
ဒေါ်ကြင်ဆုံကြီးတစ်ယောက် ပိုးထိပြီး နေ့လည်ကဆုံးသွားသဖြင့် အသုဘအိမ်တွင် အကုန်ဝိုင်းကူလုပ်နေကြခြင်းပင်။ မြကြည်သာကတော့ မဏ္ဍပ်ထိုးပေးပြီးထဲက အသုဘဖဲဝိုင်းတွင် ဖဲထိုင်ရိုက်နေသလို ပန်းဖူးကတော့ ဟင်းချက်ပြုတ်ရန်ပြင်ဆင်နေကြသည့် မိန်းကလေးအုပ်ထဲ ဝိုင်းကူလုပ်ပေးနေသည်။
အသုဘအလောင်းကြီးက အိမ်ရှေ့တွင် စင်ထိုးကာ အခေါင်းထဲပြင်ထားကာ သုံးရက်ထားမှာပင်။ ဒေါ်ကြင်ဆုံက အပျိုကြီးမို့ သူ့တူမ ထားရီကပဲ ကျန်သည့်ကိစ္စတွေလုပ်ကာ ကျန်ခဲ့သမျှပစ္စည်းအကုန်ရလိုက်သည်ဟု ပြောရမည်။
" ဟ......စားပြန်ပြီကွာ.....ကဲ ကဲ.....အဖေ့ကိုပိုက်ဆံတွေထပ်လှူလိုက်ကြ သားလေးတို့ရေ။ "
မြကြည်သာ ဝိုင်းထဲမှ ပိုက်ဆံတွေဆွဲသိမ်းကာ သဘောကျစွာ တဟားဟားဖြင့် ရှိနေ၏။ နိုင်နေတာမို့ မြကြည်သာရှေ့ ပိုက်ဆံတွေကပုံနေသလို ပန်းဖူးကို လှမ်းကြည့်တော့ ကြက်သွန်နီတွေထိုင်ခွာနေ၏။
" ကိုကြည်သာ......ဆော့မှာလား ငမ်းမှာလား။ ကြာတယ်ဗျာ.... မြန်မြန်လုပ်စမ်းပါ။ "
မြကြည်သာ ဖဲထုပ်ကိုအမြန်ဝေနေစဥ် ထားရီက လက်ဖက်သုပ်ပန်းကန်လေးဖြင့် အနားရောက်လာ၏။
" အစ်ကို့....လက်ဖက်စားဦးနော်။ "
မြကြည်သာ သူ့ဘေးလာထိုင်ကာ အနားကပ်နေသည့် ထားရီကြောင့် ပန်းဖူးရှိရာဘက်လှမ်းကြည့်မိ၏။ မသိသလို မျက်နှာလေးလွှဲသွားသဖြင့် ရင်ထဲ ဖိန်းရှိန်းသွားရသည်။
" ငါ ဒီတစ်လှည့် ခဏထွက်မယ်....."
ပြောလဲပြော ပိုက်ဆံတွေကောက်သိမ်းကာ ပန်းဖူးရှိရာ ရောက်လာ၏။ ပန်းဖူးထိုင်နေသည့်အနား ဆောင့်ကြောင့်ထိုင်ရင်းမှ ဘေးမှမခင်မိတို့ကို တစ်ချက်ကြည့်ကာ ပန်းဖူးမျက်နှာလေးအား ငေးကြည့်၍ ခပ်တိုးတိုးရှင်းပြသည်။
" ကိုယ် ဘာမှမပြောဘူးနော်.....သူ့ဘာသာ အနားလာထိုင်နေတာ။ အထင်မလွဲနဲ့ဦး။ "
ပန်းဖူး ပြုံးမိသွားသလို ခေါင်းလေးကို ဆတ်ခနဲညိတ်ပြ၏။ မြကြည်သာ အိတ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက်အား ပန်းဖူးဆီထိုးပေးကာ......
" သိမ်းထားပေးဦး......တော်ကြာ ပြန်ကုန်သွားမှာစိုးလို့။ "
ပန်းဖူး ငြင်းချိန်ပင်မရလိုက်သလို အနားမှကပျာကယာထပြေးရင်း ဖဲဝိုင်းပြန်ရောက်သွားပြီမို့ ပြူးတူးကြောင်တောင်လေးသာ ကျန်ခဲ့ရသည်။ မခင်မိက ပန်းဖူးကိုကြည့်ရင်းမှ နှုတ်ခမ်းကိုမဲ့ချရင်း.....
" အမလေးတော်! သူများတွေများ ရည်းစားမဖြစ်သေးဘူး ပိုက်ဆံထုပ်ကအစ အပ်ပြီးသား။ ငါ့လင်ကျ သူ့ပြန်အရည်ဖိုးပေးနေရတယ်......ကုသိုလ်ကံကလဲ။ "
ပန်းဖူး မျက်နှာလေး ရဲသွားရသလို ခေါင်းလေးငုံ့လိုက်မိသည်။ မခင်မိက ပန်းဖူးပုံစံကြည့်ကာ ရယ်ရင်းမှ.......
" အဖြေပေးစရာရှိတာ ပေးလိုက်တော့ မိပန်းဖူး။ ကြည်သာကြီးက လူကောင်းပါအေ......အမလေး! "
ရုတ်တရတ် ပန်းဖူးတို့မိန်းကလေးအုပ်နား ထိုးကျလာသည့် လူကိုကြည့်မိတော့ ရွာထဲမှ အရက်သမားငပိန်။
" ဒီသေနာနှယ်...လန့်သွားတာပဲ။ ဘာတုန်း....."
" အ....အရက်ဖိုး။ "
မြကြည်သာ လှမ်းကြည့်ရင်းမှ.....
" ဟိုကောင်....ငပိန် ဒီလာ။ "
မြကြည်သာက အရက်ဖိုးပေးလိုက်တော့ ပြန်ထွက်သွားသလို ညလုံးပေါက်သည်အထိ ဖဲထိုင်ရိုက်မှာ မဟုတ်လား။ ညမိုးချုပ်လာတော့ အသုဘဝိုင်းကူသည့်လူတွေကို ထမင်းကျွေးရန်ပြင်ကြရသလို မြကြည်သာတို့ထမင်းဝိုင်းကို ထားရီနှင့် မခင်မိက ပြင်ဆင်ပေးသည်။
" အစ်ကို့ စားနော်.......ဟင်းထပ်ထည့်ဦးမလား။ "
မြကြည်သာ ထမင်းမစားနိုင်ပဲ ပန်းဖူးကိုလိုက်ရှာတော့ ခြံထောင့်ရှိထမင်းဝိုင်းကိုပြင်ပေးနေတာမို့ ထိုင်နေရာမှ ထမင်းပန်းကန်ကိုင်ကာ ထိုဝိုင်းရောက်သွား၏။
ပန်းဖူး ဒီရောက်လာသည့် သူ့အား မြင်တော့ မျက်စလေးပင့်ပြကာ မေးလာသည်။ မြကြည်သာ ပြုံးလိုက်ရင်းမှ ....
" ခင် ပြင်ပေးတာပဲ စားချင်တာ။ "
ပန်းဖူး မျက်စောင်းလေးထိုးလိုက်ရင်းမှ သူ့ထမင်းပန်းကန်ကိုဆွဲယူကာ ဟင်းချက်သည့်နား လျှောက်သွား၏။ ကြက်သားနဲ့ဗူးသီးဟင်းအိုးထဲ ယောက်ချိုဖြင့်မွှေလိုက်ရင်း ဖျတ်ခနဲပေါ်လာသည့် ကြက်ပေါင်အား မသိမသာထည့်၍ လူကြီးတွေအတွက်ဖယ်ထားသည့် အသဲအမြစ်ဆီပြန်ထဲမှ အသဲဖတ်လေးကို အလစ်ထည့်၍ သူ့ဆီပြန်လျှောက်လာခဲ့သည်။
မြကြည်သာ ကြည်နူးလွန်းသဖြင့် မိန့်မိန့်ကြီးပြုံးကာ ထမင်းစားရင်း ပန်းဖူးက သူ့အနားထိုင်ကာ လိုတာလိုက်လုပ်ပေး၏။ ချစ်သူမျက်နှာလေးငေးကာ ချစ်ရသူပြင်ဆင်ပေးသမျှ အခန့်သားထိုင်စားနေရတော့ လူက မြောက်ကြွကြွ။
@@@@@@@@@@@@@
ပန်းဖူး အိမ်ခဏပြန်ရန် အသုဘအိမ်မှ ထွက်လာခဲ့သလို ဖွားတစ်ယောက်ထဲအဆင်မပြေမှာစိုး၏။အိမ်ပြန်ရောက်တော့ ဖွားကို ထမင်းပြင်ဆင်ပေးရသေး၏။
" ဖွားက အဆင်ပြေပါတယ်။ အသုဘအိမ်မှာ အလုပ်တွေက ရှုပ်နေမှာ။ တော်ကြာ ကိုယ်က မကူချင်ဘူးထင်နေပါ့မယ်.....မြန်မြန်ပြန်ကူလိုက်။ "
ပန်းဖူး ခေါင်းလေးညိတ်ပြရင်း အိမ်ထဲမှထွက်လာတော့ ခြံဝတွင် မတ်တတ်ရပ်ကာ စောင့်နေသည့် သူ့ကိုမြင်လိုက်ရ၏။ ပန်းဖူး သူ့ အနားရောက်သွားသည်နှင့် ......
" ပြန်ရင်လဲ နည်းနည်းပါးပါး မပြောသွားဘူး.....ညမိုးချုပ်တစ်ယောက်ထဲ အဖော်မပါဘာမပါနဲ့ ပြန်လာရလား။ တော်တော်သတ္တိကောင်းနေတယ်။ "
မြကြည်သာက မျက်နှာကြီးတည်ရင်း ဆူငေါက်လာသည်။ တကယ်လဲ သူ စိုးရိမ်တကြီး လိုက်လာတာပင်။ ရွာလမ်းမက မှောင်သလို မီးတိုင်ရှိသည့်နေရာလောက်ပဲ ကွက်လင်းတာပင်။ နှစ်ယောက်သား အသုဘအိမ်ရှိရာ ရွာတောင်ပိုင်းဘက် အတူလျှောက်လာရင်း မြကြည်သာက လက်ထဲဓာတ်မီးကိုင်ကာ မှောင်သည့်နေရာတွေရောက်လျှင် မီးထိုးလာသည်။
ပန်းဖူး သိမ်းထားသည့် ပိုက်ဆံတွေအားထုတ်ကာ သူ့ဆီကမ်းပေးတော့ မြကြည်သာ ငဲ့ကြည့်လာရင်း.....
" သိမ်းထားလိုက်......"
ပန်းဖူး ခေါင်းခါသည်။ စာလေးရေးပြတော့ လက်ထဲက ဓာတ်မီးဖြင့်ထိုးပေးထါးရင်း သူပါလိုက်ဖတ်ကြည့်သည်။
သူနဲ့ ပန်းဖူးက ဘာမှလဲမဆိုင်ပဲဟာ....သူများတွေ အပြောမခံချင်ဘူး။
မြကြည်သာ မျက်မှောင်ကြီးကျူံ့သွားရင်းမှ.....
" အပြောမခံချင်ရင် အဖြေပေးလေ... သြော်....လွယ်တာကိုဇွတ်ခက်နေတယ်။ ဘာလဲ ကျုပ်က မယုံရလို့လား......"
ပြောရင်းကို စိတ်တိုလာသဖြင့် ပုဆိုးကို တိုတိုပြင်ဝတ်ကာ ပန်းဖူးအနားတိုးလိုက်သဖြင့် ပန်းဖူးအလန့်တကြားဖြစ်သွားရသည်။
" ကျုပ်က ခင့်ကိုသိပ်ချစ်တာ.....ဒါပေမယ့် တစ်ခါတစ်လေ သိပ်ရိုက်ပစ်ချင်တာပဲ။ ခုတောင် အသဲကိုယားနေတာပဲ ။ "
အဖြေတောင်းနေတာနဲ့မတူပဲ အနုကြမ်းစီးသလိုဖြစ်နေတာလဲ မြကြည်သာတို့က မသိ။ ပန်းဖူး စာရွက်မှာ ကပျာကယာလေးရေးရင်း သူ့ကိုပြတော့ မှုန်တိမှုန်ကုတ်ဖြင့်ကြည့်လာ၏။
ပန်းဖူး သူ့ကို ချစ်ပါတယ်။
မြကြည်သာ ၏ နှုတ်ခမ်းတွေက ညွှတ်ကျသွားရသလို ရင်ထဲလှိုက်ခနဲဖြင့် တစ်ကိုယ်လုံးကသွေးတွေပါ နွေးခနဲ ဖြစ်သွား၏။ ပန်းဖူးကို ဖျတ်ခနဲ ငေးကြည့်ရင်း လူကပြုံးစိစိဖြစ်လာသဖြင့် နှုတ်ခမ်းအစုံကို မရမကဖိပိတ်ကာ ဟန်ကိုယ်ဖို့နေရသည်။.
" အစထဲက ချစ်တယ်ဆိုပြီးပြီဟာ......လာ သွားမယ်။ "
ပန်းဖူးလက်လေးကို ပိုင်ပိုင်နိုင်နိုင်ကြီး ဆွဲကာ ရွာလမ်းမတစ်လျှောက် အတူလျှောက်လာရင်း မြကြည်သာရင်ထဲ ကတုန်ကယင်ကြီးဖြစ်နေရသည်။ သူ့လက်ကြမ်းကြီးထဲမှ လက်ဖဝါးလေးက နူးညံ့လွန်းနေသလို သေးသေးလေးပင်။
အဟွန်း.....တကယ်အသဲယားစရာလေး။
@@@@@@@@@@@@
" အမလေး.......ကိုကြည်သာတို့များနော် အရင်ကဆို ကျုပ်တို့ချက်ပြုတ်တဲ့အနား ယောင်လို့တောင်မလှည့်လာပဲ ခုမှ ချောင်းပေါက်တော့မယ်။ "
အပျိုတသိုက်၏ အငေါ်တူးတူး စကားကြောင့် မြကြည်သာ ပန်းဖူးအနားထိုင်နေရာမှ...
" ငါက ညည်းတို့ဆီလဲ မလာပါဘူး။ ခင့်ဆီပဲ စိတ်မချလို့ လာလာကြည့်နေတာ။ "
ပန်းဖူးက သူ့လက်မောင်းအား လှမ်းရိုက်ကာ ခေါင်းလေးခါယမ်း၍ မပြောရန်တား၏။ ဟုတ်သည်လေ.....ရှက်လို့မျက်နှာလေးဆိုရဲပြီး ခေါင်းကြီးငုံ့ကာ ကြက်သွန်တွေထိုင်လှီးနေသည်။ မြကြည်သာက ဘေးမှအခွံထိုင်ခွာရင်း ကူ၏။
" အ....."
ပန်းဖူးဓားထိသွားသဖြင့် မျက်နှာလေးမဲ့ကျသွားသလို မြကြည်သာ သွေးတွေဖြင့်လက်ညှိုးလေးအား လှမ်းမြင်တော့ ဒေါသကထောင်းခနဲထွက်၏။
" ဟားးးလက်ထိကုန်ပြီ။ ဒီကြက်သွန်လှီးတာတောင် ဓားထိအောင်လှီးရသလား။ တောက်! သွေးတွေထွက်ကုန်ပြီ။ "
အအော်ခံရတော့ ပန်းဖူး မျက်နှာလေးငယ်သွားသလို မြကြည်သာက ပန်းဖူးဘေးထိုင်နေရာမှ ဆောင့်ကြီးအောင့်ကြီး ထသွား၏။ သိပ်မကြာလိုက် ရေခွက်တစ်ခွက်ဖြင့် ပုလင်းတစ်ပုလင်းယူကာ ပြန်ရောက်လာသည်။
" ပေး... အဲ့လက်။ "
ပန်းဖူးလက်ကို ရေဖြင့်ဆေးကာ အရက်ပြန် ထည့်ပေး၍ မစပ်အောင်တဖူးဖူးမှုတ်ပေးသည်။ ပလာစတာကပ်ပေးရင်း မျက်နှာကြီးမှူန်ကုတ်၍ တဗျစ်တောက်တောက်ဆူ၏။
" ဘာမှကို စိတ်မချရဘူး.......အဲ့ဒါက ဘာလုပ်ဦးမလို့လဲ ကိုယ့်ဘာသာနေ......လာမရှုပ်နဲ့။ "
ပန်းဖူးက ကြက်သွန်နီပြန်ကူလှီးပေးရန် ဓားလေးကိုင်မိပေမယ့် အငေါက်ခံလိုက်ရတာပဲ အဖတ်တင်ကာ ဓားကိုဆွဲယူသွား၏။
" ကဲ....ကဲ ပန်းဖူး လာ ဒီမှာ ဟင်းပွဲတွေကူချက်ပေး။ "
မခင်မိက မျက်နှာ လေး မကောင်း ဖြစ်နေသည့် ပန်းဖူးအား လာခေါ်သွားသလို မြကြည်သာ က စိတ်မချနိုင်ပဲ လှမ်းကြည့်နေသေး၏။ စိတ်ချသွားမှ ဖဲဝိုင်းဆီ ပြန်ရောက်လာသလို အပြောဆိုးပေမယ့် သူ့မိန်းကလေးကိုတော့ တုန်နေအောင်ချစ်၏။
မြကြည်သာကား လူရိုးတုတ်ရိုက်။ တောသားပီပီ စိတ်ရင်းကောင်းသည် ။ လူတစ်ဖက်သားကို ကူညီတတ်၏။ စကားပြောပွင့်လင်းသလို ပြောလျှင်လဲ ဘွင်းဘွင်းရှင်းရှင်းဖြင့် စိတ်မြန်လက်မြန်ရှိ၏။ နှင်းဆီပန်းဖူးဟာ မြကြည်သာ၏ချစ်သူမဖြစ်ခင်ထဲက ရွာရှိကာလသားတွေက ပန်းဖူးကိုမပိုးရဲတော့။ မြကြည်သာကိုရှိန်တာလဲပါသလို ကိုယ့်ရွာသားချင်းမို့ စည်းစောင့်တာလဲပါ၏။
ပန်းဖူး လိုတာလေးတွေဝိုင်းလုပ်ပေးနေရင်း ထမင်းချက်သည့် လူတွေဆီ ရေနွေးလာချပေးခြင်းပင် ။
" ပန်းဖူး လက်ဖက်သုပ်လေး ဘာလေးချစမ်းပါဟာ။ "
ပန်းဖူး ခေါင်းလေးညိတ်ပြရင်းမှ ဒီဘက်ပြန်ထွက်လာသလို လက်ဖက်ပွဲလေးယူလိုက်စဥ်....
" ဟေးးးးးဒီမှာ နာရေးလာကူတယ်ဟေ့။ "
အသံကျယ်ကျယ်ဖြင့် ဝင်လာကြသည့် လူတသိုက်။ တခြားရွာမှ ဖြစ်ပုံရကာ ဖဲဝိုင်းရှိလို့လာပုံရသည်။ ဝိုင်းထိုင်လိုက်ကြသလို ဖဲဝင်ဆော့ရန်ပြင်၏။
" အဲ့ဒါ ဇီးကုန်းက လှဆောင်တို့လေ။ အော်ကြော့လန်တွေ....."
မကြီးမခင်မိက ခပ်တိုးတိုးဖြင့် အပျိုတွေကိုပြောပြသလို ပန်းဖူးလဲ ထမင်းချက်သည့်ကာလသားတွေဆီ လက်ဖက်ပွဲသွားချပေး၏။ လှဆောင်ကား ဖဲဆော့နေရာမှ ပန်းဖူးကိုမြင်တော့ လည်ပြန်လိုက်ငေးကာ ......
" ဟားးးးလာရကျိုးတော့ နပ်ပြီဟေ့။ ဟိုညီမလေး အကို့ကိုလဲ လက်ဖက်လေးချပေးဦးလေ။ "
ပန်းဖူး ခြေလှမ်းလေးတုန့်သွားရင်း သူ့ကိုလှမ်းကြည့်မိတော့ မြကြည်သာက ဖဲဆော့မပျက်သည့်တိုင် မျက်နှာကတော့ တည်တင်းနေသည်။
ပန်းဖူး ထမင်းချက်သည့်အနားရောက်သွားမှ မြကြည်သာက တစ်စခန်းထသည်။ ပန်းဖူးရှေ့မှာ သူမရမ်းကားချင်တာမို့ စောင့်ခြင်းပေမယ့် သကောင့်သားက သူများပစ္စည်းကို ပစ်မှားနေသည်မဟုတ်လား။
" ဖဲရိုက်ရင်လဲရိုက်......မွှန်ရင်လဲ လူကြည့်ဟေ့။ ငါ့အပိုင်ကိုလာထိရင်တော့ သည်းမခံဘူးနော်။ "
လှဆောင် မျက်ခုံးပင့်မိသွားသလို သူ့ကိုပြောမှန်းရိပ်မိ၏။ မြကြည်သာအကြောင်းလဲ လှဆောင်ကသိသည်။ သူလဲ သူ့ရွာဗိုလ် ကိုယ်လဲကိုယ့်ရွာတွင်ဗိုလ်.....မငြိအောင်ရှောင်ကြပေမယ့် ငြိလာရင်သူကလဲ ရှောင်ဖို့မရှိ။ ထိုစဥ် ပန်းဖူးက ခြံနောက်မှပြန်ရောက်လာရင်း မြကြည်သာအနားတိုးကာ လက်ဖက်သုပ်လေး အလိုက်တသိချပေးသည်။ လှဆောင်တင်းသွားရသလို မြကြည်သာကို စူးစိုက်ကြည့်လာ၏။
မြကြည်သာက ဂရုမစိုက်သလို ပန်းဖူး ကိုကြည့်ရင်း ခပ်ပြုံးပြုံး။ တောက်လျှောက်မနားပဲ အလုပ်လိုက်လုပ်နေသဖြင့် သူ့အနားဆွဲခေါ်ကာ အတင်းထိုင်ခိုင်းထားကာ နားစေသည်။ ပန်းဖူးကတော့ စူပုတ်ပုတ်လေးဖြင့် အနားထိုင်ကာ ယပ်တောင်လေးယူကာ သူမချစ်သူအား အလိုက်တသိယပ်ခတ်ပေးသည်။
ကဲ..... မြကြည်သာ တို့ ဘဝင်လေဟပ်တာ အဆန်းလား။
@@@@@@@@@@@@@@@@@@@@@@
To be continued P - 6
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ