ဆေးမင်ရည်စုတ်ထိုး (အပိုင်း ၁)
lotaya.mpt.com.mm
|
2022-11-05

Part - 1

ငဝန်ရွာ.....။

ထန်းတောထဲ ထန်းရည်ထိုင်သောက်နေကြသည့် ကာလသားတွေက ထန်းပင်အောက်တွင် သူ့အုပ်စုနဲ့သူပင်။ 

" ဟေ့ကောင်.......မြကြည်သာ မင်း ဆင်းခဲ့စမ်းပါကွာ။ ဖိုးလုံး ယူပေးတာပဲ သောက်စမ်းပါ။ အပင်ပေါ် ကိုယ်တိုင်တက်တော့ ဘာထူးခြားလို့တုန်း။ "

ထန်းပင်အောက်မှ မျိုးသူက ထန်းပင်ပေါ် မော့ကြည့်ရင်း အော်ပြောသလို ထန်းပင်ပေါ်မှ မြကြည်သာကလဲ ဂရုမစိုက်ပဲ လှေကားပေါ်မှာပင် ထန်းပင်ကိုဖက်လျက်သားနှင့် ထန်းရည်အိုးအား အားပါးတရမော့သောက်၏။ 

မြကြည်သာ.... ။

အသက် နှစ်ဆယ့်ကိုးနှစ်အရွယ် ငဝန်ရွာကလူပျိုကာလသား။ ရွာမှာ ကြက်ဝိုင်း ၊ ဖဲဝိုင်း သူအကုန်ပါသလို စိတ်မြန်လက်မြန် လူရိုးတုတ်ရိုက်ပင်။ သို့ပေမယ့် မြကြည်သာက ရမ်းရမ်းကားကားမဟုတ် ပေပေတေတေနေပေမယ့် သူ့စည်းနဲ့သူပင်။ ဖဲဝိုင်းဆိုလျှင်လဲ နာရေးအိမ်ရှိမှ ဝင်ဆော့ခြင်းဖြစ်သလို ထန်းရည်သောက်လျှင်လဲ ယာအလုပ်တွေပြီးစီးမှ ညနေစောင်းသောက်တတ်သည့်သူပင်။

" ယောက်ဖရေ.......ဟာ ထန်းပင်ပေါ်ကဆင်းစမ်းပါဟ။ မင်းအစ်မတွေ့ရင် ဒုက္ခပါပဲကွာ။ "

ထန်းတောထဲဝင်လာသည့် ချစ်ရင်ထူးအသံကြောင့် မြကြည်သာ ထန်းပင်ပေါ်မှ ပြန်ဆင်းလာရင်း အောက်ရောက်မှ ခါးတောင်းကျိုက်ထားသည့်ပုဆိုးစကို ဖြေချကာ ပုဆိုးကိုခပ်တိုတိုပြင်ဝတ်လိုက်သည်။ ချစ်ရင်ထူးက မြကြည်သာ၏ယောက်ဖဖြစ်သလို မြို့သားစစ်စစ်။ မြကြည်သာ၏ အစ်မမြအေးရီနှင့်အကြောင်းပါပြီး မြို့သားမှတောသားလုံးလုံးဖြစ်လာသည့်လူပင်။ 

" မင်းအစ်မခေါ်ခိုင်းလိုက်တာ။ အိမ်မှာဝက်သားချက်လို့လာစားပါတဲ့။ "

ဝက်သား......မြကြည်သာ တို့က ဝက်ဆိုအကောင်လိုက်ကိုမျိုချချင်လောက်အောင် ကြိုက်သည့်လူမို့ ယောက်ဖနဲ့ပါချသွားတာချက်ချင်း။ မြအေးရီရော မိဘနှစ်ပါးလုံးက မြကြည်သာကို အရေးပေးသလို မြအေးရီအိမ်ထောင်ပြုကာ ခွဲထွက်သွားတော့ မြကြည်သာက အိမ်မှလယ်အလုပ်တွေသူပဲဒိုင်ခံလုပ်ရသည်။ 

ထိုနေ့က ထန်းရည်တွေရော ဝက်သားပါပေါင်းကာ မြကြည်သာတစ်ယောက် ညကျဝမ်းတွေ မရပ်မနားသွားတော့သည်။ လူဆိုတာ အိမ်သာထဲကထွက်လျှင် ယိုင်ပင်ယိုင်ချင်သလိုလို ခွေပဲကျချင်သလိုလိုနှင့် နုံးချိကုန်၏။ နှစ်ရက်လောက်မျော့နေအောင်ခံလိုက်ရသလို နေပြန်ကောင်းရုံရှိသေး မြေသြဇာတွေကုန်ပြီဆိုတာမို့ မြို့တက်ဝယ်ရန်ပြင်ရတော့သည်။ 

မသိခဲ့ဖူးလေ.....ရွှေရုပ်ကလေးကောက်ရလာမယ်လို့။

@@@@@@@@@@@

မြေသြဇာတွေဝယ်ပြီး ဗိုက်ဆာသည်နှင့် လမ်းဘေးရှိ ခေါက်ဆွဲကြော်ဆိုင်ဝင်ကာ အိမ်အတွက်ရော အစ်မအတွက်ရောပါဆယ်မှာပြီး သူ့အတွက်လဲ တစ်ပွဲမှာကာ စစားရန်ရှိသေး....

" ဟဲ့......ပိုက်ဆံပေးလေ.....အမလေး ခုမှငိုပြမနေနဲ့..... ဒါမျိုးတွေရိုးနေပြီ။ "

ဆိုင်ရှင်၏ စွာကျယ်ကျယ်အသံကြောင့် သူလှမ်းကြည့်မိတော့ သူ့ဘေးစားပွဲမှာ မျက်လွှာလေးချ၍ ခေါင်းလေးငုံ့ကာ ရှိုက်ငိုနေသော မိန်းကလေးတစ်ယောက် ။ ကြည့်ရတာ ပိုက်ဆံပေးဖို့ရှိပုံမရ။ 

" ဟဲ့ ကြားလား.....စားတုန်းကတစ်ဖြဲနှစ်ဖြဲစားပြီး ပိုက်ဆံမပေးချင်ရအောင် ညည်းပထွေးဆိုင်ထင်နေလားအေ့။ "

ထိုစဥ် မိန်းကလေးက မျက်ရည်အဝဲသားဖြင့် မော့ကြည့်လာရင်း လက်ဟန်ခြေဟန်လေးဖြင့် ပန်းကန်ဆေးမည့်ပုံစံလေးလုပ်ပြလာသည်မို့ သူအပါအဝင် ကျန်သည့်လူတွေပါ တအံ့တသြ။ စကားမပြောတတ်ဘူးဆိုတာသိလိုက်တော့ သူလဲဂရုဏာသက်စွာ ဆက်ကြည့်မနေနိုင်ပဲ ဝင်ပြောရတော့သည်။

" သူစားတာ ကျုပ်ပေးပါ့မယ်ဗျာ.....တော်ပါတော့။ "

မြကြည်သာပြောလဲပြော ပိုက်ဆံကိုထုတ်ပေးလိုက်တော့ သူ့ကိုဖျတ်ခနဲ ငေးကြည့်လာသည့်မျက်ဝန်းလေးအား မြင်လိုက်ရသလို သူပြန်ကြည့်တာနှင့် ကပျာကယာမျက်လွှာလေးပြန်ချသွားရင်း ဆိုင်ထဲမှ အပြေးလေးထွက်သွား၏။ 

ခေါက်ဆွဲကြော် စားပြီး ပါဆယ်ထုပ်တွေလက်မှကိုင်၍ မြေသြဇာအိတ်ကို ပခုံးပေါ်ထမ်းကာ ကားဂိတ်ဆီထွက်လာခဲ့သည့်အခါ မြကြည်သာနှင့် မလှမ်းမကမ်းက အရိပ်ကလေးတစ်ခုက ခိုးကြောင်ခိုးဝှက် ပါလာတော့သည်။ 

သုံးဘီးကားပေါ်ထိုင်ရုံရှိသေး သူ့အနားဝင်ထိုင်လာသည့် မိန်းကလေးကိုမြင်တော့ မြကြည်သာ ငေးခနဲဖြစ်သွားကာ တအံ့တသြဖြစ်သွားရသည်။ ဘာလဲ သူ့နောက် လိုက်လာတာလား။ မဟုတ်လောက်ပါဘူးလေ။ ဒါနဲ့ ဒီမိန်းကလေးပိုက်ဆံမရှိပဲ ကားတက်စီးတာလား။

" ကဲ....ဒီက ညီမ ကားခ...."

မြကြည်သာ ကြည့်နေစဥ်မှာပင် ခေါင်းလေးငုံ့သွားကာ ကားနောက်လိုက်အား သူ့ဘက်လက်ညှိုးလေးထိုးပြလာသဖြင့် သူ့ကို ကြည့်လာသည့် ယာဥ်နောက်လိုက်လေး။ လူက အင်တင်တင်ဖြစ်သွားရပေမယ့် ကုသိုလ်ရပါသည်ဟုပဲ သဘောထားကာ ကားခနှစ်ယောက်စာထုတ်ပေးလိုက်ရသည်။ 

ကားစီးလာပေမယ့် ဘေးချင်းယှဥ်ထိုင်လာရသဖြင့် ကောင်မလေးပုံစံက မရဲတရဲလေးဖြစ်နေတာ မြင်နေရသည်။ သူ့ကို ခိုးခိုးကြည့်တတ်သလို သူပြန်ကြည့်လျှင် မျက်နှာလေးလွှဲသွား၏။ 

" ဟေ့လူ....ငဝန်ရွာပါတယ်နော်။ "

သုံးဘီးကားပေါ်မှ ကပျာကယာဆင်းရင်း အထုပ်တွေချနေရုံရှိသေး ကြည့်မိတော့ သူ့နား မလှမ်းမကမ်းမှာ ရပ်ရင်း ခေါင်းလေးငုံ့ထားသည့်  ကောင်မလေး။ ဧကန္တ......အာ မဟုတ်လောက်ပါဘူးလေ။ 

ရွာလမ်းအတိုင်းဝင်လာခဲ့ရင်းမှ ရွာရောက်သည်အထိ ပါလာသလို သူ့အနောက်မှ ထပ်ကြပ်မကွာကို လိုက်လာတာမို့ မြကြည်သာ  မနေသာတော့။ တစ်ခုခုဆို သူပဲ ဒုက္ခရောက်ဦးမည်.....ပြီးလျှင်မရွှေချောက စကားလဲပြောတတ်တာမဟုတ်။ နောက်ဆုံး သူကြီးအိမ်သာ ခေါ်လာခဲ့လိုက်သည်။ 

" သမီးက ဘယ်ကတုန်းကွဲ့......"

ခေါင်းလေးခါယမ်းပြလာတော့ သူကြီးကတော်က ထပ်မေး၏။

" သမီးမိဘတွေကရော....."

ဒါလဲ ခေါင်းခါပြန်သည်။ မြကြည်သာ က နဂိုထဲက စိတ်လက်တစ်ဆစ်မို့ စိတ်မရှည်တော့။

" မင်း နာမည်ကရော....."

မျက်လုံးလေးတွေ လက်ခနဲ ဖြစ်သွားရင်း စာရေးပြမည်ဟု လက်ဟန်ခြေဟန်လေးဖြင့် ပြောလာတော့ သူကြီးကတော်က စာရွက်နဲ့ဘောပင်ထုတ်ပေး၏။ အားကြိုးမာန်တက်ရေးပြသည့် လက်ရေးဝိုင်းဝိုင်းတွေအား အသံထွက်၍ ဖတ်မိသွားသည်။

" နှင်းဆီပန်းဖူး.....ဟုတ်လား။ "

ပြုံးကာ ခေါင်းလေးညိတ်ပြတော့ မြကြည်သာကြောင်ကြည့်နေမိသည်။ ပြုံးလိုက်ရင် အတော်လေးလှသည့် မိန်းကလေးပင်။ 

" ဒီကလေးမကို ဘယ်မှာထားရမလဲ.....ဘုန်းကြီးကျောင်းထားလို့ကလဲမရ......"

" အဖွားခေါ်ထားမယ်......"

အသံတုန်တုန်နဲ့အတူ တန်းလျားဆီလျှောက်လာသည့် ဖွားစာဥ။ ဖွားစာဥက တစ်ယောက်ထဲသမားဖြစ်သလို ခေါ်မည်ဆိုတော့ သူကြီးမျက်နှာကဝမ်းသာအားရဖြစ်သွား၏။ 

" ဟဲ့....ငါ့သား မိန်းမခိုးလာတယ်ဆို။ "

အသံနဲ့အတူ သူကြီးအိမ်ခြံဝိုင်းထဲ ဒေါင်းတိမောင်းတိဝင်ချလာသည့် ဒေါ်ညွန့်ကြည်။ နှင်းဆီပန်းဖူးကို စေ့စေ့ကြည့်ရင်းမှ......

" လှတယ်တော့....."

နှင်းဆီပန်းဖူး မျက်နှာလေးငုံ့ကျသွားသလို မြကြည်သာက ကျစ်ခနဲစုပ်သပ်ရင်းမှ.....

" အမေကလဲဗျာ.....ကျုပ်မိန်းမခိုးတာသူကြီးအိမ်ခိုးလာစရာလား။ "

" ဟမ်....ဒါဆို ဒီကလေးမက....."

ရှင်းရပြန်ပြီ နောက်တစ်ခါ။ အကြောင်းစုံသိသွားတော့ ဒေါ်ညွန့်ကြည်မှာ စုပ်တသပ်သပ် ဖြစ်သွားရရင်း သူခေါ်ထားမည်ပြောပေမယ့် သူကြီးက ယောကျာ်းလူပျိုရှိတာရော နှင်းဆီပန်းဖူး၏ နောက်ကြောင်းကိုမသိတာမို့ ဖွားစာဥအိမ်သာလိုက်နေစေ၏။ 

ဖွားစာဥကတော့ သမီးလေးတစ်ယောက်ရပြီဆိုပြီးကို ပျော်ရှာသည်။ ထိုအချိန်မှစ၍ ငဝန်ရွာတွင် နှင်းဆီပန်းဖူးလေး ရောက်လာခဲ့တော့သည်။

@@@@@@@@@@@

နှင်းဆီပန်းဖူး ခြံဝိုင်းလေးထဲရှိ သစ်ရွက်ခြောက်တွေအား တံမြက်စည်းကြမ်းကြီးဖြင့် လိုက်လှည်းကျင်းနေရင်း တရွှတ်ရွှတ် ခေါ်သံကြောင့် ကြည့်မိတော့ လူငယ်တစ်ယောက်။ စာရွက်ခေါက်လေးအား ခြံဝင်းထဲပစ်ထည့်သွားသဖြင့် ဖွားက အိမ်လေးထဲမှထွက်လာကာ အနားလာရပ်၏။

" ငါ့သမီးလေးက စကားမပြောတတ်တောင် ချစ်သူကပေါသားအေ့။ စကားလေးသာပြောတတ်ရင် သိပ်ကောင်းမှာတော်။ "

ပန်းဖူး မျက်နှာလေးက အားငယ်စိတ်ကြောင့် ငယ်ကျသွားသလို ခပ်ယဲ့ယဲ့လေးသာပြုံးမိ၏။ ဖွားလက်ထဲမှ ဒန်ချိုင့်ကိုကြည့်မိတော့ မနက်က ပန်းဖူးချက်ထားသည့်ပဲကုလားဟင်းပင်။ မေးလေးဆတ်ကာ အမူအရာဖြင့် မေးမိတော့......

" သမီးကိုခေါ်လာပေးတဲ့ မြကြည်သာတို့အိမ်သွားပို့လိုက်.....သူ့ကျေးဇူးရှိတယ်မဟုတ်လား။ အိမ် သိတယ် မဟုတ်လားကွဲ့။ "

ပန်းဖူးခေါင်းလေးညိတ်ပြရင်းမှ ဒန်ချိုင့်လေးယူကာ ထွက်လာခဲ့ရင်း တကယ်လဲ ကျေးဇူးတင်ပါသည်။ ခြံဝမှာတင် မဝင်ရဲပဲ လူကတွန့်ဆုတ်နေစဥ် အိမ်ထဲမှထွက်လာသည့် ဒေါ်ညွန့်ကြည်က မြင်တော့ ပန်းဖူးဆီလျှောက်လာကာ လက်ဆွဲ၍ အိမ်ထဲခေါ်ချလာသည်။

" ကလေးမလေးရယ် ဝင်စရာရှိတာသာ ဝင်။ အရီးကို မကြောက်နဲ့ သိလား....။ "

ပန်းဖူး ပြုံးလိုက်မိရင်း လက်ထဲမှဒန်ချိုင့်လေးထိုးပေးလိုက်သည်။

" သမီးချက်တာလားကွဲ့......"

ခေါင်းလေးတဆတ်ဆတ်ညိတ်ပြလာသဖြင့် ဒေါ်ညွန့်ကြည် ပြုံးမိသလို ဟင်းလှယ်ရန်နောက်ဖေးခဏဝင်လာခဲ့၏။ ပန်းဖူး ထိုင်စောင့်နေစဥ် မြကြည်သာတစ်ယောက် ယာထဲမှခဏပြန်လာသည်နှင့်တိုးတော့ နှင်းဆီပန်းဖူးရောက်နေတာမြင်ပြီး အံ့သြသွားရသည်။ 

" ဘာလာလုပ်တာတုန်း....."

ပန်းဖူး အသင့်ယူလာသည့် စာရွက်လေးပေါ် ကပျာကယာခဲတံလေးဖြင့်ထုတ်ရေးရင်း ခေါင်းလေးငုံ့လျက်သားနှင့် စာရွက်ကိုကမ်းပေး၏။

ကျေးဇူးတင်လို့ ဟင်းလာပို့တာပါ။

မြကြည်သာ မျက်မှောင်ကျူံ့သွားရရင်းမှ....

" ဘာဟင်းလဲ....."

စာရွက်လေးပေါ်မှာ တကုတ်ကုတ်ရေးပြန်သလို ခေါင်းကြီးငုံ့ပြီး ကမ်းပေးလာပြန်၏။

" ပဲကုလားဟင်း......ကျေးဇူးတင်တာများ ဝက်သားဟင်းလေးဘာလေးပေးပေါ့။ "

ပန်းဖူး ခေါင်းလေးမော့ကြည့်မိတော့ သူက ဆိုင်ကယ်ပေါ်တက်ကာ ခြံဝိုင်းထဲမှ မောင်းထွက်သွားပြီဖြစ်၏။ ပန်းဖူးမှာ ပိုက်ဆံမှမရှိပဲ။ ဖွားကလဲ ဆင်းရဲရှာသည့်ကြားက ပန်းဖူးကိုတင်ကျွေးထားရရှာသည်ကို ဘယ်လိုပြောထွက်ပါ့မလဲလေ။ စိတ်မကောင်းတာမို့ မျက်ရည်လေးရစ်ဝဲလာစဥ် အနားရောက်လာသည့်ဒေါ်ညွန့်ကြည်က.....

" စိတ်မကောင်းမဖြစ်နဲ့နော် သမီး......အရီးတို့အိမ်မှာ အဲ့တစ်ကောင်ကပြောမရဆိုမရကွဲ့။ သူကအားနေ ခွေ့ချင်နေတာ။ "

ပန်းဖူး ခေါင်းလေးညိတ်ပြကာ ပြုံးပြလိုက်ရင်း ချိုင့်လေးယူ၍ ပြန်လာခဲ့ပေမယ့် လမ်းတစ်လျှောက် အတွေးတွေက စုံနေသည်။ ဖွားလုပ်စာတော့ ဒီအတိုင်းကြီး ထိုင်စားမနေချင်သလို မစားလဲမစားရက်။ ဘေးအိမ်က အစ်မမိဂျမ်းတို့လို ပျိုးနှုတ်လိုက်လျှင် ကောင်းမလား။ မေးကြည့်ဦးမှပါပဲလေ။

@@@@@@@@@@@@@@@@@@@@@

To be continue P - 2

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_အနမ်းခြွေ




Some text some message..