နှလုံးသား အနုကပ္ပ (အပိုင်း ၁၁)
lotaya.mpt.com.mm
|
2022-09-10

Part - 11

ဖယောင်း ကားပေါ်ကဆင်းလိုက်သည်နှင့် ဖေဖေ့အရိပ်အယောင် မြင်ရမလား လိုက်ကြည့်မိသလို အနားရောက်လာသညဦးမာန်က ဖယောင်းပခုံးကိုအသာဖက်ရင်း....

" အိမ်ထဲမှာရှိမှာပေါ့ ချာတိတ်ရဲ့....လာ အိမ်ထဲဝင်ကြရအောင်။ "

မာန်ခိုက်ထင်နဲ့ ဖယောင်းပန်း ခြံထဲဝင်လာကြသလို သူတို့နောက်မှ ကားဒရိုင်ဘာမှာ လက်ထဲမုန့်ထုပ်တွေအပြည့်ဆွဲ၍ ပါလာသည်။ ဖယောင်းပန်းက ဆွဲကူချင်ပေမယ့် မာန်ခိုက်ထင်က မကြိုက်တာမို့ မသိဟန်သာဆောင်နေရသည်။ 

" ဖေဖေ....ဖေဖေရေ.....ဖယောင်းလာတယ်။ "

အိမ်နောက်ဖေးမီးဖိုချောင်ထဲမှ ယောင်းမကြီးကိုင်၍ ထွက်လာသည့်ဖေဖေ့ကို မြင်တော့ ဖယောင်း ရင်ထဲစိတ်မကောင်းဖြစ်သွားရသည်။ ဖယောင်းမရှိတော့ ကိုယ်တိုင်ချက်ပြုတ်စားနေရသည့်ပုံပင်။ 

" ငါ့သမီးလာတာပဲ.....ကြိုမပြောကြဘူး။ ဖေဖေဟင်းတွေချက်ထားမှာပေါ့.....လာ လာ ထိုင်ကြ။ "

ဦးခွန်သာ ဟင်းအိုးတန်းလန်းဖြင့်မို့ ကပျာကယာအိမ်နောက်ဖေး ပြန်ဝင်လာတော့ သမီးဖြစ်သူကနောက်ကပါလာသည်။

" ဖယောင်း လုပ်လိုက်ပါ့မယ် ဖေဖေရယ်......။ "

ဖယောင်း ဖေဖေ့လက်ထဲမှ ယောင်းမကိုဆွဲယူကာ ဟင်းအိုးဆီလျှောက်လာပေမယ့် အိမ်ရှေ့မှ မာန်ခိုက်ထင်မှာ ဖယောင်းအသံကို ကြားနေရသဖြင့် မျက်နှာကတည်တင်းသွား၏။ 

" ချာတိတ်......အဲ့ယောင်းမကိုချထားစမ်း။ ဝယ်စားလိုက်ရနေတာကို ဘာတွေပင်ပင်ပန်းပန်း လျှောက်လုပ်နေတာလဲ ။ "

ဖယောင်း လက်ထဲမှယောင်းမကို ကြောင်အိမ်ပေါ် ဆွဲတင်လိုက်ရင်း မာန်ခိုက်ထင် အိမ်ရှေ့မှ ဒရိုင်ဘာအား ခပ်ဆတ်ဆတ် လှမ်းခေါ်၏။

" ကိုမြင့်.....ကိုမြင့်....."

" ဗျာ....အာစရိ။ "

" စားစရာတွေသွားဝယ်လာခဲ့.....သွား....ရော့ ပိုက်ဆံ။ "

ကိုမြင့်က မာန်ခိုက်ထင် ပေးသည့်ပိုက်ဆံကိုယူပြီး ကားမောင်းထွက်သွားသလို ဖယောင်းကတော့ ငြိမ်ကျနေ၏။ မိဘအိမ်ရောက်တုန်း ကိုယ်တိုင်ချက်ပြုတ်ကျွေးသွားချင်သည့် ဆန္ဒကို မာန်ခိုက်ထင်နားမလည်သလို နားလည်အောင်လဲ ကြိုးစားမည်မဟုတ်။

မာန်ခိုက်ထင်ဟာ ငယ်ငယ်လေးထဲက ရွှေပေါ်မြတင် ချမ်းသာလာသူပီပီ မာန်မာနကြီးသည့်လူစား။ အဆင့်အတန်း ခွဲခြားတတ်တာမျိုး မရှိပေမယ့် သိက္ခာ မာနကိုတန်ဖိုးထားသည့် ယောကျာ်း။ ဖယောင်းပန်းဟာ သူ့ဇနီးဖြစ်လာပြီမို့ တော်ရုံအောက်ကျနောက်ကျကိစ္စတွေမှာ သူဌေးကတော်တစ်ဦး အနေနှင့်လိုက်လုပ်နေမှာမျိုးကို တားမြစ်ဖို့ပါ တွေးထားသည်။

သူ့စိတ်ထဲမှာ ဖယောင်းပန်းဟာ သူ့ထက်ငယ်သဖြင့် ကလေးလေးရသလိုကို ထင်ကာ အစွမ်းကုန်အလိုလဲလိုက်ချင်သည်။ ချစ်စိတ်တွေ အစပျိုးလာတော့ ချစ်ခင်ကြင်နာယုယချင်ပေမယ့် ခယောင်းပန်းနဲ့တုန်းက ပစ်ချခံခဲ့ရသည့် စိတ်ခံစားချက်ကို မမေ့တော့ မယုံရဲမချစ်ရဲပဲ ချစ်တာကိုထုတ်မပြော ထုတ်မပြနိုင်ပဲ ဝန်လေးနေ၏။ 

ကလေးဆိုတာ ဆိုးနွဲ့သည်။ သူထိုဒဏ်တွေခံနိုင်သည်။ သို့ပေမယ့် ထပ်ပြီးထားခဲ့ခံရမှာ ကြောက်သည်။ နေရာတကာမှာ စည်းစနစ်ကျသူပီပီ သူမလေးကို သူ့အားထားမသွားနိုင်ရန် ဆုပေးဒဏ်ပေးစနစ်သုံးဖို့ တွေးထား၏။ 

ဦးခွန်သာကတော့ ကိုယ့်သမီးလေးကို မြင်နေရတာ တကယ့်သူဌေးသမီးလေးလို မင်းသမီးတစ်ပါးအသွင်ဖြစ်နေသဖြင့် သဘောကျကြည်နူးသည်။ ယောကျာ်းချင်းမို့ ကိုယ့်သမီးပင်ပန်းမှာကို စိုးရိမ်သည့် သမက်ဖြစ်သူ၏ စိတ်ကို အကဲခတ်မိတော့ သမီးကိုစိတ်ချရပြီဟု တွေးမိသည်။ 

ဖယောင်းပန်း ဖေဖေ့ကို ယူလာသည့်မုန့်ဗူးတွေ ပစ္စည်းတွေကို အရှေ့ချ၍ ကန်တော့သလို မာန်ခိုက်ထင်က အသင့်ယူလာသည့် ပိုက်ဆံသိန်းနှစ်ဆယ်အား ဦးခွန်သာဆီကမ်းပေး၏။

" ဒါ ချာတိတ်နဲ့ ကျွန်တော်ကန်တော့တာပါ အန်ကယ်။ အမြဲလတိုင်းငွေပို့ပေးမှာမို့ အေးအေးသက်သာနေပါ။ "

သူ့ကို အံ့သြသလိုလေး ဘေးမှငေးကြည့်လာသည့် ချာတိတ်ပုံစံက စိတ်ကျေနပ်တာသိသာ၏။ ဖယောင်းအနေနဲ့လဲ ဒီလောက်ထိလုပ်ပေးမယ် မထင်သလို ဖေဖေ့အတွက်ပူနေရတာ တစ်ဝက်ခန့်လျော့ပါးသွားရတာ အမှန်ပင်။ 

" ဦးလေးအတွက် ငွေတွေဒီလောက် မလိုပါဘူးကွယ်။ ပြန်ယူသွားပါ..... ဦးလေးတစ်ကိုယ်ရည်တစ်ကာယက ဖူလုံပါတယ်။ "

" လိုလိုမည်မည်ယူထားလိုက်ပါ အန်ကယ်။ အနည်းဆုံး ချာတိတ်လဲ နောက်ဆံမတင်းတော့ဘူးပေါ့။ "

မာန်ခိုက်ထင်အတွက် အဓိက က သူ့မိန်းမ နောက်ဆံတင်းပြီး စိတ်ဆင်းရဲနေရမှာကိုပင်။ မေမေနှင့် စကားပြောနေတုန်းက ဖေဖေ့ကိုစိတ်ပူတယ်ပြောနေတာ သူကြားသလို တစ်ခုခုစီစဉ်ပေးရန်ပါ ညကတွေးထားခြင်းပင်။ 

ပြီးတော့ မိဘအိမ်ခဏခဏပြန်မှာကို သူမနှစ်မြို့။ သူနဲ့လက်ထပ်ပြီးပြီမို့ သူကသာမိသားစုဝင်အစစ်ဟု တစ်ယူသန်လက်ခံထားသည်။ 

ပြောရမည်ဆိုလျှင် တစ်နည်းအားဖြင့် မာန်ခိုက်ထင်ဟာ ဖိုဝါဒီပြင်းထန်သည့် အမျိုးသား။

@@@@@@@@@@

ဒေါ်သူဇာကြီး အလုပ်မှပြန်လာသည့် မင်းညိုကို လှမ်းမြင်လိုက်သည်မို့.....

" မောင်မင်းညို......ဧည့်ခန်းထဲ လာခဲ့ဦး။ မင်းကို စကားပြောစရာရှိတယ်။ "

မင်းညို ခြေလှမ်းတွေက ပန်းဆီဦးတည်နေရာမှ ဒေါ်သူဇာကြီးနောက် လိုက်လာရင်း ဧည့်ခန်းထဲဝင်လာခဲ့သည်။ ဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်းမှ သူ့ရှေ့တွင် ခပ်မိန့်မိန့်ထိုင်နေသည့် ဒေါ်သူဇာကြီး ကမ်းပေး လာသည့် ဓာတ်ပုံအား ယူကြည့်မိသည်။ အသက်သုံးဆယ်အရွယ်ယောကျာ်းတစ်ဦးဖြစ်ကာ ဓာတ်ပုံကခပ်နွမ်းနွမ်းမို့ ဟိုးအရင်ကရိုက်ထားတာဖြစ်မည်။

" ဓာတ်ပုံထဲက လူနာမည်က ခွန်သာတဲ့။ အရင်က သုဘရာဇာလုပ်တယ်.....အခု သူ့ကိုငါတွေ့ချင်တယ် ရှာချင်တယ်။ မင်း စုံစမ်းပေး။ "

မင်းညို ဓာတ်ပုံကို အိတ်ကပ်ထဲသေချာထည့်လိုက်ရင်းမှ......

" ဟုတ်ကဲ့..... ကျွန်တော်လုပ်လိုက်ပါ့မယ်။ "

နေရာမှထရပ်လိုက်ကာ လှည့်ထွက်ရန်ပြင်လိုက်ပေမယ့်......

" ပန်းနဲ့အဆင်ပြေရဲ့လား......"

" ဟုတ်ကဲ့...... အဆင်ပြေပါတယ်။ "

" ခယောင်းပန်းက မင်းကိုမချစ်ပေမယ့် မိန်းမဝတ္တရားတော့ ကျေမှာပါ။ ငါ့မြေးပေမယ့် အဲ့ကလေးမက စိတ်တိုင်းမကျဆုံးပဲ။ "

ဒေါ်သူဇာကြီး စကားကြောင့် မင်းညို သက်ပြင်းချမိသည်။ သူ သိပါသည်.....ပန်းက သူ့အဘွားကို ချစ်ခင်လေးစားသလို ဒေါ်သူဇာကြီးကလဲ တစ်ခါတစ်လေ ကောင်းသလိုလိုဖြင့် ဆိုးလျှင် အမျက်ကြီးဒေါသကြီးသည်။

သူ့ဘဝမှာ ဒေါ်သူဇာကြီးလောက် မာန်မာန မောဟကြီးသည့် အမျိုးသမီးမျိုး မတွေ့ဖူးတာ အမှန်ပင်။ အိမ်ကြီးထဲမှထွက်လာကာ ခြံအနောက်ဘက်ရှိ အိမ်လေးထဲဝင်လာတော့ Cartoon ကား ထိုင်ကြည့်နေသည့် ဒေါ်မြနွယ်ကိုမြင်လိုက်ရသလို ပန်းက သူ့အနားလျှောက်လာရင်း.....

" အစ်ကို ဒီနေ့ ပြန်လာတာ စောတယ်နော်။ "

" အင်း.....ကိုယ်ရေချိုးတော့မယ်။ "

အခန်းထဲဝင်လာခဲ့ရင်း ဒီနေ့ တမင်စောစောပြန်လာခြင်းပင်။ ပန်းနဲ့အတူ ထမင်းလက်ဆုံမစားရတာ ကြာပြီမို့ အတူစားချင်သလို သူက ပန်းကို ဘယ်တော့မှ ထမင်းစားမစောင့်ခိုင်း။ သူနောက်ကျလျှင် သူ့ကိုစောင့်ပြီး ဗိုက်ဆာနေမည်စိုးရိမ်သလို အနေအေးသူမို့ သူဘာပြောပြော နားထောင်ရှာသည်။ 

ရေမိုးချိုးပြီး ထမင်းအတူစားသည့်အခါ သူ့ကိုဟင်းခပ်ထည့်ပေးသည့် ပန်း၏ဘယ်ဘက် လက်ဖျံမှ စာနီအမှတ်လေးကို ကောင်းကောင်းသတိထားမိလိုက်သည်။ 

" အစ်ကို.....ဘာတွေငေးနေတာလဲ။ "

" သြော်.... ပန်းရဲ့လက်က စာနီလေးကိုခုမှမြင်လို့။ "

" အဟင်း.....ဟုတ်တယ်။ ပန်းမှာ အဲ့အမှတ်လေးက မွေးထဲကပါတာ။ "

မင်းညိုနဲ့ ပန်းစကားပြောနေကြသည့်အသံကို ကြားတော့ ဒေါ်မြနွယ်တစ်ယောက် TV ကြည့်နေရာမှ လည်ပြန်လှည့်ကြည့်လာသည်။ နေရာမှ ကုန်းကုန်းလေးထလျှောက်လာရင်း ခယောင်းပန်းလက်ကို ကိုင်ကြည့်ကာ မျက်လုံးတွေက ပြူးကြောင်လာ၏။

အူဝဲ......အူဝဲ......အူဝဲ....

ဟယ်....အမွှာလေးတော့။

မိန်းကလေးနှစ်ယောက်ဟဲ့....။

သွား....သွား....ပစ်လိုက်အဲ့တစ်ယောက်ကို။

နားထဲပဲ့တင်ထပ်လာသည့် စကားသံတွေနဲ့အတူ မျက်လုံးထဲပြန်မြင်ယောင်လာသည့် နီတာရဲကလေးလေးတစ်ယောက်အား ပွေ့ချီသွားသည့် မမူ။

" အား.....အား....မမူ....မမူ ကလေးသူခိုးမ။ "

ရုတ်တရတ် နားနှစ်ဖက်ကို လက်ဖြင့်စုံပိတ်ကာ စူးစူးဝါးဝါးကြီး ထအော်လိုက်သည့် မေမေ့ကြောင့် ပန်းရော အစ်ကိုပါ အလန့်တကြား ကြောင်ကြည့်မိသွားသည်။ သွေးရူးသွေးတန်း ဖြစ်သွားသည့် မေမေ့ပုံစံကြောင့် ပထမဆုံးသတိဝင်လာကာ မင်းညိုက ပြေးဆွဲကာ ဖမ်းချုပ်ထား၏။

" အမေ....အမေ့..... စိတ်ကိုအေးအေးထားလေ..... ကျွန်တော့်ကိုကြည့်....ဘာမှမဖြစ်ဘူး... အဆင်ပြေတယ်.... နော်....စိတ်ကိုလျှော့။ "

ထိုအခါမှ ပန်း သတိဝင်လာရင်း မေမေ့အနားရောက်လာသလို အစ်ကို နှင့် နှစ်ယောက်သားဝိုင်းချော့မော့ကာ မရမကသိပ်လိုက်ရသည်။ အိပ်မောကျသွားသည့် အမေ့ကိုကြည့်ရင်း ပန်းမှာ စိတ်မကောင်းသလို အစ်ကို့ကို ကြည့်မိတော့ တစ်ခုခုတွေးနေဟန်ရတာမို့....

" အစ်ကို.....ဘာတွေစဉ်းစားနေတာလဲဟင်။ "

" သြော်.....အမေ့ကို ဆေးကုပေးကြည့်ချင်လို့ပါ။ ငွေကလဲ သိတဲ့အတိုင်းပဲ....ဒေါ်သူဇာကြီးကလဲ ​."

ဟုတ်သည်.....ဘွားက အမေ့ကို သိပ်မုန်းတာမို့ ဆေးကုပေးဖို့လက်ခံမှာ မဟုတ်။ တစ်ခါက ပန်းပြောကြည့်ဖူးပါသည်။ ပြန်ပြောလာသည်က.....

" ငါ့သားတစ်ယောက်လုံး သေခဲ့ရပြီး ညည်းအမေကျ ရူးနေတာလေးတောင် မကြည့်ရက်ရသလား မိပန်းရယ်။ ငါ့သားတစ်ယောက်လုံးကို ဆုံးရှုံးရခဲ့တာနဲ့ ညီမျှအောင် လောကကြီးက ဒဏ်ခတ်ပေး တာအေ့....."

ဘွားရဲ့ အမုန်းထုထည်ဟာ မေမေ့အပေါ် ဤမျှအထိ ကြီးပါသည်။

@@@@@@@@@@@@

မာန်ခိုက်ထင် ကုန်တိုက်ထဲလိုက်စစ်ဆေးနေရင်းမှ အကြည့်က မိန်းကလေးအဝတ်အစားတွေ ရောင်းသည့် Botique တစ်ဆိုင်ဆီရောက်သွားတော့ အရုပ်မ ဝတ်ထားသည့် ပန်းရောင် ဂါဝန်ဒူးကားလေးကို မြင်လိုက်ရသည်မို့ ချာတိတ်ကိုသတိရသွားရသည်။

" ကိုကျော်.....အဲ့ဂါဝန်ကို အရောင်စုံယူလာခဲ့။ "

" မမလေးအတွက်လား အာစရိ။ "

ပြန်မဖြေပဲ ဆက်လျှောက်သွားသည်မို့ ကိုကျော် သူ့နောက်မှ ဝန်ထမ်းကောင်လေးအား မျက်ရိပ်ပြကာ သွားယူခိုင်းလိုက်သည်။ အာစရိတို့က အရင်လိုမဟုတ်ပဲ နေ့လည်စာဆိုလဲ အိမ်ပြန်စားသလို ညနေဆိုလဲ လေးနာရီဆိုပြန်သည်။ 

ဖယောင်း အိမ်ပေါ်မှဆင်းလာကာ မီးဖိုချောင်ထဲဝင်လာတော့ ဇလုံကြီးတစ်ခုထဲ သရက်သီး မက်မန်းသီး ဂွေးသီးအစုံအား ငံပြာရည် ငရုတ်သီးမှုန့်ဖြင့် ရောနယ်ကာ စားနေကြသည့် အိမ်မှ အိမ်အကူအစ်မကြီးသုံးယောက်။ 

" ဟယ်....ဖယောင်းလဲ စားချင်တယ်။ "

မြူးတူးစွာအနားပြေးလာရင်း ဇွန်းလေးတစ်ချောင်းယူကာ ခပ်စားလိုက်သည်နှင့် ချဉ်ချဉ်စပ်စပ်အရသာက လျှာပေါ်စူးခနဲနေအောင် အရသာရှိလွန်းလှသည်။

" အင်း.....ကောင်းလိုက်တာ။ "

ဖယောင်းပုံစံကိုကြည့်ရင်း မကြည်တို့လဲ ပြုံးမိသွားသလို မမလေးကိုက အကုန်ချစ်ကြသည်မို့ ဘယ်လိုနေနေ ကလေးလေးဟုသာ မြင်ကြသည်။

" ရော့.... မမကြည်လဲစား။ "

တစ်လုပ်လှမ်းခွံ့ပေးသလို သူမကလဲစားသည်။ ဟိုလူ့ခွံ့လိုက် ဒီလူ့ခွံ့လိုက်ဖြင့် သူမစားနေတာကလဲ ပလုတ်ပလောင်း။

" ဖယောင်းပန်း..."

ဒေါသတကြီး ဆောင့်အော်လိုက်သံကြောင့် အကုန်အလန့်တကြားဖြစ်ကုန်သလို ဖယောင်းလဲ ထမင်းစားခန်းအပေါက်ဝမှာ မားမားကြီးရပ်နေသည့် ဦးမာန်ကိုမြင်တော့ နားမလည်နိုင်။

" ဦးမာန်.....ဘာလို့အော်ရတာလဲ။ "

" မင်း အခု ဘာလုပ်နေတာလဲ ။ "

" သရက်သီးသုပ်စားနေတာလေ...."

ဖယောင်းစကားက ဦးမာန်ဒေါသကို ပိုဆိုးရွားစေမှန်း မသိခဲ့ရိုးအမှန်ပါ။ တလွှားလွှား လျှောက်လာရင်းမှ ဖယောင်းတို့စားနေသည့် သရက်သီးသုပ်ပန်းကန်ကိုဆွဲလွှင့်ပစ်လိုက်တာမို့ ဆူညံသွားသလို ဖယောင်းကိုယ်လေးပါ ဆတ်ခနဲတုန်ယင်သွားရ၏။

" မင်းအဆင့်အတန်းက ဘာလဲ ဖယောင်းပန်း။ အိမ်က အိမ်ဖော်တွေနဲ့ ဝိုင်းဖွဲ့စားသောက်နေရအောင် မင်းက ငါ့မိန်းမ.... မာန်ခိုက်ထင်ရဲ့ဇနီး....သူတို့နဲ့မင်း အဆင့်အတန်းမတူဘူး။ "

" ဟင်...."

ဖယောင်း ဦးမာန်မျက်နှာကို မယုံနိုင်သလို ငေးကြည့်မိကာ ဘေးမှာရပ်နေကြသည့် မမကြည်တို့ကိုလဲ အားနာစွာ မျက်နှာပူသွားရသည်။ 

" မင်း မရွံတတ်ဘူးလား ဖယောင်းပန်း.....ဟမ်။ တစ်ဇွန်းထဲ ဟိုလူ့ပါးစပ်ထဲဝင် ဒီလူ့ပါးစပ်ထဲဝင်ထားတဲ့ဇွန်းနဲ့ခပ်စားတယ်။ မင်းမရွံဘူးလား...."

" တော်ပါတော့...... ဦးမာန် မမကြည်တို့ကိုလဲ အားနာပါဦး။ "

ခပ်စူးစူးလေး ပြန်ရန်တွေ့လာသည့် ချာတိတ်ပုံစံကြောင့် မာန်ခိုက်ထင် ခပ်ရွဲ့ရွဲ့ပင် ဟက်ခနဲရယ်ချသည်။

" ငါက ဘာကိစ္စအားနာရမှာလဲ.....ငါ့အိမ်က ငါ့လခယူပြီး အလုပ်လုပ်နေတဲ့ အလုပ်သမား။ ငါ မကြိုက်တာရှိရင် ပြောမှာပဲ။ အားနာရမယ်ဆို သူတို့ကတောင် ငါ့အားနာရဦးမယ်။ "

"ဦးမာန်သိပ်မောက်မာတာပဲ။ "

မကျေမနပ်ဆိုလာသည့်စကားမှာ မာန်ခိုက်ထင် ဒေါသက ထောင်းခနဲ။ ရုတ်တရတ်မို့ အဖြစ်အပျက်က မြန်သလို ဖယောင်းပါးတစ်ဖက် ပူထူကာ ခွေကျသွား၏။

မယုံနိုင်ခြင်း.. ..အံ့သြခြင်း ဝမ်းနည်းခြင်းတို့က ရင်ထဲစုပြုံလာသလို ပါးပြင်ပေါ် မျက်ရည်စတို့စီးကျလာရသည်။

" မမလေး. ....အမလေး...."

ထိုအခါမှ မာန်ခိုက်ထင် သတိဝင်လာရင်း လဲကျနေသည့် ဖယောင်းအနား ကပျာကယာထိုင်ချ၏။

" ဟား.....ကိုယ်....ကိုယ်တောင်းပန်ပါတယ် ချာတိတ်ရယ်.....ဟာကွာ....."

ချာတိတ်က သူ့ကိုမကြည့်ပဲ တအင့်အင့်သာရှိုက်ငို၏။ မာန်ခိုက်ထင် ချာတိတ်လက်ကိုဆွဲယူရင်း ကိုယ်လေးကို သူ့ရင်ခွင်ထဲအတင်းဆွဲသွင်းကာ ပျာပျာသလဲ ချော့၏။ 

" ကိုယ် တကယ်မရည်ရွယ်ပါဘူး ချာတိတ်ရယ် စိုးရိမ်လို့.....ကိုယ် တကယ်စိုးရိမ်ပြီး သတိလစ်သွားတာ။ "

ထိုအချိန် ဖယောင်း ဘာမှမသိချင်ပါ။

ဖယောင်း သိလိုက်တာက ဦးမာန်ဟာ သိပ်ရက်စက်သည်။ ဖယောင်းအပေါ် မချစ်တော့ ပစ်ပစ်ခါခါ လုပ်ရက်နိုင်သည်ဟုသာ။

သို့ပေမယ့်.......ထိုကဲ့သို့သော ဖြစ်စဉ်တွေဟာ ဒါနိဒါန်းဖြစ်ခဲ့၏။

@@@@@@@@@@@@@@@@@@@@@

To be continue P - 12

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..