နှလုံးသား အနုကပ္ပ (အပိုင်း ၁၂)
lotaya.mpt.com.mm
|
2022-09-11

Part - 12

မာန်ခိုက်ထင် အိပ်ယာထက်လှဲနေသည့် ချာတိတ်ဆီ လျှောက်လာရင်းမှ ကိုယ်ပူသေးလား သိချင်သဖြင့် နဖူးကိုလက်ဖြင့် အသာစမ်းကြည့်လိုက်သည်။ ကိုယ်လေးကနွေးနေသလို မျက်နှာလေးကညှိုးနေတာမို့ အိပ်ယာပေါ်တက်ကာ အနားဝင်ထိုင်ရင်း .....

" ချာတိတ်....."

နူးညံ့လွန်းသည့်ခေါ်သံကြောင့် ဖယောင်း ပါးပြင်ထက်မျက်ရည်စတို့က စီးကျလာရပြန်သည်။ ဘာမှန်းမသိ အရမ်းကိုဝမ်းနည်းနေတာပဲ ခံစားရသည်။

" ချာတိတ်ရယ်.....ကိုယ် တကယ်တောင်းပန်ပါတယ်။ ကိုယ်လေ....ကိုယ် ချာတိတ်ကို အရမ်းစိုးရိမ်လို့။ "

ဖယောင်း ပါးပြင်မှ မျက်ရည်စတို့ကို တစ်ရှူးဖြင့် အသာဖွဖွသုတ်ပေးသလဦးမာန်ဟာ ညနေကပုံစံဖြင့် အကွာကြီးကွာသွားပြန်သည်။ ညနေက ဒေါသမာန်မာနကြီးပြီး အဆင့်အတန်းခွဲခြားသည့် ဦးမာန်မှ ဟုတ်ပါလေစဟု ထင်ရသည်။ ပါးပြင်ကို နွေးခနဲ အနမ်းခံလိုက်ရသလို ဖယောင်းအိပ်နေသည့် ဘေးဝင်လှဲကာ လူကို သူ့ရင်ခွင်ထဲဆွဲထည့်ထားသဖြင့် ဖယောင်း မျက်ဝန်းတို့ကို စုံမှိတ်ထားမိသည်။ 

ဦးမာန်ဟာ ဖယောင်းကို မချစ်ဘူး။

ဖယောင်းကသာ ဦးမာန်ရဲ့အချော့အမြူ ၊ အထိအတွေ့ ၊ ကြင်နာမှုတွေ ယောကျာ်းပီသမှုတွေမှာ ပျော်ဝင်ချစ်မိခဲ့ရသည်။ ဦးမာန်ကတော့ ဖယောင်းကိုမချစ်....ဒါကြောင့်မို့ ရက်စက်နိုင်သည်။ 

--------------------------

ဦး

" မာန်ခိုက်ထင်.. "

" ဟုတ်ကဲ့ မေမေ။ "

" မင်း ဘယ်လိုလုပ်လိုက်တာလဲ....ဟမ်။ ငါ ပြင်ဦးလွင်ကို တစ်ရက်ကလေးသွားတာ မင်း ငါ့သမီးကိုအနိုင်ကျင့်တယ်။ မင်းလက်ပါစရာလား....."

မာန်ခိုက်ထင် ခေါင်းငုံ့ထားသလို ဖယောင်းလဲ သူ့ဘေး ကျုံ့ကျုံ့လေးထိုင်နေ၏။ 

" ကျွန်တော်မှားတာ သိပါတယ် မေမေ။ "

" မင်း...."

ပြောရင်းကို ဒေါသထွက်လာသဖြင့် ဒေါ်ရွှေရည် သားဖြစ်သူကိုရိုက်ရန် လက်ရွယ်မိတော့ ဖယောင်းပန်းက ကပျာကယာ ထတားရှာသည်။ 

" မလုပ်ပါနဲ့ မေမေ.... ဦးမာန်ကို မလုပ်ပါနဲ့ ။ ဖယောင်းလဲ မှားပါတယ်.... ဦးမာန်ကိုပြန်ပြောမိတာ.... ဒါကြောင့် ဦးမာန်စိတ်ဆိုးသွားတာပါ။ "

ကြည့်ပါလား.....နှလုံးသားဟာ ကိုယ့်စိတ်တိုင်းကျ မဖြစ်ပါဘူးဆို။ စိတ်ဆိုး စိတ်ကောက်ပစ်ချင်ပေမယ့် မေမေ ဦးမာန်ကိုဆူပြီး ဦးမာန်အဆူခံနေရတာမြင်တော့ ရင်ထဲက ထိခိုက်ရပြန်သလို ခေါင်းငုံ့နေရသည့် ကိုယ့်ခင်ပွန်းဖြစ်သူအား မကြည့်ရက်ပဲ သနားစိတ်က ယိုဖိတ်သည်။

မာန်ခိုက်ထင် ချာတိတ်ပုံစံကြောင့် ကြည်နူးစွာပြုံးမိသလို သူ့လက်မောင်းကို လက်ကလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ သူ့ဘက်က အယူခံဝင်နေသည်ကို သဘောကျမဆုံး။ 

" မာန်ခိုက်ထင်....နောက်တစ်ခါ ငါ့သမီးအပေါ် လက်ပါကြည့်နော်။ "

" စိတ်ချပါ မေမေ။ "

" ဟို....ဖယောင်းတို့အပေါ်တက်တော့မယ်နော် မေမေ......လာလေ ဦးမာန်ရဲ့။ "

သားဖြစ်သူကို အတင်းဆွဲခေါ်သွားကာ နှစ်ယောက်သား အပေါ်တက်သွားသည်ကိုကြည့်ရင်း ဒေါ်ရွှေရည် ပြုံးမိ၏။ ဒါကြောင့် ရှေးလူကြီးတွေက ကြားသုံးကြားမဝင်နဲ့လို့ ပြောကြတာပင်။ 

@@@@@@@@@@@@@

" ချာတိတ်လေး....."

နဖူးချင်းတေ့ထိရင်း ခပ်တိုးတိုး လေသံအေးလေးဖြင့် ခေါ်လာသည့် ဦးမာန်ကြောင့် ဖယောင်း ဦးမာန်ရင်ခွင်ထဲမှ မျက်နှာလေး မော့ကြည့်မိသည်။ မာန်ခိုက်ထင် ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်းမှ ပါးဖောင်းဖောင်းလေးအား အသာပွတ်သပ်၍....

" ချာတိတ် ရည်းစားတွေဘာတွေ ထားဖူးလား။ "

" ဟင့်အင်း.....ယောကျာ်းလေးသူငယ်ချင်းတောင် မရှိဘူး။ ဘာလို့လဲဟင်။ "

မာန်ခိုက်ထင် ခေါင်းခါယမ်းလိုက်မိရင်းမှ ချာတိတ်ဘဝမှာ သူဟာပထမဆုံးသောလူဖြစ်ရတာကို သိပ်ကျေနပ်သွားရသည်။ မတရားမှန်းသိပေမယ့် သူကတော့ ချာတိတ်အတွက် ပထမဆုံးနှင့် နောက်ဆုံးလူဖြစ်ချင်သည်။ 

" ဘာမှမဖြစ်ပါဘူး.....ကိုယ်က ဒီအတိုင်းမေးကြည့်တာ။ "

သူ့စကားကြောင့် ချာတိတ်ပုံစံလေးက မယုံသလိုလေးဖြစ်နေကာ....

" ဦးမာန်က ဖယောင်းလိမ်တယ် ထင်လို့လားဟင်။ "

" မထင်ပါဘူးဗျာ.....ချာတိတ် ကိုယ့်ကိုညာမညာကိုယ်ကြည့်တာနဲ့ သိတယ်။ ဟောဒီဖြူစင်တဲ့မျက်လုံးဝိုင်းလေးတွေက အမှန်အတိုင်းပြောတာမှန်း ဝန်ခံနေတယ်လေ။ "

မာန်ခိုက်ထင် ပြုံးယောင်သမ်းသွားသည့် နှုတ်ခမ်းလေးကို ငေးခနဲ ဖြစ်သွားရသလို ဖိကပ်နမ်းမိတော့ ကိုယ်လုံးသေးသေးလေးက လွန့်ခနဲ ရုန်းချင်လာသည်။ ချာတိတ်ဟာ ဟန်မဆောင်တတ်သလို ပန်းကမှ အနည်းငယ် မိန်းကလေး သဘာဝပဲလေးဘာလေးများတတ်သေးပေမယ့် ချာတိတ်က ကလေးစိတ်။

သူမ သဘောကျခြင်း မကျခြင်းကို မျက်နှာလေးကြည့်ရုံဖြင့် သိနိုင်သလို ရန်လဲစွာတတ်သေးသည်။ ခင်ပွန်း ယောကျာ်းတစ်ဦး၏ ပိုင်ဆိုင်ခွင့်ကို တမင်ရယူသည် မဟုတ်ပဲ သူကိုယ်တိုင် မြတ်နိုးပျော်ဝင်ခြင်းဟု သူခံစားမိသည်။ ကြင်နာခြင်းအပြည့်ဖြင့် နမ်းရှိုက်ထွေးပွေ့ရင်း ချာတိတ် လက်ကောက်ဝတ်မှ စာနီမှတ်လေးကိုပါ သူနမ်းမိသည်။ ချာတိတ်ဆီမှ ဘာမဆို သူမြတ်နိုးသည် မဟုတ်ပါလား။

-----------------------

" သားက စည်းကမ်းအရမ်းကြီးတာ သမီးရဲ့။ ဒေါသလဲ ကြီးတယ်။ "

" ဦးမာန် အဲ့လိုတွေ ပြောလာတာ ဖယောင်းဖြင့် မယုံနိုင်ဘူး မေမေ။ ဦးမာန်ကို အဆင့်အတန်း မခွဲခြားဘူးလို့ ထင်ထားတာ။ "

ချွေးမဖြစ်သူစကားကြောင့် ဒေါ်ရွှေရည် ဟင်းခနဲ သက်ပြင်းချရင်း....

" အင်း.....ဘယ်လိုပြောရမလဲ သမီးရယ်။ သူက အဆင့်အတန်းခွဲခြားတာ မဟုတ်ဘူး.....အသန့်အရမ်းကြိုက်ပြီး အိမ်ဖော်တွေဆို သိပ်မုန်းတာ။ "

ဖယောင်း မျက်လုံးလေးဝိုင်းသွားတော့ ဒေါ်ရွှေရည် မျက်နှာလေးပျက်သွား၏။

" အိမ်ဖော်တွေကို မုန်းတယ် ဟုတ်လား... "

" အဲ....အဲ့လိုလဲမဟုတ်...".

" ချာတိတ်...."

ဧည့်ခန်းဝ ပေါ်လာသည့် မာန်ခိုက်ထင်ကြောင့် ဖယောင်းလှည့်ကြည့်လိုက်မိသလို ဒေါ်ရွှေရည်လဲ သားဖြစ်သူကို စိတ်မလုံစွာ ကြည့်မိ၏။ 

" ချာတိတ်....မနက်စာအပြင်မှာသွားစားမယ်။ "

မာန်ခိုက်ထင် ပြောလဲပြော တစ်လှမ်းချင်း လျှောက်လာကာ ချာတိတ်လက်ကိုဆွဲ၍ အိမ်ထဲမှ ထွက်လာခဲ့သည်။ မာန်ခိုက်ထင် မျက်နှာက သဘောမကျမှုကြောင့် တည်တင်းနေသလို သူ့လက်မောင်းကိုချိတ်ရင်း ငေးခနဲ မော့ကြည့်လာသည့် ချာတိတ်ကိုမြင်တော့ ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်မှာ မျက်နှာဟာ ရွှင်မြူး၍ အချိုပေါ်သကာထပ်ဆမ်းထားသလိုမျိုးအထိပင်။

@@@@@@@@@@@@

စားသောက်ဆိုင်ထဲ ဝင်လာသည်နှင့် အသိမိတ်ဆွေ ရှယ်ယာရှင်တစ်ဦးက လာနှုတ်ဆက်နေသဖြင့် မာန်ခိုက်ထင်  ပြန်နှုတ်ဆက်  နေသလို ချာတိတ်ကတော့ ဗိုက်ဆာနေသဖြင့် အစားအသောက်တွေ သွားရွေးနေပြီဖြစ်သည်။

မနက်စာဘူဖေးမို့ စိတ်ကြိုက်စားချင်တာ ရွေးယူလို့ရသလို ကြွေပန်းကန်ပြားလေးကိုင်၍ ကြက်ဥကြော်ပေးနေတာကို ရပ်ကြည့်နေသည့် ချာတိတ်ပုံစံလေးက ချစ်စဖွယ်အတိ။ ဆံပင်ဂုတ်ဝဲလေးဖြင့် တီရှပ်အမဲလက်တိုလေးကို ဂျင်းဘောင်းဘီပေါင်တိုအဖြူလေးဖြင့် တွဲဝတ်ထားသဖြင့် ဖြူဖွေးနေသည့် ပေါင်တံလေးက အထင်းသားမို့ ဆိုင်ထဲက အခြားကောင်လေးတွေငေးနေတာလဲ သူမြင်နေရသည်။

" ဦးဝေ ခွင့်ပြုပါဦးဗျ.....နောက်မှတွေ့တာပေါ့။ "

ဖယောင်း ကြက်ဥမွှေကြော်ကို ယူပြီးတာနှင့် မုန့်ဟင်းခါးစားရန် မုန့်ဖတ်ကို ညှပ်ကလေးဖြင့်ယူနေစဉ် အနားရောက်လာသည့် ဦးမာန်က အပေါ်ရှပ်အင်္ကျီအဖြူကိုချွတ်၍ ဖယောင်းခါးလေးမှာ လာချည်ပေးသဖြင့် ငေးခနဲ ကြည့်မိတော့ မျက်နှာကြီးက သုန်မှုန်နေ၏။

" ဦးမာန်....."

" နောက်ဆို အတိုတွေမဝတ်စမ်းနဲ့ကွာ.....ဘာမှန်းမသိဘူး...."

" ဦးမာန် မကြိုက်ရင် မဝတ်တော့ဘူးလေ....နော်။"

တကယ်ချွဲတတ်သည့် ချာတိတ်ပင်။ သူ့အနားလေးတိုးကပ်လာရင်း မျက်နှာလေးမော့ကာ ပြောလာပုံက လူကို ဘယ်လိုမှ စိတ်မဆိုးရက်အောင် ဖြစ်စေသည်။ 

ဖယောင်း မျက်နှာပြန်ကြည်သွားသည့် ဦးမာန်ကြောင့် ပြုံးမိသလို နှစ်ယောက်သား မနက်စာအတူစားတော့လဲ ဦးမာန်က ဖယောင်းအပေါ် သိပ်ကိုဂရုစိုက်ပါသည်။ ဦးမာန် ဖယောင်းကို ဂရုစိုက်ကြင်နာယုယသည့်ပုံစံတွေဟာ ခင်ပွန်းယောကျာ်းထက် ဖခင်လိုကိုလိုက်ပူပန်နေတတ်တာမျိုးပင်။

တဖြည်းဖြည်း အနေကြာလာလေ သိလာရသည်က ဦးမာန်ဟာ အင်မတန်ကို စည်းကမ်းကြီးသလောက် တစ်ခါတစ်လေ ကတ်သီးကတ်သတ် အတော်နိုင်သည်။ မိသားစု ထမင်းဝိုင်းတွင် အခြားလူကို ဘယ်တော့မှ ဆွဲမထိုင်စေသလို အနီးကပ်နေသည့် ကိုကျော်တို့တောင် ဦးမာန်နဲ့အတူမစားရ။ 

အိမ်က အလုပ်သမားတွေဖြစ်သည့် အိမ်အကူ ၊ ခြံစောင့် ၊ မာလီ အကုန်လုံး စကားစောင့်ရသည်။ အိမ်ကကိစ္စတွေ ၊ အတွင်းရေးစကားတွေကို လုံးဝပါးစပ်စောင့်ရသလို လခကိုလဲ များများတော့ပေးသည်။ ကောင်းစရာရှိလျှင် သူများထက်ပိုကောင်းသလို ဆိုးရင်လဲ နှစ်ဆဆိုးတတ်လေရဲ့။ 

သူ သောက်မည့်ရေခွက်ကို ခွက်အတိုင်းကိုင်ပြီး ပေးလျှင် မကြိုက်ပဲ အောက်ခံပြားတစ်ခုပေါ်တင်ပီး ပေးရသည်။ ဇွန်းခက်ရင်းတွေကို ရေနွေးနဲ့ပြုတ်ပီးမှ ချပေးရသလို သံပုရာရည်ဖျော်လို့ လက်နဲ့ညှစ်ရင် ရွံတာမှအန်ပင်ထွက်သည့်လူပင်။ 

တစ်အိမ်လုံးမှာ သူမရွံတာ ဖယောင်း နဲ့ မေမေနှစ်ယောက်သာရှိသလို ဖယောင်းကိုတော့ သိပ်ဂရုစိုက်ရှာသည်။ ဖေဖေ့ကိုလဲ လတိုင်းငွေပို့ပေးသလို ဖေဖေ့ဆီအမြဲသွားတာတော့ မကြိုက်။ မေမေက ဦးမာန်မရှိတဲ့အချိန်သွားခိုင်းသလို ဖေဖေပြည့်ပြည့်စုံစုံနေရတာမြင်တော့ ဖယောင်းလဲ စိတ်ချမ်းသာရသည်။

အချစ်ဦးဆို အရူးအမူးကိုးကွယ်တတ်သည်တဲ့။

ဖယောင်းအတွက် ဦးမာန်ဟာ အချစဦးမို့ ဖယောင်း မငြိုငြင်တတ်ခဲ့။ ဦးမာန် ချစ်ပေး ဂရုစိုက်ပေးရင်ကို ပျော်နေတတ်သလို ကျန်တာများများစားစား မတွေးမိခဲ့ဖူးပါ။

သို့ပေမယ့်......ကိုယ်ဟာ အနုကပ္ပဖြစ်တည်မှု။

တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက်နေရာမှာ အစားထိုးထားသည့် ဖြစ်တည်မှု။ 

အစားထိုးဖြစ်တည်မှု ၊ အစားထိုးအချစ်၊ အစားထိုးနှလုံးသား....နှလုံးသားအနုကပ္ပ။

သြော်.....ရက်စက်လိုက်သည့်ချစ်ခြင်းပြယုဂ်ပင်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 13

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..