
(၁)
ပြင်သစ်နိုင်ငံ ပါရီမြို့ကို အနုပညာမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည်။ အနုပညာအမျိုးမျိုးစုဝေးရာမြို့ကြီးဖြစ်ရုံသာမက မြို့ထဲတွင်လဲ ဥရောပတစ်ဝှမ်းမှ အနုပညာသမားများဆုံဆည်းကြရာ နေရာကြီးဖြစ်နေသည်။ ထိုအနုပညာများထဲတွင် ပန်းချီအနုပညာလဲပါဝင်သည်။ ပန်းချီအနုပညာနှင့်ပက်သက်ပြီး ပန်းချီပညာကျောင်းတော်ကြီးများသာမက ပန်းချီပြခန်းများနှင့် ပြတိုက်ပေါင်းစုံရှိပြီး ပန်းချီပညာရှင်များလဲ တော်တော်များများရှိသည့်နေရာဖြစ်သည်။
ထိုမြို့ရှိ ပန်းချီအနုပညာပြတိုက်ကြီးတွင် ထူးဆန်းသော သရဲခြောက်သည်ဟုနာမည်ကြီးသော၊ ပန်းချီကားများတွင် ဝိညာဉ်များခိုကပ်နေသည်ဟု လူအများပြောကြသည့် ပန်းချီကားနှစ်ချပ်ရှိလေသည်။ ထိုပန်းချီကားများ၏ ရာဇဝင်ကိုတော့ မြို့ခံလူများကြားတွင် ပုံပြင်တစ်ပုဒ်သဖွယ် နာမည်ကြီးလျှက်ရှိနေသည်။
၁၉၃၀ ပြည့်နှစ်ဝန်းကျင်ကာလဖြစ်သည်။ ပါရီမြို့တွင် အယ်လီနာသည် နာမည်ရသည့်ပန်းချီဆရာမတစ်ယောက်ဖြစ်သည်။ အထူးသဖြင့် အယ်လီနာသည် လူပုံတူရေးဆွဲခြင်းတွင် ကျွမ်းကျင်ပြီး လူပုံများစွာရေးဆွဲလေ့ရှိသည်။ အယ်လီနာ၏ လူပုံများသည် ယောကျာ်းပုံဖြစ်စေ၊ မိန်းမပုံဖြစ်စေ၊ တကယ်လူ့သဘာဝနှင့်နီးစပ်ပြီး လူပုံများရှိကြွက်သားတည်ဆောက်မှုများ၊ အကြောများနှင့် အရေပြားအရောင်များ စသည်တို့မှာ တကယ့်လူနီးပါးလှပကာ အချိုးအစားလဲတူညီလှသည်။ အယ်လီနာ၏ အတော်ဆုံးရေးဆွဲမှုမှာ ဆံပင်နှင့်မျက်လုံးများဖြစ်သည်။ ဆံပင်များ၏ အရောင်များ၊ အလင်းရောင်ကျရောက်မှုနှင့် ဆံပင်တစ်မွှေးချင်းအနုစိတ်ရေးဆွဲထားမှုများကြောင့် သူ၏ ပန်းချီကားများမှာနာမည်ကြီးလှသည်။ နောက်တစ်ခုကတော့ မျက်လုံးဖြစ်သည်။ အသက်ဝင်ပြီးတောက်ပဝင်းလက်နေသည့် မျက်လုံးများကို ရေးဆွဲရာတွင် အလွန်ကောင်းမွန်သဖြင့် အယ်လီနာသည် ပါရီမြို့ ပန်းချီဆရာလောကတွင် အတော်အသင့်နေရာရယူထားနိုင်သူဖြစ်သည်။
ထိုခေတ်က ဓါတ်ပုံပညာရပ်ထွန်းကားလာပြီဖြစ်သော်လည်း ဂုဏ်ရှင်ကြေးရှင်များနှင့် တော်ဝင်မိသားစုများက ကိုယ်လုံးပေါ်ပန်းချီများကို အတော်ဆုံးပန်းချီဆရာများထံ အပ်နှံပြီးရေးဆွဲလေ့ရှိရာ အယ်လီနာမှာလဲ ထိုပုံတူရေးပန်းချီဆရာများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ အယ်လီနာမှာ အလုပ်နှင့်လက်နှင့် ပြတ်သည်ဟူ၍ပင်မရှိချေ။ ပြင်သစ်မှ ငွေကြေးချမ်းသာသူများသာမက၊ အင်္ဂလန်နှင့် ဥရောပတစ်ခွင်မှ ပန်းချီအပ်နှံမှုများကြောင့် အမြဲအလုပ်များနေတတ်သည်။
တစ်နေ့ အယ်လီနာမှာ သူ၏ပန်းချီရေးဆွဲသည့်အခန်းထဲတွင် ပုံတူပန်းချီကြီးတစ်ခုကိုရေးဆွဲနေလေသည်။ ထိုပန်းချီမှာ ပိုလန်ရှိ မြို့စားကြီးတစ်ဦး၏ ပန်းချီပုံတူဖြစ်သည်။ ထိုစဉ် အခန်းထဲသို့ သူ့သူငယ်ချင်း ပန်းချီဆရာမ လီယာကပြေးဝင်လာလေသည်။ လီယာမှာ အယ်လီနာနှင့် အနုပညာကျောင်းတွင် အတူတူတက်ရောက်ခဲ့သည်သာမက ကျောင်းပြီးသည့်အခါ ပါရီမြို့တွင် နှစ်ဦးစပ်တူ ပန်းချီလုပ်ငန်းလုပ်ကိုင်ဖြစ်ကြသည်။ သို့သော် ပါရမီပါသည့် အယ်လီနာက လီယာထက်ပိုပြီးနာမည်ကြီးကာ အောင်မြင်နေတော့သည်။
"အယ်လီနာ၊ မင်းရဲ့သတင်းကိုကြားပြီးပြီလား"
အယ်လီနာက ရေးဆွဲလက်စ စုတ်တံကို ခုံပေါ်သို့ချလိုက်ပြီး ခေါင်းခါလိုက်လေသည်။
"ပါရီပန်းချီအနုပညာပြတိုက်မှာ မင်းရဲ့အကြောင်းကို မှတ်တမ်းတင်ပြီး ချိတ်ဆွဲပြသဖို့ စီစဉ်နေကြတယ်၊ သူတို့က မင်းရဲ့ပုံတူပန်းချီကားတစ်ချပ်လိုချင်တယ်တဲ့၊ မင်းပုံကို ပြတိုက်ထဲမှာချိတ်ဆွဲထားပြီး မင်းရဲ့ကိုယ်ရေးရာဇဝင်နဲ့လက်ရာတစ်ချို့ကိုလဲ ပြသချင်တယ်တဲ့၊ မင်းစာတွေမဖတ်ရသေးဘူးလား"
အယ်လီနာဆီသို့လာရောက်သော စာများမှာ အခန်းထောင့်ရှိ စားပွဲခုံကလေးပေါ်တွင် ပုံအောနေသည်။ အယ်လီနာက လီယာ ပြောသည်ကိုကြားလိုက်သည်နှင့်ခေါင်းကိုကုတ်လိုက်တော့သည်။
"အလုပ်တွေကအများကြီးရှိသေးတယ် လီယာ၊ ပုံတူတွေက လမကုန်ခင် သုံးပုံလောက်ရေးပေးဖို့ကျန်သေးတယ်"
"ဒါဆိုလဲ မင်းပုံတူကို ငါရေးပေးမယ်လေ"
လီယာပြောလိုက်တော့ အယ်လီနာက ပြုံးလိုက်တော့သည်။
"မင်းကိုကျေးဇူးတင်ပါတယ်လီယာ၊ ဒါပေမယ့် ငါ့ပုံကို ငါပဲရေးချင်တယ်"
"ကောင်းပြီ အယ်လီနာ၊ ပြတိုက်ကလူတွေက နောက်တစ်ပတ်ပြခန်းဖွင့်မှာဆိုတော့ မင်းပုံကို နောက်တစ်ပတ်မတိုင်ခင် လိုလိမ့်မယ်ထင်တယ်"
လီယာပြန်သွားတော့ အယ်လီနာက တွေးတောနေမိသည်။ လီယာကိုပုံမဆွဲခိုင်းရခြင်းမှာ လီယာက အယ်လီနာလောက် လက်ရာသိပ်မကောင်းသလို၊ အယ်လီနာကလဲ ကိုယ့်ပုံတူကို ကိုယ်ကိုယ်တိုင်ရေးဆွဲချင်သောကြောင့်ဖြစ်သည်။
(၂)
ညကအတော်နက်နေပြီဖြစ်သည်။ အယ်လီနာက ကင်းဘတ်စတစ်ခုပေါ်တွင် သူ့ပုံစံတူကိုရေးဆွဲနေတော့သည်။ ကိုယ်တိုင်ရေးပုံတူမို့ သိပ်ပြီးထွေထွေထူးထူးအားထုတ်စရာမလိုပေ။ ကိုယ်လုံးနှင့် လည်ပင်းပိုင်းကိုအကြမ်းရေးဆွဲပြီးတော့ ည၁၂နာရီကျော်နေပြီဖြစ်သည်။ အယ်လီနာက ပင်ပန်းလွန်းသဖြင့် ရပ်တန့်လိုက်တော့သည်။ ပန်းချီကားတွင်အရေးကြီးသည့် မျက်နှာနှင့် မျက်လုံးများ၊ ဆံပင်များကိုတော့ နောက်နေ့မှ အေးအေးလူလူအချိန်ယူပြီး ရေးဆွဲလိုက်မည်ဟု စိတ်ကူးလိုက်ပြီးနောက် ပန်းချီဆွဲရာတွင် ဆေးမပေအောင်အပေါ်မှ ထပ်ဝတ်ရသော အဝတ်ကိုချွတ်လိုက်တော့သည်။
အယ်လီနာ ပါးစပ်များချဉ်တက်လာတော့သည်။ ဆေးလိပ်သောက်ချင်လာသောကြောင့်ဖြစ်သည်။ ဆေးလိပ်ဘူးနှင့် မီးခြစ်ကိုယူပြီး အခန်းအပြင်သို့ထွက်ခဲ့သည်။ ပန်းချီခန်းထဲ ဆေးလိပ်သောက်လို့မဖြစ်ပေ။ ဆေးလိပ်မီးခိုးငွေ့များက မခြောက်သေးသည့်ပန်းချီကားဆေးသားများအပေါ် အကျိုးသက်ရောက်စေသောကြောင့်ဖြစ်သည်။ အိမ်အပြင်ရှိ လမ်းမကြီးက ကားတစ်စီးတစ်လေဖြတ်သန်းသွားသည်မှတစ်ပါး တိတ်ဆိတ်ငြိမ်သက်နေသည်။ အယ်လီနာက အိမ်ရှေ့ဓါတ်တိုင်တစ်တိုင်ကို မှီလိုက်ပြီးဆေးလိပ်တစ်လိပ်ကိုထုတ်ဖွာလိုက်တော့သည်။ အေးစက်လှသည့်ညက လရောင်အောက်တွင်တောက်ပနေသည့် ညလရောင်နှင့် စိန်းမြစ်ကြီးကိုငေးကြည့်နေရင်း အယ်လီနာတစ်ယောက်တွေးနေမိတော့သည်။
"ဒိုင်း . . ."
အလွန်ကျယ်လောင်သော သေနတ်သံက တိတ်ဆိတ်နေသည့်ညကို ဖျက်ဆီးလိုက်လေသည်။ အယ်လီနာကိုလဲအနောက်မှ တစ်ယောက်ကအားနှင့်တွန်းလိုက်သလိုမျိုးခံစားလိုက်ရပြီး ပလက်ဖောင်းပေါ်သို့ မှောက်လျှက်သားလဲကျသွားတော့သည်။ ရင်ဝတွင်ပူကနဲခံစားလိုက်ရပြီးနောက် အယ်လီနာက ကျန်သေးသည့်အားအင်ဖြင့် ပက်လက်လှန်ကြည့်လိုက်သည်။ ထိုစဉ်လူတစ်ယောက်က သူ့အနားသို့လျှောက်လာတော့သည်။ နှာခေါင်းကို အဝတ်စနှင့်အုပ်ထားသည်မို့ မည်သူမည်ဝါမှန်းမမြင်ရသော်လည်း အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့်လူတစ်ယောက်ဖြစ်သည်။ မျက်လုံးများကတော့ အလွန်ပြာလဲ့နေသည့် မျက်ဝန်းများရှိသည်။ လက်ထဲတွင် ခြောက်လုံးပြူးသေနတ်တစ်လက်ကိုကိုင်ထားပြီး သေနတ်က ယမ်းငွေ့တွေ ဝေနေဆဲဖြစ်သည်။
"ရှင်ဘယ်သူလဲ . . ဘာဖြစ်လို့လဲ"
အယ်လီနာအမေးပင်မဆုံးလိုက်ပေ ထိုလူက အယ်လီနာရင်ဘတ်ကိုချိန်ပြီးနောက်ထပ်သေနတ်တစ်ချက်ပစ်ချလိုက်လေသည်။ ကျယ်လောင်သည့် သေနတ်သံမှာ အယ်လီနာနောက်ဆုံးကြားလိုက်ရသည့်အသံဖြစ်တော့သည်။
နောက်တစ်နေ့ပါရီနေ့စဉ် သတင်းစာ ခေါင်းကြီးပိုင်းတွင် အယ်လီနာ၏ သတင်းပါလာတော့သည်။
"နာမည်ရ ပန်းချီဆရာမ အယ်လီနာ သေနတ်ပစ်သတ်ခံရ၍သေဆုံး၊ မျက်မြင်သက်သေမရှိသေး၊ ရဲတပ်ဖွဲ့အနေနှင့်ထိုလူသတ်မှုနှင့်ပက်သက်ပြီး စုံစမ်းလျှက်ရှိ"
အလုပ်ခန်းထဲတွင်တော့ ပန်းချီကားတွေက ပွထနေတော့သည်။ ပန်းချီရေးသည့်ဆေးတွေကလဲ ပြန့်ကျဲနေသည်။ ရေးလက်စပန်းချီကားအများအပြားလဲ ရှိလေသည်။ လီယာတစ်ယောက်ကတော့ အလုပ်ခန်းထဲတွင် ငိုနေတော့သည်။ ရဲများ၊ စုံထောက်များနှင့် သတင်းထောက်များက အလုပ်ခန်းထဲတွင် အလုပ်များနေကြသည်။ သဲလွန်စတစ်ခုခုရလိုရငြား အခန်းအတွင်းရှာဖွေနေလျှက်ရှိကြသည်။
"ဒီပန်းချီကားက ဘယ်သူ့ပန်းချီကားလဲ"
စုံထောက်ကြီးက အလုပ်ခန်းအလယ်တွင် ရေးလက်စ ကိုယ်တစ်ပိုင်းပုံပန်းချီကားကို ပြပြီးမေးလိုက်တော့သည်။
"အဲဒါက သူ့ပုံတူပန်းချီကားဖြစ်မယ်၊ ပါရီပန်းချီပြတိုက်ကနေပြီး သူ့ပုံတူကို ပြတိုက်မှာပြသဖို့ ရေးဆွဲခိုင်းထားတာပေါ့"
လီယာက ပြောရင်း အလွန်သည်းထန်စွာငိုကြွေးနေတော့သည်။ ရဲများက လီယာကိုနှစ်သိမ့်လိုက်ပြီးနောက် နေ့လည်ပိုင်းတွင်ပြန်ထွက်ခွာသွားကြတော့သည်။ အလုပ်ခန်းကိုလဲ ပိတ်ထားလိုက်ပြီး ပန်းချီကားများကိုတော့ အဖြူရောင်ဖုံးအုပ်သည့် အဝတ်စကြီးများဖြင့် ဖုံးအုပ်ထားလိုက်ကြသည်။ လီယာမှာ အယ်လီနာသေဆုံးသည့်အတွက် ဖြေမဆည်နိုင်သေးပေ။
အယ်လီနာ၏ နာရေးတွင်လဲ လီယာက အရူးတစ်ယောက်လို ငိုကြွေးနေတော့သည်။ အတူတူကျောင်းတက်ခဲ့ပြီး အလုပ်လဲအတူတူလုပ်ခဲ့ကြသည်မို့ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သူငယ်ချင်းဆိုသည့်စကားလုံးထက် ပို၍ နက်နဲခဲ့လေသည်။ နာရေးပြီး သုံးရက်ခန့်အကြာတွင် လီယာအိမ်သို့ ပန်းချီပြတိုက်မှ လူများရောက်လာကြတော့သည်။
"အယ်လီနာသေဆုံးသွားတာအတွက်တော့ စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ငါတို့ကလဲ ပြပွဲလုပ်ဖို့ရှိသေးတာဆိုတော့ အယ်လီနာရဲ့ ပုံတူပန်းချီကို မင်းဆက်ဆွဲပေးဖို့လိုလိမ့်မယ်"
လီယာလဲ ခေါင်းညိတ်လိုက်ပြီး ပြတိုက်မှလူများနှင့်အတူ အလုပ်ခန်းသို့လိုက်လာခဲ့သည်။ လီယာထံတွင် အလုပ်ခန်းသော့ရှိသဖြင့် တစ်ပတ်ခန့်မဖွင့်ဖြစ်သေးသည့်အလုပ်ခန်းကို ပြန်ဖွင့်လိုက်တော့သည်။ ပန်းချီကားများကို ပိတ်စဖြူများဖြင့် ဖုံးအုပ်ထားပြီး အလုပ်ခန်းက မှိုနံ့သင်းနေလေ၏။ လီယာနှင့်လူကြီးများလဲ ပြခန်းအလယ်ရှိပန်းချီကားတစ်ချပ်ဆီသို့လျှောက်လာခဲ့ကြသည်။ ထိုပန်းချီကားမှာ အယ်လီနာ နောက်ဆုံးရေးဆွဲသွားသည့် မပြီးသေးသည့် ပုံတူပန်းချီကားဖြစ်သည်။
လီယာက ထိုပန်းချီကားကို အုပ်ထားသည့် ပိတ်စအဖြူကြီးကို ဆွဲဖယ်လိုက်တော့သည်။ ထိုအခါ လီယာမှ အသက်ရှုမှားမတတ်ဖြစ်ကာ မျက်လုံးပြူးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ပန်းချီကားမှာ ရေးဆွဲပြီးသားဖြစ်နေတော့သည်။ အယ်လီနာ၏ ပုံတူပန်းချီမှာ အယ်လီနာကိုယ်တိုင်ဝင်ထိုင်နေသည့်အလား တူညီနေပြီး ဆံပင်များ၊ မျက်လုံးများကိုကြည့်လိုက်လျှင်လဲ အယ်လီနာရေးဆွဲထားမှန်းအလွန်သိသာနေတော့သည်။ ပန်းချီကားအောက်ဘက်ထောင့်တွင် အယ်လီနာက ထိုးမြဲလက်မှတ်ကိုထိုးထားသေးသည်။
"သြော် . . မင်းကဆွဲတောင် ဆွဲပြီးနေပြီကိုး"
ပြတိုက်မှ လူကြီးများက ထိုပန်းချီကားကို လီယာဆက်လက်ရေးဆွဲထားသည်ဟုထင်နေကြသည်။ လီယာကတော့ သူရေးဆွဲထားခြင်းမဟုတ်မှန်း သူကိုယ်တိုင်သိသည်။
"မင်းက အယ်လီနာရဲ့လက်ထောက်ဆိုပေမယ့် ဘယ်ဆိုးလို့လဲ၊ မျက်လုံးလေးတွေကြည့်ရတာ အရောင်တောက်နေပြီး တကယ့်မျက်လုံးလေးတွေကြည့်နေရသလိုမျိုးပဲ၊ အသက်ဝင်နေတယ်"
လီယာမှာ တုန်လှုပ်ကြောက်လန့်နေသည်မှတစ်ပါး တုံပြန်မှုမရှိတော့။ ပန်းချီကား၏ မျက်လုံးများနှင့် ဆံပင်များကိုကြည့်လိုက်ပါကလဲ အယ်လီနာလက်ရာဖြစ်မှန်း အလွန်သိသာလေသည်။ လီယာစဉ်းစားမတတ်တော့။ ယခုပုံကို မည်သူရေးဆွဲခဲ့သနည်း။ ရေးဆွဲသည့်သူမှာလဲ အယ်လီနာကိုယ်တိုင်ပင်ဖြစ်ကာ လက်မှတ်ပင်ထိုးထားသေးတော့သည်။ အယ်လီနာသေဆုံးပြီးနောက်တစ်နေ့တွင် အကြမ်းထည်ကြီးဖြစ်နေခဲ့သော ပန်းချီကားမှာ အခုတော့ အနုစိတ်လှပတင့်တယ်လွန်းသည့် ပန်းချီကားဖြစ်နေတော့သည်။
(၃)
ပန်းချီပြတိုက်အတွင်း အယ်လီနာ၏ ပုံတူပန်းချီကားကို လျှောက်လမ်းမကြီးဘေးတွင် ချိတ်ကာ ပြသထားပြီး အယ်လီနာ၏ လက်ရာများကိုလဲ ချိတ်ဆွဲပြသထားတော့သည်။ မကြာသေးခင်ကမှ သေဆုံးခဲ့သူဖြစ်သည်မို့ အယ်လီနာ၏လက်ရာများကို ပြတိုက်သို့ လာရောက်ကြည့်ရှုသူများပြားခဲ့သည်။ ထိုမျှသာမက ထူးဆန်းသော သတင်းတစ်ခုကလဲ ပျံ့နှံ့လျှက်ရှိတော့သည်။ ထိုသတင်းမှာ တခြားမဟုတ်ပေ။ အယ်လီနာ၏ ပုံတူပန်းချီတွင် သူ့ဝိညာဉ်က စွဲကပ်နေပြီးနောက် ထိုပုံရှိ မျက်လုံးများနှင့် အကြည့်ချင်းဆုံသူများမှာ ကံဆိုးတတ်ကြသည်ဟူသည့် သတင်းတစ်ပုဒ်ပင်ဖြစ်သည်။
တိုက်ဆိုင်၍ပဲလားတော့မပြောတတ်၊ ထိုပန်းချီကားနှင့် မျက်လုံးချင်းဆုံသူများမှာ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ကြရသည်။ အချို့မှာ ယာဉ်တိုက်မှုဖြစ်ကြ၍၊ အချို့မှာ မတော်တဆဖြစ်ကာ လက်ကျိုးခြေကျိုးဖြစ်ကုန်ကြသည်။ ယုတ်စွအဆုံး လမ်းပေါ်တွင်ခလုပ်တိုက်၍လဲလျှင်တောင် အယ်လီနာပန်းချီကားကြောင့်ဆိုပြီး ထင်ကြေးပေးတတ်ကြသည်။ ချဲ့ကားရေးတတ်ကြသော သတင်းစာနှင့် ဂျာနယ်များကြောင့် ထိုသတင်းမှာ ပါရီမြို့တွင်း ထိပ်တန်းရောက်သတင်းတစ်ခုဖြစ်နေတော့သည်။ စုံထောက်ကြီးက ပြတိုက်အတွင်းသို့ဝင်လာခဲ့ပြီး ပြတိုက်တာဝန်ခံနှင့်တွေ့ဆုံလိုက်လေသည်။
"နေပါအုံး၊ အခုကြားနေရတဲ့သတင်းတွေက အမှန်ပဲလား"
"ဟုတ်မဟုတ်တော့မသိပါဘူးစုံထောာက်ကြီး၊ ဒါပေမယ့် ဒီကောလာဟာလသတင်းတွေကြောင့် ပြတိုက်ကို လာကြည့်တဲ့သူတွေများပြီး ကြိတ်ကြိတ်တိုးနေတာတော့ အမှန်ပဲ"
စုံထောက်ကြီးက ပြတိုက်အတွင်းသို့ဝင်ရောက်ရန် တန်းစီနေသော လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သရဲတစ္ဆေမယုံသူများ၊ အယုံအကြည်မရှိသူများမှာ ပြတိုက်သို့လာပြီး အသက်ဝင်လှပနေသည့် အယ်လီနာပန်းချီကားကို လာကြည့်ကြတော့သည်။ မျက်လုံးချင်းဆုံပြီးသူများ ကံဆိုးကြသည့် သတင်းများမှာလဲ မြောက်များစွာထွက်ပေါ်လာခဲ့တော့သည်။
တကယ်လဲ အယ်လီနာက ထိုပန်းချီကားတွင် စွဲကပ်နေခဲ့သည်။ အယ်လီနာက သူသေဆုံးးပြီးသည့်အခါ မပြီးဆုံးသေးသည့် သူ့ပုံတူပန်းချီကားကို ပြန်ရေးဆွဲလိုက်တော့သည်။ ထို့နောက် ပန်းချီကားတွင် ခိုကပ်နေလေသည်။ အယ်လီနာက တစ်ခုခုကိုစုံစမ်းနေခြင်းဖြစ်သည်။ ထိုအရာမှာ သူ့အားသေနတ်နှင့်ပစ်သတ်သွားသူကို လက်စားချေရန်အတွက် ပန်းချီကားထဲတွင် စောင့်နေခြင်းလဲဖြစ်ပါ၏။ ပန်းချီဆရာမို့ ထိုသူ၏ ကိုယ်လုံးသွင်ပြင်နှင့် အထူးသဖြင့် မျက်လုံးများကို အယ်လီနာက မှတ်မိနေလေရာ တစ်နေ့နေ့ ထိုလူသူ့ပန်းချီကားကို လာရောက်ကြည့်မည်ဟု ဆုံးဖြတ်ကာရှာဖွေနေတော့သည်။
သို့သော်ခြောက်လခန့်အကြာတွင်တော့ အယ်လီနာအတွက် သဲလွန်စတစ်ခုရရှိလာခဲ့တော့သည်။
(၅)
ပန်းချီဆရာရော်နယ်၏ ပန်းချီပြပွဲ။
ပန်းချီပြတိုက်အတွင်း ပြခန်းတစ်ခုရှိပြီး ထိုပြခန်းတွင် ပန်းချီပြပွဲများကို ကျင်းပလေ့ရှိရာ ယခုလဲ ပန်းချီဆရာတစ်ယောက်၏ ပန်းချီပြပွဲကိုကျင်းပနေလေသည်။ ထိုပန်းချီဆရာမှာ ရော်နယ်ဖြစ်သည်။ အင်္ဂလိပ်စပ်သော ပြင်သစ်လူမျိုးတစ်ယောက်ဖြစ်၏။ ရော်နယ်၏ပန်းချီကားများမှာ ရှုခင်းပုံများကို အသားပေးပြီးရေးဆွဲထားလေ၏။ ထိုနေ့တွင်ပင် ရော်နယ်က သတင်းစာရှင်းလင်းပွဲလုပ်ပြီးနောက် ပြတိုက်အတွင်းဓါတ်ပုံရိုက်ကြတော့သည်။
ထိုအခါ ရော်နယ်က အယ်လီနာ၏ ပုံကိုမကြည့်ရဲခဲ့ပေ။ အခြားပုံများကိုကြည့်သော်လည်း အယ်လီနာပုံကိုတော့ မကြည့်ဘဲ မျက်လွှာသာချပြီးနေလေသည်။ သို့သော် ထိုလူကို သတင်းသမားတစ်ဦးက ဓါတ်ပုံရိုက်ရန်လုပ်လိုက်ရာတွင် ရော်နယ်၏ ပြာလဲ့နေသော မျက်လုံးများကို အယ်လီနာတစ်ယောက် ပန်းချီကားထဲမှနေ၍ တွေ့မြင်သွားတော့သည်။
"သူ . . သူပဲ"
ရော်နယ်မှာ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့်ဖြစ်ပြီး အယ်လီနာကို သတ်ဖြတ်သွားသည့်သူနှင့် ပုံစံဆင်တူနေတော့သည်။ သို့သော် အယ်လီနာကမသေချာသေး၍ သေချာအတည်ပြုချင်သဖြင့် အချိန်ကိုစောင့်နေရတော့သည်။ ရော်နယ်က ပြခန်းအတွင်း အခြားပန်းချီဆရာများနှင့် မိတ်ဆက်နေရင်းမှ အိမ်သာသွားချင်လာတော့သည်။ ထို့ကြောင့် ပြတိုက်ရှိအိမ်သာခန်းထဲသို့ လှမ်းလာခဲ့တော့သည်။ ရော်နယ်အိမ်သာတက်ပြီး ပြန်ထွက်လာကာ လက်ဆေးနေစဉ်တွင် သူ့နောက်ကွယ်တွင်ရပ်နေသော ဝတ်လစ်စားလစ်နှင့် မိန်းကလေးတစ်ဦးကို မှန်ထဲမှနေ၍ပြန်မြင်သွားတော့သည်။
"ဒီအိမ်သာက ယောက်ျားတွေအတွက်အိမ်သာကွ၊ မိန်းကလေးအိမ်သာမဟုတ်ဘူး"
"ရှင် ကျွန်မကိုသေချာကြည့်ပါအုံး"
ရော်နယ်က ထိုတော့မှ မှန်ထဲကနေလှမ်းကြည့်လိုက်တော့သည်။ ထိုမိန်းကလေးက ဆံသားနီနီကောက်ကောက်များရှိပြီး သေချာကြည့်လိုက်တော့မှ အယ်လီနာဖြစ်နေတော့သည်။ ရော်နယ်လဲ လန့်ပြီးသူ့နောက်သို့လှည့်ကြည့်လိုက်သည်။ မည်သူမှမတွေ့ရပေ၊ သို့သော် မှန်ထဲကိုကြည့်လိုက်သည့်အခါတွင် သူ့နောက်တွင်နီးနီးကပ်ကပ်ရပ်နေသည့် အယ်လီနာကိုတွေ့လိုက်ရတော့သည်။ ရော်နယ်လဲ အလွန်ကြောက်သွားပြီး ဇောချွေးများပြန်လာတော့သည်။
"မင်း . . မင်း၊ အယ် .. အယ်လီနာမဟုတ်လား"
"ရှင်မှတ်မိသားပဲ"
အယ်လီနာကပြောလိုက်ပြီးနောက် ရော်နယ်၏ လည်ကုတ်ကို လက်နှင့်ဆုပ်ကိုင်လိုက်လေသည်။ အလွန်အေးစက်သည့်အထိအတွေ့ကို ခံစားရပြီးနောက် ရော်နယ်လဲ ကြောက်ကြောက်နှင့် မှန်ထဲမြင်နေရသောအယ်လီနာကို ကြည့်နေမိတော့သည်။ အယ်လီနာ၏ဆံပင်တွေက ဖွာလန်ကျဲနေပြီးနောက် မျက်လုံးကြီးတွေကလဲ သွေးရောင်နီရဲနေတော့သည်။ ထိုမျက်လုံးများမှာ သွေးများက ဖြူဖပ်နေသည့် ပါးပြင်ပေါ်သို့ စီးကျနေသည်။
"ပြောစမ်း၊ ရှင်ကျွန်မကို ဘာလို့သတ်ခဲ့တာလဲ၊ ရှင်နဲ့ကျွန်မမှာ ဘာအငြိုးအတေးရှိလို့လဲ"
"ငါ . . ငါ့ကိုမသတ်ပါနဲ့ကွာ၊ ငါအမှန်အတိုင်းပြောပါ့မယ်"
"ပြော၊ ကျွန်မ ဒီမေးခွန်းအတွက် အဖြေကိုရှာနေတာကြာပြီ"
"မင်း . . မင်းကို လီယာကသတ်ခိုင်းခဲ့တာ၊ လီယာက ငါ့ချစ်သူလေ၊ သူလဲအခုနာမည်ရစပြုနေပြီ၊ မကြာခင် ငါတို့နှစ်ဦးလက်ထပ်တော့မှာ"
"ဘာ . . မဖြစ်နိုင်ဘူး၊ လီယာက ဘာလို့ ကျွန်မကိုသတ်ခိုင်းတာလဲ၊ သူက ကျွန်မသူငယ်ချင်းပဲလေ"
"ဒါတော့ မင်းသူ့ကိုသွားမေးကြည့်မှရမယ်"
ထိုစကားကိုကြားသည့်အခါ အယ်လီနာက အလွန်ကြောက်စရာကောင်းသည့်အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်။ ထိုအခါ မှန်ရှေ့မှ လက်ဆေးရေခွက်များထဲသို့ ရေပိုက်ခေါင်းထဲမှရေများစီးကျလာတော့သည်။ အယ်လီနာက ရော်နယ်၏ဦးခေါင်းကို မှန်နဲ့တိုက်လိုက်ပြီးနောက် ရေအပြည့်ဖြစ်နေသည့် လက်ဆေးရေခွက်အတွင်းသို့ နှစ်ချလိုက်တော့သည်။ ရော်နယ်မှာ အတင်းရုန်းကန်နေသော်လည်း နှစ်မိနစ်မျှကြာသည့်အခါတွင် ငြိမ်သက်သွားတော့သည်။ အယ်လီနာလဲ ရော်နယ်၏ ကိုယ်လုံးကြီးကို အိမ်သာထဲထားခဲ့လိုက်တော့သည်။ ထို့နောက် ပြတိုက်အတွင်းမှ ထွက်ခွာခဲ့လေသည်။ သူဦးတည်နေသည့်နေရာကတော့ လီယာဆီသို့ဖြစ်သည်။
"လီယာ၊ မင်းဘာလို့ ငါ့ကိုဒီလိုလုပ်ခဲ့တာလဲ"
မကြာခင် ပန်းချီပြတိုက်အတွင်းတွင် အော်သံများဖုံးလွှမ်းသွားတော့သည်။ ရဲများနှင့် စုံထောက်များလဲရောက်လာကြသည်။ ပြတိုက်အိမ်သာအတွင်း ကွဲနေသော ကြည့်မှန်ကြီးနှင့် လဲကျသေဆုံးနေသော ရော်နယ်၏ အလောင်းကြီးကို လူအများက ဝိုင်းကြည့်နေကြတော့သည်။ အိမ်သာခန်းထဲရှိကြမ်းပြင်တွင် ရေတွေလျှံနေဆဲဖြစ်သည်။
(၆)
လီယာမှာ အတန်အသင့်အောင်မြင်လာပြီဖြစ်သည်။ ကိုယ်ပိုင်ပန်းချီပြခန်းတစ်ခု ဖွင့်ထားနိုင်သည်အထိ အောင်မြင်ခဲ့သည်။ အယ်လီနာသေဆုံးပြီးနောက် အယ်လီနာလက်ခံထားသည့်အလုပ်များကို အပြီးသတ်ပေးရာမှ သူလဲ အတန်အသင့်နာမည်ရလာကာ အောင်မြင်လာတော့သည်။ အယ်လီနာလောက် လက်ရာမကောင်းလှသော်လည်း သိပ်ပြီးကြည့်ရမဆိုး သည့်အတွက် လီယာထံသို့ အလုပ်အပ်နှံမှုများ များပြားလာခဲ့ကာ လီယာလဲ အလုပ်များနေရတော့သည်။
လီယာက ပန်းချီကားတစ်ခု စတင်ရေးသားရန် ကင်းဘတ်စတစ်ခုကို အောက်ခံဆေးသုတ်နေလိုက်သည်။ ထိုအခါ ထိုကင်းဘတ်စအဖြူကြီးတွင် ဆေးရောင်များသူ့အလိုလိုပေါ်ပေါက်လာလေသည်။ ထို့နောက် ဆေးသားများမှာ တဖြည်းဖြည်းထင်ရှားလာပြီးနောက် လူမျက်နှာကြီးတစ်ခုဖြစ်လာခဲ့သည်။ ထိုမျက်နှာကိုမြင်လိုက်သည့်အခါ လီယာက အော်ဟစ်လိုက်ပြီးနောက် လက်ထဲတွင်ကိုင်ထားသည့် ပန်းချီရေးပစ္စည်းများကို ပစ်ချလိုက်ကာ သူ့ပါးစပ်ကို လက်နှစ်ဖက်နှင့်ပိတ်ထားလိုက်တော့သည်။
"အယ် . . အယ်လီနာ"
ထိုပန်းချီကားထဲမှနေ၍ အယ်လီနာမျက်နှာပုံပေါ်လာပြီးနောက် လီယာအား စကားပြောလေသည်။
"လီယာ မင်းကိုမေးစရာရှိလို့၊ ရော်နယ်က မင်းကငါ့ကိုသတ်ခိုင်းတယ်လို့ ပြောတယ်၊ ငါအခု ရော်နယ်ကိုသတ်ပစ်လိုက်ပြီ"
ထိုစကားကြားသည့်အခါ လီယာက အခန်းထဲမှ ထွက်ပြေးဖို့လုပ်လိုက်သည်။ ထိုစဉ်အခန်းတံခါးမကြီးမှာ ဂျိန်းကနဲပိတ်သွားပြီး အခန်းအတွင်းရှိပြတင်းပေါက်များအားလုံးတို့သည်လဲ အလျိုလျိုပိတ်သွားကြတော့သည်။ လီယာက တံခါးမကြီးဆီသို့ပြေးပြီး တံခါးလက်ကိုင်ကို လှည့်နေသော်လည်း တံခါးက မပွင့်တော့ပေ။
ထိုအချိန် အယ်လီနာက ပန်းချီကားချပ်အတွင်းမှ ခြေတစ်ချောင်းချလိုက်ပြီးနောက် တဖြည်းဖြည်း ပန်းချီကားအတွင်းမှ ထွက်လာတော့သည်။ ဝတ်လစ်စားလစ်နှင့် အယ်လီနာမှာ ဆံပင်နီကျင်ကျင်နှင့် မျက်ဝန်းတွေက ရွှန်းလဲ့နေတော့သည်။ လီယာကတော့ မျက်ရည်ကျရင်း အော်ဟစ်လျှက် တံခါးကိုသာရအောင် ဖွင့်နေသော်လည်း တံခါးကတော့တစ်ဖက်မှပိတ်ထားသည်အလား လုံးဝမပွင့်တော့ပေ။
"အော်မနေနဲ့ သူငယ်ချင်း မင်းအော်တာကို ဘယ်သူမှကြားရမှာ မဟုတ်ဘူး"
လီယာက တံခါးမကြီးကို ကျောနှင့်ကပ်ပြီးရပ်လိုက်တော့သည်။
"ငါမေးတာကိုပဲဖြေပါ၊ မင်းငါ့အပေါ် ဘာလို့ဒီလိုလုပ်ရတာလဲ"
"ဘာလို့လဲဆိုတော့ မင်းကို မနာလိုလို့လုပ်တာ"
"ဘာပြောတယ်"
အယ်လီနာက အသံကွဲကြီးနှင့်အော်ရင်း လီယာအနားသို့ ပြေးလာလေသည်။ ထို့နောက် အလွန်ကြောက်လန့်နေသော လီယာနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ အယ်လီနာ၏ မျက်လုံးကြီးများမှာ သွေးရောင်ဖြစ်နေပြီး မျက်နှာရှိအရေပြားတို့မှာ ကွဲအက်ကာတွန့်ကြေနေသည်။ ဆံပင်ကြီးမှာလဲ လေပြင်းတိုက်ထားသကဲ့သို့ ဖွာလန်ကျဲနေတော့သည်။
"ဟုတ်တယ်၊ မင်းကိုမနာလိုလို့၊ ငါတို့ ကျောင်းတက်တုန်းကတည်းက အတူတူတက်ခဲ့ကြပေမယ့် မင်းကငါ့ထက်အရာရာပိုတော်နေတယ်၊ ကျောင်းပြီးတော့လည်း အလုပ်အတူတူလုပ်ခဲ့ကြပေမယ့် ငါကနောက်ဆုံးတော့ မင်းရဲ့လက်ထောက်ပုံစံမျိုးပဲဖြစ်နေခဲ့တယ်၊ ငါတို့အတူတူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေမှာ နောက်ဆုံးမင်းလတ်မှတ်ပဲ အမြဲပါနေခဲ့တယ်၊ မင်းက ငါ့ဘဝအတွက် အတားအဆီးတစ်ခုပဲ အယ်လီနာ၊ မင်းက ငါ့ဘဝတက်လမ်းကို ပိတ်ပင်နေခဲ့တယ်မဟုတ်လား"
အယ်လီနာမျက်ဝန်းမှ သွေးများစီးကျလာတော့သည်။
"ဒါကြောင့် ငါ ရော်နယ်ကို ပြောပြခဲ့တယ်၊ ရော်နယ်ကို မင်းအလုပ်လုပ်တဲ့အချိန်နဲ့ ဆေးလိပ်ထွက်သောက်မယ့်အချိန်ကို ပြောပြခဲ့တယ်၊ ရော်နယ်က အလုပ်ရုံထဲမှာ မင်းကိုသတ်လိုက်ရင် အားလုံးက ငါသတ်တယ်လို့ပဲ ထင်ကြတော့မှာမဟုတ်လား၊ ဘာလို့လဲဆိုတော့ ဒီအခန်းရဲ့သော့က မင်းနဲ့ငါနဲ့ဆီမှာပဲရှိတယ်မဟုတ်လား"
"နင်တော်တော်ယုတ်မာပါလား လီယာ၊ ငါကတော့ နင့်အပေါ်သူငယ်ချင်းဆိုပြီး တန်ဖိုးထားလိုက်ရတာ"
"ဘာ . . တန်ဖိုးထားတယ် ဟုတ်လား၊ အခုနင်သေသွားတော့ ငါဘယ်လောက်အောင်မြင်နေသလဲဆိုတာသာကြည့်လိုက်တော့၊ ပန်းချီကားတိုင်းမှာ ငါ့လက်မှတ်တွေချည်းပဲ၊ သိပ်မကြာခင်ဆို ငါလဲနင့်လိုပဲ ပန်းချီပြတိုက်မှာ နေရာပေးတာခံရတော့မှာ ဟား . . ဟား"
အယ်လီနာက ကြောက်စရာအသံနက်ကြီးဖြင့် အော်ဟစ်လိုက်ကာ လီယာကို ခုန်အုပ်လိုက်သည်။ ထို့နောက် အခန်းအတွင်းတွင် လုံးထွေးသတ်ပုတ်သံများ၊ ပန်းချီပစ္စည်းများကျကွဲသံများ၊ ပန်းချီကားများလဲပြိုသံများကိုသာ ကြားရတော့သည်။ အယ်လီနာက လီယာ၏ဆံပင်များကို ဆွဲရင်း ပန်းချီကားချပ်ကြီးအတွင်းသို့ ပြန်ဝင်နေရာ လီယာကလဲ အားရှိသရွေ့ပြန်ရုန်းကန်နေရသည်။ သို့သော် လီယာမှာ မရုန်းနိုင်တော့ဘဲ ပန်းချီကားအတွင်းသို့ ဆွဲသွင်းချင်းကိုခံလိုက်ရသည်။ ပန်းချီကားအတွင်းသို့ လီယာလဲ ထိုးဖောက်ဝင်ရောက်သွားပြီး သူမ၏ ဆံပင်တွေ၊ လက်ချောင်းတွေအားလုံးက ဆေးရောင်ချယ်ထားသည့် ပန်းချီပုံများအသွင်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် နောက်ဆုံးတော့ လီယာတစ်ကိုယ်လုံး ပန်းချီကားထဲဝင်ရောက်သွားပြီးနောက် အခန်းအတွင်းမှာ ငြိမ်သက်သွားတော့သည်။
(၇)
"ဘယ်လို . . ပန်းချီဆရာမ လီယာပျောက်သွားတယ်၊ ဟုတ်လား"
တစ်ပတ်ခန့်ကြာသည်အထိ လီယာကိုမမြင်တွေ့ရတော့ပေ။ မျက်မြင်သက်သေများမြင်တွေ့သည်မှာ လီယာမှာ သူကိုယ်ပိုင်ပြခန်းအတွင်းသို့ ဝင်သွားသည်ကို နောက်ဆုံးမြင်လိုက်ကြရခြင်းဖြစ်သည်။ စုံထောက်ကြီးက လီယာ၏ ပြခန်းကို လှည့်ပတ်ကြည့်လိုက်တော့သည်။ ထောင့်တစ်နေရာတွင်တော့ လီယာ၏ ပုံတူပန်းချီကားတစ်ချပ်ကိုတွေ့လိုက်ရသည်။ သို့သော် ထိုပုံတူပန်းချီမှာ ပုံမှန်မဟုတ်ဘဲ အလွန်ထိတ်လန့်ကြောက်ရွံ့နေသည့် လီယာ၏ကိုယ်တစ်ပိုင်းပုံကိုရေးဆွဲထားခြင်းဖြစ်ကာ လက်မှတ်ကိုလဲ လီယာဟု ရေးထိုးထားသည်ကို တွေ့လိုက်ရတော့သည်။
စုံထောက်ကြီးအဖို့တော့ အယ်လီနာအမှုသည်လည်းကောင်း၊ ရော်နယ်အမှုသည်လည်းကောင်း၊ လီယာအမှုသည်လည်းကောင်း အားလုံးကို မဖြေရှင်းကောက်ချက်မချနိုင်သည့်အမှုများအဖြစ် သိမ်းဆည်းထားလိုက်ရတော့သည်။ သတင်းစာများကလဲ ထိုအမှုများကို ကောက်ချက်အမျိုးမျိုးဆွဲကာ ထင်မြင်ချက်အမျိုးမျိုးနှင့် ရေးသားဖော်ပြလေသည်။
ထုံးစံအတိုင်း လီယာသေဆုံးပြီးမကြာခင်တွင် လီယာ၏ပုံတူပန်းချီအား ပန်းချီပြတိုက်သို့ သယ်ဆောင်သွားတော့သည်။
"သူတို့က သူငယ်ချင်းတွေဆိုတော့ ဘေးချင်းကပ်ပြီး ချိတ်ထားရင်မကောင်းဘူးလား"
ပြတိုက်တာဝန်ခံက ထိုသို့တွေးလိုက်ပြီးနောက် အယ်လီနာနှင့် လီယာတို့၏ ပန်းချီပုံတူများကို ဘေးချင်းကပ်ချိတ်ဆွဲထားလိုက်တော့သည်။ ထိုအချိန်မှစပြီး ပြတိုက်အတွင်းတွင် ထူးဆန်းမှုများဖြစ်ပေါ်လေသည်။ ညည့်နက်လျှင် မိန်းမနှစ်ယောက် လုံးထွေးသတ်ပုတ်သံများ၊ ဆူညံအော်ဟစ်သံများကို ကြားရလေ့ရှိပြီး ထိုပန်းချီကားနှစ်ချပ်မှာလဲ တစ်ချပ်က အမြဲတမ်းအောက်သို့ ပြုတ်ကျနေသည်ကိုတွေ့ရှိကြရသည်။ မည်မျှပင် ခိုင်မြဲအောင် ချိတ်ဆွဲထားထား ထိုအသံများကြားပြီးသည်နှင့် ပန်းချီကားတစ်ချပ်က ထူးဆန်းစွာ ကြမ်းပြင်သို့ ပြုတ်ကျနေသည်ကို အမြဲတမ်းလိုလိုတွေ့ရတတ်သည်။ ပြတိုက်အစောင့်များနှင့် လုံခြုံရေးများမှာလဲ မမြဲတော့ပေ၊ ညဘက်ရောက်လျှင် ထိုပြတိုက်ကို မစောင့်ချင်လောက်အောင်ကို ကြောက်လန့်ကြသည်။
နောက်ဆုံးတော့ သူတို့ပုံနှစ်ပုံကြောင့်ဖြစ်မည်ဟုထင်ကာ ပုံနှစ်ပုံကိုခွဲထုတ်လိုက်တော့သည်။ လီယာ၏ ပုံကို ပြတိုက်အပေါ်ထပ်တွင်လည်းကောင်း၊ အယ်လီနာ၏ ပုံကို ပြတိုက်အောက်ထပ်တွင်လည်းကောင်း ခွဲပြီးချိတ်ဆွဲထားလိုက်ရတော့သည်။ ထိုတော့မှ ရန်ဖြစ်သံများကို မကြားရတော့ပေ။
သို့သော်လည်း တစ်ခါတစ်ရံ ဂါဝန်အဖြူပွပွဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် ပြတိုက်အတွင်းပြေးလွှားနေတတ်သည်ကိုလည်းကောင်း၊ ဝတ်လစ်စားလစ်ဖြင့် မိန်းကလေးတစ်ယောက်အား ရိုးတိုးရိပ်တိတ် သော်လည်းကောင်း ပြတိုက်ညစောင့်များက မြင်တွေ့ရလေ့ရှိသည်။ ပါရီမြို့ပန်းချီအနုပညာပြတိုက်အောက်ထပ်တွင်တော့ ဆံပင်အနီရောင်နှင့်မျက်လုံးများတောက်ပနေသည့် အယ်လီနာ၏ ပုံတူပန်းချီကိုတွေ့မြင်နိုင်ကာ အပေါ်ထပ်တွင်တော့ အလွန်ထိတ်လန့်ကြောက်ရွံ့နေသည့် လီယာ၏ ပုံတူပန်းချီကို ထိုပြတိုက်သို့ သွားရောက်လေ့လာသူများ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
ပြီးပါပြီ။
အဂ္ဂဇော်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory