" အပေးအယူ " - အပိုင်း ( ၇ )
lotaya.mpt.com.mm
|
2022-09-04

" မရွှေစင်အေးရှိပါသလားရှင် "

ဒါလီနွယ်သည် အိမ်အပေါက်ဝ၌ရပ်ရင်း မေးလိုက်သည်။

အိမ်ထဲမှ အသက် ( ၅၀ ) ကျော်အရွယ်ခန့်ရှိ လူကြီးတစ်ဦးမှာ ထိုင်ရာကမထဘဲ ပြန်ဖြေလာ၏။

" ရှိတယ်သမီး ... လာလေ ... အထဲဝင်ထိုင်ပါကွဲ့ "

ဒါလီနွယ်က သင့်ရာခုံတစ်လုံးတွင် ဝင်ထိုင်ပြီးနောက်

ဧည့်ခန်းကို အကဲခတ်ကြည့်လိုက်သည်။ 

" သမီးရွှေစင် ... ဧည့်သည်ရောက်နေတယ်ကွယ် "

ထိုလူကြီးက လှမ်းခေါ်ပေး၏။ ခေါ်သံအဆုံးတွင် အခန်း

တစ်ခန်းဆီမှ ခြေသံကြားလိုက်ရပြီး ရွှေစင်အေး၏ ထူး

သံပါကြားလိုက်ရသည်။ 

" လာပြီ အဖေရေ "

ရွှေစင်အေးက ဧည့်ခန်းသို့ရောက်သည်နှင့် ဒါလီနွယ်ကို

တအံ့တဩကြည့်ကာ 

" ဟယ် ... ညီမလေး ... ဘယ်ကဘယ်လို ရောက်လာတာ

လဲ "

" အစ်မဆီကိုပဲ တိုက်ရိုက်လာခဲ့တာ ... အစ်မကိုတိုင်

လည်းတိုင်ပင်ချင်တယ် ... နောက်ပြီး ပြောပြစရာလေးတွေ ရှိနေလို့ လာခဲ့လိုက်တာပါအစ်မ "

" အော် ... ဒါဆို အပြင်မှာပဲပြောမယ်လေ "

‌ ရွှေစင်အေးက သူမ၏ဖခင်ကို တချက်ကြည့်ပြီးပြော

လာသည်။ 

" ဟို အဖေက သိပ်နေမကောင်းလို့ညီမရေ ... နားအေး

ပါးအေး နားစေချင်လို့ပါ "

" ဟုတ် ရပါတယ်အစ်မ ... "

ထို့နောက် ရွှေစင်အေးက အိမ်အနီးရှိ လက်ဖက်ရည်ဆိုင်

သို့ ထိုင်ရန်ဖိတ်ခေါ်သော်လည်း ဒါလီနွယ်က ငြင်းဆန်

လိုက်သည်။

" တခြားနေရာပဲသွားမယ်အစ်မ "

သို့နှင့် ဒါလီနွယ်၏ ကားဖြင့် ထွက်လာလိုက်ကြသည်။

ထုံးဖြူဖြူဖွေးဖွေးသုတ်ထားသော စေတီတစ်ဆူ၏ရင်

ပြင်ဘေးရှိ ညောင်ပင်အောက်တွင် နေရာထိုင်ခင်းပြင်

ဆင်ကာ ထိုင်လိုက်ကြသည်။

" ညီမ ကိုယ်တိုင် ခုလိုခေါ်လာတာဆိုတော့ တစ်ခုခုထူးလို့လားဟင် "

" ပထမဆုံး အစ်မကိုတောင်းပန်ချင်တယ် "

" ဘယ်လို "

" ကျွန်မသမီးဂူဂူးလေးကို မဉ္ဇူအေး မဟုတ်ပါဘူးဆိုပြီး

ငြင်းခဲ့တဲ့အတွက်ပါ "

ရွှေစင်အေးသည် ပါးစပ်အဟောင်းသားနှင့် အံ့ဩမင်

သက်ကာ ကြည့်လာတော့သည်။

" ကြာလာလေ သူဝင်စားတယ်ဆိုတာ လက်ခံရမလို ဖြစ်

နေပြီအစ်မ "

" ဂူဂူးလေးက ဘာတွေထူးခြားလာလဲ ... "

" ခြံထဲမှာ ရေကန်မထားဖို့ အိပ်မက်ပေးတယ် ... သူမလာ

ခင်ကပေါ့ ... ခုလည်း ရေကူးကန်ဆို သူ မကြိုက်ဘူး ...

ရေမြင်ရင် ကြောက်တတ်တယ် ... နောက်ပြီး ဟိန်းထက်

ကို သူမုန်းတယ် "

" ဟိန်းထက် "

" ကျွန်မအစ်မကို အမှန်အတိုင်းပဲ ပြောပြလိုက်ပါတော့

မယ် "

ဒါလီနွယ်သည် လူမသိအောင် သိုဝှက်ထားခဲ့သော အတိတ်၏ မေတ္တာရေး ဇာတ်လမ်းမှစကာ လက်ရှိ

အချိန်ထိ အကြောင်းအရာများအား ပြောပြရင်ဖွင့်

လိုက်တော့သည်။

ရွှေစင်အေးမှာ အားလုံးသိပြီးသည်နှင့် ဒါလီနွယ်ကို

မနှစ်သက်သလို မျက်နှာထား ဖြစ်သွားသည်။

" ဟိန်းထက်နဲ့ ပတ်သက်ဖူးတာမလို့ အစ်မ မပတ်သက်

ချင်တော့မှန်း ကျွန်မ သိပါတယ် ... ကျွန်မလည်း ဟိုအ

ရင်က အဲ့လိုခံစားမိလို့ အစ်မကိုရှောင်နေခဲ့တာ ... ဒါပေ

မယ့် အစ်မ ... ဂူဂူးလေးဟာ အရင်ဘဝက အစ်မရဲ့ညီမ

ဖြစ်ခဲ့ဖူးသလို ခုချိန်မှာ ကျွန်မရဲ့ သမီးဖြစ်နေပြီ ... မဉ္ဇူ

အေးဘဝမျိုး လုံးဝ အဖြစ်မခံနိုင်ဘူး ... တကယ်လို့ ဟိန်း

ထက်က ဒီထက်ပိုပြီး ဆိုးလာမယ်ဆိုရင် ဘာပဲဖြစ်ဖြစ်

ကျွန်မလုပ်ရလိမ့်မယ် "

ထိုစကားကြောင့် ရွှေ‌စင်အေးသည် နားမလည်သလိုပြန်

ကြည့်လာသည်။

" ဘယ်လိုမျိုးလဲ "

" ဂူဂူးကို မသတ်ခင် သူ့ကိုအရင်သတ်ရတာမျိုး "

ဒါလီနွယ်က ယတိပြတ် ဆုံးဖြတ်ထားပုံရသလို ပြောနေ

ဟန်ကြောင့် ရွှေစင်အေးမှာ ရင်တုန်ပန်းတုန်ဖြစ်သွားတော့

၏။

" အဲ့လိုတော့ မဖြစ်ဘူးလေ ညီမရယ် ... "

" ဒါကြောင့် အစ်မ ကျွန်မကိုကူညီပါလို့ အကူအညီလာ

တောင်းတာပါ "

" ဘာကူညီရမှာလဲ "

ဒါလီနွယ်က သူမ၏ အစီအစဉ်ကို ရွှေစင်အေးအား ဖွင့်

ပြောပြသည်။

" စဉ်းစားပါအုံးလားညီမရယ် ... မသေချာသေးဘဲ ခုလို

မစွန့်စားသင့်ဘူး "

" ဟိန်းထက်အကြောင်း အစ်မဘယ်လောက်ထိသိလဲ "

" ညီမလေးပြောပြသလောက်တော့ တော်တော်များများ

သိပါတယ် "

" အစ်မညီမနဲ့သူနဲ့က အိမ်ထောင်သက် ၁ နှစ်ကျော်ပဲ

ပေါင်းလိုက်ရတာနော် ... ကျွန်မနဲ့သူနဲ့ ရည်းစားသက်

တမ်း ( ၇ ) နှစ်ကြာခဲ့တာအစ်မ ... ရှင်းရှင်းပြောရရင် 

သမီးရည်းစားမက လင်မယားမကျ အခြေအနေအထိရောက်ခဲ့တယ် ... သူက ဒါဆိုဒါပဲ ... ပြောတဲ့အတိုင်းလုပ်

တယ် ... သူမလုပ်တာဆိုလို့ ကျွန်မကိုမခိုးခဲ့တာတစ်ခုပဲ

ရှိတာ ... ဒါလည်း သူ့အမေကြောင့်ဆိုတာ သိသာပါတယ် 

... အခုသူ့မှာ ပြောရရင် သူ့ဘေးမှာ ဘယ်သူ့မှမရှိတော့

ဘူး ... ဒီတော့ သူပြောတဲ့အတိုင်း လုပ်လိမ့်မယ်အစ်မ "

" ဒါဆို ဂူဂူးလေးကို "

" ဟုတ်တယ် ... သူနဲ့ မဉ္ဇူအေးကြားမှာ ဘာကိစ္စတွေရှိ

လဲတော့ မသိဘူး ... ဂူဂူးလေးကို မဉ္ဇူအေးဆိုပြီး သူ

ယုံကြည်နေတယ် "

" ဒီအကောင်ကတော့ ... ခုထိနှိပ်စက်နေတုန်းပါလား "

" အစ်မသိရင် ကျွန်မကိုပြောပြပါလား ... သူတို့ဘာဖြစ်

လို့ ခုလို သတ်ကြဖြတ်ကြတဲ့အထိ ဖြစ်သွားကြတာလဲ "

‌ ရွှေစင်အေးသည် အဝေးကိုငေးကြည့်ရင်း ညီမဖြစ်သူ

၏အဖြစ်အပျက်များကို ပြောပြလာသည်။

" ဟိန်းထက်က ညီမလေးကို တားဆေးခိုး‌တိုက်တယ် ...

ညီမလေးသိပြီးစကားများ ရန်ဖြစ်ကြတယ် ... အဲ့မှာ သူ့

အမေက သူတိုက်ခိုင်းတာပါလို့ပြောတယ်တဲ့ ... ညီမလေး

နဲ့ ဒေါ်စန်းစန်းတင့်တို့ ရန်ဖြစ်ကြရော ... ဟိန်းထက်က သူ့

အမေကိုတစ်စက်မှအထိမခံဘူး ... ညီမလေးလည်း ဒါ

ဆို ကွဲကြရအောင်ဆိုပြီး အရင်စပြောလိုက်တာပေါ့ ... 

မကွဲပေးနိုင်ဘူးတဲ့ ... သူ့အမေက ကွဲစေချင်တယ် ... 

အဲ့လိုတကျတ်ကျတ်ဖြစ်နေရင်း တနေ့ကြတော့ ညီမလေး

မှာ ကိုယ်ဝန်ရှိလာတာပဲ ... ကိုယ်ဝန်အကြောင်းကို သူ

မပြောဘဲ နေအုံးမယ်လို့ အစ်မကိုစာပို့လာတယ် ... 

အစ်မအနေနဲ့က ဖွင့်ပြောလိုက်စေချင်တာ ... သူက မဟုတ်

ဘူး ... စောင့်ကြည့်အုံးမယ်လိုပြန်ပို့လာတယ် ... ပြီးတော့

မကြာဘူး သူကိုယ်ဝန်ရှိနေတာ ဒေါ်စန်းစန်းတင့်သိသွား

ပြီး ပြဿနာရှာတယ်တဲ့ ... ကိုယ်ဝန်ကိစ္စ သူ့သားကို လုံး

ဝမပြောရဘူးလို့ပြောတယ်တဲ့ ... ပြီးတော့ ကလေးဖျက်ချ

ဖို့ စီစဉ်နေတယ်လို့ စာပို့လာတယ် ... ညီမလေးက မဖျက်

ရသေးခင် အစ်မနဲ့ အချိန်းအချက်လုပ်လာတယ် ... 

နောက်တစ်ပတ်လောက်နေရင် သူအဲ့အိမ်ကနေထွက်

ပြေးလာမယ့်အကြောင်းပေါ့ ... အစ်မကသူချိန်းတဲ့နေရာမှာ သွားစောင့်ခေါ်ရမှာ ... ဒါပေမယ့် ချိန်းထားတဲ့နေရာကို

ညီမလေးရောက်မလာနိုင်တော့ဘူး ... အဲ့ဒီအစား မဉ္ဇူ

အေး ရေကန်ထဲပြုတ်ကျလို့ ဆုံးပြီဆိုတာပဲသိခဲ့ရတယ် "

ရွှေစင်အေးကပြောရင်း ငိုလာသည်။ ဆက်ပြီးပြော၏။

" သူတို့ကြားကရန်ငြိုးကတော့ ဒေါ်စန်းစန်းတင့်ကြောင့်

ပဲ ... သူ့သားနဲ့ သဘောမတူရာက အမျိုးမျိုး ကလိမ်စေ့

ငြမ်းဆင်လို့ သူတို့နှစ်ယောက် မုန်းသွားတာလို့ထင်တယ် 

... ညီမလေးမဆုံးခင် ဘာတွေဖြစ်ကြလဲတော့ သေချာ

မသိဘူး ... အစမမထင်တာကတော့ ကလေးကို

ဖျက်ချခိုင်းရာကနေ တစ်ခုခုလက်လွန်ပြီး သတ်လိုက်

ကြတယ်ထင်တာပဲ "

" ကျွန်မ တကယ်စိတ်မကောင်းပါဘူးအစ်မရယ် ... "

" သူ ဂူဂူးလေးကိုသတ်မယ်ဆိုတာလည်း ဖြစ်နိုင်လောက်

တယ် ... လူတစ်ခါသတ်ဖူးတာပဲလေ ... "

" ကျွန်မလည်း အဲ့ဒါကိုစိုးရိမ်တာပါ ... "

၎င်းတို့နှစ်ယောက်သည် အစီအစဉ်ဆွဲပြီး အကောင်အ

ထည်ဖော်ရန် ကြံစည်လိုက်ကြတော့သည်။ 

" ကျွန်မကို အချိန်ပေးပါကိုဟိန်းထက် ... "

" အချိန်ပေးရအုံးမှာလား "

" ချက်ချင်းကြီးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ "

" ဘယ်လောက်ပေးရမှာလဲ "

" အခု ကိုမြင့်ဇော်နဲ့ကွာရှင်းဖို့ ကြိုးစားနေပါတယ် ...

သူနဲ့ကွဲပြီးတာနဲ့ ကိုဟိန်းထက်ဆီ ပြန်လာပါ့မယ် ... 

မိဘတွေဆွေမျိုးတွေကြောင့် အချိန်နည်းနည်းတော့

ပေးပါ ... ဂူဂူးလေးလည်း ငယ်သေးတယ်လေ "

ဟိန်းထက်သည် အတန်ကြာအောင် ဆိတ်ငြိမ်နေပြီး

စဉ်းစားခန်းဝင်နေလေသည်။

" ဘယ်သူ့မှမရိပ်မိအောင်လုပ်ရမှာမလို့ အချိန်လိုတယ် ...

ဒီကာလကြားထဲမှာ ကိုဟိန်းထက်ဘက်ကလည်း ကျွန်မ

ကို ချို့ချို့တဲ့တဲ့မထားရအောင် အလုပ်တစ်ခုခုလုပ်ပြီး

စောင့်နေစေချင်တယ် "

" ဒါလီ မောင့်ဆီ တကယ်ပြန်လာမယ်လို့ကတိပေးလား "

" ပေးတယ် "

ဟိန်းထက်က ဒါလီနွယ်ကို စေ့စေ့ကြည့်ကာ တစ်လုံးချင်း

ပြောလာသည်။

" မြန်နိုင်သမျှမြန်မြန်တော့ကွာရှင်းပါဒါလီ ... သိပ်တော့

မကြာစေနဲ့ ... ဒါလီမောင့်ဆီ လာတာနောက်ကျရင် အရာ

အားလုံးနောက်ကျသွားလိမ့်မယ် ... မောင်ပြောတာ နား

လည်လား "

" နားလည်ပါတယ် "

ထိုအချိန်မှစပြီး ဒါလီနွယ်မှာ ကိုမြင့်ဇော်နှင့်ကွာရှင်းနိုင်

ရန် ကြိုးစားနေရတော့သည်။ ဤသို့ဖြင့် ၂ နှစ်တာကာ

လအရောက်တွင် တရားဝင်ကွာရှင်းနိုင်ခဲ့ပြီး ဟိန်းထက်

ကလည်း အလုပ်အကိုင်အတည်တကျဖြစ်ကာ ကျော်

သီဟ ဟုအမည်ပြောင်းလဲလိုက်တော့သည်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာစေရန် ပိုင်ဆိုင်မှု

တချို့ထုခွဲရောင်းချရင်းနှီးကာ နေ့နေ့ညည ကြိုးစား

အားထုတ်မှုကြောင့် လုပ်ငန်းလေး အဆင်ပြေစပြုလာ

ခဲ့၏။ 

ဟိန်းထက်ဟု မသိတော့သော ဒါလီနွယ်မိဘများမှာ

လုပ်ငန်းပါတနာ တစ်ဦးအဖြစ် သိထားသဖြင့် အိမ်ကို

ဝင်ထွက် ခွင့်ပြုခဲ့သည်။ 

ဟိန်းထက်နှင့် ဒါလီနွယ်တို့မှာမူ အကြံကိုယ်စီဖြင့် ပတ်

သက်ဆက်နွယ် နေကြလေ၏။ 

" ဒီအခန်းလေးကို သဘောကျရဲ့လား "

ယခင်အိမ်အဟောင်းကိုပြုပြင်မွမ်းမံလိုက်သည့်အခါ

အိမ်ကြီးက တောက်ပလာသည်။ 

" အင်း "

" ဒါလီကလဲ ... အင်း တစ်လုံးထဲလား "

" သဘောကျပါတယ်မောင်ရဲ့ ... "

" ဒါလီမကြိုက်ရင် ကြိုက်တဲ့ပုံစံလေးပြန်ပြောင်းမလား "

" မပြောင်းပါဘူး ... ဒီလိုလေးလည်းကြိုက်ပါတယ် "

" ပြီးတာပဲ ... ကဲ ... တခြားအခန်းတွေလိုက်ကြည့်လိုက်

အုံး "

ဟိန်းထက်က ဦးဆောင်ပြီး တစ်အိမ်လုံးအနှံ့လိုက်ပြ

လေသည်။ အိမ်ကြီးက ယခင်ထက်ပင် ထည်ဝါနေသ

လို ဖြစ်နေ၏။

ရေကူးကန်သို့အရောက်တွင် ဒါလီနွယ်က ခြေလှမ်းတုံ့

ခနဲ ရပ်သွားခဲ့သည်။ ဒါလီနွယ်၏ မျက်နှာရိပ် မျက်နှာ

ကဲကို သတိပြုမိသော ဟိန်းထက်က ကပျာကယာမေး

လာတော့၏။

" ဒါမကြိုက်ရင် ဖျက်ခိုင်းလိုက်မယ်လေ "

" မဟုတ်ပါဘူး ... ရတယ် ... ထားထားလိုက်ပါ ... နောက်

တော့ ရိုးသွားမှာပဲဟာ " 

" ဒါလီစိတ်မကောင်းဖြစ်နေမှာစိုးလို့ပါ "

" မဖြစ်ပါဘူးမောင်ရဲ့ ... ဒါလီဗိုက်ဆာနေပြီ ... ထမင်း

စားတော့မယ်လေ "

" ဟုတ်ပါပြီဗျာ "

ဒါလီနွယ်မှာ သူမ၏ခံစားချက်များကို အတတ်နိုင်ဆုံး

ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း ဟိန်းထက်က သိ

နေသလိုပင်။ 

" ဒါလီ့ကို ကြိုပြောထားရအုံးမယ် ... "

" ပြောလေမောင်ရဲ့ "

" မဉ္ဇူအေးအကြောင်းမပြောချင်ပေမယ့် ပြောထားသင့်

တယ်ထင်လို့ပါ "

မဉ္ဇူအေးဟူသောအမည်ကြားသည်နှင့် ဒါလီနွယ်မှာ 

ဆတ်ခနဲတုန်လှုပ်သွားသည်။

" ခုပြန်စဉ်းစားကြည့်တော့ မောင်သူ့ကို အဲ့လိုလုပ်ခဲ့

တာ ခပ်ကောင်းကောင်းပဲ ... သူက မောင့်အပေါ် မကောင်း

ဘူး ... မေမေ့အပေါ်လည်းမကောင်းဘူး ... မောင့်နားက

ထွက်ပြေးဖို့ ကြံနေမှန်း အစောကတည်းကသိတယ် "

" ဘယ်လို "

" သူ ဒီအိမ်ကနေ ထွက်ပြေးဖို့ ကြံနေတာကြာပြီလေ ...

မောင့်လက်ထဲရောက်လာမှတော့ အရှင်တော့မထွက်ရ

ဘူး ... "

ဟိန်းထက်သည် ဒါလီနွယ်ကို တစ်ချက်ဝေ့ကြည့်ရင်း

ပြောလိုက်သည့်စကားမှာ အဓိပ္ပါယ်အတော်ပါမှန်း ဒါ

လီနွယ် ခံစားသိရှိနေသည်။ 

" မောင့်လိုလူနားကနေ ထွက်ပြေးတယ်ဆိုတာ ရူးနေလို့

ပဲနေမယ် ... ခု ဒါလီ့ကိုပဲကြည့်လေ ... အခက်အခဲတွေ

ကြားထဲက မောင့်နားရောက်အောင်ပြန်လာခဲ့တာပဲ "

ဟိန်းထက်က နှုတ်ခမ်းလေးကွေးညွတ်ရုံပြုံးလိုက်ပြီး

" ဒါလီက စိတ်ရင်းမှန်တယ်ဆိုတာ မောင်ယုံပြီးသားပါ "

ဒါလီနွယ်က အသက်မပါလှသောအပြုံးဖြင့် ပြုံးပြကာ

စိတ်ထဲ၌မူ သတိကြီးစွာထားရမည်ဟု တွေးနေလိုက်

တော့၏။

" ညီမ ... အခြေအနေဘယ်လိုလဲ "

" မလွယ်ဘူး အစ်မရေ ... သူကအရင်ကဟိန်းထက်မဟုတ်

တော့ဘူး ... နာမည်အသစ်ပြောင်းသွားသလို လူလည်း

တခြားတစ်ယောက်လိုပဲ ... အရင်ကဆို စကားလမ်း

ကြောင်းလွှဲလိုက်လို့ရသေးတယ် ... ခုမရတော့ဘူး ... "

" ညီမ သတိထားနော် ... ဂူဂူးလေးကိုရော အဲ့အိမ်ခေါ်

သွားတာလား "

" မခေါ်ဘူးအစ်မ ... ဂူဂူး အဲ့ဒီအိမ်ကို ဘယ်တော့မှ ထပ်

မမြင်စေရဘူး "

" အဲ့ဒါပိုကောင်းတယ် ... မဟုတ်ရင် အတိတ်ဘဝကို

ပြန်မြင်ပြီး ဝမ်းနည်းနေလိမ့်မယ် ... ဟိုအကောင်လည်း

ယုံရတာမဟုတ်ဘူး "

" ဟုတ်တယ်အစ်မ ... ညီမကိုကတိပေးထားတဲ့အတိုင်း

အားလုံးပြီးရင်တော့ ကိုမြင့်ဇော်ကို သေချာပြောပြပေး

ပါနော်အစ်မ "

" စိတ်ချပါညီမရယ် ... အစ်မက ညီမကိုပဲစိတ်ပူတယ် ...

ဂူဂူးလေး အမိမဲ့ရမယ့်အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူး

သတိကြီးကြီးထားပြီး လုပ်နော်ညီမ "

" ဟုတ်ကဲ့အစ်မ "

ထိုသို့ဖုန်းပြောနေစဉ် ဟိန်းထက်ပြန်ရောက်လာသဖြင့်

ဖုန်းအမြန်ချလိုက်တော့သည်။ 

ဟိန်းထက်၏အိမ်သို့ ဒါလီနွယ်က မကြာမကြာ လာကာ

အိမ်အလုပ်များ လုပ်ထားပေးတတ်သည်။ ညစာစားပြီး

မှ သူမ၏အိမ်သို့ပြန်သည်။

" ဒါလီကလဲ ... တညတလေ မောင့်နားမှာပဲ နေပါလား

ကွာ "

" မောင်ရယ် ... ဖေဖေနဲ့မေမေရှိသေးတယ်လေ ... သူတို့

ဆီခွင့်ပြုချက်ရပြီးရင် မောင့်နားမှာပဲနေမှာပါ "

" ထပ်စောင့်ရအုံးမှာလား ... မောင်မစောင့်ချင်တော့

ဘူး ... ဒါလီစောင့်ခိုင်းနေတာပဲ တော်တော်ကြာနေပြီလေ ... ခုဆို ဒါလီ့ကို မောင်လုပ်ကျွေးနိုင်ပြီ ... မောင်တို့

လက်ထပ်ကြရအောင်နော် "

" ခဏလေးပဲစောင့်ပါမောင်ရယ် ... နော် "

ဟိန်းထက်သည် ဒါလီနွယ်ကို အသက်မပါလှသော မျက်

ဝန်းတစ်စုံဖြင့် ရုတ်တရက်ကြည့်လိုက်မိသည်။ ဒါလီနွယ်

ကလည်း မြင်ဖြစ်အောင်မြင်သွား၏။

" ဒါလီတမင်အချိန်ဆွဲနေတာ မဟုတ်လား "

" မဟုတ်ပါဘူး မောင်ကလဲ "

" ဒါဆိုဘာလို့ လက်မထပ်ရဲတာလဲ "

" မောင့်ကိုပြော ... "

" တော်တော့ဒါလီ ... မင်းလည်း မဉ္ဇူအေးလိုပဲ "

" ဘာ "

" ဟား ... ဟား ... ဟား ... အေးပါကွာ ... ထားလိုက်ပါ

တော့ ... ခုပြန်တော့မှာမလား ... မနက်ဖြန်မှတွေ့မယ် ...

မောင်လိုက်မပို့တော့ဘူးနော် "

ဒါလီနွယ်မှာ ရင်ထဲမတင်မကျဖြစ်ရင်း ခေါင်းညိမ့်ပြ

ကာ ထိုအိမ်မှ ပြန်လာခဲ့သည်။ 

ညရောက်သည့်အခါ ဂူဂူးလေးမှာ ချွေးများစိုရွှဲနေပြီး

အော်ငိုလာတော့သည်။

" သမီး ... မေမေရှိတယ်လေ ... ဘာဖြစ်တာလဲ ပြော ...

မေမေ့ကိုပြော "

ဂူဂူးလေးက မပြောသေးဘဲ ဆက်ကာဆက်ကာ ငိုယို

နေတော့၏။

" မေမေ့ကိုပြောလို့ ... သမီးဘာဖြစ်လို့လဲဟင် "

" အီး ... ဟီး ... ဟိုဉီးဦးက မီးမီးကို လိုက်သတ်နေတယ် "

" ဘယ် ... ဘယ်လိုမက်တာ "

" မီးမီးကို ရေထဲနစ်သတ်တာမေမေ "

" သမီးလေးအိပ်မက်လျှောက်မက်နေတာပါ သမီးရဲ့ ...

မေမေရှိနေသရွေ့ သမီးကိုဘယ်သူ့မှ ဘာမှမလုပ်စေရဘူး

... နော် "

ဂူဂူးက ဒါလီနွယ်ကို တင်းကျပ်စွာဖက်တွယ်ထားလေ

တော့သည်။ 

' မဖြစ်တော့ဘူး ... သူလက်မဦးခင် ငါလက်ဦးမှဖြစ်တော့

မယ် ... "

နောက်တနေ့တွင် ဒါလီနွယ်သည် ပြင်ဆင်စရာရှိသည်

များအား ပြင်ဆင်လိုက်၏။ 

" ဒါလီ ... ဘာတွေလုပ်နေတာလဲ "

ဟိန်းထက်အသံကြောင့် တုန်လှုပ်သွားသော်လည်း ဟန်

ကိုယ်ဖို့ရင်း ပြန်ဖြေလိုက်သည်။ 

" ရှုပ်ပွနေလို့ ရှင်းနေတာပါမောင်ရဲ့ "

ဟိန်းထက်က ဒါလီနွယ်ညွှန်ပြရာသို့ ဝေ့ကြည့်ကာ ခေါင်း

တဆတ်ဆတ်ညိမ့်ပြလာသည်။

" ဒါဆို မောင်အပြင်ခဏသွားလိုက်အုံးမယ် ... ဒါလီအိမ်

စောင့်နေနော် "

" အင်း "

ဟိန်းထက်သည် ဒါလီနွယ်၏ ခေါင်းလေးကို တစ်ချက်

ပုတ်ခဲ့ပြီး ပြုံးပြနှုတ်ဆက်ကာ ထွက်သွားလေ၏။ ဒါလီ

နွယ်ကလည်း သူမ၏အကြံအစည်အတိုင်း အကောင်

အထည်ဖော်ရန် စတင်ပြင်ဆင်လိုက်တော့သည်။

ရေကူးကန်ကြီးဘေးတွင် စားပွဲခုံကြီးချကာ ညစာအ

တွက် မှာယူလိုက်၏။ အလှဆင်ပေးသူများရောက်လာ

ကြပြီး မီးကြိုးများ ပန်းအလှများနှင့် လှပခန့်ညားအောင်

ပြင်ဆင်ပေးကြသည်။

" ပျော်ရွှင်ပါစေမမရေ "

" ကျေးဇူးပါနော်ညီမလေးတို့ မောင်လေးတို့ "

ကျသင့်ငွေကိုရှင်းပေးပြီး ရင်တထိတ်ထိတ်ဖြစ်ပေါ်

လာပြန်သည်။ ယခုညတွင် အမှန်တကယ်ပင် လုပ်ရ

ပေတော့မည်။

နေ့လည်ပိုင်းတစ်ပိုင်းလုံးအလုပ်ရှုပ်နေသဖြင့် အိမ်ထဲ

ဖုန်းကျန်ခဲ့မှန်း သတိမရ‌မိပေ။ သတိရမှ ဖုန်းကိုလိုက်

ရှာသည့်အခါ ဖုန်းထဲ အဝင်ခေါ်ဆိုမှုများတန်းစီနေမှန်း

သိလိုက်ရတော့၏။

" မေမေ ... ဖုန်းခေါ်ထားတာမကြားလို့ ခုမှပြန်ဆက်

ရတယ် "

" ဂူဂူးလေးကိုမတွေ့လို့ ... ညည်းခေါ်သွားတာလား

မိဒါလီ ... " 

" ရှင် ... မခေါ်ပါဘူး ... သမီးတစ်ယောက်ထဲ ထွက်လာ

တာလေ ... မေမေ့ကိုမှာခဲ့သေးတာရော ... ဂူဂူးကို 

ကြည့်ထားပေးအုံးလို့ "

" ငါလည်းအခုတလော အမေ့ကြီးတတ်လာတယ်လို့ ...

ဒါဆိုဘယ်လိုလုပ်ကြမလဲ ... ရှာကြပါအုံး ... မိဒါလီ

ခုပြန်လာခဲ့ ... "

" လာပြီမေမေ "

ဒါလီနွယ်မှာ ရင်တစ်ခုလုံးဗြောင်းဆန်သွားပြီး ခေါင်း

ထိုးကိုက်သွားလေသည်။ သမီးဖြစ်သူပျောက်နေသည်

ဆိုသောစကားက ရင်ဝတည့်တည့် ဓါးနှင့် မွှန်းလိုက်သ

လိုပင်။ 

ဖိနပ်ပင်မစီးနိုင်တော့ဘဲ ဖုန်းအကိုင်လိုက် အိမ်အပြင်

သို့ ပြေးထွက်လာတော့၏။ ခြံဝအရောက်တွင် ဟိန်း

ထက်၏ ကားဝင်လာမှ အိမ်ထဲသူမ၏ကားသော့ကျန်

ခဲ့မှန်း သတိရသွားသည်။ 

သို့သော် ဟိန်းထက်က ခပ်ပြုံးပြုံးပင် ကားပေါ်မှ ဆင်း

လာပြီး ဒါလီနွယ်၏ ပုခုံးကို ဆုပ်ကိုင်လိုက်၏။

" ဘာဖြစ်တာလဲ ဒါလီ "

ဒါလီနွယ်မှာ မျက်ရည်များစီးကျနေရင်း ပလုံးပထွေး

ပြန်ဖြေလိုက်သည်။

" ဂူဂူးလေး ပျောက်သွားလို့တဲ့ ... ဒါလီ ... ခုသွားမှ ရ

တော့မယ် "

ထိုသို့ပြောကာ ဟိန်းထက်၏လက်ကိုပုတ်ချလိုက်သော်

လည်း ဟိန်းထက်က တင်းကြပ်စွာဆုပ်ကိုင်ထားဆဲပင်။

" ဘာတွေစိတ်ပူနေတာလဲ ဒါလီရယ် ... မောင်ရှာပေးမှာ

ပေါ့ "

" ဒါလီ့ကားသော့ အိမ်ထဲကျန်ခဲ့လို့ ဒီကားခဏယူသွား

မယ်နော် "

" နေပါအုံး ဒါလီကလဲ ... မောင် ဒါလီ့ကိုပြစရာရှိလို့ပါ "

" ကိုဟိန်းထက် ... ရှင်ရူးနေပြီလား ... ကျွန်မသမီးတစ်

ယောက်လုံးပျောက်သွားပါတယ်လို့ဆို ... ဘာတွေအရစ်

ရှည်နေတာလဲရှင့် "

" ဒါကြောင့် မောင်ပြတာအရင်ကြည့်ပါလို့ပြောနေတာ "

ဟိန်းထက်က ပြောရင်း ဒါလီနွယ်၏လက်ကိုဆွဲကာ ကား

နောက်ဖုံးဆီခေါ်လာခဲ့သည်။ နောက်ဖုံးကို ဆတ်ခနဲဖွင့်

လိုက်သောအခါ အထဲ၌ ဂူဂူးလေးကို ပါးစပ်အဝတ်နှင့်

ချည်ပြီး လက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့မြင်လိုက်

ရလေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဒါလီနွယ်မှာ မေ့လဲကျသွားလေ

တော့၏။ သူမ သတိရလာသည့်အခါ အခန်းထဲ၌ဖြစ်ပြီး

တစ်အိမ်လုံးမီးရောင်ထိန်ထိန်ညီးနေချေပြီ။

" ကိုဟိန်းထက် "

အသံကုန်အော်ဟစ်ရင်း လူးလဲထကာ အခန်းအပြင်ဘက်

ထွက်လိုက်သော်လည်း အခန်းကို အပြင်မှ ပိတ်ထားသဖြင့် ဖွင့်မရချေ။ 

တဒုန်းဒုန်းထုကာ အော်ဟစ်ရင်း သားသမီးဇောနှင့် အား

ကြီးလာသလိုဖြစ်ပေါ်လာသည်။ 

" အခုဖွင့်လို့ပြောနေတယ်နော် "

သူမ မည်မျှအော်‌ပါစေ ဟိန်းထက်၏အသံမကြားရချေ။

နာရီဝက်ခန့်အော်ဟစ်ရင်း ခြေကုန်လက်ပန်းကျလာလေ

သည်။ မောပန်းနွမ်းနယ်သွားသဖြင့် ခြေပစ်လက်ပစ်ထိုင်

ချရင်း ခေတ္တနားနေစဉ် အခန်းကို ဝေ့ကြည့်မိမှ အမှတ်ရ

သွားတော့၏။

အိမ်ကိုပြင်ဆင်သည့်အခါ အိပ်ခန်းများနှင့်အချို့အခန်း

များကို အသံလုံအောင်ပြုပြင်ထားသည်ပင်ဖြစ်သည်။

ထိုစဉ်အခါက ဒါလီနွယ်မှာ စေ့စေ့စပ်စပ်မတွေးတောမိ

ခဲ့ပေ။ 

ယခုအခါမှ ရေးရေးသဘောပေါက်လာတော့၏။ 

ဟိန်းထက်သည် မဉ္ဇူအေးနှင့်တုန်းက ပတ်ဝန်းကျင်မှ 

ရန်ဖြစ်သံများကြားကြောင်း သက်သေထွက်ဆိုခဲ့သဖြင့်

သက်သေဖြစ်ရသည်ဟု ယူဆပုံရသည်။

ထို့ကြောင့်လည်း အိမ်ပြင်သည့်အခါ ဂရုတစိုက်ပြုပြင်

ခဲ့ခြင်းဖြစ်ပေမည်။ ထိုသို့ဆိုပါက သူ့ထံ အခြားအကြံ

ရှိရပေဦးမည်။

ဒါလီနွယ်က ပြတင်းပေါက်မှတဆင့် ထွက်ရန်ကြံစည်

လိုက်သည်။ ပြတင်းပေါက်မထားဘဲ မှန်များအပြည့်ကာထားမှန်း သတိရသွားပြန်သည်။ 

" ဒင်းက ဘာတွေကြံနေတာလဲ "

စိတ်ဆိုးမာန်ဆိုးဖြင့် ပြတင်းပေါက်ကို မှန်တင်ခုံမှထိုင်ခုံ

ဖြင့် ပစ်ခွဲပစ်သည်။ မှန်ကမကွဲ။ ထိုမှန်မှာ အပြင်ဘက်

မှဝါးတားတားသာမြင်ရပြီး အထဲမှကြည့်မှသာ အပြင်

ကိုမြင်ရသောမှန်ဖြစ်ကြောင်း ယခုမှ ဒါလီနွယ်သေချာ

ကြည့်မိသည်။ 

" ဟိန်းထက် "

ဒေါသအလွန်အမင်းထွက်လာပြီး ငယ်သံပါအောင် ကုန်း

အော်ပစ်၏။ သူမ၏ အော်သံအဆုံးတွင် အခန်းထဲမှ အသံထွက်ပေါ်လာသည်။

" ဒါလီ ... စိတ်လျော့ပါကွာ "

ထိုအသံမှာ မိုက်ခရိုဖုန်းဖြင့် ပြောနေသံမှန်း ဒါလီနွယ်သိ

လိုက်သဖြင့် ပို၍ ဒေါသထွက်လာသည်။

" နင်ငါတို့သားအမိကို ဖမ်းထားတာဘာသဘောလဲ ...

ပြောစမ်းပါ "

" ဒါလီနွယ် ... ဒါလီနွယ် ... မောင့်ကို ငတုံးလို့များ ထင်

နေသလားဟင် ... ဒါလီဘာတွေကြံစည်နေတယ်ဆိုတာ

မောင် မသိဘူးထင်နေလား "

" ဒါလီကဘာတွေ ကြံစည်နေလို့လဲ "

" မင်းက အရင်က ဒါလီနွယ်မဟုတ်ဘူး ... ငါချစ်ခဲ့တဲ့

ဒါလီနွယ်က မင်းမဟုတ်တော့ဘူး ... ငါ့ဆီလာတယ်ဆို

တာကလည်း မဉ္ဇူအေးကို သတ်မှာစိုးလို့ အနုနည်းနဲ့

လာနှစ်သိမ့်နေတာ ... "

" မဟုတ်ပါဘူး မောင်ရယ် ... ဒီလိုကြီး မပြောပါနဲ့လား ...

ဒါလီနဲ့မောင် မျက်နှာချင်းဆိုင်ပြောရအောင်နော် "

" မလိုပါဘူး ... ခုလိုပဲပြောမယ် ... ငါမင်းကို မယုံတော့

ဘူး "

" ဒါလီတကယ်ပြောနေတာပါမောင်ရဲ့ ... မောင်မတွေ့

ဘူးလား ... အပြင်မှာ ဒင်နာစားဖို့ ဒါလီ သေချာပြင်ထား

တာ ... ဒီည ညစာအတူစားရင်း မောင့်ကို ဒါလီလက်ထပ်တော့မယ်လို့ ပြောမလို့ပါ ... ဒါကြောင့် ဒါလီ သေချာပြင်

ဆင်ထားတဲ့ဟာကို ... မောင်ကဘာတွေအထင်လွဲနေတာ

လဲ "

ဒါလီနွယ် စကားဆုံးသည့်အခါ ဟိန်းထက်ငြိမ်သက်

သွားသည်။ 

" မောင် ... ပြန်ဖြေအုံးလေ ... မောင်မယုံရင် ခြံထဲသွား

ဆင်းကြည့် ... ဒါလီသေချာပြင်ဆင်ထားတာ မောင်

တွေ့လိမ့်မယ် ... "

ဟိန်းထက်ထံမှ မည်သည့်အသံမှပြန်ဖြေမလာပေ။ ငါး

မိနစ်ခန့်ကြာသည့်အခါ အခန်းတံခါး ပွင့်လာသည်။

ဟိန်းထက်က ပြုံးပျော်နေသောမျက်နှာဖြင့် ပြေးဝင်

လာ၏။

" ဒါလီတကယ်နော် "

ဒါလီနွယ်သည် အားတင်းပြုံးပြရင်း ခေါင်းအသာညိမ့်

ပြလိုက်၏။

" ဝမ်းသာလိုက်တာ ဒါလီရယ် ... မောင့်ကိုထားခဲ့တော့

မယ်ထင်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာ ... မောင်

တောင်းပန်ပါတယ် "

" ဂူဂူးလေးရော ... ဂူဂူးလေးနဲ့ တွေ့ချင်တယ် "

ဟိန်းထက်က မျက်နှာတည်သွားပြီး 

" တွေ့ရမှာပေါ့ ... ဒါပေမယ့် ညစာစားပြီးမှ ပေးတွေ့

မယ် "

" အဲ့လိုမလုပ်ပါနဲ့ ... အရင်ပေးတွေ့ပါ မောင်ရယ် ...

နော် ... ဂူဂူးလေးကိုတွေ့မှ ဒါလီစိတ်ဖြောင့်မှာမလို့ပါ "

" ကောင်းပြီလေ ... ခဏပဲတွေ့ရမယ် ... ဖြစ်မလား "

" ရတယ် ... ခဏပဲတွေ့ပါ့မယ် "

ထို့နောက် ဟိန်းထက်က ဦးဆောင်ကာ အိမ်ထဲသို့ ဝင်

လိုက်ပြီး အောက်ထပ်အခန်းလွတ်ဆီသို့ ခေါ်လာခဲ့သည်။ 

ထိုအခန်းထဲဝင်လိုက်သည့်အခါ အရာရာသည် နေရာ

တကျရှိနေပြီး ဂူဂူးလေးကို မတွေ့ရပေ။ သို့သော် ထို

အခန်းထဲရှိ ဗီဒိုကို တွန်းလိုက်သည့်အခါ အနောက်ဘက်

တွင် တံခါးပေါက်တစ်ခုရှိနေသည်ကို မြင်လိုက်၏။

ထိုတံခါးကို ဖွင့်လိုက်မှ အခန်းထောင့်၌ ဂူဂူးလေးမှာ ‌

ကြောက်ရွံ့စွာထိုင်ပြီး အခန်းဝကို ကြည်‌့နေသည်အား 

တွေ့မြင်လိုက်ရတော့သည်။

" သမီးလေး "

မိခင်၏အသံကြားသည့်အခါမှ ရှိုက်ကြီးတငင်ငိုချလာ

၏။ 

" မေမေရှိတယ်နော် ... မကြောက်နဲ့နော် "

" မေမေ ... မီးမီးအိမ်ပြန်ချင်တယ် "

" ပြန်ရမှာပေါ့ သမီးလေးရဲ့ ... "

" မောင်တို့ ညစာ စားတော့မယ်လေ ... ခဏမှ ပြန်လာ

တွေ့ပေါ့ ဟုတ်လား "

ဒါလီနွယ်သည် ဟိန်းထက်ကို ကျောခိုင်းရပ်ရင်း အောက်

နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ ပြီးနောက် 

' ဒီညတော့ သူသေကိုယ်သေပဲပေါ့ ဟိန်းထက်ရယ် '

ထိုသို့စိတ်ထဲကြိမ်းဝါးကာ အပြုံးလှလှပြုံးရင်း လှည့်

ထွက်လာခဲ့သည်။

" မေမေပြန်လာမယ်နော် သမီး ... ဒီမှာစောင့်နေနော် "

ဂူဂူးလေးက ပြေးလိုက်မည်ပြင်သော်လည်း ဟိန်းထက်၏

ကြောက်မက်ဖွယ်အသံကြောင့် နောက်ပြန်ဆုတ်သွားခဲ့

၏။

" ငြိမ်ငြိမ်နေလို့ မှာထားတယ်မဟုတ်လား ... ဒီမှာပဲထိုင်

နေ "

ဒါလီနွယ်မှာ ဒေါသကြောင့် တကိုယ်လုံးတုန်ယင်နေ

သော်လည်း မတတ်သာသဖြင့် ခြေတစ်လှမ်းဆုတ်ထား

ရသည်။ 

' ထိုးမယ့်ဆင် တစ်လှမ်းတော့ဆုတ်ရအုံးမှာပေါ့လေ '

သူမ၏ရင်ထဲမှ စကားသံများကိုမူ ဟိန်းထက်ကြား

မည်မဟုတ်သလို မည်ကဲ့သို့သော အကြံအစည်မျိုး

ဖြစ်မည်ကိုလည်း သိရှိလိမ့်မည် မဟုတ်ချေ။

ဒါလီနွယ်၏စိတ်ထဲမှာမူ ယခုညသည် ဟိန်းထက်နှင့်

သူမတို့အတွက် နောက်ဆုံးညသာဖြစ်သည်ဟု အပိုင်

တွက်ချက်ထားလေတော့၏။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..