ ဖယောင်းနှင့်အတူ အလုပ်လုပ်သည့် အစ်မကလွဲ၍ ကျန်ကောင်တာမှ ဝန်ထမ်းတွေက ကဲ့ရဲ့ချင်ကြသည်။ ယောကျာ်းတစ်ယောက်နှင့် တစ်ညလုံးအတူရှိခဲ့သည့်အဖြစ်ဟာ ဖယောင်းအမှား ပယောဂမပါသည့်တိုင် သူဌေးမို့ အပိုင်ဖမ်းသည်ဆိုသည့်စကားတွေက ဖယောင်းသိက္ခာကို သိသိသာသာစော်ကားပြောဆိုကြ၏။ 

ကိုကျော့်စကားကြောင့် မာန်ခိုက်ထင် တွေခနဲ စဉ်းစားသွားရသလို သူ့ကြောင့်တော့ မနစ်နာစေချင်တာ အမှန်ပင်။ ပြီးတော့ သူက ယောကျာ်း.....တာဝန်ယူစိတ်အပြည့်ရှိရမည်ဆိုတာ သူသိ၏။ 

" အဲ့လောက်ဆိုးသလား ကိုကျော်။ "

" ဆိုးတယ် အာစရိ.....ကောင်မလေးက တော်တော်အပြောခံရတယ်။ နေ့လည်ကသွားတော့ အတော်မျက်နှာမကောင်းတာ သတိထားမိတယ်......သူလဲ ရှက်မှာပေါ့။ "

မာန်ခိုက်ထင် သက်ပြင်းချမိရင်းမှ ဒီအခြေအနေတွေ ကြုံလာနိုင်သည်ဆိုတာ ထိုညထဲက တွေးမိပြီးသားပင်။ 

" ကိုကျော် ဖယောင်းပန်းအိမ်လိပ်စာ အလုပ်သမားမှတ်တမ်းထဲ ရှာလိုက်ပါ။ ကျွန်တော်တို့ သူ့မိဘနဲ့တွေ့ကြတာပေါ့။ "

မာန်ခိုက်ထင် ဖယောင်းပန်း မျက်နှာကိုမြင်ယောင်တော့ ရင်မောသွားရသလို သူမက သူ့ထက်အတော်လေးငယ်၏။ ကလေးဆန်သလို ဘုမသိဘမသိလေးမို့ သူမနဲ့သူ အဆင်ပြေပါ့မလား တွေးရသည်။ 

ခက်တော့တာပါပဲ....။

---------------

ဖယောင်း ခြံရှေ့တွင်ရပ်ထားသည့်ကားကို ကြည့်ရင်းမှ ဧည့်သည်ရောက်နေလား တွေးမိသွားရသည်။ ထိုစဉ် ခြံထဲမှထွက်လာသည့် မာန်ခိုက်ထင်ကိုမြင်တော့ တအံ့တသြဖြစ်သွားကာ....

" ရှင်....ရှင်က ဒီကို ဘာလာလုပ်တာလဲ ။ "

မာန်ခိုက်ထင် အလုပ်မှပြန်လာပုံရသည့် ဖယောင်းပန်းပုံစံလေးကို တစ်ချက်ကြည့်ရင်း... 

" မင်း နဲ့ ငါ စကားခဏပြောကြရအောင်။ "

နှစ်ယောက်သားအကြည့်ချင်းဆုံသွားရရင်းမှ ဖယောင်း မျက်လုံးလေးဝိုင်းသွား၏။ ဘာပါလိမ့်......တစ်ခုခုတော့ တစ်ခုခုပင်။

@@@@@@@@@@@@@@@@@@@@

To be continue P - 8

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..