
သီတင်းကျွတ်ပြီးပြီဆိုတော့ အိမ်ပြောင်းအိမ်ရွှေ့တွေက များပြားလာသည်။ ပွဲစားမခင်တင့်အနေနဲ့ ဒီနေ့ အိမ်ငှားတစ်ယောက်နှင့် ချိန်းထား၏။ ဘာပဲဖြစ်ဖြစ် ဒီပွဲလေးတည့်ရင်တော့ တော်တော်အဆင်ပြေမည်ဟု တွေးထားသည်။
“ရပ်ကွက်က သန့်ရဲ့လား”
“သန့်ချက်ကတော့ ငါ့မောင်ရေ .. အမှိုက်ဆိုတာတွေ့ချင်ရင်တောင် စည်ပင်ကားလာမှတွေ့ရလိမ့်မယ်”
ပွဲစားစကားမို့ ဖိုးမောင်အနေနဲ့ သိပ်တော့အတည်မယူချင်။ ဒါပေမဲ့ တကယ်တမ်း လမ်းအခြေအနေကြည့်ရတာတော့ တော်တော်လေးသန့်သည်။ ပြဿနာက လမ်းက တစ်ဖက်ပိတ်လမ်းဖြစ်နေတာပင်။
“အင်းဗျာ .. လမ်းက တစ်ဖက်ပိတ်ဖြစ်နေတာလေး တစ်ခုပဲ”
“မင်း .. အေးအေးဆေးဆေး နေချင်တယ်ဆို။ ဒီလိုတစ်ဖက်ပိတ်လမ်းတွေက အဆင်ပြေတာပေါ့။ ဖြတ်သွားဖြတ်လာ နည်းတာပေါ့”
အဲဒါတော့လည်း ဟုတ်သည်။ ထပ်ပြီးတော့ မရှာချင်တော့။
“ငှားမယ်ဗျာ”
မခင်တင့် တော်တော်ပျော်သွားသည်။ အိမ်ရှင်ကို ဖုန်းဆက်ပြီး စာချုပ်ချုပ်ဖို့ကိစ္စပြောရမည်။ ဒီအိမ်ရှင်က မခင်တင့်ကို ယုံသည်။ အိမ်သော့ပါပေးထားပြီး ပွဲဖြစ်ပြီဆိုမှ ရောက်လာတတ်၏။
ဖိုးမောင်ကလည်း အိမ်ထဲကို သေချာလှည့်ပတ်ကြည့်ရှုပြီး အိမ်လေးက သပ်သပ်ရပ်ရပ်ကျစ်ကျစ်လစ်လစ်လေးဆိုတော့ သဘောကျသွားသည်။ နောက် နာရီဝက်လောက်ကြာတော့ .. အိမ်ရှင်ရောက်လာသည်။ ဈေးစကားကလည်း ပြောထားဆိုထားပြီးသားမို့ အခက်အခဲမရှိ။ မခင်တင့်လည်း ဒီလိုမျိုးလွယ်လွယ်ကူကူပွဲမျိုးလေး တည့်သွားမှာဆိုတော့ အတွေးနဲ့ပျော်နေသည်။
စာချုပ်မှာ လိုအပ်ချက်တဲ့အချက်အလက်တွေ ရေးပြီးတော့ ဖိုးမောင်က သေချာဖတ်နေသည်။ အဲဒီအချိန်မှာပဲ ….
“Hello Oppa..”
အသံက တော်တာ်ကျယ်သည်။ ဖိုးမောင် တုန်တက်သွားသည်။
“ဘာသံကြီးလဲ .. ဘာသံကြီးလဲ..”
“လော်စပီကာသံပါကွယ်”
“ကထိန်နားနီးပြီလေ .. အလှူခံနေမှာပေါ့”
ဖိုးမောင်က အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ .. လူငယ်အချို့၊ ဆိုက်ကားပေါ်မှာ လော်စပီကာတင်လို့။ အလှူခံဖလားကို ကိုင်ထားလေသည်။ ဖွင့်ထားတဲ့ သီချင်းက ..
“Hello Oppa.. ကိုကိုရေ တနေကုန်ပစ်လို့ထားတယ်ဟေ့..”
သီချင်းကလည်း တစ်ခါမှ မကြားဖူး။ သူ စိတ်ပျက်စွာ အခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်။ အိမ်ရှင်နှင့် ပွဲစားတို့က မထူးဆန်းသလို ပုံစံနှင့် ..
“မောင်လေးရေ .. ဒါလေး မြန်မြန်ဖြတ်လိုက်ရအောင်..”
“ခဏနေဦးဗျာ ..”
ဖိုးမောင် မသင်္ကာလို့ ငါးမိနစ်လောက် စောင့်လိုက်ခြင်း ဖြစ်သည်။ ခုနက အဖွဲ့က ဟိုဘက်လမ်းထိပ်ပင်မရောက်သေး .. နောက်တစ်သံထပ်ကြားလာရပြန်သည်။
“ခင်ခင်ပျိုရေ .. အနားနားတိုးပါ စကားလေးပြောချင်လို့”
ဖိုးမောင်က .. တအံ့တဩနှင့် ..
“ဟာ .. ဟာ .. ဒါကရော .. “
“ဒါလည်း လော်စပီကာသံပါပဲကွယ်”
“ကထိန်နားနီးလို့ပါ”
ဖိုးမောင် စိတ်ပျက်စွာနှင့် ..
“ဒီလို အသံတွေနဲ့ဆိုရင် ကျနော် ဘယ်လိုနေမလဲဗျာ”
ဟုတ်တော့လည်း ဟုတ်သည်။ အိမ်က လမ်းအဆုံးဘက်မှာဆိုတော့ ဖြတ်သွားဖြတ်လာအသံမျိုးမဟုတ်ဘဲ .. အိမ်ရှေ့တည့်တည့်ကျမှာ လော်ကို အိမ်ရှေ့ဘက်လှည့်လှည့်ပြီး ကွေ့သွားတော့ အသံက အခြားအိမ်တွေထက် စူးကနဲနေအောင် ကြားရသည်။
အိမ်ရှင်နှင့် ပွဲစားတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ..
“ဒီလိုလုပ်ငါ့မောင်ရေ .. ဈေးနည်းနည်းလျှော့ပေးမယ်ကွယ်။ ပွဲလေးဖြစ်သွားအောင်လို့ပါ”
ဖိုးမောင် သက်ပြင်းကို ချလိုက်ပြီး ..
“ဒီလ အတွင်းပဲ ဆိုတာ သေချာရဲ့လား”
“သေချာတယ် သေချာတယ် ငါ့မောင် .. ကတိန်လပြီးသွားရင် ဒီအသံတွေ မကြားရတော့ပါဘူး”
ဖိုးမောင်လည်း ဈေးလည်းလျှော့ပေးထားတာကြောင့် အားနာပြီး စာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။ စာချုပ်က ၆ လ စာချုပ်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်လတော့ သည်းခံလိုက်မည်ဟု တွေးထား၏။
ဒါပေမဲ့ ဖိုးမောင် ကံဆိုးသည်။ ဘာဖြစ်လို့လည်းဆိုတော့ .. မနက် ငါးနာရီကတည်းက ..
“ပဲပြုတ်ပူပူလေး .. “
လော်နှင့် အော်သည်။
၆နာရီကျော်လောက်မှာတော့ ..
“လက်ဖက်ရည်ပူပူလေး .. “
လော်နှင့် အော်တာပဲဖြစ်သည်။
၈နာရီလောက်မှာတော့ ..
“ဟင်းသီးဟင်းရွက်အစုံ..”
လော်နှင့် ဖြစ်သည်။
နေ့လယ်နေ့ခင်းကျပြန်တော့လည်း ..
“ရွှေရင်အေး .. မုန့်လက်ဆောင်း .. “
လော်နှင့်။
“အုန်းစိမ်းရည်ချိုချိုလေး .. “
လော်နှင့်။
“အခြေမဲ့ကိုယ့်ရဲ့ ရင်ခွင်ငယ်ထဲမှာ .. “
ဒါကတော့ ဆောင်းဘောက်နှင့်မိုက်တပ်ကာ သီချင်းဆိုခြင်းဖြစ်သည်။
စိတ်ညစ်ညစ်နှင့် .. ဓမ္မာရုံဘေးက .. လက်ဖက်ရည်ဆိုင်ထွက်ထိုင်တော့ …
“ကျဆိမ့်တစ်ခွက်လောက် .. “
“ဗျာ ..”
“ကျဆိမ့်.. လို့ …. “
တော်တော် အော် ယူရသည်။
ဖိုးမောင်တစ်ယောက် ကျောင်းထိုင်ဘုန်းကြီးကို လျှောက်သည်။
“အရှင်ဘုရား .. နိဗ္ဗာန်မှာ .. လော် သံ ကြားရလား”
“ဘယ်ကြားရမလဲကွ”
“အဲဒါဆို တပည့်တော် အခုချက်ချင်းပဲ ရဟန်းဝတ်ပါမယ်”
ဘုန်းကြီးဖြစ်သွားတော့ .. ဘုရားပေါ်မှာ အေးအေးဆေးဆေး .. တရားမှတ်နေတုန်း ..
“ငါက .. ဗိုလ်အောင်ဒင် .. နင်က ဒါကို မမြင်..”
“သောက်ပလုတ်တုတ်.. “
ဘုရားပေါ်မှာ ရှင်လောင်းလှည့်ခြင်းဖြစ်သည်။ လော် က အရင်ရောက်လာခြင်းဖြစ်သည်။
ဘုန်းကြီးဖိုးမောင် တစ်ယောက် ကျောင်းထိုင်ဆရာတော်ဆီ ..အပြေးသွားပြီး .
“အရှင်ဘုရားပြောတော့ .. နိဗ္ဗာန်မှာ လော် မရှိဘူးဆို”
“အေး .. နိဗ္ဗာန်မှာတော့ လော်မရှိပါဘူး။ နိဗ္ဗာန်မရောက်ခင် စပ်ကြားတော့ လော် ဒဏ် နည်းနည်းခံရလိမ့်မယ်ကွဲ့”
အိုဘဲ့ .. မြန်မာပြည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg