
မနက်စာစားနေသည့် ချာတိတ်ကို ခပ်ပြုံးပြုံးငေးကြည့်နေရင်း မာန်ခိုက်ထင် ကော်ဖီခွက်ကိုယူသောက်လိုက်သည်။ မေမေက ချာတိတ်ကိုပြောပြချင်နေသလို စောနကတောင် ပြောပြခါနီး သူအရောက်မြန်၍ပင်။ ပြောပြချင်သည့်လူဟာ တစ်ချိန်မဟုတ် တစ်ချိန်ပြောပြမှာပင်။ သူကရော အလုပ်တစ်ဖက်နဲ့ ဘယ်လောက်ထိဟန့်တားနိုင်မှာလဲ။
" ချာတိတ်....."
သူ့ကို မုန့်စားရင်း မော့ကြည့်လာသည့်မျက်နှာလေးက ကြည်စင်ဝင်းမွတ်နေသည်။
" ကိုယ်တို့ အိမ်ခွဲနေကြမယ်။ "
အိမ်ခွဲနေကြမလား မဟုတ်ပဲ နေကြမယ်ဆိုထဲက ဦး မာန်ဆုံးဖြတ်ပြီးပြီဆိုတာ ဖယောင်းနားလည်လိုက်သည်။ ဦးမာန်ဟာ သူ့ဆုံးဖြတ်ချက်ကို ပြောပြတတ်ပေမယ့် ဖယောင်းကို ဆုံးဖြတ်ခွင့်တော့ မပေးခဲ့ဖူးပါ။
" မေမေကရောဟင်.....မေမေတစ်ယောက်ထဲ ကျန်ခဲ့မှာပေါ့။ "
" ချာတိတ် စိတ်မပူပါနဲ့.....ကိုယ်စီ စီစဥ္ပါ့မယ္။ မေမေက စိတ်ပူစရာမလိုအောင် ကျန်းမာရေးလဲကောင်းတယ်.....သူ့စည်းစိမ်နဲ့သူပါ။ "
မာန်ခိုက်ထင် စကားပြောနေရင်း အကြည့်က တစ်ဖက်ဝိုင်းမှ ကောင်လေးဆီရောက်သွားကာ မျက်မှောင်ကြီး က်ံုသြားရ၏။ ချာတိတ်ကို တစ်ချက်တစ်ချက် ခိုးကြည့်နေတာဖြစ်သလို ဖျတ်ခနဲ ဖုန်းမီးပွင့်သွားတာမြင်တော့ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ကာ အနားလျှောက်လာ၍ ဖုန်းကိုဆတ်ခနဲဆွဲယူပစ်သည်။
" မင်း ငါ့မိန်းမကို ဓာတ်ပုံခိုးရိုက်နေတာပဲ။"
" မိန်း.....မိန်းမ.....မသိလို့ပါဗျာ.....ကျွန်တော်က မောင်နှမတွေထင်လို့......"
ခွပ်ခနဲ မာန်ခိုက်ထင်ဆွဲထိုးချလိုက်သလို ဖယောင်းလဲ လန့်သွားရသည်။ ထပ်ထိုးရန်ပြင်နေတာမို့ ကပျာကယာ ဦး မာန်လက်မောင်းကို လှမ်းဆွဲကာ တားရသည်။
" မလုပ်ပါနဲ့ ဦး မာန်ရယ်.....တော်ပါတော့။ "
မာန်ခိုက်ထင် ပိုစိတ်တိုသွားရရင်း ဒေါသက ဝင်တားသည့် ဖယောင်းပန်းဆီပုံကျ၏။
" မင်းက ဘာကိစ္စ တားရတာလဲ......ဘာလဲ အဲ့ကောင်ဘက်ကဝင်ကာပေးနေတာ မင်းဘာသဘောလဲ ပြောစမ်း။ "
ဖယောင်း ဟင်ခနဲ ဖြစ်သွားရရင်း ဦး မာန်အထင်လွဲမည်စိုးတာမို့ ကပျာကယာခေါင်းခါယမ်းကာ ငြင်းရသည်။
" မဟုတ်ပါဘူး ဦး မာန်ရယ်....ဖယောင်းက...."
" လာခဲ့......."
ဆိုင်အပြင်ဘက်ဆွဲခေါ်လာရင်း ကားပေါ်တက်လာသည့်တိုင် မာန်ခိုက်ထင်ဒေါသက မပြယ်နိုင်။ သူ နဲ့ ချာတိတ်အသက်က ကွာသလို ချာတိတ်မျက်နှာလေးက နုနေသဖြင့် မောင်နှမပဲ အမြဲအထင်ခံရသည်။
မာန်ခိုက်ထင်သည် ဖယောင်းပန်းကို ချစ်သလို ခယောင်းပန်းတုန်းကလို ကျန်ရစ်ခဲ့မှာ အသေကြောက်သည်။ အတိတ်က ဒဏ်ရာက လက်ရှိလူနင့်နေအောင်ခံရသလို သံကွန်ခြာ ခုနှစ်ထပ်ဖြင့် သနားစဖွယ် ပိတ်လှောင်ခံရရှာတော့သည်။
သူ့အရုပ်လေးကို ဘယ်သူမှမပေး။
မိဘ ဆွေမျိုး အပေါင်းအသင်းတွေအားလုံးနှင့် ပေးမတွေ့တော့ပဲ သူသာချစ်မြတ်နိုးလျှင် လုံလောက်သည်ဟု တစ်ယူသန် ဆုံးဖြတ်လိုက်သည့်နောက် ဖယောင်းပန်းသည် အချစ်ခံရခြင်း၏ ဒုက္ခဆိုးကျိုးကို အလူးအလှိမ့်ခံစားရရှာတော့သည်။
ဒေါ်ရွှေရည် ပစ္စည်းတွေလာရွှေ့နေသည့် ကိုကျော်ကြောင့် ရုတ်တရတ် နားမလည်နိုင်ဖြစ်ရသလို အကျိုးအကြောင်း သိသောအခါ ယုံပင်မယုံကြည်နိုင်။ သူ့မိန်းမကို ပြောပြရန်စကားလေးဟမိသည်ကို အိမ်ပါခွဲနေပစ်သည်မှာ ချက်ချင်းလက်ငင်း။
" သမီးရော.....ဖယောင်းလေး ဘယ်မှာလဲ ။ "
" မြောက်ဒဂုံကအိမ်မှာပါ မေမေကြီး။ "
မြောက်ဒဂုံအိမ်......ဒေါ်ရွှေရည်ရင်ဘတ်ဖိသွားရသလို သားဟာ သူ့မိန်းမ သိမှာ ဒီလောက်ကြောက်သတဲ့လား။ သူ အင်မတန်မုန်းတီးသည့် နေရာ ၊ အတိတ်ဆိုးတွေရှိသည့် အိမ်ကိုမှ သွားပြန်နေသည်အထိ ဖယောင်းလေး သိမှာစိုးရိမ်ပုံပင်။
" အဲ့အိမ်မှာ သားဘယ်လိုနေမှာလဲကွယ်...."
ဒေါ်ရွှေရည် သားကိုဖုန်းလှမ်းဆက်ပေမယ့် မကိုငိတာမို့ သက်ပြင်းချမိသည်။ ဒီကလေး ဇွတ်တရွတ်ဆန်လိုက်တာ။ အတ္တကြီးတာ အဖေဖြစ်သူဆီက အမွေဆို မင်းအဖေဟာ အစထဲကမှ မကောင်းခဲ့ပဲကွယ်။
@@@@@@@@@@@
မာန်ခိုက်ထင် ဆံပင်ပြင်နေသည့် ချာတိတ်ကိုလှမ်းကြည့်ရင်းမှ Spa မှာ ကိုယ်တိုင်ထိုင်စောင့်နေခြင်းဖြစ်သည်။ သူ့ညီမဟုပဲ ထင်နေကြရလောက်အောင် နုဖတ်နေသည့်အချက်တွေထဲ ဒီဆံပင်ဂုတ်ဝဲလေးက အဓိကမို့ ဆံပင်လေးခါးထိရှည်အောင် ဆံပင်လာဆက်ပေးခြင်းပင်။
ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ မေမေ့ဆီမှမို့ သူမကိုင်ပဲဖုန်းချပစ်လိုက်သည်။ ပြီးမှ ကိုယ်တိုင်သွားတွေ့ရန် စဥ်းစားထားသည်။
" ဦး မာန်....ပြီးပြီတဲ့။ "
အသံလေးကြောင့် လှမ်းကြည့်မိတော့ မာန်ခိုက်ထင်နှုတ်ခမ်းတွေ ပြုံးသွားရသည်။ ချာတိတ်အနားလျှောက်လာရင်းမှ.....
" အင်း....ခုမှ ပိုလှသွားတယ် ။ "
ဖယောင်း မချိတင်ကဲ ပြုံးလိုက်မိရင်းမှ .....
" အခုက ဘယ်သွားမှာလဲဟင်။ "
" အိမ်ပြန်မယ်လေ......ကိုယ်တို့နှစ်ယောက်ထဲရဲ့အိမ်။ ပစ္စည်းတွေရွှေ့ပြီးပြီတဲ့။ "
ဖယောင်း ဦး မာန်ဆွဲခေါ်သည့်နောက်သာပါလာပေမယ့် ခုထိကို နားမလည်နိုင်သေးပါ။ ဒီလောက် ချက်ချင်းကြီး ပြောင်းဖို့ လောစရာလား။ မေမေ့ကိုလဲ နှုတ်မဆက်ရ။ မနက်စာထွက်စားပြီး အလှပြင်ဆိုင်တန်းလာကာ ပြင်နေရသလို ခုတန်းသွားနေတော့မည် မဟုတ်လား။
----------------------
ခယောင်းပန်း ခုရက်ပိုင်းသိသိသာသာ ဆိုးလာသည့် မေမေ့အခြေအနေကြောင့် ဆရာဝန်ပြရန် ပြင်ဆင်ရသလို အစ်ကိုကလဲ ဒီနေ့ လခကြိုထုတ်လာသည်။
" ပန်း ပြင်ဆင်လို့ပြီးရင် သွားကြရအောင်။ အမေ့ကိုရော အဝတ်အစားလဲပေးပြီးပြီလား။ "
" ဟုတ်ကဲ့ အစ်ကို.....ပန်းပြီးပါပြီ။ "
နှစ်ယောက်သား Taxi တစ်စီးငှားကာ ဆေးရုံထွက်လာခဲ့ကြသလို လက်ထဲကငွေလောက်ပါ့မလားဟု မင်းညိုရင်ထဲပူနေရသည်။ ပန်းရှေ့ မျက်နှာမပျက်စေရန် ထိန်းထားရပေမယ့် ငွေလိုနိုင်ဦးမှာ သူသိနေသည်။
တကယ်တမ်းလဲ ဆေးပြသည့်အခါ လက်ထဲရှိ ငွေအကုန်ကုန်သလို ဆေးရုံတင်ရသည်မို့ မင်းညိုငွေရှာရတော့သည်။
" အစ်ကို.....ပိုက်ဆံရောလောက်ရဲ့လားဟင်။ "
ဆေးရုံခုတင်ထက်လှဲနေသည့် ဒေါ်မြနှစ်က မုန့်စားနေသလို အပူအပင်ဆိုတာမရှိ။ မင်းညို စိတ်ပူသလို မျက်နှာလေးပျက်ယွင်းလျက်မေးလာသည့် ပန်းအား ဟန်ဆောင်ပြုံးပြရင်းမှ.....
" ရှိပါတယ် ပန်းရဲ့.....သူဌေးက ဘောက်ဆူးလဲပေးလိုက်တာလေ။ စိတ်မပူနဲ့နော်.... အစ်ကိုငွေသွားရှင်းလိုက်မယ်။ "
အခန်းထဲကထွက်လာမှ လူက သက်ပြင်းချမိသလို ခြေလှမ်းတွေပင်လေးလံနှေးကွေးလာ၏။ ဆေးကောင်တာဆီလျှောက်လာရင်းမှ ရင်တစ်ခုလုံး မွန်းကြပ်နေသလို ဖျတ်ခနဲ ပခုံးကိုလာထိသည့် အထိအတွေ့ကြောင့် လှည့်ကြည့်မိတော့ လူက တအံ့တသြ ။
ပန်း အခန်းထဲဝင်လာသည့် အစ်ကိုနှင့် ဆရာဝန်အမျိုးသမီးကို ငေးကြည့်မိစဥ် ထိုဆရာဝန်မလေးက ပန်းကိုအရင် စနှုတ်ဆက်လာသည်။
" ညီမက ခယောင်းပန်းထင်တယ်......"
" ရှင်....ဟုတ်ကဲ့ ဒေါက်တာ။ "
" ကိုမင်းက ကလျာနဲ့သူငယ်ချင်းအရင်းကြီးတွေလေ။ သူမိန်းမယူသွားတုန်းက ကလျာက နယ်ဆေးရုံရောက်နေလို့ မလာဖြစ်တာ။ ကိုမင်း နင့်မိန်းမက ယဥ်စစလေးလှတာနော်။ "
မင်းညိုပြုံးမိသွားရသလို ပန်း၏ ပခုံးကိုလက်တစ်ဖက်ဖြင့်လှမ်းဖက်လိုက်ရင်းမှ.....
" ဒါပေါ့ဟ......နင်နဲ့တော့အကွာကြီး။ "
" ဟယ်....ကောင်စုတ်။ "'
" ဟား....ဟားးး...ဟားး"
ပန်း သဘောကျစွာရယ်မောနေသည့် အစ်ကို့မျက်နှာကို ဘေးမှငေးကြည့်ရင်း ဘာကိုသဘောမကျမှန်းမသိ။ ပန်းနဲ့တောင် တစ်ခါမှဒီလိုမရယ်မောဖူးဘူး မဟုတ်လား။
" ရယ်မနေနဲ့ ကောင်စုတ်.....လာ နင့်ယောက္ခမအတွက် ဆေးကိစ္စအရင်လုပ်ရအောင်.....လိုက်ခဲ့။ဘာမှမပူနဲ့.....ငါအကုန်စီစဥ်ပေးမယ်။ "
မင်းညို ပန်းဘက်လှည့်ကြည့်လိုက်ရင်းမှ...
" ပန်း.....ကိုယ်ခဏလိုက်သွား ဦး မယ်။ "
" ဟို.....ပန်းလဲလိုက်ခဲ့မယ်။ "
မင်းညို သူ့လက်မောင်းကို လှမ်းကိုင်ကာ ပြောလာသည့်ပုံစံလေးအား ငေးကြည့်ရင်းမှ.....
" ပန်းကလဲ......အမေတစ်ယောက်ထဲဖြစ်နေမှာပေါ့။ ကိုယ်မကြာပါဘူး......ကလျာ သွားရအောင်။ "
အခန်းထဲမှ ထွက်သွားသည့် အစ်ကိုနဲ့ ထိုဆရာဝန်မလေးကိုကြည့်ရင်း ပန်းရင်ထဲ ဝမ်းနည်းလာရသည်။
" ဆရာဝန်မလေးက ချောချောလေး......"
မုန့်စားရင်း ဟီးခနဲရယ်ကာ ထပြောလာသည့် မေမေ့စကားကြောင့် ပန်း မေမေ့ကို ကြည့်ကာ ဆူဆူအောင့်အောင့်ထိုင်ချရင်း ပြန်ပြောမိသည်။
" အို.....မချောပါဘူး......ဘယ်မှာချောလို့လဲ။ "
@@@@@@@@@@@@
ဖယောင်း ခြံထဲလှည့်ပတ်ကြည့်နေရင်းမှ ဒီအိမ်ကြီးမှာ မနေချင်သည့်စိတ်ဆိုတာ ဖြစ်မိသည်။ ခြံတံတိုင်းတွေကအစ အမြင့်ကြီးကာထားသလို အိမ်ကြီးက နှစ်ယောက်ထဲနေဖို့ ကြီးမားလွန်းနေသည်။ ပြတင်းပေါက်တွေအကုန် သံတိုင်ကွက်တွေကာထားသလို လိုက်ကာစတွေအပြည့်ချထား၏။
အိမ်မှာချက်ပြုတ်ဖို့ အိမ်အကူအမျိုးသမီးကြီးတစ်ဦးခေါ်ထားသလို ခြံထဲတွင်လဲ ခြံစောင့်ဖို့နှင့် ပန်းပင်တွေမြက်ခင်းတွေ ပြုစုဖို့ ဦး လေးကြီးတစ်ယောက်အားထားထား၏။ ကိုကျော်က ဖယောင်းတို့နဲ့အတူနေကာ အောက်ထပ်ရှိအခန်းတစ်ခန်းတွင် အိပ်သလို ဖယောင်းကတော့ ဦး မာန်အိမ်မှာနားသည့်အချိန်ဆို ဘေးမှာထိုင်နေပြီး ဘယ်မှသွားလို့မကြိုက်။
" ချာတိတ်......ဘာတွေလိုက်ကြည့်နေတာလဲ။ "
နောက်ပါးမှထွက်လာသည့် ဦး မာန်အသံကြောင့် ဖယောင်းလှည့်ကြည့်လိုက်ရင်းမှ....
" အိမ်ထဲမှာ မွန်းကြပ်လို့ပါ။ ခေါင်းလဲမူးနေလို့။ "
မာန်ခိုက်ထင် မျက်မှောင် က်ံု မိသွားရင်းမှ ပခုံးလေးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ကာ မျက်နှာလေးအား လိုက်ကြည့်သည်။
" အရမ်းမူးနေလား ချာတိတ်....အစားများမှားလို့လား။ "
! အော့.....ဝေါ့.....!
မေးနေ စဥ္မွာပင္ နေရာတင် ကပျာကယာထိုင်ချရင်း ထိုးအန်လိုက်သည့် ဖယောင်းပန်းကြောင့် မာန်ခိုက်ထင် ပြာပြာသလဲ ဖြစ်သွားရသည်။
" ဟာ.....ချာတိတ်....မဖြစ်သေးပါဘူး ။ ကိုကျော်.....ကိုကျော်.....ကားထုတ်စမ်း။ ဆေးရုံသွားရအောင်။ "
ဖယောင်းပန်းက ရပါသည် ဘယ်လောက်ပြောပြော မာန်ခိုက်ထင် ဆေးရုံအတင်းခေါ်လာကာ ပြသည်။ ဂရုစိုက်ခံရတာ ကြည်နူးစရာပေမယ့် တစ်ခါတစ်လေ ဘာမှငြင်းခွင့်မရှိသည့် အခြေအနေဟာ ရင်ထဲမွန်းကြပ်စေတာတော့ အမှန်ပင်။
" ဂုဏ်ယူပါတယ် ကိုမာန်ခိုက်ထင်.....ခင်ဗျားဇနီးမှာ ကိုယ်ဝန်ရှိနေပြီ။ "
အို......ဖယောင်းတအံ့တသြဖြစ်သွားရသလို ဝမ်းသာအားရ ဖြစ်သွားသည့် ဦး မာန်ပုံစံကိုကြည့်ပြီး လူက ထိုတခဏတွင်မှင်သက်နေမိသည်။
" ချာတိတ်.....ဟား....ဝမ်းသာလိုက်တာဗျာ။ ကိုယ် တို့ ရင်သွေးလေးရှိနေပြီ ချာတိတ်ရဲ့။ ဟာကွာ.....မေမေသိရင်လဲ အရမ်းပျော်မှာ။ "
ဖယောင်း အခုမှပြုံးမိသွားရရင်း အရမ်းကိုပျော်နေသည့် ဦးမာန်ကို ငေးငေးလေးကြည့်နေမိသည်။ ဦးမာန် ဒီလောက်ပျော်မယ်လို့ မထင်ခဲ့ဖူးပါ။ မာန်ခိုက်ထင်ကတော့ တကမ္ဘာလုံး အပိုင်ရလိုက်သည့် ခံစားချက်မျိုးပင်။ ချာတိတ်ရယ် သူရယ် သူတို့ရင်သွေးလေးအတွက်ပါ ကြိုတင်စိတ်ကူးတွေက ခေါင်းထဲတန်းစီပေါ်လာသလို ဆေးကောင်တာမှာ ကိုယ်ဝန်ဆောင်အားဆေးဝယ်နေတာတောင် ဖယောင်းပန်းကို အေးအေးလူလူထိုင်စောင့်နေစေကာ စိတ်မချသလို ခဏခဏလှည့်ကြည့်ရတာ အမော။
-----------------
မင်းညို ဆေးတွေယူကာ အခန်းထဲပြန်ဝင်လာရင်းမှ စားပွဲပေါ် ဆေးထုပ်တွေတင်ကာ.....
" ပန်း..... ဗိုက်ဆာနေပြီလား။ အမေလဲ ဆာရောပေါ့....ဘာစားမလဲ။ "
သူ့ကို စကားပြန်မပြောသလို မသိဟန်ဆောင်နေသည်မို့ မင်းညို ငဲ့ကြည့်လိုက်ရင်းမှ....
" ပန်း....ဘာစားမလဲလို့။ "
" အို....မစားချင်ပါဘူး။ ကိုယ့်ဘာသာစား။ "
မင်းညို တအံ့တသြ ဖြစ်သွားရသလို သူ့ကိုတစ်ချက်မကြည့်ပဲ အခန်းထဲမှထွက်ရန်ပြင်နေတာမို့ လက်ကလေးအား ဖမ်းဆွဲရင်း....
" ပန်း ဘာဖြစ်နေတာလဲ ။ ကိုယ့်ကို စိတ်ဆိုးနေတာလား။ "
သူ့အမေးကို ပြန်မဖြေပဲ မှင်သေသေလေး ရပ်ရင်း ဂရုမစိုက်သလိုပုံစံကြောင့် သူပိုမချင့်မရဲဖြစ်သွားရသည်။
" ကိုယ် ဘာလုပ်မိလို့လဲ။ "
ပန်း အစ်ကို့မျက်နှာကို စူးစိုက်ကြည့်မိရင်းမှ.....
" အစ်ကို ပန်းကို ဘာလို့လက်ထပ်ခဲ့တာလဲ.....အဲ့မိန်းမကရော ဘယ်သူလဲ။ "
" ဟမ်.....".
" ပန်းကိုဆို အစ်ကိုအမြဲရှောင်တယ်.....ဒီလောက်သဘောမကျရင်လဲ ဘာလို့ယူနေသေးလဲ။ အခုလဲအဲ့မိန်းမနဲ့ကျ ရယ်မောပြုံးပျော်နေတာပဲ.....ပန်း မကြိုက်ဘူး....သဘောမကျဘူး။ "
မင်းညို အံ့သြသွားမိရင်းမှ ပန်းသူ့ကိုအူတိုနေတာပဲဆိုတာ သိလိုက်ရတော့ ရင်ထဲနွေးသွားရသည်။
" မဟုတ်ပါဘူး ပန်းရယ်......အစ်ကိုက ပန်းအစ်ကို့ကိုမချစ်ပဲ အတင်းအကြပ်အနိုင်မယူချင်ဘူး။ ပြီးတော့....ကလျာက အစ်ကို့သူငယ်ချင်းပါ.....သူ့မှာလဲရည်းစားရှိပါတယ်။အစ်ကို့ကို အထင်မလွဲနဲ့နော်။ "
ပန်း အခုမှ အသဲအသန်လိုက်ရှင်းပြနေသည့် အစ်ကို့အား အမြင်ကတ်သလို မျက်စောင်းထိုးလိုက်မိသည်။ အစ်ကိုဟာ ရိုးသလို မိန်းမအကြောင်းလဲ နားမလည်။ ပန်းဟာ မိန်းမကောင်းပါ အစ်ကိုရယ်။ အစ်ကိုနဲ့ လက်ထပ်ပြီးထဲက အရင်လူကိုမေ့ထားခဲ့တာ ကြာပါပြီ။
ပြီးတော့ ပန်း အစ်ကို့ကို ချစ်မိပြီဖြစ်သည်။ ရိုးအေးလွန်းပေမယ့် ပန်းကိုဆိူ ကြင်ကြင်နာနာ ဆက်ဆံတတ်သည့်အစ်ကို ၊ ပန်းအပေါ်သာမက ပန်းမေမေ့အပေါ်မှာပါ စေတနာမေတ္တာ အပြည့်အဝထားသည့်အစ်ကို့ကို ပန်းအားကိုးသလို ချစ်မိတာ မလွန်ဘူးမဟုတ်လား။
@@@@@@@@@@@@@@@@@@@@@
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory