
Part – 2
ဥပုသ်နေ့မို့ ရွာဦးကျောင်းထဲ ဥပုသ်သည်တွေတဖွဲဖွဲ ရောက်လာကြသလို မြကြည်သာလဲ အမေ့ကိုဆိုင်ကယ်ဖြင့် လိုက်ပို့ရခြင်းပင်။ သူက ယာထဲသွားရဦးမည်ဖြစ်သလို ဆိုင်ကယ်ကိုရပ်လိုက်သည်နှင့် အမေက နောက်ခုံပေါ်မှဆင်းကာ.....
" ညနေ လာမကြိုလဲရတယ်.....ငါ့ဘာသာလမ်းလျှောက်ပြန်လာခဲ့မယ်။ "
မြကြည်သာ အကြည့်က ရွာဦးကျောင်းဆီ လှုပ်လီလှုပ်လဲ့ဖြင့်လျှောက်လာသည့် ဖွားစာဥနှင့် ဘေးမှနှင်းဆီပန်းဖူးကိုမြင်တော့ မသွားသေးပဲရပ်နေ၏။ ရွာမှအပျိုတစ်ချို့က အဝတ်အစားလေးတွေပေးထါးသဖြင့် ဝတ်စရာအတော်အသင့်ရှိသွားသလို အခုလဲ နံ့သာရောင်လက်ပြတ်ဝမ်းဆက်လေးဖြင့် ခါးထိရှည်သည့် ဆံနွယ်စလေးတွေအား ကျစ်ဆံမြီးနှစ်ဖက်ကျစ်ကာ ယဥ်စစလေးပင်။
" ဟဲ့.....ဘာတွေငေးနေတာလဲ.....ယာထဲသွားမလို့ဆို။ "
အမေ့အသံကြောင့် သတိဝင်လာရရင်း အနားရောက်လာသည့် နှင်းဆီပန်းဖူးမှာလဲ သူ့ကိုမြင်တော့ မျက်နှာလေးငုံ့ကျသွား၏။ ကြည့်ရတာ ဖွားစာဥကိုလိုက်ပို့ရင်း သူမပါဥပုသ်စောင့်မည်ထင်သည်။ မြကြည်သာ ဆိုင်ကယ် စက်နှိုးကာ မောင်းထွက်လာခဲ့ရင်း လူကဘာမှန်းမသိ တစ်မျိုးတော့တစ်မျိုးကြီးပင်။
ပန်းဖူး အခုမှ ဆိုင်ကယ်မောင်းထွက်သွားသည့် သူ့နောက်ကျောကို ငေးကြည့်ရင်း သက်ပြင်းမောလေးချမိ၏။ ဖွားနဲ့အတူ ဘုန်းကြီးကျောင်းထဲ ဝင်လာရင်း ဥပုသ်စောင့်သီလယူသလို ညနေစောင်းတော့လဲ သူလာနိုးနိုး မျှော်မိသေးသည်။ အရီးတောင်လမ်းလျှောက်ပြန်သွားသည်မို့ ပန်းဖူးလဲ ဖွားနဲ့အတူ လမ်းလျှောက်ကာ ပြန်လာခဲ့သည်။
" ဖွားစာဥ......ဗျို့ ဖွားစာဥ။ "
ပန်းဖူး ဓနိအိမ်လေးထဲမှ ခေါင်းလေးပြူထွက်လာသလို မြကြည်သာ နှင့် ကာလသားအုပ်စုကိုမြင်တော့ ရှို့တို့ရှန်းတန်းဖြစ်သွားရသည်။ မကြီးခင်မိတို့လဲ ပါလာသဖြင့် ခြံပေါက်ဝလျှောက်လာခဲ့သည်။
" ဥပုသ်သည်တွေအတွက် ကြက်သွန်သုပ် နဲ့ အအေးလိုက်ဝေတာ......"
ပန်းဖူး ခေါင်းလေးညိတ်ပြရင်း မကြီးခင်မိကမ်းပေးသည့် အထုပ်လေးအား လှမ်းယူလိုက်သည်။
" ပန်းဖူး.....ညည်း မနက်ဖန်အလုပ်စဆင်းလို့ရပြီတဲ့။ ငါနဲ့လိုက်ခဲ့သိလား။ "
မြကြည်သာ ခေါင်းတဆတ်ဆတ် ညိတ်ပြကာ သူ့အားတစ်ချက်ခိုးကြည့်၍ အိမ်ထဲပြေးဝင်သွားသည့် ပန်းဖူးကို ငေးရင်း.....
" ဘာအလုပ်လဲ မခင်မိ။ "
" သြော်.....ပျိုးနှုတ်လေ။ ".
ပျိုးနှုတ်ဆိုတော့ ဒီကလေးမလုပ်နိုင်ပါ့မလား သူတွေးပူမိသွားရသည်။ နဂိုထဲက မလှုပ်တလှုပ် လူကပျော့တိပျော့ဖတ်လေးကို နေပူကျဲတဲမှာ လုပ်ဦးမည်။ ပြီးတော့ မခင်မိတို့က မရင်မြယာထဲမှာလုပ်ကြရတာမို့ မခင်မြယာပဲဖြစ်လိမ့်မည်။
" မရင်မြလယ်ထဲလား မခင်မိ။ "
" အေးလေ......."
မြကြည်သာခါးကြီးထောက်ကာ သက်ပြင်းချမိရင်းမှ......
" အဲ့မိန်းမက အပေါက်ဆိုးကဆိုးနဲ့ဗျာ......."
မြကြည်သာစကားကြောင့် ကာလသားတစ်သိုက်ထံမှ သြော်ခနဲ ပြိုင်တူရေရွတ်သံကြီးထွက်လာသည်။ ထိုအခါမှ မြကြည်သာမျက်နှာပူသွားရသလို နောက်တစ်အိမ်ထွက်လာခဲ့၏။ အထုပ်ထဲထည့်ပေးလိုက်တာရော မြင်ပါ့မလားမသိ။
ပန်းဖူး အထုပ်ကိုဖြည်ချလိုက်သည်နှင့် Max plus အအေးဗူးနှစ်ဗူး နဲ့ ကြက်သွန်သုပ်တစ်ထုပ်ကိုတွေ့ရသည်။ စက္ကူပတ်ထားသည့်အထုပ်လေးလဲ ရှိသေးတာမို့ ဖြည်ကြည့်လိုက်တော့ စာရွက်ခေါက်လေးတစ်ခုနဲ့အတူ ဆီထမင်းပူပူနှင့်ငါးခြောက်မျှင်လေးတွေ။
မနက်ဥပုသ်ထွက်လျှင် စားရန်။
ပန်းဖူး နှုတ်ခမ်းလေးကွေးညွှတ်သွားရသလို သူ့မျက်နှာကို ပြန်မြင်မိတော့ ရင်ထဲနွေးသွား၏။ အထားခံအောင် သေချာသိမ်းလိုက်ရင်း ဖွားဆီအအေးဗူးလေးယူကာ အနားဝင်ထိုင်သည့်တိုင် ကြည်နူးနေသော စိတ်အစဥ်ကြောင့် လူကခဏခဏကို ပြုံးနေမိသေးသည်။
@@@@@@@@@@@@
မြကြည်သာ ပုဆိုးကိုခပ်တိုတိုပြင်ဝတ်ရင်းမှ လယ်ကန်သင်းရိုးအတိုင်း လျှောက်လာခဲ့သည်။ မလှမ်းမကမ်းမှာ ပျိုးနှုတ်နေကြသည့်မိန်းကလေးအုပ်ကို လှမ်းမြင်လိုက်ရသလို စေ့စေ့လိုက်ကြည့်မိတော့ ရှပ်အင်္ကျီအပြာကွက်လေးဖြင့် နေပူကျဲတဲမှာ မခင်မိအနားရပ်၍ ပျိုးနှုတ်နေဟန်ရသည့် နှင်းဆီပန်းဖူး။
သြော်.....လူလေးကြည့်တော့ လေတိုက်တောင်လဲမယ့်ဟာကို။ ထိုအနားထိလဲ မသွားရဲသလို မျက်နှာပူတာမို့ အဝေးမှသာငေးကြည့်ရင်း ပြန်လာခဲ့ရသည်။
ပန်းဖူး ညနေစောင်းပြီမို့ မကြီးခင်မိတို့နဲ့အတူ ပြန်လာရင်း လက်ထဲနေ့စားခရလာသည့် ငွေငါးထောင်ကို ကျစ်နေအောင်ဆုပ်ကိုင်ထားမိသည်။ ရွာထိပ်ဝင်လာတော့ ဆိုင်ကယ်ကို ဇီးပင်အောက်ရပ်ထားကာ ပုဆိုးကြီးမ၍ ရပ်ကာ ပန်းဖူးတို့ကိုလှမ်းကြည့်နေသည့် သူ့ကိုမြင်လိုက်ရ၏။ အနားရောက်လာသည်နှင့် မျက်နှာလေးငုံ့ရင်း ဘာကြောင့်မှန်းမသိ မကြီးခင်မိအနားကပ်နေမိသည်။
" ဟဲ့.......ကြည်သာ နင်က ဒီမှာ ဘာလုပ်နေတာလဲ။ "
" ဘာလုပ်လုပ်ပေါ့ဗျာ.....မခင်မိတို့ ခုမှပြန်လာတာလား။ နောက်ကျလိုက်တာ။ နေတောင်အတော်စောင်းနေပြီ။ "
" အေးဟယ်......မရင်မြပေါ့ ထုံးစံအတိုင်း ဟိုခိုင်းဒီခိုင်းနဲ့ "
မြကြည်သာ အကြည့်က မခင်မိဘေးရပ်ကာ ခေါင်းလေးငုံ့ထားသည့် ပန်းဖူးဆီရောက်သွားရင်း...
" ဘယ်လိုလဲ.....အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား ။ "
သူ့ကို ဖျတ်ခနဲ မျက်ဝန်းရွဲကြီးဖြင့် ကြည့်လာရင်း ခေါင်းလေးဆတ်ခနဲညိတ်ပြ၏။ ခေါင်းလေးပြန်ငုံ့သွားတာမို့ မြကြည်သာ မချင့်မရဲကြီး ဖြစ်သွားရသည်။ လက်လေးတွေကို လှမ်းကြည့်မိတော့ နီရဲတွတ်နေသလို ပုံစံကိုကြည့်ရုံနှင့်နွမ်းနယ်နေမှန်း သိသာ၏။ သနပ်ခါးဆိုလို့ ပါးပြင်ပေါ်ရှိရုံရေးရေးလေးသာ ကျန်၏။
" ကျုပ် ရွာထဲပဲပြန်မှာ ။ တစ်ယောက်တင်ခေါ်သွားပေးမယ် လိုက်ခဲ့ချည်။ "
မခင်မိက ငယ်ရာမှကြီးလာသူမို့ ပါးသလို အရင်တုန်းက မသိသလိုကျော်ခွသွားတတ်သည့် မြကြည်သာတစ်ယောက် ခုနှင်းဆီပန်းဖူးပါမှ တမင်လာစောင့်နေမှန်း ရိပ်မိ၏။
" ဟယ်....ငါလိုက်မယ်..။ "
ပြောလဲပြော သူ့အနားရောက်လာသည့် အေးကြွယ်။ မြကြည်သာ နှင်းဆီပန်းဖူးကို ကြည့်မိတော့ သူ့ကိုငေးကြည့်နေရာမှ ကပျာကယာမျက်နှာလေးလွှဲသွား၏။ နည်းနည်းပါးပါး အလိုက်လဲမသိ.....ကိုင်ဆောင့်ပစ်ရ မကောင်းရှိရော့မယ်။
" သွားမယ်ဗျာ....တက်။ "
ဆိုင်ကယ်ပေါ်တက်ကာ စက်နှိုး၍ ဆောင့်ကြီးအောင့်ကြီး မောင်းထွက်သွားသည့်မြကြည်သာနှင့် အနောက်မှပါသွားသည့် အေးကြွယ်ကိုကြည့်ရင်း မခင်မိထိန်းမနိုင်ပဲ ရယ်ချမိသည်။
" ဘာရယ်တာလဲ အစ်မရဲ့။ "
အနောက်မှရွှေစင့်အမေးကို မခင်မိက ပြန်လှည့်ကြည့်ရင်း ရှင်းပြ၏။
" ရယ်တာပေါ့အေ့......မြကြည်သာက ပန်းဖူးပါလာလို့ လာစောင့်ခေါ်တာ။ ဒီကအစ်မတော်လေးကလဲ မလှုပ် ဟိုကမိအေးကြွယ်က ထလိုက်သွားတော့ စိတ်တိုသွားတာ။ "
ပန်းဖူး မျက်နှာလေး နီရဲတွတ်သွားရသလို ကပျာကယာ လက်ကလေးတခါခါငြင်းပြ၏။
" လုပ်မနေစမ်းပါနဲ့အေ.....ငါလဲငယ်ရာကကြီးလာတာပါ။ ဥပုသ်နေ့တုန်းကလဲ ဆီထမင်းထုပ်ကိုတစ်အိတ်ထဲကွက်ထည့်ပြီး ပန်းဖူးတို့အိမ်ပဲပေးတာ။ "
အို....။
ပန်းဖူး မျက်နှာမထားတတ်တော့သလို ဘာပြန်ပြောရမှန်းမသိ။ ပြောလို့လဲမရနိုင်တာမို့ မစနောက်ရန်သာ စာလေးရေးပြရသည်။ သူက စိတ်ကြီးတာ ပန်းဖူးသိသလို ကြောက်လဲကြောက်သည်။ ပန်းဖူးလို စကားမပြောနိုင်သူတစ်ယောက်နှင့် စနောက်လျှင် ကြိုက်ချင်မှကြိုက်မှာ မဟုတ်လား။
@@@@@@@@@@@@@
ချောင်းထဲတွင် ချထားသည့်ပိုက်ကိုလာဖော်ရင်းမှ ရသည့်ငါးမှန်သမျှ ပလိုင်းထဲအကုန်ထည့်ကာ ရေတွေစိုရွှဲနေသည့် ပုဆိုးအား ခပ်တိုတိုသေချာပြင်ဝတ်၍ ချွတ်ထားသည့် ရှပ်အင်္ကျီအား အပေါ်မှကောက်ဝတ်ကာ ကြယ်သီးမတပ်ထားသဖြင့် ရင်ဘတ်ရှိ ကြွက်သားတွေကအထင်းသား။
မိုးချုပ်နေပြီမို့ ပလိုင်းကိုစလွယ်သိုင်းလိုက်ရင်းမှ ရွာထဲခပ်သုတ်သုတ်လျှောက်လာကာ အိမ်မပြန်မီ ခြေလှမ်းတို့က ပန်းဖူးအိမ်ရှေ့အထိရောက်လာ၏။
" ဟေ့.....ပန်းဖူး.....ပန်းဖူး။"
ခြံနောက်ဘက်မှ ပြေးထွက်လာသလို လက်ထဲ ကန်စွန်းရွက်တွေခူးထားသဖြင့် ဒီနေ့ ဟင်းက ကန်စွန်းရွက်ကြော်မှန်း သိလိုက်၏။ သူ ကြည့်နေတာမြင်တော့ ကန်စွန်းရွက်တွေကိုင်ထားသည့် သူမလက်လေးတစ်ဖက်ကို နောက်သို့ဝှက်ထားလိုက်ရင်းမှ မလှမ်းမကမ်းလာရပ်ရင်း မျက်ဝန်းရွဲကြီးတွေဖြင့် မော့ကြည့်လာသည်။ ရှက်နေသလိုဟန်လေးမြင်ရသလို သူ မသိဟန်ဆောင်ကာ လွယ်လာသည့် ပလိုင်းကိုမြေပေါ်ချလိုက်၏။
" လာ......ဘာငါးယူမလဲ။ ချက်စားရအောင် လာပေးတာ.... များများယူထားချည်။ "
သူ့ကိုအကြောင်သားလေးငေးကြည့်နေတာမို့ ....
" ထည့်စရာတစ်ခုခု သွားယူခဲ့လေ...ဘာရပ်လုပ်နေတာလဲ။ "
ခပ်ဆတ်ဆတ်လေးဟောက်လိုက်မှ အိမ်ထဲဝင်သွားကာ ပြန်ထွက်လာတော့ ဗန်းလေးပါလာသလို သူ့ကိုကမ်းပေးစဥ် သူမလက်ကလေးထဲ ကျစ်နေအောင်ဆုပ်ထားသည့် ငါးထောင်တန်တစ်ရွက်ကို မြင်လိုက်ရ၏။
မြကြည်သာ နှင်းဆီပန်းဖူးလက်ထဲမှ ဗန်းကိုဆွဲယူကာ ငါးပြေမတွေနှင့် ငါးဘဲတွေ ခပ်များများထည့်ပေးကါ ငါးရံ့ကြီးနှစ်ကောင်ပါထည့်ပေးလိုက်၏။
" ငါးရံ့တွေခွဲပြီး နေလှန်းထား ကြားလား။ "
ခေါင်းလေးညိတ်ပြရင်း သူ့ကို ကမ်းပေးလာသည့် ငါးထောင်တန်ကြောင့် မြကြည်သာ မျက်မှောင်ကြီးကျူံ့သွားရသည်။
" ဘာလုပ်တာလဲ ......ငါ့ပုံက ပိုက်ဆံလိုချင်လို့လာရောင်းတဲ့ပုံပေါက်နေလို့လား။ "
ပန်းဖူး ခေါင်းလေးတခါခါဖြစ်သွားရရင်းမှ ငါးဗန်းကို လက်ညှိုးထိုးပြကာ ပိုက်ဆံအား သူ့လက်ထဲအတင်းထည့်ပေး၏။ မြကြည်သာ လက်ကိုဆောင့်ရုန်းပစ်လိုက်ရင်းမှ ဒေါသတကြီး တောက်ခေါက်လိုက်သည့်အခါ ပန်းဖူးကိုယ်လေး တုန်တက်သွားရသည်။
" ငါ့စေတနာကို မစော်ကားနဲ့ ။ "
ပန်းဖူး ငိုလေပြီ။
မျက်လွှာလေး အောက်ချရင်း မျက်ရည်ဥကြီးတွေက မျက်တောင်ကော့ကော့မှာ တွဲခိုနေတာမို့ မြကြည်သာ လှည့်ထွက်လိုက်သည်။ ဖတ်ခနဲ သူ့လက်ကိုလှမ်းဆွဲကာ ငါးဗန်းထဲမှ ငါးတွေအား သူ့ပလိုင်းထဲပြန်ထည့်ရန်ပြင်တော့ မြကြည်သာ မတားပဲ စူးစိုက်ကြည့်နေ၏။ သူ့ကို မာနတွေကြီးပြသည်ပေါ့လေ။ ဖွားစာဥ နဲ့ သူမ မိန်းမသားနှစ်ယောက်ထဲရှိတာကို မနက်ကမှ ပင်ပင်ပန်းပန်း ယာထဲသွားဆင်းပြီး ရလာသည့်ငွေကို သူ ဘယ်လိုယူရက်နိုင်ပါ့မလဲ။
ပလိုင်းကိုကောက်လွယ်ကာ ပန်းဖူးအား တစ်ချက်မကြည့်ပဲ ထွက်သွားသဖြင့် စိတ်ဆိုးသွားမှန်းသိသည်။ သူ့ဆီက ပန်းဖူး အလကားမယူချင်ပါ။ ဘာကြောင့်မှန်းမသိ သူပန်းဖူးကို အထင်သေးမှာကြောက်သည်။ ဂရုဏာသက်စွာ သနားသလို မျက်ဝန်းတွေဖြင့် ကြည့်လာလျှင် ပန်းဖူးရှက်သည်။
ထို့နောက်တွင်တော့ သူက ပန်းဖူးကို လမ်းတွေ့လျှင်တောင် မသိသလိုကျော်သွားတတ်သည်။ ပန်းဖူးမှာ စိတ်မကောင်းပေမယ့် သူမခေါ်ချင်မှန်းသိတာမို့ အလိုက်တသိလေးသာ နေပါသည်။ ကိုယ်က ချို့ယွင်းချက်နဲ့လူကိုး။
@@@@@@@@@@@@@@@@@@@@@
To be continue P - 3
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ