နှလုံးသား အနုကပ္ပ (အပိုင်း ၁၃)
lotaya.mpt.com.mm
|
2022-09-17

မင်းညို စာအိတ်အသားရောင်အား ဒေါ်သူဇာကြီးအရှေ့ ချပေးလိုက်သလို ဒါ သူ မနည်းစုံစမ်းခဲ့ရခြင်းပင်။ သူ့သူဌေး၏ အကူအညီသာမရရင် သူဘယ်လိုမှ လွယ်လွယ်စုံစမ်းနိုင်မှာ မဟုတ်။ 

ဒေါ်သူဇာကြီး စာအိတ်ထဲမှ ဓာတ်ပုံတွေကိုဆွဲထုတ်လိုက်တော့ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါး သက်ကြီးပိုင်းကိုမှ ဇရာအတော်ထောင်းနေသည့် ဦးခွန်သာ၏ပုံတွေကို မြင်လိုက်ရသည်။ လိပ်စာရေးထားသည့် စာရွက်လဲမြင်သလို ရန်ကုန်ကပင်။ 

" ဓာတ်ပုံကျန်သေးတယ် ...."

မင်းညိုက စာအိတ်ကိုထိုးပြရင်း ပြောလာသဖြင့် ဒေါ်သူဇာကြီး ထပ်မံယူကြည့်မိတော့ ချစ်စဖွယ်မိန်းကလေးတစ်ယောက်။ ဆံပင်ဂုတ်ဝဲလေးဖြင့် ချစ်စရာအတော်ကောင်း၏။

" အဲ့ဒါ ဦးခွန်သာရဲ့သမီး ဖယောင်းပန်းတဲ့။ အခု အိမ်ထောင်ကျသွားပြီ။ "

" အိမ်ထောင်ကျသွားပြီ..... ဘယ်သူနဲ့လဲ။ "

" မာန် Group ရဲ့ CEO မာန်ခိုက်ထင်နဲ့ပါ။သတင်းတွေကတော့ စုံတယ်......ချစ်သူတွေလို့လဲပြောကြတယ်။ ကောင်မလေးက အပိုင်ဖမ်းလို့မယူမဖြစ်ယူလိုက်ရတာလဲပြောကြတယ်....ဘာအမှန်လဲတော့ မသိဘူး။ မာန်ခိုက်ထင် ကတော့ အတော်ချစ်တယ်ကြားတယ်။ "

ဒေါ်သူဇာကြီး နှုတ်ခမ်းအစုံက မဲ့ချမိသလို အမေတူသမီးတွေဟုသာ ကောက်ချက်ချမိသည်။ သူ့အမေတုန်းကလဲ ကိုယ့်သားသူဌေးသားကို အပိုင်ဖမ်းခဲ့ရုံမက ခယောင်းပန်းကလဲ မာန်ခိုက်ထင်ကို မြေးကြီးချို့ဆီကလုယူခဲ့သည်။ ဟော....အခုကျ ညီမက အပိုင်ချိုင်ပစ်တာပင်။

" ရန်ကုန်ကို သွားရတာပေါ့လေ......။ "

မင်းညို ဒေါ်သူဇာကြီးကို တစ်ချက်ကြည့်မိရင်းမှ....

" ကျွန်တော့်ကို ခွင့်ပြုပါဦး။ "

မင်းညို အိမ်မကြီးထဲမှ ထွက်လာရင်း ဘာလို့မှန်းမသိ စိတ်ထဲထူးဆန်းနေရသည်။ ဖယောင်းပန်း.....မျက်နှာပေါက်လေးက ပန်းနဲ့ဆင်တူနေသလို ခံစားမိကာ ဒေါ်သူဇာကြီး တစ်ခုခုဖုံးကွယ်ထားသလို ထင်နေမိသည်။ 

----------------------

ဖယောင်း အိမ်ထဲမှထွက်လာကာ ခြံထဲဆင်းလာ စဉ်ခြံထဲထိုးဝင်လာသည့် ကားကြောင့် ဦးမာန်ပြန်လာပြီမှန်းသိကာ ဝမ်းသာအားရပြေး၍ ဦးမာန် ကိုယ်ပေါ်ခုန်တက်ပစ်သည်။

" ဟေ့....ဟေ့ ဖြည်းဖြည်းခွပါကွ.... လဲပြုကုန်ရင် ကိုယ့်ချာတိတ်ပဲ နာမှာ။ "

" အဟင်း.......ပျော်လို့ပေါ့။ ဦးမာန် ဒီနေ့အစောကြီးပြန်လာတယ်နော်။ "

" ချာတိတ်ပဲ စောစောပြန်လာဆို.... မိန်းမက ရာဇသံပေးတော့ ကျွန်တော်လဲကြောက်တာပေါ့.....။ "

ပြုံးစစဖြင့် လူကိုပွေ့ချီရင်း အိမ်ထဲဝင်ရန်ပြင်လိုက်သည့် ဦးမာန်ကြောင့် ဖယောင်းကပျာကယာ ဦးမာန်ခါးကိုခွထားရာမှ အောက်ဆင်းရန်ပြင်သည်။

" ဆင်းမနေနဲ့....ကိုယ်ချီထားမယ်။ "

" အာ....မေမေမြင်ရင် ရှက်စရာကြီး ။ "

မာန်ခိုက်ထင်ပြုံးမိသလို ချာတိတ်နားသယ်စပ်လေးအား ဖွဖွနမ်းရင်းခပ်တိုးတိုး နှစ်ကိုယ်ကြားရုံ တိုးတိုးလေး ကပ်ပြော၏။

" ရှက်ရင် ကိုယ့်ရင်ခွင်ထဲမျက်နှာဝှက်ထား....။ "

မာန်ခိုက်ထင်သည် ဖယောင်းပန်းကို အင်မတန်အလိုလိုက်၏။ သူ့ထက်အသက်လဲငယ် ချစ်စရာကောင်းသည့် ချစ်မွှေးပါသော ဖူးစသစ်စ လှသွေးကြွယ်နေပြီဖြစ်သည့် ဇနီးငယ်ငယ်လေးအား အင်မတန့်အင်မတန်ကိုမှ ဂရုစိုက်သည်။

ရွှေလိုတိုင်းတ ငွေလိုတိုင်းရသည့် ဘဝမှာထားသလို ချစ်မွှေးတုံးလေးကို ချစ်မဝ။ ဖယောင်းပန်း မာန်ခိုက်ထင်၏ ကုမ္ပဏီကို လာလည်တာမျိုး ၊ မာန်ခိုက်ထင်နောက်လိုက်လာသည့်အခါမျိုးဆိုလျှင် Shopping Mall ရော Hotel က မန်နေဂျာတွေ အလုပ်သမားတွေ ပျာယာခတ်အောင် အလုပ်ရှုပ်ကြရသည်။

သူဌေးရဲ့ ရှုမငြီးသည့် ချစ်ဇနီးကို အထူးဂရုစိုက်ရသလို တစ်ခါက ကားပါကင်မှာ ဖယောင်းပန်းသူ့ဘာသာချော်လဲသည်ကို အနားရှိမန်နေဂျာတွေအကုန်အဆူအငေါက်ခံရ၏။ 

ဖယောင်းပန်း၏ အချစ်ခံရမှုကို လူတိုင်းအားကျရသည်။ ဘဝလေးက သာယာဖွယ်အတိ ယောကျာ်းရကံကောင်းသော မိန်းကလေးဟု မနာလိုပင်ဖြစ်ကြသည်။

သို့သည့်တိုင်...... ။

@@@@@@@@@@@@

ဦးခွန်သာ ကိုယ့်ရှေ့ရောက်နေသည့် လူကိုကြည့်ကာ ကြက်သေသေနေမိပေမယ့် တစ်ချိန်ချိန်တော့ ဒီအခြေအနေဆိုက်လာမည်ဆိုတာ သိပါသည် ။ ဒေါ်သူဇာကြီး ခပ်ရိရိပြုံးလိုက်မိရင်းမှ အနားရှိခုံတွင် ခြေချိတ်ထိုင်ကာ လက်ကိုဟန်ကျပန်ကျပိုက်ထား၍ အရင်စနှုတ်ဆက်လိုက်သည်။

" မတွေ့ရတာ ကြာပြီနော် ခွန်သာ။ "

" ဒေါ်သူဇာကြီး...."

" မတွေ့ရတာ ကြာတော့ သားသားနားနားဖြစ်နေပါလား ခွန်သာ...သမက်ကျေးဇူးတွေထင်တယ်။ "

ဦးခွန်သာ သက်ပြင်းချလိုက်မိရင်းမှ.....

" သမီးလေးကို ဒုက္ခမပေးပါနဲ့ ဒေါ်သူဇာကြီး ။ "

ဒေါ်သူဇာကြီး မျက်မှောင်ကျုံ့မိသွားရင်းမှ.....

" အမလေး ခွန်သာရယ်......ဖယောင်းပန်းက နင့်သမီးအရင်း မဟုတ်ဘူးနော်....နင်နဲ့ဘာမှမတော်ဘူး။ ငါ့မြေးပါ......ငါ့မြေးအရင်း။ "

ဦးခွန်သာ ဒေါ်သူဇာကြီးကို ကြည့်ရင်း သမီးလေးအတွက် ရင်ထဲစိုးရိမ်ပူပန်လာရသည်။ ဒေါ်သူဇာကြီးအကြောင်း သူသိပ်သိသည်။ ချွေးမဖြစ်သူကို အနိုင်ကျင့်မောက်မာသလို မြနှစ်ခမျာ ဗိုက်ကြီးတကားကားနှင့် အရမ်းပင်ပန်းခဲ့ရသည်။ ကလေးမွေးတော့ အမွှာသမီးလေးနှစ်ယောက်ပေမယ့် အငယ်မလေးက အသက်ပါမလာခဲ့။ 

ထိုအချိန်က သူဟာ သုဘရာဇာပေါ့လေ။ ဒေါ်သူဇာကြီးရဲ့အိမ်မှ အိမ်အကူဟာ ထိုကလေးကိုထုပ်ပိုးပြီး သူ့သုသာန်ကိုရောက်လာပေမယ့် ကံအားလျော်စွာ ကလေးကထိုအခါမှ ထငိုလာသည်။ ဝမ်းသာအားရဖြစ်သွားကြပေမယ့် ရက်ရက်စက်စက် လုပ်ရက်သူက ဒေါ်သူဇာကြီး။ သင်္ချိုင်းကုန်းမှကလေးကို သူမအိမ်ပြန်မခေါ်သွင်းနိုင်ပါ....ခိုက်တတ်သည်ဆိုပြီး ပစ်လိုက်ရန်စေခိုင်းခဲ့ပေမယ့် သူမရမကတားကာ မွေးခဲ့ခြင်းပင်။ 

သို့ပေမယ့် သမီးလေးဖယောင်းပန်း အသက်သုံးနှစ်အထိ ခဏခဏလာစိတ်ဒုက္ခပေးလွန်းသလို တစ်ခါကဆို ပုခတ်ထဲအိပ်နေသည့်ကလေးအား ဆူဟောက်ရိုက်ရက်တာမို့ သူပြောင်းပြေးခဲ့ခြင်းပင်။ ပြီးတော့ သူ့သမီးလေး အသက်ကြီးလာလျှင် သုဘရာဇာသမီးဆိုပြီး ဂုဏ်ငယ်မှာ သိပ်ကြောက်သည်။ 

" အခု ဒီကိုလာတာ ဖယောင်းပန်းကို သူ့အမေနဲ့ပေးတွေ့မလို့ပဲ။ "

ဦးခွန်သာ မျက်ဝန်းတွေ လက်ခနဲ ဖြစ်သွားရသလို သမီးသာသိရင် သိပ်ပျော်မှန်းရိပ်မိပေမယ့် သူရင်လေးမိသည်။ သမီးဟာ သူ့အမေ ကို သိပ်သိချင်တွေ့ချင်ပေမယ့် သူမသိသလိုဟန်ဆောင်နေခဲ့သည်။ ဒေါ်သူဇာကြီး နဲ့ မဆုံစေချင်လို့ပင်။

" အသိလာပေးတာ......တားဖို့တော့မစဉ်းစားနဲ့…… လူဆိုတာ ကိုယ့်အဆင့်ကိုယ်သိရတယ်။ "

ဒေါ်သူဇာကြီး အိမ်ထဲမှထွက်လာခဲ့သလို ကားပေါ်တက်ထိုင်လိုက်ရင်း ခပ်မဲ့မဲ့ ပြုံးမိသည်။ မာန်ခိုက်ထင်.... မင်္ဂလာပွဲတုန်းက သွားမည်ပြင်ပေမယ့် နေမကောင်းတာမို့ မသွားဖြစ်လိုက်ပဲ အခုမှသွားရမှာပင်။ ပြီးတော့ ဖယောင်းပန်း.....မြင်ချင်သေးသည်။

---------------------------

မာန်ခိုက်ထင် ဖုန်းကြည့်နေသည့် ချာတိတ်ကိုတစ်ချက်လှမ်းကြည့်ရင်းမှ လက်မှာပတ်ထားသည့် နာရီကိုကြည့်မိတော့ ညရှစ်နာရီအတိ။ အလုပ်စားပွဲမှ ထလာရင်း ချာတိတ်အရှေ့ရပ်ကာ လက်ကိုကမ်းပေးလိုက်တော့ မသိဟန်ဆောင်နေသေးသည်။

" ချာတိတ်......"

" ဦးမာန်ကလဲ...."

" ကဲ.....ချာတိတ်ရယ်....ပေးတော့ ။ အမြဲပေကတ်ကတ်နဲ့။ "

ပြောလဲပြော ဖယောင်းလက်ထဲမှဖုန်းကို ဆွဲယူသွားကာ သိမ်းလိုက်တာမို့ ဖယောင်းဟင်းခနဲ သက်ပြင်းချမိ၏။ ဖုန်းဝယ်ပေးပေမယ့် ကလေးပမာ Screen time နဲ့ပင်။ နေ့လည် ဆယ်နာရီမှ ဆယ့်တစ်နာရီ အထိတစ်ခါ.....ညဘက် ခုနှစ်နာရီ မှ ရှစ်နာရီတစ်ခါ တစ်ရက်မှာ နှစ်ကြိမ်သာ ဖုန်းကြည့်ရသည်။ 

မာန်ခိုက်ထင်ကတော့ သူ့အတွေးနဲ့ သူပင်။ ဖုန်းပေးကြည့်ခြင်းမှာ ဘာတွေဖြစ်ပျက်နေမှန်းမသိမှာ စိုး၍ပေမယ့် သူ့အနေနဲ့ ရှုပ်ရှုပ်ယှက်ယှက် တွေဖြစ်လာမှာကိုလဲ စိုးရိမ်သည်။ ကြိုတင်ကာကွယ်ခြင်းဖြစ်သလို စိတ်မချခြင်းဆိုလဲမှန်သည်။ 

" ဘာလုပ်နေတာလဲ ချာတိတ်.....နွားနို့လာသောက်လေ.....ပြီးရင် အိပ်တော့ ။ မနက်ကျ အစောကြီးထရမယ့်ဟာ။ "

ဟုတ်သည်.....မနက်ခင်းတိုင်းဦးမာန် နဲ့အတူ လေ့ကျင့်ခန်းလုပ်ရသည်။ ကျန်းမာရေးအတွက်ပြောပေမယ့် ဖယောင်းကအစောကြီးထရတာမို့ မကြိုက်။ စူပုတ်ပုတ်ဖြင့် အနားလျှောက်လာရင်း နွားနို့ခွက်ကိုယူပြီး တစ်ကျိုက်ထဲမော့သောက်လိုက်တော့ မျက်ကလဲဆန်ပြာဖြစ်သွားရသည်က မာန်ခိုက်ထင်။

" ဟာကွာ.....ချာတိတ်လေးရယ်....ဘာလို့ တစ်ခါထဲမော့သောက်ရတာလဲ။ သီးတတ်တယ် ကလေးရဲ့.....ဖြည်းဖြည်းချင်း သောက်မှပေါ့။ "

" တမင်သောက်တာ.... ဦးမာန်ကိုအမြင်ကတ်လို့။ "

သူ့အား ရန်ပြန်စွာပြီး အိပ်ယာပေါ်သွားလှဲအိပ်နေတာမို့ မာန်ခိုက်ထင် သဘောကျသွားရသည်။ တစ်ရှူးယူကာ လိုက်လာရင်း နွားနို့သောက်ထားသည့် နှုတ်ခမ်းတစ်ဝိုက်ကိုသေချာလိုက်သုတ်ပေး၍ ဖွဖွနမ်းကာစောင်လေးခြုံပေးသည်။ 

သူမလေးကတော့ ထင်မှာပေါ့လေ။ သူ စည်းကမ်းကြီးသည် အလိုမလိုက်ဘူးလို့။ ဒါပေမယ့် ချာတိတ်ရယ် မင်းကိုအဆုံးရှုံးမခံနိုင်လို့ဆိုတာ သိစမ်းပါ။ အရင်တစ်ယောက်တုန်းက သူအထိန်းအသိမ်းမကောင်း၍ပဲလား လော်မာဖောက်ပြားတတ်သည့် မိန်းမမို့လားမသိ သူနာကျင်ခဲ့ရပြီးပြီ။ ထပ်ပြီး အနာကျင်မခံနိုင်တာထက် ချာတိတ်ကသူ့တစ်ဘဝလုံးဖြစ်ခဲ့ပြီမို့ သူ့ရင်ခွင်ကနေ လွတ်ထွက်မသွားစေရ။

@@@@@@@@@@@@@

ကန်တော်ကြီးထဲ အားကစားဝတ်စုံ လေးဖြင့်သာ ပြေးနေပေမယ့် ဖယောင်းပြေးနေသည်က လမ်းလျှောက်သည့်ပမာပင်။ ကားအနားပြန်ရောက်လာကာ ဦးမာန်ရပ်လိုက်မှ ဖယောင်းပါရပ်လိုက်ရင်း အသက်ကိုဝဝရှူနေရသည်။ 

" ချာတိတ် လက်ကိုဆန့်ထုတ်ထားလေ...."

ဖယောင်းမျက်နှာလေး မဲ့ကျသွားသလို ဦးမာန်ရင်ခွင်ထဲအတင်းတိုးဝင်ပစ်၏။ မာန်ခိုက်ထင် လေ့ကျင့်ခန်းလုပ်နေရာမှ သူ့ရင်ခွင်ထဲ တိုးဝင်လာသည့် ချာတိတ်ကြောင့် အံ့အားသင့်သွားရသည်။

" ချာတိတ်....."

" ဖယောင်း ပင်ပန်းနေပြီလို့..... ဦးမာန်ဖယောင်းကို တမင်များနှိပ်စက်နေသလား....ဖယောင်းကိုမချစ်တိုင်း....အဟင့်....ဟင့်။ "

" ဟာကွာ.....ကိုယ်က ချာတိတ် ကျန်းမာရေးအတွက် စဉ်းစားပြီးလုပ်ခိုင်းတာလေ။ ကဲ....ကဲ....ပင်ပန်းနေရင်လဲ ထားတော့။ ပြန်ကြမယ်။ "

ထိုအခါမှ သူ့ရင်ခွင်ထဲကထွက်ရင်း မျက်နှာလေးပြုံးလာသည်။ လေ့ကျင့်ခန်းလုပ်ရမှာဆို သိပ်ကိုပျင်းသည့် ကလေးမ။ အချွဲဒဏ်မခံနိုင်သည့် သူ့မှာလဲ ချာတိတ်ချွဲရင်ကို ပျော့ချင်လာသည့်အဖြစ်။ သင်းကလေးဟာ သိပ်ကိုဆိုးသည်။

" မပြန်ခင်လေး မုန့်ဟင်းခါး စားချင်တယ် ဦးမာန်။ "

ဒီတစ်ခါတော့ မာန်ခိုက်ထင် ခေါင်းကိုခါယမ်းလိုက်ရင်း.....

" မရဘူး.....လမ်းဘေးစာလုံးဝမစားရဘူးလို့ ကိုယ်ပြောထားတယ်လေ။ စားချင်ရင် အိမ်မှာချက်ခိုင်းလိုက်မယ်။ "

အမြဲ ဤသို့ပင်။ 

ဖယောင်း မှာ မုန့်ဟင်းခါး အသုပ်တို့နှင့် ဝေးကွာနေသလို မုန့်တီဆိုမသောက်ရတာကြာလှရှိပြီ။ ကားပေါ်ပြန်ပါလာရင်း စိတ်သာကောက်လာတာ အချော့ခံရခြင်းကမရှိ။ဦးမာန်ဟာ ဖယောင်းစိတ်ဆိုးလျှင်ချော့မည့်အစား ဒါကဒီလို ဒီအကြောင်းဆိုပြီးသာ ရှင်းပြ၏။ တစ်ခါတစ်လေ ဖယောင်းလဲ အချော့ခံချင်မိပါသည်။ 

-------------------------

တီ.....တီ.....တီ

ကားဟွန်းတီးသံကြောင့် ဧည််ခန်းထဲတွင်ထိုင်စောင့်နေသည့် ဒေါ်သူဇာကြီး မျက်လုံးတွေအရောင်လက်သွားရသလို ဒေါ်ရွှေရည်လဲ ထိုင်စကားပြောဧည့်ခံနေရာမှ ...

" ဟော.....သားတို့ပြန်လာပြီထင်တယ်။ "

ဒေါ်သူဇာကြီး အိမ်ထဲဝင်လာသည့် မာန်ခိုက်ထင်ကိုမြင်တော့ သေချာအကဲခတ်ကြည့်ရင်း မာန်ခိုက်ထင်ဘေးမှပါလာသည့် ဆံပင်ဂုတ်ဝဲ​လေးနှင့် ချစ်စဖွယ်မိန်းကလေးကို ငေးခနဲကြည့်မိသည်။

" သား......ဧည့်သည်ရောက်နေတယ်။ ဒါ မန္တလေးက ဒေါ်သူဇာကြီးလေ။ တေးသံချိုရဲ့အဖွားပေါ့။ "

မာန်ခိုက်ထင် မျက်နှာက တည်တင်းသွားသလို ခယောင်းပန်းမျက်နှာကိုပြေးမြင်မိသွား၏။ ဘေးမှ ချာတိတ်ကို တစ်ချက်ငဲ့ကြည့်ရင်း....

" ချာတိတ်.....အဝတ်အစားလဲဦးလေ။ "

" ဟုတ်ကဲ့ ဦးမာန်။ "

ချာတိတ်အိမ်ပေါ်တက်သွားသည်နှင့် မာန်ခိုက်ထင် ဧည့်ခန်းထဲဝင်လာခဲ့ကာ ဆိုဖာပေါ်ဝင်ထိုင်လိုက်၏။ 

" သားတို့မင်္ဂလာပွဲတုန်းက မလာဖြစ်လို့တဲ့.....ဒီမှာ လက်ဖွဲ့ယူလာပေးတယ်။ "

မေမေ့စကားကြောင့် မာန်ခိုက်ထင် စားပွဲပေါ်မှ ကတ္တီပါဗူးလေးဆီ အကြည့်ရောက်သွားသလို ဖွင့်ထားလျက်မို့ စိန်ပွင့်လေးပွင့်အား မြင်နေရသည်။

" မင်္ဂလာဖိတ်စာထဲမှာ လက်ဖွဲ့သည်းခံပါလို့ပါတယ်လေ.....ပြန်ယူသွားပါ စေတနာပဲလက်ခံပါ့မယ်။ "

ဒေါ်သူဇာကြီး ပြုံးမိရင်းမှ.....

" ငါ့တူက ပန်းနဲ့ကိစ္စကို... "

" ပါးစပ်ကလေးစည်းကမ်းရှိပေးပါ အန်တီ..... ကျွန်တော့်ဇနီးကြားရင် အထင်လွဲစရာတွေမဖြစ်ချင်ဘူး။ "

" မောင်ရင်က ပန်းနဲ့ကိစ္စကို အခဲမကျေနိုင်ပဲကိုး.....ပန်းက ငွေမက်တယ်...ပန်းရောပန်းအမေပါ ငွေသိပ်မက်ကြတာ....."

" အဲ့ဒါ ကျွန်တော်နဲ့မှမဆိုင်ပဲ....။ "

" ပန်းရဲ့ညီမက မောင်ရင့်ဇနီးလေ.....ဖယောင်းပန်း။ "

မာန်ခိုက်ထင်သာမက ဒေါ်ရွှေရည်ပါ အံ့သြတကြီး ဖြစ်သွားရသည်။ မာန်ခိုက်ထင် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ရင်း..........

" ဘာတွေလာပြောနေတာလဲ..။ "

" ဖယောင်းပန်းရဲ့အဖေဦးခွန်သာဆိုတာ ငါအသိဆုံးပါ။ ရန်ကုန်လာပြီးသာ ခြေရာဖျောက်နေတာ.....အရင်က သုဘရာဇာ။ "

လှေကားမှအဆင်း တစ်ဝက်တစ်ပျက် ကြားလိုက်ရသည့်အသံကြောင့် ဖယောင်း ဟင်ခနဲဖြစ်သွားရသလို မာန်ခိုက်ထင်လဲ မယုံနိုင်မှူကြောင့် အကြီးအကျယ် တုန်လှုပ်သွားရသည်။

" မင်း ယူထားတာ သုဘရာဇာသမီးပဲ ငါ့တူ။ "

မာန်ခိုက်ထင် ဒေါ်သူဇာကြီး မျက်နှာကို စေ့စေ့စိုက်ကြည့်ရင်းမှ.....

" အဲ့တော့......ဒီမှာ အဒေါ်သိထားဖို့က ကျွန်တော်ယူထားတာ ဖယောင်းပန်းကို။ ဦးခွန်သာ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကိစ္စမဟုတ်ဘူး။"

" ခွန်သာက....."

" ဖယောင်းဖေဖေက သုဘရာဇာဖြစ်ခဲ့တာ ဘာဖြစ်လို့လဲ ။ ဒီမှာ အဖွား.....ဖယောင်းဖေဖေက သိပ်လေးစားစရာကောင်းတဲ့လူပါ။ ဘာကြောင့် ခုလိုတွေလာပြောရတာလဲ။ "

မာန်ခိုက်ထင် ဧည့်ခံထဲဝင်ချလာသည့် ချာတိတ်ကြောင့် ဟင်ခနဲဖြစ်သွားရသည်။ ဒေါ်သူဇာကြီး က ချာတိတ်ကို ကြည့်ရင်းမှ....

" မင်းက ငါ့...."

" တော်တော့ အဒေါ်....."

ကပျာကယာ ထအော်လိုက်သည့် မာန်ခိုက်ထင် ။ မာန်ခိုက်ထင် ချာတိတ်ပခုံးကိုအသာကိုင်လိုက်ရင်းမှ မေမေ့ဘက်ကိုကြည့်ကာ.....

" ချာတိတ်....ကိုယ်ရှင်းပါမယ် ချာတိတ်ရဲ့။ မေမေ့ ချာတိတ်ကို ခေါ်သွားပေးပါ။ "

မာန်ခိုက်ထင် ချာတိတ်ကို အရင် ပ ထုတ်ဖို့ပြင်ရသည်။ မေမေ ချာတိတ်ကို ခေါ်ကာ အပေါ်တက်သွားသည်အထိ သူ့မှာ အသက်မရှူရဲပဲ ဖြစ်ရသည်။ ဆွေမျိူးမိဘပေါ်လာလဲ ချာတိတ်ဟာ သူ့ဇနီးမို့ သူသာပိုင်သည်။ ဆိုင်ရုံသာဆိုင်မည့်လူတွေကို မလိုသလို ထိုလူတွေဟာ သူအမုန်းဆုံးအသိုင်းအဝိုင်းကဖြစ်နေ၏။ 

ခယောင်းပန်း က ချာတိတ်အစ်မတဲ့လား။

ငွေမက်သည့်မိန်းမက အင်မတန် ဖြူစင်သည့်သူ့ချာတိတ်လေးရဲ့အစ်မဖြစ်နေသလို မောက်မာရင့်သီးလွန်းသည့်ဒေါ်သူဇာကြီးက ချာတိတ်အဖွားတဲ့လေ။ 

လောကဇာတ်ဆရာရယ်....ခင်ဗျား က မျက်လှည့်ဆရာလား ကံကြမ္မာလား။

@@@@@@@@@@@@@@@@@@@@@

To be continue P - 14

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..