
Part - 22
ဖယောင်းပန်းအိမ်ကထွက်သွားထဲက မာန်ခိုက်ထင်မှာ မရမကလိုက်ရှာပါသည်။ ပျောက်သောသူရှာလျှင်တွေ့ပေမယ့် ပုန်းနေသူကတော့ ခြေသံလုံလှသည်။ သတင်းစာတွေထဲ ကြော်ငြာထည့်သလို လူတွေလွှတ်ပြီးရှာ၏။ သို့ပေမယ့် ဖယောင်းပန်း သတင်းကား အစအနတောင်ရှာမရ။ လူတွေလွှတ်စုံစမ်းလိုက် မျှော်လင့်ချက်တွေမဲ့သွားလိုက်ဖြင့် သုံးလခန့်သာကြာလာသည် အခြေအနေက ဒုံရင်းအတိုင်းပင်။
မာန်ခိုက်ထင် အတော်လေး ပြိုလဲလာသည်မှာ သိသာ၏။ ရှာလိုက်တိုင်း မျှော်လင့်ချက်မဲ့မဲ့သွားသည့်ဒဏ်က မချိမဆန့်မို့ ကြောက်လာသည်။ ဒေါ်ရွှေရည်က သားဖြစ်သူကို သူမနှင့်ပြန်လာနေရန်ပြောပေမယ့် မာန်ခိုက်ထင်က ခေါင်းမာစွာငြင်းသည်။ သူ့မိန်းမပြန်လာလျှင် သူထိုအိမ်က စောင့်နေတာမြင်စေချင်သည်။ သူမလေးကို ဘယ်တုန်းကမှ ဘယ်သူ့နေရာမှအစားထိုးခဲ့ခြင်းမဟုတ်တာ သိစေချင်သည်။
ဖယောင်းပန်းထွက်သွားသည့် ကိစ္စမှာ မာန်ခိုက်ထင်က ဒေါ်သူဇာကြီးကိုငြိုးတော့သည်။ ဒေါ်သူဇာကြီး ရဲ့အကြွေးရှင်တွေဆီမှ လက်ပြောင်းယူကာ အကုန်ထိုးဆပ်ခိုင်း၍ နောက်ဆုံးဒေါ်သူဇာကြီးမှာ အိမ်ရောင်း၍ ထိုးဆပ်လိုက်ရသည်။ ခယောင်းပန်းတို့က အိမ်ငှားနေလိုက်သလို အကယ်၍ သူ့ဆွေမျိုးတွေဒုက္ခရောက်လျှင် ချာတိတ်များ ထွက်လာမလားဆိုသည့် မျှော်လင့်ချက်ကလဲ မာန်ခိုက်ထင်မှာရှိ၏။
သို့ပေမယ့် ဖယောင်းပန်း လုံးဝပေါ်မလာခဲ့ပါ။
မင်းညို ဝယ်လာသည့်ဗိုက်ဖုံးအင်္ကျီလေးကို ပန်းအားပြလိုက်ရင်းမှ ကိုယ်နှင့်ကပ်ကြည့်နေသည်အား သဘောကျစွာငေးကြည့်နေမိသည်။ အိမ်ငှားနေလိုက်ရပေမယ့် ဒေါ်သူဇာကြီးနဲ့ကွဲထွက်သွားတာ အတော်အဆင်ပြေသွား၏။ ပန်းလဲ အဆင်ပြေသလို သူ့ဝင်ငွေလေးတွေစုပြီး ဆိုင်လေးတစ်ဆိုင်ဖွင့်ရန်ပြင်ထား၏။
" ချစ်စရာလေး အစ်ကိုရယ်.....ပန်းကဗိုက်သိပ်မထွက်တော့ မဝတ်ရဘူးထင်နေတာ။ "
" ဝတ်ရမှာပေါ့ ပန်းရယ်......ဒါနဲ့ အိုဂျီရက်ချိန်းပြရမယ်လေ....အဲ့နေ့ကျဝတ်ပေါ့။ "
ပန်း ပြုံးမိသွားရသလို မေမေ့ကိုလှမ်းကြည့်မိတော့ သူ့ဘာသာငြိမ်ငြိမ်လေးထိုင်ကာ ပန်းတို့ကို ကြည့်ရင်းပြုံးနေ၏။ အမေက အခြေအနေကောင်းလာသလို စိတ်လေးငြိမ်လာသည်။
" အစ်ကို့.....ညီမလေး သတင်းဘာကြားသေးလဲဟင်။ "
" မကြားဘူး.....ပန်း အဲ့ဒါတွေမတွေးပါနဲ့။ စိတ်ကိုအေးအေးနေ......မာန်ခိုက်ထင်က လက်တံရှည်တာပဲဟာ တွေ့မှာပါ....ပျော်ပျော်နေနော်။ "
ပန်း ပြုံးလိုက်မိရင်းမှ ခေါင်းညိတ်ပြလိုက်သလို ကြာလေအစ်ကိုပန်းကိုဘယ်လောက်ချစ်မှန်း သိလာရသည်။ အနေအေးပေမယ့် ပန်းကိုတော့ သေချာဂရုစိုက်သလို ပျော်ရွှင်အောင် ထားတတ်သည်။ ပန်း ကံကောင်းပါသည်။ ချမ်းချမ်းသာသာမနေရပေမယ့် ပြည့်စုံအောင်တော့ထားပေးသလို ပန်းမျက်နှာသာ တစ်ကမ္ဘာမို့ အစ်ကို့ကို ပိုင်ဆိုင်ရတာ ဘယ်လောက်တောင်မှ ကံကောင်းသလဲလေ။
@@@@@@@@@@@
" သားရယ်.....မင်းပုံစံကိုလဲ မှန်ထဲကြည့်စမ်းပါဦး။ အဲ့လိုကြီး မနေပါနဲ့တော့။ "
ဒေါ်ရွှေရည် နှုတ်ခမ်းမွေးစစဖြင့် အရက်နံ့တွေမွှန်ထူနေသည့်သားဖြစ်သူကိုကြည့်ရင်း မကြည့်ရက်စွာ အပြစ်တင်မိသည်။ လူကညှင်းသိုးသိုးဖြင့် သိသိသာသာပိန်ကျသွားတာ စိတ်ထောင်းကိုယ်ကြေ။ အလုပ်လဲ အရင်လိုဖိဖိစီးစီး မလုပ်ပဲ တနေ့တနေ့ပိုဆိုးလာသလိုမို့ ကိုယ့်သားကိုယ်မကြည့်ရက်နိုင်တော့။
" မေမေ့.....ကျွန်တော် ရှာလို့မရဘူး.....ဘယ်လိုရှာရှာ မတွေ့ဘူးဗျာ......ချာတိတ် အရမ်းရက်စက်တာပဲ...... ဘာလို့ကျွန်တော့်ကိုဆို စွန့်ပစ်ကြတာလဲ.....ထားခဲ့ဖို့လွယ်ကြတာလဲ။ "
ဒေါ်ရွှေရည် ဘာပြန်ပြောရမှန်းမသိစွာ သားကိုကြည့်ရင်း မျက်နှာလွှဲမိ၏။ သားအဖေက စခဲ့သည့် ပြဿနာတွေဖြစ်သလို မိန်းမနဲ့သားထက် သူ့နောက်အိမ်ထောင်ကို ရွေးချယ်သွားခဲ့တာ သားကိုလှည့်ကြည့်ဖော်ပင်မရ။ သားဟာ စိတ်ဒဏ်ရာအရမ်းရခဲ့သည်။
" ကျွန်တော် ဘာမှားလို့လဲ အမေရယ် ......တမင်ဖုံးကွယ်တာလဲ မဟုတ်ရပါဘူး......သိသွားရင်လေ ခုလိုထားခဲ့မှာစိုးလို့ပါ။ "
" အမေ သိပါတယ် သားရယ်......သမီးလေးက သားကိုချစ်ပါတယ်ကွဲ့......ပြန်လာမှာပါ။ "
မာန်ခိုက်ထင် လက်မခံသလို ခေါင်းခါယမ်းရင်းမှ.....
" ချာတိတ်က အသဲမာတယ် အမေရဲ့.....ကျွန်တော့်ကို အထင်လဲလွဲသွားတာ......"
" အာစရိ......စာလာတယ်။ "
အခန်းထဲရောက်လာသည့် ကိုကျော်က လက်ထဲမှ စာအိတ်ကို ကမ်းပေးလါ၏။ မာန်ခိုက်ထင်ဆီမှ လှုပ်ရှားမှူမရှိတော့ ဒေါ်ရွှေရည်ပဲ ဆွဲယူကာ စာအိတ်ကိုဆွဲဖွင့်လိုက်၏။
" ကွာရှင်းစာချုပ်....."
" ဟင်....."
အလန့်တကြား ရေရွတ်လိုက်သည့် မေမေ့အသံကြောင့် မာန်ခိုက်ထင် ကပျာကယာ ယူကြည့်မိသလို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးထားသည့် ဖယောင်းပန်းလက်မှတ်ကိုမြင်တော့ ကမ္ဘာပျက်သွားရသည်။
သူမလေး သူ့ကို တကယ်ရက်စက်ပြီ။
ရှင်းပြခွင့်မပေးသလို အရိပ်ကလေးပင်အမြင်မခံပဲ လုံအောင်ပုန်းနေကာ ကြိုးမိန့်ဇွတ်ချ၏။ သူမလေးနဲ့ တွေ့ပြီးနောက်ပိုင်း သူ့နှလုံးသားဟာ ဒင်းကလေးမှဒင်းကလေးဖြစ်ခဲ့သလို သစ္စာရှိတာထက်ကျော်လွန်အောင် ချစ်မြတ်နိုးခဲ့တာပါ။
သူ့အချစ်တွေကိုကျ မမြင်ခဲ့မခံစားမိခဲ့ဘူးလား။
သူပေးခဲ့သမျှ အရာမရောက်ခဲ့ဘူးလား။
သူ ကြင်နာခဲ့သမျှ မသိရှိခဲ့ဘူးလား။
-------------------------------
မေတ္တာအေးရိပ် ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ။
" ဖယောင်းရေ ညီမလေး.... ဘွားရွှေတော့ ရှူးတွေပေါက်ချပြန်ပြီဟယ်။ "
အဝတ်တွေလျှော်နေရာမှ မော့ကြည့်လာသည့် မျက်နှာလေးက သနပ်ခါးပါးကွက်လေးကွက်ထားသလို ဆံပင်လေးအားစုစည်းထား၏။ တီရှပ်အဖြူလက်တိုလေးဖြင့် ဂျင်းဘောင်းဘီအရှည်လေးတွဲဝတ်ထားကာ ပါးမှပါးချိုင့်လေးတွေပေါ်အောင် ပြုံးရယ်လာသည့် ဖယောင်းပန်း။ ရေချိူးကန်နား အဝတ်တွေထိုင်လျှော်နေရာမှ ထရပ်လိုက်ရင်း......
" အသက်ကြီးလာတော့ ဆီးမထိန်းနိုင်ကြဘူးလေ.....ပေးပါ အဲ့ထဘီတွေ ဖယောင်းလျှော်လိုက်မယ်။ "
သေးစိုနေသည့် ထဘီတွေယူရင်းမှ လျှော်လက်စတွေထိုင်လျှော်ကာ ဦးမာန်ကို ပြေးမြင်မိသွား၏။ အသန့်အပြန့်အလွန်ကြိုက်ကာ အဆင့်အတန်းခွဲခြားလွန်းသည့် ဦးမာန်သာ ဖယောင်းကို ဒီလိုမြင်လျှင် ဘယ်လောက်စွေ့စွေ့ခုန်လိုက်မလဲ မသိ။
ဒီကိုရောက်ပြီး စိတ်အေးအေးဖြင့် သေချာစဥ်းစားကြည့်သည့်အခါ ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ချင်တော့ပဲ အေးအေးလူလူသာ နေချင်တော့သည်။ တစ်ယောက်ထဲ ဆက်မချစ်ချင်တော့သလို ထပ်ပြီးလဲ မနာကျင်ချင်တော့ပါ။
ဖယောင်းမရှိလို့လဲ ဦးမာန်ထူးထွေခံစားရမည် မထင်သလို ကွာရှင်းစာချုပ်ပို့ပေးလိုက်တာမို့ အဆင်ပြေမှာပါ ။
@@@@@@@@@@
မာန်ခိုက်ထင် ကားကိုထိုးရပ်လိုက်ရင်းမှ ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကိုတစ်ချက်ကြည့်မိ၏။ ဒီနေရာပါ........ဟုတ်တယ် သူမရမက စုံစမ်းခဲ့ခြင်းဖြစ်သလို သူမလေးပို့လိုက်သည့် စာအိတ်ကနေတဆင့် ပို့သည့်မြို့ကိုရှာကာ စုံစမ်းခဲ့ခြင်းပင်။ ဂေ ဟာထဲမှ အမျိုးသမီးကြီးတစ်ဦး ထွက်လာကာ သူ့ကိုမြင်တော့.....
" ဘာကိစ္စရှိလို့လဲ မောင်ရင်......"
" ဟို....ဒီမှာ ဖယောင်းပန်းဆိုတဲ့ မိန်းကလေးရှိလားခင်ဗျ။ "
အမျိုးသမီးကြီး၏ မျက်ဝန်းတွေက သူ့ကိုအကဲခတ်နေဟန်ရသလို နှုတ်ခမ်းမွေးစစ လူပုံကညှင်းသိုးသိုးမို့ မယုံသလိုပင်။
" ကျွန်တော် သူ့အမျိုးသားပါခင်ဗျာ။ "
" ခဏနော်........."
တခဏပေမယ့် စောင့်ရသည့် မိနစ် စက္ကန့်တွေက သူ့အတွက်ကြာလွန်းလှသည်ဟု ထင်မိသည်။ အတန်ကြာတော့မှ ကိုယ်ဟန်နွဲ့နွဲ့လေးနဲ့ နုဖတ်နေသော မျက်နှာလေးက ဂေဟာထဲမှထွက်လာသလို သူ့ပုံစံကိုမြင်တော့ အနည်းငယ်တုန့်ဆိုင်းသွား၏။
" ချာတိတ်......."
" ဘာကိစ္စရှိလို့လဲ ဦးမာန်ခိုက်ထင်။ "
ပြောင်းလဲသွားသည့် အသုံးအနှုန်း ၊ စိမ်းသက်သွားသည့် အနေအထားမှာ ရှိသမျှအင်အားမွေးပြီး ဝမ်းသာအားရပြေးလာခဲ့ရသည့်လူကို အမောစို့သွားစေ၏။
ဦးမာန်ခိုက်ထင်တဲ့......ခါတိုင်းလို ဦးမာန်ဆိုသည့်ခေါ်သံလေးကို သူကြားချင်ခဲ့တာလေ။ သူ့ကို ငေးစိုက်ကြည့်တတ်သည့် မျက်ဝန်းလက်လက်ကလေးတွေ ၊ ပါးချိုင့်လေးခွက်ဝင်သွားသည်အထိ ပြုံးပြတတ်သည့်အပြုံးချိုချိုတွေ သူ ဘယ်လောက်လွမ်းဆွတ်တမ်းတခဲ့ရသလဲ။
" ချာတိတ်က နေနိုင်လိုက်တာ......"
"..........."
" ကိုယ်သတင်းစာတွေထဲ ကြော်ငြာထည့်တာ မတွေ့ဘူးလား။ "
" တွေ့ပါတယ်......ဖယောင်းနာမည်ပါပေမယ့် ဖယောင်းလို့မခံစားရဘူးလေ။ ဖယောင်း အေးအေးလူလူပဲနေချင်ပါတယ်.... ဘယ်သူ့ဘယ်သူရဲ့မှ အစားထိုးခံမဖြစ်ချင်ဘူး။ "
" ကိုယ် မင်းကို ဘယ်တုန်းကမှ အစားမထိုးခဲ့ဖူးဘူး......ကိုယ့်ကိုရှင်းပြခွင့်တောင်မပေးပဲ ချာတိတ်တစ်ယောက်ထဲ စီရင်ချက်တွေစွတ်ချလို့မရဘူး.....ကိုယ့်အတွက်လဲ တရားမျှတမှုရှိဦးမှပေါ့။ "
ဖယောင်း ဦးမာန်ကို ကျောခိုင်းလိုက်မိရင်းမှ ဝဲတက်လာသည့်မျက်ရည်စတွေကို မျက်တောင်ဖျားဖြင့် ပုတ်ခတ်ဖယ်ရှားမိသည်။ ဖယောင်းအတွက်ရော ဘယ်သူကတရားမျှတမှု ပေးခဲ့ကြလို့လဲ။ ဒီသုံးလလုံးလုံး ညတိုင်းကြိတ်ငိုခဲ့ရတဲ့ မျက်ရည်တွေကရော ဘယ်သူ့ကြောင့်လဲ။
" ဖယောင်း ထပ်မနာကျင်ချင်တော့ဘူး။ ပြန်ပါတော့.....ဖယောင်းဘယ်သူနဲ့မှမတွေ့ချင်ဘူး။ "
ဂေဟာထဲ လှည့်ဝင်သွားသည့် ချာတိတ်ကို ငေးကြည့်နေရင်း အတင်းအကြပ်သာခေါ်သွားချင်ပါသည်။ ဒါပေမယ့် သူဒီလိုလုပ်ရင် ပိုဆိုးမှာသိနေသည်။ အခြေအနေပိုပြီး ဆိုးမသွားအောင် မနည်းချုပ်တည်းထားရသလို သူ ရအောင်ပြန်ခေါ်မှာပင်။
---------------------------
ဖယောင်း ဂေဟာမှူးရုံးခန်းထဲမှ ထွက်လာသည့် ဦးမာန်ကိုကြည့်ရင်း မသိဟန်သာဆောင်နေလိုက်သည်။ နေ့တိုင်းနီးပါး ရောက်လာသလို ဟိုဟာလာလှူလိုက် ဒီဟာလာလှူလိုက်ဖြင့် အကြောင်းမရှိအကြောင်းရှာလာနေသည်။ ဒီနေ့လဲ ဘာလာလှူမှန်းမသိ။
" သမီးရေ.....ဖယောင်း ဂေဟာထဲလိုက်ပြလိုက်ပါဦးကွယ်။ "
" ဟို....ဖယောင်း ဘွားမေကိုဆေးတိုက်ချိန်ရောက်နေပြီမို့ပါ.....မမမီ.....မမမီလိုက်ပြလိုက်နော်။"
ဆင်ခြေပေးပြီး နေရာမှလှစ်ခနဲနေအောင်ကို ရှောင်ထွက်သွားသည့် ချာတိတ်ကြောင့် မာန်ခိုက်ထင် ရင်ထဲထိခိုက်သွားရ၏။ မျက်နှာလေးကို မြင်ချင်တွေ့ချင်လွန်းတာမို့ နေ့တိုင်းရောက်လာတတ်သလို ထွက်ပြေးသွားမှာလဲ စိုးရိမ်သည်။ သူမလေးကတော့ သူလာသည်ကို ကြိုက်သည့်ပုံမပေါ်သလို အမြဲရှောင်ဖယ်ရှောင်ဖယ် ပြုမူ၏။
သူ့ကို သူစိမ်းပမာ ဆက်ဆံတိုင်း သူစိတ်ထိခိုက်ရတာ သူပဲသိသလို မခံစားနိုင်ပါ။ အသဲယားလွန်းတာမို့ ဖြစ်နိုင်လျှင်ဆွဲမွှေ့ယမ်းပစ်ကာ ဆိုးရမလားဆိုပြီး အပြစ်ပေးလိုက်ချင်သည်။ အခုလဲ သူ့ကိုလှည့်ပင်မကြည့်။
" လိုက်ကြည့်မလား မောင်လေး...."
" ရပါတယ် အစ်မ.....ဒီနေ့တော့ ပြန်လိုက်ပါဦးမယ်။ "
မာန်ခိုက်ထင်ကားလေး ထွက်သွားမှ ဖယောင်း ပုန်းနေရာကနေ ငေးကြည့်မိသည်။ ဖယောင်း ဒီမှာ ဆက်နေလို့ရော အဆင်ပြေနိုင်ပါတော့မလား မသိ။ ကြာလျှင် ဖယောင်းနှလုံးသားဟာ မတောင့်ခံနိူင်မှာ စိုးသည်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 23
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory