
အပိုင်း ( ၈ )
ဇာတ်သိမ်းပိုင်း
ဟိန်းထက်သည် ညစာစားပွဲပြင်ဆင်ထားပုံကိုကြည့်ပြီး
အလွန်အမင်းပျော်နေ၏။
" ဟင်းပွဲတွေမှာပြီးပြီ ... လာပို့ဖို့ ဖုန်းဆက်ဖို့ပဲကျန်တယ် "
" ခုဆက်လိုက်မယ်လေ ... "
" ခုမှ ငါးနာရီပဲရှိသေးတာ ... ခဏမှဆက်မယ်လေ ...
စောသေးတာကို "
" မောင်က ခုပဲညစာစားပြီး ဒါလီပြောတာကိုနားထောင်
ချင်နေပြီ "
ဒါလီနွယ်က နှုတ်ခမ်းကွေးရုံသာ ပြုံးနေသည်။
" မောင့်ကို စိတ်ဆိုးနေတာလားဟင် "
" နည်းနည်းပေါ့ "
" မောင်တောင်းပန်ပါတယ် ... ဒါလီကအချိန်ဆွဲနေတော့
မောင်လည်း ကြံမိကြံရာ ကြံလိုက်မိတာပါ "
" အင်းပါ ... "
" ဒါလီ့အသံကလဲ ... မကျေနပ်တဲ့အသံနဲ့ "
" မောင် ခုလိုလုပ်တာ ဒါလီစိတ်မကောင်းဘူး ... ဒါလီ့ကို
မယုံဘူးလို့ခံစားရတယ် "
" မဟုတ်ပါဘူးဆို ဒါလီကလဲ ... "
" မဟုတ်ဘူးဆိုလဲ ဂူဂူးလေးကို အခန်းထဲပိတ်ထားစရာ
လိုလို့လား "
ဟိန်းထက်က စိတ်ရှုပ်စွာဖြင့် သူ၏ဆံပင်များထဲ လက်
ချောင်းဖြင့် ထိုးဖွနေသည်။
" မောင်ကဒါလီနဲ့နှစ်ယောက်ထဲ အေးအေးဆေးဆေး
ညစာစားချင်သေးလို့ပါ ... စားပြီးတာနဲ့ ဖွင့်ပေးပါ့မယ်
နော် "
ဒါလီနွယ်သည် သက်ပြင်းချရင်း ဟိန်းထက်၏ အင်္ကျီ
အိတ်ကပ်ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ဟိန်းထက်
မှာမူ ဒါလီနွယ်ကိုအနိုင်ပိုင်းနိုင်ပြီဟု ယူဆကာ အောင်
နိုင်သူပမာ ပြုံးပျော်၍နေသဖြင့် မရိပ်မိချေ။
" ခု ညစာမှမစားသေးတာ ... ဂူဂူးလေးနား ခဏလောက်
ပေးနေပါနော်မောင် "
" ဒါလီကလဲကွာ ... ခဏနေပေးတွေ့ပါမယ်ဆိုမှ ...
မောင့်နားမှာနေပါအုံး "
" အင်းလေ ... ဒါဆိုလည်း အိမ်ကိုဖုန်းခဏဆက်ချင်
တယ် ... မေမေတို့ကဂူဂူးလေးပျောက်နေတယ်ဆိုပြီး
လိုက်ရှာနေကြတာ ... စိတ်မပူဖို့ ပြောမှရမယ် ... ဒါလီ့ရဲ့
ဖုန်းတော့ ပြန်ပေးပါမောင် "
" မလိုပါဘူး ... ဆက်မနေနဲ့ ... "
" ဘာ ... မဆက်လို့ရမလား ... အိမ်ကစိတ်ပူနေကြပါ
တယ်ဆို "
" ဒါလီ့ကိုရှင်းအောင်ထပ်ပြောမယ် ... ဒါလီတို့သားအမိ
အခုချိန်ကစပြီး မပြန်ရတော့ဘူး ... မောင်အပြီးခေါ်ထား
တော့မှာ "
ဟိန်းထက်စကားကြောင့် ဒါလီနွယ်မှာ ဒေါသမီးဟုန်းခနဲ
တောက်လာခဲ့တော့၏။ သို့သော် အမျက်အပြင်ထွက်၍
မဖြစ်သေးဟု တွေးပြီး ပြန်မြိုချလိုက်ရသည်။
" ဒါဆိုလည်း ဘာလို့ဒါလီပြောတာစောင့်နေသေးတာ
လဲ ... ပြောပြော မပြောပြော ပေးပြန်မှာမှမဟုတ်တာ "
" ကြားချင်လို့ပေါ့ ... ဒါလီကိုယ်တိုင် မောင့်ကိုလက်
ထပ်ပါမယ်လို့ပြောတာ ကြားချင်တာ "
' ရှင်ရူးနေပြီဟိန်းထက် ' ထိုစကားမှာ စိတ်ထဲ၌သာ
ပြောလိုက်ခြင်းဖြစ်ပြီး လက်တွေ့တွင်မူ
" မောင်က ကဗျာဆန်ချင်နေသေးတယ် ... "
ဟိန်းထက်က ယခုအခွင့်အခါကို အလွန်ပင်ကျေနပ်
နေပြီး ပြုံးလိုက်ရယ်လိုက်ဖြစ်နေတော့သည်။
" မောင် "
" အင်း "
" ဟင်းပွဲမှာလိုက်တော့မယ် ... ဒါလီ့ဖုန်းပြန်ပေးပါ "
" မောင်ပြောလိုက်မယ်လေ ... ဘယ်နံပါတ်လဲ "
ဟိန်းထက်က ဒါလီနွယ်ကို ဖုန်းလုံးဝပေးကိုင်မည့်ပုံ
မရချေ။ ဒါလီနွယ်၏ဖုန်းကို အိမ်ထဲဝင်ပြီး သွားယူ
နေသည်။
ဒါလီနွယ်ကလည်း တဘက်အိမ်သို့ စူးစိုက်ကြည့်နေ၏။
ထိုအိမ်ထဲတွင် ရွှေစင်အေးရှိနေမှန်း ဟိန်းထက် သိနိုင်
မည်မဟုတ်ချေ။
ထိုအိမ်သည်ယခင်က ဒေါ်လှငွေ၏အိမ်ဖြစ်သည်။ ဒေါ်
လှငွေ နာမကျန်းဖြစ်ချိန် ငွေကြေးလိုအပ်နေသည်ဟု
ကြားသိသည့်အခါ ထိုအိမ်ကို ဒါလီနွယ်က ဝယ်ယူရန်
ကမ်းလှမ်းကြည့်သော်လည်း မရောင်းချသဖြင့် ဝယ်မရ
ခဲ့ပေ။
ရန်ကုန်မြို့၌ဆေးကုသနေသောကြောင့် ထိုအိမ်ကြီးကို
ပိတ်ထားခဲ့သည်။ ဒါလီနွယ်က မရအရ လိုက်စပ်ဟပ်
ပြီး တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းလိုက်၏။
ရွှေစင်အေးကအမည်ခံပြီးငှားရမ်းနေထိုင်ခြင်းလည်းဖြစ်သည်။ဒါလီနွယ်က နောက်ကွယ်မှ ကြိုးကိုင်သူသာ။
ဒါလီနွယ်စူးစိုက်ကြည့်နေမှန်းသိသော ရွှေစင်အေးက
လည်း သူမသိရှိကြောင်းအချက်ပြသည့်အနေနှင့် မှန်
ပြတင်းကို ဖွင့်လိုက်ပိတ်လိုက် နှစ်ခါလုပ်ပြလာသည်။
ထိုသို့အချိန်းအချက်ပြုလုပ်နေစဉ် ဟိန်းထက်က ဒါလီ
နွယ်၏ ဖုန်းကို ကိုင်ကာ ထွက်လာတော့သည်။
" ဒါလီပဲဆက်ပါရစေ "
" မောင်ဆက်မယ်လို့ ... နံပါတ်ပြော ... ဘယ်တစ်ခုလဲ "
ဒါလီနွယ်က စိတ်မကြည်စွာဖြင့် လေပူမှုတ်ထုတ်လိုက်
ရင်း ပြန်ဖြေသည်။
" အပေါ်ဆုံးကရေရင် ဒုတိယတစ်ခု "
" အပေါ်ဆုံးက အမေဆက်ထားတာပဲ ... ဂူဂူးလေး
ပျောက်လို့ထင်တယ် ... အဟက် "
" အဲ့ဒါကြောင့်ပြောတာ မေမေစိတ်ပူနေမှာလို့ ... ဒါလီ
ဖုန်းလေးခဏဆက်ပါရစေ "
" ထားထားပါကွာ ... မောင် ခုလာပို့ဖို့ ဆက်လိုက်တော့
မယ် "
ဟိန်းထက်ကထိုနံပါတ်ကိုခေါ်ကာ ဟင်းပွဲများလာပို့
ခိုင်းလိုက်၏။
ဒါလီနွယ်သည် ထိုနေရာ၌ ဆက်မနေချင်တော့သဖြင့်
အိမ်ထဲဝင်လာလိုက်သည်။ ဟိန်းထက်က အနောက်မှ
ပြေးလိုက်လာလေသည်။
" ဘယ်လိုဖြစ်နေတာလဲမောင် ... ဒါလီ ဘယ်မှမသွား
ရဘူးလား "
" မောင်နဲ့စာချုပ်မှာလက်မှတ်မထိုးခင်အထိ ဒါလီ မောင့်
မျက်စိအောက်မှာပဲနေရမယ် "
" မောင်ဒီလိုလုပ်နေရင် ... ဒါလီ ... "
ဆက်ပြောမည်ပြင်ပြီးမှ စိတ်ကိုလျော့ချလိုက်သည်။
" ပြောလေ ... ဘာဖြစ်လဲ "
" ဒါလီ မပျော်ဘဲနေမှာလို့ "
" ပျော်အောင်ထားမှာပေါ့ ဒါလီရဲ့ "
ပြောပြောဆိုဆို ဒါလီနွယ်၏လက်ကိုဆွဲကာ ဆိုဖာထိုင်
ခုံသို့ခေါ်လာခဲ့သည်။
" မနက်ဖြန်ကြရင် ရုံးမှာလက်မှတ်သွားထိုးမယ် ... မောင်
က ကိုမြင့်ဇော်ကို ရှေ့နေခေါ်ချင်တယ် ... ဒါလီ့သဘော
ကရော ... "
" မခေါ်ချင်ပါဘူး ... ရှေ့နေလည်းမလိုဘူး ... တရားသူ
ကြီးရှေ့လက်မှတ်ထိုးရင်ရပြီပဲ ... "
" ဒါလီ့ကို မေးသာမေးနေတာ ... မောင်ကခေါ်ထားပြီး
ပြီ "
" ဘာ ... ရှင်ရူးနေပြီလား "
" ဒါလီ့ကိုအနားမှာခေါ်ထားချင်လို့ မဉ္ဇူအေးကိုရှင်း
ထုတ်ထားတာနော် "
" မဟုတ်တာတွေမပြောပါနဲ့မောင် ... မောင်နဲ့ မဉ္ဇူအေး
နဲ့အဆင်မပြေလို့ ဖြစ်ကြတာ ဒါလီနဲ့မဆိုင်ဘူး ... ခုမှ
ဒါလီ့ကြောင့် ခေါင်းစဉ်မတပ်ပါနဲ့ "
" ဘာပဲဖြစ်ဖြစ်ကွာ ... မောင်တောင်မှ သူ့ကို အဲ့လိုလုပ်ရဲ
သေးတာပဲ ... ဒါလီလည်း ခင်ပွန်းဟောင်းကို ရှေ့နေ့ငှား
တာလောက် လုပ်နိုင်ရမှာပေါ့ "
" မလုပ်ချင်ပါဘူး "
" သဘောပဲလေ ... မောင်လည်း ဂူဂူးလေးကိုမြင်တိုင်း ရှေ့နေကြီးကိုသတိရနေတော့မှာပေါ့ "
" ဒါဘာအဓိပ္ပာယ်လဲ ... "
" ဒါလီသိနေတာပဲလေ ... "
ဒါလီနွယ်မှာ ဆက်မပြောချင်တော့သဖြင့် နှုတ်ဆိတ်ကာ
နေနေတော့သည်။
" စိတ်မဆိုးပါနဲ့ဒါလီရာ ... မောင်က ဒီတိုင်းပြောလိုက်
တာပါ "
" မဆိုးပါဘူး ... ဟင်းပွဲကလဲကြာလိုက်တာ "
" ခုနကြတော့ စောသေးတယ်ဆို "
" စောတာဟုတ်တယ် ... ခုမှဗိုက်ဆာသလိုလိုဖြစ်လာ
လို့ "
" ဟား ဟား ဒါလီကတော့ အရင်အတိုင်းပါပဲလား "
ဟိန်းထက်ကသဘောကျကာရယ်နေသော်လည်း ဒါလီ
နွယ်က ဟန်ကိုယ်ဖို့ရုံသာလိုက်ရယ်နိုင်သည်။
နာရီဝက်ခန့်ကြာပြီးနောက် မှာယူထားသောဟင်းပွဲများ
ရောက်လာခဲ့၏။ နေရာတကျပြင်ဆင်ပေးခဲ့ပြီး လာပို့
သူများပြန်သွားကြသည်။
" ဝီစကီကဘာလို့လဲ "
ဟိန်းထက်က ပုလင်းကို ကောက်ကိုင်ရင်း မေးလာသည်။
" ဒါလီသောက်ဖို့မှာထားတာ "
" ဟင် "
" ဟုတ်တယ် ... ဒီညမှ သောက်ချင်လာလို့ တခါထဲမှာလိုက်တာ ... မောင် အဆင်မပြေရင် မသောက်နဲ့
လေ ... "
" တစ်ယောက်ထဲသောက်လို့ ဘယ်လိုလုပ်ပြီးအရသာ
ရှိမှာလဲ ... မောင်လည်းနည်းနည်းသောက်မှာပေါ့ "
" ပြီးတာပဲ ... အနံ့တွေကမွှေးနေတော့ ဗိုက်တောင်ဆာ
လာပြီ "
ဤသို့နှင့် ညစာစားရင်း ဝီစကီအတူသောက်ဖြစ်ကြ
သည်။ နေဝင်စအချိန်ဖြစ်သော်လည်း လင်းထိန်နေဆဲ
ပင်။
' ငါအချိန်နည်းနည်းထပ်စောင့်လိုက်ရမှာ '
ဒါလီနွယ်က စိတ်ထဲရေရွတ်နေမိ၏။ သို့သော်သူမက
ပဲကံကောင်းသည်လား၊ ကံဆိုးသည်လားမသိ။ လေ
အေးအေးများတိုက်ခတ်လာပြီး ကောင်းကင်တခွင်
မှိုင်းညို့လာသည်။
မိုးရိပ်သမ်းလာသည်ကို တွေ့မြင်လိုက်သဖြင့် ဟိန်း
ထက်မှာ မျက်နှာကြီးရှုံ့မဲ့သွား၏။ ဟိန်းထက်နည်း
တူ ဒါလီနွယ်သည်လည်း စိတ်ပျက်သွားမိသည်။
မိုးရွာချလာပါက သူမ၏အကြံအစည် ပျက်ပြားမည်
ကို စိုးရိမ်မိ၍ဖြစ်၏။ ထို့ကြောင့် မိုးမရွာခင် ကိစ္စပြီး
မြောက်မှ ဖြစ်မည်ဟု တဆက်တည်း တွေးလိုက်မိသည်။
" မောင် ချီးယား "
" အင်း ... ခုမှ သာသာယာယာအချိန်လေးရတာပါဆို
ကွာ ... မိုးကလာနှောင့်နေပြန်ပြီ "
" မရွာလောက်သေးပါဘူးမောင်ရဲ့ ... ရွာလည်းဘာဖြစ်
လဲ ... အိမ်ထဲရွေ့ရုံပေါ့ "
" ခုကတည်းက ရွေ့ထားမလား ... ရွာလာမှဆို မိုးရေထဲ
ပြေးနေရမယ် "
" မရွေ့ပါဘူး ... မြန်မြန်စားမှာပေါ့ "
ကောင်းကင်မှ လျှပ်စစ်စီးကြောင်းကြီးက ရုတ်တရက်
ဝင်းခနဲ လင်းလက်သွားသဖြင့် ဟိန်းထက်မှာ တစ်ချက်
လန့်သွားလေသည်။
ဒါလီနွယ်လည်း ဟိန်းထက်ကိုမျက်ခြေမပြတ်ကြည့်ရင်း
တွေးလိုက်မိသည်။ ဟိုစဉ်ကတည်းက မိုးခြိမ်းလျှင် လန့်
တတ်သည်ကို ပြန်လည်အမှတ်ရသွား၏။
ယခုကဲ့သို့ ရေကန်နံဘေး ဟင်းလင်းပြင်ကဲ့သို့နေရာတွင်
ယခင်ကလို ကြောက်စိတ်ဝင်မည်မှာ သေချာပေသည်။
ထိုအခါ နှုတ်ခမ်းလေးကွေးညွှတ်ရုံပြုံးမိလိုက်တော့၏။
" သောက်လေ ... ကောင်းကင်ကိုပဲမော့ကြည့်နေတာ
နော် "
" ရွာလာမှာစိုးလို့ပါ "
" မရွာသေးပါဘူး ... အေးအေးဆေးဆေးစားပါမောင်
ရဲ့ "
ဟိန်းထက်က စိတ်မဖြောင့်စွာနှင့် စားရင်း ဂဏှာမငြိမ်
နေပေ။ အသက် ၇ နှစ်အရွယ်က မိဘနှစ်ပါးနှင့်အတူ
မိုးရွာထဲ ကားမောင်းခဲ့သောရက်ကို ပြန်လည်အမှတ်ရ
သွားသည်။
wiper မကောင်းသောကြောင့် ရှေ့မှန်တွင်ရေကုန်အောင်
မသုတ်နိုင်ဘဲ မှုန်ဝါးနေ၏။ ထိုစဉ် လမ်းအကွေ့နေရာ
သို့အရောက် ကွေ့တက်လာသော ကားတစ်စီးနှင့် ထိပ်
တိုက်ဆုံပြီး တိုက်မိသွားကြသည်။
ဖခင်ဖြစ်သူက ထိုနေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ရ
ပြီး မိခင်မှာ ခြေထောက်ကျိုးခဲ့ရသည်။ သူသည်လည်း
နောက်စေ့ကွဲပြီး လက်ကောက်ဝတ်အရိုးအက်သွားခဲ့
၏။
ကားမှောက်ပြီးပြီးချင်း ကောင်းကင်ယံထက်မှ မိုးခြိမ်း
သံအကျယ်ကြီး ဟိန်းထွက်လာသောကြောင့် သေရာပါ
ကြောက်ရွံ့မှုကြီး စွဲကပ်ကျန်ရစ်သွားတော့သည်။
အိမ်ထဲတွင်နေပါမူ မသိသာသော်လည်း ယခုကဲ့သို့ အကာ
အရံမရှိသောနေရာဖြစ်ပါက အတိတ်အကြောင်းများပြန်
ပေါ်လာကာ အသိစိတ်လွတ်သလိုဖြစ်ပေါ်တတ်လေသည်။
ဟိန်းထက်မှာ ထိုအချင်းအရာကို ပြန်လည်အမှတ်ရမိပြီး
လက်များတုန်ယင်လာ၏။ စိတ်ကိုတင်းကာ ဝီစကီကို
တစ်ကျိုက်တည်းမော့ချပစ်သည်။
လျှပ်စီးကထပ်မံလက်သွားသည်။ သူ၏စိတ်ကိုသူမထိန်း
နိုင်မည်စိုးသဖြင့် ဝီစကီနောက်တစ်ခွက်ထပ်ထည့်ကာ
မော့ချလိုက်ပြန်သည်။
" ကိုလာ ရောအုံးလေ ... "
ဒါလီနွယ်ကသတိပေးရင်း ထပ်ငှဲ့ပေး၏။ ဆင့်ကာဆင့်
ကာ သောက်ချရင်း ရီဝေဝေဖြစ်လာသလိုရှိလာသည်။
သူ့ကိုယ်သူပင် မနိုင်တော့ချေ။
ဒါလီနွယ်သည် ဟိန်းထက်ကို မျက်လုံးဝေ့ကြည့်ရင်း
သူမသည်လည်း မူးပြီးအန်ချင်သလို ဖြစ်လာသဖြင့်
ပါးစပ်ကိုပိတ်ကာ အိမ်ထဲပြေးဝင်ရန်ပြင်လိုက်တော့
သည်။
" မောင်ရေ ... ခဏလေးနော် ... ဒါလီပြန်လာခဲ့မယ် "
ထိုသို့ပြောပြီး ပြေးထွက်သွားခဲ့သည်။ ဟိန်းထက်မှာမူ
အနောက်မှလိုက်ရန် ထရပ်လိုက်သော်လည်း မတ်မတ်
မရပ်နိုင်ချေ။
သူ့ကိုယ်သူပြန်ထိန်းရင်း တည်ငြိမ်စွာရပ်ဖို့ ကြိုးစား
လိုက်စဉ်မှာပင် လျှပ်စီးလက်လာပြီး မိုးခြိမ်းသံအကျယ်
ကြီး ထွက်ပေါ်လာလေတော့၏။
တကိုယ်လုံးတုန်ခါသွားကာ ခြေထောက်ယိုင်သွား၏။
ဟန်ချက်အမြန်ထိန်းလိုက်သော်လည်း မရဘဲ ခြေလှမ်း
များက သူ့သူရွေ့လျားနေသလိုဖြစ်သွားကာ ရေကန်
ဘောင်ပေါ်ခြေချော်ကျတော့သည်။
ဘောင်ပေါ်သို့လက်ထောက်ကာ ထရပ်နိုင်ရန်ကြိုးစား
သော်လည်း ယခုအခါ ရေကန်ဘောင်က ပို၍ ချော်နေ
သလိုဖြစ်ပေါ်နေတော့၏။
ကုန်းရုန်းထလိုက်စဉ်ခဏမှာပင် မိုးများရွာချလာပြီး
မိုးခြိမ်းသံကြီးက ဟိန်းထွက်လာခဲ့သည်။ ထိတ်လန့်
လွန်းသဖြင့် အော်ဟစ်လိုက်စဉ်မှာပင် ရေကန်ထဲသို့
ပြုတ်ကျသွားပြီဖြစ်၏။
ဟိန်းထက်မှာ ယက်ကန်ယက်ကန်နှင့်ကူးခတ်နေရသည်။
သို့သော် လက်ပန်းသာကျလာသည်၊ ကူးမရဘဲဖြစ်နေ
လေသည်။
ရေနှင့်ထိတွေ့လိုက်သည့်အခါ ရီဝေဝေဖြစ်နေခြင်းက
သက်သာသလိုဖြစ်ပေါ်လာသော်လည်း ရေကူးခြင်းမှာ
စိတ်သွားတိုင်းမပါချေ။
" ဒါ ... ဒါလီ ... "
ဟိန်းထက်အသံကုန်အော်ဟစ်လိုက်၏။ သို့သော်သူ့အသံ
က ပလုံးပထွေးပင်။ သူ့ကိုကူညီမည့်သူမရှိ တစ်ယောက်
တည်း ရေကန်ကြီးထဲ ကူးခတ်ရင်း ရေနစ်နေချေပြီ။
အချိန်ကြာလာသည့်အခါ ဟိန်းထက်တစ်ယောက် ငြိမ်
ကျသွားလေတော့၏။ ဒါလီနွယ်သည် အိမ်ကြီးထဲရှိ မှန်ပြတင်းမှတဆင့် အဖြစ်အပျက် အစအဆုံးကို ရပ်ကြည့်နေခဲ့သည်။
နာရီဝက်ခန့်ကြာပြီးနောက်တွင် ထိုအိမ်ရှေ့သို့ ရပ်ကွက်
လူကြီးများနှင့် လူအချို့ ရောက်ရှိလာကြတော့သည်။
၎င်းတို့ရောက်လာသည့်အခါ ဒါလီနွယ်မှာ ဘေစင်ဘေး
၌ ခွေကျနေလေပြီ။
ဟိန်းထက်ကို ဆယ်ယူကြပြီး အသက်ကယ်ကြသော်
လည်း မမီတော့ပေ။ ဟိန်းထက်မှာ လူ့လောကကြီးကို
စွန့်ခွာသွားခဲ့ပြီဖြစ်သည်။
" အစ်မ ... အစ်မ "
" ဟေ့ သူငယ်မ ... "
" အမူးလွန်နေတာဖြစ်မယ် ... မျက်နှာရေနဲ့ပက်နှိုးစမ်း
ကွာ "
သူမ၏မျက်နှာပေါ်သို့ ရေစက်များကျလာမှ မျက်လုံး
လေးစင်းလာပြီး သတိရလာသလို ပြုမူလိုက်လေသည်။
" ဘယ်သူလဲ ... ဘယ်သူတွေလဲ "
" ဦးလေးတို့က ရပ်ကွက်ကပါ... နယ်မြေမှူးရော ရပ်
ကွက်လူကြီးရောရောက်နေတယ် ... ထပါအုံး "
" ရှင် ... ဘာဖြစ်လို့သူတို့ကရောက်နေတာလဲ "
ဒါလီနွယ်က ကုန်းရုန်းထရင်း ထိုးအန်ချတော့မည့်ဟန်
ပြုပြန်သည်။
" အော် ... မူးလို့ မဖြစ်သင့်တာတွေဖြစ်ကြရပြီ ...
ခက်တယ် "
အန်ချဟန်ပြုပြီး သက်သာသလို ဟန်ဆောင်လိုက်သည်။
ပြီးနောက် လေးတွဲစွာဖြင့်မေးလိုက်၏။
" ဘာဖြစ်တာ "
" ဟိုသူငယ်နဲ့ ဘာတော်လဲ "
" ဘယ်သူ ... ဘယ်သူငယ် "
" ရေကန်ထဲပြုတ်ကျပြီး ဆုံးသွားပြီ ... အဲ့သူငယ်ကို
မေးတာ ... "
" ရှင် "
" အဲ့ဒါဒေါ်စန်းစန်းတင့် သားလေ ဦးကောင်းရဲ့ "
" ဟေ ... ဟုတ်လို့လား "
" ဟုတ်တယ် ... ဟိန်းထက်ဇော် ဆိုလား သူ့နာမည် "
" ဖြစ်မှဖြစ်ရလေကွာ ... သမီးနဲ့ သူနဲ့က ဘာတော်လဲ "
" ကျွန်မချစ်သူပါ "
" အေးကွဲ့ ... ခုလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး ...
ဦးလေးတို့လည်း လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာမလို့
နားလည်ပေး ... ဟုတ်လား "
" ဟုတ်ကဲ့ ... သူ ... သူ ... ဆုံးသွားတာမဟုတ် ... မဟုတ်
လောက်ပါဘူး ... ခုပဲ သူနဲ့ ညစာအတူစားနေကြတာ
လေ ... ဦးလေးတို့ လျှောက်ပြောနေကြတာမဟုတ်လား "
ဒါလီနွယ်က သရုပ်ဆောင်ပီပြင်စေရန် ကျင့်ထားပြီးဖြစ်
၍ အခက်အခဲအမှားအယွင်းမရှိနေချေ။ အပြင်သို့ပြေး
ထွက်ပြီး အလောင်းကို သွားကြည့်ကာ ငိုနေလေသည်။
" ဟို ... သူ့ဆီကသော့လေးယူချင်လို့ပါ ... ကျွန်မသမီး
လေး အခန်းထဲပိတ်ထားခဲ့လို့ "
" ဟမ် "
" ကျွန်မတို့နည်းနည်းပါးပါးသောက်ကြမှာမလို့ သမီး
လေးကို အခန်းထဲ ခဏထည့်ထားတာပါ ... သော့ကသူ့
ဆီမှာ "
" အော် ... ငါတော့နားမလည်တော့ဘူး ... ဟေ့ရောင်...
လှကျော် ... ယူပြီးသွားဖွင့်ပေးလိုက် "
သို့နှင့် နောက်ရက်တွင် အမှုအခင်းဖြစ်စဉ်ကိုစစ်ဆေး
ကြရာ ရွှေစင်အေးက ဖုန်းဆက်အကြောင်းကြားကြောင်း၊
ပြီးနောက် ဗီဒီယိုဖိုင်ပါပူးတွဲပြလာခဲ့သည်။
ဗီဒီယိုထဲတွင် မလိုချင်သောနေရာများအား ဖြတ်ထား
ပြီးလည်းဖြစ်လေသည်။ ဒါလီနွယ်တို့ ညစာအတူစား
ရင်း ဒါလီနွယ်ပြေးထွက်သွားပြီး ဟိန်းထက်တစ်ယောက်
တည်းကျန်စဉ် သူ့သူရေနစ်သွားသည့် ရိုက်ချက်က အမိ
အရဖြစ်၏။
ရွှေစင်အေးက သက်သေထွက်ဆိုပေးခဲ့သည်။ ဤသို့
ဖြင့် သေမှုသေခင်းဖွင့်ကာ အမှုပြီးသွားခဲ့လေသည်။
" အားလုံးပြီးသွားပြီဆိုတော့ ခုဘာဆက်လုပ်မှာလဲ "
" ကျွန်မသမီးလေးနဲ့ တခြားမြို့မှာ ပြောင်းနေဖို့ စိတ်
ကူးထားတယ်အစ်မ "
" ယောကျာ်းနဲ့ပြန်မပေါင်းတော့ဘူးလား "
ဒါလီနွယ်သည် ခေါင်းကိုဖြည်းညင်းစွာခါရမ်းပြလာသည်။
" ကွဲနေတာပဲ ကြာနေပြီ ... မသွားချင်တော့ပါဘူး "
ရွှေစင်အေးမှာ ဂူဂူးလေးကို ငေးကြည့်နေ၏။ ဂူဂူးလေး
က သွက်လက်ပေါ့ပါးစွာ ဆော့ကစားနေရှာသည်။
" အစ်မခုမှတွေးမိတယ် "
" ဘာကိုလဲအစ်မ "
" ညီမလေးကသူကလဲ့စားချေမှာမလို့ ဝင်စားပါရစေ
လို့ အိပ်မက်ပေးတယ်မလား "
" ဟုတ်ပါ့အစ်မရယ် ... ဒါပေမယ့် သူ့ကိုယ်စား ကျွန်မတို့
လုပ်နိုင်ခဲ့တာပဲ "
" မဟုတ်သေးဘူး ဒါလီ ... "
" ရှင် "
" ဒါ သူကလဲ့စားချေသွားတာ အမှန်ပဲ "
" ဘယ်လိုမျိုး "
" သူက သူချစ်ရတဲ့သူရဲ့ သတ်တာကို ခံလိုက်ရတယ်
မလား ... ဒါကြောင့် ဟိန်းထက်ကိုလည်း ထပ်တူခံစား
စေချင်တာ ... "
" ဒါ ... ဒါဆို "
" ဟုတ်တယ် ... ချစ်ရတဲ့သူရဲ့ သတ်ဖြတ်တာကို ခံရတဲ့
ခံစားချက် ... အဲ့ဒါညီမလေး ဖြစ်စေချင်ခဲ့တာဖြစ်မယ် ...
ဒါကြောင့်လည်း ဒါလီဆီ ဝင်စားခွင့်ပြုဖို့ အပေးအယူ
လာလုပ်သွားတာပေါ့ "
" ဖြစ်နိုင်ပါတယ် ... ကျွန်မနဲ့သူက အပြင်မှာတစ်ခါမှ မမြင်
ဖူးဘဲနဲ့ အိပ်မက်လာပေးခဲ့တာလေ ... ဒါသူ့ကလဲ့စားဆို
ရင် ကျွန်မကျေနပ်ပါတယ်အစ်မ ... "
" ညီမ ပြောင်းသွားလဲ အစ်မနဲ့တော့ အဆက်အသွယ်
မဖြတ်ပါနဲ့နော် ... ဂူဂူးလေးကြီးလာတာ မြင်ချင်လို့ပါ "
" မဖြတ်ပါဘူးအစ်မရယ် "
ဒါလီနွယ်မှာ ထိုပြဿနာဖြစ်ပြီး မိဘများထံခွင့်တောင်း
ကာ တောင်ပေါ်မြို့လေးတစ်မြို့သို့ ပြောင်းရွေ့သွားခဲ့
သည်။
" ဒီနေရာမှာ ပြဿနာတွေအများကြီးဖြစ်ခဲ့လို့ မနေချင်
တော့တာပါမေမေ ... သမီးကို သွားခွင့်ပေးပါနော် "
မိဘအသိုင်းအဝန်းများက မသွားစေလို၍ တားဆီးကြ
သော်လည်းမရတော့။ ဒါလီနွယ်ကိုယ်တိုင်ကလည်း
ဂူဂူးလေးကို ထိုမြို့၌ မကြီးပြင်းစေလိုတော့ပေ။
ထို့ကြောင့် အမြန်ဆုံးပြောင်းရွေ့သွားလိုက်တော့သည်။
သူမလုပ်ခဲ့သော လုပ်ရပ်များက တခါတရံ အရိပ်လို
ခြောက်လှန့်ခံနေရ၏။ ရေကန်ဘောင်ပေါ်ခြေချော်ကျ
စေရန် သံလွင်ဆီများလောင်းချထားခဲ့သည်ကို သူမနှင့်
ရွှေစင်အေးနှစ်ယောက်သာသိသည်။
ဟိန်းထက်သေဆုံးပြီး ထိုဆီများကို အဝတ်များ Tissue
စက္ကူများနှင့် ပြန်သုတ်ပစ်ခဲ့သည်။ ပြီးနောက် ခြေရာ
လက်ရာအားလုံးဖျောက်ကာ အမူးလွန်နေသလို ဟန်
ဆောင်နေခဲ့၏။
လူတွေကိုသာ ညာလို့ရသည်၊ မိမိကိုယ်ကိုမူ ညာမရဘဲ
အရိပ်တစ္ဆေပမာ ခြောက်လှန့်ခံနေရသည်။ ညည အိပ်
မက်ဆိုးမက်ကာ ဟိန်းထက်၏ ပြာနှမ်းနှမ်း ရုပ်ရည်သွင်
ပြင်ကြီးက ပေါ်ပေါ်လာသည်။
ထိုအခါမျိုးတွင် အသည်းထဲအေးစိမ့်တက်သွားသလို
ခံစားရသည်။ ထိုသို့အိပ်မက်ဆိုးမျိုး ဆက်မမက်လို
တော့ပေ။
သူမတို့သားအမိအတွက် အကောင်းဆုံးအရာမှာ ပြန်
လည်မတွေးချင်သောအချင်းအရာများနှင့် ဝေးရာသို့သာ
ဖြစ်လေသည်။
ထို့ကြောင့်လည်း ပြောင်းရွေ့နေထိုင်ရန် ဆုံးဖြတ်ချက်
ခိုင်မာစွာချလိုက်ခြင်းလည်းဖြစ်တော့၏။
" ဘယ်လို "
ကိုမြင့်ဇော်မှာ ရွှေစင်အေးထံမှ စကားများအား တအံ့
တဩနားထောင်ရင်း ပြန်မေးလိုက်သည်။
" ကျွန်မလေ ကိုမြင့်ဇော်တို့ မိသားစုလေး ပြန်ပေါင်းစည်း
ရင် ကောင်းမှာပဲလို့ အမြဲတွေးမိတယ် ... ဒါကြောင့် ခုလို
လာပြောပြရတာပါ "
" ကျွန်တော့်သမီးလေးကို ချစ်ပေမယ့် ဒါလီနွယ်နဲ့က
ပြီးတာတွေပြီးပါစေတော့ဗျာ ... ကွဲနေတာပဲကြာလှပြီ
မရွှေစင်အေးရ "
" ပြန်စဉ်းစားပါအုံးကိုမြင့်ဇော်ရယ် ... တကယ်ကို သေ
ချာပြန်စဉ်းစားစေချင်တာပါ ... ဒါလီနွယ်က ကိုမြင့်ဇော်
အပေါ် သစ္စာဖောက်သွားတာမှမဟုတ်တာပဲ ... သူ့မှာ
လည်း အခက်အခဲရှိလို့ ဖြစ်မှာပါ "
" ဘာအခက်အခဲရှိရမှာလဲ ... ဟိန်းထက် အဲ့ ခုနာမည်
ပြောင်းထားတဲ့ ကျော်သီဟဆိုတဲ့ကောင်နဲ့ တွဲနေတာ
တမြို့လုံးအသိ ... အဲ့ကောင်မရှိတော့မှ ကျွန်တော့်ဆီ
ပြန်လာချင်လို့မရဘူး ... ကျွန်တော်လက်မခံနိုင်ဘူး ...
မရွှေစင်အေးကိုတော့ အားနာပါတယ် ... ဒီအကြောင်း
တွေထပ်မပြောပါနဲ့တော့ဗျာ "
" မဟုတ်သေးဘူးကိုမြင့်ဇော် ... ဒါလီနွယ်က "
" တော်ပါတော့ဗျာ ... ခင်ဗျားလည်းပြန်ပါတော့ ... "
" မနှင်လည်းပြန်မှာပါရှင် ... ဒါပေမယ့် ကိုမြင့်ဇော်သိ
ထားဖို့က ဒါလီနွယ်မမှားဘူးဆိုတာ သူ့ဘက်ကနေ ရဲရဲ
ကြီးအာမခံရဲတယ် ... "
" ခင်ဗျားကဘာတွေသေချာသိလို့လဲ ... ကျွန်တော့်ကို
အတင်းကွာရှင်းခိုင်းပြီး လပိုင်းလေးနဲ့ နောက်တစ်
ယောက်ရသွားတာကြတော့ရော ... ကျွန်တော်လည်း
လူဗျ ... ခံစားချက်ရှိတယ် ... ကလေးအတွက် လိုတာ
မှန်သမျှ ထောက်ပံ့ပေးမယ်ပြောပြီးသား ... သူနဲ့ပြန်
ပေါင်းဖို့တော့ မဖြစ်နိုင်တော့ဘူး "
ရွှေစင်အေးမှာ ဖြစ်ကြောင်းကုန်စင်ကို အမှန်အတိုင်း
ပြောပြ၍လည်းမဖြစ်၊ ပြေရာပြေကြောင်းညှိနှိုင်းပေး
လည်းမရနှင့် အကြပ်ရိုက်နေရသည်။
" ဒီလိုဆိုတော့လည်း ကိုမြင့်ဇော်သဘောပါပဲ ... ကျွန်မ
ကိုခွင့်ပြုပါအုံး "
ကိုမြင့်ဇော်က ရွှေစင်အေး အမြန်ပြန်ရန်သာ ဆန္ဒရှိနေ
သည်။ ရွှေစင်အေးကလည်း ပြန်ရန်ထရပ်လိုက်ပြီးမှ
" ဂူဂူးလေးက မဉ္ဇူအေးဆိုတာ သိတယ်မလား "
" ဘာဗျ ... "
" ညီမလေးဆုံးပြီး ကျွန်မတို့အမျိုးဆီမဝင်စားဘဲ ဘာ
လို့များ ဒါလီနွယ်ဆီ ဝင်စားရတာလဲ ... နောက်ပြီးတော့
ကိုမြင့်ဇော်မှတ်မိမလားမသိဘူး ... ညီမလေးကအပေး
အယူလာလုပ်တယ်ဆိုတာလေ ... "
" ဒါတွေက ထင်ယောင်ထင်မှားတွေပါ မရွှေစင်အေး ...
လူဝင်စားဆိုတာလည်း မရှိဘူး ... ကျွန်တော့်သမီးက
မဉ္ဇူအေးမဟုတ်ဘူး ... ထင်ရာမြင်ရာလျှောက်မပြော
တာပိုကောင်းမယ် "
" ရှင်ဒီလောက်ကန့်လန့်တိုက်နေမှတော့ ကျွန်မ မနေနိုင်
တော့ဘူး ... ပြောလိုက်မှပဲရင်ထဲပေါ့သွားတော့မယ် "
ရွှေစင်အေးကပြန်ထိုင်ကာ ရေကူးကန်ကိစ္စကိုချန်လှပ်
ပြီး အလုံးစုံကို ဖွင့်ချလိုက်လေတော့သည်။
" ရှင်မယုံရင် ဒါလီနွယ်အမေကိုမေးကြည့်လိုက် ... "
ကိုမြင့်ဇော်မှာ သူ့နားကိုသူမယုံသလိုဖြစ်နေသည်။
" ဒါဆို အဲ့ကောင်က ခြိမ်းခြောက်တာလား "
" အမှန်ပေါ့ရှင် ... ဂူဂူးလေးကိုသတ်မယ်ခြိမ်းခြောက်
လို့ ဒါလီနွယ်လည်း ကြံမိကြံရာ လုပ်လိုက်ရတာပဲ ...
ယုံတာမယုံတာ ကိုမြင့်ဇော်အပိုင်း ... ကျွန်မဘက်က
သိသလောက်ပြောပြီးပြီမလို့ တော်ပြီ ... ဒါလီနွယ်နဲ့
ပြန်ပေါင်းတာမပေါင်းတာ ရှင့်ဘာသာဆုံးဖြတ်တော့
ကျွန်မသွားပြီ "
ကိုမြင့်ဇော်သည် မယုံနိုင်စွာဖြင့် ခေါင်းကိုခါရမ်း၍သာ
နေလေတော့သည်။
နောက်တနေ့တွင် ဟိန်းထက်၏နောက်ကြောင်းများ ပြန်
လည်စုံစမ်းကြည့်သည့်အခါ ဒါလီနွယ်နှင့်ပတ်သက်ဖူး
သော သတင်းအစအနများရရှိသွားသည်။
" ငါခွင့်လွှတ်ရမှာလား ... နာကျည်းရမှာလားတောင်
မသိတော့ဘူး ... ဘယ်လိုကံကြမ္မာဆိုးကြီးလဲကွာ "
စိတ်ပျက်လက်ပျက်နှင့် သူတို့ မင်္ဂလာဆောင်ခဲ့စဉ်က
ဓါတ်ပုံများကို ပြန်ရှာဖွေရင်း ကြည့်ကြည့်လိုက်သည်။
သူကသာ ဒါလီနွယ်ကို သဘောကျပြီး လက်ထပ်ခဲ့
သည်။ ဒါလီနွယ်မှာမူ အသက်မပါလှသောအပြုံးနှင့်
သတို့သမီးဝတ်စုံကို ဝတ်ဆင်ထား၏။
" သမီးလေးကို သတိရလိုက်တာ "
သူနှင့်ရုပ်ချင်းဆင်လှသော ဂူဂူးလေး၏ပုံရိပ်များက
ပြန်လည်လွှမ်းမိုးလာပြန်သည်။
" ငါစိတ်မလျော့ရင် ငါ့သမီးလေး စိတ်ဒဏ်ရာရသွား
လိမ့်မယ် ... ငါဘာလုပ်ရမလဲ "
နေ့နေ့ညညထိုသို့တွေးမိလာသည့်အခါ ဦးနှောက်က လက်
မခံနိုင်လာတော့ချေ။ ထို့ကြောင့် ဒါလီနွယ်၏လိပ်စာကို
တောင်းပြီး လိုက်သွားကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
လမ်းကိုသတိကြီးစွာထားမောင်းရင်း ယခုအခါမှ ဒါလီ
နွယ်ထံအမြန်ဆုံးရောက်ချင်လာသည်။ သမီးလေးကို
လည်း လွမ်းလှပြီ။
ပြန်လည်ဆုံတွေ့ပါမူ သမီးလေးကို ထွေးပွေ့ရင်း
အကြာကြီးဖက်ထားမည်ဟု ကြိုတွေးထားသည်။
ဒါလီနွယ်ကိုမူ နောက်ထပ်အခွင့်အရေးထပ်ပေးကာ
စောင့်ကြည့်အုံးမည်။ နားလည်ခွင့်လွှတ်နိုင်ပြီဆိုသည့်
အချိန်ရောက်မှ ဒါလီနွယ်ကို ထွေးပွေ့ထားနိုင်ပေမည်။
ပြီးနောက် မည်သူနှင့်မှ အပေးအယူ မလုပ်ရဟူသော
စည်းကမ်းချက်ကိုပါထုတ်ရမည်ဟု တွေးထားသည်။
မကြာမီမှာပင် ဒါလီနွယ်နှင့် ဂူဂူးလေးရှိရာ မြို့လေးသို့
ဆိုက်ရောက်ပေတော့မည်။
ကိုမြင့်ဇော်၏ရင်ထဲ လှိုက်ဖိုကာ ဝမ်းသာဝမ်းနည်း
ဖြစ်ပေါ်နေရင်း ယခုပင် အမြန် ဆိုက်ရောက်လိုက်
ချင်သည်ဟု တွေးနေတော့လေတည်း။
ပြီးပါပြီ။
သော်တာလမင်းစန္ဒာ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory