ပြာပူ - အပိုင်း (၈)
lotaya.mpt.com.mm
|
2022-10-07

‘သံသရာအကျဥ်းသား’

…………………..

‘ဒီလိုတော့ လက်လွတ်စပါယ်သတ်လို့မရဘူး ပုတိက’

မာရဇိန၏ စကားကြောင့် သွေးကြွနေသော နတ်ဘီလူးများ စိတ်ပျက်သွားကြသည်။ ပုတိကသည် ခါးကြီးကို ကုန်းကာ မာရဇိန၏ ရှေ့သို့ ရောက်လာသည်။ သို့သော် သူသည် မာရဇိနကို လေသံမာမာနှင့်တော့ စကားမပြောရဲ။ ပုတိကကို ကြည့်ရသည်မှာ အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်နှင့် တူနေသည်။ သူသည် သားကောင်ကို မ၀ါးမျိုမီ သူ၏ လိမ်လည်လှည့်ဖျားခြင်းအတတ်နှင့် အရင် ညှို့ယူနေသည့်နှယ်ပင်။

‘မာရဇိန။ ဒီသစ္စာဖောက် ရောရု၀ကို အရှင်ထားလို့မဖြစ်ဘူး။ သူဟာ ကျုပ်တို့ အ၀ီစိအတွက်တင် မဟုတ်ဘူး။ ငရဲကြီးရှစ်ထပ်စလုံးအတွက် အန္တရာယ်ရှိတယ်။ သူဟာ ယမမင်းကို ဖြုတ်ချပြီး အာဏာလုချင်နေတာ အသင်တို့ ကိုယ်တွေ့ပဲ မဟုတ်လား’

‘အဲဒါကို ကျုပ်မငြင်းဘူး ပုတိက။ ကျုပ်ပြောချင်တာက ရောရု၀ကို ဒီအတိုင်း လုပ်ကြံသတ်ဖြတ်ခဲ့ရင် ကျုပ်တို့အားလုံး ပြစ်မှုသင့်လိမ့်မယ်။ အခန့်မသင့်ရင် ကြိမ်ဒဏ်ကျခံရလိမ့်မယ်’

… အလို။ ဟုတ်ပ။

… ကြိမ်ဒဏ်တော့ မလိုချင်ဘူးဟ...။

နတ်ဘီလူးများနှုတ်မှ တယောက်တပေါက် အသံများ ထွက်လာကြပြန်သည်။ သူတို့အတွက် ကြိမ်ဒဏ်သည် မည်မျှ ဆိုးရွားသည်ကို အားလုံးအသိ။ ငရဲမီးထက်ပင် ပိုပြီး ပူလောင်ပြင်းထန်ကာ အခံရခက်လှသော ‌ေ၀ဒနာ တစ်မျိုးပင်။ ပုတိက စိတ်ပျက်သွားရသည်။ သို့သော် အားမလျှော့သေး။

‘ဒါဆိုလည်း မတော်တဆ ဖြစ်ဟန်ပြုပြီး လုပ်ကြံကြမယ်’

မာရဇိန ခေါင်းကို ခါရမ်းလိုက်ပြန်သည်။

‘မဖြစ်ပါဘူး ပုတိက။ စေတမန်လာစစ်ဆေးခဲ့ရင် ကျုပ်တို့က အမှန်ကိုပဲ ဖြေရမှာ။ လိမ်ပြောခဲ့ရင် စေတမန်ဟာ လိမ်တာကို သိနိုင်တဲ့အစွမ်းရှိတဲ့အပြင် လိမ်တဲ့အတွက် အပြစ်ထပ်ဖြစ်ရဦးမယ်’

… ဒါတော့ ဟုတ်တယ်။ စေတမန်က အကုန်သိတာ..။

နတ်ဘီလူးများ မာရဇိန စကားကြောင့် ရောရု၀ကို သတ်ဖြတ်ရန် တုံ့ဆိုင်းသွားကြသည်။ ပုတိက အခြေအနေမကောင်းသည်ကို ရိပ်မိသွားသဖြင့်။

‘ဟုတ်ပြီ။ ဒါဆို ရောရု၀ကို မသတ်ဘူး။ ဒါပေမဲ့ ဒီကောင့်ကို အကြီးအကဲအဖြစ်တော့ ဆက်မထားသင့်တော့ဘူး’

… ဟုတ်တယ်။ ဒါတော့ လက်ခံတယ်။

…. ဒီသစ္စာဖောက်ကိုတော့ ခေါင်းဆောင်မတင်နိုင်ဘူး။

နတ်ဘီလူးအများစုက ရောရု၀ကို အကြီးအကဲအဖြစ်မှ ဖြုတ်ချရန် သဘောတူကြလေသည်။ ပုတိက ဆက်ပြောသည်။

‘ဒါပေမဲ့ ကျုပ်တို့ထဲမှာ သူနဲ့ စီးချင်းထိုးလိုတဲ့သူ မရှိဘူးမဟုတ်လား’

မာရဇိန၀င်မပြောနိုင်စေရန် ပုတိကသည် စကားကို ခပ်သွက်သွက် ဆက်ပြောလေသည်။ သူသည် မာရဇိန စီးချင်းပွဲနိုင်ပြီး ခေါင်းဆောင်သစ်ဖြစ်သွားမည်ကို မလိုလားပေ။ သူကိုယ်တိုင်သာ ခေါင်းဆောင်ဖြစ်လိုလေသည်။

‘ကျုပ်မှာ အကြံတစ်ခုရှိတယ်။ အားလုံးနားထောင်ကြ’

နတ်ဘီလူးများသည် ပုတိကကို ၀ိုင်းရံလိုက်ပြီး သူပြောပြသော အကြံကို အထူးအာရုံစိုက်ကာ နားထောင်နေကြတော့သည်။

…………………………….

ထိုအချိန်တွင် ရောရု၀သည် ဇီနာ၏ ဂူထဲတွင် ဒဏ်ရာအရှိန်ကြောင့် လဲလျောင်းအနားယူလျက်ရှိလေသည်။ ဇီနာသည် ငရဲမီးများကို မီးတိုင်အဖြစ် သုံးပြီး ဂူထဲတွင် စိုက်ထူထားသဖြင့် သူမ၏ ဂူသည် ရောရု၀နှင့် အခြား နတ်ဘီလူးများ၏ ဂူများကဲ့သို့ မှောင်မည်းအုံ့ဆိုင်း ပိတ်လှောင်မနေဘဲ သန့်ရှင်းကာ အလင်းရောင်ကောင်းစွာရလျက်ရှိသည်။ ထို့ပြင် ဇီနာသည် ဂူ၏ အတွင်းနံရံများကို သားရေစများနှင့် သပ်ရပ်စွာ ကာရံထားသဖြင့် ရုတ်တရက်ကြည့်လျှင် လိုဏ်ဂူတစ်လုံးနှင့် မတူဘဲ တဲအိမ်ကြီးတစ်လုံး၏ အတွင်းပိုင်းနှင့်သာ တူနေလေတော့သည်။

‘အသင့်ဂူက ကျုပ်ရဲ့ လိုဏ်ဂူနဲ့တော့ ကွာပါပေ့ ဇီနာ’

ရောရု၀သည် သားရေပြားများခင်းထားသော ကျောက်ဖျာကြီးပေါ်တွင် လက်ထောက်ထိုင်ရင်း ပြောလိုက်၏။ ဇီနာသည် သူ့အတွက် ဆေးတစ်ခွက်ထပ်ပြီး ယူလာပေးပြန်သည်။

‘ဆေးထပ်သောက်လိုက်ဦး ရောရု၀။ အသင် အားနည်းလွန်းနေသေးတယ်။ သွေးတွေ ထွက်ထားတာ နည်းမှ မနည်းပဲ’

‘အသင် နားဖို့လည်း မမေ့နဲ့ဦး ဇီနာ။ အသင့်ဒဏ်ရာတွေကိုလည်း လျှော့မတွက်ပါနဲ့’

သူမလည်း ရောရု၀နားတွင် ၀င်ထိုင်ရင်း နောက်ထပ် ဆေးတစ်ခွက် ထပ်သောက်လိုက်သည်။

‘ရောရု၀ အသင်ပြောပြလို့ အသင့်နောက်ကြောင်းရာဇ၀င်တွေ အားလုံး ကျုပ်သိပြီးပြီ။ ကျုပ်ရဲ့ အကြောင်းတွေကိုရော အသင်မသိချင်ဘူးလား။ ကျုပ် ဘာကြောင့် အ၀ီစိငရဲကို ‌ရောက်လာရသလဲဆိုတာ။ ဒီမတိုင်ခင်က ဘယ်မှာ ရှိခဲ့သလဲ ဆိုတာတွေပေါ့’

ရောရု၀ ဇီနကို ယုယစွာ ပွေ့ဖက်လိုက်သည်။

‘အဲဒီလို အပြန်အလှန် အပေးအယူ သဘောမျိုးနဲ့ ပြောပြဖို့ မလိုပါဘူး ဇီနာ။ အသင် ပြောချင်စိတ်ရှိမှပဲ ပြောပါ။ အသင် ဘယ်ကပဲ လာလာ။ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ ကျုပ်ရဲ့ အချစ်တွေကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး’

‘ကျုပ်ကိုယ်တိုင်က ပြောချင်ပါတယ် ရောရု၀’

‘ကောင်းပါပြီ။ ဒါဆိုလည်း ပြောပါ ဇီနာ’

‘ကျုပ် ဒီ အ၀ီစိကို ကိုယ့်သဘောနဲ့ကိုယ် ရောက်ခဲ့တာပဲ ရောရု၀’

လုံး၀ မျှော်လင့်မထားသော စကားကို ကြားလိုက်ရသဖြင့် ရောရု၀ အံ့သြသွားခဲ့သည်။

‘ဘာ.. ဘယ်လို...’

‘အသင် အံ့သြသွားမယ်လို့ ကျုပ် မျှော်လင့်ခဲ့ပြီးသားပါ။ ကျုပ်ရှင်းပြပါမယ်။ ကျုပ် နတ်ဘီလူးဘ၀ကို ရောက်စမှာ အရင်ဘ၀ကို မှတ်မိတဲ့ ဉာဏ် ပါလာခဲ့တယ်။ ရှေ့ဘ၀မှာ ကျုပ်ဟာ လူသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အာဏာရှင် ဘုရင်မကြီးတစ်ဦး ဖြစ်ခဲ့ဖူးတယ် ရောရု၀’

‘ဒါဆို အသင် ငရဲကျရမှာ မဟုတ်လား ဇီနာ။ ဘယ်လိုများ နတ်ဘီလူးဖြစ်လာရသလဲ’

‘ကျုပ်ဟာ သေခါနီးမှာ အမြင်မှန်ရသွားခဲ့တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ စစ်သူကြီးတွေကပဲ ကျုပ်ကို လုပ်ကြံခဲ့ကြတယ်။ ဒီလို သေခါနီးမှာ အမှန်တရားအတွက် တိုက်ပွဲ၀င်ခဲ့တဲ့ ကုသိုလ်ကံကြောင့် ကျုပ်ဟာ နတ်ဘီလူးဘ၀ကို ရခဲ့တာပဲ။ ဒါပေမဲ့ ဒီဘ၀ကုန်ရင်တော့ ငရဲမှာ ခံရနိုင်တယ် ရောရု၀’

‘ဒါနဲ့ပဲ အသင်က အ၀ီစိမှာ နေဖို့ဆုံးဖြတ်လိုက်တာလား’

‘မှန်တယ် ရောရု၀။ ကျုပ်ရဲ့ အပြစ်တွေကြောင့် အနိမ့်ဆုံး ငရဲမှာပဲ နေလိုတယ်လို့ ယမမင်းကြီးထံမှာ ခွင့်တောင်းခဲ့တယ်။ ပိုပြီး သေချာအောင် - နောက်ပိုင်း ကျုပ် စိတ်ပြောင်းပြီး အ၀ီစိကနေ ပြောင်းခွင့်တောင်းရင်တောင် လုံး၀ ခွင့်မပြုဖို့ ယမမင်းကြီးနဲ့ သဘောတူညီချက်ယူထားခဲ့တယ် ရောရု၀’

ရောရု၀ သက်ပြင်းချလိုက်သည်။

‘ဒါဆို အသင် အ၀ီစိက လွတ်လမ်းမရှိတော့ဘူးပေါ့’

‘ယမမင်းဟာ အင်မတန်မှ စကားတည်သူဖြစ်တယ်။ စည်းကမ်းလည်း တင်းကျပ်သူဖြစ်တယ်။ နောက်ပြီး ကျုပ်ဟာလည်း ကိုယ့်စကားတစ်ခွန်းကို အင်မတန် တန်ဖိုးထားသူဖြစ်တယ် ရောရု၀။ ဒါကြောင့်လည်း ဘယ်လောက်ပဲ ခက်ခဲနေခဲ့ပေမဲ့ ကျုပ် ဒီက လွတ်ဖို့ ပြန်ပြီး မတောင်းဆိုခဲ့ဘူး’

‘အင်း အသင့်အဖြစ်က အတော် စိတ်၀င်စားစရာကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် အခု ကျုပ်တို့ အတူတူ နေခွင့်ရကြပြီပဲ။ ဒီကနေ ပြောင်းဖို့ မလိုတော့ပါဘူး’

ရောရု၀ ဇီနာ့ပါးတစ်ဘက်ကို နမ်းရှုတ်လိုက်သည်။

...ဘော်… ဘော်… ဘော်….။

ထိုစဥ်မှာပင် လိုဏ်ဂူပြင်ပမှ ခရာမှုတ်သံကြီးထွက်ပေါ်လာလေသည်။

‘အပြင်မှာ ကိစ္စတစ်ခုခု ပေါ်ပုံပဲ။ ထွက်ကြည့်ဖို့လိုမယ်ထင်တယ်’

ရောရု၀ ကျောက်ဖျာပေါ်တွင် ထထိုင်ရင်း ပြောလိုက်သည်။ ဇီနာက သူမ၏ သားရေချပ် ၀တ်စုံကို ကောက်၀တ်ကာ ဓားရှည်ကြီးကို ခါးနောက်တွင် ချိတ်ဆွဲလိုက်၏။

‘အသင် အားနည်းနေတယ်။ ဒီမှာပဲ နားပါ။ ကျုပ် သွားကြည့်လိုက်ပါမယ်’

‘အို မဟုတ်တာ ဇီနာ။ ကျုပ်က အခု ခေါင်း‌ဆောင်ဖြစ်နေပြီ။ အသင် ရှေ့က သွားပါ။ ကျုပ် နောက်က ဖြည်းဖြည်း လိုက်ခဲ့မယ်’

ဟု ပြောလိုက်လျှင် ဇီနာသည် ရှေ့မှ အရင်ထွက်သွားခဲ့သည်။ ရောရု၀သည် မှိန်းတံကြီးကို အားယူထောက်ရင်း အနောက်မှ တဖြည်းဖြည်း လိုက်ထွက်လာခဲ့လေသည်။

အပြင်သို့ရောက်လျှင် မီးပုံကြီးသည် ခါတိုင်းထက်ပိုပြီး ကြီးမားစွာ တောက်လောင်နေသည်ကို တွေ့လိုက်ရသည်။ ငရဲသား တစ်ဒါဇင်ခန့်သည် မီးပုံဘေးတွင် စု‌ေ၀းကာ ရပ်နေကြသည်။ သူတို့၏ အလယ်တွင် ရုန်းကန်နေသော ဇီနာကို တွေ့လိုက်ရ၏။ ဇီနာ့ ကိုယ်ပေါ်တွင် ကြိုးများနှင့် ရစ်ပတ်ချည်နှောင်ထားလေသည်။

‘ဟာ… ဇီနာ...’

‘ရောရု၀ … နောက်မှာ… အား...’

ဇီနာ့သတိပေးသံ မဆုံးခင်မှာပင် ရောရု၀၏ ခေါင်းပေါ်သို့ အရိပ်ကြီးတစ်ခု ထိုးကျလာသဖြင့် မော့ကြည့်လိုက်ရာ - သူ့ကိုယ်လုံးပေါ်သို့ ဧရာမ သံကွန်ချာကြီး တစ်ကွင်း ၀ဲပျံကျလာသည်ကို တွေ့လိုက်ရလေသည်။ ရောရု၀ ရှောင်ချိန်မရတော့ဘဲ ငရဲထိန်းများ၏ ထောင်ချောက်တွင် အငိုက်မိသွားတော့သည်။ သံကွန်ချာကြီးသည် သံမဏိနှောင်ကြိုးအထပ်ထပ်နှင့် ရက်လုပ်ထားခြင်းဖြစ်ရာ ခိုင်မာလှသည့်အပြင် ရောရု၀ အားသုံးပြီး ရုန်းကန်လေလေ သူ၏ ကိုယ်လက်ခြေထောက်များကို ပိုပြီး တုပ်နှောင်မိလေလေ ဖြစ်နေတော့သည်။ ရောရု၀ စိတ်ကို ထိန်းကာ အတတ်နိုင်ဆုံး မလှုပ်ရှားဘဲ ရပ်တန့်လိုက်ရသည်။ ဆက်ပြီးရုန်းနေပါက သူ့လည်ပင်း၊ ခြေ လက်များ ပြတ်တောက်သွားနိုင်ပေသည်။

ထိုအခါမှ ပုတိက ခေါင်းဆောင်သော ငရဲထိန်းတစ်စုသည် ရောရု၀ရှေ့သို့ ရောက်လာခဲ့ကြသည်။ သူတို့၏ နောက် မလှမ်းမကမ်းတွင် မာရဇိနသည် စိတ်မပါတပါနှင့် လိုက်ပါလာခဲ့၏။

‘ဟဲ ဟဲ ဟဲ။ ဂိုဏ်းချုပ်ကြီး ရောရု၀။ စိတ်လေး နည်းနည်းလျှော့ပါဦး။ ဒီ သံကွန်ချာက ရုန်းလေ ငြိလေ။ လှုပ်လေ တင်းလေ ဆိုတာ မင်းလည်း သိမှာပေါ့ကွယ်’

‘ပုတိက အသင် မယုတ်မာစမ်းပါနဲ့။ ကျုပ်ကို အခုလို တရားလက်လွတ်ဖမ်းလို့ မရဘူးဆိုတာ အသင် မသိဘူးလား’

‘ဟား ဟား ဟား။ ငါ့တဦးတည်း ဆန္ဒအတိုင်း မင်းကို ဖမ်းတယ်များထင်နေလို့လား။ အ၀ီစိက ငရဲထိန်းတွေအားလုံး သဘောတူပြီးမှ ဆုံးဖြတ်ခဲ့တာ။ မဟုတ်ဘူးလား အဆွေတော်တို့’

… မှန်တယ်..။ ကျုပ်တို့ အားလုံး သဘောတူတယ်...။

ငရဲထိန်းများ ပုတိက ကို ၀ိုင်း၀န်းထောက်ခံလိုက်ကြသည်။ ရောရု၀ ငရဲထိန်းများကို စည်းရုံး၍ ရတော့မည် မဟုတ်ကြောင်း နားလည်လိုက်လေသည်။ ထိုနတ်ဘီလူးများသည် အစကတည်းက သူ့ကို အမြင်ကြည်လင်ကြသည် မဟုတ်ချေ။ မိဿကနှင့် စီးချင်းထိုးပြီး အနိုင်ရခဲ့သဖြင့်သာ သူ့ကို ခေါင်းဆောင်အဖြစ် ငြင်းမရ၍ လက်ခံခဲ့ကြခြင်းဖြစ်သည်။ ယခု ပုတိကသည် သူတို့ကို ဆွယ်တရားဟောပြီး စည်းရုံးသိမ်းသွင်းလိုက်လေပြီ။

‘ဘာပဲဖြစ်ဖြစ် အသင်တို့ ကျုပ်ကို မတရားဖမ်းထားလို့တော့ မရဘူး’

‘မင်းကို ကြာကြာ ဖမ်းထားဖို့လည်း ငါတို့ စိတ်ကူးမရှိပါဘူး’

‘ဒါဆို အခု လွှတ်ပေးပါ။ ကျုပ်နဲ့ ဇီနာနဲ့ နိရယတောင်ကို စွန့်ပြီး မရဏတောင်မှာ သွားနေမယ်။ အသင်တို့နဲ့ လုံး၀ မပတ်သက်နဲ့ဆို မပတ်သက်ဘူး’

ပုတိကသည် သဘောကျစွာ ရယ်မောလိုက်သည်။

‘ကြာကြာဖမ်းမထားဘူးဆိုလို့ လွှတ်ပေးမယ်တော့ မထင်လိုက်နဲ့။ မင်းကို အ၀ီစိကနေ မောင်းထုတ်မှ ရမှာ။ မင်းလို နတ်ပြည်ကို တက်တက်တိုင်တတ်တဲ့ လောက်ကောင်မျိုးနဲ့ ငါတို့ ငရဲတစ်ထပ်တည်းမှာ မနေနိုင်ဘူးကွ’

… ဟုတ်တယ်။ ရောရု၀ကို မယုံရဘူး...။

… အေး … သူက ကျုပ်တို့ကို သိကြားမင်းဆီ သွားကုန်းချောမှာ...။

ငရဲထိန်းများ၏ ‌ေ၀ဖန်သံများ ဆူညံသွားတော့သည်။ ရောရု၀အနေနှင့် ဆက်ပြီး ငြင်းခုံနေ၍ အကျိုးမထူးမှန်း သိလိုက်လေပြီ။

‘ကောင်းပြီ။ အသင်တို့ သဘောပါပဲ။ ဒါပေမဲ့ ဇီနာ့ကို ကြိုးဖြည်ပေးလိုက်ပါ။ သူ ဘာမှ မလုပ်နိုင်ပါဘူး’

‘မင်းအတွက် စိတ်ချရရင် ဖြည်ပေးမယ်။ မပူနဲ့’

ငရဲထိန်းများသည် သံမဏိနှင့် ဆောက်လုပ်ထားသော အကျဥ်းသားများကို ယာယီထိန်းသိမ်းသည့် လှောင်အိမ်ကြီးကို ယူလာခဲ့ကြသည်။ ထို့နောက် ရောရု၀ ကိုယ်လုံးကြီးပေါ်သို့ သံလှောင်အိမ်ကြီးကို မှောက်ချလိုက်၏။ သံလှောင်အိမ် စိတ်ချရလောက်အောင် လုံပြီဆိုမှ ငရဲထိန်းများသည် အပြင်မှ မှိန်းတံများနှင့် သံကွန်ချာကြီးကို ရောရု၀ ကိုယ်ပေါ်မှ ထိုးဖြတ်ချပေးလိုက်ကြသည်။ ရောရု၀၏ ကိုယ်လုံးကြီးပေါ်တွင် သံကြိုးရှရာများနှင့် ပြည့်နှက်သွားလေသည်။ ထိုအခါမှ နတ်ဘီလူးများသည် ဇီနာ့ကို ကြိုးများဖြည်ပေးလိုက်လျှင် ဇီနာသည် ရောရု၀ရှိရာဆီသို့ အပြေးရောက်လာခဲ့သည်။ သူမသည် သံတိုင်များ၏ အပြင်မှ ရောရု၀၏ ကိုယ်လုံးကို ပွတ်သပ်ကိုင်တွယ်ကာ စိတ်မကောင်းစွာနှင့် ပြောလေသည်။

‘ရောရု၀။ ဖြစ်ရလေ။ သင့်ကိုယ်ပေါ်မှာ ဒဏ်ရာတွေ များလွန်းလှပါကလား’

‘မပူနဲ့ ဇီနာ။ စေတမန်ရောက်လာရင် ကျုပ်အားလုံး ရှင်းပြလိုက်မယ်။ အဖြစ်မှန်ကို စေတမန် သိမှာပဲ’

‘သူတို့ ပြောနေတယ် ရောရု၀။ အသင့်ဂူထဲမှာ ငရဲသားတွေကို ဖမ်းလှောင်ထားတယ်ဆို’

‘အဲဒီငရဲသားတွေက ကျုပ်ဖမ်းထားတာမဟုတ်ဘူး ဇီနာ။ ကျုပ်မတိုင်ခင် နေသွားတဲ့ ငရဲထိန်း ဆီက လွတ်သွားတဲ့ ငရဲသားတွေပဲ။ ကျုပ်က သနားလို့ ဆက်နေခွင့်ပေးထားတာပါ’

ဇီနာ စဥ်းစားလိုက်သည်။ ‘ဖြစ်နိုင်တယ်။ အသင့်မတိုင်ခင် နေသွားတဲ့ နတ်ဘီလူးဟာ အင်မတန် ရက်စက်ကြမ်းကြုတ်တယ်။ နေ့တိုင်းလိုလို ငရဲသားတွေကို သူ့ဂူထဲ ခေါ်ခေါ်သွားပြီး လုပ်ချင်တာ လုပ်ခဲ့တဲ့ နတ်ဘီလူးပဲ။ နောက်ဆုံးတော့ သေရည်မူးပြီး တောင်ပေါ်က ပြုတ်ကျလို့ နတ်သက်တမ်း ကုန်သွားတော့တာပဲ’

‘ဘာပဲဖြစ်ဖြစ် စေတမန်ရောက်လာရင် အားလုံးဟာ လိမ်စဥ်တွေဆိုတာ သိသွားမှာပါ။ အဲကျရင် ကျုပ် ခေါင်းဆောင် ပြန်လုပ်ရင်လုပ်။ သူတို့ လက်မခံရင်လည်း အသင်နဲ့ မရဏတောင်မှာ သွားနေကြတာပေါ့ကွယ်’

‘အသင်ဖြစ်ချင်တာ ဖြစ်ရပါစေမယ် ရောရု၀။ ဒီကြားထဲမှာ စေတမန် ရောက်မလာခင် ကျုပ် ဒီနားမှာပဲ စောင့်ပြီး အသင့်အတွက် လိုတာမှန်သမျှ ဆောင်ရွက်ပေးပါ့မယ်’

‘ဇီနာ။ မလိုပါဘူး။ ဒါပေမဲ့ အသင်ရှိနေတာကိုတော့ ကျုပ်သဘောကျပါတယ်’

‘ရတယ် ရောရု၀ အသင့်ကို တယောက်တည်း စိတ်မချဘူး’

ကျန်သော နတ်ဘီလူးများသည် ခိုင်ခံ့သော သံမဏိလှောင်အိမ်ကြီးကို စိတ်ချသောကြောင့် သူတို့ နှစ်ဦးကို အရေးမလုပ်တော့ဘဲ မီးပုံကြီးဆီသို့ ပြန်သွားကာ တောင်ခြေမှ ဖမ်းဆီးလာခဲ့သော ငရဲသားများနှင့် သွားရောက်ပျော်ပါးနေကြလေတော့သည်။

…………………………………

ကံကောင်းထောက်မစွာဖြင့် နောက်တစ်နေ့ နံနက်တွင်ပင် စေတမန်သည် တောင်ထိပ်တွင် ပေါ်လာခဲ့သည်။ ရောရု၀သည် သံလှောင်အိမ်ထဲမှ စေတမန်ကို မော့ကြည့်နေသည်။ သူ့စိတ်ထဲတွင် စေတမန်သည် ငရဲပြည်တွင် ဖြစ်သမျှကို သိနိုင်သည့် အစွမ်းရှိလိမ့်မည်ဟု မသင်္ကာဖြစ်မိဖူးသည်။ အဘယ်ကြောင့်ဆိုသော် ငရဲပြည်တွင် ပြဿနာတစ်စုံတရာပေါ်ခဲ့လျှင် နောက်တစ်ရက်တွင် ‌စေတမန်သည် ရောက်လာတတ်စမြဲ ဖြစ်သောကြောင့်ပင်။

ပုတိကသည် တောင်ထိပ်သို့ ကုန်းကုန်း ကုန်းကုန်းနှင့် တက်သွားသည်။ သူသည် ယခုအခါ ငရဲထိန်း ခေါင်းဆောင်ရာထူးအား သူ့ကိုယ်သူ ခန့်အပ်ပြီး အပိုင်ယူထားလိုက်ပြီဖြစ်လေသည်။ ပုတိကနှင့် စေတမန်တို့ အတော်ကြာမျှ စကား အပြန်အလှန်ပြောနေကြသည်ကို ရောရု၀ တွေ့နေရသည်။ သူတို့ စကားပြောပြီးလျှင် ပုတိကသည် တောင်စောင်းတလျှောက် ပြန်တွယ်ဆင်းလာခဲ့သည်။ စေတမန်သည် ပုတိကနောက်သို့ လိုက်မလာဘဲ သူ၏ တောင်‌ေ၀ှးကို ‌ဆောင့်ချလိုက်လျှင် အနောက်တွင် တံခါးပေါက်တစ်ခု ပေါ်လာသည်။ သူသည် ထိုတံခါးပေါက်ထဲသို့ လှည့်၀င်သွားလိုက်၏။ တဒင်္ဂမျှကြာလျှင် ရောရု၀ကို ဖမ်းထားသော လှောင်အိမ်ကြီးရှေ့တွင် အခြားတံခါးတစ်ပေါက်ပေါ်လာပြီး စေတမန်သည် ထိုအထဲမှ ထွက်လာလေသည်။ စေတမန်အနေနှင့် အ၀ီစိငရဲတွင် တောင်လယ်အထိ ဆင်းဖူးခြင်းမှာ ယခု ပထမဆုံး အကြိမ်ပင်။

‘အဆွေတော် စေတမန်။ ကျုပ် ရှင်းပြတာ နားထောင်ပါ။ ဒီကောင်တွေ ကျုပ်ကို မတရားဖမ်းထားတာ’

စေတမန်၏ မည်းနက်သော မျက်နှာသည် ခေါင်းမြီးခြုံထားသော ၀တ်ရုံကြီး၏ အောက်တွင် အမှောင်ရိပ်ဖုံးနေခဲ့သည်။ အမှောင်တွင်းမှ နက်ရှိုင်းသော မျက်လုံးကြီးနှစ်လုံးကို ရောရု၀ တွေ့လိုက်ရ၏။ ထိုမျက်လုံးကြီးများသည် အရာအားလုံးကို သိရှိနေပုံရလေသည်။ စေတမန်သည် ရောရု၀ကို အကဲခတ်ကြည့်နေသည်။ သူသည် ရောရု၀တင်မကဘဲ ပတ်၀န်းကျင် တစ်ခွင်လုံးကို ခြုံငုံသုံးသပ်နေပုံရသည်။ ပုတိက၊ မာရဇိန၊ အခြားသော ငရဲထိန်းများအပြင် သံလှောင်အိမ်ဘေးတွင် ကပ်ကာ ရပ်နေသော နတ်ဘီလူးမ ဇီနာတို့ကိုပါ စူးရှစွာ ကြည့်ရှုပြီး အကဲဖြတ်နေခဲ့လေသည်။

စေတမန်သည် ရောရု၀၏ စကားကို ရုတ်တရက်ပြန်ဖြေခြင်း မပြုခဲ့။ ဇီနာသည် စေတမန်နားသို့ ချဥ်းကပ်ပြီးလျှင် -

‘အဆွေတော် စေတမန်၊ အသင့်အနေနဲ့ ကျုပ် ဘယ်လောက် စကားတည်သလဲဆိုတာ သိပါလိမ့်မယ်။ ဒီက ငရဲထိန်းရောရု၀အပေါ် စွပ်စွဲချက်တွေဟာ တခုမှ မမှန်ပါဘူး။ သူ့ရဲ့ လိုဏ်ဂူထဲက ငရဲသားတွေဟာ အရင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပြီးသားပါ။ ငရဲသားမတွေဟာ ဗိုက်တွေတောင်ကြီးပြီး သားတွေတောင် ပေါက်နေကြပါပြီ’

‘အဲ.. ရောရု၀ရောက်တဲ့ အချိန်အတွင်း သားပေါက်ဖို့ အချိန်ရှိနိုင်တာပဲလေ အဆွေတော် စေတမန်’

တောင်ပေါ်မှ ပြန်ဆင်းလာသော ပုတိကသည် မျက်နှာကြီးကို ရှုံ့မဲ့ပြီး ဘေးမှ ၀င်ပြောလေသည်။

‘နောက်ပြီး ကျုပ်တို့ ငရဲထိန်းတွေအားလုံး ဒီကောင့်ကို အ၀ီစိမှာ အလိုမရှိတော့ဘူး အဆွေတော် စေတမန်။ ဒါတွေကို တောင်ထိပ်မှာ ကျုပ် ရှင်းပြခဲ့ပြီးပါပြီ။ ဒီကောင် အ၀ီစိမှာ နေရမယ့်အချိန်လည်း စေ့ပြီ မဟုတ်လား။ သူ့အနေနဲ့ ဟိုမှာနေမယ် ဒီမှာနေမယ်လို့ သူ့စိတ်တိုင်းကျ ရွေးခွင့်မရှိဘူးလေ။ ယမမင်းကြီး ဆုံးဖြတ်တဲ့အတိုင်း ဖြစ်ရမှာ မဟုတ်လား စေတမန်။ မဟုတ်ရင် ယမမင်းကြီးကို မလေးစားရာ ရောက်နေတော့မှာပေါ့ အဆွေတော်’

ပုတိကသည် သရဲဘောကြောင်သလောက် မလိမ့်တပတ် အလွန်ပြောတတ်လေသည်။ စေတမန်သည် ဇီနာ့ကို ကြည့်နေရာမှ ပုတိက ကို လှည့်ကြည့်လိုက်သည်။ ရောရု၀သည် အဆိုပါ နတ်သားကို ကြည့်ရင်းမှ တစုံတရာကို စဥ်းစားမိပြီး ကျောထဲတွင် စိမ့်သွားမိ၏။ … စေတမန်...။ ၀တ်ရုံနက်...။ တောင်‌ေ၀ှးကြီး...။ စေတမန်ဟာ သေမင်းတမန်တစ်မျိုးလား။ သို့သော် ထိုအတွေးများကို ဖယ်ထုတ်လိုက်ပြီးလျှင် ယခု လတ်တလော ပြဿနာကိုသာ ပြန်အာရုံစိုက်ရသည်။

‘အဆွေတော် စေတမန်။ ကျုပ် ငရဲထိန်းအကြီးအကဲလည်း မဖြစ်လိုတော့ပါဘူး။ မရဏတောင်မှာပဲ သွားနေပါရစေ’

တယောက်တပေါက် ပြောနေကြသည်များကို စေတမန် နားထောင်ပြီးလျှင် - သူသည် နက်ရှိုင်းသော အသံကြီးနှင့် ဖြည်းညင်းစွာ ပြောလိုက်သည်။

‘အသင်တို့ ပြဿနာကို ယမမင်းကြီးပဲ ဆုံးဖြတ်နိုင်လိမ့်မယ်’

ရောရု၀နှင့် ဇီနာတို့ စိတ်ဓာတ်များကျဆင်းသွားတော့သည်။ စေတမန်သည် ဤ အရှုပ်တော်ပုံတွင် ၀င်မပါလိုတော့သဖြင့် ခေါင်းရှောင်ထွက်လေပြီ။

‘ဒါဆိုလည်း ကျုပ်ကို အခု ယမမင်းဆီ ခေါ်သွားပေးပါ။ ဒီလှောင်အိမ်ကနေ ထုတ်ပေးပါတော့’

စေတမန်သည် ရောရု၀ကို အသေအချာစိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးကြီးများသည် ရောရု၀၏ အတွင်းစိတ်ကို ထွင်းဖောက်သိမြင်သွားခဲ့လေသည်။ သူသည် ဘေးမှ မာရဇိနကို လှည့်ကြည့်ကာ -

‘ငရဲထိန်းရောရု၀ကို သံလက်ထိပ် သံခြေချင်းများ ခတ်ပြီး အသင်နဲ့ အခြား ငရဲထိန်းတစ်ပါး လိုက်ပါ ပို့ဆောင်ပေးပါ’

ရောရု၀ ခေါင်းကို ခါရမ်းမိလေသည်။ သံလှောင်အိမ်ထဲမှ လွတ်လျှင် အားလုံးကို ရိုက်နှက် သတ်ပုတ်ပြီး ဇီနာ့လက်ကိုဆွဲကာ မရဏတောင်ဆီသို့ ထွက်ပြေးမည့် သူ့အကြံကို စေတမန် ရိပ်မိသွားခဲ့သည်။ ငရဲထိန်းများသည် ရောရု၀ကို လှောင်အိမ်အပြင်မှ လက်ထိပ်၊ ခြေကျင်းများ အခိုင်အမာ ခတ်လိုက်ကြသည်။

‘ကျုပ်ပါလိုက်ခဲ့မယ်’

မာရဇိနနှင့် အခြား သန်မာသော ငရဲထိန်းတစ်ပါးအပြင် ပုတိကသည် သူပါ လိုက်လိုကြောင်း ပြောလေသည်။ စေတမန်သည် ဘာမှ ပြန်မပြောဘဲ တောင်‌ေ၀ှးကို မြေပြင်တွင် ဆောင့်လိုက်သည်။ သံလှောင်အိမ်ကြီးကို ဖွင့်ပေးလိုက်လျှင် ဇီနာသည် ရောရု၀၏ ကိုယ်လုံးကြီးကို ပြေးဖက်လေသည်။

‘ဇီနာ ဘာမှ မပူနဲ့ ကျုပ် ပြန်လာခဲ့မယ်’

သူမ ၀ိုင်းစက်သော မျက်လုံးကြီးများနှင့် ရောရု၀ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် မျက်ရည်တွေ ၀ဲနေခဲ့လေသည်။

‘ကျုပ်စောင့်နေမယ် ရောရု၀။ ကျုပ် သက်တမ်းမကုန်မချင်း သင့်ကို စောင့်နေမယ်’

‘အို ဇီနာ။ အချစ်။ ဘာတွေ လျှောက်ပြောနေတာလဲ။ ကျုပ်က ယမမင်းကို ရှင်းပြပြီး ချက်ချင်းပြန်လာခဲ့မယ့်ဥစ္စာ’

ဟုပြောပြီး ရောရု၀ ဇီနာ့နဖူးပြင်ကို ငုံ့နမ်းလိုက်သည်။ ထိုစဥ်မှာပင် စေတမန်၏ တံခါးပေါက် ပွင့်သွားခဲ့ပြီဖြစ်၍ သူတို့အားလုံး ယမမင်းကြီး၏ နန်းတော်ကြီးဆီသို့ သွားကြရန် ထိုတံခါးပေါက်ထဲသို့ ၀င်ရောက်ခဲ့ကြလေသည်။ ရောရု၀ တံခါးပြန်ပိတ်မသွားခင် နောက်သို့ လည်ပြန်လှည့်ကြည့်လိုက်ရာ သူ့ကို လှမ်းမျှော်ကြည့်ရင်း မျက်ရည်များတွေတွေစီးကျနေရှာသော ဇီနာ့ကို နောက်ဆုံးအကြိမ် တွေ့လိုက်ရလေသည်။

…………………………………………

အရပ်မြင့်မားသော စေတမန်က ရှေ့ဆုံးမှ ဦးဆောင်ပြီး မာရဇိနနှင့် အခြားနတ်ဘီလူးတစ်ကောင်က ရောရု၀ကိုယ်တွင် ချည်နှောင်ထားသော သံကြိုးများကို ဆွဲကာ လိုက်ပါလာကြသည်။ ပုတိက က နောက်ဆုံးမှ လိမ်ဖယ်သော ခန္ဓာကိုယ်ကြီးနှင့် ကုန်းကုန်းကွကွ လျှောက်လာခဲ့လေသည်။

ယမမင်း နန်းတော်ကြီးတွင်းသို့ ခြေချမိသည်နှင့် ထုံးစံအတိုင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ စေတမန်၏ ရွေ့လျားနေပုံမှာ ခြေလှမ်းသည်နှင့် မတူဘဲ မြေပေါ်တွင် ရှပ်တိုက်လွင့်မျောနေသလိုပင်။ အသံဟူ၍ ရောရု၀ ကိုယ်ပေါ်မှ သံကြိုးများ အချင်းချင်း ထိရိုက်သံများသာ စည်းချက်ကျကျ ထွက်ပေါ်နေခဲ့သည်။ ရောရု၀သည် စိတ်ကို အတတ်နိုင်ဆုံးထိန်းကာ သူတို့ ခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့၏။ အပြစ်တစုံတရာ မကျူးလွန်ဘဲ အပြစ်သားလို ခုံရုံးတင်စစ်ဆေးခံရမည့်အဖြစ်သည် မတရားမှုကို လက်မခံနိုင်သော သူ့အတွက် အလွန်ပင် ခံပြင်းစရာကောင်းနေလေတော့သည်။

ယမမင်း မဟိဒ္ဓိကသည် မြင့်မားသော မဟူရာကျောက်သားပလ္လင်ကြီးပေါ်တွင် ခန့်ညားစွာ ထိုင်နေခဲ့သည်။ သူသည် အပေါ်စီးမှ အားလုံးကို ငုံ့ကြည့်နေသည်။ ပလ္လင်ရှေ့သို့ရောက်လျှင် သူတို့အားလုံးသည် ယမမင်းကြီးကို ဦးညွှတ်ကာ အရိုအသေပြုလိုက်ကြသည်။ စေတမန်က အဖြစ်အပျက်များကို အကျဥ်းရုံးကာ လျှောက်တင်လေသည်။

‘ငရဲထိန်း ရောရု၀ကို အ၀ီစိငရဲမှ အခြား ငရဲထိန်းများက သူတို့အပေါ် လိမ်လည် သစ္စာဖောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခဲ့ပါတယ် အရှင်မင်းကြီးဘုရား’

‘ဒီစွပ်စွဲချက်တွေ တစ်ခုမှ မမှန်ပါဘူး မင်းကြီးဘုရား။ ကျွန်တော်မျိုး သူတို့အပေါ် ဘာတစ်ခုမှ မလိမ်လည်ခဲ့ပါဘူး’

မဟိဒ္ဓိကသည် ပလ္လင်ပေါ်မှ သူ၏ ခြေထောက်နှစ်ချောင်းကို တွဲလျောင်းချကာ ကိုယ်လုံးကို ရှေ့သို့ ကိုင်းလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် အသင့်အတွက် အ၀ီစိမှာ အချိန်စေ့ပြီပဲ ရောရု၀။ အသင် မဟာရောရု၀ ငရဲကို ပြန်လို့ရပြီလေ’

ရောရု၀ ခေါင်းကို ခါရမ်းလိုက်သည်။

‘ကျွန်တော်မျိုး အ၀ီစိကို ပြန်သွားလိုပါတယ်ဘုရား။ ကျွန်တော်မျိုးရဲ့ ကြင်ယာဖက် နတ်ဘီလူးမ ဇီနာ အ၀ီစိမှာ ရှိတာကြောင့် ကျွန်တော်မျိုးကို ပြန်ခွင့်ပြုပါ။ ကျွန်တော်မျိုး ပြန်လာမယ်လို့ သူမကို ကတိပေးခဲ့တာကြောင့်ပါ’

ဤတကြိမ် ခေါင်းခါလိုက်သူကတော့ ယမမင်းကြီး ကိုယ်တိုင်ပင်။

‘အသင် နတ်ဘီလူး အ၀ီစိကို ပြန်ခွင့်မရှိတဲ့ အကြောင်းက နှစ်မျိုးရှိတယ်။ ပထမတစ်ကြောင်းက အသင့်ကို အ၀ီစိမှာ ဘယ်သူကမှ အလိုမရှိတော့ဘူး။ ဒါဟာလည်း သူတို့အပြစ်မဟုတ်ဘူး။ အသင်ကိုယ်တိုင် သူတို့မကောင်းကြောင်းကို နတ်ပြည်တက်ပြီး တိုင်ခဲ့တယ်မဟုတ်လား’

‘အရှင်မင်းကြီး။ ရိုသေစွာ လျှောက်ထားပါရစေ။ ကျွန်တော်မျိုး ဘယ်သူ့ကိုမှ ကုန်းမချောခဲ့ပါဘူး ဘုရား။ အမှန်ကိုသာ လျှောက်ထားခဲ့ခြင်းဖြစ်ပါတယ်’

‘ဒီကိစ္စ အသင်နဲ့ ကျွန်ုပ် ဆွေးနွေးခဲ့ပြီးပါပြီ။ ထပ်မပြောလိုတော့ဘူး။ ဒုတိယတစ်ကြောင်းကတော့ ဒီ ငရဲကြီးရှစ်ထပ်မှာ ကျွန်ုပ်ရဲ့ ဆုံးဖြတ်ချက်ကသာ နောက်ဆုံးအတည်ဖြစ်တယ်။ နတ်ဘီလူးတွေကို နေရာချပေးခြင်းဟာ ကျွန်ုပ်ရဲ့ အလုပ်သာဖြစ်တယ် ရောရု၀။ ဒါကြောင့် အသင့်ရဲ့ အ၀ီစိမှာ နေရမယ့် သက်တမ်းဟာ ကုန်သွားပြီ။ ပြန်လို့မရတော့ဘူး ရောရု၀’

ရောရု၀၏ မျက်လုံးကြီးများ မီး၀င်း၀င်းတောက်လာတော့သည်။ သူ၏ ဦးချိုကြီးများသည် ယခင်ထက်ပိုပြီး ထောင်တက်လာခဲ့သည်။

‘အသင်တို့အားလုံး မတရားမှုမှန်သမျှကို လျစ်လျူပြုပြီး ကံကိုသာ ပုံချနေကြတာပဲ။ အသင်တို့ကြောင့် ငရဲပြည်ဟာ ဆင်းရဲတွင်း နက်သည်ထက် နက်နေရတယ်။ ငရဲသားတွေဟာ မလိုအပ်တဲ့ ဒုက္ခတွေကို ခါးစည်းခံနေကြရတာ။ ဒါကိုလည်း သင်တို့က သူတို့ ၀ဋ်ရှိလို့ ခံကြရတာပဲလို့ ပြောကြဦးမှာ မဟုတ်လား။ အသင့်သစ္စာခံ ငရဲထိန်းတွေဟာ သူတို့တာ၀န်ကို မထမ်းဆောင်ဘဲ ငရဲသားတွေ ပိုပြီး ဆင်းရဲဒုက္ခရောက်အောင် တမင်သက်သက်နှိပ်စက်နေကြတာပဲ’

ယမမင်း မဟိဒ္ဓိကသည် သံ‌ေ၀ဂရသော မျက်လုံးများနှင့် ရောရု၀ကို ကြည့်ကာ ပြန်ပြောလိုက်သည်။

‘ငရဲထိန်းရောရု၀။ အသင့်စိတ်ကို ကျွန်ုပ်ကောင်းကောင်း မြင်နေရတယ်။ ဒီစကြ၀ဠာကြီး ဖြစ်တည်စကတည်းက ယမမင်းရာထူးကို ကျွန်ုပ်ယူခဲ့တာ။ အသင့်လို ငရဲထိန်းတွေ၊ နတ်ဘီလူးတွေကို မြင်ခဲ့ဖူး ကြုံခဲ့ဖူးပေါင်းများပါပြီ ရောရု၀။ အခု အသင့်စိတ်ထဲမှာ အမှန်တရားထက် အချစ်ကြောင့်ဖြစ်တဲ့ ရာဂရမ္မက်မီးက ပိုကြီးနေတယ် အမောင် ငရဲထိန်း။ ဒါကြောင့် အသင့်စွပ်စွဲချက်တွေဟာ မခိုင်လုံတဲ့ ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေသာဖြစ်နေတယ်’

ရောရု၀ တစ်ကိုယ်လုံးတွင် ရှိသမျှ ကြွက်သားစိုင်ကြီးများကို ဖျစ်ညှစ်ရုန်းကန်လိုက်လျှင် သူ့ခြေလက်များတွင် ခတ်နှောင်ထားသော သံကြိုးကြီးများမှာ ထောင်းကနဲ ထောင်းကနဲ ပြတ်တောက်သွားလေတော့သည်။

‘ဟေ့ ရောရု၀ မလုပ်နဲ့’ မာရဇိန အော်ပြောလိုက်သည်။

နတ်ဘီလူးကြီးသည် အချုပ်အနှောင်မှ လွတ်သွားသည်နှင့် သူ့နံဘေးမှ ငရဲထိန်းကို လက်သီးနှင့် အားကုန်ထိုးချလိုက်ပြီး ထိုငရဲထိန်းလက်ထဲမှ မှိန်းတံကြီးကို လုယူလိုက်သည်။ အဖြစ်အပျက်များမှာ လျင်မြန်လွန်းသဖြင့် မာရဇိနလည်း ဘာမှ မတတ်နိုင်ခဲ့။ ရောရု၀ သူ၏ လက်ထဲမှ မှိန်းတံနှင့် ယမမင်းကြီးကို ချိန်ရွယ်လိုက်၏။

‘စေတမန်။ အခုချက်ချင်း ကျုပ်ကို အ၀ီစိ ပြန်ပို့ပေးစမ်း’

သို့သော် စေတမန်သည် မလှုပ်မယှက်သာ ဆက်ပြီး ရပ်နေပြန်သည်။

...ရွှမ်း...။

အား….။

သူတို့အားလုံး၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ၀င်းလက်သွားသည်။ ယမမင်း မဟိဒ္ဓိကသည် လက်တဘက်ကို အသာလေးလှုပ်လိုက်သည်နှင့် သူ့နံဘေးရှိ မိစ္ဆာဖမ်းကျော့ကွင်းသည် ရွှမ်းကနဲ အသံပြုကာ ရောရု၀၏ ကိုယ်လုံးတွင် သွားရောက်ရစ်ပတ်လိုက်လေသည်။ ကျော့ကွင်းသည် အသက်၀င်လာသလို တောက်ပသော အလင်းရောင်များထွက်နေတော့သည်။ ရောရု၀သည် ကျော့ကွင်း၏ အပူရှိန်ကြောင့် ‌ေ၀ဒနာ ခံစားနေရပြီး လက်ထဲမှ မှိန်းတံလည်း အောက်သို့ လွတ်ကျသွားသည်။

‘ငရဲထိန်းရောရု၀။ အသင့်စိတ်တွေ မတည်ငြိမ်သေးဘူး။ အသင်နဲ့ နောက်တစ်ကြိမ် အေးအေးဆေးဆေး စကားပြောဆွေးနွေးလို့ရတဲ့အထိ အသင့်ကို ဥဒဿငရဲမှာ အကျဥ်းချထားဖို့လိုလိမ့်မယ်။ စေတမန်နဲ့ ငရဲထိန်းများ ရောရု၀ကို ဥဒဿငရဲသို့ ခေါ်ဆောင်သွားစေ’

ယမမင်းကြီးသည် အောင်မြင်သော အသံကြီးနှင့် အမိန့်ချမှတ်လိုက်လေသည်။ ရောရု၀ စိတ်ထဲတွင် မျှော်လင့်ချက်များ ကုန်ဆုံးလုနီးပါး ဖြစ်သွားတော့သည်။

……………………………………..

မိစ္ဆာဖမ်းကျော့ကွင်းနှင့် ချည်နှောင်ခံထားသဖြင့် မရုန်းနိုင်တော့သော ရောရု၀ကို ငရဲထိန်းသုံးဦးက ဥဒဿငရဲရှိ ကျောက်သားလှောင်အိမ်ကြီးတစ်လုံးထဲသို့ ထည့်သွင်းလိုက်ကြသည်။ ဥဒဿငရဲသည် ငရဲကြီး ရှစ်ထပ်၏ အပေါ်ဆုံးပိုင်းတွင် ရှိသော ငရဲငယ်တစ်မျိုးဖြစ်၏။ ငရဲကျလောက်သည်အထိ ပြစ်ဒဏ် သိပ်မကြီးလေးသော ငရဲသားများ၊ ငရဲပြည်တွင် ပြစ်မှုကျူးလွန်မိသော ငရဲထိန်းနတ်ဘီလူးများကို ချုပ်နှောင်ထားရာ အကျဥ်းစခန်းနေရာတစ်ခုပင်။

ရောရု၀ကို ထည့်သွင်းထားလိုက်သည့် ကျောက်သား လှောင်အိမ်ကြီးသည် ငရဲမီးချော်ရည်ပူများကို အအေးခံ၍ တည်ဆောက်ထားခြင်းဖြစ်ပြီး မည်မျှအားကြီးသော နတ်ဘီလူးမှ ချိုးဖောက်ထွက်ပြေးခြင်းငှာ မစွမ်းနိုင်ချေ။ သူ အထဲရောက်သွားလျှင် စေတမန်သည် သူ၏ တောင်‌ေ၀ှးကို လှုပ်လိုက်ရာ မိစ္ဆာဖမ်းကျော့ကွင်းသည် အလိုအလျောက် ပြေလျော့သွားပြီး စေတမန်၏ တောင်‌ေ၀ှးတွင် သွားရောက်ရစ်ပတ်လေသည်။

‘ကဲ အသင်တို့ သုံးဦး ကျုပ်နဲ့ ပြန်လိုက်ခဲ့ကြ’

‘ကောင်းပါပြီ အဆွေတော် စေတမန်။ ကျုပ် ဒီက ငရဲထိန်းတွေနဲ့ စကားခဏလောက် ပြောခွင့်ပေးပါ’

ပုတိကသည် နောက်ချန်နေခဲ့ပြီး ဥဒဿငရဲမှ ငရဲထိန်းနှစ်ဦးကို သူ့အနားခေါ်ကာ တီးတိုးစကားပြောလေသည်။ ရောရု၀သည် သူတို့၏ လှုပ်ရှားမှုများကို ကျောက်လှောင်အိမ်ထဲမှ မျက်ခြေမပြတ်ကြည့်ရှုနေရာ ပုတိက ဥဒဿ ငရဲထိန်းတစ်ဦး၏ လက်ထဲသို့ ကျောက်မျက်ရတနာတစ်လုံး ထည့်ပေးလိုက်သည်ကို တွေ့လိုက်ရသည်။ ဖြစ်နိုင်သည်မှာ ပုတိကသည် ထိုရတနာကို နတ်ပြည်မှ ခိုးယူခဲ့ပုံရ၏။ ရောရု၀ စေတမန်ကို ကြည့်လိုက်ရာ ထုံးစံအတိုင်း စေတမန်သည် အ၀တ်မည်းကြီးကို ခေါင်းမြီးခြုံလျက် ငြိမ်သက်စွာ ရပ်လျက်ရှိလေသည်။ အခြေအနေကို ရောရု၀ သဘောပေါက်လိုက်သည်။ ပုတိကသည် ဥဒဿငရဲထိန်းများကို လာဘ်ထိုးပြီး သူ့ကို အပြတ်ရှင်းခိုင်းခဲ့လေပြီ။ ပုတိက ကိုယ်တိုင်ကမူ အ၀ီစိသို့ ပြန်ပြီး ငရဲထိန်းများကြားတွင် ဗိုလ်ကျအုပ်စိုးပေတော့မည်။ ထိုသို့ဆိုလျှင် ဇီနာ အတွက် သူ စိတ်ပူရလေပြီ။ ပုတိက သည် ဇီနာ့ကို သိမ်းပိုက်တော့မည်မှာ သေချာသည်။

ဇီနာ့အကြောင်းတွေးမိလျှင် ရောရု၀၏ သွေးများ ဆူပွက်လာသည်။ သူ၏ တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။ သူသည် လှောင်အိမ်ကြီးရှိ ကျောက်တိုင်ကြီးများကို လက်နှစ်ဘက်နှင့် အားကုန် ညှစ်ကာ တွန်းနေလေတော့သည်။

‘ဟေ့ကောင် ပုတိက။ မင်း အ၀ီစိပြန်ပြီး ယုတ်မာမယ်မကြံနဲ့’

ကျောက်တိုင်ကြီးများသည် တုတ်တုတ်မျှ မလှုပ်ချေ။ ထိုအချိန်တွင် စေတမန်သည် သူ့လက်ထဲမှ တောင်‌ေ၀ှးကို မြေတွင် ဆောင့်ချလိုက်သည်။ တံခါးပေါက်သည် ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

‘ဂါးးးးး...။ စေတမန်။ ဒီ ပုတိကဆိုတဲ့ နတ်ဘီလူးယုတ်ကို မယုံနဲ့’

ပုတိကသည် ကျက်သရေကင်းမဲ့စွာ မဲ့ပြုံးကြီး ပြုံးပြပြီး စေတမန်တို့ နောက်သို့ လိုက်ပါသွားခဲ့သည်။

… ဂျွတ်… ဂျွတ်.. ဂျွတ်...။

လှောင်အိမ်ကို ပိတ်ထားသော ကျောက်တိုင်ကြီးများ စတင်အက်ကွဲလာသည်။ ရောရု၀ ဇီနာ့အတွက် စိတ်ပူလေလေ - သူ့ခန္ဓာကိုယ်ထဲမှ ခွန်အားများက အဆတိုးလာလေလေပင်။

…. ၀ုန်း… ၀ရုန်း…ဒုန်း...။

… ဟာ...။

ဥဒဿငရဲရှိ ငရဲထိန်းများ ပါးစပ်အဟောင်းသားဖြစ်အောင် အံ့သြသွားကြလေသည်။ သူတို့၏ ကျောက်သား လှောင်အိမ်ကြီးသည် မျက်နှာစာတွင် ကျောက်တိုင်လုံးကြီးများ ပြိုကျကာ ဟင်းလင်းကြီး ပွင့်ထွက်သွားလေပြီ။

…. ဖမ်းကြ။ ၀ိုင်းဖမ်းကြ။

ကျယ်ကျယ်လောင်လောင် အသံများ ထွက်လာသဖြင့် ပုတိကသည် အနောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့နောက်သို့ အရှိန်ပြင်းစွာ ပြေးလိုက်လာသော ရောရု၀။ ပုတိက မျက်လုံးကြီးများပြူးပြီး ကြောက်လန့်သွားသည်။

ယခင် ပုတိကထံမှ ကျောက်မျက်ရတနာကို လက်ခံခဲ့သော ငရဲထိန်းသည် သူ့လက်ထဲမှ လှံတံကြီးနှင့် ရောရု၀ရှိရာသို့ ချိန်ရွယ်ပြီး အနောက်မှ လှမ်းပစ်လိုက်လေသည်။

...ဇွပ်...။

...ဂရား...။

လှံတံသည် ရောရု၀၏ ကျောမှ ဖောက်၀င်ကာ ၀မ်းဗိုက်မှ ထုတ်ချင်းပေါက် ပြန်ထွက်လာသည်။ ရောရု၀ ဒူးထောက်လဲကျသွား၏။ ပုတိက အချိန်ရတုန်း ရှေ့သို့ ပြန်လှည့်ပြေးလျှင် အကြောက်လွန်နေသဖြင့် ချော်လဲသွားရပြန်သည်။ စေတမန်သည် တံခါးပေါက်နားတွင် ရပ်စောင့်နေ၏။ မာရဇိနနှင့် အခြား ငရဲထိန်းတို့မှာလည်း စေတမန်၏ ဘေးတွင် ရပ်စောင့်နေသည်။ နောက်ချန်ပြီး လာဘ်ထိုးနေခဲ့သော ပုတိကသာ သူတို့နှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသေးလေသည်။ ထိုစဥ်မှာပင် လဲကျသွားသော ရောရု၀သည် အားယူပြီး ပြန်ထလာပြန်သည်။ သူ၏ ပါးစပ်ထဲမှ သွေးများသည် တပွက်ပွက် ယိုစီးထွက်ကျနေတော့သည်။

ဒဏ်ရာပေါင်းများစွာကို ခံနိုင်စွမ်းခဲ့သော ရောရု၀ ယခုအကြိမ် အသက်ရှင်နိုင်ပါဦးမည်လော။

….ဇီနာ ဘာမှ မပူနဲ့ ကျုပ် ပြန်လာခဲ့မယ်….

ဟု သူ ဇီနာ့အပေါ် ပေးခဲ့သော ကတိကို သတိရမိသည်။ … ဟုတ်တယ်။ ငါ ဇီနာ့ဆီ ရောက်အောင် ပြန်သွားရမယ်။ ဒါပေမဲ့ ဒီကောင် ပုတိက လွတ်သွားလို့လည်း မဖြစ်ဘူး….။

အမှန်တော့ ရောရု၀အတွက် ရွေးချယ်စရာလမ်းမရှိတော့ပြီ။ သူ ဥဒဿငရဲတွင် ဆက်နေပါက – ဥဒဿ ငရဲထိန်းများ၏ လုပ်ကြံခြင်းကို ခံရပြီး အသက်ဆုံးရမည်မှာ သေချာလေသည်။ ထိုသို့ဆိုလျှင် ပုတိက သည် အ၀ီစိတွင် ထင်တိုင်းကြဲတော့မည်။ ပုတိက ကို တားဆီးနိုင်ရန်မှာ ယခု နောက်ဆုံးအခွင့်အရေးသာ။  သူ့မျက်စိရှေ့တွင်ပင် ပုတိကသည် ချော်လဲကျသွားရာမှ ပြန်ထပြီး ပြေးလေပြီ။ နတ်ဘီလူးယုတ်သည် စေတမန်၏ တံခါးပေါက်နှင့် တဖြည်းဖြည်း နီးကပ်လာတော့သည်။ တောက်.. ဒီကောင် လွတ်သွားတော့မှာပါလား။

ရောရု၀ သူ၏ ကိုယ်တွင် ထုတ်ချင်းပေါက် စိုက်၀င်နေသော လှံတံကြီးကို ဆွဲနှုတ်ရန် ကြိုးစားကြည့်သည်။ မရချေ။ လှံတံကြီးသည် သူ့ကိုယ်လုံးတွင် ကန့်လန့်ကြီး ခိုင်မာစွာ စိုက်၀င်နေလေသည်။ သူ ပုတိကကို အ‌‌ေ၀းမှ လှမ်းပစ်ရန် လက်နက်တစုံတရာလိုသည်။ အချိန်မီ လှမ်းမပစ်နိုင်ပါက ပုတိက လွတ်မြောက်သွားပေတော့မည်။

‘ဂရားးးးးး’

နတ်ဘီလူးကြီးသည် ကျယ်လောင်သော အသံနက်ကြီးနှင့် ကြုံး၀ါးလိုက်သည်။ ရောရု၀သည် သူ့ခေါင်းပေါ်ရှိ ဦးချိုကြီးတစ်ချောင်းကို လက်နှစ်ဘက်နှင့် ဆုပ်ကိုင်ကာ အားကုန်ဖိချိုးချလိုက်၏။ နာကျင်လွန်းသော ‌ေ၀ဒနာက သူ့အသည်းနှလုံးထိအောင် ခိုက်၀င်သွားသည်။ ကျိုးသွားသော ဦးချိုကြီးကို ရောရု၀သည် ရှိစုမဲ့စု ခွန်အားနှင့် ဦးခေါင်းခွံပေါ်မှ ဆွဲနှုတ်လိုက်လေသည်။

‘...အား…’

အနောက်မှ လိုက်လာသော နတ်ဘီလူးများသည် ရောရု၀၏ လုပ်ရပ်ကို အံ့သြစွာ ရပ်ကြည့်နေမိတော့သည်။ ရောရု၀သည် လက်ထဲရောက်လာသည့် သူ၏ ချွန်ထက်သော ဦးချိုပြတ်ကြီးကို နှစ်ချက်မျှ ဆကြည့်လိုက်ပြီး သူ့ကို နောက်ကျောပေးကာ ကြောက်လန့်တကြား ထွက်ပြေးနေသည့် ပုတိက၏ ဇက်ပိုးတည့်တည့်ကို ချိန်ရွယ်ကာ အားကုန် ပစ်ပေါက်လိုက်လေတော့သည်။

‘ဒုတ်...’

ပုတိက၏ မဲ့ရွဲ့သော မျက်နှာကြီး ပိုပြီး အရုပ်ဆိုးသွား၏။ လက်နှစ်ဘက်နှင့် လည်မျိုကို စမ်းကြည့်လိုက်သည်။ သူ့လည်ပင်းတွင် ထုတ်ချင်းဖောက်နေသော ရောရု၀၏ ချွန်ထက်သော ဦးချိုကြီးကို စမ်းမိလေသည်။ ပုတိက၏ လိမ်ဖည်သော ကိုယ်လုံးကြီး ခဏမျှကြာအောင် ဟိုသည် ယိမ်းနေသေး၏။ ပြီးမှ အရုပ်ကြိုးပြတ် ဘိုင်းကနဲ လဲကျပြီး အသက်ပျောက်သွားတော့သည်။

စေတမန်သည် ခံစားချက်မဲ့သော မျက်နှာကြီးနှင့် ဖြစ်ပျက်သမျှကို ကြည့်နေပြီးလျှင် သူ၏ တံခါးပေါက်ထဲသို့ ၀င်သွားလိုက်သည်။ မာရဇိနသည် စေတမန်နောက် လိုက်မသွားမီ ရောရု၀ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်၏။

‘အဆွေတော် မာရဇိန...။ ဇီနာ့ကို စောင့်ရှောက်လိုက်ပါ’

မာရဇိနသည် ရောရု၀၏ စကားကို အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြပြီး တံခါးပေါက်ထဲသို့ အခြား နတ်ဘီလူးနှင့်အတူ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။

ရောရု၀သည် စိတ်ကို လျှော့ချလိုက်လေသည်။ သူ၏ လှံဒဏ်ရာမှ လည်းကောင်း။ ဦးချို အပြတ်ကြီးဆီမှ လည်းကောင်း သွေးစိမ်းရှင်ရှင် ပန်းထွက်နေတော့သည်။ သူသည် နဂိုကတည်းက စီးချင်းတိုက်ပွဲမှ ဒဏ်ရာများကြောင့် အားနည်းနေရာ - ယခု ဒဏ်ရာများနှင့် ပေါင်းလိုက်သောအခါ အသက်ရှင်ဖို့ရန် မဖြစ်နိုင်တော့ချေပြီ။ ရောရု၀ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့နံဘေးသို့ ဥဒဿငရဲ၏ ငရဲထိန်းနတ်ဘီလူးများ ၀ိုင်းရံလာကြ၏။ သို့သော် သူ့နားထဲတွင် ဘာသံမျှ မကြားရတော့။

…. ငါသေတော့မှာပါလား...။

သေမင်းသည် ရောရု၀ထံ ချဥ်းကပ်လာသည်ကို သူခံစားမိလိုက်သည်။ သူ၏ မြင်ကွင်းထဲတွင် ခပ်လှမ်းလှမ်းရှိ လှောင်အိမ်ကြီးများထဲ၌ အကျဥ်းကျခံနေရသော အကျဥ်းသားများကို မှိန်ဖျော့စွာ မြင်တွေ့နေရလေသည်။

…. ငါတို့အားလုံးဟာ သံသရာ အကျဥ်းသားတွေပဲ။ ဒီ သံသရာကြီးထဲက မလွတ်မချင်း…. ဘ၀အဆက်ဆက် … ဇာတိ၊ ဇရာ၊ မရဏ ဆိုတဲ့ အကျဥ်းထောင်ကြီးထဲမှာ အကျဥ်းသားတွေ အဖြစ် ဆက်သွားနေရဦးမှာပါလား….။

သံ‌ေ၀ဂတရားသည် ရောရု၀၏ တစ်ကိုယ်လုံးကို သိမ်မွေ့စွာ လွှမ်းခြုံသွားခဲ့သည်။ သူသည် နောက်ဆုံးထွက်သက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်လျှင် ရောရု၀တည်းဟူသော နတ်ဘီလူးကြီး၏ ဘ၀သည် ထိုနေရာမှာပင် တစ်ခန်းရပ် အဆုံးသတ်သွားလေတော့သတည်း။

………………………..

(ဇာတ်သိမ်းပိုင်းကို စောင့်မျှော်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..