
Part - 25
" ဖယောင်း......အရှင်ဘုရားရဲ့သမီးကို ကယ်ပါဦးဘုရား။ "
မာန်ခိုက်ထင်ဆေးရုံကြမ်းပြင်ပေါ် ထိုင်ကာ ဦးချရင်းမှ မျက်ရည်လည်ရွဲဖြင့် ပြောလာရတော့သည်။ ဦးပဇ္ဇင်းကား မျက်လွှာချထားရင်းမှ.. ....
" ကံ ကံ၏ အကျိုးကို ဘယ်သူမှ ရှောင်ရှားလို့မရဘူး ဒကာ။ န ပရေသံ ဝိလောမာနိ ၊ န ပရေတံ ကတာကတံ ။ အတ္တနောဝ အဝေက္ခေရ ၊ ကတာနိ အကတာနိ စ။ သူတစ်ပါးရဲ့ မလျော်ကန်သော အပြုအမူအကျင့်တွေကို မကြည့်ရှုပဲ ကိုယ့်အပြစ်ကိုယ်သာ သိအောင်ရှုပါ ဒကာ။ အတ္တမာနဆိုတာ ရောင်ပြန်တတ်တဲ့သဘောရှိတာမို့ ပတ်ဝန်းကျင်ကလူတွေပါ ထိခိုက်တတ်တဲ့သဘောရှိတယ် ဒကာ။ "
မာန်ခိုက်ထင် ဦးပဇ္ဇင်းကို မော့ကြည့်မိရင်းမှ.....
" ဒါဆို အဲ့လူတွေကို သူတို့အပြစ်အတွက်.... "
" ဒကာ.....လူမိုက်ဆိုတာ ဟင်းအိုးမွှေတဲ့ယောက်မနဲ့တူတယ်။ ဟင်းအိုးကို ဘယ်လောက်မွှေမွှေ ယောက်မဟာ ဟင်းရဲ့အရသာကိုမသိနိုင်ဘူး။ ဘယ်သူတရားပြပြ မလိမ်မာတတ်တဲ့သဘောရှိတယ် ဒကာ။ အမေဘယ်လိုသိပ်သိပ် ကိုယ်တိုင်အိပ်မှ အိပ်ပျော်တာကိုး....ကာယကံရှင်ရဲ့စိတ်သာအဓိကပါပဲ။ "
မာန်ခိုက်ထင် အခန်းထဲရှိ ဖယောင်းပန်းကို လှမ်းငေးကြည့်မိ၏။ အခြေအနေက စိတ်ချရသွားပြီမို့ ဆရာဝန်တွေက လိုအပ်တာလုပ်ပေးနေသလို သူ့အတွက် ထိုမြင်ကွင်းဟာ ခါးသီး၏။ အတ္တဆိုတာ ရောင်ပြန်တယ်တဲ့လေ.....ဒါဆိုသူ့အတ္တမာနတွေကြောင့် သူမလေးက ဓားစာခံဖြစ်ရသည်ပေါ့။
" တပည့်တော် နားလည်ပါပြီ ......"
ဦးပဇ္ဇင်းက ကြပ်မတ်ခန်းထဲမှ ဖယောင်းပန်းကိုလှမ်းကြည့်ရင်း ......
" ဒကာမလေးက သက်သာလာပါလိမ့်မယ်။ စိတ်သဘောထားကောင်းတဲ့ လူမဟုတ်လား။ "
မာန်ခိုက်ထင် သတိလစ်နေသည့် ဖယောင်းပုံစံလေးကို ငေးကြည့်ရင်းမှ.....
" တင်ပါ့ဘုရား......"
ဖယောင်းပန်း အသက်အန္တရာယ်မရှိတော့သလို စိတ်ချရသည့် အခြေအနေရောက်ခဲ့ပါသည်။ သို့ပေမယ့်......။
နှစ်ပတ်....။
နှစ်ပတ်ကြာသည်အထိ သတိမရလာသေးသဖြင့် မာန်ခိုက်ထင် ထိုရက်တွေမှာ မီးပင်လယ်ထဲ ဖြတ်ကူးနေရသလို။ ဖယောင်းပန်းအနားကမခွာသလို မျှော်လင့်တကြီး စောင့်လျက် လူက အလွမ်းပင်လယ် သောကသမုဒ္ဒရာထဲ စုန်းစုန်းမြုပ်သွား၏။
ပန်း မေမေ့ကို ဆေးတိုက်နေစဥ် ဆေးရုံကပြန်လာသည့် အစ်ကို့ကိုမြင်လိုက်ရသဖြင့် .....
" အစ်ကို......ပြန်လာပြီလား။ အခြေအနေဘာထူးသေးလဲဟင်။ "
" မထူးသေးပါဘူး ပန်းရယ်.....မာန်ခိုက်ထင်ကတော့ သူ့မိန်းမ အနားကမခွာဘူး။ ကြည့်ပြီးအစ်ကိုလဲ စိတ်မကောင်းဘူး ။ "
" ပန်း သွားကြည့်ချင်လိုက်တာ အစ်ကိုရယ်။ "
ဟုတ်သည်......ပန်းမှာ တစ်ခါပဲ သွားကြည့်ဖြစ်သလို အမေကလဲ ပစ်ထားလို့မရတာမို့ အိမ်ကနေပဲ လိုအပ်တာတွေလုပ်ပေးဖြစ်သည်။ ဘွား ဒီလောက်ထိလုပ်မည်လဲ မထင်သလို လုပ်ရက်သည်ဟုလဲ တွေးမိ၏။ ပန်းတို့ကိုဆို ဘွားဟာ သူ့သွေးသားမှန်း လုံးဝအသိအမှတ်ပြုသည့်ပုံမပေါ်ပါ။
" ဘွားကလုပ်ရက်လိုက်တာ အစ်ကိုရယ်....."
မင်းညိုသက်ပြင်းချလိုက်မိရင်းမှ....
" မလုပ်နိုင်စရာမရှိဘူးလေ ပန်းရယ်......မာန်ခိုက်ထင် စုံစမ်းခိုင်းလို့ကိုကျော်နဲ့အစ်ကိုလိုက်စုံစမ်းခဲ့တယ်။ ဒေါ်သူဇာကြီးက ပန်းတို့ရဲ့အဘွားအရင်းမဟုတ်ဘူး။ "
ပန်း တအံ့တသြဖြစ်သွားရသလို ဟင်ခနဲဖြစ်သွားရ၏။
" ဘယ်လို အစ်ကို့......"
" ဟုတ်တယ် ....ပန်းတို့အဖိုးရဲ့နောက်မိန်းမ...ပန်းတို့အဖေက သူ့အတွက်လင်ပါသားပဲ။ အမွေတွေက ပန်းအဖေနဲ့သူနဲ့တစ်ဝက်စီ......ပန်းတို့အဖေဆုံးတော့ ခွဲမပေးချင်ဘူးထင်တယ်....ဒါကြောင့် ပန်းတို့ကိုမကြည်ဖြူတာ....."
" ဟုတ်ရောဟုတ်ရဲ့လား အစ်ကိုရယ်.....ဘွားက အဖေ့ကိုသိပ်ချစ်တာတဲ့။ "
" ကျန်တာတွေတော့ ကိုယ်လဲမသိဘူး.... အမွေအရှုပ်အရှင်းကရှိတာအမှန်ပဲ။ ကိုယ်ကတော့ ပန်း ခုထိအန္တရာယ်ကင်းတာပဲဝမ်းသာမဆုံးဘူး။ "
ပန်း ခုထိမယုံနိုင်သေးသလို အဖြစ်အပျက်တွေကိုလိုက်လဲမမှီနိုင်သေးပါ။ ဘာကဘယ်လိုဖြစ်ကုန်မှန်းမသိသလို သိလိုက်တာတစ်ခုက လောဘမာန်မာနဟာ ကြောက်ဖို့ကောင်းလိုက်တာ။ ဒါကြောင့် မာန်ခိုက်ထင်က ပန်းတို့နဲ့မပက်သက်စေချင်ခဲ့တာလားမသိ။
@@@@@@@@@@@
ဖယောင်း ကြွေကျနေသည့် ပန်းပွင့်လေးတွေအား လိုက်ကောက်ရင်းမှ နမ်းရှိုက်ကာ ပြုံးလိုက်မိသည်။ ပန်းတွေက လှလိုက်မွှေးလိုက်တာ။
" ဖယောင်း.......သမီးရေ......သမီးလေး...."
ခေါ်သံကြားလိုက်ရသဖြင့် အသံကြားရာဆီ လှမ်းကြည့်မိသည်။ စမ်းချောင်းပေါ်ဖြတ်ထိုးထားသည့် တံတားလေးရဲ့တစ်ဖက်ကနေ ဖယောင်းကိုပြုံးပြကာ ငေးကြည့်နေသည့် အသက်လေးဆယ်အရွယ် အမျိုးသားကြီးတစ်ဦး။
" ဟို.....ဘယ်သူလဲဟင်။ "
ခပ်တိုးတိုးလေးမေးလိုက်ပေမယ့် ကြားပုံရပါသည်။ ဖယောင်းကို ငေးကြည့်ကာနေပုံက မေတ္တာဓာတ်အပြည့်ဟု ခံစားမိနေ၏။
" ဖေဖေလေ သမီးရဲ့.......သမီးလေးကို အဖေနဲ့နေဖို့ခေါ်သွားမယ်နော်......."
ဖေဖေ......။
ဖယောင်း မျက်လုံးလေးဝိုင်းသွားရရင်းမှ အတန်ကြာသည်အထိ ငေးကြောင်ကြည့်နေရင်း နှုတ်ခမ်းလေးက တဖြည်းဖြည်း ပြုံးလာ၏။ ခြေလှမ်းတွေက တံတားလေးဆီ ဦးတည်ရင်း လျှောက်သွားကာ တံတားလေးပေါ်တက်လိုက်တယ်ဆိုရင်ပဲ အဝေးမှ ပဲ့တင်သံလိုအသံကို ကြားလိုက်ရသည် ။
" ချာတိတ်...... ချာတိတ်လေး ကိုယ်ပြောတာ ကြားရဲ့လားဟင်။ "
ဦးမာန်အသံပဲ....။
ဖယောင်း ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားရသလို ငေးငေးငိုင်ငိုင်လေး ဖြစ်သွားရ၏။
" ကိုယ့်ဆီပြန်လာပါတော့ ချာတိတ်ရယ်......ကိုယ့်ကိုထားမသွားပါနဲ့။ "
မာန်ခိုက်ထင် ခုထိတိုင်သတိမရနိုင်သေးသည့် လူဆိုးမလေးအားငေးကြည့်ရင်း လက်လေးတစ်ဖက်ကို ဖွဖွကိုင်ကာ သူ့ပါးပြင်ဖြင့်ကပ်ထားမိသည်။ နုဖတ်နေသည့် မျက်နှာလေးကိုငေးကြည့်ရင်းမှ.....
" ချာတိတ်ဆီက ဦးမာန်ဆိုတဲ့ခေါ်သံလေးကို ကိုယ်ကြားချင်လှပြီဗျ........မြန်မြန်နိုးလာပါတော့ ကလေးရယ် နော်။ "
" ကိုယ်လေ ချာတိတ်ကို သိပ်လွမ်းတာပဲ။ "
" အင်းးးးးအဟင်းးးးဦး....ဦးမာန်။ "
ဟင်....မာန်ခိုက်ထင်ဆတ်ခနဲဖြစ်သွားရသလို ကိုယ်ကြီးမှာတောင့်သွားရ၏။ မျက်တောင်လေးတွေ တဖျတ်ဖျတ်ခတ်လာရင်း သူ့ရှေ့မှာတင် မျက်ဝန်းလေး တဖြည်းဖြည်း ပွင့်လာသည့် ချာတိတ်။
" ချာတိတ် သတိရပြီ......ဒေါက်တာ.....ဒေါက်တာ....."
အခန်းထဲဆရာဝန်တစ်ယောက်နှင့် နာစ့်တစ်ယောက်ရောက်လာသလို တခဏအတွင်း မာန်ခိုက်ထင် မျက်နှာက ဝင်းလက်တောက်ပလာ၏။ ပျော်လိုက်သည့် အပျော်ဆိုတာလေ. ....သူ့မျက်စိရှေ့တင် ဆရာဝန်မေးသမျှ ဖြေနေသည့်ပုံစံလေးအား ကြည့်မဝရှူမဝဖြစ်နေရသည့်အဖြစ်။
-------------------------
မာန်ခိုက်ထင် ခုတင်ထက်မှီထိုင်နေသည့် ဖယောင်းပန်းအနားထိုင်ကာ နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်အချို့ကိုသပ်တင်ပေးရင်းမှ.....
" အစားများများစားရမယ်နော်.....ပိန်သွားတယ်သိရဲ့လား။ "
ဖယောင်း ပြုံးလိုက်မိရင်းမှ.....
" ဦးမာန်လဲအတူတူပဲ.....ပိန်သွားတယ်။ "
မာန်ခိုက်ထင် ခေါင်းခါယမ်းလိုက်သလို ရင်မောစွာ သက်ပြင်းချမိ၏။
" နေကောင်းအောင်လုပ်နော်.....ကိုယ်တို့ဆေးရုံကဆင်းပြီး ချာတိတ်နေကောင်းသွားရင် ဦးပဇ္ဇင်းကို ကိုယ်တိုင်ကိုယ်ကျဆွမ်းသွားကပ်ကြရအောင်....."
ဖယောင်းခေါင်းလေးတဆတ်ဆတ်ညိတ်မိရင်းမှ ဦးမာန်ရင်ခွင်ထဲ မှီထားမိသည်။ အကြွေးဖြင့်သိမ်းချပစ်လိုက်သည့် ဘွားရဲ့အိမ်ကိုလဲ ဦးမာန်က မမတို့အား လွှဲပြောင်းပေးခဲ့သည်။ မေမေ့အိမ်မှာ အတူပြန်နေမည်ဆိုတာမို့ မေမေကလဲဝမ်းသာရှာသည်။
အများကြီး ပြောင်းလဲသွားသည့် ဦးမာန်ကြောင့် ဖယောင်းစိတ်သက်သာရာရမိသလို ကျေးဇူးလဲတင်ရပါသည်လေ။
@@@@@@@@@@@
ဆေးရုံကဆင်းလာသည်နှင့် မာန်ခိုက်ထင် နှင့် ဖယောင်းပန်းက ဦးပဇ္ဇင်းကိုဆွမ်းကပ်ကြသည်။ ဒေါ်မြနှစ်ကလဲ အရင်ထက်စိတ်အခြေအနေ အတော်လေးကိုကောင်းမွန်လာသလို ခယောင်းပန်းကလဲ တဖြည်းဖြည်း မွေးခါနီးဖြစ်လာ၏။ မင်းညိုက လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်သလို နဂိုကြိုးစားသူမို့ အဆင်ပြေလာကြသည်။
မာန်ခိုက်ထင် အိမ်ထဲဝင်လာသည်နှင့် ကလေးပစ္စည်းတွေကြား တစ်ယောက်ထဲအလုပ်ရှုပ်နေသည့် ချာတိတ်ကိုမြင်လိုက်ရသဖြင့်....
" ချာတိတ်......ဒါတွေက ဘာလုပ်ဖို့လဲ။ "
" သြော်......မမကမွေးတော့မယ်လေ။ မိန်းကလေးဆိုတော့ လှတပတလေးဆင်ရမှာပေါ့ ဦးမာန်ရဲ့....အဟင်း။ "
မာန်ခိုက်ထင် ပြုံးလိုက်မိရင်းမှ အနားဝင်ထိုင်ကာ....
" ကိုယ်ကရော......ကလေးဘယ်တော့ချီရမှာလဲ။ "
ဖယောင်း မျက်စောင်းထိုးလိုက်မိရင်းမှ....
" ဦးမာန်ကလဲ အချိန်တန်ရမှာပေါ့.....ဥုံဖွဆိုပြီး ဗိုက်ကကြီးလို့ရတာမဟုတ်ဘူးရှင့်။ "
မာန်ခိုက်ထင် မချင့်မရဲ သက်ပြင်းချမိရင်းမှ သူ့အနားပုံ့ပုံ့လေးထိုင်နေသည်အား အားမလိုအားမရ ဆွဲဖက်ကာ......
" ရန်ကလဲတွေ့မှတွေ့.......ကိုယ်ရေချိုးလိုက်ဦးမယ်။ "
" ဖယောင်း အဝတ်အစားထုတ်ထားပေးမယ်နော်....."
" ဟုတ်ကဲ့ပါဗျာ......."
ဖယောင်း ပြုံးလိုက်မိရင်းမှ လက်အိတ်ခြေအိတ်သေးသေးလေးတွေကိုကြည့်ကာ အသဲယားနေမိသည်။ ညနေကျ မမအိမ်သွားပြီး ပေးရမည်။ တော်ကြာ မမကနဂိုရှေးရိုးဆန်ပြီး ဖယောင်းတူမလေးကို တိုက်ဂေါပုံစံဆင်နေမှဖြင့်.....ဟွန်း။
ပန်း ကားပေါ်ကနေ ပစ္စည်းတွေတနင့်တပိုးသယ်ကာ ဆင်းလာသည့် ဖယောင်းကြောင့် ဗိုက်လေးထိန်းကိုင်ကာ ထွက်လာရင်း....
" ဖယောင်းရယ် ဝယ်လာတာများလှချည်လား။ "
" ဟုတ်တယ်.....မေမေ့ဖို့ရော မမဖို့ရော မမွေးသေးတဲ့တူမဖို့ပါ ဝယ်ရင်းဝယ်ရင်းများသွားတာ။ အစ်ကိုမင်းညိုရော မတွေ့ပါလား။ "
ပန်း ပြုံးလိုက်မိရင်းမှ....
" မီးဖိုချောင်ထဲမှာ ဟင်းချက်နေတယ်။ "
" ဖယောင်းရောက်နေတာလား.....ထမင်းစားပြီးမှပြန်နော်။ "
ယောက်မကြီးကိုင်ပြီးရောက်လာသည့် မင်းညိုကိုကြည့်ပြီး ဖယောင်းကရယ်၏။ အိမ်မှာ ဦးမာန်ကလဲ Dinner ပွဲတစ်ခုသွားရမည်ဆိုပြီး သေချာမှာလိုက်တာမို့ တန်းပြန်ရသလို မေမေဆိုစိတ်ဆိုး၏။
ဖယောင်းကတော့ ဒီအခြေအနေ ဒီအချိန် ဒီပျော်ရွှင်မှုလေးကို အမြတ်တနိုးတန်ဖိုးထားပါသည်။
@@@@@@@@@@@@@@@@@@@@
To be continue P - 26 ( ဇာတ်သိမ်းပိုင်း )
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ