နှလုံးသား အနုကပ္ပ (အပိုင်း ၈)
lotaya.mpt.com.mm
|
2022-08-28

Part - 8

ညသန်းခေါင်အထိ လူက တော်တော်နဲ့ အိပ်မပျော်နိုင်ပဲ မာန်ခိုက်ထင်ပြောသွားသည့် လက်ထပ်ကြရအောင်ဆိုသည့် စကားသံကိုသာ နားထဲကြားယောင်နေမိ၏။ ဖေဖေကလဲ အတင်းတိုက်တွန်းတာမျိုး မလုပ်သည့်တိုင် ဖယောင်းကို ပတ်ဝန်းကျင် တံတွေးခွက်မှာ မျောတာမျိုးမဖြစ်စေချင်၍ လက်ထပ်စေချင်ပုံရသည်။ 

ဖယောင်းက အခုမှ အသက်နှစ်ဆယ့်နှစ်ဖြစ်သလို မာန်ခိုက်ထင်က ဖယောင်းထက်အသက်ကြီးမှာ ကျိန်းသေပင်။ ပြီးတော့ ဖယောင်း လွတ်လွတ်လပ်လပ် နေချင်သေးသည်။ အိမ်ထောင်လဲ မပြုချင်သေး။ နဂိုထဲကမှ ဖယောင်းဟာ သူ့ကိုအပိုင်ဖမ်းပါသည် ထင်နေကြတာမို့ လက်မခံတာပိုကောင်းမည်။ 

ထိုညက တစ်ညလုံး ဖယောင်း တောင်တွေးမြောက်တွေးဖြင့် လူးလိမ့်ကာ မနက်လင်းခါနီးမှ မှေးခနဲ အိပ်ပျော်သွားရသည်။ နိုးလာတော့ အလုပ်နောက်ကျနေပြီမို့ အပြေးအလွှား ကသိုက်ကရိုက်တွေ ဖြစ်ကုန်သလို ကုန်တိုက်ရောက်တော့ လူကမောလွန်း၍ ဖုတ်လှိုက်ဖုတ်လှိုက်ပင် ဖြစ်နေသည်။ 

တစ်နေကုန် ပိတ်ရက်မို့ လူကျနေ၍ ဖယောင်းတို့လဲ မနားရပေ။ ဖယောင်းတို့ကောင်တာက မိန်းကလေးအဝတ်အစားတွေ ရောင်းတာမို့ ပိုလူကျသလို နေ့ခင်းတစ်နာရီအထိ ထမင်းမစားရသေးပေ။

မာန်ခိုက်ထင် ကုန်တိုက်ထဲဝင်လာသည်နှင့် နောက်ပါးမှကုန်တိုက်မန်နေဂျာရော လုံခြုံရေးနှစ်ယောက်ပါ ပါလာသလို ကိုကျော်က သူ့ညာဘက်မှ ပါလာသည်။ ဖယောင်းပန်းတို့ကောင်တာက ဒုတိယထပ်မို့ ဓာတ်လှေကားဖြင့်တန်းတက်လာကာ လူကျနေတာမို့ နောက်လိုက်ခြံရံအပြည့်အစုံဖြင့် မာန်ခိုက်ထင်ပုံစံက လူကြားထဲထင်းလင်းနေသလို မြင့်မားသောအရပ်နှင့် ခန့်ညားသောရုပ်ရည်က ပို၍ Smart ဖြစ်စေသည်။

ဖယောင်း ဆိုင်ထဲဝင်လာသည့် မာန်ခိုက်ထင်ပုံစံကြောင့် မျက်လုံးလေးဝိုင်းသွားရသလို ကြောင်ကြည့်နေမိ၏။ ယူနီဖောင်းဝတ်စုံလေးဝတ်ကာ ဆံပင်ဂုတ်ဝဲလေးအား ဘီးကုတ်လေးကုတ်ထားသည့် ဖယောင်းပန်းပုံစံက မာန်ခိုက်ထင်နဲ့ယှဉ်လျှင် အတော်လေးငယ်မှန်း သိသာနေ၏။ 

မာန်ခိုက်ထင် ဖယောင်းပန်း လက်တစ်ဖက်ကိုလှမ်းဆွဲ၍ သူ့အနားဆွဲခေါ်လိုက်သလို ကိုကျော်အား ငဲ့ကြည့်လိုက်၏။ ကိုကျော်က သူ့ဘေးမှ ပါလာသည့် မိန်းကလေးအား....

" ဒါ မင်းလုပ်ရမယ့် ဆိုင်ပဲ။ ဖယောင်းပန်းနေရာမှာ ဝင်လာတဲ့ဝန်ထမ်းပဲ။ "

ဖယောင်းသာမက ကောင်တာမှာဖယောင်းနဲ့အတူလုပ်သည့်အစ်မပါ တအံ့တသြ ဖြစ်သွားကြသလို ဘေးကောင်တာတွေမှဝန်ထမ်းတွေလဲ မသိမသာငေးကြည့်လာကြ၏။

" ဖ....ဖယောင်းကရော...."

သူ့ကို မျက်လုံးဝိုင်းလေးဖြင့် မော့ကြည့်ရင်း သူမကိုယ်သူမလက်ညှိုးလေးထိုးလာ၍ ပြန်မေးလာသည်မို့ မာန်ခိုက်ထင် မျက်ခုံးတို့တွန့်ချိုးသွားရသည်။

" မင်းက သူဌေးကတော်လေ.....လုပ်စရာလိုမလား။ "

" ဟမ်! "

" နေ့လည်စာစားပြီးပြီလား.... "

ဖယောင်းပြန်မဖြေနိုင်ခင်မှာပင် ဖယောင်းလက်ကိုကိုင်ကာ ဆွဲခေါ်လာသဖြင့် သူ့ဘေးမှ ယောင်နနလေးပါလာရသည်။ ဘေးဘီငဲ့ကြည့်ရင်း လက်ကိုရုန်းမိပေမယ့် မာန်ခိုက်ထင်ကလဲ မလွှတ်။ တမင် ကြော်ငြာခြင်းမမည်သော ကြော်ငြာခြင်း ဖြစ်သလို သူမကိုဘယ်သူမှ မကဲ့ရဲ့ရဲအောင် သူ့ဘက်က ကာကွယ်ပေးခြင်းပင်။ 

-------------------

သူဌေးရုံးခန်းထဲ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သလို ဖယောင်းမှာ ဆိုဖာပေါ်ထိုင်ရင်း ကျုံ့ ကျုံ့လေးဖြင့် အနေရခက်နေရသည်။ ရုံးခန်းပဲကို အတော်ကျယ်သလို ရေခဲသေတ္တာ ၊ ရေချိုးခန်းအိမ်သာကအစ အပြည့်အစုံမို့ ဖယောင်းလိုက်ငေးကြည့်နေမိသည်။ စားပွဲပေါ်လဲ အစားအသောက်တွေအပြည့်ပြင်ထားသလို သူ့ကြည့်တော့လဲ ကုန်တိုက်မန်နေဂျာကို ဘာတွေမှာနေမှန်းမသိ။ 

ဖယောင်းတို့နှင့်ဆို အမြဲဖိဟောက်လွန်းသည့် ကုန်တိုက်မန်နေဂျာမှာ သူနှင့်ကျ ခေါင်းတညိတ်ညိတ်။ ကုန်တိုက်မန်နေဂျာ ပြန်ထွက်သွားမှ ဖယောင်းအရှေ့တွင် လာဝင်ထိုင်သည့် မာန်ခိုက်ထင်။

" ကဲ....စားလေ ဘာလုပ်နေတာလဲ ။ "

" ဟိုလေ.....ဖယောင်းစဉ်းစားပြီးသွားပြီသိလား။ ဖယောင်း လက်မခံပါရစေနဲ့....။ "

မာန်ခိုက်ထင် မျက်ခုံးတစ်ဖက်ပင့်သွားမိသလို သူ့ကို သူမလေးက ငြင်းသည်ဆိုတာမို့ မခံချင်ဖြစ်သွားရသည်။ သူ့လိုလူကို ငြင်းသည်တဲ့လေ။

" နေစမ်းပါဦး.....ဘာလို့လဲ "

" ဖယောင်း ငယ်ငယ်လေးရှိသေးတာ။ လက်မထပ်ချင်ဘူး....."

" ဖယောင်းပန်း.....ဒီကိစ္စက ပေါ့ပေါ့လေးများ မင်းထင်နေသလား။ ဒီမှာတင်ပြီးသွားမှာ မဟုတ်ဘူး.... မင်းဘဝမှာ အမည်းစက်ဖြစ်သွားနိုင်တယ်. ...မင်းဦးနှောက်သေးသေးလေးနဲ့ ဘာမှဝင်အထွန့်တက်မနေနဲ့။ ငါအကုန်စီစဉ်ပြီးသွားပြီ.....မင်းအဖေကိုလဲ ပြောပြီးသား။ "

သူ့ကိုမကျေမနပ်စိုက်ကြည့်လာသည်အား မာန်ခိုက်ထင် မသိဟန်ဆောင်လိုက်သည်။ သူမကတော့ ဘေးကနေ တတွတ်တွတ် ငြင်းသလို သူကလဲ အထူးတလည်နားထောင်မနေ။ သူမအတွက်မှန်းရော သိရဲ့လားမသိ။ 

@@@@@@@@@

" မေမေရယ်...ထမင်းစားမှဖြစ်မှာပေါ့ မေမေရဲ့။ "

" မချားချင်သေးပါဝူးဆို.....နိက ဘာလို့အတင်းကျွေးနေတာလဲ။ ငါက ငါ့သားမင်းညိုလာမှ အတူချားမှာ။ "

ခယောင်းပန်း သက်ပြင်းချမိသလို လက်ထဲကိုင်ထားသည့် ထမင်းပန်းကန်လေးအား စားပွဲပေါ်ပြန်ချရင်း နာရီကိုလှမ်းကြည့်မိ၏။ အရင်က ညနေခြောက်နာရီဆို ပြန်ရောက်နေကျလူက အခု ညရှစ်နာရီပင်ထိုးတော့မည် ပြန်ရောက်မလာသေးဘူး မဟုတ်လား။ 

ကြီးမူက ပန်းကို လှမ်းကြည့်၍......

" ပန်းရယ်....နင်တို့လင်မယားကို ကြည့်ရတာ သူစိမ်းတွေကျနေတာပဲ။ စကားပြောတာလဲ နှစ်ယောက်သား ရင်းရင်းနှီးနှီး မရှိ။ "

" အစ်ကိုက စကားနည်းတယ်လေ ကြီးရွှေရယ်။ "

" ဟဲ့....လင်မယားပဲ သူမပြောရင် ညည်းပြောလေမိပန်းရဲ့။ "

" အို....ပန်းကဘာတွေပြောရမှာတုန်း။ "

ကြီးမူမှာ ပန်းပုံစံကြောင့် ရင်လေးသွားရသည်။

" ကိုယ့်ယောကျာ်းကိုယ်ချွဲပေါ့......ချစ်သလား ဘာညာပေါ့အေ။ "

ပန်း မျက်နှာလေးနီမြန်းသွားသလို....

" မပြောတတ်ပါဘူး ကြီးမူရယ်.....ပြောလဲမပြောဝံ့ဘူးရယ်။ အစ်ကိုက ချစ်မှန်းမချစ်မှန်းမသိ။ "

" ဟဲ့......မင်းညိုက ညည်းမချစ်ပဲယူမလား။ ယောက္ခမက စိတ်ရောဂါသည်.....မိန်းမကလဲ နွေးထွေးမှု မရှိ၊ ဆင်းကလဲဆင်းရဲသေး... အဲ့လိုမိန်းမကို မချစ်ပဲဘယ်သူကယူမတုန်း။ "

ပန်း တွေခနဲ ဖြစ်သွားသလို ကြီးမူပြောတော့လဲ ဟုတ်သားဟု ထင်မိပြန်သည်။ ဒါပေမယ့် အစ်ကိုက ခုချိန်ထိ ပန်းကို ချစ်တယ်မပြောဖူးသလို ပွေ့ဖက်တာ လက်ကိုင်တာမျိုးပင်မရှိ။ အနားလဲမကပ်ပဲ ရှောင်နေတတ်သည့်သူမို့ ပန်းမှာ စိတ်ဒွိဟဖြစ်ရပြန်၏။ 

! တီ.....တီ!

ဆိုင်ကယ်ဟွန်းတီးသံကြောင့် ဒေါ်မြနွယ် ဆောင့်ကြောင့်ထိုင်နေရာမှ ဝမ်းသာအားရ ထရပ်လိုက်သည်။ 

" ငါ့သား မင်းညို လာပြီ......ငါ့သားလာပြီ။ "

ခုန်ပေါက်ပြေးထွက်သွားသည့် မေမေ့ကိုကြည့်ရင်း ပန်း အနောက်မှလိုက်လာခဲ့သည်။ ခြံထဲတွင် ဆိုင်ကယ်ထိုးရပ်ကာ ဖော့ဗူးကို လက်ထဲကိုင်လာသည့် မင်းညိုက ဒေါ်မြနွယ်ကိုမြင်တော့ ပြုံးပြရင်း......

" အမေ့အတွက် ဒီမှာ မြီးရှည်ဝယ်လာတယ်။ "

" " ဟေး... ဝါးမယ်...ဝါးမယ်။ "

" အစ်ကို နောက်ကျလိုက်တာနော်။ "

" အင်း... "

မင်းညို ​အိမ်ခန်းလေးထဲဝင်လာခဲ့သလို ပန်းက အမေ့ကို မြီးရှည်ကျွေးရင်း ကျန်နေခဲ့သည်။ ရေမိုးချိုးရန် ပြင်ဆင်ရင်း ပန်းသူ့ကို စောင့်နေရတာလား တွေးမိတော့ မဖြစ်နိုင်ဟူသည့် အသိတရားက တဆက်ထဲ ဝင်လာသည်။ သက်ပြင်းချမိရင်းမှ ပန်း သူ့ကို ချစ်မလာနိုင်ဘူးလား တွေးမိသည်။ အေးလေ.....ဟိုက သူဌေး လူချောနေရာကို သူကဘယ်အစားထိုး နေရာယူနိုင်ပါ့မလဲ။ 

ပန်း ထမင်းပွဲတွေသိမ်းဆည်းပြီး အခန်းထဲဝင်လာတော့ သူက စားရင်းတွေလုပ်နေတာမို့ ပန်း အနားဝင်ထိုင်ရင်းမှ...

" အစ်ကို မအိပ်သေးဘူးလား ။ "

" ပန်း အိပ်နှင့်ပါ.....ကိုယ်က အလုပ်တွေယူလာတာ များတယ်။ "

" ဒါဆို ပန်းကော်ဖီဖျော်ပေးရမလား။ "

" ရတယ် ပန်း....ပန်းလဲပင်ပန်းတာ နားပါ။ "

မင်းညို အလုပ်လုပ်ရင်းမှ ပန်းကိုမကြည့်ပဲ ပြောလိုက်သလို တစ်နေကုန် ပန်း ဘယ်လောက်ပင်ပန်းရလဲ သူသိ၏။ ဒေါ်သူဇာကြီး ခိုင်းတာတွေလုပ်ရသည့်အပြင် အမေ့ကိုပါ ထိန်းရပြုရနှင့်မို့ သူ့အတွက်ပါ အပင်ပန်းမခံစေချင်။ 

ပန်းမှာတော့ မျက်နှာလေးငယ်ကျသွားရင်း အိပ်ယာဆီသာ ထလာခဲ့ရ၏။ ကြည့်ရတာ ပန်း သူ့အနားနေတာ မနှစ်သက်ဘူးထင်ပါရဲ့။

@@@@@@@@@@@

တီ....တီ.....တီ.

ခြံရှေ့မှ ကားဟွန်းတီးသံကြောင့် ဖယောင်း အိမ်ထဲမှ လှမ်းကြည့်မိတော့ ကားပေါ်မှဆင်းလာသည့် မာန်ခိုက်ထင်။ 

" သမီး......ခြံတံခါးသွားဖွင့်ပေးလိုက်ဦးလေ။ "

ဖေဖေ့စကားကြားမှ ဖယောင်းမှာ သတိရသွားရရင်း အိမ်ပေါ်မှ ဆင်းလာခဲ့၏။ ခြံတံခါးကိုဖွင့်ပေးလိုက်သလို အိမ်ပေါ်အတူတက်လာကြရင်း သူက ဖေဖေ့ရှေ့သွားထိုင်ကာ.....

" ကျွန်တော် ဖယောင်းပန်းကို ခဏလောက်ခေါ်သွားလို့ရမလား ဦးလေး"

" သြော်.....အေး အေး..."

" ညနေမရောက်ခင် ပြန်ပို့ပေးပါမယ်ဗျ.....။ "

ဦးခွန်သာ ပြုံးလိုက်မိသလို....

" မောင်ရင့်ကို ဦးလေးယုံပါတယ်ကွယ်။ "

မာန်ခိုက်ထင် ဖယောင်းပန်းကို ငဲ့ကြည့်လိုက်သည့်အခါ သူ့ကို ပြူးပြူးလေးပြန်ကြည့်နေတာမို့.....

" သွားမယ်လေ......"

ဖယောင်းမှာ အရှေ့က ဦးဆောင်ပြီးထွက်သွားသည့် သူ့ကြောင့် အိမ်နေရင်းဝတ် ကာတွန်းရုပ်ဂါဝန်ဒူးကားလေးဖြင့် အဝတ်ပင်မလဲနိုင်ပဲပါလာရသည်။ ကားပေါ်ရောက်မှ ကားမောင်းနေသည့်သူ့အား ငေးကြည့်ရင်း ဂုတ်ဝဲဆံပင်လေးအား နားကြားညှပ်ကာ....

" အခုက ဘယ်ကိုသွားနေတာလဲဟင်။ "

" ကိုယ့်အိမ်ကို......မေမေနဲ့မင်းကိုတွေ့ပေးမလို့။ "

ဖယောင်း မျက်လုံးလေးမှာ ပြူးကျယ်ဝိုင်းစက်သွားသလို တံတွေးပင်ဂလုခနဲ မျိုချမိသွားရသည်။ ကျောရိုးထဲစိမ့်တက်သွားရရင်း ကိုယ့်ပုံစံကိုယ်ပြန်ကြည့်မိတော့ ဖိုသီဖတ်သီ။

" ရှင်ကလဲ....စောစောကဘာလို့မပြောရတာလဲ။ ခု ဖယောင်းပုံစံကိုကြည့်ဦး။ "

နှုတ်ခမ်းလေးစူပြီး ပြောလာသည့် ဖယောင်းပန်းကြောင့် မာန်ခိုက်ထင် ငဲ့ကြည့်ကာ ပြုံးလိုက်မိသည်။ ရန်တွေ့ရင်ပဲဖြစ်ဖြစ် စိတ်ဆိုးလျှင်ပဲဖြစ်ဖြစ် သူမနှုတ်ခမ်းလေးက စူလာတတ်သလို ဘာအဝတ်အစားဝတ်ဝတ် ကလေးပုံလေးသာမို့ ချစ်စရာတော့ အင်မတန်ကောင်းသည့်ကလေးမပင်။ 

" ဟယ်.....ပြောနေတာကြားလားလို့။ အိမ်ပြန်ပို့ပေးပါဆို။ "

အသံစူးစူးလေးကြားမှ မာန်ခိုက်ထင် သတိဝင်လာကာ အိုးတို့အန်းတန်း ဖြစ်သွားရသလို သူမစကားကြောင့် အလိုမကျဖြစ်သွား၏။

" အိမ်ပြန်ပြီးဘာလုပ်မလို့လဲ.....မင်းကို မေမေနဲ့တွေ့ပေးမလို့ပါဆို။ "

" ဒီပုံစံကြီးနဲ့ ဖြစ်မလားလို့......အဝတ်အစားလေးဘာလေး လဲမှရမှာပေါ့။ "

"  လဲမနေပါနဲ့....အဆင်ပြေတယ်။ "

သူ့စကားကို မယုံသလိုလေး သင်္ကာမကင်းကြည့်လာကာ ငြိမ်ကျသွားပေမယ့် စိုးရိမ်နေသည့်ပုံစံလေးက အထင်းသားပင်။ ခဏအတွင်း အိမ်ရောက်လာသလို ကားကိုပေါ်တီကိုအောက်ထိုးရပ်ကာ ကားပေါ်မှဆင်းလာတော့ သူမပုံစံလေးက တောင့်တောင့်လေးရပ်နေ၏။

" လာလေ.....အထဲမှာ မေမေစောင့်နေတယ်။ "

ကြီးကျယ်ခမ်းနားလှသည့် အိမ်နဲ့ခြံကြီးကြောင့် ဖယောင်း ဇောချွေးတွေပင် ပျံလာရသည်။ ဒီလောက် ချမ်းသာတာ ဖယောင်းလိုမိန်းကလေးနှင့် သဘောတူပါ့မလား။ ပြီးတော့ ဒီလူက ဖယောင်းကိုချစ်တာလဲမဟုတ်။

မာန်ခိုက်ထင် သူမလက်ကလေးကို ကိုင်လိုက်သည်နှင့် အေးစက်နေတာမို့ ကြောက်နေမှန်းရိပ်မိလိုက်သည်။ လက်ကလေးဆွဲကာ ဧည့်ခန်းထဲဝင်လာတော့ မေမေက ထိုင်နေရာမှငေးကြည့်ရင်း ပြုံးလာ၏။

" ရောက်လာပြီလား......လာ လာ ထိုင်ကြ။ "

ဖယောင်း သူ့ဘေးမှာပင် ကုပ်ကုပ်ကလေးထိုင်မိသလို စေ့စေ့မကြည့်ရဲတာမို့ ခေါင်းလေးငုံ့ထားမိ၏။

" သမီးလေးက ဖယောင်းပန်းနော်....."

" ဟုတ်ကဲ့...."

" အသက်ကရော....."

" ဖယောင်းက နှစ်ဆယ့်နှစ်ပါ မေမေ.....သားထက် ငါးနှစ် ငယ်တယ်။ "

မာန်ခိုက်ထင် ကြားကဝင်ဖြေပေးလိုက်သလို သူ့မှာ အင်မတန်ကြောက်နေရှာသည့် သူမကို ကြည့်ပြီး သနားလဲသနား ရယ်လဲရယ်ချင်၏။

" သားထက်အတော်ငယ်တာပဲ......ဘာမှမစိုးရိမ်နဲ့နော် သမီးလေး။ အန်တီတို့ဘက်က သမီးတို့စိတ်တိုင်းကျ အကုန်လုပ်ပေးမယ် ။ မိန်းကလေးဆိုတော့ ငါ့သမီးကို အန်တီက ကိုယ်ချင်းစာတယ်။ ဘေးစကားတွေ ကြောင့် ဘယ်လောက် စိတ်ညစ်လိုက်မလဲ.......။ "

" အန်တီကလေ....သမီးမိန်းကလေးအရမ်းလိုချင်တာ။ သားနဲ့လက်ထပ်ပြီးရင်အန်တီ့သမီးပဲပေါ့......မေမေပဲခေါ် ကြားလား။ "

မာန်ခိုက်ထင် ပြုံးလိုက်မိသလို အခုမှ အနည်းငယ် ပြုံးယောင်သမ်းလာသည့် ချာတိတ်မအား ငေးကြည့်မိ၏။ ထိုနေ့က ဖယောင်းပန်း ကို အိမ်ပြန်လိုက်ပို့ပေးပြီး ပြန်လာသည့်အခါ မေမေက သူ့အားသဘောကျစွာ ချီးကျူးသည်။ ချစ်စရာကောင်းလွန်းတာမို့ သူ့ကို ပေးရမှာတောင် နှမျောသေးဟုဆိုသည်။ ဖယောင်းပန်းတို့က အဲ့လိုကိုချစ်မွှေးပါသည်။ 

@@@@@@@@@@@@@@@@@@@@@@

To be continue P - 9

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..