
“ဇွတ် ..”
“ဇွတ်..”
သွေးတွေက ဒလဟော။ ငွေသော် မျက်လုံးတွေ ပြာနောက်လာသည်။ သူသေရတော့မှာလားဆိုတဲ့ အတွေးနဲ့ ဆွဲမိဆွဲရာဆွဲလိုက်သေးသည်။ သို့သော် .. လောကကြီးက အမှောင်အတိကျသွားသည်။ ဘာကိုမှ မသိတော့။
ဦးထွန်းအောင်က ဓာတ်ပုံတွေကို ကြည့်ပြီး ...
“ငါက အလောင်းကိုကြည့်ပြီး စိမ်ပြေနပြေ အောင်ပွဲခံချင်သေးတာကွာ”
“သေချာပါတယ် .. ဒီကောင် ရှင်စရာအကြောင်းမရှိဘူး”
“အေးကွာ ... ပြောတော့လည်း ရန်ကုန်မြို့ရဲ့ နာမည်ကြီးလူမိုက်တဲ့ .. သတ်ရတာလည်း လွယ်လိုက်တာကွာ”
ဦးထွန်းအောင်က အကျေနပ်ကြီး ကျေနပ်နေသည်။ သူ့လမ်းမှာ လာရှုပ်ရင် အခုလိုပဲ ရှင်းပစ်လေ့ရှိ၏။ ဒါပေမဲ့ သေချာအောင်တော့ အတည်ပြုဖို့လိုဦးမည်။ အခုက အလောင်းမရခဲ့ဘူးဆိုတော့။ ဦးထွန်းအောင် ဖုန်းခေါ်လိုက်သည်။
“သန်းဝင်းလား ..”
“ဟုတ်ပါတယ် .. ကိုထွန်း”
“မင်းတို့ရန်ကုန်က လူမိုက်ငွေသော် ဓားထိုးခံရလို့ဆို”
“ဟုတ်တယ် .. ကိုထွန်းရေ .. အခု ဆုံးသွားပါပြီ”
“ကျွတ် .. ကျွတ် .. စိတ်မကောင်းလိုက်တာကွာ”
ဦးထွန်းအောင် ဖုန်းချလိုက်တော့ .. သားဖြစ်သူက ..
“သေချာသွားပြီလား အဖေ”
“အေး ... သေချာသွားပြီ.. ဟား .. ဟား ..”
ဦးသန်းဝင်းက စိုးကြီးကို ချက်ချင်းခေါ်လိုက်ပြီး ..
“မင်းသေချာ နားထောင် .. အခုချက်ချင်းငွေသော်ကို ရန်ကုန်နဲ့ ဝေးတဲ့တစ်နေရာမှာ ခဏသွားဖွက်ထား”
“ဗျာ ... “
“အေး ... ပြီးတော့ .. နာရေးအတုတစ်ခု လုပ်လိုက်။ ငွေသော် သေပြီလို့ သတင်းလွှင့်လိုက်”
“ဦးသန်းဝင်း အခုငွေသော်က ဆေးရုံပေါ်မှာပဲ ရှိသေးတယ်။ ဒဏ်ရာကလည်း တော်တော်ပြင်းထားတာ စိုးရိမ်ရတုန်းပဲ။ အပြင်ကိုခေါ်သွားဖို့ မလွယ်လောက်ဘူးထင်တယ်”
“ရတယ် .. ငါဖုန်းဆက်ပြီးပြီ။ ငွေသော် နေရာမှာ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းနဲ့ငါအစားထိုးဖို့ စီစဉ်ထားတယ်။ ဒီညနေ လူနာတင်ကားနဲ့ လစ်လိုက်တော့။ မင်းကိုလည်း လူမမြင်စေနဲ့”
“ဟုတ်ကဲ့”
စိုးကြီးက အချိန်မဆိုင်းဘဲ ငွေသော်ကို ဆေးရုံကနေ ရအောင် ခေါ်ထုတ်သွား၏။ တစ်ဖက်မှာတော့ ဦးထွန်းအောင်တို့တင်မက ဖိုးစီ၊ သူရိန်တို့ကပါ ငွေသော် သေသွားပြီလို့ ယုံကြည်နေကြသည်။
“ကိုငွေသော်ကို ဘယ်သူသတ်တာလဲ”
သူရိန်က မေးတော့ ဖိုးစီက ..
“မင်းက ဘာလုပ်မလို့လဲ”
“ပြန်သတ်ပေးရမှာပေါ့ဗျ .. “
ဖိုးစီက ဟက်ဟက်ပက်ပက် ထ ရယ်ပြီး ..
“မင်းကလား .. “
ဖိုးစီက ထေ့သလိုလိုပြောတော့ .. သူရိန်က ဒေါသထွက်သွားပြီး ဖိုးစီကို ဘီယာပုလင်းနှင့် ရိုက်ဖို့ ရွယ်လိုက်သည်။ ဒါပေမဲ့ သူရိန်ရဲ့လက်ကို အပြင်က ဝင်လာတဲ့ စိုးကြီးက ပုတ်ချလိုက်သည်။ စိုးကြီးနှင့်အတူ စိုးလှလည်း ပါလာသည်။
“မင်းတို့က အချင်းချင်းဘာဖြစ်နေတာလဲ”
ဖိုးစီက .. ဘာမှပြန်မဖြေ။ သူရိန်က ..
“ဒီဘဲက ကျနော့်ကို လှောင်သလိုပြောင်သလိုလုပ်နေလို့”
“ကဲ ... ထားတော့ကွာ .. အခု အရေးကြီးတာ ပြောမလို့”
“အင်း”
“ငါတို့ ကြက်ဝိုင်းမှာ အခု ဖိုးစီကို ဦးစီးဖို့ ဦးသန်းဝင်းက ပြောလိုက်တယ်။ ဖိုးစီက အခု ဦးသန်းဝင်းနဲ့တိုက်ရိုက်ဆက်သွယ်။ လိုအပ်တဲ့လူခေါ်တာတွေ မင်းဘာသာ စီစဉ်လိုက်တော့”
“ကိုစိုးကြီးတို့ကရော ... ဒီကောင် သူရိန်ကရော .. “
“ငါတို့ နယ်စပ်ဘက်ကို သွားစရာရှိလို့ အဲဒါကြောင့်.. လိုအပ်ရင်တော့ ဆက်သွယ်လိုက်မယ်ကွာ”
နောက်သုံးလခန့်အကြာ။
ရန်ကုန်မြို့လယ်ကောင်က စင်တင်ဘီယာဆိုင်တစ်ဆိုင်၌ ဖြစ်သည်။ ဆိုင်ထဲကို ဖိုးစီ ဝင်လာတော့ ဆိုင်မန်နေဂျာက ပြာပြာသလဲ ထွက်ကြိုသည်။ ဖိုးစီနှင့်အတူ တပည့် လေးယောက်လောက်လည်း ပါလာသည်။ ဖိုးစီရဲ့ ကြက်ဝိုင်းက အတော်လေးအောင်မြင်လာတယ်ပြောရမည်။ အခုနောက်ပိုင်း သူ့ဝိုင်းမှာ ရန်ကုန်မြို့ရဲ့ သူဌေးတော်တော်များများ လာလောင်းကြ၏။ ဝင်ငွေတွေက ပိုများလာတော့ ဖိုးစီလည်း တန်ခိုးထွားလာသည်။ တပည့်တပန်းတွေကလည်း များလာသည်။ အခုလည်း ကြက်ဝိုင်းသိမ်းတော့ ဘီယာဆိုင်ကို ရောက်လာခြင်းဖြစ်သည်။ ဆိုင်ကလည်း ဖိုးစီတို့ကို အထူးဧည့်သည်တော်အဖြစ် သတ်မှတ်ထားသည်။ တစ်ညကို အနိမ့်ဆုံး သိန်းဂဏန်းလောက် အားပေးတာကိုး။
“ဆရာ အဲဒီကောင်မလေးကို ကြိုက်လား ..”
ဖိုးစီရဲ့ တပည့်က ဖိုးစီကို မေးလိုက်ခြင်းဖြစ်သည်။ ဖိုးစီက ..
“ခေါ်လို့ ရလို့လား”
“နေဦး ကျနော် စုံစမ်းလိုက်ဦးမယ်”
ခဏကြာတော့ ဖိုးစီတပည့် ပြန်ရောက်လာသည်။
“ဆရာ .. သူက မရဘူး။ သီချင်းသီးသန့်ပဲ ဆိုတာတဲ့”
“ဝိုင်းကိုတော့ ခေါ်လို့ရတယ်မလား”
“အင်းရတာပေါ့”
ပန်းကုံး ၅၀၀၀ ဖိုးလောက် စွပ်ပြီး ဖိုးစီတို့ဝိုင်းဘေးကို ကောင်မလေးကို ခေါ်လိုက်သည်။ ဖိုးစီက .. ကောင်မလေးကို သေသေချာချာကြည့်ပြီး အတော်လေး သဘောကျသွားသည်။ ကောင်မလေးက အလွန်ဆုံးရှိလှ ၁၉နှစ်သာသာလေး။ အရပ်မြင့်မြင့် အသားညိုညိုနှင့် မျက်လုံးမျက်ခုံးတွေက ထင်ရှားသည်။
“ဘာသောက်ဦးမလဲ”
“မသောက်တော့ပါဘူး အစ်ကို”
ဖိုးစီ အံ့ဩသွားသည်။ များသောအားဖြင့် အခုလိုမျိုး ဝိုင်းမှာ ခေါ်ထိုင်ရင် မိန်းကလေးတော်တော်များများက ဆိုင်ရဲ့ ဈေးကြီးတဲ့အစားအသောက်တွေကို မှာလေ့ရှိသည်။ အခု ဒီကောင်မလေးကတော့ ဘာမှမမှာ။ ရှေ့မှာရှိတဲ့ ရေခွက်ထဲက ရေကိုသာငှဲ့သောက်နေသည်။ ဖိုးစီ ပိုပြီး စိတ်ဝင်စားသွားတာ သေချာသွားသည်။ နာရီဝက်လောက် စကားပြောပြီးတော့ သူဆိုရမယ့်အလှည့်ပြန်ရောက်လာတော့ ဖိုးစီတို့ ဝိုင်းက ပြန်ထွက်သွားသည်။
နောက်ရက်တွေမှာလည်း ဖိုးစီက အဆိုပါဆိုင်ကို ရောက်လာပြန်သည်။ ပုံမှန်ဆို ဖိုးစီက ဘီယာဆိုင်တွေကို မထပ်အောင်လိုက်ထိုင်လေ့ရှိသည်။ အခုတော့ ဒီတစ်ဆိုင်ထဲမှာတင် ရောက်နေတာ ငါးရက်ဆက်တိုက်ရှိနေပြီ။ ကောင်မလေးနှင့်လည်း အတော်အတန်သင့်ရင်းနှီးနေပြီဖြစ်သည်။
“အစ်ကို က ဘာလုပ်တာလဲ”
“ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတာပါ”
ဖိုးစီ လိမ်လိုက်သည်။ လူမိုက်လောက၊ လောင်းကစားလောကအကြောင်း မပြောချင်။ ဖိုးစီက ..
“တစ်ရက်လောက် အပြင်မှာ စကားအေးဆေး ပြောချင်တယ်”
“အင်း .. ပြောလေ .. “
“ဘယ်သူမှ သတိမထားမိနိုင်မယ့် ဟော်တယ်အခန်းတစ်ခန်း အစ်ကိုယူထားလိုက်မယ်လေ။ လာမယ်မလား”
ကောင်မလေးက အတန်ငယ်စဉ်းစားသွားသည်။ ပြီးတော့ ခေါင်းငြိမ့်လိုက်သည်။
အဲဒီနေ့က ကြက်ဝိုင်းမရှိ။ ဖိုးစီ ရင်တွေခုန်နေသည်။ ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးကိုတော့ တကယ်နှစ်သက်သည်ဟု ဆိုရမည်။ အခုတော့ အေးဆေးတွေ့ရမယ့် အခွင့်အရေးရပြီ။ အဲဒီအချိန်မှာပဲ .. ဖိုးစီ အိမ်ရှေ့ကို ကားတစ်စီး ဆိုက်လာသည်။
“ဟာ ကိုစိုးကြီး .. ဘယ်တုန်းက ပြန်ရောက်တာလဲ”
“အေး .. ဒီမနက်ပဲ”
“သူရိန်ရောလား .. “
“သူရိန်နဲ့ ကိုစိုးလှ နေခဲ့တယ်”
“အခု .. လာတာ ကိစ္စရှိလို့လား”
“အေး .. အထုပ်တွေပြင်လိုက်။ နှစ်ရက်လောက်ခရီးထွက်ရမယ်။ ငါ ဦးသန်းဝင်းကို ဝင်ပြောခဲ့ပြီးပြီ"
“အခု ချက်ချင်းကြီးလား”
“အေး .. ဟုတ်တယ်”
ဖိုးစီ အခက်တွေ့သွားသည်။ အဲဒါနဲ့ ..
“ဒါဆို ဟိုတယ်တစ်ခု ခဏဝင်မယ်။ ၁၅မိနစ်လောက်ပဲ”
“အေး ..ကွာ လုပ်”
ဖိုးစီက ဟိုတယ်ကိုရောက်တော့ နည်းနည်းနောက်ကျနေပြီ။ ကောင်မလေးက ရောက်နေပြီ။ ဖိုးစီက ကောင်မလေးကို အခု လက်ရှိမအားတော့ကြောင်း၊ အလုပ်ကိစ္စနဲ့ ရက်တိုခရီးထွက်ရမှာဖြစ်ကြောင်းပြောတော့ ..
“ညီမရော လိုက်လို့ရလား”
“ဟာ ..ရတာပေါ့”
“ဒါနဲ့ ဘယ်သွားမှာလဲ”
“အစ်ကိုလည်း မသိသေးဘူး။ ကားပေါ်ရောက်မှ သိရမယ်”
ဟိုတယ်ပေါ်က ပြန်ဆင်းလာတော့ ဖိုးစီနောက်မှာ ကောင်မလေးတစ်ယောက်ပါလာသည်။ စိုးကြီး စိတ်ညစ်သွားသည်။ ပြီးတော့ .. ဖိုးစီကို တိုးတိုးကပ်ပြောသည်။
“ဟေ့ကောင် .. ဖာ ခေါ်မလာနဲ့လေကွာ”
“ဟာ .. ကိုစိုးကြီးက မဟုတ်တာပြောပြီ ကျနော့်ကောင်မလေးပါဗျ”
“သေချာလို့လား ..”
“သေချာတယ်ဗျာ ..”
စိုးကြီးလည်း ဘာမှဆက်မပြောတော့။ ကားပေါ်ရောက်တော့ ဖိုးစီက ဘယ်သွားမှာလဲဟုမေးတော့ စိုးကြီးက မဖြေ။ ရောက်တော့သိရမယ်လို့သာ ဖြေသည်။
ရန်ကုန်ကနေ လေးနာရီလောက်မောင်းပြီးတော့ ပေါင်းတည်ကို ရောက်သည်။ ပေါင်းတည်ကနေ နောက်ထပ်ရွာလမ်းအတိုင်း တစ်နာရီခန့်လောက်မောင်းပြီးချိန်မှာတော့ အတော်အတန်သင့်စည်ကားတဲ့ ရွာတစ်ရွာကို ရောက်သွားသည်။
စိုးကြီးက ..
“ဆင်းတော့ ဒီအိမ်မှာ ညအိပ်မယ်”
ဖိုးစီနဲ့ ကောင်မလေးလည်း ကားပေါ်က ဆင်းလိုက်သည်။ အခုချိန်ထိ သူတို့ နားမလည်တာက ဒီရွာကို ဘာလာလုပ်တာလဲဆိုတာပင်။ ဖိုးစီက စိတ်မရှည်တော့ ..
“ကိုစိုးကြီး .. ဒီကိုဘာကိစ္စနဲ့လာတာလဲ ပြောဗျာ”
“ဟိုမှာ လာနေတာ ဘယ်သူလဲကြည့်လိုက်”
စိုးကြီး ညွှန်ပြရာကို ဖိုးစီ ကြည့်လိုက်တော့ .. အရမ်းအံ့အားသင့်သွားသည်။
“ဟာ .. ကိုငွေသော် .. ကို ..ငွေ ...ငွေ ..သော်”
ဖိုးစီ အထစ်ထစ်အငေါ့ငေါ့တွေ ဖြစ်သွားသည်။ သူသိထားတာက ငွေသော်က သေပြီဆိုတာပင်။ အခု အရှင်လတ်လတ်ကြီး ပြန်မြင်လိုက်ရတော့ အံ့အားသင့်သွားတာဖြစ်သည်။ ငွေသော်က .. ပြုံးပြီး ..
“ငါက .. ငွေသော်လေကွာ ..လွယ်လွယ်နဲ့သေမလားကွ”
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory