" အပေးအယူ " အပိုင်း ( ၆ )
lotaya.mpt.com.mm
|
2022-09-02

စိတ်က သမီးဖြစ်သူထံရောက်နေသဖြင့် ဒါလီနွယ်မှာကား

မောင်းနေရင်း တိုက်မိမလိုဖြစ်သွားရသည်။ ကားပေါ်မှ

လူတစ်ယောက်၏ ဆဲရေးတိုင်းထွာနေသံများကို ကြား

သော်လည်း မသိဟန်ပြုကာ ဆက်မောင်းလာခဲ့၏။

ဂူဂူးလေးတက်နေသောမူကြိုကျောင်းရှေ့အရောက်တွင်

ကားအမြန်ရပ်ပြီး ပြေးဆင်းလိုက်တော့သည်။ ကားသော့

တန်းလန်းတပ်ထားခဲ့သည်ကိုပင် သတိမရတော့။

" ဆရာမ ... ကျွန်မသမီးလေးရောဟင် "

" အော် ... မဒါလီနွယ် ... သုံးနာရီမှလာကြိုရမှာလေအစ်မ "

" ဟုတ် ... သိပါတယ် ... အခုခေါ်သွားချင်လို့ပါဆရာမ "

" ဒါဆိုခဏနော် ... သူ့ပစ္စည်းလေးတွေသိမ်းပေးလိုက်

မယ် "

" ဟုတ် ... ဟုတ် "

ဂူဂူးလေးကျောင်းတွင်ရှိနေသည်ဆို၍ ရင်ထဲအလုံးကြီး

ကျသွားရသည်။

' ခုနက ဂူဂူးအသံသေချာကြားလိုက်တာပါ ... ငါနားကြား

မှားတာများလား ... '

သူမအတွေးမဆုံးခင်မှာပင် ဘေး၌ လူရိပ်တွေ့လိုက်သ

ဖြင့် လှည့်ကြည့်လိုက်သည့်အခါ ပါးစပ်အဟောင်းသား

ဖြစ်သွားရသည်။

ထိုသူမှာဟိန်းထက်ပင်။ သူက လက်ထဲ၌ဖိုင်တချို့ကိုင်

ကာ ပြုံးပြရင်း ဒါလီနွယ်ကိုကြည့်နေသည်။

" ရှင် ... ဒီမှာဘာလာလုပ်တာလဲ ... "

" မောင် ဒီမှာအလုပ်ဝင်နေတာ နှစ်ရက်ရှိပြီ "

" ဘာရယ် "

ဒါလီနွယ်သည် သူမ၏ခေါင်းကိုခါရမ်းပြီး တစ်ခုခုပြော

မည်ပြင်စဉ် အခန်းထဲမှ ဆရာမတစ်ယောက်ထွက်လာ

၍ မပြောဖြစ်တော့ပေ။

" ကိုကျော်သီဟရေ ... မနက်ဖြန် ( ၇ ) နာရီအရောက်

နော် "

" ဟုတ်ကဲ့ပါခင်ဗျ "

၎င်းတို့အပြန်အလှန်ပြောနေကြသည်ကို ဒါလီနွယ်နား

မလည်ပေ။ ဆရာမကလည်း ဒါလီနွယ်နှင့် ဟိန်းထက်ကို

ပြုံးပြနှုတ်ဆက်ပြီး ထွက်သွားလေသည်။

" ရှင်ဘာလုပ်နေတာလဲလို့ "

" မေမေ "

ထိုစဉ် ဂူဂူးလေးထွက်လာသဖြင့် အမြန်ပွေ့ချီလိုက်

ပြီး ဟိန်းထက်ကို မယုံသင်္ကာနှင့်ကြည့်နေတော့သည်။

ဂူဂူးလေးကလည်း ဟိန်းထက်ကို ကြောက်ရွံ့နေဟန်

ဖြစ်ပေါ်နေသည်ကို သတိပြုမိလိုက်သည်။

" သမီးလေး ... မနက်ဖြန်မှတွေ့မယ်နော် ... တာ့တာ "

ဟိန်းထက်က ပြောပြီးလှည့်ထွက်သွားသဖြင့် ဒါလီနွယ်

လည်းအနောက်မှအမြန်လိုက်သွားလိုက်၏။

" ကိုဟိန်းထက် ... မေးတာဖြေလေ "

" ကိုယ့်နာမည် ဟိန်းထက်မဟုတ်တော့ဘူး ... ကျော်သီ

ဟ လို့ပြောင်းလိုက်ပြီ "

ဒါလီနွယ်က နားမလည်စွာ ပြန်ကြည့်နေမိသည်။

" ရှင်ဘာတွေပဲကြံစည်စည် ကျွန်မဘက်ကပြောင်း

သွားမှာမဟုတ်ဘူး ... ကျွန်မသမီးလေးနဲ့ ဝေးဝေးနေပါ ...

သမီးတစ်ခုခုဖြစ်ရင် ရှင့်ကိုကျွန်မကိုယ်တိုင်သတ်မှာ

ဆိုတာမမေ့နဲ့ " 

ထိုသို့ပြောပြီး အမြန်ထွက်လာခဲ့သည်။ ဟိန်းထက်မှာမူ

ဒါလီနွယ်၏ကျောပြင်ကို စူးစိုက်ကြည့်ကာ ကျန်ရစ်ခဲ့

လေသည်။

" မေမေ ... ဟိုဦးဦးကို မီးမီးကြောက်တယ် "

ကားပေါ်သို့ရောက်ရောက်ချင်း ဂူဂူးကအရင်ပြောလာ

၏။

" ကြောက်တယ် ... သူသမီးကို ဘာတွေပြောသေးလဲ "

ဂူဂူးကခေါင်းခါနေသည်။ 

" မီးမီးကို မုန့်တွေလာလာကျွေးတယ် ... တူတူလည်း

ဆော့ပေးတယ် "

" ဂူဂူး ... သမီးလေး ... နောက်ဆို မသိတဲ့သူတွေနဲ့ စကား

မပြောရဘူးနော်ကြားလား ... "

" မီးမီးမပြောပါဘူး ... အဲ့ဦးဦးက လာပြောတာ ... ပြီး

တော့ မီးမီးရဲ့ ခဲတံချွန်ပေးမယ်ဆိုပြီးယူသွားလို့ ပြန်

သွားတောင်းရတယ် "

" ဂူဂူးလေးနဲ့ မေမေနဲ့ မနက်ဖြန်လျှောက်လည်ကြမလား "

" ဟေး ... လည်မယ် ... သွားလည်မယ် "

ဒါလီနွယ်က ထိုမူကြိုကျောင်းသို့ ဂူဂူးကိုမပို့တော့ရန်

ဆုံးဖြတ်လိုက်လေသည်။ 

ထိုညတွင် သားအမိသားအဖသုံးယောက်တူတူအိပ်နေ

စဉ် ဂူဂူးမှာ အိပ်မက်မက်ရင်း ရှိုက်ကြီးတငင်ငိုလာသ

ဖြင့် ဒါလီနွယ်ရော ကိုမြင့်ဇော်ပါ လန့်နိုးသွားကြ၏။

" ဂူဂူးလေး ဘာဖြစ်တာလဲ ... ဖေဖေ့ကိုပြော "

ကိုမြင့်ဇော်က ပွေ့ဖက်ကာ ချော့သိပ်ရင်းမေးလိုက်၏။

" မေမေ "

ဂူဂူးက မိခင်ကိုသာ ခေါ်နေလေသည်။

" အင်း ... သမီးဘာဖြစ်လို့လဲ ... ဟင် "

" ဟိုဦးက မီးမီးကို ရေထဲနစ်ပစ်တယ် ... ကြောက်

တယ်မေမေ ... မီးမီးကြောက်တယ် ... အီး ... ဟီး ... ဟီး "

ကိုမြင့်ဇော်မှာ ဂူဂူးပြောသည်များကိုနားမလည်ဘဲရှိနေ

သော်လည်း ဒါလီနွယ်က သိလိုက်ချေပြီ။

" ဂူဂူးလေးအိပ်မက်ဆိုးတွေမက်နေတာပါ ... မေမေရှိတယ်

မကြောက်နဲ့နော် ... လာ ... မေမေဖက်ထားပေးမယ် ... "

ဂူဂူးက ခဏလေးနှင့် ပြန်လည်အိပ်ပျော်သွား၏။

" ဂူဂူးပြောနေတာဘယ်သူလဲ ... ဟိုဦးဦးဆိုတာ "

" အော် ... နေ့လည်က ဇာတ်ကားကြည့်ပြီး ကြောက်

သွားတာ ... လူသတ်ကားပြလိုက်မိလို့ "

" ဟာကွာ ... နွယ်ကလဲ ... သမီးလေးရှေ့မှာ အနိဋ္ဌာရုံ

တွေမကြည့်ပါနဲ့ဆို ... "

" မေ့သွားလို့ပါကိုရယ် ... နောက်မကြည့်တော့ပါဘူး "

ကိုမြင့်ဇော်က မကျေမနပ်ဖြင့် ဆူပူပြီး ပြန်အိပ်သွားခဲ့

သည်။ အိပ်မပျော်သူက ဒါလီနွယ်ပင်။ 

ဟိန်းထက်ပြန်လွတ်လာကတည်းက တစ်စက်မှစိတ်မ

ချမ်းသာသလိုဖြစ်နေမိသည်။ 

' လျော့ရက်တွေနဲ့စောစောလွတ်လာတာ ဆိုးတာပဲ ...

ငါဘယ်လိုလုပ်ရပါ့မလဲ မသိတော့ဘူး '

ဟိန်းထက်က ထောင်(၇)နှစ်ကျသည်ဆိုသော်လည်း

လျော့ရက်နှင့် ( ၅ ) နှစ်‌လောက်သာ နေခဲ့ရသည်။ 

ဂူဂူးလေးကိုကြည့်ရင်း အတိတ်ဘဝမှအကြောင်းအရာ

များကို ပြန်လည်သတိရသွားမည်ကိုလည်း စိုးနေမိ

သည်။

ဟိန်းထက်၏စကားများကိုလည်း မပယ်ဝံ့ချေ။ ဟိန်း

ထက်အကြောင်းကို သူ့ထက်မည်သူမှ သိလိမ့်မည်

မဟုတ်။

သူ့အကြောင်းသိသော ‌သူ၏မိခင်ဖြစ်သူ ဒေါ်စန်းစန်းတင့်ပင် ဤလောက၌မရှိတော့။ ယခုအခါ၌ ဟိန်းထက်၏

စိတ်ကို ချုပ်ကိုင်နိုင်သူမှာ သူမကလွဲပြီး ရှိလိမ့်မည်

မဟုတ်တော့ချေ။ 

ဟိန်းထက်မှာ မိခင်ကိုအလွန်တွယ်တာရာမှ လူသတ်မှု

ကြီးကျူးလွန်ပြီး ချစ်ရသူများနှင့် ခွဲခွာနေခဲ့ရသည်။ 

လွမ်းဆွတ်နေချိန်မှာပင် သူ၏အချစ်ဆုံးမိခင်က သူ့

အား ထာဝရနှုတ်ဆက်ထွက်ခွါသွားခဲ့သည်။

ထောင်မှထွက်လာပြီး သူ၏ဘဝကယောင်လည်လည်

သာ။ အိမ်၏စီးပွားရေးကလည်း ပျက်စီးဆုံးရှုံးနေခဲ့

ပြီဖြစ်သည်။

ထောင်ကျစဉ်က သစ်လွင်တောက်ပခဲ့သော အိမ်ကြီးမှာ

ယခုအခါ အကျည်းတန်ခြောက်သွေ့နေသယောင်ယောင်။

တစ်ယောက်တည်း ထိုအိမ်ကြီး၌နေရင်း အထီးကျန်လာ

ခဲ့သည်။

အပေါင်းအသင်းမိတ်ဆွေများကလည်း မခေါ်မပြော

ချင်ကြ၊ မပတ်သက်ချင်ကြတော့ပေ။ တွယ်တာရာ မိ

သားစုဝင်လည်းမရှိ၊ ထိုအခါသူ၏တွယ်တာရာမှာ ဒါလီ

နွယ်သာဖြစ်လာခဲ့သည်။

ဒါလီနွယ်ကို ပိုင်ဆိုင်ချင်လာသည်။ သူ၏ဘဝအကြောင်း

တွေးမိလိုက်လျှင် ထိုသို့ဖြစ်အောင်ပြုလုပ်သူမှာ မဉ္ဇူအေး

သာဖြစ်သည်ဟု တထစ်ချမှတ်ယူမိ၏။

 မဉ္ဇူအေးကြောင့် မိခင်ဖြစ်သူ စိတ်ဆင်းရဲရသည်၊  မဉ္ဇူအေးကြောင့် သူ့ဘဝပျက်ရသည်၊ ထို့ကြောင့် မိခင်လည်း

သေဆုံးရသည်ဟု ယုံကြည်ခဲ့သည်။ 

 မဉ္ဇူအေး မည်သည့်ဘဝရောက်ပါစေ ခွင့်လွတ်စရာ

အကြောင်းမရှိဟု တေးမှတ်ထား၏။ မဉ္ဇူအေးကလည်း

သေဆုံးပြီး သူ့ကိုအိပ်မက်ပေးခဲ့သည်။

ဘဝသစ်တစ်ခုဖြင့်ပြန်လာပြီး ကလဲ့စားချေမည့်အ

ကြောင်း လာပြောသည်။ ထိုအိပ်မက်ကို သူမမေ့နိုင်

သလို မဉ္ဇူအေး ရှိသည့်နေရာကိုလည်း ကြိုသိခဲ့ရသည်။

ဟိန်းထက်ဖြစ်ချင်သည့်အရာမှာ  မဉ္ဇူအေးကို ထပ်မံ

သတ်ပစ်နိုင်ရေးပင်။ မဟုတ်ပါက  မဉ္ဇူအေးက သူ့ထံ

ဆိုက်ရောက်လာပြီး လက်တုံ့ပြန်မည်ကို နားလည်နေ

သည်။

အကယ်၍ ဒါလီနွယ်သာ သူ့ဘေးနား နေပေးမည်ဆိုပါမူ  မဉ္ဇူအေးကို လက်လွတ်ပေးလိုက်မည်ဟု ဆုံးဖြတ်ထား

၏။ သူ့ဘေး၌ ဒါလီနွယ်ရှိပါက  မဉ္ဇူအေးသည် လက်

တုံ့ပြန်ချင်မှပြန်ပေတော့မည်ဟုလည်း ယူဆမိသည်။

ဒါလီနွယ်၏ ဆုံးဖြတ်ချက်မှာ သူလုပ်မည့်အရာသာဖြစ်

လေသည်။ ဒါလီနွယ်က လွယ်လွယ်ကူကူ လိုက်လျောမည်မဟုတ်မှန်းလည်း သိသည်။ ထို့ကြောင့် အချိန်အနည်း

ငယ်စောင့်ဆိုင်းပြီး ကြိုးစားမည်၊ နောက်ဆုံး မရပါမှ သူ၏ဦးတည်ရာ မဉ္ဇူအေးသာဖြစ်ရမည်ဟု စိတ်ဆုံးဖြတ်ထားခဲ့၏။ 

ခြံရှေ့မှ ဘဲလ်သံကြောင့် ဒါလီနွယ် ထွက်ကြည့်လိုက်

သည်။ ဟိန်းထက်က ခြံအပြင်ဘက်မှနေပြီး သူမကို

ပြုံးပြနေ၏။

လူတကိုယ်လုံးတုန်တက်သွားသလို ခြေဖျားလက်ဖျား

များအေးစက်သွားရသည်။

" ဘာလာလုပ်တာလဲ ... သူများတွေမြင်ပြီး ပြဿနာ

ကြီးချင်လို့လား "

" မောင့်ဖုန်းကိုမှ မကိုင်တာ "

" ကိုင်မယ် ... ခုပြန်တော့ "

" ဒါလီက မောင့်အပေါ်အရမ်းစိမ်းတာပဲကွာ ... အေး

ပေါ့လေ ... မောင်ကနိမ့်ကျနေပြီကိုး ... "

" ပြန်တော့လို့ ပြောနေတယ်လေ ... ပြောစရာရှိတာ

ဖုန်းနဲ့ပဲပြောပါကိုဟိန်းထက် "

ဟိန်းထက်က မပြန်ချင် ပြန်ချင်နှင့် လှည့်ပြန်သွားလေ

သည်။ ထိုအခါမှ ဒါလီနွယ်လည်း သက်ပြင်းချလိုက်

နိုင်တော့သည်။

" ဒီပုံအတိုင်းဆိုမလွယ်တော့ဘူး ... ငါတစ်ခုခုလုပ်မှ

ဖြစ်တော့မယ် "

ထိုစဉ်ဖုန်းမြည်လာသဖြင့် အမြန်ကောက်ကိုင်လိုက်ရ

သည်။

" မပြန်သေးဘူးလား "

" မပြန်ချင်ဘူး ... ဒါလီတို့အိမ်နားမှာထိုင်နေတာ "

" ကိုဟိန်းထက် ... ကျွန်မကိုဘာလို့ အဲ့လောက်လိုက်

နှောင့်ယှက်နေရတာလဲ "

" မောင့်ဘဝမှာ ဒါလီ့ကို အချစ်ဆုံးဆိုတာ ဒါလီသိမှာ

ပါ ... မောင် ... ဒါလီ့ကိုပြန်လိုချင်တယ် ... မောင့်ဆီပြန်

လာခဲ့ပါဒါလီရယ် ... နော် "

ဟိန်းထက်အသံမှာ ငိုသံစွက်နေမှန်း ဒါလီနွယ် ခံစားမိ

နေသည်။

" မဖြစ်နိုင်တော့ဘူးလို့ အထပ်ထပ်အခါခါပြောပြီးပြီ

လေ ... ရှင်နဲ့ကျွန်မ သူငယ်ချင်းမိတ်ဆွေတွေလို ခေါ်

ပြောလို့ရတယ် ... ဒီထက်ပိုပြီးမဖြစ်နိုင်တော့ပါဘူး

ကိုဟိန်းထက်ရယ် ... ကျွန်မတောင်းပန်ပါတယ် ... 

မနှောင့်ယှက်ပါနဲ့တော့ရှင် "

" ဒါလီကဘယ်လိုပြောပြောမရတော့ဘူးပေါ့ "

" ကျွန်မမှာ မိသားစုနဲ့ဖြစ်နေပြီ ... ဒါကြောင့် ... "

" ဒါလီ့ကိုမောင့်အနားပြန်ခေါ်ဖို့  မဉ္ဇူအေးကိုတောင်

ကလေးမယူခိုင်းခဲ့ဘူး ... သူဘာလို့ သေရတာလဲသိလား 

... သူ့ကိုတားဆေးတိုက်ခိုင်းတာ မေမေဆိုပြီး ပြဿနာ

ရှာတယ် ... ပြီးတော့ သူ့ကိုနှိပ်စက်ပါတယ်ဆိုပြီး လူတွေ

သိအောင်ပြောမယ်လုပ်တယ် ... မေမေကစိတ်ဆိုးပြီး

သူ့ကိုတစ်ချက်လေးရိုက်လိုက်မိတာနဲ့ အော်ဟစ်သောင်း

ကျန်းလာလို့ မောင်လက်လွန်သွားတာ ... "

" ဒါဆို ရှင်က  မဉ္ဇူအေးကို ရိုက်တာပေါ့ ... ဒါအနိုင်

ကျင့်တာပဲလေ ... မကျေနပ်ရင် စကားနဲ့ပြောပါလား ...

ဘာကိစ္စလက်ပါရတာလဲ "

" သူကမေမေ့ကို နှိပ်စက်နေတာကြတော့ ဒါလီမသိဘူး "

" ရှင့်အမေကို သူနှိပ်စက်တယ်ဆိုတာ ရှင့်မျက်လုံးနဲ့

တပ်အပ်မြင်တာလား ... ရှင့်အမေကပြောတာလား "

" မြင်စရာမလိုပါဘူးကွာ ... မေမေက ဝမ်းနည်းပြီးငို

နေရတာ သူနှိပ်စက်လို့ပေါ့ "

" မဟုတ်သေးပါဘူး ... "

" တော်တော့ဒါလီ ... မေမေ့ကိုအပြစ်ပုံချမယ့်မိန်းမမျိုး

ဆို မောင်မကြိုက်ဘူး ... မောင်နဲ့စကားပြောရင် ဒါလီ

သတိထားပါ ... "

အမိန့်ပေးသံကြောင့် ဒါလီနွယ်အံ့ဩမှင်သက်သွားလေ

သည်။

" ရှင်တို့သားအမိတွေ ရူးနေကြပြီ သိလား ... ရှင့်အမေ

ကလည်း အတ္တသိပ်ကြီးတယ် ... ကိုယ့်သားကိုချစ်တာ

မဟုတ်ဘူး ... နှစ်နေတာ ... ရှင့်ခုလိုဘဝပျက်တာ ရှင့်

အမေကြောင့်ပဲ "

" တော်တော့လို့ပြောနေတယ်လေ ... "

" ကျွန်မကိုအမိန့်လာပေးနေရအောင် ရှင်ကဘာမလို့လဲ "

" အေ ... ငါဘာကောင်လဲမင်းသိစေရမယ်ဒါလီနွယ် "

ဟိန်းထက်သည် ဒေါသတကြီးနှင့် ဖုန်းချသွားခဲ့သည်။ 

" ငါသူ့ကိုမယူမိတာတော်သေးတယ် ... မဟုတ်ရင် 

ငါလည်း  မဉ္ဇူအေးလို မဖြစ်ဘူးမပြောနိုင်ဘူး "

ခြံရှေ့ဘဲလ်သံကြောင့် ဒါလီနွယ်ရင်ထဲ ထိတ်သွားခဲ့

သည်။ အိမ်ထဲမှနေပြီးအရင်ချောင်းကြည့်လိုက်သည့်

အခါ ဟိန်းထက်ကိုတွေ့မြင်လိုက်ရသဖြင့် တုန်လှုပ်

ချောက်ချားသွားတော့သည်။ ထို့ကြောင့်ဖုန်းအမြန်

ခေါ်လိုက်၏။

" ဘာလာလုပ်ပြန်တာလဲ "

" မောင်ဘာကောင်လဲဆိုတာ သိအောင်ပြမလို့ "

" ရှင့်ဘာရှင် ဘာကောင်ကြီးဖြစ်နေနေ ကျွန်မအိမ်ရှေ့က

ခုထွက်သွား "

" မသွားဘူး ...  မဉ္ဇူအေးကိုသတ်ပြီးမှသွားမယ် ... 

မင်းကိုယ်တိုင်ရွေးချယ်ခဲ့ပြီးပြီပဲ ဒါလီနွယ် ... ငါ့ဆီပြန်

လာပါပြောလည်း မင်းကမောက်မာလွန်းတယ် ... ခခယယ

တောင်းပန်လည်း မရဘူး ... ဒီတော့ ငါလုပ်သင့်တာလုပ်

ရတော့မှာပဲ "

ဒါလီနွယ်တကိုယ်လုံးချွေးစေးများပျံလာရ၏။ အဘယ်

ကြောင့်ဆိုသော် အိပ်ခန်းထဲ၌ နေ့လည်နေ့ခင်း တရေး

တမောအိပ်စက်နေသော ဂူဂူးလေးမှာ ငိုလာသောကြောင့်

ဖြစ်သည်။

" ခဏလေး ကိုဟိန်းထက် ... ကျွန်မဖုန်းပြန်ခေါ်ပါ့မယ် "

" မရဘူးကွာ ... မင်းမထွက်လာရင် ငါကျော်ဝင်လာမှာ "

" ကျွန်မရဲခေါ်လိုက်ရမလား ... ရှင်ပြန်မှာလား ... 

ဒါပဲပြော "

" ဟား ... ဟား ... ဟား ... ထောင်ကထွက်လာတဲ့လူကို

ရဲနဲ့လာခြိမ်းချောက်နေသေးတယ် ... ခေါ်လေ ... ခေါ်လိုက်

စမ်းပါ ... "

ဒါလီနွယ်မှာအကြံအိုက်လာသည်။ ရဲခေါ်လိုက်ပါက

အုံးအုံးကြွပ်ကြွပ်ညံပြီး ပတ်ဝန်းကျင်ကလူများသိကုန်မည်။ သူမ၏အတိတ်များ ပေါ်သွားရပေမည်။ 

" မေမေ ... အီး ... ဟီး ... "

အခန်းထဲအော်ဟစ်ငိုယိုနေသော ဂူဂူးကြောင့် ရင်တွင်း

ပူလောင်လာခဲ့၏။

" ကျွန်မရှင့်ကိုလာတွေ့ပါ့မယ် ... အခုတော့ပြန်ပါရှင် "

" တကယ်လာတွေ့မှာလား "

" တကယ် ... တကယ် "

" ကောင်းပြီလေ ... ဒီညနေတွေ့ချင်တယ် ... မလာရင်

မနက်ဖြန်  မဉ္ဇူအေးအသုဘလို့သာမှတ်လိုက် "

ထိုသို့ကြိမ်းဝါးပြီး ထွက်သွားမှ ဒါလီနွယ်ရင်ထဲ အလုံး

ကြီးပြုတ်ကျသွားရ၏။

" လာပြီ ဂူဂူးလေးရေ ... မေမေလာပြီ "

အိမ်ပေါ်ထပ်ပြေးတက်ပြီး သမီးဖြစ်သူကို ပွေ့ဖက်

လိုက်တော့သည်။

" အိပ်မက်မက်ပြီးငိုနေတာလား ဂူဂူးလေးရဲ့ "

" ဟိုဉီးဦးကမီးမီးကို‌ရေထဲတွန်းထည့်တာ... "

" သမီးလေးလျှောက်မက်နေတာပါ ... ဘယ်ဦးဦးမှ မရှိ

ဘူးနော် "

" မီးမီးသေသွားတာမေမေ "

ချွေးများနှင့်မျက်ရည်များရွှဲနစ်နေပြီး သူမထံငိုယိုတိုင်

နေသော ဂူဂူးလေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထား

မိတော့သည်။ 

ဂူဂူးလေးကို အဝတ်အစားလဲပေးပြီး အိပ်မက်အကြောင်း

ကို မည်သူ့ကိုမှမပြောရန် ကတိတောင်းခဲ့သည်။ ပြီး

နောက် မိဘအိမ်သို့ ပို့ခဲ့ကာ ဟိန်းထက်ထံထွက်လာခဲ့

တော့၏။

သူမ ရောက်ဖူးခဲ့သော ဟိန်းထက်၏အိမ်မှာ ယိုယွင်း

ပျက်စီးနေ‌ပြီး သစ်ပင်ပန်းမန်တို့လည်း ခြောက်သွေ့

၍နေ၏။

ခြံရှေ့၌ကားရပ်ပြီး အသင့်ယူလာသော ဓါးထည့်ထား

သည့်လက်ကိုင်အိတ်ကို ကိုင်ကာ ကားပေါ်မှဆင်းလိုက်

သည်။ ပြီးနောက်ဖုန်းခေါ်လိုက်သည်။

" အိမ်ရှေ့ရောက်နေပြီ ... ရှင်ထွက်လာလိုက်တော့ "

" ဝင်လာခဲ့ "

ဒါလီနွယ်မှာ ကြောင်တောင်တောင်ဖြစ်နေလေသည်။

ဟိန်းထက်တစ်ယောက်တည်းရှိသည့်အိမ်ထဲသို့ ဝင်ရ

မည်မှာ မဝံ့ရဲနေပေ။ သို့သော်လည်း သားသမီးဇောကြောင့် ဝင်သွားလိုက်တော့သည်။ 

ဧည့်ခန်းသည် ရှုပ်ပွနေသည်။ နံရံများကလည်း ညစ်ပေ

နေ၏။ အောက်သိုးသိုးအနံ့အသက်ကြီးက သူမကို ဆီး

ကြိုနေခဲ့သည်။

" ဒါလီ မောင့်ဆီတကယ်လာတယ်နော် "

ဟိန်းထက်က ဝမ်းသာအားရဖြင့်ပြောရင်း တင်းကြပ်

စွာပွေ့ဖက်ပစ်၏။ ဒါလီနွယ်ကရုန်းသော်လည်း ရုန်း

မရချေ။

" ဖယ်ပါရှင် ... ကျွန်မစကားပြောဖို့လာခဲ့တာ "

" မဖယ်ချင်ဘူးကွာ ... မောင်လေ ဒါလီ့ကို အရမ်းလွမ်း

တာပဲ ... မောင့်ကို စိမ်းစိမ်းကားကားစကားတွေပြောရင်

ဘယ်လောက်ရင်နာလဲ ဒါလီမသိဘူးလားဟင် "

" ကျွန်မဘယ်လိုပြောမှရှင်နားလည်မှာလဲ ကိုဟိန်းထက်

ရယ် ... "

" မောင်ပြောတာပဲနားထောင် ... မောင့်မှာ ဒါလီပဲရှိတာ ...

မောင့်ဘဝကြီးကို ဒါလီပဲကယ်တင်ပေးနိုင်မှာ ... "

" ကျွန်မတို့မိတ်ဆွေလိုပဲနေလို့မရဘူးလား ... ကိုဟိန်း

ထက်လိုတာအားလုံး ဖြည့်ဆည်းပေးပါ့မယ် ... ဒါပေ

မယ့်မိတ်ဆွေထက်‌တော့မပိုချင်ဘူး "

" ခုနက မောင့်ဆီလာမယ်ဆိုလို့ မောင်ပြန်လာပေးတာ

နော် ... အရင်လိုပဲ စိမ်းကားတဲ့စကားတွေပြောမှာဆို

ရင် ခုပဲပြန်လိုက်တော့ ... "

ဒါလီနွယ်သည် ဟိန်းထက်ကိုကြည့်ကာ ရင်ထဲမကောင်း

ပေ။ ပေရေရှုပ်ပွနေသောအိမ်ကြီးထဲ၌ မျှော်လင့်ချက်

များပျောက်ဆုံးနေသော အချစ်ဟောင်း။ သူ့ကိုထွေးပွေ့မည့်သူမရှိ။ ‌

ထိုသူမှာ ဘဝဆုံးနေချေပြီ။ ထို့ကြောင့်ဘာမဆိုလုပ်ရန်

ဝန်လေးလိမ့်မည်မဟုတ်ချေ။ ဒါလီနွယ်မှာ မည်သို့မှ

လုပ်မရသည့်အဆုံး သူမ၏အကြံအစည်အတိုင်း လုပ်

ဆောင်ဖို့ရန်သာ စိတ်ကူးလိုက်တော့သည်။ 

လက်ကိုင်အိတ်ထဲမှဓါးကို လက်နှင့်စမ်းကြည့်လိုက်သည်။

ဟိန်းထက် ရန်မူလာပါက အသင့်ဖြစ်နေစေရန်ဖြစ်၏။ သို့

သော် ဟိန်းထက်က သူမကို လွတ်လိုက်ပြီး ခြေပစ်လက်

ပစ်ထိုင်ချလိုက်သည်။

" မောင် ... ဒါလီ့အနားမှာနေချင်တယ် ... တခြားဘယ်သူ့

ကိုမှ မောင်မယုံဘူး ... ဒါလီ့ကိုပဲယုံတယ် ... "

ဟိန်းထက်၏လေသံပျော့ပျောင်းလာသဖြင့် ဓါးကိုင်

ထားသည့်လက်ကို အသာလွတ်လိုက်‌ပြီး ခုံတွင်ဝင်

ထိုင်လိုက်လေသည်။

" ဒါလီတို့က အခြေအနေမတူတော့ဘူးလေ ... ဒါလီ့မှာ

သမီးလေးရှိနေပြီမလို့ ဘယ်လိုမှရှေ့ဆက်လို့မရတော့

ဘူး ... နားလည်ပေးပါကိုဟိန်းထက်ရယ် "

" မောင့်ကိုမချစ်တော့ဘူးလားဟင် "

ဒါလီနွယ်သည် ဝေ့တက်လာသောမျက်ရည်စကို မမြင်

စေလိုသဖြင့် ခေါင်းကိုတဘက်သို့လှည့်လိုက်၏။

" ဒါလီမောင့်ကို ချစ်တယ်ဆိုတာ မောင်သိပြီးသားပါ ... 

ဒါပေမယ့် ခုချိန်မှာ အရင်လို ချစ်သေးလားသိချင်လို့ "

" ဒါတွေမမေးပါနဲ့လား ... ဒါလီမဖြေချင်ဘူး "

" မောင်တစ်ခုပြောပြမယ် ...  မဉ္ဇူအေးကိုသေပြီးမှ 

သိခဲ့ရတာရှိတယ် "

ဒါလီနွယ်က သိချင်စိတ်ဖြင့် စူးစိုက်နားထောင်နေသည်။

" သူ့မှာကိုယ်ဝန်ရှိမှန်း မောင်မသိခဲ့ဘူး "

" ဟင် ... တကယ်ကြီးလား "

" အင်း ... ကိုယ်ဝန် နှစ်လလို့ပြောတယ် ... "

" ခုနကပြောတော့ တားဆေးတိုက်တယ်ဆို "

" တိုက်လို့မိသွားတော့ သူ မသောက်တော့ဘူးလေ ...

ဘာကျွေးကျွေးမစားတော့ဘူး ... သူ့ဟာသူပဲ ခူးခပ်

စားတော့တာ ... ပြီးတော့ ရန်တွေဖြစ်ရ ပြဿနာတွေ

ဖြစ်ရနဲ့ အဆင်မပြေခဲ့ဘူး ... မောင်အချုပ်ကျနေတုန်း

သူအိပ်မက်လာပေးတယ် ... ဘဝအသစ်နဲ့ပြန်လာပြီး

ကခဲ့စားလာချေမယ်တဲ့ ... မောင်ကသူ့ကိုမသတ်ရင် 

တချိန်မှာသူကမောင့်ကိုသတ်မှာ ... မောင်ပြောတာ သိ

လား "

" အင်း ... ဒါပေမယ့် ဂူဂူးလေးက  မဉ္ဇူအေးမဟုတ်ပါ

ဘူး ... ကိုဟိန်းထက်စိတ်ထင်နေတာပါ ... တကယ်တော့ သူကအဘိုးပြန်ဝင်စားတာ "

ဒါလီနွယ်က ငြင်းဆန်လိုသဖြင့် ဇာတ်လမ်းထွင်လိုက်

သော်လည်း ဟိန်းထက်ကခေါင်းခါလာသည်။

" မငြင်းချင်ပါနဲ့ဒါလီရာ ...  မဉ္ဇူအေးက ဒါလီ့ဆီပြန်

ဝင်စားမှန်း မောင်သိတယ် ... သေချာအောင်လို့ သူနဲ့

အနီးကပ်သွားတွေ့ခဲ့တာ "

" မူကြိုမှာကိုလား "

" ဟုတ်တယ် ... သူမောင့်ကို မှတ်မိပုံတော့မရဘူး ...

ဒါပေမယ့်မောင့်ကိုမြင်တာနဲ့ ကြောက်နေပြီးတော့ ...

သူဘာလုပ်လဲ ဒါလီသိလား ... "

ဒါလီနွယ်ကခေါင်းခါပြလိုက်သည်။

" ဒီမှာကြည့် "

ဟိန်းထက်သည် သူ၏ လက်ဖျံကို ပြသလာသည်။

လက်ဖျံပေါ်၌ ခြောက်သွေ့စပြုနေသော ဒဏ်ရာသေးသေးလေးတစ်ခု။

" ခဲတံနဲ့ထိုးလိုက်တာ "

" သူ့ခဲတံချွန်ပေးတယ်လို့ ပြောတော့ပြောတယ် ... ထိုး

တာတော့မပြောဘူး "

" ဘယ်ပြောမှာလဲ ... သူလုပ်တာကို "

" ဂူဂူးလေးအဲ့လိုလုပ်တာအတွက် ကျွန်မပဲတောင်းပန်

ပါတယ် ... သူ့ကိုသေချာမဆုံးမ မိလို့ ခုလိုဖြစ်ရတာပါ "

" မဟုတ်ဘူးဒါလီ ... သူက တခြားသူဆိုမလုပ်ဘူး ...

မောင့်ကိုပဲလုပ်တာ ... ဘာလို့လဲဆိုတော့ မောင်နဲ့သူ

ကြားမှာ မကျေလည်တာတွေ ဒီဘဝအထိပါလာလို့ပဲ ...

ဒီတော့ သူ့အသက်အပိုင်းအခြားတစ်ခုရောက်ရင် အရင်

ဘဝကအကြောင်းတွေကို မှတ်မိလာလိမ့်မယ် ... အဲ့ကြ

ရင် မောင့်ကိုလာသတ်မှာပဲ ... ဒါလီသာမောင့်အနားရှိရင်

အဲ့လိုမဖြစ်ဖို့တားနိုင်မှာ ... "

" ဘယ်လိုမျိုး "

" ဒါလီကအမေဖြစ်နေတော့ အမေရဲ့စကားကို လွန်ဆန်

မှာမဟုတ်ဘူးလေ ... သူသတ်သတ်မသတ်သတ်ပါ ...

ဒါလီမောင့်အနားပြန်လာပေးရင် မောင်သူ့ကိုဘာမှ

မလုပ်ဖို့ကတိပေးတယ် ... "

" အဲ့လိုက မဖြစ်နိုင်ပါဘူး ... ဂူဂူးလေးအတွက် စိတ်ချ

ပါကိုဟိန်းထက် ... ကလဲ့စားချေတာတွေ ဘာမှမဖြစ်

စေရပါဘူး ... ကျွန်မဘက်ကအဲ့ကတိကိုပေးတာမလို့

ကျွန်မတို့သားအမိကို မေ့ပစ်ပေးပါလားဟင် ... ကိုဟိန်း

ထက်နဲ့ ဂူဂူးနဲ့မတွေ့အောင်သူ့ကိုအဝေးကြီးမှာထားမှာ

ပါ "

" ဒါလီမောင့်အနားမလာရင်တော့ သူ့ကိုမောင်သတ်

ပစ်ရမှာပဲ "

" ဘာ "

" ဟုတ်တယ်လေ ... ဘယ်သူကများ ကိုယ့်ကိုသတ်မယ့်

သူကို နှစ်အကြာကြီး အချိန်ပေးထားပါ့မလဲ ... ဒီတော့

ဒါလီဆုံးဖြတ် ... မောင်မလောပါဘူး ... ခုအခြေအနေနဲ့

ဒါလီမလာနိုင်ရင် မောင်အလုပ်ပြန်ကြိုးစားမယ် ... ဒါလီ

ဘက်ကလည်း ဟိုရှေ့နေနဲ့ ကွာရှင်းဖို့စီစဉ် ... အားလုံးပြီး

ရင်တော့ မောင့်အနားပြန်လာပါနော် "

ဒါလီနွယ်သည် မည်သည်မှပြန်ပြောမနေတော့ဘဲ နှုတ်

ဆိတ်နေသည်။ 

" ဖြေအုံးလေ "

" ဒါလီစဉ်းစားပါအုံးမယ် ... "

" မောင်ကတော့ အဖြေကိုခုပဲသိချင်တယ် ... မောင့်အတွက်မျှော်လင့်ချက်က ဒါလီပဲ ... ဒါလီမရှိရင်  မဉ္ဇူအေးကိုရှင်းပြီးတာနဲ့ မောင်လည်း ခြေဦးတည့်ရာထွက်

သွားတော့မှာ "

 မဉ္ဇူအေးကို ရှင်းမည်ဆိုသောစကားကြားလိုက်တိုင်း

ဒါလီနွယ်ရင်ထဲ ထိတ်ခနဲ ဖြစ်ဖြစ်သွားရသည်။ အဘယ်

ကြောင့်များ  မဉ္ဇူအေးက သူမကိုရွေးချယ်ရသနည်း၊

ဟိန်းထက်သည်လည်း အဘယ်ကြောင့်လက်မလွတ်နိုင်

သနည်း၊ သူမ နားမလည်နေပေ။

" ‌ဒါလီ့ကိုအချိန်နည်းနည်းလောက်ပေးပါနော် "

" စဉ်းစားချင်သေးတယ်ဆိုလည်း နောက်ထပ် သုံးရက်

ထပ်တိုးပေးမယ် ... အဲ့အချိန်အတောအတွင်း နေရာ

ပြောင်းတာ ထွက်ပြေးတာတော့မလုပ်နဲ့ ... မောင်က

မတွေ့တွေ့အောင်ပြန်ရှာတတ်တယ် "

" ဒါလီစဉ်းစားပြီးတာနဲ့ ပြန်ပြောပါ့မယ် ... ခုတော့ ပြန်

မှရတော့မှာမလို့ "

ဟိန်းထက်က ဒါလီနွယ်နဖူးလေးကို ဆတ်ခနဲနမ်းလိုက်

သည်။ ဒါလီနွယ်မှာ မျက်လုံးအဝိုင်းသားနှင့် ထိတ်လန့်

သွားခဲ့၏။

ပြီးနောက် ငယ်ချစ်ဦး၏ ချစ်ခြင်းမေတ္တာအငွေ့အသက်

ကို ပြန်လည်ရရှိသွားသဖြင့် ရင်ထဲဆို့နစ်လာကာ မျက်

ရည်ဝဲတက်လာတော့သည်။ 

ထိုနေရာ၌ကြာကြာဆက်မနေချင်တော့သဖြင့် အမြန်

ထပြန်လာခဲ့ရသည်။ အိမ်သို့ရောက်သည့်တိုင် ရင်တလှပ်

လှပ်တုန်လှုပ်နေဆဲပင်ဖြစ်သည်။ 

ထိုညက သူမကိုယ်ပေါ်၌ ဟိန်းထက်၏ အငွေ့အသက်

ရှိနေ၍လားမဆိုသာ၊ ဂူဂူးလေးမှာ ညကြီးမင်းကြီး ထငို

လာပြန်သည်။

" ဂူဂူး ... မေမေရှိတယ်နော် ... မကြောက်နဲ့ "

ပွေ့ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သော်လည်း ဂူဂူးလေး

က ငိုသံများနှင့် ပြောလာသောစကားကြောင့် ဒါလီနွယ်မှာ

စိုးရိမ်သွားရပြန်သည်။

" မီးမီးကိုဟိုဦးဦးက လိုက်သတ်တယ်မေမေ "

" မဟုတ်ပါဘူးသမီးရယ် ... မေမေရှိတာပဲ ... ဘယ်သူ့မှ

သမီးလေးကို မသတ်နိုင်ပါဘူး "

" မေမေ ... မီးမီးဘာလို့အဲ့ဒါပဲမက်နေရတာလဲ "

" စိတ်စွဲနေလို့မက်တာပါသမီးရဲ့ "

" မီးမီးကြီးလာရင်ကော "

" ဟင် ... ဘာကိုလဲ ... အိပ်မက်လား "

" ဟုတ်ဘူး ... မီးမီးကြီးလာလို့ အဲ့လိုအသတ်ခံရမှာဆို ...

မီးမီးကတော့ပြန်သတ်ပစ်မှာ "

" အဲ့လိုမပြောရဘူးလေသမီး‌ရဲ့ ... သေတာတွေ သတ်

တာတွေ နောက်ဘယ်တော့မှမပြောနဲ့ ကြားလား "

" ‌ဟုတ်ကဲ့ "

ဒါလီနွယ်မှာ ရတက်မအေးနိုင်ဘဲ အကြံကြီးကြံနေမိ

တော့၏။ ယခုရက်ပိုင်း မည်သို့မှအိပ်၍မရနိုင်ဘဲ ဖြစ်

နေရသည်။ 

ဟိန်းထက်ထံသွားရမည်လား၊ သို့မဟုတ် ဂူဂူးကိုမည်

သို့ကာကွယ်ပေးနိုင်မည်နည်းဟူသော အရာကို အစဉ်

တစိုက် တွေးနေမိတော့လေ၏။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..