"ပြာပူ" - အပိုင်း (၂)
lotaya.mpt.com.mm
|
2022-09-10

‘‌သေမင်းတမန်ငါးပါး’

……...

ဤ၀တ္ထုသည် ငရဲပြည်အကြောင်းဖြစ်သည်။ ငရဲပြည်တွင် ငရဲထိန်းဖြစ်ခဲ့သော လူတစ်ဦးက သူ၏ သူငယ်ချင်းဖြစ်သော စာရေးသူကို ပြန်ပြောပြသော ဇာတ်လမ်းဖြစ်လေသည်။ ထို့ကြောင့် ဤ၀တ္ထုဇာတ်လမ်းကို ဖတ်နေသော စာဖတ်သူသည် ငရဲပြည်နှင့် ပတ်သက်သော အကြောင်းအရာများကို ကြားသိရမည်ဖြစ်သည်။

လူမှန်လျှင် သေရမည်ကို ကြောက်ကြစမြဲပင်။ အရိယာသူတော်စင်မှလွဲ၍ ပုထုဇဥ်တိုင်းသည် သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင် တုန်လှုပ်တတ်ကြသည်။ အဘယ်ကြောင့်နည်း။ သေခါနီး ‌ေ၀ဒနာခံစားရမှာကို ကြောက်၍လား။ ကိုယ်ချစ်ခင်သူများနှင့် ခွဲခွာသွားရမှာကို လက်မခံနိုင်၍လား။ သို့မဟုတ် သေပြီးသည့်နောက် ကိုယ်ဘာဖြစ်သွားမည်၊ ဘယ်ရောက်သွားမည်ကို မသိကြ၍လား။ အမှန်တော့ ဤအကြောင်းများ အားလုံးကြောင့် သေခြင်းတရားကို ကြောက်ကြခြင်းဖြစ်သည်။ သို့သော် လူအများစု တကယ်အကြောက်ဆုံးမှာမူ တတိယအချက်ပင်ဖြစ်လေသည်။

သေပြီး ဘာဖြစ်မလဲ ကို ကြောက်သည်မှာ - တနည်းအားဖြင့် သေပြီး ငရဲကျမည်ကို ကြောက်လန့်ကြခြင်းပင်။ ဘာသာတရားတိုင်းတွင် ငရဲပြည်ဟူသည် ရှိလေသည်။ အခြားဘာသာများရှိ ငရဲဘုံသည် ထာ၀ရငရဲဘုံဖြစ်သော်လည်း ဗုဒ္ဓဘာသာ၏ ငရဲဘုံမှာ ထာ၀ရမဟုတ်။ ဗုဒ္ဓဘာသာ၀င်များ ယုံကြည်ကြသော ငရဲသည် နှစ်ပေါင်း ကမ္ဘာနှင့် ချီ၍ ကြာမြင့်တတ်သော်လည်း အကုသိုလ်ကံ ကုန်ခန်းသည့်အခါ အဆင့်မြင့်ဘုံများသို့ ပြန်တက်နိုင်ခွင့်ရှိသည်။ ထို့ကြောင့် ငရဲဘုံသည် သံသရာခရီးတလျှောက် တွယ်ငြိလာသော အကုသိုလ်အညစ်အကြေးများကို ချေးချွတ်သန့်စင်ပေးရသည့် ဘုံဌာနကြီးတစ်ခုဖြစ်တော့သည်။ ထိုသို့ အကုသိုလ်များကို ကင်းစင်သွားစေရန် ငရဲသားများသည် နည်းမျိုးစုံနှင့် အပြစ်ခံကြရလေသည်။ ငရဲသားများကို အပြစ်ပေးဖို့ရန် ငရဲထိန်းကြီးများက တာ၀န်ယူရသည်။ ယမမင်း အပါအ၀င် ငရဲထိန်းကြီးများသည် အမှန်တော့ နတ်သားကြီးများ ဖြစ်ကြ၏။ သို့သော် သာမန် နတ်သားများကား မဟုတ်။ နတ်ဘီလူးကြီးများ ဖြစ်ကြလေသည်။ အဆိုပါ နတ်ဘီလူးကြီးများသည် ယခင်ဘ၀က ကုသိုလ်ကောင်းမှု တစုံတရာ ပြုခဲ့ဖူး၍ နတ်ပြည်သို့ ရောက်လာရသော်လည်း ထိုကုသိုလ်ကို ပြုစဥ်က စိတ်ရင်းစေတနာ မသန့်ရှင်းခဲ့သည့်အတွက် ယခုလို နတ်ဘီလူးကြီးများအဖြစ် ရုန့်ရင်းကြမ်းတမ်းသော ကိုယ်စိတ်များ ပါရှိလာရခြင်းပင်။

ဤအချက်သည် စာဖတ်သူများအတွက် အရေးကြီးလှသည်။ ဤသဘောတရားကို လက်ခံယုံကြည်ပါက စာဖတ်သူသည် နောင်တချိန် ကုသိုလ်ကောင်းမှုပြုသည့်အခါ မိမိစိတ်ကို လောဘ ဒေါသ မောဟ များမှ အတတ်နိုင်ဆုံး ကင်းစင်အောင် ထားဖြစ်လိမ့်မည်။ သို့မှသာ ထိုကုသိုလ်ကောင်းမှု မျိုးစေ့ ရင့်မှည့် အကျိုးပေးသောအခါ အပြစ်အနာအဆာကင်းသည့် သုခချမ်းသာကျေးဇူးအထူးကို ရရှိခံစားကြရပေလိမ့်မည်။

စာဖတ်သူများ ငရဲပြည်နှင့် ပတ်သက်ပြီး နောက်ထပ် သိရန် အရေးကြီးသော အချက်တစ်ချက်မှာ ‘သေမင်းတမန်ငါးပါး’ အကြောင်းပင်။

ကျွန်တော်တို့သည် စာမေးပွဲများ၊ အင်တာဗျူးများ ဖြေကြရသောအခါ ဘယ်လို မေးခွန်းမေးလို့ ဘယ်လို အဖြေမျိုး ဖြေရမည်ကို ကြိုမသိတတ်ကြ။ ထို့ကြောင့်လည်း လူတိုင်း စာမေးပွဲအောင်ရန် အင်တာဗျူးအောင်ရန် မသေချာခြင်းဖြစ်သည်။ သံသရာတလျှောက်တွင်လည်း ငရဲပြည်သို့ ကျရန် မတင်မကျဖြစ်နေသောသူသည် သေလွန်ပြီးသောအခါ ယမမင်းကြီးရှေ့တွင် အင်တာဗျူး၀င်ကြရမည်ဖြစ်သည်။ ထိုသို့ ငရဲပြည်သို့ သွားသင့်မသွားသင့် ယမမင်းကြီးက စစ်ဆေးသောအခါ ‘သေမင်းတမန်ငါးပါး’ မေးခွန်းကို အမြဲ မေးလေ့ရှိသည်။ ထိုအကြောင်းကို စာဖတ်သူ ယခု သိသွားပါလျှင် သေလွန်ပြီး မတော်တဆ ယမမင်းကြီး ရှေ့မှောက်သို့ ရောက်ခဲ့ပါက မည်သို့ဖြေဆိုရမည်ကို ကြိုသိနေပေလိမ့်မည်။ ထိုအခါ မေးခွန်းအောက်ထားသော ကျောင်းသားသည် စာမေးပွဲကို အမှတ်အများဆုံးနှင့် အောင်မြင်သကဲ့သို့ စာဖတ်သူသည်လည်း ယမမင်းကြီး၏ စစ်တမ်းကို အောင်မြင်ပြီး ကမ္ဘာပေါင်းများစွာ ငရဲကျမည့်ဘေးမှ သီသီကလေး လွတ်ကင်းရပေလိမ့်မည်။ ထို့ကြောင့် ယခု ဆက်လက် ဖော်ပြမည့် ‘ပြာပူ’ ဇာတ်လမ်းထဲတွင် ပါရှိလာမည့် ‘သေမင်းတမန်ငါးပါး’ အကြောင်းကို အသေအချာ အာရုံစိုက်ပြီး အလေးထား ဖတ်ရှုစေချင်ပါသည်။

…………………………………………

‘ယမမင်းကြီး၏ စီရင်ချက်’

…………………………

‘ငရဲထိန်း ရောရု၀၊ အသင့်ရဲ့ အပြစ်ဒဏ်အတွက် ယမမင်းကြီးက ဆင့်ခေါ်တယ်။ အခုချက်ချင်း ယမမင်းကြီး ရှေ့မှောက် သန်တော်ဦးတင်စေ’

စေတမန်နတ်သားသည် မည်းနက်သော အသားအရေရှိသည်။ အက်ကွဲသော အသံရှိသည်။ သူ၏ ခန္ဓာကိုယ်သည် ပိန်လှီပြီး အရပ်သည် မြင့်မားသည်။ စေတမန်သည် မည်းမှောင်သော ၀တ်ရုံကြီးကို ခေါင်းပေါ်မှ ခြေဖျားအထိဖုံးအောင်ခြုံထားသည်။ သူ့မျက်နှာနှင့် တောင်‌ေ၀ှးကို ကိုင်ထားသော လက်တဘက်သာ ၀တ်ရုံအပြင်သို့ ထွက်နေခဲ့သည်။

‘အဆွေတော် စေတမန်။ ဒီကိစ္စက နားလည်မှု လွဲတာဗျ’

ရောရု၀ အပြစ်မှ လွတ်လိုလွတ်ငြား ပြောမိသေးသည်။ သို့သော် စကားပြောဆိုခြင်း အတတ်ပညာသည် သူကျွမ်းကျင်သော ဘာသာရပ်မဟုတ်ချေ။ သူသည် ဒေါသမထိန်းနိုင်သောကြောင့် ငရဲထိန်း ပုတိက ကို ဦးခေါင်းခွံဟက်တက်ကွဲအောင် မှိန်းတံကြီးနှင့် ရိုက်ခဲ့မိသည်။ ယခု ပုတိကသည် စတုမဟာရာဇ်နတ်ပြည်တွင် သမားတော်နတ်သား၏ ဆေးကုသမှုကို ခံယူနေရလေပြီ။ တကယ်တော့ နတ်သား ဆေးကုပေးသည်ထက် နတ်ပြည်သို့ ပြန်ရောက်သည်နှင့် ဒဏ်ရာက သူ့အလိုလို ပြန်ကောင်းသွားလိမ့်မည်ဖြစ်သည်။ နတ်ပြည်တွင် ဒုက္ခ‌ဝေဒနာဟူ၍ မရှိသလောက်ဖြစ်ပြီး သုခ‌ဝေဒနာများသာရှိရာ ပုတိကသည် မကြာမီအချိန်တွင် ‌ဝေဒနာပျောက်ကင်းပြီး ငရဲပြည်သို့ ပြန်လာပေလိမ့်မည်။ သို့သော် ယခုအဖြစ်မှာ ငရဲထိန်းအချင်းချင်း သတ်ပုတ်ကြခြင်းဖြစ်သဖြင့် အပြစ်ဒဏ်ကို ခံယူရန် ရောရု၀သည် ယမမင်းကြီး ရှေ့မှောက်သို့ အခစား၀င်ရမည်ဖြစ်သည်။

စေတမန်သည် စကားရှည်မနေတော့ဘဲ သူ၏ တောင်‌ဝှေးကြီးကို မြေပေါ်တွင် တချက်ဆောင့်လိုက်သည်နှင့် တောင်နံရံတွင် တံခါးပေါက်လို အပေါက်ကြီးတပေါက် ပွင့်ထွက်သွားသည်။ ရောရု၀သည် ဦးချိုကြီးနှစ်ချောင်းကားရားပေါက်နေသည့် သူ့ဦးခေါင်းကြီးကို ခါရမ်းရင်း လေးလံသော ခြေလှမ်းကြီးများနှင့် ထိုတံခါးပေါက်ကြီးထဲသို့ ၀င်သွားလိုက်သည်။ အရပ်မြင့်မားသော ၀တ်ရုံနက်ကြီးနှင့် စေတမန်သည် သူ့နောက်မှ လိုက်၀င်လာ၏။ ရောရု၀နှင့် စေတမန်တို့ တံခါးပေါက်တွင်းမှ ၀င်မိသည်နှင့် ၀င်ပေါက်၀သည် အနောက်တွင် သူ့အလိုလို ပိတ်ပြီး ကျန်ခဲ့သည်။

ယမမင်းကြီးနှင့် ရောရု၀ တွေ့ဆုံဖူးသည်မှာ ယခုအကြိမ်နှင့်ပါဆိုလျှင် သုံးကြိမ်မြောက်ပြီဖြစ်သည်။ ပထမဆုံးအကြိမ်သည် သူငရဲပြည်ကို စရောက်စဥ်ကဖြစ်ပြီး ယမမင်းကြီးသည် သူ့ကို နှုတ်ဆက်ကြိုဆိုကာ မဟာရောရု၀ငရဲတွင် နေရာချပေးခဲ့သည်။ ဒုတိယအကြိမ်မှာမူ ရောရု၀သည် ဥဒဿ ငရဲငယ်တစ်ခုတွင် တာ၀န်လှည့်လည် ထမ်းဆောင်နေရစဥ် အပြစ်သိပ်မကြီးသော ငရဲသားတစ်ဦးဆိုက်ရောက်လာသဖြင့် ယမမင်းစစ်တမ်းအတွက် ယမမင်းကြီးထံသို့ ထိုငရဲသားကို ပို့ဆောင်ပေးခဲ့ရခြင်းပင်။

ထိုဒုတိယအကြိမ်တွင် ရောရု၀သည် သေမင်းတမန်ငါးပါး အကြောင်းကို သိခဲ့ရလေသည်။ ထိုစဥ်က အဖြစ်အပျက်များကို ငရဲထိန်းရောရု၀သည် ရှင်းလင်းစွာ မှတ်မိနေသေးသည်။

ထိုနေ့က အသစ်ရောက်သော ငရဲသားသည် လူ့ပြည်တုန်းက လူလိမ်တစ်ဦးဖြစ်ခဲ့ဖူးသည်။ ထိုသူသည် လူ့ဘ၀တလျှောက်လုံး လိမ်လည်စားသောက်ခဲ့သော်လည်း ငရဲကြီးရှစ်ထပ်သို့ တိုက်ရိုက်ကျလောက်သည့် အကုသိုလ်ကြီးကြီးမားမား မရှိခဲ့သဖြင့် ယမမင်းကြီးက ငရဲပြည်မှ လွတ်လိုလွတ်ငြား စစ်ဆေးပေးလိုခြင်းပင်။ အဆိုပါ လူလိမ်သည် မျက်စေ့သူငယ် နားသူငယ်နှင့် ယမမင်းရှေ့သို့ ရောက်လာခဲ့သည်။ (ဤနေရာတွင် ပြောလိုသည်မှာ ငရဲပြည်တွင် ငရဲသားများသည် အမြဲလိုလို လူ့အသွင်နှင့်သာရှိသည်။ ၃၁ ဘုံ၏ သဘောမှာ အနိမ့်အမြင့် အတက်အကျရှိတတ်သည်။ တိရစ္ဆာန်များသည်လည်း တကယ်တော့ အပါယ်ဘုံသားများပင်ဖြစ်သည်။ ထို့ကြောင့် တိရစ္ဆာန်များသည် မောဟများသော်လည်း သူတို့၏ စိတ်သန္တာန်အလျောက် ရည်ရွယ်ပြီး ပြုမိသော အကုသိုလ်သည် ရှားသည်။ ထိုတိရစ္ဆာန်အပါယ်ဘုံပြီးလျှင် အကုသိုလ် နည်းသွား၍ အထက်သို့ တက်သည်မှာ များပြီး ငရဲပြည်သို့ ပြန်ကျသည်က ရှားတတ်သည်။ များသောအားဖြင့် အဟိတ်တိရစ္ဆာန်ဘုံဘ၀များတွင်သာ ကမ္ဘာပေါင်းများစွာ ကျင်လည်နေရလေ့ရှိသည်။ အကယ်၍ တိရစ္ဆာန်ဘ၀များပြီးဆုံး၍ ငရဲသို့ ပြန်ရောက်သည်ဆိုလျှင်လည်း ထိုတိရစ္ဆာန်ဘ၀များမတိုင်မီ အနီးစပ်ဆုံး ရှေးဘ၀က ဖြစ်ခဲ့ဖူးသော လူသားပုံရိပ်အတိုင်းသာ ပြန်ဖြစ်ရသည်။ နတ်ပြည်မှ ငရဲတန်းကျသော ဘုံသားများသည်လည်း ထိုနည်းလည်းကောင်းပင်။ နောက်ဆုံးဖြစ်ခဲ့ဖူးသော လူသားပုံရိပ်အတိုင်း ငရဲပြည်သို့ သွားကြရလေသည်။)

ထိုလူလိမ် ယမမင်းကြီးရှေ့ရောက်လျှင် ယမမင်းကြီးသည် ချက်ချင်းဆိုသလိုပင် လူ့ပြည်မှ မွေးကင်းစကလေးငယ်လေးတစ်ဦး၏ ပုံရိပ်ကို ဖန်ဆင်းကာ လူလိမ်အား ပြခဲ့သည်။

‘အသင်ဘုံသား။ ဤကလေးငယ်ကိုတွေ့ရသည့်အတွက် အသင့်မှာ ဘယ်လိုစိတ်မျိုးဖြစ်ပါသလဲ’

လူလိမ်သည် ပြောင်နေသော ကတုံးကို ပွတ်ပြီး ဘေးတွင် မားမားကြီးရပ်နေသော ရောရု၀ကို မရဲတရဲလှည့်ကြည့်လိုက်သည်။ သို့သော် တောင်ပူစာတစ်လုံးမျှ အမြင့်ရှိပြီး အစွယ်ကြီးတွေ ငေါထွက်နေသည့် နီကြင်‌သော အရေပြားနှင့် ငရဲထိန်းကြီးသည် အားကိုးစရာထက် ပိုပြီး ထိတ်လန့်စရာဖြစ်နေလေသည်။

‘အ.. အရှင်မင်းကြီး ဘုရား။ ကျွန်… ကျွန်တော်မျိုး - လူ့ဘ၀မှာ ဒီလို ကလေးလေးမျိုး ပြန်ဖြစ်ပါရစေဘုရား။ အဲ့ကျ.. ကျ...။ ကျွန်တော်မျိုး မလိမ်တော့ပါဘူးဘုရား။

‘အဖြေမှားတယ်’

ယမမင်းကြီး၏ အသံနက်ကြီး ထွက်လာပြီး - ကလေးငယ်၏ ပုံရိပ်သည် ဟုန်းကနဲ ပျောက်ကွယ်သွားသည်။ လူလိမ် ကတုံးသည် တကိုယ်လုံး တုန်တက်သွား၏။ ထို့နောက် ချက်ချင်းပင် ယမမင်းသည် အိုမင်းသော အဘွားအိုတစ်ဦး၏ ရုပ်သွင်ကို ဖန်ဆင်းပြီး ပြပြန်လေသည်။

‘အ.. အဘွားက အသက်ရှည်တယ် အရှင်ဘုရား။ ကျွန်… ကျွန်တော်မျိုး အဘွားလို အသက်ရှည်ရှည်… နေ...’

‘မှားတယ်’

အဘွားအို၏ ပုံရိပ် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ပေါ်လာသည်မှာ အိပ်ရာထဲတွင် ခွေပြီး နာမကျန်းဖြစ်နေသော လူလိမ်၏ ပုံရိပ်။

‘အဲ… အဲတုန်းက တော်တော် နေမကောင်းဖြစ်တာဘုရား။ ကုဖို့က ဆေးဖိုးလည်းမရှိ။ ဆေးဖိုးသာ တတ်နိုင်ခဲ့ရင်...’

ဟုန်း….။

လူနာ၏ ပုံရိပ်ပျောက်သွားပြန်သည်။ ထို့နောက်ပုံရိပ်မှာ လူလိမ်ကိုယ်တိုင်၏ အသုဘ။ သူ သေဆုံးနေသည့်ပုံ။ အသုဘတွင် လိုက်ပို့သူ တစ်ဦးမှ မရှိကြချေ။ လူလိမ်သည် ထိုပုံရိပ်ကို ကြည့်နေရင်းနှင့် မျက်ရည်များကျလာသည်။ ယမမင်းသည် လူလိမ်၏ အရိပ်အကဲကို ကြည့်နေသည်။

‘အသင်ဘုံသား။ နောင်တ တစုံတရာ ရသလား’

‘ရတယ်ဘုရား။ အဲလို အသုံးမကျတဲ့ မိတ်ဆွေတွေနဲ့ နောင်ဘ၀တွေမှာ လုံး၀မပတ်သက်ဖို့။ လိုရင် တမျိုး မလိုရင်တမျိုး။ အသုံးလိုရင်တော့ ပိုက်ဆံလာချေးရတာနဲ့… အရက်ဖိုးမရှိလို့ ၀ယ်တိုက်ရတာနဲ့...’

၀ုန်း….။

ယမမင်းကြီးသည် ပုံမှန်အားဖြင့် ငရဲသားများရှေ့တွင် မျက်နှာအမူအရာမပြောင်းသော်လည်း စိတ်တော့ အတော်ပျက်နေမည်မှာ သေချာလေသည်။ မွေးကင်းစကလေး၊ သူအို၊ သူနာ၊ သူသေ ပုံရိပ်များပြပြီး၍ နောက်ဆုံး သေမင်းတမန်ပုံရိပ်အနေနှင့် ယမမင်းကြီးသည် အကျဥ်းသားတစ်ဦး၏ ပုံရိပ်ကို ပြခဲ့သည်။ ထိုသူသည် သံတိုင်များ၏ နောက်တွင် ရှိနေခဲ့သည်။ အကျဥ်းသားသည် ပိန်လှီပြီး စိတ်ဓာတ်ကျဆင်းနေသည်။ လူလိမ်သည် ထိုအကျဥ်းသားကို အသေအချာကြည့်လိုက်ပြီး -

‘အရှင်မင်းကြီး - ကျွန်တော်မျိး အကျဥ်းခံရမယ်ဆိုလည်း ခံပါ့မယ်ဘုရား။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ ပြစ်မှုတွေအတွက် ကိုယ်တိုင် လျှောက်လဲချက်လေးတော့ တင်ခွင့်ပေးပါဘုရား။ ကျွန်တော်မျိုး အမှန်အတိုင်း ကျမ်းကျိန်ပြီး ထွက်ဆိုပါ့မယ်ဘုရား’

၀ုန်း...။

‘အသင့် အဖြေ ငါးခုစလုံး မမှန်ဘူး အသင် ဘုံသား။ ကဲ အသင့်ကို ငါကိုယ်တော် နောက်ဆုံး အခွင့်အရေးပေးမယ်’

‘မှန်လှပါဘုရား’

‘အသင် လူ့ဘ၀မှာတုန်းက ကုသိုလ်ကောင်းမှု ပြုခဲ့ဖူးသလား’

လူလိမ် သူ၏ ကတုံးပြောင်ကို ပွတ်ပြီး အတော်ကြာစဥ်းစားနေသည်။ ခဏကြာမှ -

‘ပြုဖူးတယ်ဘုရား။ ကျွန်တော်မျိုး -’

ယမမင်းကြီး လူလိမ်ကို အလျင်အမြန်လက်ကာပြလိုက်သည်။

‘တော်တော်။ အသင် လူ့ဘ၀မှာ လိမ်ရတာနဲ့တင် အကုသိုလ်က ငရဲကျဖို့ လုံလောက်နေပြီ။ ဒီမှာပါ ဆက်ပြီး အကုသိုလ်မယူပါနဲ့တော့။ ကဲ - ရောရု၀။ သူ့ကို ဥဒဿငရဲမှာပဲ ဆက်ထားပြီး အပြစ်ကျေတဲ့အထိ သန့်စင်ပေးလိုက်ပါ’

‘မှန်ပါ့ဘုရား’

…………………………………….

ဤသည်မှာ ရောရု၀နှင့် ယမမင်းကြီးတို့ ဒုတိယအကြိမ်တွေ့ဆုံခဲ့ခြင်းပင်။ ထိုစဥ်ကတည်းက ရောရု၀သည် သေမင်းတမန်ငါးပါး စစ်တမ်း၏ အဖြေများကို စဥ်းစားနေခဲ့မိသည်။ အခြားသော ငရဲထိန်းများ၏ အပြောအရ အဖြေမှန်ဖူးသော ငရဲသားများရှိပြီး ထိုငရဲသားများသည် ငရဲပြည်မှ လွတ်မြောက်သွားခဲ့ဖူးသည်။ သို့သော် ငရဲထိန်းများကိုယ်တိုင်ပင် ထိုသေမင်းတမန်စစ်တမ်း၏ အဖြေများကို သေချာပေါက် အတပ်မသိကြချေ။

ယနေ့တွင်မူ ရောရု၀သည် ယမမင်းကြီးရှေ့မှောက်သို့ ငရဲထိန်းအဖြစ်မဟုတ်တော့ဘဲ အပြစ်သားတစ်ဦး အနေနှင့် လာရောက် အစစ်ဆေးခံရပေတော့မည်။

…………………………………………..

စေတမန်နှင့် ရောရု၀တို့သည် ရှည်လျားမှောင်မည်းလှသော ဥမင်ကြီးတလျှောက် လျှောက်လာခဲ့ကြသည်။  သူတို့သည် ငရဲပြည်တစ်ထပ်မှ တစ်ထပ်သို့ သွားတိုင်း ယခုလို ဖြတ်သန်းသွားရသည်။ စေတမန်၏ အကူအညီမပါဘဲ တစ်နေရာမှ တစ်နေရာသို့ မရောက်နိုင်ချေ။ စေတမန်သည်လည်း နတ်သားတစ်ပါးပင်ဖြစ်သည်။ သူသည် မြေကသိုဏ်းကို စျာန်ခုနစ်ဆင့်အထိ အောင်မြင်ပြီးထားသူလည်း ဖြစ်သည်။ စေတမန်နတ်သားသည် မြေကသိုဏ်းတန်ခိုးနှင့် မြေကြောများကို ရှုံ့ပစ်နိုင်သည်။ ယူဇနာသန်းပေါင်း‌များစွာ ‌ဝေးကွာသော ခရီးကို တစ်မိုင်အကွာအ‌ဝေးထိ ရှုံ့လိုက်နိုင်သည်။ တောင်တန်းကြီးများအကြားတွင် ဥမင်ကြီးများကို ဖန်တီးကာ လိုသလို ခရီးသွားနိုင်သည်။ ထိုအစွမ်းများကြောင့် မြေကသိုဏ်းအောင်ပြီးသော နတ်သားများကို ငရဲပြည်တွင် စေတမန်များအဖြစ် တာ၀န်ပေးထားခြင်းပင်။

တဖြည်းဖြည်းနှင့် ယမမင်း နန်းတော်ကြီးနှင့် နီးကပ်လာပြီဖြစ်ကြောင်း ရောရု၀သိလိုက်သည်။ အကြောင်းမှာ ယမမင်းကြီး၏ နန်းတော်ကြီးသည် ၃၁ ဘုံတွင် အင်မတန်မှ တိတ်ဆိတ်လှသော နေရာကြီး ဖြစ်သောကြောင့်ပင်။ ကျွန်တော်တို့သည် က‌လေးဘ၀က ယုံတမ်းပုံပြင်များထဲတွင် ကြားဖူးနား၀နှင့် ယမမင်းကြီးဆိုလျှင် အင်မတန်ကြောက်စရာကောင်းသော ငရဲထိန်းကြီးအဖြစ် စိတ်ကူးပုံဖော်မိခဲ့ကြသည်။ အမှန်တော့ ယမမင်း မဟိဒ္ဓိက သည် နတ်ဘီလူးကြီးတစ်ပါးဖြစ်သော်လည်း နတ်ကောင်းနတ်မြတ်တစ်ပါးဖြစ်သည်။ သူသည် ငရဲသားများ လွတ်ရာလွတ်ကြောင်းအတွက် အမြဲနည်းလမ်းရှာပေးလေ့ရှိသည်။ ထို့ကြောင့်လည်း အပြစ်ပေါ့သော ငရဲသားများကို သေမင်းတမန်ငါးပါး စသည့်မေးခွန်းများမေးခြင်း၊ ကုသိုလ်ကောင်းမှုများကို အမှတ်ရစေရန် အခွင့်ပေးခြင်းတို့ကို အမြဲဆောင်ရွက်ပေးခြင်းပင်။

ရောရု၀တို့သည် ဥမင်လိုဏ်ခေါင်းတဘက်မှ ထွက်ကာ ယမမင်းနန်းတော်ကြီးထဲသို့ ခြေချမိလိုက်ကြသည်။ ဤယမမင်းနန်းတော်သည် ငရဲပြည်၏ မည်သည့်နေရာတွင် ရှိကြောင်း ယမမင်းနှင့် စေတမန်တို့မှ လွဲပြီး မည်သူမျှ မသိရှိကြ။ နန်းတော်ကြီးသည် မဟာရောရု၀ငရဲကြီး၏ လွင်ပြင်ကြီးတစ်ခုစာမျှပင် ကျယ်၀န်းပေလိမ့်မည်။ အနက်ရောင် မဟူရာကျောက်သားနှင့် ထုဆစ်ထားသည့် နန်းတော်တိုင်လုံးကြီးများသည် ကြမ်းပြင်မှသည် ဟိုးအထက်ဘက်ဆီသို့ အဆုံးအစမရှိမြင့်မားစွာ ထိုးတက်သွားနေကြသည်။ တိုင်လုံးကြီးများသည် သောင်းနှင့် သိန်းနှင့် ချီပြီး အရပ်လေးမျက်နှာသို့ ကျယ်ပြန့်ထွက်သွားကြ၏။ ဟိုးအ‌ဝေး မျက်စိတဆုံးတွင် အမှောင်ထုသာရှိတော့သဖြင့် နန်းတော်ကြီး၏ အဆုံးသတ်နံရံများကို မမြင်နိုင်။ နန်းတော်ကြီးသည် အမှောင်အတိကျသည်ဟု မဆိုသာသော်လည်း အမှောင်ဘက်သို့ ဖုံးလျက်ရှိသည်။ နန်းတော်ထဲတွင် မီးအိမ်ဟူ၍ မရှိ၊ အလင်းရောင်၀င်ပေါက်ဟူ၍ မရှိ။ မဟူရာကျောက်သားများသည် အနက်ရောင်အတိမဟုတ်ဘဲ ကျောက်သားများထဲတွင် အလင်းကဲ့သို့သော အရည်တစ်မျိုး၀နေသဖြင့် ထိုကျောက်များထဲမှ နန်းတော်ထဲတွင် မြင်နိုင်လောက်သည့် အလင်းကို ထုတ်ပေးနေခြင်းဖြစ်သည်။

ယခုအခါ စေတမန်နတ်သားသည် ရောရု၀ရှေ့မှ ဦးဆောင်ပြီး လျှောက်သွားနေသည်။ ရောရု၀သည် ဤနေရာသို့ နှစ်ကြိမ်ရောက်ရှိဖူးပြီဖြစ်သော်လည်း ယခုအခါ အပြစ်ရှိသူတစ်ဦးဖြစ်သဖြင့် စိတ်လှုပ်ရှားနေမိသည်။ ပတ်၀န်းကျင်ကို ပိုပြီး အာရုံပြုမိသည်။ သူသည် ခါးကြားရှိ သုံးခွမှိန်းတံကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ စေတမန်သည် သူ့လက်နက်ကြီးကို မြင်သော်လည်း ဂရုမစိုက်ခဲ့။ ဤငရဲပြည်တွင် ယမမင်းကြီးကို အန္တရာယ်ပြုနိုင်စွမ်းသည့်သူ မည်သူမျှ မရှိသောကြောင့် ဖြစ်လေသည်။ သူတို့နှစ်ဦးသည် ခြေလှမ်းပေါင်းများစွာ လျှောက်ပြီးလျှင် ယမမင်းကြီး၏ ပလ္လင်ကြီးနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ပြန့်ပြူးသော မဟူရာကျောက်သားကြမ်းပြင်သည် ကျယ်ပြန့်သော လှေကားထစ်ကြီးများအဖြစ် တဆင့်ချင်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ ရောရု၀သည် လေးလံသော နှလုံးသားနှင့် ထိုလှေကားထစ်ကြီးများကို တက်ရပြန်လေသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် ငရဲပြည်ကြီး၏ အရှင်သခင် ယမမင်းကြီး  မဟိဒ္ဓိက ရှေ့တော်မှောက်သို့ ရောက်ရှိသွားကြသည်။

‘ငရဲထိန်း ရောရု၀ ရောက်ရှိကြောင်းပါ အရှင်မင်းကြီးဘုရား’

ဆယ်တောင်မျှ မြင့်မားသော မဟူရာကျောက်သားပလ္လင်ကြီးပေါ်တွင် ထိုင်လျက်ရှိသည့် ယမမင်းကြီးသည် သူ၏ ကြီးမားသော ကိုယ်လုံးကြီးကို ရှေ့သို့ကိုင်းပြီး ရောရု၀ကို ငုံ့ကြည့်လိုက်သည်။ သူ၏ လက်ယာဘက်တွင် အ၀ီစိငရဲမှ ချော်ရည်ပူကို လုံထဲထည့်ကာ ပုံသွင်းထုဆစ်ထားသည့် ဧရာမ တောင်‌ဝှေးကြီးရှိပြီး လက်၀ဲဘက်တွင်မူ မိစ္ဆာဖမ်းကျော့ကွင်းကြီးကို ပလ္လင်လက်ရမ်းတွင် ချိတ်ဆွဲထားသည်။ ယမမင်းကြီးသည် ရောရု၀ကဲ့သို့ပင် ခေါင်းပေါ်တွင် ဦးချိုကြီးနှစ်ဘက်ပေါက်နေသည်။ သို့သော် သူ၏ အသားအရေသည် ငရဲထိန်းများကဲ့သို့ နီမြန်းမနေဘဲ မီးခိုးရောင်သမ်းနေခဲ့သည်။

ယမမင်းသည် ချမ်းသာသောဘုံဘ၀များနှင့် ဆင်းရဲသော ဘုံဘ၀များကြားရှိ ဂိတ်တံခါးကို စောင့်ပေးရသော နတ်မင်းတစ်ပါးဖြစ်သည်။ တနည်းပြောရလျှင် အလင်းနှင့် အမှောင်ကြား အုပ်စိုးရသော ဘုရင်ကြီးတစ်ပါးဖြစ်သည်။ ထို့ကြောင့်လည်း သူ၏အသွင်သည် အလင်းလည်းမဟုတ်၊ အမှောင်လည်း မဟုတ်။ အဆိုးလည်းမဟုတ်။ အကောင်းလည်းမဟုတ်။ ယမမင်းသည် ဦးချိုကြီးတကားကားရှိပြီး မျက်နှာကြီးမှာ ရှည်လျား၍ ပါးစပ်ထဲတွင် ငရဲထိန်းနတ်ဘီလူးများကဲ့သို့ အစွယ်ကြီးများရှိ၍ ကြောက်စရာကောင်းသော်လည်း တချိန်ထဲမှာပင် တည်ကြည်ခန့်ငြားသော ဥပဓိရုပ် အပြောအဆို အမူအကျင့်များကို ပိုင်ဆိုင်သူဖြစ်သည်။ သူ၏ ကိုယ်လုံးကြီးသည် ကြွက်သားများ အပြိုင်းပြိုင်းနှင့် သန်မာပြီး မီးခိုးရောင် အသားအရေသည် လှုပ်ရှားလိုက်လျှင် စိန်ပွင့်များစီထားသလို တလက်လက်ဖြစ်သွားရာ အင်မတန်ပင် မျက်စိပဒါသ ရှိလှလေသည်။ ယမမင်း မဟိဒ္ဓိက သည် မည်သည့်ချပ်၀တ်တန်ဆာ၊ ၀တ်ရုံ၊ မကိုဋ်ကိုမျှ ၀တ်ဆင်လေ့မရှိ။ သာမန်ငရဲထိန်းများ ၀တ်လေ့ရှိသည့် သားရေပြား နံငယ်ပိုင်းကိုသာ ၀တ်ထားလျက်ရှိသည်။ ယမမင်းကြီးသည် ရောရု၀ကို မြင်လျှင် စိတ်အားထက်သန်စွာ မဟူရာပလ္လင်ကြီးပေါ်မှ သင့်တော်ရုံ အိန္ဒြေကိုဆောင်ပြီး ခုန်ဆင်းလိုက်၏။ သူ၏ သန်မာသော အမြီးကြီးက ခြေနှစ်ချောင်း၏ နောက်တွင် ထောက်ကာ တည်ငြိမ်စွာ ကြမ်းပေါ်သို့ ရောက်ရှိလာခဲ့သည်။

‘ရောရု၀။ အသင့် သတင်းကဖြင့် အတော် မွှေးလှပါကလား’

ရောရု၀ မမျှော်လင့်ထားသော ကြိုဆိုမှုကို မြင်ရသဖြင့် အံ့သြသွားခဲ့သည်။ သူသည် အပြစ်သားတစ်ဦး မဟုတ်ပါလား။ သို့သော် ယမမင်း၏ လှိုက်လှဲသော အမူအရာက သူ့စိတ်ကို ရှုပ်ထွေးသွားစေသည်။ စေတမန်နှင့် ရောရု၀တို့သည် ယမမင်းကြီးကို အရိုအသေပြုလိုက်ကြ၏။

‘မှန်လှပါ အရှင်မင်းကြီးဘုရား’

‘အိမ်း။ အသင့် လာရင်းကိစ္စကို ငါကိုယ်တော် သိပြီးဖြစ်ပေတယ်။ အင်း။ စေတမန်နတ်သား။ ကောင်းလေစွ။ အသင် ခဏနားနိုင်ပါပြီ။ ငါကိုယ်တော် အသင့်ကို လိုအပ်ရင် ဆင့်ခေါ်လိုက်ပါမယ်’

စေတမန်နတ်သားသည် နောက်တစ်ကြိမ်ဦးညွတ်အရိုအသေပြုပြီးလျှင် ခြောက်ခြားစရာကောင်းလှသော တိတ်ဆိတ်ခြင်းတစ်မျိုးနှင့် နန်းတော်ကြီးထဲ၏ အမှောင်ရိပ်များထဲသို့ ရွေ့လျား၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။

‘အရှင်မင်းကြီး၊ ကျွန်တော်မျိုး တင်လျှောက်ပါရစေဘုရား’

‘ရောရု၀။ ငါအားလုံးကို သိပြီးပါပြီ။ ပုတိကရဲ့ တိုင်ကြားချက်ကိုလည်း နားထောင်ပြီးပြီ။ အေးကွယ်။ ငရဲပြည်မှာ ငရဲထိန်းတွေ ရန်ဖြစ်ကြတာ။ အချင်းချင်း သတ်ကြဖြတ်ကြတာဟာ အဆန်းတော့ မဟုတ်ပေဘူး။ နောက်ဆုံးတော့ ငါတို့ရောက်နေတဲ့နေရာဟာ ငရဲပြည်ပဲ မဟုတ်လား။ လူ့ပြည် နတ်ပြည်လိုတော့ ဘယ်သာယာပါ့မလဲ’

ယမမင်းသည် ရောရု၀ကို ပြောနေရင်းမှ တကိုယ်တည်း ရေရွတ်နေသည့်နှယ် ဖြစ်သွားခဲ့သည်။ ငရဲထိန်းသည် ယမမင်း၏ နောက်ဆုံးစကားကို မနှစ်မြို့သော်လည်း ဆိတ်ဆိတ်သာ နေလေသည်။ ဤသည်ကို ရိပ်မိသွားပုံရသော ယမမင်းသည် -

‘ငါကိုယ်တော် ကြားသိရတယ်ဆိုတာ အသင့်ရဲ့ ငရဲထိန်းတာ၀န်အပေါ် လေးလေးနက်နက် ကျေပွန်မှုပဲ ရောရု၀။ အသင့်လို ငရဲထိန်းမျိုး ငါ့ရဲ့ ယမမင်း သက်တမ်းတလျှောက် တခါမှ မတွေ့ဖူးပေဘူး’

နတ်ဘီလူးကြီးရောရု၀ ယမမင်းရှေ့တွင် မားမားကြီး ရပ်နေမိသည်။ သူ ဘာပြန်ပြောရမည်မသိ။ ယမမင်းသည် သန်မာထွားကြိုင်းလှသော်လည်း ရောရု၀သည် ယမမင်းလောက်နီးနီး ခွန်အားဗလရှိလေသည်။ မီးခိုးရောင်နှင့် အနီရောင် နတ်ဘီလူးကြီးနှစ်ကောင်ကို ကြည့်ရသည်မှာ သာမန် အသည်းငယ်သူဆိုလျှင် ခေါက်ကနဲ လဲကျသေဆုံးသွားနိုင်သည်။

‘ပုတိကကို ခေါင်းရိုက်ခွဲမိတဲ့အတွက် ကျွန်တော်မျိုးမှာ အပြစ်ရှိကြောင်းပါ။ အရှင်မင်းကြီး ပေးအပ်မည့် အပြစ်ကို ခံယူရန် အသင့်ရှိကြောင်းပါဘုရား’

ရောရု၀၏ စကားကို ကြားလျှင် ယမမင်းကြီး သဘောကျစွာ ပြုံးလိုက်သည်။

‘ကောင်းလေစွ။ အသင်က လိုရင်းကိုပဲ ပြောလိုဟန်ရှိပေတယ်။ ကဲပါလေ - အသင့်အချိန်တွေကို ငါကိုယ်တော် ဆက်ပြီး မဖြုန်းတီးတော့ပါဘူး။ အသင် အပြစ်ရှိတာ မှန်ပါပေတယ်။ ဒီအတွက် အသင့်ကို ငါ ကိုယ်တော် အပြစ်ပေးရမယ်ဆိုတာလည်း မှန်ပါတယ်’

ငရဲထိန်းကြီး ရင်ကို ပိုပြီးကော့ကာ ရပ်လိုက်သည်။ သူ့စိတ်ထဲတွင် လှုပ်ရှားနေသည်ကတော့ အမှန်ပင်။ ယမမင်းပေးမည့် အပြစ်ဒဏ်ကို မကြောက်သောသူ ရှိပါမည်လား။ ဤတကြိမ်တွင်တော့ ယမမင်းသည် သူ့ကို အပြစ်မှလွတ်အောင် အခွင့်အရေးပေးမည့်ပုံမပေါ်ချေ။ သေမင်းတမန်ငါးပါး မေးခွန်း မေးဦးမည်လား။ ...တောက်...။ ငါဘာလို့ အဖြေမှန်သိအောင် ခုထိ မစုံစမ်းရသေးတာလဲ။ အခုတော့ ခက်ပြီမဟုတ်လား။ ငါ့ကို မေးခဲ့ရင် မှန်အောင် ဖြေနိုင်တော့မှာ မဟုတ်ဘူး…။ ရောရု၀ စိတ်ထဲတွင် အတွေးတွေ တခုပြီး တခု ပေါ်လာတော့သည်။

‘အသင့်အပြစ်ဒဏ်ကတော့ ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးထပ်ဖြစ်တဲ့ အ၀ီစိငရဲမှာ ငါကိုယ်တော် နောက်ထပ် ငရဲထိန်းအသစ်မရခင် တာ၀န်သွားထမ်းဆောင်ဖို့ပဲ’

ထိုအပြစ်ပေးချက်ကို ကြားရလျှင် ပထမ၌ ရောရု၀သည် ပျော်ရမလား၊ စိတ်ညစ်ရမလား မ‌ေ၀ခွဲနိုင်အောင် ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ပထမအချက်အနေနှင့် သူသည် အ၀ီစီ သို့ တခါမျှ မရောက်ဖူးချေ။ သူ့အနေနှင့် မဟာရောရု၀ငရဲထက်ပိုနက်သော ငရဲပြည်သို့ မရောက်ဖူး။ အ၀ီစိသည် မဟာရောရု၀အောက် သုံးထပ်ပိုနက်သည့် ငရဲပြည်ကြီးဖြစ်သည်။ အမိသတ်၊ အဖသတ်၊ ရဟန္တာသတ်၊ ဘုရားရှင်ကို ဒဏ်ရာရအောင်လုပ်သည့် အကြီးဆုံးသော အပြစ်သားများ ကျခံရသည့် ငရဲပြည်ကြီးဖြစ်သည်။ အ၀ီစိသို့ မည်သည့် ငရဲထိန်းမျှ မသွားချင်ကြပေ။ ထို့ကြောင့်လည်း ယမမင်းသည် ယခုစနစ်ကို ကျင့်သုံးရခြင်းဖြစ်သည်။ သူသည် ငရဲထိန်းများထဲမှ အပြစ်လုပ်သူများကို အပြစ်ကြီးလျှင် ကြိမ်ဒဏ်ပေးပြီး အပြစ်ငယ်လျှင် အ၀ီစိတွင် အလှည့်ကျ တာ၀န်သွားထမ်းဆောင်စေလေ့ရှိသည်။ ထိုထက်အပြစ်ကြီးလွန်းလျှင်မူ ဥဒဿငရဲတွင် ကာလအတိုင်းအတာတစ်ခုအထိ အကျဥ်းချထားလေ့ရှိသည်။

ယခု ယမမင်းက ရောရု၀၏ အပြစ်သည် သိပ်မကြီးဟု ယူဆသည့်အတွက် သူ့ကို အ၀ီစိတွင် တာ၀န်သွားထမ်းဆောင်ရန် စေလွှတ်လိုက်လေပြီ။ ရောရု၀ စိတ်ပူရခြင်းမှာ အ၀ီစိသည် အနက်ဆုံးငရဲဖြစ်၏။ ၃၁ ဘုံတွင် အဆိုးဆုံးနေရာကြီးဖြစ်၏။ ထိုနေရာတွင် သူ့အနေနှင့် ပင်ပန်းဆင်းရဲစွာ နေထိုင် အလုပ်လုပ်ရမည်ဖြစ်သည့်အပြင်၊ မဟာရောရု၀ထက် ပိုဆိုးသော အကျင့်ပျက်ခြစားမှုများကို ရင်ဆိုင်ရပေလိမ့်မည်။ အ၀ီစိ၏ ချော်ရည်ပူမီးလျှံများကို သူမကြောက်။ သို့သော် အဆိုးဆုံး ခြစားမှုများကို သူ မည်သို့ ကိုင်တွယ်ရမည်နည်း။ သူ တွေးပြီး စိတ်ပူမိလေသည်။

‘ကဲ စေတမန် နတ်သား။ ရောရု၀ကို အ၀ီစိသို့ အခုပဲ ပို့ဆောင်ပေးလိုက်ပါလေ’

စေတမန်သည် ယခင် ပျောက်ကွယ်သွားစဥ်ကလိုပင် တိတ်ဆိတ်စွာ ပြန်ပေါ်လာပြီး ရောရု၀ကို ရှေ့မှ ဦးဆောင်ကာ ခေါ်ယူသွားခဲ့သည်။ ရောရု၀လည်း ယမမင်းကြီးကို အရိုအသေပြုပြီးလျှင် လေးလံသော ခြေလှမ်းကြီးများနှင့် ငရဲကြီးရှစ်ထပ်၏ အောက်ဆုံးထပ်ဖြစ်သော အဆိုးဆုံး အကြမ်းတမ်းဆုံး၊ ဒုက္ခအကြီးဆုံး အ၀ီစိ ငရဲကြီးဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေတော့သည်။

……………………….

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..