နှလုံးသား အနုကပ္ပ (အပိုင်း ၁၆)
lotaya.mpt.com.mm
|
2022-09-25

မာန်ခိုက်ထင် ခြံထဲလမ်းလျှောက်နေသည့် ချာတိတ်ကို အိမ်ပေါ်ထပ်မှလှမ်းကြည့်ရင်း အဝတ်အစားကို ခပ်သွက်သွက်လဲလိုက်သည်။ ချာတိတ်က နေကောင်းခါစမို့ သိပ်မလန်းသေးသလို သူကိုယ်တိုင်လဲ စိတ်မချတာမို့ ဒီနေ့ဘယ်အလုပ်မှမသွားပဲ အိမ်မှာနေခြင်းပင်။ လုပ်ငန်းရှင်တစ်ဦး နဲ့ ဆွေးနွေးစရာရှိပေမယ့် အိမ်ကိုသာခေါ်ထားသည်။ 

ဖယောင်း ပန်းအိုးတွေရွှေ့နေသည့် အလုပ်သမားကောင်လေးကိုကြည့်ရင်းမှ နှင်းဆီတွေခူးနေတာမို့.....

" ပန်းတွေ ဘာလုပ်ဖို့ခူးနေတာလဲ.....အပင်မှာပဲထားလေ။ "

" မေမေကြီးက ဘုရားတင်ဖို့ခူးခိုင်းထားလို့ပါ မမလေး။ "

" အဲ့ဒါဆို အရောင်မတူတာတွေ မခူးနဲ့......အနီတွေပဲခူး....."

ဖယောင်းပြောလဲပြော လှမည်ထင်သည့်ပန်းလေးတွေကို လက်ညှိုးလေးထိုးပြသည်။

" ချာတိတ်...ဒီမှာ ဘာလုပ်နေတာလဲ။ "

ဖယောင်း ဦး မာန်အသံကြောင့်လှည့်ကြည့်ရင်းမှ ပြုံးလိုက်မိရင်း....

" ပန်းခူးနေတာလေ..... ဦး မာန် အလုပ်မသွားရဘူးနော်။ "

မာန်ခိုက်ထင် ပြုံးမိသွားရင်းမှ ချာတိတ်ပခုံးကိုအသာဖက်ကာ.....

" မသွားပါဘူးဗျာ......ကဲ လာ မနက်စာစားမယ်။ "

မာန်ခိုက်ထင် ဖယောင်းပန်းကိုယ်လေးကို တယုတယဖက်ကာ အိမ်ထဲပြန်ခေါ်လာပေမယ့် စိတ်ထဲကတော့ အန္တရာယ်ကိုကြိုတွေးနေမိသည်။ ချာတိတ်ကငယ်တော့ ဒီကောင်လေးနဲ့သက်တူရွယ်တူ......မြင်ရတာမကြိုက်တာမို့ ပန်းတွေအတွက်အခြားသက်ကြီးပိုင်းကိုခေါ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 

-----------------------

" ညီမလေး ရှိတယ် ဟုတ်လား ဘွား။ "

ဘွားဆီမှ သိရတဲ့အကြောင်းအရာတွေဟာ ပန်းတစ်ခါမှ မသိဖူးမကြားဖူးခဲ့တာတွေပင်။ ယုံရမလား မယုံရမလား စိတ်ကဒွိဟဖြစ်နေစဥ်......

" မမူအကုန်လုံးသိပြီးသားပဲ ပန်း......အခု နင့်အမေက သူ့သမီးအငယ်ကို လိုအပ်တယ်။ ရော့ ဒီမှာ လိပ်စာ။ "

အရှေ့ချပေး လာသည့် လိပ်စာကိုကြည့်ရင်း ပန်း ရင်တွေတလှပ်လှပ် တုန်ယင်လာရသည်။ ကိုယ့်မှာ သွေးသားအရင်း ညီမတစ်ယောက်လုံး ရှိနေသည့်အဖြစ်ပါလား။ 

ဒေါ်သူဇာကြီး စိတ်ထဲကကြိတ်ပြုံးမိသလို တနေ့က မြင်ခဲ့ရသည့် ချာတိတ်မပုံစံကို ပြန်တွေးမိ၏။ မအူမလည်လေးမို့ ပန်းလိုပင် ကိုယ့်စိတ်ကြိုက်ခြယ်လှယ်နိုင်သည့်အခါ မာန်ခိုက်ထင်ဟာ အလိုလို ကိုယ့်ကြိုးဆွဲရာ ကရမည်ပင်။ ခယောင်းပန်းကိုတော့ ကိုယ့်ကိုတားဆီးသလို ပစ်ပစ်ခါခါ တားဆီးနိုင်မှာမဟုတ်။ သံယောဇဥ်တွေ ရှိကြဖူးသည် မဟုတ်ပါလား။ 

မာန်ခိုက်ထင် ဧည့်ခန်းထဲ လုပ်ငန်းကိစ္စ စကားပြောနေစဥ် ကော်ဖီဗန်းလေးသယ်လာသည့် ချာတိတ်ကြောင့် ပြုံးမိသွား၏။ နေမကောင်းတာမို့ သူ့အနားကပ်ချွဲနေသလို အပြင်မသွားရန်လဲ ဂျီကျထားသဖြင့် အလုပ်ကိုအိမ်မှာလုပ်ရင်း ကလေးလေးကို အလိုလိုက်ရပါသည်။ 

" ကော်ဖီ သုံးဆောင်ပါဦးရှင်။ "

" ကျေးဇူးပါ ညီမလေး.... "

ထိုလူ့အကြည့်က ချာတိတ်ကို သူ့ဇနီးဆိုတာ သိပုံမရပဲ ငမ်းနေသဖြင့် မာန်ခိုက်ထင်အူတိုစိတ်က ထိန်းမရ။ 

" ချာတိတ်လေး.....နေမကောင်းဘူးမဟုတ်လား။ အခန်းထဲသွားနားနေ....ကိုယ်နောက်မှလာခဲ့မယ်။ "

" ဟုတ်ကဲ့ ဦးမာန်...."

ချာတိတ် ထွက်သွားမှ ထိုလူက သူ့ကိုအားနာသလို ကြည့်လာရင်း......

" ကိုမာန့်ဇနီးလား....."

" ဟုတ်တယ်....."

" ဆောရီးပါဗျာ.....ကိုမာန့်ညီမလေးထင်နေတာ......တော်တော််ငယ်တာပဲ။ "

မာန်ခိုက်ထင် စာချုပ်ကို စားပွဲပေါ် ပစ်တင်လိုက်ရင်းမှ မကြည်သလိုကြည့်ကာ.....

" စာချူပ်က ချုပ် ဦး မှာလား....."

ဖယောင်းအခန်းလေးထဲ ဝင်လာသည့် ဦး မာန်ကို ငဲ့ကြည့်ရင်းမှ....

" ဧည့်သည် ပြန်သွားပြီလား ဦး မာန်။ "

" အဲ့ဒါ ချာတိတ် စိတ်ဝင်စားရမယ့် ကိစ္စမဟုတ်ဘူး.....ဘာလဲ ဟိုကောင်က ငမ်းနေတော့ သာယာလို့လား။ "

ဖယောင်း မတ်တတ်ထရပ်လိုက်မိရင်းမှ.....

" ဦး မာန် ဘာတွေပြောနေတာလဲ..... "

" တစ်ခါထဲ မှာထားမယ်.....နောက်အိမ်ကို ယောကျာ်းလေးဧည့်သည်လာရင် ချာတိတ် အခန်းထဲမှာပဲနေပါ....လုံးဝ ထွက်လာစရာမလိုဘူး။ "

ဖယောင်း ဘာပြန်ပြောရမှန်းပင် မသိသလို ရန်ပြန်တွေ့နိုင်အောင်လဲ အားမရှိ။ အိပ်ယာပေါ်ထိုင်ချကာ ငိုမိတော့လဲ သူမဟုတ်သလို နူးညံ့စွာချော့ပြန်သည်။ ဦး မာန်ဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ။

@@@@@@@@@@@@

ဖယောင်း နေလို့သိပ်မကောင်းတာမို့ ရေကူးကန်ဘေးရှိခုံတွင် ထိုင်နေသလို ခြံတံခါးဘဲလ်တီးသံကြောင့် ထရပ်ရန်ပြင်လိုက်၏။ မာန်ခိုက်ထင် ချာတိတ်ကို လက်ကာပြရင်းမှ .....

" ကိုယ်သွားလိုက်မယ်...."

မာန်ခိုက်ထင် အိမ်ရှေ့ထွက်လာကာ ခြံစောင့်ဆီမှ ကြားလိုက်ရသည့်အမည်ကြောင့် ဟင်ခနဲဖြစ်သွားရသည်။ 

" ဘယ်သူ....."

" ခယောင်းပန်းတဲ့ သူဌေး.....မမလေးနဲ့တွေ့ချင်လို့တဲ့။ "

မာန်ခိုက်ထင် တုန်လှုပ်သွားရသည်။ ချာတိတ် သိသွားမှာ သူအသေကြောက်သလို သူတို့နဲ့ ချာတိတ်ကို မပက်သက်စေချင်။

" မရှိဘူးလို့ ပြောလိုက်။ "

မာန်ခိုက်ထင် နေရာမှလှည့်ထွက်လာခဲ့သလို တရားတာတွေ မတရားတာတွေ သူမသိ။ မိသားစု ပြန်လည်ပေါင်းဖက်ရင် ဒေါ်သူဇာကြီး ဘာတွေလုပ်ချင်တာလဲ သူရိပ်မိသည်။ ဒေါ်သူဇာကြီး စီးပွားကျနေတာလဲ သိသည်။ ချာတိတ်ဟာ နောက်ဆုံး အသက်ကယ်ကြိုး မဟုတ်လား။

ဖယောင်း ပြန်ရောက်လာကာ အနားဝင်ထိုင်သည့် ဦးမာန်ကို ကြည့်ရင်းမှ သုန်မှုန်နေတာမို့ .....

" ဘာဖြစ်လို့လဲဟင်....."

" အာ....ဘာမှမဖြစ်ပါဘူး။ ချာတိတ်လေး ခဏနေအိမ်ထဲဝင်မယ်နော်....အပြင်မှာကြာနေပြီ။ "

" ဦး မာန်....ဖယောင်း ဖေဖေ့ဆီ သွားပြီး ဆွမ်းကပ်ချင်တယ်။ "

" သြော်....ဆွမ်းကပ်ချင်တာများ ချာတိတ်ရယ်။ အိမ်ကလူတွေ ချက်ခိုင်းပြီး ပို့ပေးလိုက်ပေါ့....ချက်တာမကြိုက်ရင် မှာလိုက်။ ချာတိတ်က ဘာသွားလုပ်မှာလဲ.....နေကဖြင့်မကောင်းပဲ။ "

ဖယောင်း သက်ပြင်းလေးချမိသလို ဦးမာန်လက်မောင်းကို ဖွဖွကိုင်ရင်းမှ.....

" ဦး မာန်ကလဲ....ဆွမ်းကပ်တာ ကိုယ်တိုင်ကပ်မှပေါ့။ "

" ကဲ....ကိုယ်ပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ ချာတိတ်ရယ်။ ကိုယ်ရန်မဖြစ်ချင်ဘူး။ လာ....အထဲဝင်မယ်။ "

ဖယောင်း ရင်ထဲလေးပင်သွားရသလို ဦးမာန်ကပဲ ဖယောင်းကိုချစ်တာလား ၊ ဂရုစိုက်၍လား ၊ ဒါမှမဟုတ် အတ္တပဲကြီးတာလား ဝေခွဲ၍မရနိုင်ပါ။ အခုဆို နေမကောင်းတာမို့ ဖုန်းလုံးဝမကြည့်ရသလို စားချင်တာလဲမစားရ။ အာဟာရဖြစ်မည့်ဟာတွေပဲ ကျွေးကာ ငပိရည်ဆို မစားရတာနေမကောင်းထဲကပင်။ 

---------------------

ခယောင်းပန်း ဘွား၏ စကားအတိုင်း အိမ်ကိုသွားရှာပေမယ့် မရှိဘူးဆိုတာမို့ ပြန်ခဲ့ရသလို ဘွားကို ပြန်ပြောပြတော့ သူပါလိုက်ခဲ့ပေးသည်။ မေမေလဲ ပါလာသလို အိမ်ရှေ့ရောက်တော့ ဘွားက ကားပေါ်မှနေ၍ ခြံစောင့်အား.....

" မရွှေရည်နဲ့တွေ့ချင်လို့......ဒေါ်သူဇာကြီးလို့ ပြောလိုက်။ "

သိပ်မကြာလိုက် ခြံတံခါးဖွင့်ပေးသလို ကားပေါ်မှဆင်းကာ အိမ်ထဲဝင်လာတော့ မြန်မာချိတ်ဝမ်းဆက်ဖြင့် ကျက်သရေရှိလှသော အမျိုးသမီးကြီးကို ဧည့်ခန်းမှာ အသင့်စောင့်နေတာ တွေ့ရသည်။

" ဘာကိစ္စရှိလို့လဲ အစ်မကြီး။ "

ဒေါ်ရွှေရည့်​ဆီမှစကားကြောင့် ဒေါ်သူဇာကြီး ဆိုဖာပေါ်ခြေချိတ်ကာ ဝင်ထိုင်လိုက်ရင်း တင်းမာနေသည့် မျက်နှာထားဖြင့် သူမဘေးထိုင်နေသည့် ပန်းနှင့် ဒေါ်မြနှစ်ကိုမေးဆတ်ပြရင်း.....

" ရှင့်ချွေးမရဲ့ အမေနဲ့အစ်မပဲ....."

ဒေါ်ရွှေရည် ခယောင်းပန်း နှင့် သနပ်ခါးထူပိန်းနေအောင်လိမ်းကာ ဟိုဒီလိုက်ကြည့်နေသည့် မိန်းမအား ကဲကြည့်မိသည်။ သမီးဖယောင်းလေးက ခြံနောက်ဘက်ရှိ ရေကူးကန်ဘေးတွင် သိုးမွှေးထိုးနေသလို သားကလဲ ပြန်မလာသေး။ 

" သားပြန်လာမှ ပြောရင် ကောင်းမယ်။ "

" ရှင့်သားက လက်မခံလို့ပေါ့.....။"

" လက်ခံချင်စရာမှမရှိတာ...."

အသံပြတ်နဲ့အတူ အခန်းထဲဝင်လာသည့် မာန်ခိုက်ထင် ။ ခယောင်းပန်းမှာလဲ မာန်ခိုက်ထင်ကိုမြင်တော့ မယုံနိုင်သလို မတ်တတ်ထရပ်မိသည်။ မာန်ခိုက်ထင် ခယောင်းပန်း နှင့် ဒေါ်မြနှစ်ကို တစ်ချက်ကဲကြည့်ရင်းမှ ဒေါ်သူဇာကြီးဘက်ပြန်လှည့်ကာ......

" ခင်ဗျား ရည်ရွယ်ချက်က ဘာလဲ....ငွေဆိုလဲကျုပ်ပေးမယ်။ ကျူပ်မိန်းမ နဲ့တော့ ဝေးဝေးနေပေးပါ။ "

" ပန်းတို့ ငွေမက်လို့ လာတာ မဟုတ်ဘူး။ "

မာန်ခိုက်ထင် ရွဲ့သလို ဟက်ခနဲရယ်ရင်းမှ.....

" ဟုတ်ပါ့မလား.....ကိုယ့်အဘွားလဲကိုယ်ပြန်မေးကြည့်စမ်းပါဦး.....ဒီမှာ ခယောင်းပန်း မင်းကိုယ်တိုင်လဲ အဘွားရဲ့ခြယ်လှယ်ခံနေရတာ.....ငါ့မိန်းမကိုပါ ရော့အင့်ခံဆိုပြီး ပစ်စလက်ခတ် မထည့်ပေးနိူင်ဘူး......"

ခယောင်း ပါးစပ်အဟောင်းသားလေး ဖြစ်သွားရသလို မာန်ခိုက်ထင်မှ ဟုတ်ပါလေစဟုပင် ထင်မိသွား၏။ အကုန်လုံး သတိလစ်သွားသည်က ဒေါ်မြနှစ်......စကားအချေအတင်ဖြစ်နေကြဆဲမှာပင် ဒေါ်မြနှစ်က ခြံထဲရောက်သွား၏။ 

ဖယောင်း သိုးမွှေးထိုးနေရင်းမှ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားမိလာသဖြင့် လှည့်ကြည့်လိုက်သည့်အခါ......

! အမလေး....!

မာန်ခိုက်ထင် ဖျတ်ခနဲ ကြားလိုက်ရသည့်အသံကြောင့် ရင်ထဲထိတ်ခနဲ ဖြစ်သွားသလို နားစိုက်နားထောင်မိ၏။

" ဦး မာန်...... ဦး မာန်ရေ......အား....မကြည်ရေ....."

အကုန်လုံးပီပီပြင်ပြင် ကြားလိုက်ရသလို မာန်ခိုက်ထင်ရင်ထဲစိုးရိမ်စိတ်က ငယ်ထိပ်မြွေပေါက်သလိုပင်။

" ချာတိတ်.....ချာတိတ်...."

" မေမေ မရှိတော့ဘူး..... ဧကန္တ...."

အကုန်လုံး ဒရောသောပါး ပြေးထွက်လာကြသလို ခြံနောက်ရောက်သည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလန့်တကြားဖြစ်ကုန်၏။ ဖယောင်းပန်းလက်မှာ သွေးတွေရွှဲနေသလို ဒေါ်မြနှစ်က ဖယောင်းပန်းကိုယ်လေးအား စိတ်ရှိလက်ရှိဆောင့်ဆွဲယမ်းခါနေ၏။

" သူခိုးမ....ကလေးသူခိုးမ.....ငါ့သမီးပြန်ပေး....ပေး။ "

! ဗွမ်း....!

တွန်းထုတ်လိုက်သဖြင့် ဖယောင်းပန်းကိုယ်လေးက ရေကူးကန်ထဲပစ်ကျသွားရသည်။ 

" ချာတိတ်....."

မာန်ခိုက်ထင် ကပျာကယာ ရေကူးကန်ထဲ ဆင်းကာ ချာတိတ်ကိုယ်လေးကို ချီမရင်း ကန်ဘောင်ပေါ်ရောက်သည်အထိ ကြောက်လွန်း၍ တဆတ်ဆတ်တုန်နေသည့် ကိုယ်လေးက သူ့လဲမြင်ရော မျက်ရည်တွေရစ်ဝဲလာ၏။

" ဦး.... ဦး မာန်.....".

" ကိုယ်ရှိတယ်.....ကိုယ်ရှိတယ်နော်.... ချာတိတ်.....ချာတိတ်.......ဟာ...."

ကိုယ်လေးပျော့ကျသွားသဖြင့် မာန်ခိုက်ထင် ပြာယာခတ်သွား၏။ ကပျာကယာပွေ့ချီလိုက်သလို ဒေါသတကြီးအကြည့်က ခယောင်းပန်းပွေ့ဖက်ထားသည့် ဒေါ်မြနှစ်ဆီ ရောက်၏။

" ပြန်ကြတော့.....တစ်စက္ကန့် ထပ်ရှိနေရင်တောင် အကုန်ထောင်ထဲထည့်ပစ်မယ်......ဒီကိစ္စလဲ ဒီအတိုင်းပြီးမယ် မထင်နဲ့။ "

ကံကြမ္မာကပဲ ကျီစယ်သလား။

ရေစက်တွေကပဲ ဆိုးရွားလေသလားမသိ။

ထိုနေ့က လှည့်ပြန်လာရသလို ဖယောင်းပန်းလဲ ကြောက်လန့်လွန်းအားကြီးသည်ရော လက်မှထိုးမိသွားသည့် သိုးမွှေးအပ်ရာကြောင့် အတော်ခံလိုက်ရ၏။

@@@@@@@@@@@

မာန်ခိုက်ထင် သူ့ရင်ခွင်ထဲ အိပ်မောကျနေသည့် ချာတိတ်ကို ငေးကြည့်ရင်းမှ အဘက်ဘက်က တွေးပူနေမိသည်။ ခယောင်းပန်းဟာ ဒေါ်သူဇာကြီး လှည့်ချင်သလိုလှည့်လို့ရသည့် လူ။ ချာတိတ်က တကယ်အဖြူထည်မို့ စိတ်ထဲဒဏ်ရာမရစေချင်။

မင်းညို ပန်း ပြောပြသည့် အကြောင်းအရာတွေ နားထောင်ရင်းမှ အ်ပ်မောကျနေပြီဖြစ်သည့် ဒေါ်မြနှစ်ကို ကဲကြည့်မိသည်။ ပန်းရဲ့ ညီမလေးဟာ ပန်းရဲ့အရင်ချစ်သူနှင့် အိမ်ထောင်ကျနေသည်တဲ့လား။

" ပန်းပြောတဲ့အတိုင်းဆို အဲ့ကလေးမ အမှန်မသိလောက်သေးဘူး။ ဒေါ်သူဇာကြီးက ပန်းဆိုရင် မာန်ခိုက်ထင် မလွန်ဆန်နိုင်လောက်ဘူးထင်လို့ ပန်းကိုအသုံးချတာ။ "

အစ်ကို့စကားကြောင့် ပန်း သက်ပြင်းလေးချရင်းမှ.....

" အသုံးချတယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ အစ်ကိုရယ်....ပန်းညီမဆိုတော့ ပန်းကိုအသိပေးတါ သဘာဝကျပါတယ်....မာန်ခိုက်ထင်ကလဲ အခုညီမလေးမှညီမလေးပါ....ညီမလေးကိုအတော်လေး ချစ်ပုံရတယ်။ "

မင်းညို ပန်းပုံစံလေးကို ကြည့်ရင်းမှ သူနဲ့ယူလို့သာ ဆင်းရဲနေသလားဟု တွေးပြီးနောင်တရမိသည်။ ပန်း သတိထားမိသွားသလို ညှိုးကျသွားသည့် အစ်ကို့ပုံစံကြောင့်.....

" အစ်ကို ဘာတွေ လျှောက်တွေးနေတာလဲဟင်။ "

" ဘာမှမဟုတ်ပါဘူး.....ပန်းသာအစ်ကိုနဲ့လက်မထပ်ဖြစ်ခဲ့ရင် ဖယောင်းပန်းနေရာမှာ "

" အို...အစ်ကိုကလဲ.....ပန်းကအစ်ကို့ဇနီးပါ။ ဒီနေ့ ကြည့်တာလေ...မာန်ခိုက်ထင်က အတ္တကြီးသလိုပဲ။ အစ်ကိုက ခင်ပွန်းကောင်းပါ....မေမေ့အပေါ်လဲ သားတစ်ယောက် လိုပဲကောင်းပေးတယ်။ ပန်းကိုလဲ ချစ်ပေးတယ် မဟုတ်လား။ "

သူ့ လက်တစ်ဖက်ကိုကိုင်ကာ ပြုံးပြုံးလေးပြောလာသည့် ပန်းကြောင့် မင်းညိုပြုံးမိသွားရသည်။ မျက်နှာလှလှလေးကို ငေးကြည့်ရင်းမှ....

" ကိုယ်က ပန်း သိမ်ငယ်မှာ စိုးရိမ်တယ်။ "

ပန်း ခေါင်းလေးခါယမ်းရင်း အစ်ကို့ရင်ခွင်ထဲ တိုးဝင်မိသည်။ တဖြည်းဖြည်းနှင့် အနေကြာလာတော့ အစ်ကို့ရဲ့ အရည်အချင်း နဲ့ စိတ်သဘောထားပြည့်ဝမှုတို့ကို ပန်း လေးစားမိသည်။ ရသည့်လခမှန်သမျှ ပန်းလက်ထဲအကုန်အပ်သလို ဘောနပ်စ်ဆိုတာလဲ ပန်းတို့သားအမိအတွက်သာ သုံးသည်။ အနေတည်သလို လူရိုးလူအေးမို့ ဘွားတောင် အစ်ကို့ရှေ့ဆို ပန်းကိုသိပ်မခိုင်း။ 

--–-------------------

ဖယောင်း ထမင်းစားနေရင်းမှ မေမေပြန်ပြောပြနေတာမို့ ထိုအဒေါ်ကြီးက စိတ်ဝေဒနာသည်မှန်း သိသွားရသည်။ ထိုနေ့က ဖယောင်းအနားရောက်လာပြီး ဖယောင်းလက်ထဲမှ သိုးမွှေးထိုးလက်စအထည်ကို လာဆွဲလုတာမို့ ဖယောင်းပင် လက်ရှသွားရသည်။ ဖယောင်းလက်မှ သွေးတွေမြင်တာနဲ့ စအကြမ်းဖက်ကာ ဆွဲယမ်း ေတာ့့ တာပင်။ 

" သူတို့က ဘယ်သူတွေလဲဟင်....."

ဒေါ်ရွှေရည် ပြောပြရင် ကောင်းမလား တွေးမိသလို ဖယောင်းလေး သိသင့်သိထိုက်သည် မဟုတ်လား။ 

" အဲ့ဒါက.....သမီးရဲ့..."

" မေမေ့...."

ထမင်းစားခန်းထဲ ဝင်လာသည့် သားဖြစ်သူမျက်နှာက မှုန်ကုတ်နေ၏။ ဒေါ်ရွှေရည် သက်ပြင်းချလိုက်ရင်းမှ....

" သား.....အဲ့လိုမလုပ်နဲ့လေ။"

" ချာတိတ်.....ထ မနက်စာကို အပြင်မှာ သွားစားမယ်။ "

မာန်ခိုက်ထင် ချာတိတ် လက်ကို ဆွဲကာ ထမင်းစားခန်းထဲမှ ထွက်ရန်ပြင်၏။ ဒေါ်ရွှေရည် သက်ပြင်းချမိသလို တစ်ယူသန်လွန်းသည့် သားကို ဘယ်လိုဖြောင်းဖျရမလဲမသိတော့။ 

သွေးသားသံယောဇဥ္ကို ဇွတ်တရွတ်ဖြတ်တောက်ကာ မိသားစုကိုမဆုံစည်းစေခြင်းဟာလဲ အကုသိုလ်တစ်မျိုး မဟုတ်လား။

@@@@@@@@@@@@@@@@@@@@@

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..