
‘နိဒါန်း’
……...
ဗုဒ္ဓဘာသာအယူအဆအရ သေလွန်ပြီးနောက် မကောင်းမှု အကုသိုလ်များသောသူများသည် ငရဲပြည်သို့ သွားကြရသည်။ ၃၁ ဘုံတွင် ငရဲကြီး ရှစ်ထပ်ရှိသည်။ အပြစ်ဒဏ်အကြီးဆုံးသူများက ငရဲကြီးရှစ်ထပ်၏ အောက်ဆုံး အ၀ီစိ ငရဲသို့ သွားကြရသည်။ ငရဲကြီး ရှစ်ထပ်ကို ပါဠိလို နာမည်များပေးထားရာ -
၁။
သဉ္ဇိုင်း ငရဲ
၂။
ကာဠသုတ် ငရဲ
၃။
သင်္ဃာတ ငရဲ
၄။
ရောရုဝ ငရဲ
၅။
မဟာရောရုဝ ငရဲ
၆။
တာပန ငရဲ
၇။
မဟာတာပန ငရဲ
၈။
အဝီစိ ငရဲ
ဟူ၍ ဖြစ်လေသည်။ ကျွန်တော် ယခု ရေးသားဖော်ပြမည့် ဇာတ်လမ်းသည် အဆိုပါ ငရဲကြီးရှစ်ထပ်တွင် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဆိုလျှင် အချို့သော သူများက ကျွန်တော့်အား မေးခွန်းထုတ်ကြပေလိမ့်မည်။ စာရေးသူ အနေနှင့် ငရဲပြည်ကို ရောက်ဖူးပါသလား ဟူ၍။
အမှန်တော့ ကျွန်တော်တို့ အားလုံးသည် သံသရာစက်၀ိုင်းကြီး၏ တထောင့်တနေရာတွင် ငရဲပြည်သို့ ရောက်ဖူးကြသည်ချည်းပင်။ သို့သော် ပဠိသန္ဓေစိတ်ဖြစ်ပြီး ယခုဘ၀တွင် လာရောက်ဖြစ်တည်ပြီးသည်နောက် ရှေးဘ၀မှ စိတ်များကို မေ့ပျောက်သွားကြသည့် အားလျော်စွာ ငရဲပြည်သို့ ရောက်ခဲ့ဖူးသည့် အဖြစ်များကို မမှတ်မိကြတော့ခြင်းဖြစ်သည်။
သို့သော် တခါတရံတွင် ခြွင်းချက်ဟူသည်ကား နေရာတိုင်းတွင် ရှိလေသည်။ ရှေးဘ၀က ငရဲပြည်သို့ ရောက်ခဲ့ဖူးသည်ကို မှတ်မိသော သူတစ်ဦးနှင့် ကျွန်တော် တွေ့ဖူးခဲ့သည်။ သူသည် အတိတ်ဘ၀များကို မှတ်မိနေသည်။ သူကား အခြားသူမဟုတ်။ ကျွန်တော့် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သော ဇော်သီဟပင်။ (ဤနေရာတွင် သူငယ်ချင်း၏ ကိုယ်ရေးကိုယ်တာကို ငဲ့ပြီး နာမည်ကို ပြောင်းပေးထားပါသည်။)
ဇော်သီဟ၏ မိဘများသည် ဘာသာရေး၊ ကိုးကွယ်မှု၊ အတိတ်နိမိတ်များနှင့် ပတ်သက်ပြီး အလွန်အယူသည်းလွန်းသူများဖြစ်ကြသည်။ အကယ်၍ အသင်သည် မိရိုးဖလာ ဗုဒ္ဓဘာသာ၊ သို့မဟုတ် မြန်မာ့ ရိုးရာ ယုံကြည်မှုများနှင့် မစိမ်းသောသူတစ်ဦးဆိုပါလျှင် ယခုကျွန်တော် ပြောမည့် အစွဲကို သိပြီးသား ဖြစ်နှင့်ပေလိမ့်မည်။ မြန်မာလူမျိုးများတွင် အယူအစွဲရှိတတ်ကြသည်မှာ မွေးကင်းစကလေးကို ကြက်ဥ ဘဲဥ မကျွေးပါလျှင် ထိုကလေးသည် အတိတ်ဘ၀ကို မှတ်မိနိုင်လိမ့်မည် ဟူ၍ပင်။
ဆရာ၀န်တစ်ဦးဖြစ်သော ကျွန်တော်သည် ထိုအယူကို မယုံကြည်ပါ။ ကြက်ဥ ဘဲဥ စသည့် ဥများသည် အာဟာရ အလွန်ကောင်းမွန်ပြီး ချက်ရပြုတ်ရ အင်မတန်လွယ်ကူသည်။ စျေးလည်း သက်သာသည်။ မျိုးစုံလည်း ချက်လို့ရသည်။ မကြက်တကြက် ပြုတ်မလား။ ဟတ်ဖရိုက်ကြော်မလား။ ခရမ်းချဥ်သီးနှင့် ဘဲဥ ချဥ်ရည်ဟင်းချက်မလား။ အလွန်ပင် အဆင်ပြေလှသည်။ ထို့ကြောင့်လည်း လူဖြစ်၍ ကြီးပြင်းလာသော ကလေးတိုင်းလိုလို မည်သူမျှ ကြက်ဥ ဘဲဥ မစားဖူးသူဟူ၍ မရှိချေ။
သို့သော် ဇော်သီဟ၏ မိဘများမှာမူ ထိုသို့မဟုတ်။ သူတို့သည် အထူးအယူသည်းသူများဖြစ်ခဲ့ကြသည်။ ထိုလင်မယားနှစ်ယောက်သည် သူတို့၏ သားဦး ဇော်သီဟအား အတိတ်ဘ၀ကို အမှတ်ရစေချင်သည်။ ထို့ကြောင့်လည်း ဇော်သီဟ မွေးကတည်းမှသည် ယခုအချိန်အထိ ဥ ဆိုလျှင် အနံ့ပင် မရစေပဲ ရှောင်ကြဥ်စေခဲ့သည်။ မည်မျှပင် ခက်ခဲစေကာမူ ကြက်ဥ ဘဲဥ အစား အခြားသော အာဟာရရှိသည့် အစားအစာများကို သာ တင်းကြပ်စွာ အစားထိုး ကျွေးမွေးခဲ့လေသည်။
ကျွန်တော်သည် သိပ္ပံပညာကို လိုက်စားသော ခေတ်ပညာတတ်တစ်ဦးဖြစ်သဖြင့် ဇော်သီဟ၏ အတိတ်ကို အမှတ်ရခြင်းသည် ကြက်ဥ ဘဲဥ မစားသောကြောင့်လော၊ သို့မဟုတ် သူ့အလိုလို အတိတ်ကို မှတ်မိနိုင်စွမ်း အလိုအလျောက် ပါလာခြင်းပင်လော၊ အတတ်မပြောနိုင်ခဲ့။ အတိတ်ကို မှတ်မိနိုင်မည့်လူကိုမှ ကြက်ဥ ဘဲဥ မကျွေးသည့် တိုက်ဆိုင်မှုလည်း ဖြစ်နိုင်ပါသည်။ ထို့ပြင် ကျွန်တော်သည် ဤဇာတ်လမ်းကို မစမီ၌ မိဘများကို အထူးသတိပေးလိုသည်မှာ သင်တို့သည် သင်တို့၏ ရင်သွေးငယ်များကို အတိတ်ဘ၀အား မှတ်မိစေလိုသဖြင့် ကြက်ဥ ဘဲဥ ရှောင်ကြမည်ဟု ယခု စဥ်းစားနေပါလျှင် - ယခု လိုတရ၌ အပိုင်းဆက်ရေးသားမည့် ကျွန်တော်၏ ပြာပူဇာတ်လမ်းကို ဆုံးခန်းတိုင်အောင် ဖတ်ရှုစေချင်သည်။ အဆုံးထိတိုင်အောင် ဖတ်ပြီးမှ အတိတ်ဘ၀ကို အမှတ်ရခြင်းသည် လိုလားအပ်သောအရာဖြစ်ပါသလော ဆိုသည်ကို သင်တို့ကိုယ်တိုင် ဆုံးဖြတ်ကြပါလေ။
…………………………………
‘ဇော်သီဟ၏ အတိတ်ဘ၀’
…………………………..
ထိုနေ့က ကျွန်တော်သည် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် စာမေးပွဲအတွက် ညဉ့်နက်သည်အထိ စာကျက်နေချိန်ဖြစ်သည်။ ကျွန်တော် နေသော လှည်းတန်းမှ အဆောင်သည် ညသန်းခေါင်ကျော်လျှင် မီးပိတ်တတ်သဖြင့် အားသွင်းထားသော မီးအိမ်နှင့် စာကျက်နေရသည်။ ထိုအချိန်တွင် အဆောင်သို့ ဇော်သီဟ ရောက်ရှိလာလေသည်။ ကျွန်တော်သည် ထိုအဆောင်တွင် စည်းကမ်းရှိသူဖြစ်သဖြင့် အဆောင်မှူးက သဘောကျသည်ဖြစ်ရာ ညနက်သန်းခေါင် ဧည့်သည်လာသော်လည်း မငြိုငြင်ပဲ ဇော်သီဟအား ထွက်တွေ့စေခဲ့သည်။
‘ဟေ့ကောင် ချမ်းသာ မင်း အားလား’
ကျွန်တော်သည် ငယ်သူငယ်ချင်းကို အရူးတစ်ယောက်လို ထူးဆန်းစွာ ကြည့်လိုက်သည်။
‘ဇော်ကြီး။ နာရီလည်း ကြည့်ဦးလေကွာ။ ဒီအချိန် အားရင် အိပ်နေမှာပေါ့ကွ။ ဒီလို အချိန်ကြီးမှာ အားသလားလို့ မေးစရာလား’
သူသည် ထုံးစံအတိုင်း ကျွန်တော့်ကို ပေစောင်းစောင်းနှင့် ပြန်ကြည့်လိုက်ပြီး -
‘မင်းမအိပ်လို့ နိုးနေတယ်လေကွာ။ စကားကို ကပ်ပြောမနေစမ်းပါနဲ့။ မင်းအားလား မအားဘူးလား။ ဒါပဲဖြေ’
‘စာကျက်နေတယ်ကွ။ စာမေးပွဲနီးပြီ’
‘မင်းစာမေးပွဲတွေကလည်းကွာ။ ပြီး မပြီးနိုင်ဘူး’
‘ဟ – ဆေးကျောင်းကွ။ မင်းအမေလင်ကျောင်းမဟုတ်ဘူး။ ဒါပေမဲ့ ဒီစာမေးပွဲကတော့ နောက်ဆုံးဖိုင်နယ်ပဲ။ ဒါပြီးရင် မရှိတော့ဘူး’
‘ဒါပြီးလည်း မင်းတို့က ဘွဲ့လွန်တွေ ဘာတွေ ရှိသေးတယ်မဟုတ်လား’
‘ကဲကွာ ဇော်ကြီး။ မင်းငါ့ကို စိတ်ဓာတ်ကျအောင် လုပ်မနေနဲ့။ ဒီအချိန်ကြီး ဘာလာလုပ်တာလဲပဲ ပြောစမ်းပါ’
ဇော်သီဟသည် ကျွန်တော့်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်တွင်းများသည် ခါတိုင်းထက် နက်ရှိုင်း ဟောက်ပက်နေပြီး အိပ်ရေးပျက်ထားပုံရလေသည်။ သူသည် သူ့မိခင်၏ ရွှေဆိုင်ကို ဦးစီးလုပ်နေသည်ဟု သိရပြီး ပိုက်ဆံချမ်းသာသူတစ်ဦးဖြစ်သည်။ သို့သော်သူသည် မိဘများနှင့် မတူသည်မှာ ဘာသာရေး အယူအဆများတွင် ပွင့်လင်းလွတ်လပ်လွန်းခြင်းပင်။
‘ငါမင်းကို ပြောစရာရှိတယ်’
‘ဟေ...’
ကျွန်တော်နှင့် ဇော်သီဟတို့သည် အခင်ဆုံး သူငယ်ချင်းများဖြစ်သော်လည်း ယောကျ်ားလေး သူငယ်ချင်းများထုံးစံအတိုင်း အချင်းချင်း ရင်ဖွင့်လေ့ မရှိကြပေ။ ယောကျ်ားလေးများသည် မည်မျှခင်သော သူငယ်ချင်း ဖြစ်ပစေ၊ ကိုယ့်ရင်တွင်းခံစားချက်များကို ထုတ်ဖော် ဝေမျှ ခံစားဖို့ကို အင်မတန် ရှက်တတ် ကြောက်တတ်ကြသည်။ သူငယ်ချင်းရှေ့တွင် ငိုရမည်၊ ဖက်လှဲတကင်းလုပ်ရမည်ကို သေမတတ်ကြောက်တတ်ကြသော အကျင့်က ယောကျ်ားလေး တော်တော်များများတွင် ရှိလေသည်။ ထို့ကြောင့်လည်း ယခု ဇော်သီဟက ရင်ဖွင့်မည်ဟု ကျွန်တော် ထင်လိုက်သောအခါ စိတ်ထဲတွင် ကြောက်လန့်သွားမိခြင်းဖြစ်သည်။
ကျွန်တော်သည် သူငယ်ချင်းဖြစ်သူ၏ ရင်ဖွင့်စကားကို မကြားလိုဟု တားမြစ်ရန် ပြင်လိုက်စဥ်မှာပင် သူက ဆက်ပြောသဖြင့် နောက်ကျသွားခဲ့သည်။
‘ချမ်းသာ။ ငါ မင်းကို ငါ့ရဲ့ အတိတ်ဘ၀အကြောင်း ပြောပြချင်တယ်ကွာ’
‘ဟင်...’
ကျွန်တော်၏ တုံ့ပြန်မှုများသည် ‘ဟေ’ မှ ‘ဟင်’ ဟုသာ ပြောင်းလဲသွားပြီး ဘာပြန်ပြောရမည် မသိချေ။ စိတ်ထဲတွင်တော့ ဇော်သီဟကို မြန်မြန် ပြန်သွားစေချင်နေခဲ့လေသည်။ ယခုအခါ သူသည် ကျွန်တော့်အခင်ဆုံး သူငယ်ချင်းအဖြစ်မှ ကျွန်တော့်ကို ရင်ဖွင့်ဖူးသော သူတစ်ယောက်ဖြစ်ပေတော့မည်။ ကျွန်တော်သည် ရင်ဖွင့်ခြင်း၊ ငိုကြွေးခြင်း၊ ဖက်လှဲတကင်း နှစ်သိမ့်ခြင်းများနှင့် ပတ်သက်လျှင် အင်မတန်ရှော်သူတစ်ဦးဖြစ်သည်။ သို့သော် ထိုစဥ်က ကျွန်တော် မသိခဲ့သည်မှာ ဇော်ကြီး ကျွန်တော့်အား ပြောပြမည့် အကြောင်းအရာများသည် ကျွန်တော့်ဘ၀တွင် ကြားဖူးသမျှ စိတ်၀င်စားစရာ အကောင်းဆုံး အကြောင်းအရာများ ဖြစ်လိမ့်မည် ဆိုခြင်းပင်။
‘လာကွာ။ မိုးအလင်း ဆိုင်တစ်ဆိုင် သွားထိုင်ရအောင်’
ကျွန်တော်တို့ နှစ်ဦးသည် ငိုက်စိုက် ငိုက်စိုက်နှင့် လှည်းတန်းမီးပွိုင့်နားမှ မိုးအလင်းဖွင့်သော လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်တွင် ထိုင်လိုက်ကြသည်။ ဇော်ကြီးက လက်ဘက်ရည် ကျဆိမ့်နှစ်ခွက်မှာသည်။ ကျွန်တော်က လက်ဘက်သုပ်တစ်ပွဲမှာလိုက်သည်။ ကျွန်တော်တို့ နှစ်ယောက်လုံး ဆေးလိပ်မသောက်တတ်ကြသော်လည်း ထိုအချိန်တွင် ကျွန်တော်သည် စီးကရက်တစ်လိပ်ကို ဖွာချင်နေမိသည်။ ကျွန်တော်၏ အိုးတိုးအမ်းတမ်း အမူအရာကို သက်သာလို သက်သာငြား ကြိုးစားလိုခြင်းပင်။ ဇော်သီဟက စကားဆက်သည်။
‘ငါ့ အတိတ်ဘ၀ဆိုတော့ မင်းက အံ့သြနေမယ်။ ငါတို့က အသက် အစိတ်တောင် မပြည့်သေးဘူး။ မင်းနဲ့ ငါကလည်း ငယ်ငယ် သူငယ်တန်းကတည်းက ခင်လာတာဆိုတော့။ ငါနဲ့ ပတ်သက်ပြီး ဒီဘ၀မှာ မင်း မသိတာဆိုလို့ မရှိသလောက်ပဲ’
‘ဟင်.. ဒီဘ၀ ဟုတ်လား’
ကျွန်တော့် တုံ့ပြန်မှု နည်းနည်း တိုးတက်လာသည်။
‘အေး ဟုတ်တယ်။ ဒီဘ၀။ ဒါပေမဲ့ ငါပြောချင်တာက ဒီဘ၀မတိုင်ခင် ဟိုးရှေးဘ၀အကြောင်းပဲ ချမ်းသာ’
ပြည်လမ်းမကြီးပေါ်တွင် ကားများက အရှိန်နှင့် ၀ူးကနဲ ၀ူးကနဲ ဖြတ်မောင်းသွားကြသည်။ ကောင်လေးတစ်ယောက်က လက်ဘက်ရည်နှစ်ခွက်နှင့် လက်ဘက်သုတ်လာချပေးသည်။ ကျွန်တော်သည် ဇော်သီဟကို အရူးတစ်ယောက်ပမာ ကြောင်ကြည့်နေသည်။
‘မင်း စိတ်မှ ကောင်းသေးရဲ့လား။ စီးပွားရေး အဆင်ပြေလား။ မင်း အမေနဲ့ရော...’
‘အားလုံး အဆင်ပြေတယ်။ အင်း… အဆင်မပြေတာကတော့ တခုပဲ။ အဲဒါက ကြာပါပြီ။ အဲဒီအကြောင်းပဲ ငါပြောချင်တာ။ တိုတိုပဲ ပြောမယ်ကွာ။ ငါ့ဆီမှာ အတိတ်ဘ၀ကို မှတ်မိနိုင်တဲ့ အစွမ်းရှိတယ်’
ကျွန်တော် စကားမပြန်နိုင်ခဲ့။ ဒီကောင် ငါ့ကို အရူးလုပ်နေတာလား။ ဇော်ကြီးသည် ထိုသို့ လုပ်တတ်သူမျိုးမဟုတ်။
‘ဒါကို ငါ့မိဘတွေသိတယ်။ သူတို့က ငါ့ကို မှတ်မိစေချင်တာ။ ငါမွေးကတည်းက ကြက်ဥ ဘဲဥ မကျွေးခဲ့တာ’
‘ဟင်။ ငါက မင်း ဥတွေနဲ့ ဓာတ်မတည့်ဘူးထင်လို့’
‘သူတို့က ငါ့ကို အဲလို လိမ်ထားတာလေ’
‘ဟာ ဒါဆို မင်း ကြက်ဥ ဘဲဥ စားလို့ရတာပေါ့’
‘အေး ရတယ်။ ဒါလည်း ငါ သိတာ မကြာသေးဘူး’
‘ဟာကွာ။ ဒါမှန်းသိရင် ငါ ဆေးဘဲဥသုတ်မှာလိုက်ပါတယ်။’ ကျွန်တော် ရှေ့တွင် ချထားသော လက်ဘက်သုတ်ပန်းကန်ကို ကြည့်ရင်းပြောလိုက်သည်။
‘ဟေ့ကောင်။ အဲဒါက အရေးမကြီးဘူး။ ငါပြောချင်တာက တခြား’
‘အော် အေးအေး။ ဆောရီး။ ဆက်ပြောကွာ။ မင်းအတိတ်ဘ၀က ဘာလဲ။ ဘာတွေဖြစ်ခဲ့လို့လဲ’
‘အဲဒါကိုပဲ ငါပြောချင်တာ။ ဒီအတိတ်ဘ၀အကြောင်းက ငါ့ကို အိပ်မက်ဆိုးလို ခြောက်လှန့်နေတာ ကြာပြီ။ ဒီညတော့ ငါ သည်းမခံနိုင်တော့ဘူး။ တစ်ယောက်ယောက်ကို ပြောပြမှဖြစ်မယ်ဆိုပြီး မင်းဆီကို လာခဲ့တာပဲ’
‘မင်း မိဘတွေကိုမပြောဘူးလား’
ကျွန်တော် ရှောင်လို့ ရလိုရငြားမေးမိသည်။ သို့သော် မအောင်မြင်ခဲ့။
‘ငါ့ အမေနဲ့ အဖေက မင်းသိတဲ့အတိုင်းပဲ။ ငါဘာပဲ ပြောပြော အတိတ်ကောက်ဖို့၊ ယတြာချေဖို့။ ထီထိုး ချဲထိုးဖို့ပဲ စိတ်ထဲရှိတာ။ ငါ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဂရုစိုက်ကြတာမဟုတ်ဘူး’
သူငယ်ချင်းက ထိုသို့ပြောလျှင် ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ မထူးတော့။ သူ ရင်ဖွင့်လိုလည်း ဖွင့်ပါစေတော့။
‘အေး ပြောကွာ။ ငါနားထောင်မယ်’
ဟု ပြောလိုက်လျှင် ဇော်သီဟသည် အလွန်တရာ စိတ်၀င်စားဖွယ်၊ ခြောက်ခြားဖွယ်၊ ၀မ်းနည်း ကြေကွဲဖွယ်ကောင်းလှသော သူ၏ အတိတ်ဘ၀ဇာတ်ကြောင်းကြီးကို ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့် ပြည်လမ်းဘေးရှိ မိုးအလင်း လက်ဘက်ရည်ဆိုင်လေးတစ်ဆိုင်တွင် ကျွန်တော့်အား အစအဆုံး ပြောပြခဲ့လေသည်။
………………………………………………
‘ငရဲထိန်း ရောရု၀’
…………………
ရောရု၀ အိပ်စက်နေရာမှ နိုးထလာသည်။ သူ၏ ဧရာမ ကြွက်သားအပြိုင်းပြိုင်းနှင့် ခန္ဓာကိုယ်ကြီးကို ကျောက်သားအိပ်စင်ပေါ်မှ လှိမ့်ချလိုက်၏။ သူ့ဦးခေါင်းပေါ်တွင် ချိုကြီးနှစ်ချောင်းသည် ကားရားကြီး ငေါထွက်ကာ ပေါက်နေသည်။ သူ့ တင်ပါးဆုံရိုးဆီမှ ရှည်ထွက်သွားသော အမြီးကြီးသည် သန်မာစွာ ကြမ်းပေါ်တွင် ထောက်လျက်ရှိ၏။ အမြီးကြီး၏ ထိပ်ဖျားတွင် မြားတံလို ချွန်မြသော အဖျားရှိနေသည်။ ရောရု၀သည် နံဘေးတွင် ချိတ်ထားသော နံငယ်ပိုင်းကို ဆွဲကာ ခါးတွင် ပတ်လိုက်သည်။ သူသည် ဘယ်သောအခါမှ နံငယ်ပိုင်း ၀တ်အိတ်လေ့မရှိ။ အ၀တ်မပါ ကိုယ်ဗလာနှင့်သာ အိပ်တတ်သည်။ သူ ယခု တာ၀န်ကျသော ငရဲပြည်သည် သူ့နာမည်နှင့် ဆင်တူသော မဟာရောရု၀ ငရဲဖြစ်သည်။ တကယ်တော့ သူ စတုမဟာရာဇ်နတ်ပြည်တွင် နတ်ဘီလူးအဖြစ် ပဠိသန္ဓေတည်ပြီး တည်ရှိလာကတည်းက သိကြားမင်း ဦးမာဃက ထိုနာမည်ကို ပေးခဲ့ခြင်းဖြစ်သည်။
သူသည် စတုမဟာရာဇ်နတ်ပြည်ကြီးရှိ နတ်ပလ္လင်ကြီးတစ်လုံး၏ ရှေ့တွင် နတ်ဘီလူးကြီးတစ်ကောင် အဖြစ် ဟုန်းကနဲ ပေါ်လာခဲ့သည်။ သူပေါ်လာသည်နှင့် သူ့အသွင် လက္ခဏာကြီးကို ကြည့်ပြီး ဘေးမှ ချောမောလှပလှသော နတ်သားနတ်သမီးများသည် အော်ဟစ်ကာ ရှောင်ကြဥ်ထွက်ပြေးကြလေသည်။ နတ်သားနတ်သမီးများ၏ အော်သံကြောင့် သိကြားမင်းကြီး ဦးမာဃသည် သူ့ရှေ့သို့ ချက်ချင်း ကိုယ်ထင်ပြလာခဲ့သည်။
‘အမောင် နတ်သား။ စတုမဟာရာဇ် နတ်ပြည်မှ ကြိုဆိုကြောင်းပါ’
နတ်ဘီလူးကြီးသည် နီမြန်းသော အရေပြားရှိသည့် သူ့ကိုယ်လုံးကြီးကိုတလှည့် နံဘေးမှ နတ်သားများကို တလှည့်ကြည့်နေမိသည်။ .. သူ နေရာမှားပြီး ရောက်လာပြီဟု မုချ သိလိုက်လေသည်။ သူ့စိတ်ကို ဖတ်နိုင်သော သိကြားမင်းကြီးက -
‘အမောင် နတ်သား။ အသင် နေရာမှားပြီး ရောက်လာတာ မဟုတ်ပေဘူး။ အသင့်ရဲ့ အတိတ်ဘ၀က ကုသိုလ်ကံကြောင့် နတ်ပြည်မှာ နတ်သားဖြစ်လာပေမဲ့ သင့်ရဲ့ ကုသိုလ်ဟာ မသန့်စင်တဲ့ စိတ်နဲ့ လှူတာ ဖြစ်တဲ့အတွက် ဒီလို ရုပ်သွင်နဲ့ နတ်ဘီလူး လာဖြစ်ရတာဖြစ်ပေတယ်’
‘မှန်လှပါဘုရား။ သို့သော်လည်း ကျွန်တော်မျိုး ဒီမှာ နေလို့ အဆင်ပြေမယ် မထင်ကြောင်းပါဘုရာ့’
‘အိမ်း။ ငါကိုယ်တော် ဒါကို ရိပ်မိပေတယ်။ အသင့်လို နတ်ဘီလူးတွေအတွက် အစီအစဥ် ရှိပါတယ်။ လောလောဆယ်တော့ မဟာရောရု၀ ငရဲမှာ ငရဲထိန်းလိုအပ်နေတယ်။ အဲဒီမှာ အသင် တာ၀န်သွားထမ်းဆောင်ဖို့ ဆန္ဒရှိသလား’
သူ ရွေးချယ်စရာမရှိမှန်းသိလိုက်သည်။ ဤနတ်ပြည်တွင် ကြောက်စရာ ရွံစရာကြီးအဖြစ် ဆက်နေရမည့်အစား ငရဲပြည်တွင် ငရဲထိန်းသွားလုပ်ရသည်ကမှ တော်ပေဦးမည်။
‘သင့်တော်ကြောင်းပါဘုရား’
‘ကောင်းလေစွ အမောင် နတ်ဘီလူး။ အသင့်ကို ငါကိုယ်တော် ‘ရောရု၀’ လို့ အမည်ပေးလိုက်မယ်။ ကဲ ရောရု၀ – ငရဲရောက်ရင် အရင်ဆုံး ယမမင်းကြီးဆီမှာ သတင်းပို့ပါ။ သူက အသင့်ကို နေရာချထားပေးလိမ့်မယ်။ အသင် အဆင်မပြေတာရှိရင် ငါကိုယ်တော်ကို တိုက်ရိုက် အကြောင်းကြားနိုင်ပါတယ်။ စိတ်ထဲမှာ တိုင်တည်လိုက်ရုံပဲ အမောင်နတ်ဘီလူး’
……………….
ရောရု၀သည် နံငယ်ပိုင်းကို ပတ်လိုက်သည်။ သားရေပြား ၀တ်စုံကို ကိုယ်ပေါ်တွင် ၀တ်လိုက်သည်။ ထို့နောက် သူ၏ အသွားသုံးတက်ပါသည့် မှိန်းတံကြီးကို ယူလိုက်သည်။ သူ့အသွင်ကြီးသည် မြင်ရသည့် ငရဲသားတိုင်း အသည်းအူတွေ ပြတ်ထွက်မတတ် ကြောက်လန့်သွားနိုင်သည့် ပုံကြီးပင်။ ရောရု၀ ပါးစပ်ကြီးဟပြီး သမ်းလိုက်လျှင် သူ၏ လျှာနှစ်ခွကြီးသည် ရှည်ထွက်လာပြီး အစွယ်ကြီးတွေက ဖွေးကနဲ ပေါ်လာခဲ့သည်။
သူ နေထိုင်ရာ တောင်နံရံကြီးရှိ လိုဏ်ဂူအတွင်းမှ အပြင်သို့ ထွက်လိုက်၏။ သူ့ရှေ့တွင် အလျှံငြီးငြီး မီးတောက်ကြီးတွေနှင့် တောက်လောင်နေသော မဟာရောရု၀ငရဲပြည်ကြီးက ကြိုဆိုလေသည်။ သူ့လိုဏ်ဂူသည် တောင် အလယ်ပိုင်းတွင်ရှိရာ ငရဲပြည်ကြီးကို အပေါ်စီးလောက်နီးနီးမှ စီးပြီး ကြည့်နေရသလိုဖြစ်နေသည်။
အပြန့်ကျယ်သော ငရဲပြည်လွင်ပြင်ကြီး၏ ဘေးပတ်ပတ်လည်တွင် တောင်နံရံကြီးများက မတ်စောက်စွာ ပိတ်ရံထားသည်။ ဟိုးအောက်ဘက် မြေပြန့်ပိုင်းတွင် ကုဠေပေါင်းများစွာသော ငရဲသားများသည် အော်ဟစ်ငိုကြွေးနေကြ၏။ မီးခိုး မီးတောက်များသည် ငရဲသားများ၏ ခန္ဓာကိုယ် ဒွါရပေါက်များထဲမှ ၀င်ကာ သူတို့၏ တစ်ကိုယ်လုံးကို မီးမြှိုက်ပစ်လိုက်ကြသည်။ ငရဲသားများသည် အရှင်လတ်လတ် မီးအကင် ခံရသဖြင့် တကိုယ်လုံး အသားတွေ ကျက်ပြီး တိရစ္ဆာန်တွေလို အော်ဟစ်နေကြလေသည်။ ရောရု၀ နေထိုင်ရာ လိုဏ်ဂူမှဆိုလျှင်တော့ ထိုအော်သံတွေကို သဲ့သဲ့သာ ကြားရသည်။ တောင်ခြေနားတွင်ဆိုလျှင်တော့ ရောရု၀ အိပ်ပျော်မည်မဟုတ်။ သို့သော် ထိုသို့ ငရဲသားများ အော်သံကို ကြားမှ အိပ်ပျော်သော နတ်ဘီလူးများလည်းရှိသည်။ သူတို့က တောင်ခြေမှ လိုဏ်ဂူများကို တမင်ပင် ရွေးချယ်ယူကြလေသည်။
ရောရု၀ ငရဲပြည်ကြီး၏ ကောင်းကင်တွင် ထွက်နေသော နေလုံးကြီးများကို မော့ကြည့်လိုက်သည်။ မရေမတွက်နိုင်သော နေလုံးကြီးများက ကောင်းကင်တွင် ပတ်နေကြသည်။ ထို့ကြောင့်လည်း မဟာရောရု၀ ငရဲသည် အင်မတန် ပူပြင်းလှခြင်းပင်။ သူ့ တာ၀န်ချိန်တော့ မရောက်သေး။ သူ တောင်နံရံကို သန်မာသော လက်ချောင်းကြီးများနှင့် တွဲခိုကာ ဆင်းသွားခဲ့သည်။
‘ဟေ့ ရောရု၀ စောလှချည်လား ဘယ်သွားမလို့လဲ’
သူ့နောက်မှ အသံကြီးတစ်သံကို ကြားသဖြင့် ရောရု၀ လှည့်ကြည့်လိုက်သည်။ အခြားသူမဟုတ်။ တောင်ခြေတွင် နေထိုင်သော ငရဲထိန်း ပုတိက။ သူတွေ့ဖူးသမျှ ငရဲထိန်းများထဲတွင် အကြမ်းကြုတ်ဆုံး နတ်ဘီလူးတစ်ကောင်။ ပုတိကသည် ရောရု၀လောက် အကောင်မထွားသော်လည်း သူ့မျက်နှာကြီးက အံ့သြစရာကောင်းလောက်အောင် ရုပ်ဆိုးလှသည်။ မျက်နှာကြီးတစ်ခုလုံးသည် တွန့်လိမ်ရှုံ့တွပြီး အကုသိုလ်တွေ အားလုံး ပစ်ထည့်ထားသလို ကျက်သရေမင်္ဂလာတုန်းလှသည့် ရုပ်ကြီးဖြစ်သည်။
‘အေး ဟုတ်တယ်။ အလုပ်မစခင် တောင်ခြေနားမှာ နည်းနည်း ပတ်ကြည့်မလို့’
‘မင်းက အလုပ် တော်တော် ကြိုးစားတာပဲ။ ဘာလဲ ယမမင်းကြီးက သဘောကျပြီး နတ်ပြည်ပြန်ပို့တာ ခံချင်လို့လား’
ရောရု၀ ဒေါသ ထောင်းကနဲ ထွက်သွားသည်။ ပုတိကသည် သူ စိတ်ဆိုးအောင် ရွေးပြောတတ်သူဖြစ်သည်။
‘ငါက ဘာလို့ နတ်ပြည်ပြန်ချင်ရမှာလဲ’
‘ဟဲဟဲ မသိဘူးလေကွာ။ မင်းကို ကြည့်ရတာ သိပ်ပြီး သူတော်စင် ဆန်နေသလားလို့။ ငရဲထိန်းက ငရဲထိန်းလို နေစမ်းပါ ရောရု၀ရယ်’
‘ငါက အခု ဘယ်လို နေနေလို့လဲ ပုတိက’
‘မင်းက ငရဲပြည်လာပြီး နတ်ပြည်က အချိုးတွေ ချိုးနေတာကိုး။ ကဲ မင်း မှန်မှန်ဖြေ ရောရု၀။ မင်း ဒီကို ရောက်ပြီးကတည်းက မှောင်ခိုအသား ဘယ်နှခါ စားဖူးသလဲ’
ထိုအကြောင်းကို ခဏခဏ ပြောရသဖြင့် ရောရု၀ အာပေါက်နေပြီဖြစ်သည်။ မှောင်ခိုအသားဆိုသည်မှာ ငရဲသားများ၏ မီးလောင်ထားသည့် အသားများကို ငရဲထိန်းများက လှီးဖြတ်ပြီး စားကြခြင်းပင်။ ထိုအပြုအမူသည် မှားယွင်းပြီး ငရဲပြည်၌ တရားမ၀င်သော အလုပ်ဖြစ်သည်။ သို့သော် ငရဲထိန်းများသည် နတ်ဘီလူးများဖြစ်ကြသဖြင့် သူတို့ရှေ့တွင် နေ့စဥ်လိုလို မီးလောင်တိုက်သွင်းခံရပြီး အရှင်လတ်လတ် ချက်ပြုတ်ခံရသည့်နှယ်ဖြစ်နေသော ငရဲသားများနှင့် နေရသဖြင့် တော်ရုံ ငရဲထိန်းအများစုမှာ စိတ်မထိန်းနိုင်ကြချေ။ ထိုအဖြစ်ကို ယမမင်းကြီးသည် နားစွန်နားဖျားသိသော်လည်း မသိကျိုးကျွံပြုထားသည်မှာ သံသရာအစကတည်းပင် ဖြစ်သည်။ ထို့ပြင် နစ်နာရသူမှာ ငရဲသားများပင် ဖြစ်လေရာ၊ ငရဲသားများသည် သံသရာတွင် အနိမ့်ကျဆုံး ဘုံသားများဖြစ်သဖြင့် သူတို့ဘက်မှ ရပ်တည်ပေးမည့်သူ မည်သူမှ မရှိချေ။
သို့သော် ရောရု၀ကမူ တခြား ငရဲထိန်းများနှင့် မတူခဲ့။ သူသည် ငရဲထိန်း အဖြစ်ကို လေးနက်စွာ ခံယူထားသူဖြစ်သည်။ သူသည် ငရဲပြည်၏ စည်းကမ်းဥပဒေများကို အသက်နှင့်လဲပြီး စောင့်ထိန်းသူဖြစ်သည်။ ရောရု၀အတွက် ကံ ကံ၏ အကျိုးသည် အရေးအကြီးဆုံးဖြစ်သည်။
...ငါ့ ကုသိုလ်ကံ မသန့်ရှင်းလို့ ဒီဘ၀မှာ နတ်ဘီလူးလာဖြစ်ရတယ်။ ဒီနေ့ကစပြီး ငါ့ရဲ့ စိတ်ကို အမြဲတမ်း သန့်ရှင်းအောင် ထားမယ်… ဟု အမြဲတွေးတတ်သည်။
သူသည် ငရဲထိန်းတစ်ဦးဖြစ်သဖြင့် ငရဲသားများကိုတော့ ညှင်းပန်းရသည်။
သဉ္ဇိုင်း ငရဲ နှင့် ကာဠသုတ် ငရဲ တို့တွင် တာ၀န်သွားထမ်းဆောင်ရစဥ်က သူသည် ငရဲသားများကို ကွင်းပြင်ကျယ်ကြီးတွင် အပိုင်းပိုင်းဖြစ်အောင် လိုက်ခုတ်ခဲ့ရဖူးသည်။ သို့သော် သူ့စိတ်ထဲတွင် ထိုအလုပ်ကို သာယာခြင်းမရှိခဲ့။ ငရဲသားများ၏ အကုသိုလ်ကံနှင့် တထပ်တည်းကျအောင်သာ အပစ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ထိုသို့ ညှင်းပန်းခြင်းကို သာယာမိလျှင် သူ့အကုသိုလ်က ကိုယ့်အကုသိုလ်ဖြစ်ပေလိမ့်မည်။ ထိုသဘောတရားကို ပုတိက အပါအ၀င် အခြားသော ငရဲထိန်းအများစုသည် နားမလည်နိုင်ကြချေ။ သို့မဟုတ်လည်း နားမလည်လိုကြချေ။
သူတို့အားလုံးသည် နတ်ဘီလူးကြီးများဖြစ်ကြ၍ ဗီဇအလျောက် ကြမ်းတမ်းခက်ထန်လှသည်။ ဒေါသ သည် အားလုံး၏ ပင်မဖြစ်သည်။ သူတို့သည် ဒေါသဦးဆောင်ပြီး ရှင်သန်နေကြခြင်းဖြစ်သည်။ ငရဲပြည်ကြီး ဆက်လက်လည်ပတ်နေရန် ငရဲထိန်းများလိုအပ်လေရာ ထို့ကြောင့်လည်း ယမမင်းကြီးသည် အချို့သော အရာများကို မျက်ကွယ်ပြုထားခြင်း ဖြစ်တန်ရာသည်။
‘မှောင်ခိုအသားစားရမှ ငရဲထိန်း ပီသမတဲ့လား ပုတိက’
အရုပ်ဆိုးလှသော ပုတိကသည် ရောရု၀၏ စကားကို ကြားလျှင် သဘောကျစွာ ရယ်လိုက်သည်။ သူသည် လိုဏ်ဂူထဲသို့ အမြန်၀င်သွားပြီး အသားတုံးကြီးတစ်တုံးကို ကိုင်ကာ ပြန်ထွက်လာသည်။ ငရဲသားတစ်ဦး၏ ပေါင်လုံးကြီး။ မီးတွေ လောင်ထားသဖြင့် ကင်ထားသလိုဖြစ်ကာ ကျက်နေသည်။ အသားကင်နံ့က မွှေးထွက်လာသည်။ ပုတိကသည် ထို ငရဲသား၏ ပေါင်သားကို အစွယ်ကြီးတွေ အပြည့် ပါးစပ်ကြီးနှင့် မြိန်ရေရှက်ရေ ကိုက်ချလိုက်သည်။
‘အင်း… ကောင်းလိုက်တာ ရောရု၀ရယ်။ မင်း ဒီမှောင်ခိုသားကို မစားဘဲ ဘယ်လို ရှင်သန်နေသလဲတော့ ငါလည်း မသိဘူး။’
‘အေး။ ငါ့ဘ၀နဲ့ ငါပဲ။ ငါ သွားလိုက်ဦးမယ် ပုတိက’
‘ဟဲ ဟဲ ဟဲ နေစမ်းပါဦး’
ပုတိကသည် ပုတ်သင်ညိုကြီးတစ်ကောင်လို ခါးကို ကုန်းပြီး ရောရု၀ဘေးမှ ပတ်လျှောက်ကာ အရှေ့တွင် ပိတ်ရပ်လိုက်သည်။
‘ငါ မနောက်ဘူး ရောရု၀။ တစ်ကိုက်လေးလောက် မြည်းကြည့်စမ်းပါ။ ဘယ်လောက်ကောင်းသလဲဆိုတာ သိရအောင်’
သူ့မျက်နှာ ရှေ့နားသို့ ထိုးပေးလိုက်သော အသားတုံးကြီးကို ကြည့်ကာ ရောရု၀သည် ဂလုကနဲ တံတွေးမြိုချလိုက်သည်။ သူသည် ဘီလူးတစ်ကောင်ပင်။ ငရဲသား၏ မီးကင်ခံရသဖြင့် ကျက်နေသော ပေါင်သားကို မစားချင်ပဲ မရှိ။ သူ့စိတ်ထဲတွင် ဆူလောင်နေအောင် စားလိုစိတ်ဖြစ်နေခဲ့သည်။ သို့သော် သူ ခေါင်းကို ခါပြီး ပုတိက ကို တွန်းထုတ်လိုက်သည်။
အကောင်ပိုသေးသော ပုတိကသည် အတွန်းခံရသဖြင့် လဲကျမတတ် ယိုင်သွားသည်။ သူ၏ ရှုံ့တွနေသော မျက်နှာကြီးက ပိုပြီး တွန့်လိမ်သွားသည်။
‘ဘာလို့ မစားလဲ ရောရု၀။ ဒီငရဲသားတွေက ဒီနေ့ သေပြီး နောက်နေ့ ပြန်ရှင်မှာပဲ။ ဒီနေ့ ပေါင်ပြတ်ပြီး နောက်နေ့ အကောင်းအတိုင်း ပြန်မွေးလာမှာပဲ။ ငါတို့ မစားလည်း မီးသွေးတုန်းဖြစ်ပြီး လောင်စာ ပြန်ဖြစ်သွားမှာပဲ။ အဲဒါကို မင်းဘာလို့ မစားလဲ’
‘သူတို့ အကုသိုလ်ကနေ ငါ့ ...’
‘တော်စမ်း ရောရု၀။ မင်းလုပ်တာနဲ့ ငါတို့ တခြား ငရဲထိန်းတွေကပဲ မကောင်းဆိုး၀ါးတွေလိုလို။ ဘာလဲ မင်းက ငရဲသားတွေဘက်က လိုက်ချင်တာလား’
ရောရု၀ ဒီတခါတော့ သည်းမခံနိုင်တော့။
‘တိတ်စမ်း ပုတိက။ မင်းစကားတွေ လွန်နေပြီ’
‘မတိတ်နိုင်ဘူး ရောရု၀။ ဘာလဲ မင်းက ငရဲသားတွေဘက်က လိုက်ပြီး ငရဲပြည်ပျက်အောင် လုပ်ချင်တာလား’
…. ဖျောင်း….။
စိတ်မထိန်းနိုင်တော့ဘဲ ရောရု၀သည် လက်ထဲတွင် ကိုင်ထားသည့် သုံးခွမှိန်းကြီးနှင့် ပုတိကကို အားကုန် ရိုက်ချလိုက်သည်။
‘ဂီးးး အား...’
ရုပ်ဆိုးလှသော ငရဲထိန်း ပုတိကသည် ချိုကြီးနှစ်ချောင်းကြားရှိ ဦးရေခွံကြီး ကွဲထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်ခွေလဲကျသွားလေတော့သည်။
………………………………..
(ဆက်လက်ဖတ်ရှုပါရန်)
ကိုချမ်း။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory