ဆေးမင်ရည်စုတ်ထိုး (အပိုင်း ၈)
lotaya.mpt.com.mm
|
2022-11-27

Part - 8

နှင်းဆီပန်းဖူး ခြံဝမှ လှမ်းခေါ်သံကြောင့် ကဲကြည့်မိတော့ ဒေါ်ညွန့်ကြည်ကို လှမ်းတွေးလိုက်ရသဖြင့် ကပျာကယာ ခြံဝိုင်းထဲဆင်းလာရန်ပြင်လိုက်သည်။

" နေ....နေ ငါလာမယ်။"

ပန်းဖူး ခြေလှမ်းလေးတုံ့သွားရသလို အိမ်ပေါက်လေးမှာတင် ရပ်စောင့်နေမိသည်။ ဒေါ်ညွန့်ကြည် အိမ်ထဲဝင်ထိုင်ရင်းမှ....

" ဘာလာလုပ်တာလဲ သိတယ် မဟုတ်လား။ ညည်းနှယ်အေ....ပြောရခက်လို​က်တာ။ "

ပန်းဖူး ခေါင်းလေးငုံ့ထားမိသလို ဆူသမျှဆဲသမျှ ခံရန်သာ တွေးထားလိုက်သည်။ သူက ပန်းဖူးကို လက်လွှတ်မှာ မဟုတ်သလို ပန်းဖူးကလဲ သူ့ကိုမခွဲနိုင်ပါ။ 

" ညည်းနဲ့ ငါ့သားမဖြစ်ပါဘူးအေ.....ညည်းက ရေခဲရုပ်ကိုမှ ကြောက်တတ်ကကြောက်တတ်။ ငါ့သားက လူကြမ်းအေ့......ပြောရင်တလုံးတခဲ....စိတ်ကလက်တစ်ဆစ်...ဒင်းကအိပ်နေရင်းတောင် စိတ်တိုနေတတ်တဲ့ကောင်....ညည်းတို့တကယ်မဖြစ်ဘူး။ "

ပန်းဖူး စာအုပ်လေးကောက်ယူရင်းမှ ရေးပြလိုက်သလို ဒေါ်ညွန့်ကြည် က ကြိုးစားဖတ်ရှာ၏။ ပြောရရင် ဒေါ်ညွန့်ကြည်ကလဲ ဘုန်းကြီးကျောင်းထွက်ဆိုတော​့ သုံးတန်းသာအောင်ခဲ့သည်။

" သမီးတောင်း......ပန်ပါ တယ်....သူ့ကိုမ ခွဲနိုင်ဘူး"

ပန်းဖူး ခေါင်းလေးတဆတ်ဆတ် ညိတ်ပြ၏။ 

" ရက်စက်တယ်လို့တော့ မထင်နဲ့အေ.....ငါ့သားက သဘောကျပေမယ့် ငါမှသဘောမတူပဲအေ။"

" အမေ့...."

ဆောင့်ကြီးအောင့်ကြီး ရောက်လာကာ ခေါ်လိုက်သံကြောင့် ပန်းဖူးရော ဒေါ်ညွန့်ကြည်ပါ လန့်သွားရသည်။ ခြံထဲဝင်လာသည့် သူ့ကို မြင်လိုက်ရသလို လက်ထဲလဲ တစ်လုံးချိုင့်ကြီးဆွဲလာ၏။

" ဒီကို ဘာတွေလာလုပ်ပြန်ပြီလဲဗျာ...အမေနဲ့ကတော့ ပြဿနာပဲ။ ခင့်....ရော့ ကြက်သားကြော်လာတယ်။ သွားထားလိုက်။ "

ပန်းဖူး ဒေါ်ညွန့်ကြည်ကို ကြည့်လိုက် သူ့ကိုကြည့်လိုက်ဖြင့် ယူရမလို မယူရမလို တွေဝေနေသလို မယူလဲမယူရဲပဲ နှစ်ယောက်ကြား ဘာလုပ်ရမှန်းမသိ။

" သြော်....ယူပါဆို ဘာတွေလိုက်ကြည့်နေတာလဲ။ ကြော်လာတဲ့ကြက်က ခင့်ရည်းစားမွေးထားတဲ့ကြက်.....ခင်ပိုင်တယ်။ သွား...."

ဒေါ်ညွန့်ကြည် နှုတ်ခမ်းကိုမဲ့ချမိသလို လက်တစ်ဖက်ဖြင့် ခါးထောက်၍ မသိဟန်ဆောင်နေလိုက်သည်။ နှင်းဆီပန်းဖူး အိမ်ထဲဝင်သွားသည်နှင့် မြကြည်သာ​က အမေဖြစ်သူကို ကြည့်ရင်း......

" အမေလဲနော်....ကျုပ်ရည်းစားကို အရမ်းစိတ်ဆင်းရဲအောင် လုပ်တာပဲ။ အမေ့သားက ချစ်ပါတယ်ဆို အမေကဘာတွေလာထပ်ပြောပြန်တာတုန်း။ "

" ဟဲ့....ငါမှ သဘောမတူတာ။ "

" သဘောမတူလဲနေပေါ့....အမေနဲ့ပေါင်းရမှာမှ မဟုတ်ပဲ။ အဘလဲ သဘောတူတယ်။ အစ်မလဲ ပန်းဖူးကိုချစ်တယ်။ တစ်အိမ်လုံးသဘောမတူလဲ ကျုပ်က ယူမှာပဲ။"

ဒေါ်ညွန့်ကြည် သားဖြစ်သူ လက်မောင်းကို ပိတ်ရိုက်ပစ်ရင်းမှ...

" တော်တော်မိန်းမလိုချင်နေတယ် ဟုတ်လား။ "

" မိန်းမ မလိုချင်ပါဘူး.....ခင့်ကိုပဲလိုချင်တာ။ "

အိမ်နောက်ဖေးမှ ပန်းဖူး ချိုင့်လေးယူ၍ ပြန်ထွက်လာသလို ခြေထောက်မှ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့လေးမို့ မြကြည်သာ ဆတ်ခနဲ ပုဆိုးစဆွဲမတင်ကာ ထိုင်ချရင်း ပန်းဖူး ခြေဖဝါးကို ငုံ့ကြည့်၏။

" ဒဏ်ရာက သက်သာလား။ "

ပန်းဖူး ခေါင်းလေးညိတ်ပြသလို ဒေါ်ညွန့်ကြည်ကိုလဲ မရဲတရဲကြည့်၏။ 

" အညှော်တွေမိမယ်နော်.....ကြက်သားကြော်နဲ့ပဲ စားသိလား။ ဟင်းက လာပို့ပေးမယ်။ လျှောက်ချက်မနေနဲ့။ "

မြကြည်သာ မတ်တတ်ပြန်ထရပ်လိုက်ရင်းမှ ....

" ကဲ....အမေလဲ လာ....ပြန်မယ်။ "

" ဟဲ့....သြော် ဘာလို့အတင်းဆွဲနေတာလဲ။ "

အမေ့ကို လက်မောင်းမှ အတင်းဆွဲခေါ်ရင်း ပန်းဖူးကို တစ်ချက်လှမ်းကြည့်တော့ ငေးငေးလေး လိုက်ကြည့်နေ၏။ ဒေါ်ညွန့်ကြည် အိမ်ရောက်လာသည်အထိ ပွစိပွစိပြောလာသလို နှင်းဆီပန်းဖူး ကို ပြောမှာစိုး၍ အတင်းဆွဲခေါ်လာသည့် သားဖြစ်သူကြောင့် မကျေမနပ်ဖြစ်နေရသည်။ 

ခြံဝိုင်းထဲရောက်သည်နှင့် ဒေါ်ညွန့်ကြည် သစ်ပင်အောက်ရှိ ကွပ်ပျစ်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း....

" မြကြည်သာ......နင် ငါ့စကားကို ကလန်ကဆန်တွေ လာမလုပ်နဲ့နော်။ "

" ............"

" အဲ့မိန်းကလေးနဲ့ မပက်သက်နဲ့တော့။ "

" ကျုပ်မှ မနေနိုင်ပဲ အမေရဲ့။ အမေ့ကို ကျုပ်ပြောပြီးပြီ.....ခင့်ကိုယူမှာပါဆို။ "

" ဟဲ့....သဘောမတူနိုင်ဘူး...."

မြကြည်သာ သက်ပြင်းတစ်ချက်ချမိသည်။ 

" နင် အဲ့ကလေးမကို ယူမယ်ဆို ငါနဲ့သားအမိခန်းပြတ်ပြီမှတ်။ ငါ့ကို အမေလို့ကို မခေါ်နဲ့တော့။ ဒါပဲ ။ "

မြကြည်သာ အမေ့ကို မယုံနိုင်သလို ကြည့်လိုက်မိသည်။ ခြိမ်းခြောက်ခြင်းဆန်နေသည့် စကားက အမေ့စိတ်သဘောထားအမှန်ဟု သူမယုံပါ။ သို့ပေမယ့် သူ ပြတ်သားမှရမည်ဆိုတာတော့ သူသိသည်။ 

ဒေါ်ညွန့်ကြည် အိမ်ပေါ်တက်သွားသည့် သားဖြစ်သူကြောင့် ဟွန့်ခနဲ မဲ့ချမိသည်။ အမေကို ပြတ်န်ိုင်ရင် လုပ်ပေါ့။ မပြတ်နိုင်တာ ကိုယ်ကသိသည်လေ။ သို့သော် အထင်နဲ့အမြင်လွဲမှားအောင် အိမ်ပေါ်ကနေ အိတ်ကြီးဆွဲကာ ဆင်းလာသည့် မြကြည်သာ။

" ဟဲ့....ဒါက ဘာတုန်း။ "

" ခင့်ကိုယူမယ်ဆို သားအမိခန်းပြတ်ပြီဆို။ အမေလို့ မခေါ်နဲ့ဆို...... သွားလိုက်ပါဦးမယ် ဒေါ်ညွန့်ကြည် ခင်ဗျ။ "

ကြည့်စမ်း......ကြည့်စမ်း ။

အထုပ်ကြီးဆွဲပြီး ဆင်းချသွားတာ ကိုယ့်မှာ ပါးစပ်အဟောင်းသားပင်။ 

" အဟင်း.....ဟား"

ရယ်သံကြောင့် ကြည့်မိတော့ လှေကားဝမှ ရပ်ကြည့်ကာ တခွိခွိရယ်နေသည့် ကိုထွန်းရင်။ စိတ်ပိုတိုသွားရရင်းမှ.....

" တော် ရယ်နေ သိလား....တော့်သားက မဘက်လိုက်ပြီး မိုက်ဘက်ပါသွားပြီ မြင်သလား။ "

ဦးထွန်းရင်က မိန်းမဖြစ်သူအား သဘောကျသလိုငေးကြည့်ရင်းမှ....

" မြင်တယ်လေ.....မင်းက ကတ်သတ်နေတာကိုး။ "

ဟုတ်ပါတယ်... ဟုတ်ပါတယ် ။ ကိုယ်က လူကြမ်းမကြီးပေါ့လေ။ လိုက်လဲလိုက်သည့် သားအဖနှစ်ယောက်။ နေနှင့်ပါစေ ......ပြီးမှ အမေ့အိမ်ပေါ်ပြန်တက်လာလို့ကတော့ ခြံထဲက ဝါးကပ်ချွတ်ပြီး ရိုက်ပစ််မယ်။

@@@@@@@@@@@@@

မခင်မိ လာပြောသည့် စကားကြောင့် ပန်းဖူးမှာ နေလို့ထိုင်လို့ ဘယ်လိုမှမရပေ။ အရီးညွန့်ကြည်နဲ့ စကားများပြီး အိမ်ပေါ်ကဆင်းသွားသည်ဆိုတော့ ဘယ်မှာ သွားနေနေပါလိမ့်ဟု စိတ်ပူသည်။ သူ့အစ်မ မမမြအေးရီဆီမှာလဲ မရှိဆိုတာကြောင့် ပန်းဖူး ထန်းတောဘက် သွားကြည့်ရန် ဆုံးဖြတ်ကာ ဖိနပ်လေးစီး၍ ထော့နဲ့ထော့နဲ့ဖြင့် ခြံထဲဆင်းလာခဲ့သည်။ 

ဟင်။

ခြံထဲဝင်လာသည့် သူ့ကို မြင်လိုက်ရတာမို့ ပန်းဖူးဝမ်းသာသွားရသလို မျက်နှာလေးဝင်းလက်သွားရသည်။ စွပ်ကျယ်အဖြူဂျိုင်းပြတ် နှင့် ပုဆိုးအပြာရောင်ကို ဒူးထိ ခပ်တိုတိုဝတ်ထားကာ သူ့ပုံစံက အေးအေးလူလူရှိလွန်းလှသည်။

မြကြည်သာ ပန်းဖူးကို တစ်ချက်ကြည့်ရင်းမှ....

" ခြေထောက်နာနေတဲ့ဟာ ဘယ်ကိုခြေရှည်ဦးမလို့တုန်း.....ခမောက်ကလဲ မဆောင်းပြန်ဘူး။ ကျစ် ! "

ပြောလဲပြော ဆူလဲဆူ သူဆောင်းလာသည့် ခမောက်လဲ ဆောင်းပေးလိုက်သေးသည်။ ပန်းဖူး ပေးလာသည့် စာရွက်လေးကို ငုံ့ဖတ်ရင်း....

" ထန်းတောကို ဘာသွားလုပ်မှာလဲ.....ရွာက ငမူးမှန်သမျှ အဲ့ထန်းတောမှာချည်းပဲ.....ခင့်....ကျုပ်ကို ရင်ပူပြီး သေအောင်လုပ်နေတာလား...ဟမ်။"

ပန်းဖူး သက်ပြင်းလေးချရင်းမှ စာလေးထပ်ရေးပြလိုက်သည်။

မခင်မိကပြောတယ်.....သူ အိမ်ပေါ်က ဆင်းသွားတယ်ဆို။ ဘယ်ရောက်နေသလဲလို့ စိတ်ပူလို့ပေါ့.....ခု ဘယ်မှာနေသလဲဟင်။ 

မြကြည်သာ စာကိုဖတ်ပြီး ပြုံးမိသွားသည်။

" အခုက ဖိုးလောက်အိမ်မှာ နေတယ်။ ဘယ်ထန်းတောမှ လိုက်မရှာနဲ့.....အချိန်တန် ခင့်ဆီ ကျုပ်လာမှာပေါ့။ ထန်းတောသွားတယ် ကြားလို့ကတော့ ခင့်ကို ချစ်တာကချစ်တာပဲ ကျုပ်က ရိုက်မှာဗျား။ "

သူ့ကို မျက်စောင်းလေး လှမ်းထိုးတာမို့ မြကြည်သာ ရယ်ရင်း လက်ကလေးဖမ်းကိုင်ကာ နမ်းလိုက်သေးသည်။

" ခင့် ယာထဲမသွားနဲ့တော့နော်။ အဲ့ဒါ လာပြောတာ။ ခင့်အတွက် အလုပ်ကို ကျုပ်နဲ့အတူလုပ်မှရမယ့် အလုပ်ပဲရှာရမယ်။ ခဏစောင့်။ "

ပန်းဖူး သူ့ကို ကြည့်ရင်းမှ စိတ်ထဲမကောင်းလှပေ။ ပန်းဖူးကို ချစ်မိလို့ သူဒုက္ခခံရတာ မဟုတ်လား။

ပန်းဖူး မရင်မြလယ်ထဲ ပြန်လုပ်ပါ့မယ်။ သူ ပန်းဖူးအတွက် မစိုးရိမ်နဲ့နော်။ 

မြကြည်သာ စာကိုဖတ်ရင်းမှ ဟာခနဲ သံရှည်ဆွဲကာ ခေါင်းယမ်း၏။

" မဖြစ်ပါဘူး ခင်ရယ်။ အဲ့မိန်းမက အပေါက်ကဆိုး အရမ်းတင်စီးတာ။ ခင် အရင်တစ်ခါက လုပ်တုန်းကတောင် ဘယ်လောက်ပင်ပန်းသလဲ။ ကျုပ်က အဲ့ဒါဆို သည်းခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ခင့်ကိုက ကျုပ်မျက်စိရှေ့မှ စိတ်ချတာရယ်။ "

ပန်းဖူး မျက်နှာလေးပြုံးသွားရင်း သူ့မေးဖျားကို လှမ်းနမ်းတော့ မြကြည်သာကြောင်သွားရရင်း ပြီးမှ သဘောကျစွာ မျက်နှာကြီးနီရဲလာသည်။ ပြုံးပြုံးကြီးဖြင့် မယားသည့်ခေါင်းကို တွင်တွင်ကုတ်ရင်း.....

" ဟို....ကျုပ်ကို ခင် တစ်ခါမှ မနမ်းဖူးဘူးနော်။ ခုမှ နမ်းတာ.....တစ်မျိုးကြီးပဲ....အဟွန်း! "

ပန်းဖူးဆီမှ ခစ်ခနဲ ရယ်သံထွက်လာရင်း သူ့ပါးကို ဖျတ်ခနဲ လှမ်းနမ်းကာ လှစ်ခနဲနေသည်အထိ အိမ်ထဲပြေးဝင်သွား၏။ မြကြည်သာ နေရာတွင် ရပ်နေရင်းမှ ဟိုဒီစေ့စေ့လိုက်ကြည့်ကာ ပါးစပ်က နားရွက်ချိတ်မတတ် ပြုံးဖြီး၍ အိမ်ထဲလှမ်းကြည့်၏။ 

အဟိ....အိမ်ပေါ်ကဆင်းရကျိုးသိပ်နပ်တာပဲ။ ဒီလိုမှန်းသိ အိမ်ပေါ်က စောစောဆင်းပါတယ်။

ချစ်ရင်ထူး နှင်းဆီပန်းဖူး အိမ်ဘက်မှပြန်လာသည့် ယောက်ဖဖြစ်သူ မြကြည်သာကိုမြင်တော့ သူ့အစ်မခေါ်ခိုင်းတာ ပြောရန် အရှေ့မှ ရပ်စောင့်နေလိုက်သည်။ သကောင့်သားက ဘာတွေသဘောကျလာမှန်းမသိ ပြုံးစိစိနှင့်ပင်။

" ယောက်ဖ....မင်းအစ်မခေါ်ခိုင်း.....ဟေ့ကောင်။ ".

သူ့ကိုကျော်သာသွားသည် စကားလဲပြန်မပြော။ သူ့ကို ကြည့်တော့သွားပါသည်....ရှေ့တည့်တည့်မှာ သူကထီးထီးကြီး ရပ်နေတာမို့ မမြင်စရာလဲ အကြောင်းမှမရှိပဲ။ ဘာလဲဟ။

ဟုတ်သည်....မြကြည်သာက သူ့ပီတိနဲ့သူ ပန်းဖူးအိမ်က ပြန်လာတာဖြစ်သလို သူ့မျက်စိထဲ ဘာမှမြင်တော့တာ မဟုတ်။ ချစ်ရင်ထူးခေါ်လဲ သူက ပန်းဖူး၏ ရယ်သံလေးပဲ နားထဲစွဲနေတော့ အလိုလိုကို ပြုံးနေမိတော့တာမျိုး။ 

@@@@@@@@@@@@

ပန်းဖူး အိမ်ရှေ့မှ ခေါ်သံကြောင့် ထွက်ကြည့်မိတော့ တစ်ဖက်ရွာမှ သူကြီးတူ ကိုရင်မြမောင်ကို တွေ့လိုက်ရ၏။ ကပိာကယာ ခြံဝိုင်းထဲထွက်လာရင်းမှ မျက်ခုံးလေးပင့် မေးလေးဆတ်ကာ ဘာလဲဆိုသည့် အဓိပ္ပါယ်ဖြင့် မေးကြည့်လိုက်သည်။

" မနက်ဖန် ဆရာတော့်ကျောင်းမှာ အလှူရှိတာ သိတယ်မဟုတ်လား။ အဲ့ဒါ မခင်မိနဲ့ နင်တို့တွေ လုပ်အားပေးလာကူကြဦး။ "

ပန်းဖူး ခေါင်းလေးတဆတ်ဆတ် ညိတ်ပြတော့ မြမောင်က ရယ်ရင်းမှ....

" ဟိုလေ ပန်းဖူး......နင် စိတ်မဆိုးနဲ့ဦး.....ငါ နင့်ကို ပြော....ပြောစရာရှိလို့ ။ "

ပန်းဖူး ဆက်နားထောင်နေလိုက်သလို ကိုရင်မြမောင်က သူ့ဘာသာအနေအေးတဲ့လူမို့ ယုံတာလဲပါသည်။

" ငါ.. နင့်ကို မေတ္တာရှိလို့...အဲ့ဒါ..."

" မေတ္တာရှိရင် တစ်နေကုန်ထိုင်ပြီး မေတ္တာသုတ်ရွတ်နေလေ။ အရပ်ဆယ်မျက်နှာပါ မေတ္တာထိုင်ပို့နေ။ ကျုပ်ချစ်သူဆီ ဘယ်မေတ္တာဓာတ်မှ လာပို့မနေနဲ့....မလိုဘူး။ "

အယ်တော့.....ပန်းဖူး ကိုရင်မြမောင်နောက်ကျော မားမားကြီးရပ်ကာ ဘုတောပစ်သည့် မြကြည်သာကြောင့် ပြုံးမိသွား၏။ သူဟာလေ....တစ်ခုခုဆို တန်းရောက်လာတတ်သလို အခုလဲ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို ရောက်ချလာခြင်းပင်။

ကိုရင်မြမောင်က မြကြည်သာကိုမြင်တော့ အံ့သြသွားသလို ...

" ကြည်သာ့....ပန်းဖူးက မင်းရည်းစားလား။ "

" ရည်းစားမဟုတ်ဘူး.....မကြာခင်ပဲ ယူပြီး သူ့လင်ဖြစ်တော့မှာ။ "

အငေါ်တူးတူးစကားနဲ့ တည်တင်းနေသော မျက်နှာထားကြောင့် ကိုရင်မြမောင်ကြီးလဲ မျက်စိမျက်နှာပျက်သွားရသလို အားနာသွားပုံရသည်။ 

" ငါ မသိလို့ပါကွာ...."

" အခုသိပြီမဟုတ်လား...သွား ပြန်။ "

ပန်းဖူး အားနာသလို ပြုံးပြလိုက်ရင်းမှ ကိုမြမောင်ကြီး ထွက်သွားတာကြည့်နေမိသည်။ သူ့ကိုတော့ အတော်ရှိန်ပုံရသလို လူရိုးတုတ်ရိုက်မို့ စကားပြောကလဲ မတတ်။ ပန်းဖူး သူ့ကို ပြန်ငဲ့ကြည့်မိတော့ ခါးကြီးနှစ်ဖက်ထောက်ကာ လူကို ခေါင်းတညိတ်ညိတ်ဖြင့် စူးစိုက်ကြည့်နေတာမို့ မျက်လုံးလေးဝိုင်းသွားရသည်။

" လိုက်ကြည့်လေ....လိုက်ကြည့်.....လူရော လိုက်သွားချင်သေးလား။ ခင်ဗျားလူက ဒီမှာနော် ဒီမှာ ဒီကောင်ကြီး သိလား...မြကြည်သာဆိုတဲ့ ကျုပ်။ "

သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြကာ ပန်းဖူးအား မကျေမနပ်တွေ ဖြစ်နေတာမို့ ပန်းဖူး သူ့လက်မောင်းကို လှမ်းကိုင်ရန်ပြင်၏။

" သွား.....လာမကိုင်စမ်းနဲ့။ "

အယ်....ပန်းဖူး လက်လေးက ပြန်ရုတ်သွားတော့ မြကြည်သာပိုတင်းသွားရသည်။ ဒီအတိုင်းပြောတာကို တကယ်မထိမကိုင်ပဲ ခေါင်းလေးသာငုံ့နေသည်။ ချော့ပါလား....လက်လေးကိုင်ပြီး ဟိုတစ်ခါကလို တစ်ချက်လောက်နမ်းကြည့်တော့ ဒီကောင်က စိတ်မပြေမှာမို့လား။

" ညည်း ......ညည်းကိုလေ ကိုင်ရိုက်ပစ်လိုက်ရ။ "

အလိုမကျသလို အော်သံကြောင့် ပန်းဖူး ပခုံးလေးနှစ်ဖက်ကျုံ့သွား၏။

" မနက်ဖန် ဘုန်းကြီးကျောင်းကို မခင်မိတို့နဲ့မသွားနဲ့.....ကျုပ်လာခေါ်မယ်။ သူတို့က လမ်းလျှောက်သွားမှာ....ခြေထောက်က အရှင်းမပျောက်သေးပဲ ဆိုင်ကယ်နဲ့သွားမယ် ကြားလား။ "

သူ့ကို ခေါင်းလေးညိတ်ပြတာမို့ ပေစောင်းစောင်းဖြင့် ပြန်ရန်ပြင်ပေမယ့် သူ့အင်္ကျီလက်တိုစလေးကို လှမ်းဆွဲလိုက်သဖြင့် ငေးကြည့်မိသည်။စာအုပ်လေးထဲ စာရေးပြကာ သူ့ကိုကမ်းပေးလာ၏။

! သူနော် စိတ်တွေမဆိုးရဘူး သိလား။ ပန်းဖူးကဖြင့် သူ့အပြင် ဘယ်သူ့မှ စိတ်ထဲမရှိဘူး သိရဲ့လား။!

မြကြည်သာ ရင်ထဲပိုးကိုက်သွား၏။ ပြုံးချင်ချင်ဖြစ်သွားသည့် မျက်နှာကို ဇွတ်တည်ထားရင်းမှ.....

" ပြီးတာပဲ.....ဆင်ဆင်ခြင်ခြင်နေ ။ တစ်ခုခုဆိုလို့ကတော့ အကုန်သတ်မှာ။ "

အယ်....ချော့လဲချော့ရသေး လူကို ခြိမ်းခြောက်သွားသေးသည်။ ပုဆိုးကိုပြင်ဝတ်ရင်း ခြံဝိုင်းထဲမှ ထွက်သွားသည်ကို လိုက်ကြည့်မိသည်။ ခြံပြင်ရောက်တော့ တစ်ချက်ပြန်လှမ်းကြည့်နေတာမို့ ပြုံးပြကာ လက်လေးလှမ်းပြမိသည်။ မြကြည်သာ ယောင်ပြီးပြုံးကာ လက်ပြရန်ပြင်ပြီးကာမှ သတိရသွားသဖြင့် မျက်နှာကိုပြန်တည်ရင်း လက်ကို ကမန်းကတန်း ပြန်ရုတ်ကာ ရုပ်တည်ကြီးနှင့် ထွက်လာခဲ့သည်။

ချော့တိုင်း ပျော့ရအောင် လူကို ဖယောင်းတိုင်များမှတ်နေသလား။ မြကြည်သာတို့က သံချောင်းပါ သံချောင်း။ ခပ်မာမာပဲ။

@@@@@@@@@@@@@@@@@@@@

To be continue P – 9

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..