
Part - 26 ( ဇာတ်သိမ်းပိုင်း)
ငါးလကြာပြီးနောက်.....။
ပန်း သမီးလေးအတွက် အဝတ်အစားထုတ်လာကာ ရေချိုးပေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အစ်ကိုကတော့ အောက်ထပ်မှာ သူ့အလုပ်ကိစ္စအတွက် ဧည့်သည်တွေနှင့် ဆွေးနွေးနေတာမို့ ပန်း တစ်ယောက်ထဲကလေးတစ်ဖက်နှင့် အလုပ်ရှုပ်နေရသည်။
သူ့ကိုယ်ပေါ် ရေထိတာနဲ့ ဝါးခနဲထငိုသည့် သမီးက ရေအင်မတန်ကြောက်ပါသည်။ သူ့သမီးငိုသံကြောင့် ပျာယာခတ်ပြီး ရောက်လာသည့်အစ်ကိုက မျက်လုံးပြူးမျက်ဆံပြူးဖြင့်....
" သမီးက ဘာလို့ငိုတာလဲ..... ဘာဖြစ်လို့လဲ "
ပန်း သက်ပြင်းချမိရင်းမှ.....
" အစ်ကို့သမီးညစ်ပတ်အိုးက ရေချိုးလို့ငိုတာလေ....."
ပန်းရဲ့စကားကြောင့် မင်းညို ပန်းလက်ထဲမှသမီးကို ပွေ့ချီယူလိုက်ရင်း....
" ကိုယ်ချိုးပေးလိုက်မယ်....."
" ဟယ်....ဧည့်သည်တွေကရော...."
" ပန်း အအေးနဲ့မုန့်ချပြီး ခဏဧည့်ခံထားလိုက်ပါ.....ကိုယ် သမီးနဲ့ထွက်လာခဲ့မယ်။ "
ပန်း သြချမိပါသည်။ အစ်ကိုကတော့ တကယ်သူ့သမီးမှသူ့သမီး။ ပန်း အောက်ထပ်ဆင်းလာရင်းမှ အအေးတွေ မုန့်တွေချပေးကာ ဧည့်ခံနေရင်း သိပ်မကြာခင်မှာပင် သနပ်ခါးအဖွေးသား ဂါဝန်လေးဖြင့် ရေမိုးချိုးပြီးသန့်ပြန့်နေသည့် သူ့သမီးကို ပွေ့ချီကာ အပေါ်ထပ်မှဆင်းလာသည့် အစ်ကို့ပုံစံက သူ့သမီးသာ တစ်ကမ္ဘာ။
အခုဆို အစ်ကို့ကြိုးစားမှုကြောင့်ရော ဖယောင်း၏ အကူအညီကြောင့်ပါ ပန်းတို့မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးတွေရှိခဲ့ပြီဖြစ်၏။ အစ်ကိုက ခရီးသွားလုပ်ငန်းလုပ်ချင်တာမို့ အဝေးပြေးကားကြီး ငါးစီးဝယ်သလို ဖယောင်းက ကျန်တာအစစအရာရာကူညီပေး၏။ ပန်းကတော့ သိပ်နားမလည်တာမို့ ဝင်မပါပေမယ့် ဖယောင်းအကူအညီတွေ အများကြီး ယူခဲ့ရတာသိသည်။
ဧည့်သည်တွေပြန်သွားသည်နှင့် ပန်း အစ်ကို့နားကပ်ရင်းမှ......
" အစ်ကို.....ပန်းတို့ ညီမလေးဆီ သွားလည်ကြရအောင်လေ။ "
" ပန်း သွားချင်ရင် လိုက်ပို့မှာပေါ့။ ဖယောင်းကလဲ မပေါ့မပါးဖြစ်နေပြီဆိုတော့ လာနိူင်မှာမဟုတ်ဘူး။ "
ဟုတ်သည်......ဖယောင်းကိုယ်ဝန်ရှိနေပြီဖြစ်သလိုမာန်ခိုက်ထင် နှင့် ဒေါ်ရွှေရည်ဆို အရမ်းကိုပျော်နေကြတာပင်။ မာန်ခိုက်ထင်အတွက်က အရမ်းမျှော်လင့်ခဲ့တာမို့ ဖယောင်းပန်းကို မျက်စိအောက်က အပျောက်မခံပဲ အရိပ်တကြည့်ကြည့် ဖူးဖူးမှုတ်ထား၏။
ဒေါ်သူဇာကြီးက သူ့လောဘဒဏ်သူပဲ ပြန်ခံရသလို ဥပဒေ၏ အဆုံးအဖြတ်ကိုခံယူလိုက်ရသည်။ ပန်းကို တောင်းပန်၍ ပန်းက ခွင့်လွှတ်ပေးသလို ဖယောင်းကိုလဲ ထိုနည်းတူစွာပင် တောင်းပန်ရှာသည်။ သို့ပေမယ့် ဖယောင်းကပြတ်သည်။
" ရှင် လုပ်ခဲ့တာတွေက ခွင့်လွှတ်နိုင်စရာမရှိလို့ ခွင့်မလွှတ်နိုင်ဘူးလေ....မေမေ့အပေါ်ရော မမကိုရော မလုပ်သင့်တာတွေလုပ်မိခဲ့မှန်းသိရင် နောင်တရပြီးနေပါ။ ဒါရှင်နဲ့ထိုက်တန်ပါတယ်။ "
ဖယောင်းက ပြတ်ပြတ်သားသား ကို ပြောခဲ့သလို မေမေ့ကိုလဲ လိုလေသေးမရှိထားသလို မေမေနဲ့ မာန်ခိုက်ထင် အမေက ဘုရားသွားကျောင်းတက်အတူပင်။ မေမေဟာ ခုဆို လူကောင်းပကတိပြန်နေထိုင်နိုင်ပြီဖြစ်၏။
--------------------------
" ချာတိတ်......ဟာကွာ....ဘာလို့ အချဥ်အစပ်တွေ စားနေရတာလဲကွ။ "
မာန်ခိုင်ထင် သက်ပြင်းချလိုက်မိရင်းမှ ချာတိတ်လက်ထဲက သံပုရာသီးနဲ့ဂွေးသီးရောသုပ်ထားသည့်ပန်းကန်အား ဆွဲယူကာ စားပွဲပေါ်ဝေးဝေးချထားလိုက်သည်။ မေမေကအနားရောက်လာရင်းမှ.....
" ဟဲ့....သားရယ် ကိုယ်ဝန်သည်ဆိုတာ ချဥ်ခြင်းတက်မှာပေါ့။ သမီးလေးလဲ စားချင်ရှာမှာပေါ့။ ခု မင်းဟာက နွားနို့ ၊ ငှက်ပျောသီး ၊ ပေါင်မုန့် ကြာတော့ သောက်ရတဲ့သမီးမပြောနဲ့ကျိုပေးရတဲ့မကြည်တို့တောင် ကျိုရင်းပျို့တက်ကုန်ပြီ။ "
မာန်ခိုက်ထင် စူပုတ်ပုတ်လေးထိုင်ကာ သူ့ကိုစိတ်ဆိုးသလို မျက်နှာလွှဲနေသည့်ချာတိတ်ကြောင့် ရင်မောစွာသက်ပြင်းချမိသွားရသည်။
" မဟုတ်ပါဘူး အမေရယ်......ကျွန်တော်လဲ စားစေချင်ပါတယ်။ ဒါပေမယ့်..... ဟင်းးးးးကဲ...ချာတိတ် ဒီတစ်ခါ နောက်ဆုံးပဲနော်။ နောက်ထပ် မစားရဘူး ကြားလား။ "
မာန်ခိုက်ထင် ထိုအခါမှ ပြုံးလာသည့် မျက်နှာလေးကိုကြည့်ရင်း ခေါင်းကိုခပ်ဖွဖွပုတ်လိုက်သည်။ တစ်ခါတစ်လေကျလျှင် သူ့ထက်ပင်လူကြီးဆန်တတ်သည့် သူမဟာ သူနဲ့ဆိုလျှင်တော့ အမြဲကလေးဆန်တတ်ပြန်သည်။ ချစ်ရသူဆို ဘယ်လိုနေနေချစ်သည့် နှလုံးသားဟာ သူမလေးကိုဆိုလျှင် ငြိုငြင်ခြင်းလုံးဝမရှိခဲ့ပါ။
@@@@@@@@@@@
" အမွှာလေးဟုတ်လား..... ဟယ်....ချစ်စရာလေးတွေနေမှာ။ "
ဖုန်းထဲမှ ဖယောင်းစကားကို တအံ့တသြဖြင့်နားထောင်ရင်း ဝမ်းသာကာ ရယ်မောနေသည့် ခယောင်းပန်း။ မင်းညို သမီးကိုချီထားရာမှ ပန်းအနားလျှောက်လာရင်း သူပါ မရမကလိုက်ကပ်နားထောင်၏။
" ဘာတဲ့လဲ..... အမွှာလား။ "
" အို....အစ်ကိုကလဲ ဖုန်းပြောနေတာ ဖယ်စမ်းပါ ။ "
" ပန်းကလဲ.....ကိုယ်လဲသိချင်တယ်လေ။ "
ပန်း မရမကလိုက်ကပ်နားထောင်နေသည့်အစ်ကို့အား မျက်စောင်းထိုးပစ်မိသည်။ အစ်ကိုကအရင်ကလို မအေးတော့။ သိပ်ကိုစပ်စုလာသည်.....သူကို အကုန်လိုက်သိချင်နေတော့တာပဲ။
ဖယောင်း ကြားနေရသည့်အသံတွေကြောင့် ပြုံးမိသလို.....
" သူလဲသိချင်လို့ပေါ့ မမရဲ့။ ယောကျာ်းလေးနဲ့ မိန်းကလေးအမွှာလေးပါရှင်....."
" ဟယ်.....ဝမ်းသာလိုက်တာ ။ ကိုမာန်ခိုက်ထင်ကြီးတော့ ပျော်နေမှာပဲ။ "
" အမလေး......ပြန်လာတာတောင် ဦးမာန်ကလမ်းလျှောက်လာတာမဟုတ်ဘူးမမရေ.....သူ့ခြေထောက်နဲ့မြေကြီးကလွတ်သွားပြီ။ မြောက်ကြွမြောက်ကြွ နဲ့.....အဟင်းးးး"
မမ နဲ့ ဖုန်းပြောပြီး မေမေတို့နဲ့ထိုင်ကာ ကလေးမွေးရန်တိုင်ပင်နေစဥ် နွားနို့ခွက်နှစ်ခွက်နှင့်ရောက်လာသည့် ဦးမာန်။
" ချာတိတ် နွားနိူ့သောက်ရအောင်။ "
" ဟင်.....နှစ်ခွက်တောင်။ ဦးမာန်လဲသောက်မလို့လား။ "
" အာ....ချာတိတ်အတွက်လေ။ အရင်က ဗိုက်ထဲကလေးတစ်ယောက်ပဲထင်လို့။ ခုကနှစ်ယောက်ဆိုတော့ နှစ်ခွက်သောက်ရမှာပေါ့။ "
ဖယောင်း ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားရသလို ဒေါ်ရွှေရည်က မနေနိုင်ပဲထငေါက်တော့သည်။
" ဟဲ့....ငါ့သားရယ် နင့်ဦးနှောက်ကိုရွှေချထားရမလားပဲ။ "
မာန်ခိုက်ထင်တို့က ဖယောင်းပန်း ကိုယ်ဝန်ဆောင်နေသည့် တစ်လျှောက်လုံး အစစအရာရာ သူကိုယ်တိုင်သာ လုပ်ကိုင်ပြုစုပေးသည်။ ကလေးမွေးရန် ဆေးရုံရွေးသည်ကအစ ပြင်ဆင်တာအဆုံး သူပဲဒိုင်ခံအကုန်လုပ်သလို မိန်းမအားဖူးဖူးမှုတ်ထားသည်။
အခုဆို ဒေါ်မြနှစ်က သမီးနှစ်ယောက်အိမ်မှာ တစ်လှည့်စီနေသလို လူကောင်းနီးပါးဖြစ်လာပြီပင်။ အစပထမပိုင်းတွင် နေသားမကျပေမယ့် မာန်ခိုက်ထင်က သူ့မိန်းမစိတ်ချမ်းသာလျှင်ပြီးပြီဆိုသည့် လူစားမျိူး။
@@@@@@@@@@@@
ခြံထဲ ထိုးရပ်လာသည့်ကားပေါ်မှ အထုပ်အပိုးမျိုးစုံကိုင်ဆွဲ၍ ဆင်းလာသည့် မာန်ခိုက်ထင်။ ကားသံကြောင့် ထွက်လာသော ဖယောင်းပန်းမှာ မျက်နှာလေးက ပြုံးသွားရင်း.....
" ဦးမာန်ကတော့လေ.......ဆော့စရာတွေက အိမ်မှာပြည့်နေပြီ။ ကလေးတွေကို အလိုသိပ်မလိုက်ပါနဲ့။ "
မာန်ခိုက်ထင် ရယ်လိုက်မိရင်းမှ....
" ဒီသားနဲ့သမီးပဲရှိတာကွာ။ ဆော့ကြစမ်းပါစေ။ ဒီအရွယ်ပဲ သူတို့ဆော့ရတာလေ။ "
ဖယောင်း ဘာမှဆက်မပြောနိုင်တော့။သူ့သားနှင့်သမီးကဖြင့် ခုမှ ထိုင်ဆော့သည့်အရွယ်ပဲရှိသေးသလို လမ်းတောင်ကောင်းကောင်းမလျှောက်တတ်သေး။ ဒါကို ဦးမာန်က ခုထဲကကို အစွမ်းကုန်အလိုလိုက်သည်။
" ဟုတ်ပါပြီ.....မပြောတော့ဘူး။"
" ကလေးတွေရော....."
" မေမေထိန်းနေတယ်....."
မာန်ခိုက်ထင် အိမ်ပေါ်တက်လာရင်း မေမေ့အခန်းထဲ ဝင်လိုက်သည်နှင့် ထိုင်ဆော့နေသည့် သားနဲ့သမီးက သူ့မြင်ကာ မပီ့တပီဝူးဝူးဝါးဝါးအော်ဟစ်၍ အလုအယက်ချီခိုင်းကြသည်။
.
" အောင်မလေးဗျာ.....ဖေကြီးက ဖေကြီးသားနဲ့သမီးကို လွမ်းနေတာ.....လာပါဦး အသဲကျော်လေးတွေ။ "
နှစ်ယောက်လုံးကို တစ်ဖက်ဆီပွေ့ချီရင်း ပါးအိအိလေးတွေကို နမ်းရှိုက်လိုက်တိုင်း သူ့မှာအမောပြေရမြဲ ၊ စိတ်ချမ်းသာရမြဲပင်။ ချာတိတ်က သူ့ဘဝဖြစ်သလို သား နဲ့ သမီးက သူ့အသက်ပင်။
အခုတော့ သူ့မှာပျော်ရွှင်နွေးထွေးစရာမိသားစုလေးရှိသည်။ တန်ဖိုးထားရမည့် လူတွေရှိသည်။ အတိတ်ဆိုတာ အရေးမပါသလို ပစ္စုပ္ပန်နှင့်အနာဂါတ်ကိုသာ ပိုသာ၍ ကောင်းမွန်အောင် ကြိုးစားသင့်သည် မဟုတ်ပါလား။
@@@@@@@@@@@@@@@@@@@@@
The End
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ