ဈေးရောင်းကောင်းသည့်ဆိုင်
lotaya.mpt.com.mm
|
2022-10-18

(၁ )

"ဘာကြောင့်မှန်းတော့မသိဘူး အခုတစ်လောဒီကောင်လေးဈေးရောင်းရင် ရောင်းကောင်းချက်ပဲ"

မောင်ထူး ထမင်းစားနေချိန်တွင် ဆိုင်တွင်ထိုင်ရင်းဈေးရောင်းနေသည့်အမေက သူ့ဘေးနားမှ ဈေးသည်တစ်ဦးနှင့် စကားပြောနေသည်ကို မောင်ထူးကြားလိုက်ရသည်။ မောင်ထူးတို့က ဈေးထဲတွင် ကုန်ခြောက်ဆိုင်ကလေးရောင်းသည်။ ဆွေမျိုးများရှိသည့် အထက်အညာဘက်မှ ပဲ၊ နှမ်း၊ ငရုတ်၊ ကြက်သွန် အစရှိသည်များကို သယ်ယူပြီးဈေးထဲတွင် ရောင်းချကြသည်။ သူတို့ဈေးက ဈေးဟုသာခေါ်သော်လည်း ပျံကျဈေး၊ ယာယီဈေးလေးဖြစ်သည့်အတွက် ဈေးရုံကြီးများမရှိပေ။ ဗွက်ထနေသည့် ညစ်ပတ်သော ချောင်းနံဘေးတွင် ဈေးသည်များမှာ သစ်သားအတိုအစများနှင့် ဆိုင်ခန်းကလေးများထိုးကာ ရောင်းချကြသည့်ဈေးကလေးဖြစ်သည်။ ဈေးကလေးဟု ဆိုသော်လည်း အနားရှိ ရပ်ကွက်သုံးခုမှ အားထားနေရသည့်ဈေးဖြစ်သောကြောင့် အတန်ငယ်စည်ကားသည်။

မောင်ထူးက အသက်ဆယ့်လေးနှစ်ရှိပြီ။ မောင်ထူးမှာ အဖေမရှိတော့။ အမေ ဒေါ်မြနှင့် ညီမဖြစ်သူနှင့်သာနေထိုင်သည်။ ယခုလို နွေကျောင်းပိတ်ရက်မျိုးဆိုလျှင် မောင်ထူးက အမေနှင့်အတူ ဈေးကူရောင်းပေးသည်။ ယနေ့လဲထုံးစံအတိုင်း မနက်ခင်းအစောကြီးဈေးထဲသွားကာ ဆိုင်ဖွင့်ရင်း ဈေးရောင်းပေးထားသည်။ အမေဖြစ်သူက မောင်ထူးဈေးရောင်းနေသည်မို့ ပုံမှန်လိုမနက်စောစောဆိုင်မခင်းတော့ဘဲ မနက်ကိုးနာရီလောက်မှသာ ချက်ပြုတ်ပြီး ဈေးသို့လာတတ်သည်။ မောင်ထူးက အားကိုးရသည့်အပြင် ယုံကြည်ရသောကြောင့် သူ့အမေက မောင်ထူးအား စိတ်ချယုံကြည်ထားသည်။ မနက်ကိုးနာရီထိုးတော့ အမေက ဆွဲခြင်းတောင်းကလေးဆွဲပြီး ထီးအဟောင်းလေးဆောင်းကာ ဈေးသို့ရောက်လာသဖြင့် ထိုတော့မှ မောင်ထူး မနက်စာ စားရတော့သည်။

"စားလေသားရဲ့၊ ထမင်းစားပြီးရင် လက်ဖက်ရည်သောက်ဦးမလား"

လက်ဖက်ရည်ဆိုသည်မှာ မောင်ထူးတို့အဖို့တော့ အထူးသီးသန့်သောက်စရာဖြစ်သည်။ နေ့တိုင်းမသောက်နိုင်ပေ၊ တစ်ခါတစ်လေမှသာ အမေက ဝယ်တိုက်လေ့ရှိသည်။ အခုလဲ လက်ဖက်ရည်သောက်ရတာ သုံးရက်ဆက်တိုက်ဖြစ်နေပြီမို့ အမေ့ကိုအားနာမိသည်။

"ရပါတယ်အမေရဲ့၊ ပိုက်ဆံတွေကုန်နေပါဦးမယ်"

"သောက်ချင်ရင်တော့ သောက်ပေါ့သားရယ်၊ အခုတစ်လော သားဈေးရောင်းတာ ဈေးရောင်းကောင်းလို့ အမေကဝယ်တိုက်တာနော်"

အမေပြောမှ သတိထားမိသည်။ ယခင်က မောင်ထူးတို့ဆိုင်မှာ သာမန်ဖောက်သည်လောက်သာရှိသော်လည်း ယခုတော့ ဖောက်သည်အသစ်တွေပါ လာဝယ်နေကြသည်ကို သတိထားမိသည်။ ဈေးထဲတွင် ကုန်ခြောက်ဆိုင်တွေ မှိုလိုပေါက်နေသော်လည်း ယခုတော့ မောင်ထူးတို့ဆိုင်ကို တော်တော်များများလာဝယ်ကြသည်ကိုလဲ တွေ့ရသည်။ ထမင်းစားပြီးတော့

"ကဲသား နားချင်နားတော့လေ အမေဆိုင်ဆက်ကြည့်ထားမယ်"

"ရပါတယ်အမေရ၊ သားအလုပ်မှမရှိတာကို၊ ညနေပိုင်းကျမှ မောင်ခိုင်တို့နဲ့ ဘောလုံးကန်ဖို့ချိန်းထားတာ"

"အေး၊ ဒါဆိုလဲ အမေကုန်ယူသွားလိုက်အုံးမယ်ကွယ်၊ အခုတစ်လော ရောင်းရတော့ ကုန်တွေပြတ်တော့မယ်မဟုတ်လား"

အမေက ထီးလေးဆောင်းက ပြန်ထွက်သွားသည်။ မောင်ထူးတစ်ယောက်ကတော့ ဆိုင်တွင်ဆက်ထိုင်နေဖြစ်သည်။ ကိုးနာရီ၊ ဆယ်နာရီဆိုရင် ဈေးကလူကွဲပြီ၊ ဈေးဝယ်သူလဲပါးသွားသည်။ နွေရာသီလဲဖြစ်တာမို့ နေမြင့်လျှင် ဈေးလာသူသိပ်မရှိတော့။ သို့သော်လည်း ဈေးကွဲသည့်တိုင် ဈေးလာသူတစ်ယောက်နှစ်ယောက်က မောင်ထူးဆိုင်တွင် တစ်ခုမဟုတ်တစ်ခုတော့ ဝင်ဝယ်နေကြဆဲဖြစ်ရာ အခြားဈေးသည်များမှာ ဆိုင်ခန်းများသိမ်းသူကသိမ်း၊ တစ်ရေးတစ်မောအိပ်သည့်သူက အိပ်နေကြသော်လည်း မောင်ထူးကတော့ ဈေးရောင်းနေရလေသည်။

(၂ )

ဝယ်သူနှစ်ယောက်ထွက်သွားတော့ ဆိုင်ရှေ့ကို မိငယ်ရောက်လာသည်။ မိငယ်မှာ သူနှင့်တစ်တန်းတည်း အတူတက်နေသည့် သူငယ်ချင်းဖြစ်သည့်အပြင် လေးဆိုင်ကျော်တွင် သူတို့၏အထည်ဆိုင်ရှိသဖြင့် နေ့လည်လူပါးလျှင် သူငယ်ချင်းမောင်ထူးထံသို့ လာလည်လေ့ရှိသည်။ မိငယ်ရောက်လာသည်နှင့် မောင်ထူးက ဆိုင်ပေါ်တက်ခိုင်းလိုက်ပြီး အတူတူထိုင်ဖြစ်ကြသည်။

"အရမ်းရောင်းနေရပါလား၊ မကြာခင် သူဌေးဖြစ်တော့မယ်ထင်ပါ့"

"နင်ကလဲ မနောက်ပါနဲ့ဟာ၊ ငါတို့က ကုန်ခြောက်ရောင်းတာ တစ်ခါမြတ်မှာ ငါးပြား၊ ဆယ်ပြားလောက်မြတ်တာ၊ နင်တို့လို တစ်ကျပ်နှစ်ကျပ် မြတ်တာမဟုတ်ဘူးဟ"

မောင်ထူးစကားကြားတော့ မိငယ်က ပြုံးနေမိသည်။

"ဒါနဲ့ ငါ့အမေက မေးခိုင်းလိုက်တယ်၊ နင်တို့ဈေးရောင်းကောင်းတာ အဆောင်တို့ ယတြာတို့မရှိဘူးလားတဲ့"

မောင်ထူးသေချာစဉ်းစားပြီး ခေါင်းခါလိုက်သည်။

"အဲဒီလိုတော့မရှိဘူးဟ၊ ဈေးကလဲ ခုတစ်ပတ်လောက်မှ အရမ်းရောင်းကောင်းနေတာ"

"ကဲပါ ထားပါတော့၊ ရှေ့တစ်ပတ်ငါ့မွေးနေ့ရှိတယ်နော်၊ နင်ဘာပေးမှာလဲ"

"ဟား၊ မွေးနေ့ရှင်က ဘာကျွေးမှာလဲဆိုတာကြည့်ရဦးမှာပေါ့"

သူတို့နှစ်ယောက်ပျော်ရွှင်စွာရယ်မောလိုက်ကြသည်။ အမှန်တော့ မိငယ်အပေါ် မောင်ထူးက သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေဖြစ်ပေါ်နေခဲ့သည်ကို မိငယ်သိပုံမရသေး။ အခုလဲ မိငယ်မွေးနေ့အတွက် နိုင်ငံခြားဖြစ် နှုတ်ခမ်းနီတောင့်ကလေးတစ်ခု လက်ဆောင်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ မိငယ်က မိတ်ကပ်မပြင်သော်လည်း ဆိုင်ထိုင်လျှင် သနပ်ခါးလိမ်းပြီး နှုတ်ခမ်းနီဆိုးတတ်သဖြင့် မောင်ထူးက မိငယ်ကြိုက်သည့်နှုတ်ခမ်းနီကိုသာ ဝယ်ပေးတော့မည်။

သို့သော် နှုတ်ခမ်းနီဈေးကလဲ မသေးလှ။ ဈေးထဲအလှကုန်ရောင်းသည့်ဆိုင်တွင် သူဈေးမေးကြည့်ရာ တစ်တောင့်ကို လေးကျပ်ခွဲဖြစ်သည်။ မုန့်ဟင်းခါးတစ်ပွဲ တစ်မတ်ခေတ်တွင် လေးကျပ်ခွဲဆိုသည်က သူ့အဖို့တော့ အတော်များသည့်ငွေကြေးဖြစ်ပေသည်။ မိငယ်ပြန်သွားတော့ မောင်ထူးက ဆိုင်ခေါင်ဓနိမိုးအကြားတွင် ဆီစိမ်စက္ကူနှင့်ထုတ်ပိုးထားသည့် စက္ကူခေါက်ကလေးကို လှမ်းနှိုက်ကြည့်လိုက်သည်။ အထဲတွင်တော့ သူအမေမသိအောင် ခိုးစုဆောင်းထားသည့် အကြွေစေ့လေးများရှိသည်။ ထိုအကြွေစေ့လေးများကို ရေတွက်ကြည့်ရာ သုံးကျပ်နီးပါးရှိနေပြီဖြစ်သည်။ ရေတွက်ပြီးတော့ အကြွေစေ့လေးများကို ပြန်ဖွက်ထားလိုက်သည်။

"အင်း ရှေ့တစ်ပတ်ဆိုရင်တော့ လေးကျပ်ခွဲပြည့်လောက်မယ်ထင်တယ်"

ထိုစဉ် ဆိုင်ရှေ့တွင် အကိုကြီးတစ်ယောက် ရောက်လာသည်။

"ညီလေးရေ၊ ထုံးစံအတိုင်း ဆေးပေါ့လိပ် ပေးပါ"

ထိုအကိုကြီးက သူတို့ဆိုင်တွင် ဈေးဝယ်နေသည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်ပြီး မောင်ထူးနှင့်လဲ မျက်မှန်းတမ်းမိနေသည်။ သူက မောင်ထူးတို့ဒေသထွက် တံဆိပ်မပါသည့် လက်ဖြစ်ဆေးပေါ့လိပ်ကို ကြိုက်နှစ်သက်သူဖြစ်သဖြင့် ဆေးပေါ့လိပ်လာဝယ်နေသူဖြစ်သည်။

"တစ်လိပ်ငါးပြား"

"တစ်မတ်ဖိုးပေးကွာ"

မောင်ထူးလဲ ဆေးလိပ်များကို သားရေပင်ကွင်းဖြင့် စည်းနှောင်ပြီးလှမ်းပေးလိုက်သည်။

"ဒါနဲ့ အကိုက တခြားဆေးလိပ်မသောက်ဘဲ ဘာလို့တံဆိပ်မပါတဲ့ ဒီဆေးလိပ်ကိုကြိုက်တာလဲ၊ နာမည်ကြီးတဲ့ နှင်းဆီတို့၊ ကျားပျံတို့သောက်ပေါ့"

"မတူဘူးငါ့ညီရ၊ ဒီဆေးလိပ်က ချိုလဲချိုတယ်၊ ပြင်းလဲပြင်းတယ်၊ တခြားဆေးလိပ်တွေက နာမည်ကြီးပေမယ့် ပေါ့တော့တော့နဲ့ အကိုတော့မကြိုက်ပါဘူး"

ထိုသို့ပြောပြီးနောက် မောင်ထူးကို တစ်မတ်စေ့လေးတစ်စေ့ပေးခဲ့ရာ မောင်ထူးလဲ ထိုတစ်မတ်စေ့လေးအား အမေ့ကိုမပြဘဲ ယူထားမည်ဟု ဆုံးဖြတ်ပြီး ထုံးစံအတိုင်း ဆိုင်ခေါင်မိုးပေါ်တွင် ဖွက်ထားလိုက်တော့သည်။ ထိုနေ့က အမေပြန်ရောက်လာပြီး ကုန်တွေထပ်ဖြည့်သည်။ ညနေစောင်းတော့ မောင်ထူးလဲ သူငယ်ချင်းတွေနှင့် ဘောလုံးသွားကန်ဖြစ်သည်။ ငါးနာရီခွဲလောက်တော့ ဈေးကိုပြန်ပြေးလာခဲ့သည်။ ညနေဈေးကပြီးဆုံးပြီဖြစ်သဖြင့် ဈေးတွင် လူနည်းသွားပြီ၊ ဈေးသည်အချို့သာ ဆိုင်တွေကိုသိမ်းနေရာ မောင်ထူးလဲ မိခင်ကိုကူရင်းဆိုင်သိမ်းနေမိသည်။

"အမေပြန်ရင်ပြန်တော့လေ၊ သားဆိုင်သိမ်းပြီး အမှိုက်တွေပစ်ရင်း အနောက်ကလိုက်ခဲ့မယ်"

အမေဖြစ်သူက ဆွဲခြင်းကလေးဆွဲပြီး ဈေးကနေပြန်သွားသည်။ မောင်ထူးလဲ ပဲများ၊ အာလူးများ၊ ငရုတ်သီးများကို ဂုန်နီအိတ်များထဲပြန်ထည့်ပြီးနောက် ဆိုင်အတွင်းသို့ထည့်ကာ ဆိုင်တံခါးကိုသော့ခတ်၍ ပိတ်နေလိုက်သည်။ ထိုစဉ် ဆိုင်ရှေ့တွင် ယောက်ျားတစ်ယောက် လာရပ်နေသည်ကိုတွေ့လိုက်ရသည်။

"အဟင်း . . ."

ထိုယောက်ျားက ထိုသို့အသံပြုလိုက်သည်ကို မောင်ထူးက ဆိုင်တံခါးပိတ်နေရင်း လှည့်မကြည့်ဘဲ

"ဆိုင်ပိတ်ပြီဗျ"

ထိုသို့ပြောလိုက်ပြီးနောက် ထိုသူအားလှည့်ကြည့်သည့်အခါတွင် ဘာမှမတွေ့ရတော့။ မောင်ထူးလဲ ထူးဆန်းသွားသဖြင့် ဆိုင်အပြင်သို့ ခေါင်းထွက်ကြည့်လိုက်ရာ ဈေးလမ်းတွင်လဲ လူတစ်ဦးတစ်ယောက်မှ ရှိမနေ။ အမှန်ဆို ထိုလူဘယ်လောက်မြန်မြန် ဈေးလမ်းတွင်တော့ တွေ့ရမည်ဖြစ်သော်လည်း ခပ်လှမ်းလှမ်းမှ ဆိုင်သိမ်းလာသည့်ဈေးသည်အချို့သာတွေ့ရပြီး သူတို့အနားတွင်တော့ လူမတွေ့ရ။

"ငါပဲ စိတ်ထင်နေတာလား"

ထိုသို့တွေးလိုက်သော်လည်း မောင်ထူးလဲ ကျောချမ်းလာသဖြင့်ဆိုင်ကိုမြန်မြန်သိမ်းကာ လူရှင်းနေပြီဖြစ်သော ဈေးထဲမှပြေးထွက်လာခဲ့သည်။ နွေရာသီမို့ နေဝင်နောက်ကျသော်လည်း ဈေးအတွင်းမှာတော့ ဆိုင်ခန်းများ၏အရိပ်ကြောင့် မှောင်မိုက်နေပြီဖြစ်သည်။ မောင်ထူးလဲ ဆိုင်ခန်းများကိုဖြတ်လျှောက်လာရင်း သူ့အနောက်မှ ချောင်းဟန့်သံကို ပီပီသသကြားလိုက်ရသည်။ သို့သော်လှည့်ကြည့်သည့် အချိန်တွင်တော့ မည်သူမှမရှိ။ မှောင်မိုက်နေသည့်ဆိုင်ခန်းများအကြား မောင်ထူးပြေးလွှားပြီး ဈေးအပြင်သို့ပြေးထွက်လာရာ ဈေးစောင့် ကိုသံခဲနှင့် ဝင်တိုက်မိတော့သည်။

"ဟ၊ မောင်ထူးရ ဘာဖြစ်လာတာလဲကွ"

"ဟို . . ဟိုလေ"
မောင်ထူးဘာမှမပြောတော့ဘဲ ဆက်လျှောက်လာခဲ့တော့သည်။ ကိုသံခဲမှာ ဈေးစောင့်ဖြစ်သည်။ ယာယီဈေးပင်ဖြစ်သော်လည်း ဈေးအတွင်း အထည်ဆိုင်များ၊ ကုန်စုံဆိုင်များရှိရာ ဈေးကို ပတ်ပတ်လည်သံဆူးကြိုးနှင့် ကာထားပြီး ဈေးစောင့်များကိုလဲ တာဝန်ပေးထားရာ သူတို့မြောက်ဘက်ဈေးပေါက်တွင် ဈေးစောင့်အဖြစ် ကိုသံခဲက တာဝန်ယူလေသည်။ ကိုသံခဲတို့လို ဈေးစောင့်များအတွက် ဈေးသည်များက ဈေးလူကြီးထံ လစဉ်ပေးသွင်းကာ အခပေးစောင့်ကြပ်ခိုင်းခြင်းဖြစ်ပါ၏။

(၃ )

မောင်ထူးက ဈေးအပြင်သို့ အပြေးတစ်ပိုင်းထွက်သွားသည်ကိုကြည့်ရင်း ကိုသံခဲတစ်ယောက် ပြုံးနေမိသည်။ လူငယ်တွေသဘာ၀ ပြေးလွှားတတ်သည်ကို တွေးမိပြီး ပြုံးလိုက်ခြင်းဖြစ်သည်။ မောင်ထူးနှင့်လဲ ကိုသံခဲက ခင်မင်နေသည့်အတွက်ကြောင့် မောင်ထူးအားအပြစ်မဆိုတော့။ ဈေးပေါက်ဝတွင် လုံခြုံရေးများအတွက် သစ်သားဖြင့်တည်ဆောက်ထားသည့် ကင်းတဲကလေးရှိရာ ကိုသံခဲက ထိုကင်းတဲကလေးပေါ်တွင် ထိုင်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေမိသည်။

အချိန်က ခြောက်နာရီကျော်လာပြီဖြစ်သဖြင့် ဈေးသည်များအားလုံး ပြန်သွားကြပြီဖြစ်ရာ ကိုသံခဲလဲ ကင်းတဲမှထပြီး သုံးတောင့်ထိုး ဓါတ်မီးကိုယူ၍ ဈေးထဲဝင်ခဲ့သည်။ ဈေးတံခါးကိုလဲပိတ်လိုက်ပြီး ဈေးကိုပတ်ကြည့်ရန်ထွက်လာခဲ့သည်။ ထိုဈေးတွင် ဈေးစောင့် သုံးယောက်ရှိပြီး အရှေ့ဘက်အပေါက်တွင် ကိုမဲလုံး၊ အနောက်ဘက်အပေါက်တွင် ကိုထင်ပေါ်နှင့် မြောက်ဘက်အပေါက်တွင်တော့ ကိုသံခဲ သုံးယောက်ရှိကြပြီး သူတို့သုံးယောက်မှာ တစ်ယောက်တစ်နေရာတွင် စောင့်ကြရသည်။

ကိုသံခဲ၏တာဝန်က ဈေးသူဈေးသားများပြန်သွားသည့်အခါတွင် ဈေးဆိုင်များကိုပတ်ကြည့်ရင်း ဈေးဆိုင်တံခါးများ သေချာပိတ်မပိတ်နှင့် ဈေးအတွင်း သူခိုးသူဝှက်များ ဝင်ရောက်မှု ရှိမရှိကို လိုက်လံစစ်ဆေးရခြင်းဖြစ်သည်။ လက်တစ်ဖက်တွင် ဓါတ်မီးနှင့် လက်တစ်ဖက်တွင်တော့ သစ်သားတုတ်တစ်ချောင်းကိုကိုင်ရင်း ဆိုင်ခန်းများအကြားရှိ ကျဉ်းမြောင်းသည့် ဈေးလမ်းကလေးများအတိုင်း လိုက်လံကြည့်ရှုစစ်ဆေးနေရသည်။ ဈေးအတွင်းတွင်တော့ ဆိုင်ခန်းတစ်ချို့မှ ထွန်းထားသည့် မီးသီးမီးရောင်များရှိသော်လည်း ဆိုင်ခန်းအများစုမှာ မီးမရှိသောကြောင့် မှောင်မိုက်နေလေသည်။ ကိုသံခဲ လမ်းလျှောက်လာရင်း မောင်ထူးတို့ ဆိုင်ခန်းနားအရောက်တွင် လူတစ်ယောက် ငုတ်တုတ်ကြီးထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဓါတ်မီးဖြင့် လှမ်းထိုးလိုက်ရာ ရှပ်အကျီအကွက်စိတ်နှင့် ပုဆိုးတိုတိုဝတ်ဆင်ထားသည့် သူဖြစ်နေသည်။

"ဟေ့ ဘယ်သူလဲ"

ကိုသံခဲ အသံပေးလိုက်ရင်း လက်ကတုတ်ကိုအသင့်ပြင်ထားကာ ထိုနေရာသို့ပြေးသွားလိုက်သည်။ ကိုသံခဲပြေးလာသည်ကိုမြင်တော့ ထိုလူက မတ်တပ်ထရပ်ပြီး ဆိုင်ခန်းနှစ်ခုအကြားသို့ပြေးဝင်သွားလေသည်။ ကိုသံခဲလဲအမြန်လိုက်ပြီး ဆိုင်ခန်းနှစ်ခုကြားသို့ ဓါတ်မီးဖြင့်ထိုးကြည့်လိုက်ရာ လန့်သွားတော့သည်။

"ဟာ၊ ဘယ်ရောက်သွားတာလဲဟ"

ဆိုင်ခန်းနှစ်ခုအကြားမှာ နေရာကျဉ်းကျဉ်းကလေးသာရှိပြီး လူကြီးတစ်ယောက်ဝင်ရန်မပြောနှင့် ကလေးတစ်ယောက် ဘေးစောင်းတိုးလျှင်တောင် မဆန့်နိုင်ပေ။ ကိုသံခဲလဲ ထူးဆန်းပြီး ဆိုင်အောက်ခြေများနှင့် ဆိုင်ပတ်ဝန်းကျင်ကိုပါ လှည့်ပတ်ကြည့်ရှုရာ ထိုလူ၏အရိပ်အယောင်ပင်မတွေ့ရ။

"ထူးတော့ထူးနေပြီ၊ ဒီလူဘယ်ရောက်သွားလဲ"

မိနစ်နှစ်ဆယ်ခန့် ထိုနေရာတွင် ရှာဖွေပြီးသော် ကိုသံခဲလက်လျှော့လိုက်ရတော့သည်။ သူက သရဲတစ္ဆေကို ယုံလဲမယုံ၊ ကြောက်လဲမကြောက်တတ်သည့်သူမို့ လူတစ်ယောက်ဟုသာထင်နေသည်။ သို့သော်ကိုသံခဲစိတ်ထဲတွင် အကြံတစ်ခုရသွားသည်။ ယခုနေရာမှ ထွက်သွားပြီး မကြာခင် တိတ်တိတ်ကလေးပြန်လာကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဘာမှမဖြစ်သလိုနှင့် ထိုနေရာမှ ဆက်လက်ထွက်ခွာခဲ့သည်။

ဈေးအလယ်ခေါင်တွင် ဈေးရုံးရှိသည်။ ထိုအနီးတွင် အရှေ့ဘက်အပေါက်တွင် တာဝန်ကျသည့် ကိုမဲလုံးနှင့် ဆုံကြသည်။ ကိုမဲလုံးလဲ ထုံးစံအတိုင်း ဈေးထဲလှည့်ပတ်ကြည့်ရှုနေခြင်းဖြစ်သည်။ ကိုမဲလုံးက အမည်အတိုင်း အရပ်ပုပု အသားမဲမဲနှင့် ခန္ဓာကိုယ်က ၀၀ဖိုင့်ဖိုင့်နှင့်မို့ သူ့ကို ကိုမဲလုံးဟုသာခေါ်ကြသည်။

"ကိုမဲလုံးတွေ့ရတာအတော်ပဲဗျာ၊ ကျုပ်ဟိုဘက်မှာ ခုနက လူတစ်ယောက်တွေ့လိုက်လို့ ကျုပ်လဲလိုက်ရှာတော့ အဲဒီလူက ဆိုင်ခန်းကြားထဲဝင်ပြေးပြီး ပျောက်သွားတာဗျာ"

"ဟာ ဟေ့ကောင်၊ ဒါသူခိုးပဲထင်တယ်ကွ၊ ငါ့အထင် ဆိုင်ခန်းတစ်ခုခုထဲဝင်ပုန်းနေတာဖြစ်မယ်"

"ဒါဆို ကိုမဲလုံးလဲလိုက်ခဲ့၊ ကျုပ်တို့အတူတူဖမ်းမယ်"

သူတို့နှစ်ယောက် ထိုနေရာသို့ထွက်လာခဲ့ကြသည်။ ကိုသံခဲက သစ်သားတုတ်တစ်ချောင်းကိုင်ထားသလို ကိုမဲလုံးက တစ်တောင်ခန့်ရှိသည့် သံပိုက်လုံးအား ကိုင်ထားကြသည်။ ဆိုင်ခန်းအနားအရောက်တွင် ဓါတ်မီးပိတ်လိုက်ကြပြီး အမှောင်ထဲ တဖြည်းဖြည်းလျှောက်လာခဲ့ကြသည်။

"ကိုမဲလုံး ဟို . . ဟိုမှာ"
မောင်ထူးတို့ဆိုင်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့်လူတစ်ယောက်ကို မသဲမကွဲလှမ်းမြင်ရသည်နှင့် ကိုသံခဲက ကိုမဲလုံးကို လေသံလေးဖြင့် ပြောလိုက်ရာ ကိုမဲလုံးလဲ စိုက်ကြည့်နေသည်။

"အေးကွ၊ ဒီလူဘာလဲတော့မသိဘူး၊ လက်တော့မလွန်စေနဲ့၊ ဒီလိုလုပ် ငါက ဒီဖက်ကနေပတ်သွားပြီး ဟိုဖက်ထိပ်က ပိတ်ဖမ်းမယ်၊ မင်းက ဒီဖက်ထိပ်ကပိတ်ဖမ်း၊ ဒီကြားမှာလဲ လမ်းကြားမရှိဘူးဆိုတော့ ဒီလူပြေးနိုင်မှာမဟုတ်ပါဘူးကွာ"

မကြာခင် ကိုမဲလုံးက တစ်ဖက်ဈေးလမ်းကြားမှ ပတ်သွားကာ ဟိုဖက်ထိပ်သို့ရောက်သွားသည်။ ကိုသံခဲကို အချက်ပြသည့်အနေနှင့် ဓါတ်မီးကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြလိုက်သည်။ ထိုအခါ ကိုသံခဲကလဲ ထိုလူကို ဓါတ်မီးဖြင့်ထိုးကြည့်ရင်း

"ဟေ့လူ၊ မပြေးနဲ့"

ထိုသို့အော်ကာ ထိုလူထံသို့ပြေးသွားလိုက်သည်။ ဆိုင်ခန်းပေါ်ထိုင်နေသည့်သူက ကြောက်လန့်ပြီး ဈေးလမ်းအတိုင်းဆင်းပြေးရာ ကိုမဲလုံးကလဲ တစ်ဖက်မှပြေးလာပြီး ထိုလူအားပိတ်ဖမ်းတော့သည်။ ထိုလူက ကိုမဲလုံးနှင့် အလွန်နီးကပ်လာသည်မို့ လက်နှစ်ဖက်ဖြင့် ထိုလူကို အတင်းဖမ်းချုပ်လိုက်သော်လည်း ကိုမဲလုံးလက်ထဲ ဘယ်အရာမှ ပါမလာဘဲ အလွန်အေးစက်သည့် လေတစ်ခုက သူ့ကိုဖြတ်တိုက်သွားသလို ခံစားလိုက်ရသည်။ ကိုမဲလုံးလဲ အံ့သြသွားပြီး အနောက်သို့လှည့်ကြည့်ရာ ထိုလူမှာ ဈေးလမ်းအတိုင်း ဆက်ပြေးသွားပြီး အမှောင်ထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

ကိုသံခဲရော၊ ကိုမဲလုံးရော နှစ်ယောက်သား စကားမပြောနိုင်ကြတော့။ ဇောချွေးတွေပြန်နေပြီး ထိုလူထွက်ပြေးသွားသည့်အနောက်သို့ လိုက်ကြည့်နေမိသည်။

"သံခဲရေ၊ မင်း . . မင်းတွေ့လိုက်လား"
"တွေ့တယ်၊ ဒီလူက ကိုမဲလုံးကို ဖြတ်ပြေးသွားတာကို ဓါတ်မီးရောင်နဲ့ မြင်လိုက်ရတယ်"

"ဒါဆိုရင်တော့ ဒီဟာလူမဖြစ်နိုင်ဘူး၊ သေချာတယ် လူမဖြစ်နိုင်ဘူး"

သရဲမယုံသည့် ကိုသံခဲရော၊ သရဲမကြောက်တတ်သည့် ကိုမဲလုံးပါ လန့်သွားပြီး တစ်ကိုယ်လုံး ကြက်သီးတွေထလာတော့သည်။ ထိုစဉ် သူတို့နောက်မှာ အသံကြီးကိုကြားလိုက်ရလေသည်။

"ဟီး . . ဟင်း . . ဟင်း........"
အော်ဟစ်ညည်းညူသံကြီးကိုကြားလိုက်ရသဖြင့် သူတို့နှစ်ယောက်လှည့်ကြည့်လိုက်ကြသည်။ မောင်ထူးတို့ဆိုင်ခေါင်မိုးပေါ်မှနေ၍ လူတစ်ယောက်က ဇောက်ထိုးကြီး တွဲလောင်းဆွဲခိုနေသည်ကိုတွေ့ရသည်။ ကိုသံခဲလဲ လက်ထဲက ဓါတ်မီးဖြင့် အမှတ်မထင်ထိုးကြည့်လိုက်ရာ သူတို့ကိုကြည့်၍ သွားဖြဲပြနေသည့် လူတစ်ယောက်ကိုတွေ့ရသည်။ ထိုသူမှာ ခုနက သူတို့လိုက်ခဲ့သည့်လူပင်ဖြစ်နေသည်။

"ဟီး . . ဟင်း . . ဟင်း........"
ရယ်သံလိုလို ညည်းသံလိုလိုကြီးပေးပြီး အော်ဟစ်နေလေရာ ထိုအသံကြီးကိုကြားရသည့် ကိုသံခဲနှင့် ကိုမဲလုံးတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးနောက် နှစ်ဦးသားမတိုင်ပင်ဘဲ ခြေကုန်သုတ်ပြေးကြတော့သည်။

(၄)

သန်းခေါင်ယံအချိန်။
နွေရာသီဖြစ်သောကြောင့် အလွန်ပူအိုက်လွန်းလှသဖြင့် မောင်ထူးတစ်ယောက် အိမ်ရှေ့ခန်းရှိ ခေါင်းရင်းပြတင်းပေါက်ကိုဖွင့်အိပ်သည်။ ထိုစဉ်

"မောင်ထူး......မောင်ထူး၊ ထပါအုံးဟ......."
ခေါင်းရင်းမှခေါ်သံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ပြတင်းပေါက်အပြင်တွင် လူတစ်ယောက်ရပ်နေသည်။ မောင်ထူးလဲ လန့်သွားသည်။ ထိုသူ၏ မျက်နှာကိုမမြင်ရဘဲ လူကိုယ်လုံး မည်းမည်းကြီးကိုသာ မြင်နေရသည်။ မောင်ထူးတို့အိမ်မှာ တစ်ထပ်အိမ်ဆိုသော်လည်း အတော်အတန်မြင့်သဖြင့် လူတစ်ယောက် ထိုပြတင်းပေါက်ကို တက်ရန်မှာသိပ်မဖြစ်နိုင်ပေ။

"ဘာ.........ဘယ်သူလဲ"
"မင်းယူထားတဲ့ပိုက်ဆံ ငါ့ကိုပြန်ပေးပါ"

မောင်ထူးလဲ ထူးဆန်းသွားသည်။

"ဘာတွေလာပြောနေတာလဲ၊ ဘာပိုက်ဆံလဲ"

"အဲဒီပိုက်ဆံကို မြို့ပြင်က သုဿန်မှာလာပြန်ထားပေးပါ၊ မဟုတ်ရင် မင်းကိုငါ ဂုတ်ချိုးသတ်ပစ်မယ်"

ထိုလူကြီးက ထိုသို့ပြောပြီး သူ့ပါးစပ်ကြီးကိုဖြဲလိုက်ရာ ပါးစပ်အတွင်းမှ အစွယ်တဖွေးဖွေးကို မြင်တွေ့လိုက်ရသည်မို့ မောင်ထူးလဲ လန့်ပြီးအော်ဟစ်လိုက်မိသည်။ မောင်ထူးအော်သံကြားတော့ အမေက အခန်းထဲကနေပြေးထွက်လာသည်။ ညီမလေးက အခန်းထဲတွင် အမေနှင့်အတူအိပ်နေသော်လည်း ကလေးမို့ မောင်ထူးအော်သံကြောင့် မနိုးပေ။

"သား ဘာဖြစ်တာလဲ"

မောင်ထူးတစ်ကိုယ်လုံး ချွေးတွေရွှဲစိုနေသည်။ အမေ့ကိုတွေ့တော့ ပြေးဖက်ထားမိသည်။ အချိန်အနည်းငယ်ကြာတော့မှ အမေ့ကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည့်အခါ အမေက ပရိတ်ရေတိုက်သည်။ ခေါင်းရင်းတံခါးကိုလဲ ပိတ်လိုက်ကြတော့သည်။

"သား မှန်မှန်ပြောနော်၊ သားဘယ်သူ့ပိုက်ဆံကို ယူထားတာလဲ"

"အဲဒါတော့ သားလဲမသိဘူးအမေ၊ သူဘာပြောမှန်း သားလဲနားမလည်ဘူး"

"သားမလိမ်တတ်ဘူးဆိုတာအမေသိတယ်၊ အမှန်တော့ နေ့လည်ကတည်းက ဆိုင်မှာထူးခြားနေခဲ့တာ"

"ဟုတ်လားအမေ၊ ဘယ်လိုထူးခြားတာလဲ"

ထိုနေ့ညနေပိုင်းတွင် ဒေါ်မြတစ်ယောက် ဆိုက်ကားဖြင့် ကုန်တွေသယ်လာခဲ့ပြီး ဆိုက်ကားသမားက ကုန်တွေကိုသယ်ကာ ဆိုင်ပေါ်တင်ပေးနေသည်။ သားဖြစ်သူမောင်ထူးက မကြာခင်တွင် သူငယ်ချင်းများနှင့် ဘောလုံးကန်ရန်ထွက်သွားတော့ ညနေပိုင်းဈေးကို ဒေါ်မြတစ်ယောက် ဆက်ရောင်းနေဖြစ်သည်။ ညနေပိုင်းတွင်လဲ ဈေးက အရောင်းသွက်နေရာ ဒေါ်မြမှာ ဈေးဝယ်များကြားတွင် မအားမလပ်နိုင်ဖြစ်နေသည်။ လက်ဖက်ရည်ကြိုက်သည့် ဒေါ်မြမှာ လူပါးချိန်တွင် ဆိုင်ခုံပေါ်တင်ထားသည့် လက်ဖက်ရည်ခွက်ကို ကောက်သောက်ရန် လုပ်လိုက်စဉ် နှာခေါင်းအတွင်းသို့ ညှီစို့စို့အနံ့ကြီးက ဝင်လာလေသည်။

"နံလိုက်တာ ဘာနံ့ကြီးလဲ"

အနီးပတ်ဝန်းကျင်ကို ယပ်တောင်ဖြင့် ခပ်ထုတ်လိုက်သော်လည်း ထိုအနံ့မှာ ရမြဲအတိုင်းရနေသည်။ ဒေါ်မြက အပုပ်နံ့မှန်းတော့သိသည်။ သို့သော်သေချာစေရန် အပုပ်နံ့ကို သေချာအနံ့ခံကြည့်တော့ ကြွက်သေပုပ်၊ ခွေးသေကောင်ပုပ်အနံ့မဟုတ်ဘဲ လူသေကောင် အပုပ်နံ့ကြီးဖြစ်နေတော့သည်။ ဒေါ်မြတို့ရွာတွင် လူသေလျှင် ရွာပြင်တွင် အလောင်းစင်နှင့်ထားလေ့ရှိရာ လူသေပုပ်နံ့မှာ အသုဘပို့တိုင်း ရနေကျဖြစ်သဖြင့် ထိုအနံ့မှန်း တမ်းပြီးသိလိုက်သည်။

လက်ဖက်ရည်ခွက်ကို သောက်ရန်အတွက် နှုတ်ခမ်းနားသို့တေ့လိုက်သည့်အခါ လက်ဖက်ရည်ခွက်အောက်ခြေတွင် လူလက်ညှိုးကြီးတစ်ခုကိုတွေ့လိုက်ရသဖြင့် ဒေါ်မြလဲ လန့်သွားကာ လက်ဖက်ရည်ခွက်ကို လွှတ်ချလိုက်တော့သည်။

"အောင်မယ်လေး"

ကွဲသွားသည့် လက်ဖက်ရည်ခွက်ကို သေချာကြည့်လိုက်တော့ လူလက်ညှိုးတွေ့ဖို့နေနေသာသာ ယင်ကောင်တစ်ကောင်ပင်မတွေ့ရချေ။ ဒေါ်မြလဲ ကျောတွေချမ်းလာသည်။ ထို့ကြောင့် ဘုရားစာတွေဆက်ရွတ်ရင်း ဈေးဆက်ရောင်းနေမိသည်။ ထိုနောက်ပိုင်းတော့ ဘာမှဆက်မဖြစ်တော့၊ ညနေပိုင်းတွင် သားဖြစ်သူက ဈေးဆိုင်လာသိမ်းတော့ သားဖြစ်သူကို စိတ်ပူသွားမိသည်။ သို့သော် မောင်ထူးမှာ မကြောက်တတ်သည်ကတစ်ကြောင်း၊ သူ့ကိုခြောက်လှန့်သော သရဲမှာ ထွက်သွားပြီဟု ထင်နေသည်ကတစ်ကြောင်းမို့ အိမ်ကိုပြန်လာခဲ့မိသည်။

အမေဖြစ်သူပြောပြသည်များကိုနားထောင်ရင်း မောင်ထူးလဲ အံ့သြနေမိသည်။

"ဒါဆိုအမေ့ကိုလဲ ပြောပြရအုံးမယ်၊ ညနေက ဆိုင်သိမ်းတော့ ကျွန်တော်လူတစ်ယောက်တွေ့တယ်၊ သူက ဆိုင်သိမ်းပြီးကျွန်တော့်နောက်ကိုလိုက်လာသေးတယ်"

"ဘာတွေဖြစ်နေမှန်းမသိပါဘူးသားရယ်၊ သားဘုရားစာရွတ်ပြီးအိပ်၊ မနက်ဖြန်ကျတော့ အမေတို့ ဆိုင်ရဲ့အခြေအနေကို တစ်ချက်သွားကြည့်တာပေါ့"

(၅)

"အရီးဒေါ်မြရေ ဈေးကိုလာခဲ့ပါအုံး"

မနက် ၆ နာရီပင်မထိုးသေးပေ၊ မောင်ထူးသူငယ်ချင်း မိငယ်က စက်ဘီးကလေးနှင့် သူတို့အိမ်သို့လာခေါ်သဖြင့် ဈေးသွားရန်ပြင်ဆင်နေသော ဒေါ်မြနှင့် မောင်ထူးတို့ ဈေးကိုပြေးလာခဲ့ကြသည်။ သူတို့ဆိုင်ခန်းအရောက်တွင် ဆိုင်ခန်းကို ဈေးလူကြီးများနှင့် အခြားဈေးရောင်းသူများ၊ ဈေးလာဝယ်သူများက ဝိုင်းကြည့်နေကြသည်။

"ဘာ.......ဘာဖြစ်လို့လဲ"
ဒေါ်မြက လူအုပ်ကြားထဲပြေးဝင်သွားပြီး ဈေးလူကြီးကိုမေးလိုက်သည်။ ထိုအခါ ဈေးလူကြီးက ဘာမှမပြောဘဲ ဆိုင်ခန်းကိုလက်ညှိုးထိုးပြလိုက်သည်။ ဈေးဆိုင်ခန်းက ပိတ်လျှက်သားဖြစ်သည်။ သို့သော်ဈေးဆိုင်ခန်းအတွင်းမှ အသံတွေထွက်နေ၏။

"ဒုန်း......ဝုန်း"
လူများလုံးထွေးသတ်ပုတ်သံလိုလို၊ ပြေးလွှားခုန်ပေါက်နေသည့်အသံလိုလိုဖြစ်နေသည်။ ဒေါ်မြလဲ အံ့သြနေမိသည်။ မောင်ထူးက မဝံ့မရဲနှင့် ဆိုင်ပေါ်တက်သွားကာ ဆိုင်ခန်းတံခါးကို သော့ဖွင့်လိုက်သည်။ ထို့နောက်အများမြင်စေရန်အတွက် ဆိုင်တစ်ခုလုံးကိုဖွင့်လိုက်သည့်အခါ အထဲတွင် မည်သူမှမရှိပေ။ ရပ်ကြည့်နေသည့်သူများအားလုံး အံ့သြသွားကြသည်။

"ဘာမှမရှိဘဲ ဘာအသံတွေထွက်နေတာလဲ"

"ဟာ ဒီမှာကြည့်စမ်းပါဦး"

လူတစ်ယောက်ညွှန်ပြတော့မှ အားလုံးပြေးကြည့်လိုက်မိသည်။ ထိုအခါ တစ်တောင်ခန့်ရှိမည့် လူခြေရာကြီးတစ်ခုကိုတွေ့ရသည်။ ခြေရာကြီးမှာ ဗွက်ပေနေသည့် ခြေရာမဲမဲကြီးဖြစ်ရာ ဈေးအတွင်း ထိုသတင်းက ပျံ့နှံ့သွားလေသည်။

"ဒေါ်မြ ခင်ဗျားတို့က ဈေးရောင်းကောင်းအောင်ဆိုပြီး သရဲမွေးတယ်လို့ပြောနေကြပြီ၊ ဒါတကယ်လား"

ဈေးရုံးတွင် ဒေါ်မြကို ဈေးလူကြီးက မေးတော့သည်။

"မဟုတ်ပါဘူးရှင်၊ ကျွန်မတို့လဲ မသိရပါဘူး"

"ညက ဈေးစောင့် သံခဲနဲ့ မဲလုံးတို့လဲ ခင်ဗျားဆိုင်က သရဲအခြောက်ခံရပြီး အခုဖျားနေကြတယ်၊ ဒီကိစ္စခင်ဗျားဖြေရှင်းပါ"

သူတို့သားအမိလဲ ဘာမှမရှင်းပြတတ်တော့ပေ။ ဈေးသည်တွေအကုန်လုံးကလဲ သူတို့ကိုကြည့်ကာ တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေကြသည်။ မိငယ်မှာလဲ မောင်ထူးကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နေလေသည်။ ထိုစဉ် မောင်ထူးတို့ ဘေးဆိုင်မှ ကွမ်းနှင့်ပက်သက်သည့် ပစ္စည်းရောင်းသည့် ဦးဝကြီးက စကားဝင်ပြောလေသည်။

"ကျွန်တော်တစ်ခုထင်မိတာရှိတယ်"

လူအားလုံးအကြည့်က ဦးဝကြီးထံသို့ရောက်သွားသည်။

"မောင်ထူးဆီမှာ ဈေးလာဝယ်တဲ့အထဲမှာ မြို့ပြင်သုဿန်က ဘခက်ဆိုတဲ့လူငယ်တစ်ယောက်လဲ လာဝယ်တာကို သတိထားမိတယ်၊ ဘခက်နဲ့ ဘယ်လိုသိသလဲဆိုတော့ ဟိုတစ်လောက ကျုပ်အဒေါ်ဆုံးတော့ မြေမြှုပ်ဖို့လုပ်ရင်း သူနဲ့သိသွားတာပဲ"

ဈေးလူကြီးက ခေါင်းခါသည်။

"အဲဒါနဲ့ဘာဆိုင်လဲ"

"ကျွန်တော့်အထင် ဘခက်က လူသေပါးစပ်ထဲက ကူးတို့ခငွေတစ်မတ်ကို နှိုက်ပြီးသုံးနေတယ်ထင်ပါတယ်။ ဒီတော့ သူတို့ဆိုင်က ဈေးဝယ်တဲ့အခါ အဲဒီတစ်မတ်စေ့ကို သုံးခဲ့ပုံရတယ်"

ထိုတော့မှ မောင်ထူးသတိရတော့သည်။ သူ့ဆီအမြဲဆေးပေါ့လိပ်လာဝယ်နေသည့် အကိုကြီးကို သတိရမိသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုအကိုကြီးကလဲ သူတို့ဆိုင်က ဆေးပေါ့လိပ်ကို အမြဲတစ်မတ်ဖိုးဝယ်ပြီး တစ်မတ်စေ့အဟောင်းလေးတွေ ပေးသည်ကို သတိရသွားသည်။ မောင်ထူးလဲ သူရောင်းရသည့်အကြောင်း၊ သူရောင်းရသည့် တစ်မတ်စေ့များကို ပြန်မအမ်းဘဲ ဆိုင်ခေါင်မိုးတွင် ထိုးထားသည့်အကြောင်းနှင့် ညက အိပ်မက်မက်သည့်အကြောင်းများကို ရှင်းလင်းပြောပြလိုက်သည်။ ဈေးလူကြီးမှာ လက်မခံချင်သော်လည်း ဈေးသည်များအားလုံးက မောင်ထူးပြောတာကို ယုံနေကြသည်။

"ကဲ ဒါဖြင့်ရင် နေ့လည်အထိစောင့်မယ်၊ ဘခက်လာရင် သူ့ကိုမေးတဲ့အခါ အားလုံးသိရမှာပါ"

နေ့လည်ကျတော့ ထုံးစံအတိုင်း ဘခက်ရောက်လာသည်။ ထိုအခါ သူ့ကိုဈေးလူကြီးနှင့် ဈေးသည်များက ဝိုင်းမေးကြသည့်အခါတွင် ဘခက်ကလဲဝန်ခံသည်။

"အမှန်တော့ လူသေပါးစပ်ထဲက ပိုက်ဆံပဲဗျာ၊ သုံးလိုက်တော့ဘာဖြစ်လဲ၊ ကျုပ်တို့သုဘရာဇာတွေအတွက်တော့ လူသေပါးစပ်ထဲက ပိုက်ဆံက သုံးရတယ်၊ လူသေ အဝတ်အစား ကောင်းတာဆို ကျုပ်တို့ယူဝတ်တယ်၊ လူသေအတွက် ထမင်းထုပ်ကို ကျုပ်တို့ဖြေစားတယ်၊ ဘာမှမဖြစ်ပါဘူး အားလုံးအေးဆေးပဲ"

"အေးပေါ့၊ မင်းတို့က အေးဆေးဆိုပေမယ့် ငါတို့ကမအေးဆေးဘူးလေကွာ၊ ကဲ မောင်ထူး မင်းသိမ်းထားတဲ့ပိုက်ဆံတွေကို သူ့ကိုပြန်ပေးလိုက်၊ ဘခက် မင်းဒီအကြွေစေ့တွေကိုပြန်ယူသွားတော့"

မောင်ထူးက ဆိုင်ခေါ်မိုးပေါ်မှ ဆီစိမ်စက္ကူနှင့်ထုတ်ပိုးထားသည့် အကြွေစေ့များကို ပြန်ပေးလိုက်တော့သည်။ ဘခက်လဲ ထိုအကြွေစေ့များယူကာ ပြန်သွားလေသည်။ ထိုတော့မှ ဦးဝကြီးက အားလုံးကိုရှင်းပြသည်။

"မသာကူးတို့ခဆိုပေမယ့် မကျွတ်လွတ်သေးတဲ့လူတစ်ယောက်ယောက်က သူ့ကူးတို့ခကို စွဲနေတာဖြစ်ပါလိမ့်မယ်၊ အခုတော့ ကိစ္စလဲရှင်းသွားပြီမို့ ဒေါ်မြတို့သားအမိကို အပြစ်မတင်ကြပါနဲ့၊ သူတို့လဲ သိသိကြီးနဲ့လုပ်ခဲ့တာမှမဟုတ်တာ"

"ဒါနဲ့နေပါဦး၊ မသာကူးတို့ခနဲ့ ဈေးရောင်းကောင်းတာနဲ့ဘာဆိုင်လဲ"

ဈေးသည်တစ်ဦးက ဝင်မေးလိုက်သည်။

"ဟ၊ နင်တို့မကြားဖူးဘူးလားဟ၊ မသာတစ်မတ် စီးပွားတက်ဆိုတာလေ၊ မသာပါးစပ်ထဲက တစ်မတ်စေ့က ဈေးရောင်းကောင်းတယ်၊ လောင်းကစားတွေဘာတွေအကျိုးပေးတယ်လေ၊ တစ်ချို့ဖဲသမားတွေဆိုရင် တစ်မတ်စေ့သွားခိုးပြီး ဆောင်ထားကြတယ်လေ"

ထိုတော့မှ အားလုံးဇတ်ရည်လယ်သွားသည်။ မောင်ထူးတို့ဆိုင်ဈေးရောင်းကောင်းရခြင်းမှာ ဘခက်လာဝယ်သည့် တစ်မတ်စေ့များကို မောင်ထူးက သိမ်းထားသောကြောင့်ဖြစ်မည်ထင်သည်။ ထိုတစ်မတ်စေ့များကြောင့် ဈေးအလွန်ရောင်းကောင်းနေခြင်း ဖြစ်နိုင်သည်။ သို့သော် တမတ်စေ့ကို စိတ်စွဲနေသည့် သရဲတစ်ကောင်ပါလာသောအခါ သူတို့အားလုံး ဒုက္ခရောက်ရသည်။ မောင်ထူးအနေနှင့် ဈေးရောင်းမကောင်းချင်နေပါ၊ ထိုသို့အခြောက်အလှန့်မျိုးကို ထပ်ပြီး မခံချင်တော့ပေ။

မကြာခင် မောင်ထူးတို့ဆိုင်၏ အရောင်းအဝယ်အခြေအနေလည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့သည်။ မောင်ထူးလဲ မိငယ်မွေးနေ့အတွက် နှုတ်ခမ်းနီတစ်တောင့် လေးကျပ်ခွဲဖြင့် ဝယ်ပေးဖြစ်သည်။ ထိုပိုက်ဆံများသည် အမေမသိအောင်ခိုးထားသည့်ပိုက်ဆံများမဟုတ်ပါ။ သူ့အမေက သူ့အားထုတ်ပေးထားသည့် ပိုက်ဆံများဖြစ်ပါသည်။

ပြီးပါပြီ။

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အစဉ်အလေးထားလျှက်

အဂ္ဂဇော်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory




Some text some message..