
ဒေါ်သူဇာကြီး အိမ်ပြန်လာသည့် လမ်းတစ်လျှောက် ဒေါသစိတ်က တနုံ့နုံ့ပွားနေရသလို ကိုယ့်ကိုနှင်လွှတ်လိုက်တာမို့ မာန်မာနကြီးသူပီပီ ကြိတ်မနိုင်ခဲမရဖြစ်နေခြင်းပင်။ မာန်ခိုက်ထင်.....မာန်ခိုက်ထင် လူကြီးကိုလူကြီးမှန်းမသိ သိပ်ရိုင်းသည့်ကောင်။
" ချာတိတ်က ကျွန်တော်တရားဝင်လက်ထပ်ထားတဲ့ ဇနီး.....ဆွေမျိုးဆိုတာ ဆိုင်ရုံပဲဆိုင်တာ မပိုင်ဘူး။ သူ့အစ်မက ခယောင်းပန်းမကလို့ ခယောင်းပန်းက အမေဆိုရင်တောင် ချာတိတ်ကို လာပက်သက်ဖို့ ခွင့်မပြုနိုင်ဘူး။ ပြန်ပါတော့.......ချာတိတ်နဲ့ထပ်ပက်သက်ဖို့ မစဉ်းစားပါနဲ့။ "
ကြည့်စမ်း.....ဘယ်လောက်စော်ကားလိုက်သလဲဆိုတာ။ မာန်ခိုက်ထင်က ကိုယ့်ထက်အဆများစွာ ချမ်းသာကြွယ်ဝတာမှန်ပေမယ့် သူ့အမေဒေါ်ရွှေရည်တောင် ကိုယ့်ကိုတရိုတသေဆက်ဆံသည်။ ကိုယ့်မိန်းမရဲ့ အဘွားအရင်းကို ဒီလိုဆက်ဆံရတယ်လို့။ မကျေမချမ်းနိုင်သော စိတ်ဒေါသတို့ဖြင့် ဒေါ်သူဇာကြီး ငြိုးတေးထားလိုက်သလို မာန်ခိုက်ထင်ကလဲ ထိုနည်းတူပင်။
မာန်ခိုက်ထင် ဧည့်ခန်းထဲမှာ ခါးကြီးထောက်ကာ မတ်တပ်ရပ်နေရင်းမှ အလိုမကျမှုတို့ကြောင့် မျက်မှောင်ကြီးကျူံ့နေရသည်။
" ကိုကျော်.....အစစအရာရာ အကုန်စုံစမ်းလိုက်။ ညနေကျရင် ဦးခွန်သာကိုသွားတွေ့မယ်....ဒေါ်သူဇာကြီး သိထားသမျှ ငါသိချင်တယ်။ "
" ဟုတ်ကဲ့ အာစရိ။ "
ကိုကျော်ထွက်သွားသည်နှင့် မာန်ခိုက်ထင် ချာတိတ်ရှိရာ အိမ်ပေါ်ထပ်ကို တက်လာခဲ့သည်။ အခန်းတံခါးဖွင့်လိုက်သည်နှင့် မေမေ့ရင်ခွင်ထဲ ငိုရှိုက်နေသည့် ချာတိတ်။ သူ့ကိုမြင်တော့ ချာတိတ်က မတ်တပ်ထရပ်သလို မေမေကလဲ အလိုက်တသိအခန်းထဲမှ ထွက်သွားပေး၏။
" ဦးမာန်....."
" ချာတိတ်က ဘာလို့ငိုနေတာလဲ..... "
" အဲ့အဘွားက ဘယ်သူလဲဟင်.....ဘာလို့ဖယောင်းဖေဖေကို အဲ့လိုပြောရတာလဲ။ အမှန်ဖြစ်နေရင်တောင် ဖေဖေက ဖယောင်းကျေးဇူးရှင်ပါ....."
မာန်ခိုက်ထင် ချာတိတ်စကားကို သဘောကျသလို ပြုံးလိုက်မိရင်းမှ ချာတိတ်ကိုယ်လေးကို ရင်ခွင်ထဲဆွဲဖက်ကာ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးကါ စိတ်သက်သာရာရစေ၏။
" ချာတိတ်ပြောတာ မှန်တာပေါ့......ငိုမနေနဲ့။ ခေါင်းထဲထားစရာမလိုဘူး....တိတ်တော့နော် ။ "
ချာတိတ်ကိုသာ ချော့မြူပေးနေပေမယ့် မာန်ခိုက်ထင်စိတ်က လုပ်စရာရှိသည်များကို ဆက်တိုက်တွေးနေမိသည်။ ချော့မော့ဖျောင်းဖျပြီး ချာတိတ်အိပ်ပျော်သွားမှ သူ အောက်ထပ်ဆင်းလာခဲ့သည်။
" သား ဘာလုပ်မလဲ....တကယ်လို့သာ သမီးလေးက ဒေါ်သူဇာကြီး မြေးဆို...."
" သူတို့နဲ့ဘာဆိုင်သလဲ မေမေ...ချာတိတ်က ကျွန်တော့်မိန်းမ... သွေးသားတော်စပ်မှုအကြောင်းပြပြီး ဒုက္ခပေးဖို့ပဲဖြစ်ဖြစ် ပက်သက်ဖို့ပဲဖြစ်ဖြစ် ကြိုးစားလာရင် ကျွန်တော့် နည်းကျွန်တော့်ဟန်နဲ့ ပြင်းပြင်းထန်ထန် တားမြစ်မှာပဲ။ "
သားဖြစ်သူစကားကြောင့် ဒေါ်ရွှေရည် စိတ်မောစွာ သက်ပြင်းချမိသွားသည်။ သွေးသားသံယောဇဥ်ဆိုတာ သားမေ့လျော့များနေသလားမသိ။ သားအနေနဲ့ ခယောင်းပန်းကိစ္စအကြောင်းပြုပြီး ထိုအသိုင်းအဝိုင်းကို မကြည်ဖြူတာသိသလို သွေးဆိုတာကလဲ ရေထက်ပျစ်တာမျိုး မဟုတ်လား။
ဦးခွန်သာ မာန်ခိုက်ထင်ပြောလာသမျှ နားထောင်ရင်း ဟင်းခနဲ သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်.... ဒေါ်သူဇာကြီး ပြောတာအကုန်မှန်ပါတယ်။ ဦးလေး အရင်က သုဘရာဇာလုပ်ဖူးတယ်။ ပြီးတော့ သမီးလေးက...."
မာန်ခိုက်ထင် မျက်မှောင်ကြီးကျုံတာ သေချာနားထောင်နေရင်း ဦးခွန်သာစကားဆုံးသည်နှင့် ကြိုတွေးပြီးသား ဆုံးဖြတ်ချက်က ပိုခိုင်မာသွားရသည်။ အသင့်ယူလာသည့် ငွေထုပ်အား ဦးခွန်သာရှေ့ချပေးကါ.....
" လောလောဆယ် ရန်ကုန်ကနေ ရှောင်နေပေးပါ ဦးလေး။ ခုချိန်ကစပြီး ချာတိတ်က ဦးလေးသမီးလို့ မပြောမိအောင် ဆင်ခြင်ပေးပါ။ "
ဟုတ်သည်.....မာန်ခိုက်ထင် လုပ်ရက်ခဲ့သည်။ သူ့အတွေး သူ့စိတ်ကူးကတော့ စီးပွားရေးသမားပီပီ ထောင့်စေ့တွေးကာ သူ့ခြံသူလုံအောင်ကာသည်။ ကျိကျိတက်ချမ်းသာသည့် မာန် Group ၏ CEO ဟာ သုဘရာဇာကို ယောက္ခထီးတော်သည်ဟုလဲ အဖြစ်မခံနိုင်သလို ဖယောင်းပန်းကိုလဲ အဆုံးရှုံးမခံနိုင်။
ဦးခွန်သာ ဘယ်လိုခံစားရမည်ဆိုတာ မတွေးသလို ဖယောင်းပန်းနာကြင်ရမှာကိုလဲ သူမမှု။ မာန်ခိုက်ထင်အတွက် ပထမဦးစားပေးက ချာတိတ်ကို ဘယ်သူမှဆွဲခေါ်လို့မရစေရန်ဖြစ်သလို ဒုတိယဦးစားပေးကလဲ သူ့အနား သူမလေးအမြဲရှိနေစေရန်သာဖြစ်၏။
ဦးခွန်သာကတော့ ကိုယ့်သမီးလေးကို မငြိုငြင်ရုံနှင့် ကျေနပ်သလို သာသနာ့ဘောင်ပဲအပြီးဝင်ရန်သာ ဆုံးဖြတ်လိုက်သည်။
@@@@@@@@@@@
မာန်ခိုက်ထင် ကိုကျော်ယူလာသည့် ဓာတ်ပုံတွေကိုကြည့်ရင်းမှ ခယောင်းပန်း၏ဘေးရပ်နေသည့် မိန်းမကြီးကိုမြင်တော့ မျက်မှောင် မွက္ေမွာင္က်ံဴ
သွားရသည်။
" ဒီအဒေါ်ကြီးက ဘာလဲ။ "
" ခယောင်းပန်းအမေပါ.....ဒေါ်မြနှစ်တဲ့။ စိတ်သိပ်မနှံ့ဘူး အာစရိ။ "
စိတ်မနှံ့ဘူး......ရူးနေတာပေါ့။
" ဒါကြောင့် ခယောင်းပန်းက ကိုယ်လွတ်မရုန်းနိုင်တာ။ အခု ခယောင်းပန်းရဲ့အမျိုးသားက ကုပေးမလို့ပြင်နေတယ်တဲ့......ပိုက်ဆံလိုက်ရှာနေပုံပဲ။ "
မာန်ခိုက်ထင် ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်းမှ ချာတိတ်မျက်နှာလေးကို ပြေးမြင်မိသွား၏။ ချာတိတ်သာ ဒီအသိုင်းအဝိုင်းထဲ ပက်သက်မိလျှင် စိတ်ဒုက္ခပဲရောက်လိမ့်မည့်ဖြစ်ခြင်း။
" ချာတိတ်ကို မသိစေနဲ့ဦး.....အခြေအနေကြည့်ပြီးမှ ပြောပြမယ်။ "
ချာတိတ်ဟာ ကလေးဆန်သလို ရှည်ရှည်ဝေးဝေး သိပ်တွေးတတ်သူမဟုတ်။ ဦးခွန်သာပြောပြပုံအရ အမေရော အစ်မကိုပါ သိပ်တွေ့ချင်နေခဲ့သည်တဲ့လေ။ သို့ပေမယ့် ချာတိတ်လို ဖြူစင်ရိုးသားသည့် မိန်းကလေးအဖို့ ဒေါ်သူဇာကြီး၏ စံအိမ်ဟာ ငရဲတွင်းကြီးပင်။
သူနဲ့ခယောင်းပန်း ဝေးခဲ့ရတာ ဒေါ်သူဇာကြီးလက်ချက်မှန်းသိသလို ခယောင်းပန်းလို ချာတိတ်ကိုခြယ်လှယ်လာမည်လဲ သူကြိုတွေးမိနေသည်။
---------------------
မာန်ခိုက်ထင်အိမ်ပြန်ရောက်သည်နှင့် ခါတိုင်းလို သူ့ကိုထွက်ကြိုတတ်သည့် ချာတိတ်ကိုမျှော်သည်။ ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်ခါနီးမှ ရောက်လာသလို မျက်နှာလေး နွမ်းလျက်ရှိနေတာမို့......
" မျက်နှာလဲမကောင်းပါလား ချာတိတ်ရဲ့......ဘာလို့လဲ ။ ".
ဖယောင်း ဦးမာန်မျက်နှာကို မော့ကြည့်မိရင်းမှ သက်ပြင်းချကာ.....
" ဖေဖေ ဖုန်းဆက်တယ် ဦးမာန်။ သာသနာ့ ဘောင်ကို အပြီးဝင်တော့မယ်တဲ့...."
မာန်ခိုက်ထင် စိတ်ထဲကကြိတ်ပြုံးမိသွားရသည်။
" ဒါကြောင့် ချာတိတ်က ဝမ်းနည်းနေတာလား ...ဒါဝမ်းနည်းစရာမှမဟုတ်ပဲ ချာတိတ်ရယ်။ သာဓုတောင်ခေါ်ပေးရမယ့်ဟာ။ "
ဦးမာန်ပြောတာမှန်ပေမယ့် ဖယောင်းကတော့ ဘာလို့မှန်းမသိ ဝမ်းနည်းနေမိသည်။
" မနက်ဖန်မနက် သင်္ကန်းစီးမယ်တဲ့။ ဖယောင်းတို့ စောစောလေးသွားကြရအောင်နော်။ "
ဖယောင်းစကားကြောင့် ဦးမာန်ပုံစံက ထူးဆန်းသလို ကြည့်လာရင်း....
" ဘာသွားလုပ်မှာလဲ ချာတိတ်ရယ်။ ကိုယ်နဲ့ဘာဆိုင်လို့လဲ။ "
ဟင်...... ဦးမာန်စကားကို ဖယောင်းမယုံနိုင်သလို ကြားလိုက်တာပင် ဟုတ်ရဲ့လားဟု တွေးမိသွားသည်။ ဖယောင်းနားကြားများလွဲသလား။
" ဦးမာန် ဘာပြောလိုက်တာလဲဟင်။ "
" ဟုတ်တယ်လေ......ဖယောင်းက သူ့သားသမီးအရင်းမှမဟုတ်ပဲ။ ဘာဆိုင်တာမှတ်လို့.....ပြီးတော့ ကင်းကင်းရှင်းရှင်း နေစမ်းပါချာတိတ်ရယ်။ ကိုယ့်အသိုင်းအဝိုင်းမှာ ပြောစရာမဖြစ်စေချင်ဘူး။ "
ဖယောင်း ပါးစပ်အဟောင်းသားလေးပင် ဖြစ်သွားရသလို ပြောထွက်ရက်သည်ကို အံ့သြ၏။
" ဦးမာန် ဘယ်လိုပြောလိုက်တာလဲ။ ဖေဖေသာ မရှိရင် ဖယောင်းအသက်ရှင်မှာတောင် မဟုတ်ဘူး။ ဖေဖေက ဖယောင်းကျေးဇူးရှင်ပါ.... "
ဖယောင်းပန်းစကားကို မာန်ခိုက်ထင်က ခက်ရန်ကောဆိုသည့်အမူအရာမျိုးဖြင့် အိပ်ယာထက်ထိုင်ချကာ ဖယောင်းကိုစူးစိုက်ကြည့်လာသည်။
" ချာတိတ်ပြောတာမှန်ပါတယ်... ကျေးဇူးရှင် ဟုတ်တယ်။ ကျေးဇူးရှင် မို့ ကိုယ်အလုံအလောက်ကျေးဇူးဆပ်ခဲ့ပြီးပြီ။ ကိုယ်ငွေအလုံအလောက်ထက်သာလွန်နေအောင် ပေးထားတာပဲ...."
" ဦးမာန် ဘာပြောပြော ဖယောင်းကတော့ သွားမှာပဲ။ "
သူ့စကားကို နာမခံပဲ ပြန်ပြောလာသည့် ဖယောင်းစကားကြောင့် မာန်ခိုက်ထင် မျက်နှာက တင်းခနဲ ဖြစ်သွား၏။
" ကိုယ် ပြောထားပြီးသားနော်....လုံးဝ မသွားရဘူး။ "
အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ဒေါသတကြီးထွက်သွားသည့် ဦးမာန်ကြောင့် ဖယောင်းပါးပြင်ပေါ် ဝမ်းနည်းမျက်ရည်စတို့က စီးကျလာရသည်။ ဦးမာန်ချမ်းသာတာ သိပါသည်။ သို့ပေမယ့် ဒီလိုအတ္တကြီးမယ်တော့ မထင်ခဲ့ရိုး အမှန်ပင်။
@@@@@@@@@@@@
အိမ်ထဲရှိ ဧည့်ခန်းတွင် ဟိုဘက်ဒီဘက် လျှောက်လျက် မျက်နှာကြီးတင်းမာမှုန်ကုတ်နေသည့် မာန်ခိုက်ထင်။ ဒေါသအရှိန်ကြောင့် ရင်ဘတ်ကြီးက နိမ့်လိုက်မြင့်လိုက်ဖြင့် လှုပ်ရှားနေသလို မျက်ခုံးထူထူကြီးနှစ်ဖက်က ထိလုမတတ်မှုန်ကုတ်နေ၏။
ကားသံနဲ့အတူ အိမ်ရှေ့ဆင်ဝင်အောက် ထိုးရပ်သွားသည့် ကားကြောင့် အိမ်မှအလုပ်သမားတွေလဲ ရင်ထိတ်သွားရသလို အရှိန်ပြင်းပြင်းတိုက်ခတ်တော့မည့်မုန်တိုင်းအား ထင်းလင်းနေအောင် မြင်နေရသည်။ ကားပေါ်မှဆင်းလာသည့် ဖယောင်းမှာ ဧည့်ခန်းထဲ ခါးကြီးထောက်၍ ဒေါသအရှိန်အပြည့်ဖြင့် တင်းမာစွာရှိနေသည့် ဦးမာန်ကိုမြင်တော့ ခြေလှမ်းတို့တုန့်သွားရသည်။
" ပြန်လာပြီလား....."
" ဦးမာန်....."
မပွင့်တပွင့်ခေါ်သံလေးက သူ့ဒေါသတွေကို ဖြေဖျောက်နိုင်ခြင်းမရှိပေမယ့် တစ်ဝက်ခန့်တော့လျော့ပါးသွားစေသည်။
" ကျေနပ်သွားပြီပေါ့....ဟုတ်လား။ "
" ဖယောင်းရဲ့ဖေဖေလေ ဦးမာန်ရယ်။ ".
" ဒါဆို ငါကရော ဖယောင်းပန်း.... ဟမ် မင်းလင်ငါကရော။ မင်း ငါ့ဘက်ကြညဦးမှပေါ့ ဖယောင်းပန်းရဲ့.....မင်းယူထားတာ လမ်းဘေးက ကလေကချေကောင် မဟုတ်ဘူး။ မင်းလင်က ဘယ်လိုအနေအထား ဘယ်လိုအသိုင်းအဝိုင်းမှန်း မင်းမသိဘူးလား။ ငါ့ကို သိက္ခာချရမှ ကျေနပ်တာလား။ ကောင်းပါတယ်.....မင်းစိတ်ချမ်းသာတယ်မဟုတ်လား.....ငါကအရေးမပါ ပါဘူး။ "
ဧည့်ခန်းထဲမှ ထွက်သွားရန်ပြင်နေသည့် ဦးမာန်ကြောင့် ဖယောင်း ဦးမာန်လက်မောင်းကို ဖမ်းဆွဲမိသည်။
" ဦးမာန်....."
ဖယောင်းလက်ကိုခါထုတ်ကာ အိမ်ထဲမှထွက်သွားကာ ကားပေါ်တက်သွားသည့် ဦးမာန်။ ခြံထဲမှ ကားလေးထွက်သွားသည်ကိုကြည့်ရင်း ဖယောင်း ဝမ်းပန်းတနည်းငိုရှိုက်မိသည်။ ဖယောင်း တကယ်ပဲမှားသွားသလား။ ဦးမာန်ကရော ဖယောင်းကို ဘာလို့နားလည်မပေးရတာလဲ။
ဒေါ်ရွှေရည် အပြင်မှပြန်ရောက်သည်နှင့် ကြားလိုက်ရသည့်အခြေအနေကြောင့် သက်ပြင်းသာချမိ၏။ သမီးလေးကလဲ မျက်နှာမကောင်းသလို သားကလဲ သူ့အတွေးနဲ့သူပင်။
" ဖယောင်း မှားသွားလားဟင် မေမေ။ "
" မမှားပါဘူး သမီးရယ်....ဒါပေမယ့် သားက ဘာကိုစိတ်ဆိုးတာလဲသိလား။ "
ခေါင်းလေးယမ်းပြလာတာမို့ ဒေါ်ရွှေရည်ပြုံးလိုက်မိကာ.....
" သူ့စကားကို နားမထောင်တာကိုပဲ သမီး။ သမီး သိပ်သွားချင်ရင် သားကိုသေချာပြောပြရမှာပေါ့။ သားက သမီးလေးကိုသိပ်ချစ်တာ....သမီးသာ တောင်းဆိုတတ်ရင် ကျိန်းသေရတာပေါ့ကွယ်။ "
ဖယောင်း တွေဝေသွားရသလို ဒေါ်ရွှေရည်ကလဲ ဆက်၍ရှင်းပြသည်။
" မိန်းမတစ်ယောက်ဟာ ဇနီးမယားတစ်ယောက်ဖြစ်လာပြီဆိုရင် မာန်မာနလျှော့ရတယ် ၊ ပါးနပ်ရတယ် ၊ စကားပြောလိမ္မာရတယ် သမီးရဲ့။ ကိုယ့်ခင်ပွန်းယောကျာ်း ကိုယ့်ကြောင့်ဂုဏ်မတက်ရင်တောင် ဂုဏ်သိက္ခာတော့ မညှိုးနွမ်းစေရအောင် နေရမယ်။ မေမေပြောတာ နားလည်ရဲ့လား။ "
" ဟုတ်....ဖယောင်းသိပါပြီ။ "
ချွေးမဖြစ်သူကိုကြည့်ရင်း ဒေါ်ရွှေရည် သဘောကျစွာပြုံးမိသည်။ ဖယောင်းပန်းလေးဟာ မိခင်ဆိုတာမသိမခံစားရပဲ ကြီးပြင်းလာသူမို့ ကိုယ်ဟာ ဒီကလေးရဲ့မိခင်ပမာ နေပေးချင်သည်။ သွန်သင်ပေးသလို ဆုံးမပေးသည်။ ကိုယ့်သားကိုကြည့်ရုံနှင့် သူ့မိန်းမကို ဘယ်လောက်ချစ်မှန်းလဲ မြင်နေရသည် မဟုတ်လား။
-----------------------
ညဆယ်နာရီရှိသည့်တိုင် ပြန်မလာသေးသည့် ဦးမာန်ကြောင့် ဖယောင်းခြံထဲစောင့်နေခြင်းပင်။ ထိုစဉ် အိမ်ထဲမှ ဖုန်းကိုင်ကာ ထွက်လာသည့် မမကြည်က ဖယောင်းဆီလျှောက်လာ၏။
" မမလေး......သူဌေးက ဒီနေ့ ကုမ္ပဏီမှာ အလုပ်များလို့ အဲ့မှာပဲ အိပ်မယ်တဲ့။ "
ဖယောင်း ဖုန်းကိုလှမ်းယူလိုက်ရင်းမှ....
" ဟယ်လို.... ဦးမာန်"
" ကိုကျော်ပါ မမလေး။ အာစရိက မအားလို့ပါ။ "
ညမိုးချုပ်ကြီး မအားဘူးဆိုတာ ယုံစရာရှိပါ့မလား။ တမင် စကားမပြောချင်တာမှန်း နားလည်လိုက်သဖြင့် ဖယောင်း ဘာမှပင်ဆက်မပြောနိုင်။
" ဦးမာန်က ဖယောင်းကို စကားမပြောချင်လို့ မဟုတ်လားဟင်။ "
" ဟာ....မဟုတ်ပါဘူး မမလေးရဲ့။ "
ဖယောင်းဖုန်းလေးချလိုက်ရင်းမှ နေရာတွင်ငုတ်တုတ်လေးထိုင်ချကာ ငိုကြွေးမိသည်။ မမကြည်က ဘေးကနေ ချော့မော့ပေမယ့် ဖယောင်းဝမ်းနည်းရတာ ဖယောင်းပဲသိသည်။ ဦးမာန်က ဖယောင်းကို နဂိုထဲက မချစ်သူမို့ ပစ်ပယ်ထားနိုင်ပေမယ့် ချစ်မိသည့်ဖယောင်းမှာသာ တနင့်တပိုးခံစားဝမ်းနည်းနာကြင်ရသည်။
ထိုနေ့ညက တစ်ယောက်ထဲ ငိုကြွေးဝမ်းနည်းကာ တစ်ညလုံး အိပ်မပျော်နိုင်ပဲ မနက်လင်းခါနီးမှသာ အိပ်မောကျသွားရသည်အထိပင်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 15
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory