
အိပ်ချင်မူးတူးဖြစ်နေပေမယ့် ကြားနေရသည့် ခပ်သဲ့သဲ့အသံတွေကြောင့် ဖယောင်းမျက်ဝန်းတွေကို အားယူဖွင့်ကြည့်မိသည်။ အဝတ်ဗီရိုရှေ့တွင်ရပ်ကာ ရှပ်အင်္ကျီအဖြူတစ်ထည် ဝတ်နေ ဦး မာန်။ ဖယောင်း ကပျာကယာ ထလိုက်ရင်းမှ....
" ဦး မာန်...."
" နိုးပြီလား....... "
မာန်ခိုက်ထင် အလုပ်အိတ်ကိုဆွဲယူလိုက်တော့ သူ့ကို ငေးငေးလေးကြည့်နေသည့် ချာတိတ်ကြောင့်.......
" စက်ရုံသွားစရာရှိတယ်....."
ဖယောင်း နေရာမှာတင်ရပ်ကျန်ခဲ့ရင်းမှ အခန်းထဲက ထွက်သွားသည့် ဦး မာန်နောက်ကျောကိုငေး၍ မျက်ရည်ကြည်တို့ရစ်ဝဲလာရသည်။ အိပ်ယာထက် လေးပင်စွာ ပြန်ထိုင်ချရင်း မငိုမိအောင်မနည်း ကြိုးစားနေရသည်။
မာန်ခိုက်ထင် ကားပေါ်လိုက်လာပေမယ့် ရင်ထဲလေးပင်လွန်းလှသည်။ မနိုးခင်ကတော့ အမြန်ထွက်လာရန်ပြင်ထားပေမယ့် ဦး မာန်ဆိုသည့်ခေါ်သံလေးမှာ တုန့်ဆိုင်းသွားခဲ့ရတာ သူသာသိသည်။ ငေးငေးလေးကြည့်နေသည့် မျက်ဝန်းလေးတွေမှာ သူမနည်းလျစ်လျူရှုနိုင်အောင် ကြိုးစားခဲ့ရသည်။
" အာစရိ....စက်ရုံကြည့်ပြီး ပြန်မှာလား။ "
" အင်း.....ချာတိတ် မျက်နှာ မကောင်းဘူး။ "
ဒီနေ့ စက်ရုံကိုမကြည့်မဖြစ်မို့သာ ထွက်လာရသလို တကယ်တမ်း သူလဲ ချာတိတ်မျက်နှာလေးမကောင်းတော့ လူကမနေနိုင်။ ပြီးတော့ ဒေါ်သူဇာကြီးက တစ်မျိုး ။ မနေ့ညနေက သူ့ဆီဖုန်းဆက်ကာ ဖယောင်းပန်းကို သူ့အမေနဲ့တွေ့ပေးရန် ပြောလာသည်။
" မင်း ဒီလို လုပ်လို့မရဘူး မာန်ခိုက်ထင်။ ဖယောင်းပန်းက ငါ့မြေး.....သူ့မှာအမေ နဲ့ အစ်မ သက်ရှိထင်ရှားရှိနေသေးတယ်။ "
" သက်ရှိထင်ရှားမကလို့ မျက်စိရှေ့ရောက်လာရင်တောင် ကျွန်တော့်ခွင့်ပြုချက်မရှိပဲ ချာတိတ်ကိုတွေ့ဖို့ မစဥ်းစားပါနဲ့။ "
" မင်းမှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး မာန်ခိုက်ထင်။ "
" သိပ်ရှိတာပေါ့.....ကျွန်တော်က ချာတိတ်ရဲ့ခင်ပွန်းယောကျာ်း....အုပ်ထိန်းသူလေ ။ ပြီးတော့ တားနိုင်တဲ့အစွမ်းအစ အပြည့်ရှိတယ်။ "
ပြန်တွေးရုံနှင့်ပင် ခေါင်းကထိုးကိုက်လာသလို စိတ်ပူရသည်။ ချာတိတ်ကို သူ ဘယ်လိုဝှက်ထားရမည်လဲ ဆိုတာပင် မသိတော့ ။ ပန်း နဲ့တုန်းကတောင် ဤမျှအထိ ပူပန်စိုးရိမ်မိခြင်းမရှိသလို ဂရုသိပ်မစိုက်မိ။ ချာတိတ်နဲ့ကျ စားတာသောက်တာ နေတာထိုင်တာ အစအဆုံး အကုန်အသေးစိတ်လိုက်ဂရုစိုက်မိသည်။
" ကိုကျော်....."
" ဗျာ အာစရိ....."
" ပန်း တုန်းက ငါတကယ်ချစ်ခဲ့တာပါ....ဒါပေမယ့် ချာတိတ်နဲ့တွေ့တဲ့အချိန် ပန်းကိုငါလုံးဝ သတိမရပဲ မေ့ဖျောက်ထားနိုင်တယ်...ပြီးတော့ ချာတိတ်အပေါ်ရှိတဲ့ ခံစားချက်က ပိုပြီး....."
" အာစရိက ခယောင်းပန်းကို တကယ်မချစ်ခဲ့လို့နေမှာပေါ့......ခယောင်းပန်းကို သဘောကျခဲ့တဲ့အချက်တွေပြောပြကြည့်လေ။ "
ကိုကျော့်အမေးကြောင့် မာန်ခိုက်ထင် မျက်မှောင်ကြီး ကျုံရင်း စဉ်းစားမိသည်။
" ခယောင်းပန်းက မိန်းမပီသတယ် ၊ အိမ်မှုကိစ္စလဲနိုင်တယ်၊ သိမ်မွေ့နူးညံ့တယ်....နာခံလွယ်တယ်။ "
သူ့စကားကြောင့် ကိုကျော်က ရယ်သည်။
" အာစရိက လူကိုချစ်တာမှမဟုတ်ပဲ....အချက်အလက်တွေနဲ့စံနှုန်းရွေးနေသလိုပဲ..... မမလေးကျရော....ဘာသဘောကျလဲ။ "
မာန်ခိုက်ထင် မျက်လုံးတွေလက်သွားရသလို ပြုံးမိသွား၏။ ချစ်စဖွယ်အမူအရာလေးတွေက တန်းစီပေါ်လာသလို စဉ်းစား ရကြပ်သွားပြန်သည်။
" သီးသန့်သဘောကျတာမျိုးမရှိဘူး.....ဒါပေမယ့် ချာတိတ်က ဘာလုပ်လုပ်ချစ်စရာကောင်းပါတယ်။ အိပ်ရေးလဲဆိုးမှဆိုး....ဒါပေမယ့် ချစ်ဖို့ကောင်းတယ်။ စကားပြောရင်လဲ နားမထောင်ဘူး.... အဟွန်း!"
" ချစ်တယ်ဆိုတာ အဲ့လိုပဲ အာစရိ။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် အဲ့လူရဲ့ပြစ်ချက် ချို့ယွင်းမှုကအစ ချစ်မြတ်နိုးတာမျိုး။ "
ကိုကျော့်စကားကြောင့် မာန်ခိုက်ထင် တွေခနဲ ဖြစ်သွားရသလို အနည်းငယ် စိတ်သက်သာရာရသွားမိသည်။ ချာတိတ်ကို ဒေါ်သူဇာကြီး နဲ့ မပက်သက်စေချင်သလို ဖြစ်နိုင်လျှင် ခယောင်းပန်းတို့သားအမိနှင့်လဲ မဆုံစေချင်။ ခယောင်းပန်း နဲ့ သူ့အကြောင်း သိသွားမှာကိုလဲ စိုးရိမ်ကာ ချာတိတ်အထင်လွဲမှာ စိုးရိမ်သည်။
@@@@@@@@@@@
ဖယောင်း မေမေ့စကားကိုနားထောင်နေပေမယ့် မျက်နှာလေးက ခပ်မဲ့မဲ့ မယုံရဲပဲ ဖြစ်နေသည်။ ဦး မာန်က မိုးကုတ်ကို အလုပ်ကိစ္စအရေးကြီးသဖြင့် တန်းသွားရသည်တဲ့လေ။ ဖယောင်းကို ပစ်ပယ်ထားလိုက်ပြီ ထင်ပါရဲ့။
" သားက အရမ်းအရေးကြီးလို့ လိုက်သွားရတာ သမီးရဲ့။ သူက သမီးကိုစိတ်မချလို့ သူ့မိန်းမ ကိုဂရုစိုက်ပေးပါဆိုပြီး တဖွဖွမှာသွားတာ။ သမီးလေးအိပ်ပျော်နေလို့ ကျန်တဲ့သူအကုန်ကြားတယ်။ "
" ဟုတ်တယ် မမလေး.... မကြည်လဲကြားတယ်။ ဖုန်းထဲမှာနေတာ မေမေကြီးက စပီကာဖွင့်ထားလို့ သူဌေးမှာသမျှကြားနေရတယ်.....။"
အကုန်လုံးက ဖယောင်းစိတ်မကောင်းဖြစ်မှာစိုး၍ ဝိုင်းလိမ်ပေးနေကြပုံပေါ်သည်။ ဟုတ်ရောဟုတ်ပါ့မလားဆိုသည့် မယုံမရဲစိတ်လေးက ရှိနေသလို ဖယောင်းကိုစိတ်ဆိုးနေသော ဦးမာန်၏ မျက်နှာတည်တည်ကြီးကိုသာ ပြန်မြင်ယောင်မိသည်။
" ဦး မာန်က ဘယ်တော့ပြန်လာမှာတဲ့လဲဟင်။ "
ဖယောင်းအမေးကို ဒေါ်ရွှေရည် က ပြုံးရင်း ဖယောင်းလက်ဖဝါးလေးကို ဖိဆုပ်ကိုင်၍......
" အတိအကျတော့ မပြောတတ်ဘူး သမီးရဲ့။ အလုပ်ပြီးရင် ပြန်လာမှာပေါ့။ အများဆုံးကြာ လေးငါးရက်ပေါ့ကွယ်။ "
ဖယောင်း ခေါင်းလေးငုံ့ချရင်း ခပ်ယဲ့ယဲ့သာ မပီမပြင်ပြုံးမိသည်။ ဘာတတ်နိုင်မှာလဲလေ....ဖယောင်းစောင့်ရမှာပေါ့။
မာန်ခိုက်ထင် မန်နေဂျာချပေး ထားသည့် ပတ္တမြားနှင့် နီလာကိုကြည့်ကာ ကိုကြည့်ကာ သဘောကျစွာပြုံးမိ၏။ ဝယ်လက်ကအသင့်ရှိပြီးသား ဖြစ်သလို ရန်ကုန်မှာ စောင့်နေပြီဖြစ်၏။
" သူဌေး စျေးခေါ်ပြီးပြီလား။ "
မာန်ခိုက်ထင် ခေါင်းခါယမ်းရင်းမှ...
" မခေါ်ရသေးဘူး.....အရမ်းစိတ်မပူပါနဲ့ ။ ကမ္ဘာ့အကောင်းဆုံးပတ္တမြားကို ဒီမိုးကုတ်ဒေသကထွက်တာ သူတို့သိတယ်။ ဒါကြောင့်မိုးကုတ်ကို ပတ္တမြားမြေလို့ခေါ်တာလေ။ "
" မြန်မာပြည်မှာ ပတ္တမြားက မိုးကုတ်တစ်ခုထဲကပဲထွက်တာလား အာစရိ။"
ကိုကျော့်အမေးကြောင့် မာန်ခိုက်ထင် ငဲ့ကြည့်လာရင်းမှ....
" ဘယ်ကသာ.....မိုင်းရှူး ၊ နန့်ယားတို့ကလဲထွက်တယ်။ ပြီးတော့ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်တို့မှာလဲထွက်တယ်။ ပတ္တမြားစင်္ကြာဆို မိုးကုတ်မှာ ပေါပေါများများမတွေ့ရပေမယ့် မိုင်းရှူးမှာအများဆုံးတွေ့ရတတ်တယ်။ ကိုကျော် ခင်ဗျား ဒီလောက်အခြေခံတောင်မသိပဲ ကျွန်တော်ဘယ်လိုမျက်နှာလွှဲရမလဲ။ "
" အဟဲ....သိပါတယ်ဆရာရဲ့.....မေးကြည့်တာပါ ဟီး "
မာန်ခိုက်ထင် ခပ်တည်တည် ကြည့်ရင်းမှ....
" မိုင်းရှူးမှာလဲ လူတွေလွှတ်ထား ဦး ။ "
" ဟုတ်ကဲ့ သူဌေး စိတ်ချပါ။ "
" ကိုကျော် မနက်ဖန်ပြန်ဖို့ စီစဉ်လိုက်။ "
ချာတိတ်မျက်နှာကို ပြေးမြင်မိတော့ မာန်ခိုက်ထင် ရင်ထဲသိမ့်ခနဲ လှုတ်ခတ်သွားရသလို အပြုံးတစ်ခုဖြစ်ထွန်းသွားရသည်။
" အာစရိ နီလာရော ရောင်းမှာလား။ "
" မရောင်းဘူး..... ငါ့မိန်းမအတွက်။ "
" ရောင်းရင်ပိုက်ဆံအတော်ရမှာ အာစရိ။ "
မာန်ခိုက်ထင် စိတ်မရှည်တော့။
" မရောင်းပါဘူးဆို ဘယ်လိုဖြစ်နေလဲ ။ ချာတိတ်အတွက်ပါဆို.....ပိုက်ဆံက အခုငါ့မှာ မရှိလို့လား။ မွဲနေလို့လား။ "
ကိုကျော် ပြုံးစိစိဖြစ်သွားရသလို မာန်ခိုက်ထင်တို့က သူ့မိန်းမအတွက်နီလာဗူးကိုကောက်သိမ်းသွား၏။ ပတ္တမြားဗူးကို ကိုကျော်ကမန်းကတန်း ယူသိမ်းကာ အနောက်မှလိုက်လာခဲ့၏။ ရောင်းမယ့်ပစ္စည်းကျ ထားခဲ့ပြီး သူ့မိန်းမအတွက်ပဲယူသွားသည်။ အာစရိတို့များ ကြီးပွား ဦး မယ်။
ဖယောင်း ရေမိုးချိုးပြီး ဗိုက်ဆာသဖြင့် အောက်ထပ်ဆင်းလာခဲ့ကာ ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။ ဘယ်သူမှ မတွေ့တာမို့ ကိုယ့်ဘာသာပဲ ထည့်စားရန် ပြင်နေစဥ်....
" ငါကတော့ မမလေးကို ပိုချစ်တယ်။ "
" ဒါပေမယ့် မမလေးထက် ဟိုအစ်မက နူးနူးညံ့ညံ့လေးနော်။ ဆံပင်ကြီးကလဲ အရှည်ကြီးပဲ ။ မြန်မာဆန်ဆန်လေးနဲ့ ယဥ်စစလေး......သူဌေးကိုသာ အဲ့အမက မထားခဲ့ဘူး.....အိမ်ထောင်မပြုသွားဘူးဆိုရင် အခုအချိန် သူဌေးကတော်က မမလေးမဟုတ်ပဲ ဟိုအစ်မဖြစ်နေမှာ။ "
ဦး မာန်မှာ ချစ်သူရှိခဲ့တာလား။ ဖယောင်း မသိခဲ့သလို ဘယ်သူကမှလဲ မပြောပြကြ။ ဒါကြောင့် ဦး မာန် က ဖယောင်းအပေါ် အေးစက်စက်နိုင်တာလား.....မချစ်တာလား။ ရှုပ်ထွေးလာသည့် အတွေးစတွေနဲ့အတူ မျက်ရည်စလေးတွေပါ ဝဲတက်လာသလို ရင်ဘတ်ထဲမှ စူးအောင့်နာကျင်လာ၏။
" အဟင့်! "
မထိန်းနိုင်တော့သလို ဖယောင်းဆီမှ ရှိုက်သံကြောင့် မီးဖိုချောင်တံခါးအပြင်ဘက်မှ အလုပ်သမားအစ်မနှစ်ယောက်လဲ လှည့်ကြည့်လာကာ ဖယောင်းကိုမြင်တော့ ထိတ်လန့်သွားပုံရ၏။
" မ....မမလေး "
ရင်ဘတ်ထဲမှ စူးအောင့်နာကျင်နေသည့်ခံစားချက်ကို လျစ်လျူရှုကာ မျက်ရည်စတွေရစ်ဝဲနေသည့်ကြားမှ ဟန်ဆောင်ပြုံးလိုက်သည်။ ရှက်တာလား ကိုယ့်ကိုယ်ကိုယ်သနားတာလား ဘာမှန်းမသိသော ခံစားချက်တွေက ရောပြွန်းနေလျက် ထိုအစ်မနှစ်ယောက်ကို ကြည့်ရင်း....
" အဟင်း.... ဖယောင်းက ထမင်းစားမလို့.....အလုပ်ဆက်လုပ်ကြပါနော်....."
လှည့်ထွက်လိုက်ပေမယ့် အားမရှိသည့်ခြေထောက်တွေက နေရာတင်ခွေကျသွားသလို မျက်ရည်စတွေကြောင့် မြင်ကွင်းတွေက ဝါးတားတား။ မခံမရပ်နိုင်အောင် နှလုံးသားထဲမှ စူးအောင့်နာကျင်လာသည့်အခိုက် မခံစားနိုင်တော့ပဲ လူကကြမ်းပြင်ပေါ် ပျော့ခွေကျသွားသည့်နောက်... ။
@@@@@@@@@@@
မာန်ခိုက်ထင် ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လာသည်နှင့် ခရီးရောက်မဆိုက် ကြားလိုက်ရသည့်စကားကြောင့် အပေါ်ထပ်ကို အပြေးတက်လာခဲ့သည်။ အခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အိပ်ယာထက်လှဲကာ မျက်ဝန်းလေးတွေမှေးမှိတ်ထားသည့် ချာတိတ်ကို မြင်လိုက်ရသလို ဘေးမှာမေမေက ထိုင်နေသည်။
" ဘယ်လိုဖြစ်တာလဲ မေမေ......ချာတိတ်မူးလဲတယ်ဆို။ "
" သားရောက်လာပြီလား.....အမေလဲ မသိပါဘူးကွယ်။ အသံတွေကြားလို့ အခန်းထဲကထွက်လာတော့ သမီးလေးက သတိလစ်နေပြီ။ ဆရာဝန်ကတော့ အားနည်းတယ် အိပ်ရေးပျက်တာတွေများတယ်ပြောတာပဲ။ ဆေးရှိန်နဲ့ အိပ်ပျော်နေတာ....."
" နင်တို့ကရော .....ဘာလုပ်နေတာလဲ ။ "
မလှမ်းမကမ်းမှာ ရပ်နေသည့် ကောင်မလေးနှစ်ယောက် ကို လှမ်းဟောက်လိုက်တော့ အလန့်တကြားဖြစ်သွားပုံရကာ တဟိုဟိုတဒီဒီဖြစ်ကုန်၏။
" ကဲပါ သားရယ်.....သမီးလေးလန့်နိုး ဦး မယ်။ "
" နောက်ဆို ကျွန်တော့်ကို အကြောင်းကြားပါမေမေရယ်...."
မာန်ခိုက်ထင် အိပ်မောကျနေသည့် မျက်နှာနုနုလေးကိုကြည့်ကာ ရင်ထဲမကောင်းသလို နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်လေးတွေအား ဖွဖွသပ်တင်ပေးရင်း ငေးစိုက်ကြည့်နေမိ၏။
" အမေ စောင့်ပေးထါးမယ်လေ....သားရေမိုးချိုးအဝတ်အစားလဲ ဦး ။ "
" ရတယ် အမေ.....ကျွန်တော်ကြည့်လိုက်ပါမယ်။ အမေတို့သွားနားကြပါ။ "
မေမေတို့ ထွက်သွားမှ သူအပေါ်အင်္ကျီကိုချွတ်ကာ အောက်မှခံဝတ်ထားသည့် တီရှပ်အနက်ပါ ဆွဲချွတ်လိုက်၏။ ချာတိတ်ဘေးဝင်လှဲရင်းမှ လွမ်းနေရတာကြာပြီဖြစ်သော ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ မျက်ဝန်းတို့ကိုမှိတ်ချမိသည်။ ဒီကလေးမနဲ့ကျမှ လူက ချစ်တတ်လာလိုက်တာဆိုတာလေ အရိပ်တကြည့်ကြည့်နဲ့ မျက်စိအောက်က ပျောက်သွားရင်ကို လူကနေမထိထိုင်မသာ ပူပန်နေရတာမျိုး။
---------------------------
ဖယောင်း အိပ်ယာမှနိုးလာသည်နှင့် ဖယောင်းဘေးတွင် အိပ်မောကျနေသည့် ဦး မာန်ကို မြင်လိုက်ရသလို ခပ်ချောချော ခန့်ညားလွန်းသည့်မျက်နှာအားငေးကြည့်ရင်း ရင်ထဲထိခိုက်ရပြန်သည်။ အိပ်မောကျနေသည့် ဦး မာန်ရဲ့ပါးပြင်ကို ဖွဖွအုပ်ကိုင်ကာ .....
" ဦး မာန်ကို ဖယောင်းကတော့ ချစ်လိုက်ရတာ။ "
မာန်ခိုက်ထင် ပြုံးမိသွားရင်မှ မျက်ဝန်းတို့ကို ရုတ်တရက် ဖွင့်ကြည့်လိုက်တော့ ချာတိတ်ပုံစံလေးက အလန့်တကြားလေးဖြစ်သွားဟန်ပင်။
" ချစ်တယ်ဆိုပြီး ပြောစကားကျ နားထောင်လား။"
" ဟင်.....အိပ်နေတာမဟုတ်ဘူးလား။ "
" ကိုယ် အိပ်နေတယ်လို့ ပြောမိလို့လား။ ချာတိတ်လေး သက်သာရဲ့လား။ "
ပြောရင်း ဦး မာန်လက်တစ်ဖက်က ဖယောင်း၏နဖူးကို လာစမ်းနေသေးသလို ပါးလေးအား ရွှတ်ခနဲနမ်းလာတော့ ဖယောင်းပြုံးမိသွားသည်။
" ချာတိတ်လေးကိုလေ သိပ်ချစ်တာပဲ။ "
ဖယောင်း အံ့အားသင့်သွားသလို ဦး မာန်ကို ငေးခနဲ ကြည့်မိသွားသည်။
" တကယ်ချစ်တာလားဟင်။ "
မာန်ခိုက်ထင် ဘယ့်နှယ့်မေးလိုက်ပါလိမ့်ဆိုသည့် ပုံစံဖြင့် မျက်ခုံးလေးပင့်ကြည့်ရင်း.....
" ချာတိတ်က ဘာလို့အဲ့လိုမေးရတာလဲ.....ဧကန္တ ချာတိတ်စိတ်ထဲ ကိုယ်ချာတိတ်ကိုမချစ်ဘူးထင်နေတာလား......ဟုတ်လား ချာတိတ်။ "
စကားသံထွက်မလာတာမို့ မာန်ခိုက်ထင် သဘောပေါက်သွားသလို စိတ်မကောင်းဖြစ်သွား၏။ ဆံစလေးတွေကို ငုံ့နမ်းရင်း.....
" ကိုယ်တို့အခြေအနေက မဖြစ်မနေမို့ လက်ထပ်ခဲ့ရတာလို့ပြောရင်ပြောနိုင်တယ်....ဒါပေမယ့် ကိုယ်ချာတိတ်ကို သိပ်ချစ်တာယုံ။ ဘယ်အချိန်မှာ ချစ်မိသွားတာလဲတော့ ကိုယ်လဲမသိဘူး....."
ဖယောင်း ဦး မာန်ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာ မျက်ဝန်းတို့ကို စုံမှိတ်မိသည်။ လုံလောက်ပါသည်လေ...... ဦး မာန် က ချစ်သည်ပြောတာပဲ။ ဖယောင်း ဒီစကားနဲ့တင်ကျေနပ်သည်။
@@@@@@@@@@@@@@@@@@@@@
To be continue P - 16
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory