နှလုံးသား အနုကပ္ပ (အပိုင်း ၂၁)
lotaya.mpt.com.mm
|
2022-10-15

Part - 21 

ပန်း ဘွားဆီမှစကားကြောင့် အံ့သြသွားရသလို မယုံနိုင်တာမို့ သေချာအောင် ထပ်မေးမိ၏။ 

" ကုန်သွားပြီ ဟုတ်လား ဘွား......ညီမလေး ပေးလိုက်တာ သုံးရက်တောင်မပြည့်သေးဘူးလေ။ "

ပန်း စကားကြောင့် ဒေါ်သူဇာကြီးမျက်နှာမှာ ကွက်ခနဲပျက်သွားရင်းမှ.....

" အိုအေ......ညည်းအမေကို ဆေးခန်းတစ်ခါပြတယ်လေ။ ဆေးဖိုးက စျေးအရမ်းကြီးတာ။ "

တကယ်တမ်းမှာ ဒေါ်သူဇာကြီး အကြွေးဆပ်လိုက်ခြင်းဖြစ်သလို ခယောင်းပန်းက မပြောမဆိုရဲတာ သိသဖြင့် လုပ်ချင်တိုင်းလုပ်နေသည်။ ပန်းမှာလဲ သိပေမယ့် မလွန်ဆန်နိုင်သဖြင့် ငြိမ်နေလိုက်ရသည့်အဖြစ်။ 

" သွားတော့လေ.......ဟင်းသွားချက်ဦး။ "

ဒေါ်သူဇာကြီးငေါက်လိုက်တော့ ခယောင်းပန်း သက်ပြင်းလေးချကာ မီးဖိုချောင်ဝင်သွား၏။ ခဏအတွင်း ဒေါ်သူဇာကြီး၏ အသိမိတ်ဆွေတွေရောက်လာသလို ဧည့်ခန်းထဲဧည့်ခံရင်း လေးကောင်ဂျင်ဝိုင်းက ခဏအတွင်း ဖြစ်သွား၏။

ဖယောင်း ကားပေါ်မှဆင်းလာကာ အိမ်ကြီးကို ငေးကြည့်မိ၏။ တစ်ခါမှမရောက်ဖူးသဖြင့် တမင်လာခြင်းဖြစ်သလို ဘယ်လိုနေလဲသိချင်သည်။ ခြံတံခါးကဖွင့်ထားသလို အိမ်ထဲမှဆူညံသံတွေက အပြင်မှပင် ကြားနေရသည်။ ဖယောင်းဘေးမှာ ကားမောင်းသည့် ကိုမြင့်ပါလာသလို ဦးမာန်က ဘယ်တော့မဆို တစ်ယောက်ထဲမလွှတ်။

အိမ်ထဲဝင်လိုက်သည်နှင့် ဧည့်ခန်းထဲ ရယ်မောကာ လောင်းကစားလုပ်နေသည့် ဒေါ်သူဇာကြီးကို တွေ့လိုက်ရ၏။ မေမေ့ကို အနားတွင်ဆော့နေတာ တွေ့သလို ဖယောင်းရောက်လာတာလဲ သိကြပုံမပေါ်။

" အရူးမ.....ငါတို့ကိုကပြမလား.....မုန့်ကျွေးမယ်လေ။ "

မုန့်ဆိုသည့်အသံကြားတော့ ဒေါ်မြနှစ် ဝမ်းသာအားရ ကပြရန်ပြင်၏။ ဖယောင်းအံကိုတင်းခနဲ ကြိတ်မိရင်းမှ ဧည့်ခန်းထဲဝင်ချလာကာ ထိုလူ့ပါးကို ဖြောင်းခနဲ ဒေါသတကြီးလွှဲရိုက်ပစ်၏။

" ဟဲ့......ဟဲ့ ဘာလုပ်တာလဲ ဖယောင်းပန်း ညည်းရိုင်းလှချည်လား။ "

အော်သံတွေကြောင့် ခယောင်းပန်းမှာလဲ အိမ်နောက်ဖေး ဟင်းချက်နေရာမှ ပြေးထွက်လာ၏။

" တောက်! ငါ့ကိုများရိုက်တယ်လို့ ကောင်မ...."

ပြန်ရိုက်ဖို့ပြင်လိုက်သည့်လူ၏ လက်ကို မြင်တော့ ဖယောင်းဘေးရပ်နေသည့် ကိုမြင့်လှမ်းပုတ်ထုတ်ပစ်သည်။

" ဘွား ကျွန်မအမေကို ဂရုစိုက်တယ်ဆိုတာ ဒီလိုလား။ "

ဒေါ်သူဇာကြီး မျက်နှာပျက်သွားရရင်းမှ....

" ဟဲ့ သူကဧည့်သည်လေ......ဒါလေးစတာကိုအေ။ "

" ဧည့်သည်ဆိုတာ အိမ်ရှင်ကိုမစော်ကားရဘူး.......ဖယောင်းအမေက လှောင်စရာမဟုတ်ဘူး။ ဖယောင်းအစ်မက အိမ်ဖော်မဟုတ်ဘူး......"

" အောင်မာ.....ညည်း.....ညည်းက ညည်းလင်အားကိုးနဲ့ မိုက်ရိုင်းနေတာလား ဖယောင်းပန်း။ ညည်းသိဖို့က ညည်းအမေနဲ့အစ်မကို ဒီအချိန်ထိငါတင်ကျွေးထားတာ။ "

ဖယောင်းဆက်ပြောရန် ပြင်လိုက်ပေမယ့် မမက ဖယောင်းလက်ကိုဆွဲကာ လှမ်းတားလာသည်။ 

" တော်ပါတော့ဟယ်...."

" ဘာကိစ္စတော်ရမှာလဲ......မမကရော စိတ်မဆိုးဘူးလား။ "

ခယောင်းပန်း သက်ပြင်းချမိရင်းမှ ခေါင်းလေးခါယမ်းပြသည်။ ဒေါ်သူဇာကြီး ဖယောင်းပန်းအား ငေးကြည့်ရင်းမှ ခပ်မဲ့မဲ့ ပြုံးမိ၏။ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေရှေ့ အရှက်ခွဲချင်သည့် ကလေးမကို သင်ခန်းစာကောင်းကောင်း ပေးသင့်သည် မဟုတ်လား။ 

" နင်က နင့်ကိုယ်နင်တော်တော်အထင်ကြီးနေတာပဲ......မာန်ခိုက်ထင်က နင့်ကိုတကယ်ချစ်တယ်ထင်လို့လား......"

ပန်း အလန့်တကြား ဖြစ်သွားရရင်းမှ ဘွားကို လှမ်းတားလိုက်သည့်တိုင်......

" မာန်ခိုက်ထင်ရဲ့အရင်ချစ်သူက နင့်အစ်မပဲ......နင့်အစ်မကို ငါကမင်းညိုနဲ့ ပေးစါးလိုက်လို့ သူနင်နဲ့ယူဖြစ်တာပါ......ညည်းက ညည်းအစ်မနေရာအစားထိုးသက်သက်ပဲ။ "

ဖယောင်း နှုတ်ခမ်းလေး ပွင့်ဟသွားရသလို မယုံနိုင်ဖြစ်သွားရသည်။ ဘာတွေပြောနေတာလဲ.....မမကို ငေးကြည့်မိတော့လဲ စိတ်မကောင်းသလို မျက်နှာလွှဲသွား၏။ တကယ်လား.....ဟင့်အင်း ဖယောင်းမယုံဘူး.....အတည်ပြုမှဖြစ်မယ်။

" ဖယောင်း......ဖယောင်း ညီမလေး နေဦးလေ။ "

မျက်ရည်စတွေရစ်ဝဲကာ အိမ်ထဲမှ လှည့်ထွက်သွားသည့် ဖယောင်းနောက် ပန်းလိုက်တားပေမယ့် မမှီလိုက်တော့။ ကြည့်ရတာ အရမ်းစိတ်ထိခိုက်သွားပုံရသဖြင့် စိုးရိမ်မိတာတော့ အမှန်ပင်။

@@@@@@@@@@@

ဖယောင်း အခန်းထဲမှ မှန်တင်ခုံလေးရှေ့တွင် ထိုင်နေရင်း မှန်ထဲမြင်နေရသည့် ကိုယ့်ပုံကိုယ် တွေတွေလေးငေးကြည့်နေမိသည်။ ဆံပင်အရှည် မြန်မာဝမ်းဆက်လေးဖြင့် ဖယောင်းပုံစံက အရင်အပျိုတုန်းကနှင့် လားလားမှမဆိုင်။

" ဟုတ်တယ် သမီး......သားက ခယောင်းပန်းနဲ့ချစ်သူဖြစ်ခဲ့ကြသေးတယ်။ "

" သားအရမ်းခံစားခဲ့ရတာ......သူသမီးနဲ့တွေ့မှ ပြန်ပြီး စိတ်သစ်လူသစ်ဖြစ်လာတာ......သမီးကိုချစ်ပါတယ်ကွဲ့။ "

ဖြစ်နိုင်ပါ့မလားထင်ခဲ့သမျှ ဦးမာန်မေမေကို ဖုန်းဆက်မေးပြီး သေချာသွားသည့်အခါ ဖယောင်းကမ္ဘာတစ်ခုလုံး ပြိုကျပျက်ဆီးသွားသလိုပင်။ ဖယောင်း ဦးမာန်ကိုသိပ်ချစ်ခဲ့သည်။ ဦးမာန်ကရော......ဖယောင်းကို အကုန်ဝိုင်းလိမ်ဖုံးကွယ်ရက်ကြသည်။

အရူးလုပ်ခံရသည့် ခံစားချက်က ဆိုးရွားလွန်းသလို ဦးမာန်ကရော ဖယောင်းကိုတကယ်ချစ်တာမှ ဟုတ်ရဲ့လားဟု သံသယဝင်လာ၏။ မမကရော.....ဒါကြောင့် ဖယောင်းကိုမကြည်ဖြူတာလား။ ဖယောင်းက လူရယ်စရာဖြစ်ခဲ့သည်လား......တစ်ချိန်လုံး ဖယောင်းတစ်ယောက်သာ မသိခဲ့ပဲ အကုန်သိနေခဲ့ကြသည်။ 

" ချာတိတ်က ဆံပင်အရှည်လေးနဲ့ ပိုတောင်လှသွားသေးတယ်။ "

" မြန်မာဝတ်စုံလေးတွေက လုံခြုံတယ်လေ ချာတိတ်ရဲ့......အိန္ဒြေရှိတာပေါ့။ "

ဖယောင်းကို သူ့စိတ်တိုင်းကျ ပြောင်းလဲပစ်ခဲ့သလို မမရဲ့ပုံစံမျိုး အတင်းပြောင်းယူတာမှန်း ခုမှ သဘောပေါက်သွားရသည်။ ဟင့်အင်း ပန်းချင်းတူပေမယ့် လူချင်းကွဲပါသည်။ ဖယောင်းဟာ အစားထိုးခံမဟုတ်ဘူး။

မာန်ခိုက်ထင် အိမ်ထဲဝင်လာသည်နှင့် မြင်လိုက်ရသည့် ချာတိတ်ပုံစံကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဆံပင်ဆက်ထားသည်ကို သွားဖြုတ်ချလာပုံရကာ ပခုံးကျော်ဆံပင်ကို ကုပ်ကုပ်လေးညှပ်ထား၏။ ဂါဝန်အတိုလေးက ပေါင်တံဝင်းဝင်းလေးတွေပေါ်သည်အထိ တိုနေသဖြင့် မျက်မှောင်ကြီးကျူံ့သွားရသည်။ 

" ချာတိတ် ဒါက ဘယ်လို....."

" ဘာလို့လဲ ဦးမာန်မကြိုက်ဘူးလား....."

မာန်ခိုက်ထင် သက်ပြင်းချမိသွားရင်းမှ....

" အရင်ပုံစံလေးပဲ ပိုကြိုက်တာ......"

ဟုတ်သည်လေ.... ဘယ်ယောကျာ်းက ဒီလိုပုံစံလေးကို စိတ်ချနိုင်ပါ့မလဲ။ နဂိုထဲက စိတ်မချလို့ ပုံစံပြောင်းပေးထါးပါသည်ဆို ခုကျမျက်နှာလေးက နုဖတ်မှုန်ညက်နေကာ အလှကြီးလှနေ၏။ သို့ပေမယ့် လူဆိုတာ ကိုယ့်အထင်နဲ့ကိုယ်မဟုတ်လား။

ဖယောင်းပန်းကတော့ သူမပုံစံအစစ်ကို မာန်ခိုက်ထင်သဘောကျခြင်းမဟုတ်ပဲ အစ်မဖြစ်သူနေရာမှာ အစားထိုးသည်ဟု တထစ်ချယုံသွားသည်။ သူမကိုသာချစ်လျှင် သူမပုံစံအစစ်ကိုလဲ လက်ခံချစ်ပေးနိုင်ရမည်မဟုတ်လား။ အချစ်ခံရဖို့ တစ်ခုသက်သက်အတွက်တော့ ဖယောင်းပုံစံကို ပြောင်းမှာမဟုတ်တော့ပေ။

-------------------

မာန်ခိုက်ထင် ထမင်းစားနေသည့် ချာတိတ်ပုံကိုကြည့်ရင်း တစ်ခုခုထူးဆန်းသလိုထင်နေမ်ိသည်။ ခါတိုင်းလို ရွှင်ပျပျမရှိပဲ မျက်နှာလေးတည်နေသဖြင့် စကားစမိ၏။

" ချာတိတ်......."

" ဦးမာန်.....ဦးမာန်မှာ ချစ်သူတွေဘာတွေရှိခဲ့ဖူးလားဟင်။ "

မာန်ခိုက်ထင် မျက်နှာကွက်ခနဲ ပျက်သွားရရင်းမှ ချာတိတ်မျက်နှာကို မသိမသာအကဲခတ်မိသည်။

" ရုတ်တရတ်ကြီးပါလား......ဘာဖြစ်လို့လဲ...ဘယ်သူကဘာပြောလို့လဲ။ "

" မပြောပါဘူး.....ဒီအတိုင်း သိချင်လို့မေးကြည့်တာ။ "

" အာ......မ မရှိပါဘူး။ "

ဦးမာန် နှုတ်ဖျားမှ အလိမ်အညာစကားက မဆိုင်းမတွထွက်လာတော့ ဖယောင်းရင်ထဲထိခိုက်သွားရ၏။ နှလုံးသားက ကျဥ်တက်သွားရရင်း ဦးမာန်ဟာ ဘာကြောင့်များ လူကို နောက်ဆုံးအချိန်ထိ အရူးလုပ်ချင်ရသနည်း။ 

အနည်းဆုံး မချစ်ရင်တောင်မှ ရိုးသားသင့်သည် မဟုတ်ပါလား။ ပွင့်ပွင့်လင်းလင်း ပြောပြသင့်သည် မဟုတ်ဘူးလား။ ဖယောင်းခံစားချက်ကို ဘာကြောင့် မထည့်တွက်ရသလဲ။

@@@@@@@@@

မာန်ခိုက်ထင် အစည်းအဝေးခန်းထဲမှ ပြန်ထွက်လာသည်နှင့် ကိုကျော်က သူ့အနားတိုးကပ်လာရင်း....

" ခယောင်းပန်း ရောက်နေတယ်.....အရေးကြီးလို့တဲ့။ "

မာန်ခိုက်ထင် ရုံးခန်းထဲ လျှောက်လာရင်းမှ ထူးဆန်းသလို ခံစားမိတာလဲ အမှန်ပင်။ မနေ့ထဲက ချာတိတ်ပုံစံကလဲ အေးတိအေးစက်လေးဖြစ်နေသလို သူ့ကိုမကြည်သလိုပင်။ ရုံးခန်းထဲဝင်လာရင်းမှ ဆိုဖာပေါ်ထိုင်နေသည့် ခယောင်းပန်းက သူ့ကိုမြင်တော့ ငေးကြည့်လာသည်။

" ဘာကိစ္စလဲ......"

" မနေ့က ဖယောင်း အိမ်လာသွားတယ်။ "

ပန်း မာန်ခိုက်ထင် ကိုကြည့်ကာ သက်ပြင်းချမိရင်းမှ....

" ပန်းတို့အကြောင်း သိသွားတယ်။ "

" ဘာ!....ဘာအကြောင်း....မဟုတ်မှ..."

ပန်း ခေါင်းလေးညိတ်ပြရင်းမှ.....

" ဟုတ်တယ်..... အရမ်းစိတ်ထိခိုက်သွားသလိုပဲ။ ငိုပြီးပြန်သွားတယ်....ဘာမှမပြောဘူးလား။ "

မာန်ခိုက်ထင် တွေခနဲ ဖြစ်သွားရရင်းမှ မနေ့က ချာတိတ်ပုံစံလေးတစ်မျိုးဖြစ်နေတာ ဒါကြောင့်ဆိုတာ သိလိုက်၏။ သူ့ကို မေးသေးတာပဲ......သူလိမ်လိုက်တာ...။ မာန်ခိုက်ထင် ဟားခနဲဖြစ်သွားရရင်းမှ ခေါင်းထဲထူပူသွားရသလို ခယောင်းပန်းကို စူးခနဲ စိုက်ကြည့်မိ၏။

" ဒါကြောင့် ငါမင်းတို့နဲ့ မပက်သက်ချင်တာပဲ......."

ပန်း နေရာမှထရပ်လိုက်ရင်း....

" ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး......ပြောပြသင့်တယ်ထင်လို့ လာပြောတာ။ ခွင့်ပြုပါ.....အ....ကျွတ်.....ကျွတ် "

ရုတ်တရတ်အထမှာ မူးမိုက်သွားတာမို့ ပန်းဆိုဖာပေါ်ပြန်ထိုင်ကျသွားသလို မာန်ခိုက်ထင်ရော ကိုကျော်ပါ ကြောင်ကြည့်နေမိ၏။

" ဟိတ်.....ဟာ....ခယောင်းပန်း......ခယောင်းပန်း...."

" အာစရိ ဘယ်လိုလုပ်ရမလဲ.....မူးနေတာထင်တယ်။ "

" ဘာလုပ်ရမလဲ.....သူ့ယောကျ်ားကိုဖုန်းဆက်ပေါ့ဟ......"

ဖယောင်း ကုမ္ပဏီထဲ ဝင်လာရင်းမှ ပွင့်နေသည့် ရုံးခန်းတံခါးကြောင့် တန်းလျှောက်လာခဲ့သည်။ ဒီနေ့ မေမေ့မွေးနေ့မို့ ဦးမာန်ကိုပြောပြကာ စီစဥ်စရာရှိတာစီစဥ်ရန် ထွက်လာခြင်းပင်။

ဟင်...။

အခန်းတံခါးဝအရောက် အကြည့်က ဆိုဖာပေါ်လှဲနေသည့် မမကိုမြင်လိုက်ရသဖြင့် ဖယောင်း မျက်လုံးလေးဝိုင်းသွားရသည်။ ဦးမာန်က ဖုန်းပြောနေကာ ဒီဘက်ပြန်အလှည့် ဖယောင်းနဲ့အကြည့်ချင်းဆုံသွားတော့ မျက်နှာကွက်ခနဲ ပျက်ကျသွား၏။ 

" ချာတိတ်......ချာတိတ် မဟုတ်ဘူးနော် ကိုယ် "

အောက်နှုတ်ခမ်းလေးကို ဖိကိုက်မိရင်းမှ ဖယောင်းပါးပြင်ပေါ် မျက်ရည်စတို့စီးကျလာရသည်။ နေရာမှချာခနဲ လှည့်ထွက်လာရင်း အချစ်ဆုံးလူသားနှစ်ယောက်က ကိုယ့်ကိုလိမ်ညာလှည့်ဖျားရက်သည့်အဖြစ်ကို အသဲနာသွားရ၏။ ဖယောင်း ထပ်ပြီးအလှည့်စားမခံချင်တော့....မနာကျင်ချင်တော့ပါ။

မာန်ခိုက်ထင် ချာတိတ်အနောက်လိုက်လာရင်းမှ အိမ်သို့ကမန်းကတန်းပြန်လာပေမယ့် သူမလေးကမရှိ။ ဖုန်းဆက်တော့လဲ စက်ပိတ်ထားသလို သူမလေးကို အိမ်ကနေထိုင်စောင့်ရင်း လူကနာရီတကြည့်ကြည့်။

တီ....... .တီ......တီ

ည ခုနှစ်နာရီ ။

ကားသံကြားသည်နှင့် အိမ်ထဲမှ ပြေးထွက်လာသည့် မာန်ခိုက်ထင်မှာ ကားပေါ်ကဆင်းလာသည့် ဖယောင်းပန်းအား ပခုံးဖက်၍ကူတွဲထားသည့် လူအား မြင်လိုက်ရသည့်အခိုက် မျက်နှာကြီးကမဲမှောင်သွား၏။ နဂိုသဝန်တိုစိတ်ကြီးသည့်သူမို့ ဘာမှမမြင်ပဲ အနားသို့ခြေလှမ်းကျဲကြီးတွေနှင့် ရောက်သွားကာ ဆွဲဖယ်ချလိုက်၏။

" ဦးမာန်....."

" ကိုယ့်ကိုအရွဲ့မတိုက်နဲ့ချာတိတ်......ဒါဘယ်ကကောင်လဲ.....ဟမ်.....ကိုယ့်ကိုရွဲ့ချင်တာနဲ့တွေ့တဲ့ကောင် ကောက်ခေါ်လာတာလား ဟုတ်လား။ "

" ဖယောင်းက ဘာကိုရွဲ့ရမှာလဲ..... ဦးမာန်ဘာသာအိုးမလုံအုံပွင့်နေတာ ဖယောင်းနဲ့မဆိုင်ဘူး။ "

" ဟို....အကို့ ကျွန်တော်ပြောပြ...."

မာန်ခိုက်ထင် ထိုကောင်လေးအင်္ကျီစကိုဆောင့်ဆွဲကာ ကားဆီပြန်ဆောင့်တွန်းပစ်ရင်းမှ.....

" မင်းပြန်လိုက်တော့.....ငါ့မိန်းမကိုမေးတာ....မင်းခုပြန်လိုက်တော့။ "

ဖယောင်း ဦးမာန်ပုံစံကို စိတ်ပျက်သလိုကြည့်ရင်းမှ အိမ်ထဲဝင်လာခဲ့သည်။ မာန်ခိုက်ထင် နောက်မှ လိုက်လာရင်း တကြော်ကြော် ခေါ်ပေမယ့် ဖယောင်းပန်းကလဲ အရေးမလုပ်။

" ချာတိတ်.....ရပ်စမ်း.....ရပ်လို့ပြောနေတယ်လေ။"

ဖယောင်းအရှေ့မှ ပိတ်ရက်လိုက်သည့် ဦးမာန်ကိုကြည့်ရင်း ဖယောင်း စိတ်မောသလိုမျက်နှာလေးလွှဲမိ၏။ ထိုပုံစံကိုပင် မာန်ခိုက်ထင်မခံမရပ်နိုင်ဖြစ်သွားရကာ.....

" ကိုယ် အကုန်ရှင်းပြမယ်....."

ဖယောင်း နှုတ်ခမ်းလေးကိုမဲ့ချမိ၏။

" ဘာရှင်းပြမှာလဲ.....ဖယောင်းအကုန်သိသွားလို့ ဝန်ခံရတာကို ရှင်းပြတယ်မလုပ်စမ်းပါနဲ့....."

" မဟုတ်ဘူး.....နေ့လည်က...."

စူးခနဲစိုက်ကြည့်လာသည့် ဖယောင်းပုံစံကြောင့် မာန်ခိုက်ထင် ကျစ်ခနဲ စုပ်သပ်မိ၏။ 

" ဦးမာန်က ဖယောင်းကို မချစ်ခဲ့ဖူးပါဘူး ......တကယ်ချစ်တဲ့လူက နာကျင်အောင်မလုပ်ဘူး......ကိုယ်ချစ်တဲ့သူအပေါ်ရိုးသားတတ်ရတယ်....ဦးမာန်က တစ်ကိုယ်ကောင်းဆန်တယ်....အတ္တကြီးတယ်.."

မာန်ခိုက်ထင် ရင်ထဲထိခိုက်သွားရသလို ကမန်းကတန်း ခေါင်းကိုခါယမ်းကာ ငြင်းရန်ကြိုးစား၏။ 

" ကိုယ် မင်းကိုဘယ်လောက်ချစ်လိုက်သလဲ ချာတိတ်ရယ်။ "

" ဟုတ်လား.....ချစ်လို့ ဖယောင်း အစ်မအရင်းနဲ့ နေ့လည်က..... "

" ဖယောင်းပန်း......"

" ဖယောင်း ဦးမာန်နဲ့မနေနိုင်တော့ဘူး.......ဖယောင်းမနာကျင်ချင်တော့ဘူး.....ဟင့်အင်း ထပ်ပြီးအလိမ်မခံတော့ဘူး။ "

ငိုရှိုက်ရင်း အပေါ်ထပ် ပြေးတက်သွားသည့် ချာတိတ်ပုံစံကြောင့် မာန်ခိုက်ထင် လှေကားရင်းတွင် စိတ်မောလူမောထိုင်ချမိသည်။ သွေးပူနေတုန်းတော့ ဘယ်လိုမှရှင်းပြလို့ရမှာ မဟုတ်မှန်းသိနေသည်။ သူ တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး.....သူ့ရည်းစားဟောင်းက သူမလေးရဲ့အစ်မအရင်းလို့ သူဘယ်လိုမှပြောမထွက်ခဲ့တာ။ 

ထိုည​က သူအခန်းထဲဝင်လာတော့ သူမလေးအိပ်ပျော်နေပြီဖြစ်တာမို့ အနားဝင်လှဲရင်း ပွေ့ဖက်ထားမိသည်။ မနက်မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားသလို သူနိုးလာသည့်အခါ သူမလေးမရှိတော့။ ထိုနေ့ကစ၍ ဖယောင်းပန်းဟာ ခြေရာဖျောက်သွားခဲ့သလို မာန်ခိုက်ထင်ဆို အရူးတပိုင်းပင်။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 22

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..