နှလုံးသား အနုကပ္ပ (အပိုင်း ၂၄)
lotaya.mpt.com.mm
|
2022-10-23

Part - 24

မာန်ခိုက်ထင် မစစ်ဆေးဖြစ်တာကြာပြီမို့ ကုန်တိုက်ထဲ လိုက်စစ်နေခြင်းဖြစ်ကာ သူ့ဘေးနှစ်ဖက်မှ ခြံရံကာ ပါလာသည့် မန်နေဂျာနှင့် လုံခြုံရေးအချို့အား မှာစရာရှိတာ မှာရသည်။ မြောက်ဒဂုံမှာ ကုန်တိုက်အသစ်ထပ်ဖွင့်မည်မို့ ဝန်ထမ်းတွေလဲ ထပ်ခေါ်ရသလို သူ ခုတလောတကယ် အလုပ်များပါသည်။

" ဝန်ထမ်းတွေများရဲ့သားနဲ့ ဘာလို့ မျက်စိထဲ အလုပ်မသွက်သလို မြင်နေရတာလဲ။ ဟိုမှာ ကြည့်.....အဲ့အမျိုးသမီး စင်ပေါ်ကပစ္စည်းကို မမှီမကမ်းခြေဖျားထောက်ပြီး ယူနေရတယ်......ဆိုင်ကကောင်မလေးက မသိဟန်ဆောင်နေတယ်..ဒါ သူ့အလုပ်လေ......Customer လိုတာ လုပ်ပေးရမှာ သူ့အလုပ်လေ။ "

မာန်ခိုက်ထင်စကားကြောင့် ကုန်တိုက်မန်နေဂျာမှာ ပျာပျာသလဲ ခေါင်းညိတ်လိုက်ရင်းမှ....

" အစ်ကို သေချာပြောလိုက်ပါ့မယ်.....နောက်မဖြစ်စေရပါဘူး။ "

" ဝန်ထမ်းတွေကို သေချာထိန်းပါ ဂျာကြီး....ဝန်ထမ်းဆိုတာ ကုမ္ပဏီရဲ့အသက်ပဲ။ "

မာန်ခိုက်ထင် ရုံးခန်းဆီပြန်လာကာ လက်မှတ်ထိုးစရာရှိတာတွေ ထိုးပေးသလို ချာတိတ်လာမည်ဆိုတာမို့ ကားပါကင်ဆီ ဆင်းလာခဲ့၏။ လာမကြိုလျှင် စိတ်ကောက်တတ်သလို သူ့အားစကားမပြောတော့သည့် အကျင့်ရှိသည်မို့ သူမလေးအငြိုငြင်မခံရဲသည့်သူ့မှာ ပျာယာခတ်အောင် ဂရုစိုက်ရပါသည်။

ဖယောင်းကားပေါ်မှ ဆင်းလိုက်သည်နှင့် ဓာတ်လှေကားထဲမှ ထွက်လာသည့် ဦးမာန်နှင့် security တစ်ယောက်။ ဖယောင်း ပြုံးကာ လက်လှမ်းပြလိုက်ရင်းမှ အကြည့်က ဖျတ်ခနဲလက်သွားသည့် ဓားကိုမြင်လိုက်ရသဖြင့် ရင်ထဲထိတ်သွားရသည်။ 

" ဦးမာန်.....သတိထား....."

သူ့ကို လှမ်းအော်ကာ အသဲအသန်ပြေးလာသည့် ချာတိတ်ကြောင့် မာန်ခိုက်ထင် နောက်လှည့်ကြည့်မိသလို အနားရောက်လာသည့် ဖယောင်းပန်းက မာန်ခိုက်ထင် ကိုယ်ကြီးကိုတွန်းထုတ်ပစ်၏။

! စွပ်....... အင့်...!

ဦးမာန် ဘေးသို့လဲကျသွားတာ သိလိုက်သလို ဖယောင်းဗိုက်က ပူထူသွား၏။ နာကျင်စွာ လူကအင့်ခနဲ ဖြစ်သွားရရင်း ဖယောင်းပန်း၏ နှုတ်ခမ်းလေးပွင့်သွားရသည်။ 

" ဟင်.... "

မာန်ခိုက်ထင် လဲကျနေရာမှ လူက လက်ကျိူးထားသဖြင့် ရုတ်တရတ်ပြန်မထနိုင်သလို မြင်လိုက်ရသည့် မြင်ကွင်းအား ငေးကြောင်ကြည့်နေမိ၏။ ဖယောင်း နာကျင်နေသည့် ကြားမှ ကိုယ့်ဗိုက်ကိုယ်ပြန်ငုံ့ကြည့်မိတော့ သွေးတွေနှင့် ဓားရိုးကိုကိုင်ထားသည့် ထိုလူ့လက်သာမြင်ရ၏။ ဓားဦးက ဖယောင်း ဗိုက်ထဲမှာထင်ပါရဲ့။

" ဟာ......ဟေ့....ရပ်စမ်း.....အာစရိ...."

အနောက်မှလိုက်လာသည့် ကိုကျော်က ထ​အော်လိုက်သလို ဓားနဲ့လူက ဖယောင်းဗိုက်ထဲမှ ဓားကိုဆွဲထုတ်လိုက်သဖြင့် ဖယောင်းဆီမှ အခနဲ အသံတိမ်တိမ်လေး ထွက်လာသလို သူ့အားငေးငေးလေး လှမ်းကြည့်ရင်း ခွေကျသွား၏။ သို့ပေမယ့် ထိုလူက ဖယောင်းပန်းကို ဆွဲချုပ်ကာ ပြေးလာသည့်လူတွေဆီ ဓားနဲ့ချိန်လိုက်ရင်းမှ......

" ရပ်ကြစမ်း.......ရှေ့တိုးလာတာနဲ့ထပ်ထိုးသတ်လိုက်မှာ။ "

" မဖြစ်ဘူး......မလုပ်နဲ့......မလုပ်ပါနဲ့....."

မာန်ခိုက်ထင် သွေးရူးသွေးတန်း ကုန်းရုန်းထလာရင်း တားရန်ပြင်လိုက်ပေမယ့်....

" ရှေ့မတိုးနဲ့လို့ ပြောနေတယ်......"

" ခင်ဗျား ဘာလိုချင်လဲ..... ကျုပ်ပေးမယ်......ပေးနိုင်တယ်......"

မာန်ခိုက်ထင်စကားကို မကြားသလိုဟန်ဆောင်ရင်း သွေးတွေနှင့်ပျော့ခွေနေသည့် ဖယောင်းပန်းအား အကာအကွယ်ယူ၍ ဖယောင်းပန်းရဲ့ကားဆီ တက်သွားသည့်လူ။ မထူးပါဘူး ဆိုသည့်စိတ်ဟာ အဆုံးစွန်ထိ မိုက်ကန်းစေနိူင်သလို ကားမောင်းထွက်သည်နှင့် ဖယောင်းပန်းကိုယ်လေးအား ကားပေါ်မှ တွန်းချခဲ့၏။ 

" ချာတိတ်......"

မာန်ခိုက်ထင် သူ့မျက်စိရှေ့တင် ကားပေါ်မှ လွင့်ကျလာသည့် ကိုယ်လေးအား မြင်လိုက်ရသဖြင့် အမြန်ပြေးလာခဲ့၏။ ကားပါကင်အဝမို့ ကိုကျော်က ကားတွေဆွဲပိတ်ထားသလို ခုချိန်သူ့ခေါင်းထဲ ဗလာကျင်းနေလျက်ရှိသည်။

@@@@@@@@@@

မာန်ခိုက်ထင် ချာတိတ်ကိုယ်လေးကို လက်တစ်ဖက်ဖြင့် ဆွဲပွေ့လိုက်တော့ သူ့ကို အားကိုးတကြီး ငေးကြည့်နေသည့် မျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေက ပြည့်နေ၏။ သွေးတွေရွှဲနေသည့် ဗိုက်လေးကို သူမလက်လေးဖြင့် ဖိထားရင်း ကိုယ်လေးက တဆတ်ဆတ်တုန်နေရှာ၏။

" ချာတိတ်......ချာတိတ် ကလေး ဘာမှမဖြစ်ဘူးနော်.....ဆေးရုံသွားကြမယ်။ "

" အ.....ဟာ့....နာ.....နာတယ် ဦးမာန်......ဗိုက်က...."

မာန်ခိုက်ထင် မျက်ရည်တွေကြားမှ ဟန်ဆောင်ပြုံးရင်း ခေါင်းကိုခပ်သွက်သွက်ခါယမ်းပြလိုက်၏။ နဖူးကို ငုံ့နမ်းရင်းမှ....

" အဆင်ပြေသွားမှာ......အဆင်ပြေသွားမှာပါ ကိုယ်ရှိတယ်။ "

ဖယောင်း ဦးမာန်ကို ငေးကြည့်နေပေမယ့် အမြင်တွေက တဖြည်းဖြည်းဝါးလာ၏။ အိပ်ချင်လာသည်.......ဖယောင်းရဲ့မျက်ခွံတွေက တဖြည်းဖြည်းလေးလာသလိုပင်။ ဖယောင်း သေရတော့မယ်ထင်ပါသည်.....ဖယောင်းကြောက်တယ် ဦးမာန်.....ဖယောင်းမသေချင်သေးဘူး.....ဦးမာန်နဲ့မခွဲချင်ဘူး.....ကယ်ပါ....ဖယောင်းကိုကယ်ပါ ဦးမာန်ရယ်။

ကိုယ်လေးပျော့ခွေကျကာ မျက်လုံးလေးမှေးလာသဖြင့် မာန်ခိုက်ထင် အလန့်တကြားဖြစ်သွားရသည်။

" မအိပ်နဲ့......မအိပ်ရဘူး......ချာတိတ် မျက်လုံးမမှိတ်နဲ့......ကိုယ်နဲ့နေပါ........ကိုယ်နဲ့အတူနေရမယ် ကြားလား။ "

သူ့စကားကို သူမလေးက နားထောင်သည့်ပုံမပေါ်ပါ။ ဆွဲကိုင်ထားသည့်လက်လေးတစ်ဖက်က သူ့လက်ထဲမှ လျောကျသွား၏။ 

" ဟင့်အင်း......ဖယောင်း.....ချာတိတ်....မျက်စိဖွင့်ဆို......ချာတိတ်....."

ဆေးရုံကားရောက်လာသဖြင့် ဖယောင်းပန်းကိုယ်လေးကို ကားပေါ်အမြန်တင်ကာ မောင်းလာရင်း ဆေးရုံရောက်သည်နှင့် ခွဲခန်းထဲတန်းဝင်သွား၏။ မာန်ခိုက်ထင် အပြင်မှာ ပျာယာခတ်ကာ ကျန်နေခဲ့ရင်းမှ လူက အသိစိတ်နဲ့မကပ်တော့။

ဒေါ်ရွှေရည် ခွဲခန်းရှေ့ရောက်သည်နှင့် အဝတ်အစားမှာရော မျက်နှာမှာပါ သွေးတွေပေကျံနေသည့် သားဖြစ်သူကိုလှမ်းတွေ့လိုက်ရ၏။ ခွဲစိတ်ခန်းရှေ့ တံခါးနား ကပ်ကာ မမြင်ရသည့်အထဲကို မရမကချောင်းကြည့်ရင်း ပျာယာခတ်နေတာမို့ အနားလျှောက်လာရင်း...... 

"သား.......သား ဘယ်လိုဖြစ်တာလဲကွယ်။ "

" မေမေ.....မေမေ့ ချာတိတ် ခွဲခန်းဝင်သွားတာ ကြာနေပြီ။ ခုထိ......ခုထိ မထွက်လာကြသေးဘူး....."

" အဆင်ပြေသွားမှာပါ သားရဲ့.......ဘာမှမဖြစ်ဘူး။ "

အားပေးသလို ကိုယ့်သားလက်အား ဆုပ်ကိုင်လိုက်သည့်အချိန် လက်တွေကအေးစက်နေသဖြင့် ငေးခနဲကြည့်မိသွားရသည်။ 

" ကျွန်တော် ကြောက်တယ်......အမေ ချာတိတ်ကျွန်တော့်ကိုထားသွားမှာ ကြောက်တယ်။ "

ထိုအချိန် အနားရောက်လာသည့် ကိုကျော်နှင့် အရာရှိနှစ်ဦးကို တွေ့လိုက်ရသလို.....

" ကိုမာန်ခိုက်ထင်ပါနော်......လူသတ်မှုအတွက် စုံစမ်းရမှာမို့ မေးခွန်း...."

" ပါးစပ်ပိတ်ထား....ချာတိတ်က ပြန်နိုးလာမှာ။ ဘာလူသတ်မှုလဲ....."

! ကျွီ! 

" ဖယောင်းပန်းအိမ်က လူနာရှင်....."

မာန်ခိုက်ထင် ကပျာကယာပြေးသွားရင်းမှ....

" ကျွန်တော်ပါ.....ကျွန်တော့်ဇနီးအခြေအနေ ဘယ်လိုရှိလဲ ဒေါက်တာ။ "

" အသက်အန္တရာယ်ကလက်မတင်လေးလွတ်လာပါပြီ.....စိတ်ချလို့တော့မရသေးဘူး။ ကြပ်မတ်ဆောင်မှာထားရမယ်။"

မာန်ခိုက်ထင် မျက်စိကိုစုံမှိတ်လိုက်မိရင်းမှ အံကိုတင်းခနဲ ကြိတ်မိ၏။ ဘယ်သူလဲ.....ဘာကြောင့်ဒီလိုလုပ်ရတာလဲ။ ခွင့်မလွှတ်ဘူး....... ဒီတစ်ခါတော့လုံးဝ ခွင့်မလွှတ်နိုင်ဘူး။

@@@@@@@@@@

အောက်စီဂျင်တွေပေးထါးရသလို သွေးခုန်နှုန်း နှလုံးခုန်နှုန်းတွေပါ စက်တွေဖြင့်ချိတ်ဆက်ထားရသည့် အခြေအနေဖြင့် ဖယောင်းပန်း။ ဖြူဖျော့နေကာ သူအင်မတန်သဘောကျခဲ့ရသည့် သူ့ကိုငေးကြည့်တတ်သော မျက်ဝန်းလှလှလေးဟာ ခုထိဖွင့်လာခြင်းမရှိသေး။ 

ကြပ်မတ်ဆောင်မှာ သုံးရက်ရှိနေပြီဖြစ်သလို ခုထိသတိပြန်မရသေးတာမို့ ဆရာဝန်တွေအား တောင်းပန်ရ ၊ ရန်ဖြစ်ရနှင့် လူလဲရူးချင်ချင်။ တရားခံကိုဖမ်းမိထားပြီဖြစ်သလို ဒေါ်သူဇာကြီးကိုပါ ဖမ်းမိထားပေမယ့် သူ့ကလေးမကတော့ ခုထိ သတိမလည်လာသေး။ 

တီ.....................

ဟင်။

နှလုံးခုန်စက်မှ အော်သံထွက်လာသလို နှလုံးခုန်နှုန်းပါထိုးကျသွားသဖြင့် မာန်ခိုက်ထင် အရူးတပိုင်းဖြစ်သွားရသည်။

" ဒေါက်တာ......ဒေါက်တာ.....လုပ်ကြပါဦး..... "

အခန်းထဲဆရာဝန်နှင့် နာစ့်တွေပြေးဝင်လာသလို နှလုံးခုန်စက်ဖြင့် နှလုံးပြန်ခုန်လာအောင် ကြိုးစားကြ၏။ 

" မလုပ်ပါနဲ့......မသွားနဲ့......မသွားပါနဲ့။ "

တစ်ကိုယ်ထဲကြားရုံတိုးတိုးရေရွတ်ရင်း မာန်ခိုက်ထင် ဘေးမှရင်တထိတ်ထိတ် ငေးကြည့်နေရသည်။ မျက်ဝန်းတွေနီရဲတွတ်နေကာ ကြောက်လန့်တကြားဖြင့် မေးကြောကြီးတွေ ထောင်ထနေသည်အထိ အံကိုတင်းတင်းကြိတ်ထားမိသည်။ ကျစ်နေအောင်ဆုပ်ထားသည့်လက်သီးကို နှုတ်ခမ်းနားတေ့ကပ်ကာ အသံမထွက်မိအောင် မနည်းထိန်းနေရသလို ခံစားချက်ကြီးက ဆိုးရွားလိုက်တာ။

မသေပါနဲ့...... မသေပါနဲ့..... ကိုယ်တကယ်ကြောက်နေပြီ ချာတိတ်ရဲ့။ မင်း မရှိပဲတစ်ယောက်ထဲ နေနိုင်ဖို့ ကိုယ့်မှာယုံကြည်ချက်မရှိဘူး။ ကိုယ် အဲ့လောက် သတ္တိမရှိဘူး။ ဆောက်တည်ရာမရ အရူးတပိုင်း ဖြစ်နေသည့် မာန်ခိုက်ထင် အနား ရောက်ရှိလာသည့် ခြေထောက်တစ်စုံ။

မာန်ခိုက်ထင် လှည့်ကြည့်လိုက်မိရင်းမှ တအံ့တသြဖြစ်သွားရသလို အားကိုးရာရသလို ခံစားချက်ကို ခံစားမိသွား၏။ သင်္ဃန်းကို သပ်ရပ်စွာခြုံထားရင်းမှ မျက်လွှာချ၍ ကြည်လင်အေးချမ်းသောမျက်နှာဖြင့် ဦးပဇ္ဇင်းတစ်ပါး......တစ်နည်းအားဖြင့် ဖယောင်းပန်း၏ မွေးစားအဖေ ဦးခွန်သာ။

သုဘရာဇာမို့ ဂုဏ်ပျက်သည်ဆိုပြီး မာန်ခိုက်ထင်ကိုယ်တိုင်ငွေထုပ်ပိုက်၍ ဝေးဝေးနေခိုင်းခဲ့သည့် ဦးခွန်သာ။

ဆွမ်းလေးကပ်ချင်သည်ဟုပြောသည်ကိုပင် ဝယ်ပို့ခိုင်းကာ ကျောင်းမသွားခိုင်းခဲ့သည့် သူ့အပြစ်ကိုသူပြန်မြင်လာ၏။ မာန်ခိုက်ထင် ဒူးတုပ်ထိုင်ချရင်းမှ လက်အုပ်ချီရင်း........

" ဖယောင်း......အရှင်ဘုရားရဲ့သမီးကို ကယ်ပါဦးဘုရား။ "

@@@@@@@@@@@@@@@@@@@@@

To be continue P - 25

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_အနမ်းခြွေ




Some text some message..