
မင်္ဂလာပွဲနီးပြီမို့ ဖယောင်း နဲ့ ဖေဖေက ဦးမာန်အိမ်မှာလိုက်နေရသလို ဖယောင်းကိုလဲ မေမေကအရမ်းချစ်သဖြင့် နေရတာစိတ်ချမ်းသာလှသည်။ ဦးမာန်ကတော့ မင်္ဂလာပွဲနီးလေ အလုပ်များလေဖြစ်ကာ တစ်ခါတစ်လေ ညဘက်မိုးချုပ်သန်းခေါင်မှပြန်ရောက်တတ်သည်။
" သမီးလေး......သားဖုန်းဆက်တယ်။ ဝတ်စုံရပြီမို့ စမ်းဝတ်ကြည့်ရအောင် သူလာခေါ်မယ်တဲ့။ အဲ့ဒါ အဝတ်လေးလဲပြီးစောင့်နေလိုက်နော်။ "
" ဟုတ် မေမေ...."
ဖယောင်း အခန်းထဲပြေးဝင်ကာ မိုးပြာရောင်ဂါဝန်အပွင့်အရှည်လေးလဲဝတ်ကာ အပေါ်မှ ဆွယ်တာအသားရောင်လက်ရှည်လေးထပ်ဝတ်လိုက်သည်။
! တီ.....တီ.....တီ !
ဟင်.....မြန်လိုက်တာ ။
အိမ်ရှေ့အပြေးထွက်လာသည့် ချာတိတ်ကိုမြင်တော့ မာန်ခိုက်ထင် ကျစ်ခနဲစုပ်သပ်မိသွားသည်။
" ဦးထုပ်သွားပြန်ဆောင်း..... နေပူတဲ့ဟာကို။ "
" ဦး မာန်ကလဲ ကားပေါ်မှာ နေမှမပူပဲ။ "
" ကားပေါ်ကဆင်းပြီး ဆိုင်ထဲမဝင်ခင် ပူမှာပေါ့။ သွားဆို....."
နှုတ်ခမ်းလေးစူထော်သွားရင်းမှ ဖယောင်းအိမ်ထဲ ပြန်ဝင်သွား၏။ ပြန်ထွက်လာတော့ အဖြူရောင်ကမ်းခြေဦးထုပ်အဝိုင်းကြီးအား ရွဲ့ဆောင်းလာကာ ကားပေါ်တက်လာ၏။
" စူပုတ်နေတဲ့ရုပ်နဲ့တော့ လမ်းရောက်မှဟိုဟာဝယ်ကျွေး ဒီဟာဝယ်ကျွေးဆို လုံးဝပဲနော်။ "
" ဖယောင်းမှာ ပိုက်ဆံရှိတယ်။ မေမေ့ကို ဆေးလူးပေးလို့ မုန့်ဖိုးရထားတယ်....ဟွန်း "
မာန်ခိုက်ထင် ပြုံးမိသွားရင်းမှ ရန်တွေ့နေသည့်ပုံစံလေးကို အသဲတယားယား ဖြစ်နေရသည်။ စကားပြောဆိုတာက ဘယ်လိုလေးမှန်းမသိပဲ လူကို အသဲယားအောင်ဖြစ်စေသလို တမင်ကြီးလုပ်ယူသည်မဟုတ်ပဲ နဂိုပုံစံလေးကိုက ချစ်ဖို့ကောင်းနေတာပင်။
မင်္ဂလာဝတ်စုံဆိုင်ရောက်သည်နှင့် ဖယောင်းကို စမ်းဝတ်ပေးရန် ဝန်ထမ်းကောင်မလေးတွေက ခေါ်သွားကြသလို သူလဲ စမ်းဝတ်ကြည့်သည်။ အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် သူ့ပုံစံသူကြည့်ရင်း မင်္ဂလာပွဲကို ဖျတ်ခနဲ ပြေးမြင်မိပြန်သလို အိမ်ထောင်ပြုတော့မည့်အဖြစ်ကို တကယ်ခံစားမိလာ၏။
" ဦးမာန်....."
လှည့်ကြည့်လိုက်မိတော့ မာန်ခိုက်ထင် လှပလွန်းသည့် ဂါဝန်ကြီးနှင့် ချာတိတ်ကိုမြင်လိုက်ရသည်။
" ဦးမာန်....ဒီမှာ ကြည့်စမ်း ....ဂါဝန်ကဝဲနေတာပဲ....ဟော......ဟော.....ဟော့....ခစ် ခစ်။ "
သူများမိန်းကလေးတွေဆို ရှက်သွေးတွေဖြာပြီး ခေါင်းလေးငုံ့ထားတတ်ကြလိမ့်မည်။ မဟုတ်လျှင်လဲ သတို့သားဆီမှ လှလိုက်တာဆိုသည့်စကားကိုမျှော်လင့်နေကြလိမ့်မည်။ သူ့ချာတိတ်ကတော့ ထိုသို့မဟုတ်......ဂါဝန်စကို ဝဲခနဲ ဝဲခနဲ ဖြစ်အောင် ဟိုဒီယိမ်းလျက်ဆော့ပြနေသေးသည်။
" လဲဦးမယ်.....ဆော့မနေနဲ့လေ။ "
" ဒါပေမယ့် တော်တော်လေးတယ်နော် ဦးမာန်...."
" ခဏပါပဲ......ကဲ ပြန်လဲတော့.....အပြန်မုန့်စားဦးမှာ မဟုတ်လား။ "
ဖယောင်း ခေါင်းတဆတ်ဆတ်ညိတ်မိရင်းမှ ဂါဝန်ကြီးကို မနိုင့်တနိုင် မ ကာ အထဲပြန်ဝင်သွား၏။ အစားဆို ဖယောင်းပန်းတို့က တက်ကြွတဲ့ကြက်ဖပင်။
-------------------------
ဟော့ပေါ့ဆိုင်လေးထဲ အတူထိုင်နေရင်းမှ စားပွဲတစ်ခုလုံးအသားတွေအပြည့်ယူထားသည့် ချာတိတ်ကြောင့် သူ့မှာ အသားတွေကင်ပေးနေရတာ ဒိုင်ခံပင်။
" ဦးမာန်ကလဲ ကြာလိုက်တာ။ ဒီမှာ ကုန်နေပြီ။ "
" အဲ့ဒါဆို ကင်လေ....။ "
" ဟင့်အင်း.....စားပဲစားချင်တာ မကင်ချင်ဘူး။ "
သြော်.....ကောင်းလိုက်တာ။
သူ့မှာအခုထိ တစ်လုပ်မှမစားရသေးတာ သတိရောထားမိရဲ့လား မသိ။
" ဖယောင်းပန်း.... ဒီမှာ ကင်ထားတာတွေ။ ကျွန်တော် လဲ စားပါရစေဦး။ "
ထိုအခါမှ သူ့ကို စပ်ဖြီးဖြီးလေး ရယ်ပြလာရင်း ကင်ထားသည့် အသားတစ်ဖတ်ကို သူ့ပန်းကန်ထဲထည့်ပေးလာသည်။
" ဦးမာန်လဲ စားနော်။ "
ဖယောင်းကို မကြည်သလိုကြည့်ရင်းမှ စားနေသည့် ဦးမာန်ပုံစံကိုကြည့်ရင်း လက်ထပ်ရမည်ဆိုတာ ခေါင်းထဲရောက်လာတော့ ကျောချမ်းသွားရသည်။ အိမ်ထောင်မပြုချင်သေးပါဘူးဆို ဦးမာန်လို ဇီဇာကြောင်ပြီး မာနကြီးကြီးဘိုးတော်နှင့် လက်ထပ်ရသည်လို့။
@@@@@@@@@@@
Wedding Day....
ဂါဝန်ကြီးဝတ်ထားရင်း အလှပြင်လို့ပြီးစီးပြီမို့ ဖယောင်း ကိုယ့်ပုံစံကိုယ် မှန်လေးထဲ တအံ့တသြကြည့်ရင်း နှုတ်ခမ်းလေးပွင့်အာသွားရသည်။
" လှလိုက်တာ သမီးလေးရယ်.....အမလေး.....ချစ်စရာကောင်းလိုက်တာဆိုတာ ပြောမနေနဲ့။ "
ဖယောင်း ဟီးခနဲ ပြုံးလိုက်မိသလို ခုချိန်ထိမယုံမရဲလေး ဖြစ်နေရသည်။ ထိုစဉ်ကိုကျော်နှင့် စကားတပြောပြောဖြင့် ဝင်လာသည့် ဦးမာန်။
" ဖယောင်းပန်း......မင်းပြီးပြီလား....အောက်မှာ... "
ပြောလက်စ စကားပင်ဆက်မပြောနိုင်ပဲ မာန်ခိုက်ထင်ငေးခနဲ ဖြစ်သွားရသည်။ အဖြူရောင်ကိုမှ ဖွေးလွှနေသည့် ဂါဝန်ကြီးမှာ စိန်ပွင့်တွေကတလက်လက်။ ချစ်စဖွယ်မျက်နှာလေးမှာ ပါးမို့မို့ဖောင်းဖောင်းလေးက နီမြန်းနေကာ ဆံပင်ဂုတ်ဝဲလေးမှာ ပုလဲဆံညှပ်လေးကညှပ်၍ အဖြူရောင်ပုဝါစကိုနောက်ကနေ လွှားထား၏။
" အာစရိ.....မျက်လုံးကြီးလဲ ကျွတ်ကျဦးမယ်။ သွားရေတွေသုတ်ဦး။ "
အာ....
ထိုအခါမှ မာန်ခိုက်ထင် ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ဘေးဘီငဲ့ကြည့်မိတော့ မေမေရော ကျန်သည့်သူတွေပါ အကုန်ပြုံးစိစိ။
" သွားကြရအောင်....."
မင်္ဂလာပွဲက စည်ကားသလို အသိုင်းအဝိုင်းကြီးသည်မို့ တကယ့်ဒိတ်ဒိတ်ကျဲ သူဌေးတွေချည်းသာများသည်။ ဖယောင်း ဦးမာန်လက်ကိုတွဲကာ လိုက်ဧည့်ခံနေရင်းမှ ဖေဖေ့ဆီကိုလှမ်းကြည့်မိတော့ ဖယောင်းကို ငေးကြည့်ရင်းပြုံးနေတာ ကြည်ကြည်နူးနူး ။
ထိုနေ့က မင်္ဂလာပွဲပြီးတော့လဲ ညဘက်ဧည့်ခံပွဲလုပ်ရသေးသလို ဖယောင်းဆိုလူပင်မလှုပ်ချင်တော့။ အခုတောင် ဦးမာန် က အိမ်ထဲသွားနားတော့ဆို၍ ရေမိုးချိုး ညဝတ်အင်္ကျီလဲကာ ဆိုဖာပေါ်ခွေခွေလေးလှဲနေခြင်းပင်။ နှစ်ယောက်အိပ် အိပ်ယာကြီးက ကျယ်သလိုခန့်ခန့်ကြီးပေမယ့် ကြောက်လန့်ကာ တက်မအိပ်ရဲသည်အထိ ရှက်သလိုစိတ်လှုပ်ရှားသလိုဖြစ်နေရသည်။
မာန်ခိုက်ထင် ဧည့်သည်တွေအားရအောင် ဧည့်ခံပြီးသည်နှင့် အိမ်ပေါ်တက်လာကာ အခန်းထဲဝင်လိုက်တော့ ဆိုဖာပေါ် အိပ်ပျော်နေပြီဖြစ်သည့် ဖယောင်းပန်း။ ကြက်သွေးရောင်ပိုးသားဂါဝန်လက်ပြတ်ပေါင်တိုလေးဖြင့် တရှူးရှူးအိပ်မောကျနေတာမို့ သူပြုံးလိုက်မိရင်း ကိုယ်လေးကိုအသာပွေ့ချီကာ အိပ်ယာထက်တင်ပေးလိုက်သည်။
ရေမိုးချိုးအဝတ်လဲပြီးထွက်လာတော့ ညဆယ့်တစ်နာရီထိုးနေပြီဖြစ်သည်။ အိပ်ယာပေါ်တက်လှဲလိုက်ရင်းမှ ကွေးကွေးလေးအိပ်နေသည့် ချာတိတ်ကိုယ်လုံးလေးအား ရင်ခွင်ထဲဆွဲထည့်ပေးလိုက်တော့ နွေး၍ထင် သူ့ခါးကိုပြန်လည်ဖက်တွယ်ကာ ရင်ခွင်ထဲတိုးဝင်လာ၏။ တစ်နေကုန် သူတောင် အရမ်းပင်ပန်းတာမို့ သူမလေးဆို ခါတိုင်းရွှင်မြူးနေကျမျက်နှာလေးပင် နွမ်းနေတာ သူသတိထားမိသည်။ ဆံနွယ်စလေးကို ဖွဖွနမ်းရင်း သူ့ညတာဟာ ထိုအချိန်မှစ၍ နွေးထွေးခဲ့တာ သေချာသည်။
------------------------
ဖယောင်း အိပ်ယာမှ နိုးသည်နှင့် ဦးမာန်က ဘေးမှာမရှိတော့သလို အဝတ်ဗီရိုရှေ့တွင် Necktie အား ကျကျနနတပ်နေတာ မြင်လိုက်ရသဖြင့် ကပျာကယာ ကုန်းထလာရင်း.....
" ဖယောင်း အိပ်ပျော်သွားတယ်.....ဟို ဘာလုပ်ပေးရမလဲဟင်။ "
မာန်ခိုက်ထင် မှန်ထဲမှတဆင့်လှမ်းကြည့်ရင်း....
" ဘာမှမလုပ်ပေးနဲ့......ရေသွားချိုး။ "
ထိုအခါမှ ရေချိုးခန်းထဲလှစ်ခနဲဝင်သွားသလို သူပါ ခေါင်းကိုအသာယမ်းခါမိ၏။ ဖယောင်းပန်းတို့ အအိပ်ဆိုးချက်က လူကိုခွလိုက် လူးလိမ့်ပြီးကုတင်ခြေရင်းရောက်ရောက်သွားလို့ သူ့မှာပြန်ပြန်ဆွဲတင်ရတာ အမော။ တကယ့်ချာတိတ်မ......အိပ်ရေးတောင်ပျက်သည်။
အောက်ထပ်ဆင်းလာရင်းမှ ထမင်းစားခန်းထဲဝင်လာတော့ မေမေက သူ့ချွေးမ မမြင်သဖြင့်....
" သား....သမီးလေးရော။ "
" လာလိမ့်မယ် မေမေ.....ရေချိုးနေတယ်။ "
သိပ်မကြာလိုက် မရမ်းရောင်ပန်းပွင့်ဂါဝန်လက်ပြတ်အရှည်လေးဖြင့် ဆင်းလာသည့် ချွေးမဖြစ်သူ ကြောင့် ဒေါ်ရွှေရည်မျက်နှာမှာ ပြုံးသွားရသည်။
" လာ....သမီးလေး......"
ဖယောင်း ဦးမာန်ဘေးတွင် ဝင်ထိုင်လိုက်ရင်းမှ ထမင်းကြော်အား ပလုတ်ပလောင်းစားကာ အအေးသောက်ရန်ပြင်သည်။
" ဟိတ်! အအေးမသောက်စမ်းနဲ့။ "
ဖယောင်းလက်ထဲမှ အအေးခွက်ကိုဆွဲယူကာ တခြားနေရာချထားလိုက်သည့် ဦးမာန်ကြောင့် ဖယောင်း မျက်လုံးလေးဝိုင်းသွား၏။
" ဟဲ့...သား။ "
" မေမေ မသိပါဘူး......ထမင်းကြော်က ထောပတ်နဲ့ကြော်ထားတာ....အေးတာသောက်ရင်လည်ချောင်းမှာ အဆီတွေကပ်နေမှာပေါ့.....ရော့ နွားနို့ပူပူလေးပဲသောက်။ "
ဖယောင်းမျက်နှာလေးက ရှုံ့မဲ့သွားသလို ဒေါ်ရွှေရည်လဲ စိတ်ထဲကကြိတ်ပြုံးမိ၏။ ထမင်းစားသောက်ပြီးတော့လဲ ဖယောင်း ကားအနားထိဦးမာန်ကို လိုက်ပို့ပေးသလို မကြိုက်သလို ငြင်းနေသေးသည့် ဦးမာန်ကြောင့် စိတ်မကောင်းဖြစ်ရတာအမှန်ပင်။ ဖယောင်းကို မချစ်တော့ နီးနီးကပ်ကပ် မနေချင်တာမျိုးထင်ပါရဲ့။
@@@@@@@@@@
တီ.....တီ......တီ
ကားဟွန်းတီးသံ ကြားသည်နှင့် ဖယောင်း အိမ်ထဲမှ ထွက်လာတော့ ဦးမာန် ပြန်လာတာမို့ ကပျာကယာ ကားနားလူကရောက်လာ၏။
" ရော့......"
လက်ထဲမှ အထုပ်ကိုကမ်းပေးလာသဖြင့် ကြည့်လိုက်မိတော့ ....
" ယူနန်အကင်တွေဝယ်လာတာ.....မေမေနဲ့အတူစားလေ....။ "
သူ့ဘေးက ပြုံးပြုံးလေးဖြင့်လိုက်လာသည်မို့ မာန်ခိုက်ထင် စိတ်ထဲကကြိတ်ပြုံးမိသည်။ ဘယ်အချိန်ကြည့်ကြည့် ချာတိတ်ပုံစံက ရွှင်မြူးတက်ကြွနေတတ်သလို အမြဲတမ်းပါးချိုင့်လေးခွက်ဝင်အောင် ပြုံးရယ်နေတတ်သူမို့ ကြည့်နေမြင်နေရတဲ့သူ့အဖို့ သိပ်ကိုစိတ်ချမ်းသာသည်။
ခယောင်းပန်းနှင့် ပက်သက်ပြီး အထိနာခဲ့သူမို့ မာန်ခိုက်ထင်ဟာ ခဲမှန်ဖူးတဲ့စာသူငယ်လိုဖြစ်နေသည်။ မိန်းမတွေကို ကြောက်သည် ရွံ့သည် မုန်းတီးသည်။ နေသားကျအောင် ကြိုးစားခဲ့ရသည့် တစ်လအတွင်း သူဘယ်လောက် ခံစားခဲ့ရမှန်း သူသာသိသည်။
သို့ပေမယ့် တစ်လကြာပြီးနောက်ပိုင်း ဖယောင်းပန်းနှင့်တွေ့သည့်အခါ အနည်းငယ်ပြောင်းလဲစပြုလာသည်။ ငယ်ရွယ်သူပီပီ ဆိုးတတ်နွဲ့တတ်သည့် အစွာမလေးဟာ ပထမဆုံးအကြိမ်စတွေ့ခါစမှာပင် သူ့ကို ကောင်းကောင်းကြီးမှင်တက်စေခဲ့သည်။ အနေနီးလာလေ ထိုချွဲနွဲ့မှုလေးတွေမှာ ပျော်ဝင်လာလေဖြစ်သလို သူ့နှလုံးသားကို ဖယောင်းပန်းက နွေးထွေးစေသည်မို့ မာန်ခိုက်ထင် သိသိသာသာပြောင်းလဲလာ၏။
ဖယောင်း အသားကင်တချို့အား ပန်းကန်ထဲပြောင်းထည့်ရင်း အိမ်ပေါ်တက်လာကာ အခန်းထဲဝင်လာခဲ့သည်။ အပေါ်မှ အညိုရောင်ကုတ်အင်္ကျီကို ချွတ်ကာ အောက်မှဝတ်ထားသည့်ရှပ်အဖြူ၏ ကြယ်သီးကိုဖြုတ်နေတာမို့.....
" ဦးမာန်.....ရေချိုးတော့မလို့လား။ နေဦးလေ......နားဦး။ "
" အာ......မနားနေတော့ဘူး။ ချိုးတော့မယ်။ "
" ကဲ.....လာပါ ဦးမာန်ရဲ့။ ဖယောင်းနဲ့အကင်အရင်စားရအောင်။ "
ပြောပြောဆိုဆို သူ့လက်မောင်းကို ကိုင်ကာ အတင်းဆိုဖာဆီ ဆွဲခေါ်လာသဖြင့် မာန်ခိုက်ထင်အလိုက်သင့်ပါလာရသည်။ ဆိုဖာမှာ အတူဝင်ထိုင်ရင်း သူ့ကိုအကင်တစ်ချောင်းလှမ်းပေးကာ လိမ္မော်ရည်ခွက်လေးပါ သူ့ဘက်ကမ်းပေး၏။
" ဦးမာန်.....ဖယောင်း ဖေဖေ့ဆီသွားချင်တယ်။ "
မာန်ခိုက်ထင် တစ်ချကစဉ်းစားသလို ခဏငြိမ်သွားရင်းမှ......
" မနက်ဖန်က ကိုယ်မအားဘူး ချာတိတ်.....သွားချင် ညနေသွားကြတာပေါ့။ "
သူ့စကားကြောင့် ဝမ်းသာအားရဖြစ်သွားသည့် ချာတိတ် ပုံစံကြောင့် မာန်ခိုက်ထင် သဘောကျစွာ ခေါင်းကိုခပ်ဖွဖွပုတ်မိသည်။ ဖျတ်ခနဲ ငေးလာသည့် မျက်ဝန်းလဲ့လဲ့လေးအား သူပါကြည့်မိတော့ နှစ်ယောက်သားအကြည့်ချင်းဆုံသွားရကာ ရင်ခုန်သံက တဒိန်းဒိန်း ။ မာန်ခိုက်ထင် အကြည့်က တဆတ်ဆတ် တုန်ယင်နေသည့် ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေးဆီရောက်လာတော့ မသိလိုက်ခင်မှာပင် အလိုလိုနမ်းမိလျက်သား ဖြစ်သွားရသည်။
တစ်ယောက်ရင်ခုန်သံတစ်ယောက် ကြားနေရသလို တစ်ယောက်ဝင်လေထွက်လေကို ကိုယ်စီခံစားမိနေသည့် အခြေအနေ။ ဖယောင်းပန်းကိုယ်လေးက အနမ်းတွေမွတ်သိပ်စွာ ကြဲချလာသည့်ဒဏ်ကို ခံနိုင်ရည်မရှိတော့ပဲ ကတုန်ကယင်လေးယိုင်ကျသွားသည့်အခါ မာန်ခိုက်ထင်လက်တစ်ဖက်က ခါးလေးမှဆွဲဖက်ရင်း ထိန်းပေးကာ ဆိုဖာပေါ်အသာလှဲချစေ၏။
" ဦးမာန်....."
ကြောက်အားပိုစွာ မငြင်းတငြင်းအသံလေးထွက်လာသလို ဖယောင်းကျောပြင်လေးက ဆိုဖာပေါ်မှီချမိသွားရသည်။ နဖူးပြင်ကို နွေးခနဲ နမ်းလိုက်သည့်ဦးမာန်ကြောင့် ဖယောင်းရင်ထဲသိမ့်ခနဲ ဖြစ်သွားရသည်။ ငြင်းဆန်မိလား မငြင်းမိသလားမသိသလို ဦးမာန် ဖန်တီးသော ချစ်ဗိမ္မာန်ဟာ ဖယောင်းအတွက် မေ့မေ့မူးမူး။
ဖယောင်းအတွက်တော့ ဦးမာန်ဟာ ပထမဆုံးနှင့် နောက်ဆုံး အချစ်ဦးလိုဖြစ်ခဲ့ပါသည်။
@@@@@@@@@@@@@@@@@@@@@
To be continue P - 11
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory