အသူရာ - အပိုင်း (၅)
lotaya.mpt.com.mm
|
2022-12-02

အပိုင်း ()

……….

သုဇိတာ

………..

‘ခမည်းတော်ဘုရား’

သုဇိတာ နတ်သမီး၏ ချိုသာသော အသံကြောင့် ဝေပစိတ္တိနတ်မင်း နောက်သို့ လှည့်ကြည့်မိသည်။ သူသည် ကျောက်စားပွဲခုံကြီးတွင် ထိုင်ကာ ပေရွက်များကို ဖတ်ရှုနေသည်မှာ ကြာမြင့်နေလေပြီ။

သမီးတော်ပါလား။ ဘာကိစ္စများရှိသလဲကွဲ့’

ဖခမည်းတော်ဘုရား အချိန်ရှိသရွေ့ ဖတ်ရှုနေတဲ့ ဒီ ကျမ်းစာတွေထဲမှာ ဘာတွေ စိတ်၀င်စားစရာရှိသလဲဆိုတာ သမီးတော် သိချင်လို့ပါ ဘုရား’

အသူရာမင်းကြီးသည် သမီးတော်၏ စူးစမ်းလိုမှုကြောင့် ပီတီဖြစ်သွားခဲ့သည်။

ကောင်းပါပေ့ သမီးတော် သုဇိတာ။ ခမည်းတော်လည်း ဒီအကြောင်းတွေကို ပြောပြမလို့ပါပဲ။ သမီးတော်ရဲ့ နတ်သက်တမ်း ရင့်ကျက်တဲ့အထိ စောင့်နေသေးတာပါ။ ဒါပေမဲ့ သမီးတော်က ခုလို သိချင်လို့ မေးလာမှဖြင့် ပြောပြရသေးတာပေါ့ကွယ်’

ဟုဆိုကာ ဝေပစိတ္တိသည် သုဇိတာကို နန်းဆောင်ကြီး၏ ပြင်ပသို့ ခေါ်ထုတ်သွားခဲ့သည်။ သူတို့ သားအဖ နှစ်ဦးသည် အသူရာပြည်ကြီးရှိ နီမြန်းသော မြေပြင်ပေါ်တွင် အတူတကွ လျှောက်လာခဲ့ကြ၏။ တဖြည်းဖြည်းနှင့် သခွတ်ပင်ကြီး၏ ခြေရင်းဆီသို့ ရောက်ရှိလာကြသည်။ ဝေပစိတ္တိသည် သခွတ်ပင်ကြီး၏ သစ်မြစ်တစ်မြစ်ပေါ်တွင် ထိုင်ချလိုက်လျှင် သမီးဖြစ်သူသည်လည်း ဖခင်၏ နံဘေးတွင် ၀င်ထိုင်လေသည်။ ဝေပစိတ္တိသည် မြစိမ်းရောင် သမ်းနေသော ကောင်းကင်ကြီးကို မော်ကြည့်လိုက်၏။

သမီးတော် မြင်ရတဲ့ ဒီ မြစိမ်းရောင် ကောင်းကင်ကြီးဟာ ကောင်းကင် အစစ်မဟုတ်ပေဘူး။ ခမည်းတော်တို့ရဲ့ အသူရာပြည်ကြီးကို ဖုံးလွှမ်းထားတဲ့ မြစိမ်းခုံလောက်ကြီးသာ ဖြစ်ပေတယ်။ ဒီ ခုံလောက်ကြီးရဲ့ အပေါ်မှာ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ရှိတဲ့ မြင်းမိုရ်တောင်ကြီး တည်ရှိနေတယ် သမီးတော်’

မြင်းမိုရ်တောင် ဟုတ်လား ခမည်းတော်ဘုရား’

အိမ်း ဟုတ်ပေတယ်။ မြင်းမိုရ်တောင်ကြီးဟာဖြင့်ရင် စကြ၀ဠာကြီးရဲ့ အလယ်ဗဟိုဖြစ်တယ်။ ဒီ မြင်းမိုရ်တောင်ကြီးကို တောင်စဥ် ခုနစ်ထပ်က စက်၀ိုင်းကြီးတွေလို ၀န်းရံထားတယ်။ ဒီ တောင်စဥ်တွေရဲ့ ကြားမှာ သီဒါခုနစ်တန်ဟာ စီးဆင်းနေကြတယ်။ ခမည်းတော်တို့ဟာ မြင်းမိုရ်တောင်ခြေကို ရောက်ချင်ရင် ဟောဟိုက အနောက်ဘက် ကမ်းခြေကနေ ငုပ်လျှိုးကူးခတ်သွားပြီး ပထမဆုံး သီဒါကို ဖြတ်ပြီးမှ မြင်းမိုရ်တောင်ခြေကို ရောက်လိမ့်မယ် သမီးတော်’

မြင်းမိုရ်တောင်ခြေမှာ ဘာတွေ ရှိသလဲ ဘုရား’

မြင်းမိုရ်တောင်ခြေရောက်ရင် အရင်ဆုံး နဂါးပြည်ကို တွေ့ရလိမ့်မယ်။ နဂါးတွေဟာ ဧရာမ မြွေကြီးတွေပဲ။ သူတို့ဟာ ရေနေသတ္တ၀ါတွေအားလုံးရဲ့ အကြီးအကဲ နတ်နဂါးကြီးတွေပဲ သမီးတော်။ နဂါးပြည်ဟာ အာလိန်ငါးဆင့်ရဲ့ ‌အောက်ဆုံးမှာ ရှိတယ်။ သူ့ထက် တဆင့်တက်ရင် ဂဠုန်ပြည်ကို ရောက်လိမ့်မယ်။ ဂဠုန်တွေဟာ လေထုကို အစိုးရတယ်။ ငှက်အပေါင်းတို့ရဲ့ ဘုရင်တွေ ဖြစ်ကြတယ်။ အဲဒီက နောက်ထပ်အဆင့်ဆင့်တက်သွားရင်တော့ ကုမ္ဘာန်ပြည်နဲ့ နတ်ဘီလူးပြည်ကို ရောက်ရှိနိုင်တယ်’

သမီးတော်တို့ အသူရာပြည်မှာရှိတဲ့ ကုမ္ဘာန်၊ နတ်ဘီလူးတွေနဲ့ အလားတူပဲပေါ့ ဘုရား’

အမှန်ပဲ သမီးတော်။ ဒါပေမဲ့ မြင်းမိုရ်တောင်စောင်းက ကုမ္ဘာန်တွေကို ၀ိရူဠကဆိုတဲ့ နတ်မင်းက အုပ်ချုပ်တယ်။ နတ်ဘီလူးတွေကိုတော့ ကုဝေရ လို့ ခေါ်တဲ့ ဝေသ၀ဏ်နတ်မင်းက အုပ်ချုပ်တယ် သမီးတော်။ သူတို့ဟာ စတုလောကပါလလို့ ခေါ်တဲ့ စတုမဟာရာဇ်နတ်တွေပဲ။ ကျန်တဲ့ နှစ်ပါးထဲက ၀ိရူပက္ခနတ်မင်းက နဂါးတွေကို အုပ်ချုပ်ပြီး ဓတရဌ နတ်မင်းကတော့ ဂန္ဓဗ္ဗ နတ်တွေကို အုပ်ချုပ်တယ်’

လောကပါလနတ်မင်းတွေဆိုတော့ လောကကို စောင့်ရှောက်တာလား ခမည်းတော်ဘုရား’

အိမ်း ယခင်တုန်းကတော့ ဒီနတ်မင်းလေးပါးဟာ ခမည်းတော် လက်အောက်မှာ ရှိခဲ့တယ်။ ဒါပေမဲ့ သေရည်သေရက်ရဲ့ ဆိုးကျိုးကြောင့် ခမည်းတော်ဟာ တာ၀တိံသာပြည်ကနေ ဖယ်ရှားခံခဲ့ရတယ်’

သုဇိတာ စိတ်မကောင်းဖြစ်သွားသည်။ သူမ ထပ်မမေးတော့ဘဲ ဆိတ်ဆိတ်သာ နေလေသည်။ ဝေပစိတ္တိသည် သမီးတော်ကို စကြ၀ဠာကြီးအကြောင်း ဆက်လက် ရှင်းပြခဲ့သည်။

မြင်းမိုရ်တောင်ကြီးကို အနီးကပ်ဆုံး ၀န်းရံထားတာကတော့ မြင်းမိုရ်တောင်ရဲ့ ထက်၀က်အမြင့်ရှိတဲ့ ယုဂန္ဓိုရ်တောင်ကြီးပဲ ဖြစ်တယ်။ စတုမဟာရာဇ်နတ်ပြည်ဟာ ဒီယုဂန္ဓိုရ်တောင်ထိပ်မှာ ရှိတယ်။ ဒါပေမဲ့ ဒီနတ်ပြည်ဟာ မြင်းမိုရ်တောင်ထက်၀က် အာလိန်ငါးဆင့် ထိပ်ဆုံးမှာ ရှိတဲ့အတွက် စတုမဟာရာဇ်နတ်တွေဟာ ယုဂန္ဓိုရ်တောင်ထိပ်နဲ့ မြင်းမိုရ်တောင်တို့ကို ဂဠုန်မင်းတွေရဲ့ အကူအညီနဲ့ ကူးသန်းသွားလာကြတယ်။ နောက်ပြီးတော့ ဒီ ယုဂန္ဓိုရ်တောင်ခါးပန်းမှာ စိတ်၀င်စားစရာကောင်းတာလဲ ရှိသေးတယ်။ အဲဒါကတော့ ဒီ နေရာမှာ လှည့်ပတ်နေတဲ့ နေ လ နက္ခတ်တွေပဲ’

နေ လ နက္ခတ်တွေက ဘယ်လိုများ စိတ်၀င်စားစရာကောင်းတာပါလဲ ဘုရား’

အဲဒီလို အင်မတန် လျင်မြန်တဲ့ အရှိန်တွေနဲ့ ကွေ့ပတ်သွားလာနေကြတဲ့ နေ လ နက္ခတ် ဂြိုလ်ကမ္ဘာတွေထဲမှာ လူ့ပြည်ဆိုတာ ရှိနေလို့ပဲ သမီးတော်’

လူ့ပြည် ဟုတ်လား ခမည်းတော် ဘုရား။ သမီးတော် ဒီ လူ့ပြည်ဆိုတာကို ရင်းရင်းနှီးနှီး သိရှိနေသလိုပဲ’

သုဇိတာ နတ်သမီး လူ့ပြည်ကို ရင်းနှီးစွာ အမှတ်ရမိနေရခြင်းကား အကြောင်းရှိလေသည်။ သူမသည် ယခု အသူရာပြည်တွင် ဝေပစိတ္တိနတ်မင်း၏ သမီးတော်အဖြစ်ကို မရောက်ရှိမီ လူ့ပြည်တွင် ဘ၀ သုံးဘ၀ နေခဲ့ဖူး၏။ လူဘ၀နှစ်ဘ၀ဖြစ်ပြီး ဗျိုင်းမလေးဘ၀နှင့် တစ်ဘ၀ဖြစ်လေသည်။

သူမကိုယ်တိုင် အပါအ၀င်  အသူရာပြည်ရှိ မည်သည့်နတ်များမှ မသိကြသည့် လျှို့၀ှက်ချက်မှာ - သုဇိတာ နတ်သမီးသည် လူ့ဘ၀တွင် မာဃလုလင်၏ ကြင်ယာဖက် ဇနီးမယားတစ်ဦး ဖြစ်ခဲ့ခြင်းပင်။ သူမ၏ အမည်မှာ သူဇာဟု တွင်ခဲ့သည်။ မာဃ၏ မယား သူဇာသည် လူ့ဘ၀တုန်းက အလှအပကို အင်မတန် ခုံမင်တပ်မက်ခဲ့ပြီး ကုသိုလ်ရေးရာတွင် အမေ့မေ့အလျော့လျော့ရှိခဲ့သည်။ ထို့ကြောင့်လည်း မာဃ လုလင်နှင့် အပေါင်းအပါများ လူ့ပြည်မှ သေလွန်၍ တာ၀တိံသာတွင် နတ်သားများ ဖြစ်ခဲ့ကြသော်လည်း သူဇာ မှာမူ လူ့ပြည်မှ သေလွန်သောအခါ လူ့ရပ်လူ့ရွာတွင်ပင် ပြန်ပြီး ဗျိုင်းမကလေးအဖြစ် ၀င်စားခဲ့ရရှာသည်။

သိကြားမင်းသည် မယား သူဇာ ဗျိုင်းအောက်မလေးအဖြစ် ပြန်လည်၀င်စားနေသည်ကို တန်ခိုးဖြင့် သိမြင်လျှင် လူ့ပြည်သို့ဆင်းကာ ဗျိုင်းမကလေးအား ငါးပါးသီလ ဆောက်တည်ရန် တိုက်တွန်းခဲ့လေသည်။ ထိုမျှ မကသေး တခါသော် သိကြားမင်းသည် ဗျိုင်းမကလေး သူဇာ ငါးပါးသီလ တည်မတည် စမ်းသပ်ရန် ငါးသေအယောင်ဆောင်နေခဲ့သည်။ သူဇာသည် ငါးအသေကို နှုတ်သီးနှင့် ထိုးပြီး စားမည်ပြုလျှင် သိကြားမင်း အ‌ယောင်ဆောင်ထားသော ထိုငါးသည် ထခုန်ပြီး လှုပ်ဟန်ပြုလေသည်။ ငါးပါးသီလကို စောင့်ထိန်းသော သူဇာသည် ငါးကို သတ်ပြီး မစားတော့ဘဲ ရေသို့ ပြန်လွှတ်ခဲ့၏။ ထိုသို့ သီလမြဲသော အကျိုးကြောင့် ဗျိုင်းမကလေးသည် သေလွန်သောအခါ လူ့ပြည်၌ပင် ပြန်ပြီး အိုးထိန်းသည်၏ သမီးအဖြစ်ကို ရလေသည်။ အိုးထိန်းသည်သမီး ဘ၀တွင်လည်း သီလကို ဆက်လက်စောင့်ထိန်းပြန်ရာ ထိုဘ၀မှ လွန်သောအခါ ယခုကဲ့သို့ သုဇိတာ နတ်သမီး အဖြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအကြောင်းများကို သုဇိတာသည် မမှတ်မိချေ။

သူမသည် အသူရာပြည်ကြီးတွင် ဖခမည်းတော်၊ မယ်တော်တို့နှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်ရင်း တဖြည်းဖြည်းနှင့် အရွယ်ရောက်လာခဲ့လေသည်။ ထိုအခါ ဝေပစိတ္တိနတ်မင်းသည် သုဇိတာကား နတ်ဘီလူးများ၊ ကုမ္ဘာန်များ အကြားတွင် နေထိုင်ရသည်။ ငါနှင့် မိဖုရားကြီးတို့ မရှိတော့သည့်အခါ အကာအကွယ်ပေးပြီး စောင့်ရှောက်နိုင်မည့် ခင်ပွန်းကောင်းတစ်ယောက် လိုအပ်သည် ဟု အကြံရခဲ့သည်။ ထို့ကြောင့်လည်း ဝေပစိတ္တိသည် သမီးတော် သုဇိတာအတွက် ကြင်ယာရွေးပွဲကျင်းပရန် စီစဥ်လေတော့သည်။

ကြင်ယာရွေးပွဲအတွက် တာ၀တိံသာပြည်မှလွဲ၍ အခြားနတ်ပြည်မှ နတ်သား နတ်သမီးများကို ဝေပစိတ္တိသည် ဖိတ်ခေါ်ခဲ့သည်။ သူသည် ပေစာရွက်ပေါ်တွင် ဖိတ်စာကို ရေးထိုး၍ နတ်ဘီလူးအချို့ကို မြင်းမိုရ်တောင်ခြေသို့လည်းကောင်း၊ ယုဂန္ဓိုလ်တောင်ခါးပန်းသို့လည်းကောင်း ပို့ဆောင်ခဲ့သည်။ မြင်းမိုရ်တောင်ခြေရောက်သော နတ်ဘီလူးသည် နဂါးပြည်ကို ဖြတ်ပြီး ဂဠုန်မင်းကို အကူအညီတောင်းခံကာ ဖိတ်စာအချို့ကို အထက်နတ်ဘုံများဖြစ်ကြသော ယာမာ၊ တုသိတာ၊ နိမ္မာရတီနှင့် ပရနိမ္မိတ ၀သ၀တ္တီပြည်များအထိ ပို့ဆောင်ဖိတ်ကြားနိုင်ခဲ့လေသည်။

အိမ်း ဒါဆိုရင် ငါ့မိတ်ဆွေကြီး မာရ်နတ်နေတဲ့ နတ်ပြည်အထိပါ သတင်းရောက်ပြီပဲ။ ကောင်းလေစွ’ ဟု ဝေပစိတ္တိသည် ၀မ်းမြောက်၀မ်းသာ ဖြစ်မိလေသည်။ သို့သော် သူသည် မာရ်နတ်ကိုမူ မိမိ၏ သားမက် မတော်လိုပေ။ မည်သို့ဆိုစေ ယခု ကြင်ယာရွေးပွဲသည် သမီးတော် သုဇိတာ၏ သဘောအတိုင်းသာလျှင် ဖြစ်စေရပေလိမ့်မည်။ သုဇိတာသည် လာရောက်ကြသော ဧည့်ပရိသတ်များထဲမှ မိမိနှစ်သက်သော နတ်၏ ကိုယ်ပေါ်သို့ ပန်းကုံးကို ပစ်ကာ ကြင်ယာဖက် ရွေးခြယ်ရမည်ဖြစ်သည်။

ထိုနေ့တွင် ဝေပစိတ္တိသည် မိဿကဦးဆောင်သော နတ်ဘီလူးများ၏ အကူအညီနှင့် သူ၏ နန်းဆောင် ခန်းမကြီးကို ရှင်းလင်းပြင်ဆင်ထားခဲ့သည်။ နန်းဆောင်ကြီးထဲတွင် စားပွဲရှည်ကြီးများကို အခန်းတဘက်တချက်စီတွင် နေရာချပြီး ခန်းမ ထိပ်ပိုင်းတွင် သုဇိတာနှင့် ခမည်းတော် မယ်တော်တို့ ထိုင်ရန် ကျောက်စားပွဲနှင့် ထိုင်ခုံပလ္လင်များကို တင့်တယ်စွာ နေရာချထားခဲ့သည်။ ဧည့်သည်များ အလျှံအပယ် သောက်သုံးနိုင်ရန် သေရည်သေရက်များကို အလုံအလောက် ချက်လုပ်ထားခဲ့ပြီး သီဒါမြစ်ထဲမှ ဖမ်းမိသော ငါးများ ပုဇွန်များကို နတ်သုဒ္ဓါအဖြစ် ချက်ပြုတ်အသုံးတော်ခံစေလေသည်။

အသူရာပြည်သည် အပယ်ခံ နတ်ပြည်တစ်ပြည်ဖြစ်သဖြင့် ဝေပစိတ္တိသည် သူ၏ ပွဲသဘင်သို့ နတ်ပရိသတ်အနည်းငယ်သာ လာလိမ့်မည်ဟု တွေးထင်မိခဲ့သော်လည်း လက်တွေ့တွင်မူ ‘သုဇိတာ’ ၏ အလှကို တွေ့မြင်လိုသောကြောင့် နတ်ပြည်အရပ်ရပ်မှ နတ်ဧည့်သည်များ ကြိတ်ကြိတ်တိုး လာရောက်ကြလေသည်။ သမီးတော် သုဇိတာသည် မယ်တော် မိလ္လိကာကဲ့သို့ပင် ငွေရောင် ဆံကေသာရှိပြီး အသားအရည်မှာလည်း ဗျိုင်းဘ၀တုန်းကကဲ့သို့ပင် ဖြူဖွေးစင်ကြယ်၍နေသည်။ ယနေ့တွင် သုဇိတာသည် ပိုးသားအတိပြီးသော အဖြူရောင် နတ်၀တ်ရုံကို ဆင်မြန်းထားပြီး ခေါင်းပေါ်တွင် တင့်တယ်သော ပန်းကုံးလေးကို စွပ်ထားသဖြင့် ရှိရင်းစွဲအလှထက်ပင် ပိုမိုလှပ ကျက်သရေရှိနေလေတော့သည်။

အဆွေတော်ကြီး ဝေပစိတ္တိ။ အသူရာနတ်ပြည်မှာ ပျော်မှ ပျော်နေပါလေစ’

အသူရာနတ်မင်းကြီးသည် အသံလာရာကို လှည့်ကြည့်လိုက်လျှင် စိန်ရောင်တလက်လက်နှင့် အရောင်အ၀ါ တောက်ပနေသော မာရ်နတ်မင်းကို တွေ့လိုက်ရ၏။ ဝေပစိတ္တိသည် သူ၏ မိတ်ဆွေဟောင်းကြီးကို ဖက်လှဲတကင်းပွေ့ဖက်လေသည်။

အသင်ကတော့ ကိုယ်ရောင်ကိုယ်၀ါတွေ တဖိတ်ဖိတ်နဲ့။ ကျုပ်မှာတော့ ဒီ အသူရာပြည်ရောက်ကတည်းက ကိုယ်ရောင်ကိုယ်၀ါ မရှိတော့တာ သင်တွေ့တဲ့ အတိုင်းပေပဲ’

မာရ်နတ်သည် ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး သေရည်ခွက်ကို ကိုင်မြှောက်လိုက်သည်။

စိတ်ညစ်စရာတွေ မတွေးစမ်းပါနဲ့ အသူရာနတ်မင်းကြီးရယ်။ ဒီနေ့ ပျော်ပွဲသဘင်မှာ ပျော်ပျော်ကြီး သောက်လိုက်စမ်းပါ’

ဝေပစိတ္တိ လက်ကို ကာပြီး -

ကျုပ် ဒီ သေရည်ကို မသောက်တော့ဘူးလို့ ဆုံးဖြတ်ထားတယ် မာရ်နတ်မင်း။ တကယ်တော့ ကျုပ်မှာ ကိုယ်ရောင်ကိုယ်၀ါမရှိလည်း အခု ဘ၀မှာ ပျော်ပါတယ်။ ကျုပ်မှာ ချစ်ခင်ရတဲ့ မိဖုရားကြီး မိလ္လိကာ ရှိတယ်။ သမီးတော် သုဇိတာ ရှိတယ် မာရ်နတ်မင်း။ ဒီ့အပြင် ကျုပ် ဘာများ လိုအပ်ဦးမလဲ’

မာရ်နတ်သည် စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့် ဝေပစိတ္တိကို မဲ့ပြလိုက်သည်။

ကျုပ်က လောဘ၊ ဒေါသ၊ မောဟ တောက်လောက်နေတဲ့ လူတွေနားမှာပဲ နေချင်တာ။ အသင့်ကြည့်ရတာ အခု သိပ်ပျင်းစရာကောင်းတာပဲ။ ဟိုဘက်က ယာမာနတ်အုပ်စုအကြား သွားပြီး စပ်စုလိုက်ဦးမယ်’

ဟု ပြောလျက် သူ၏ သေရည်ခွက်ကို သောက်ရင်း မာရ်နတ်သည် ဝေပစိတ္တိအပါးမှ ထွက်ခွာသွားလေသည်။ ထိုစဥ်မှာပင် သမီးတော် သုဇိတာသည် ဝေပစိတ္တိ အနီးသို့ရောက်ရှိလာသည်။

ခမည်းတော်ဘုရား။ အခုထွက်သွားတာ ဘယ်သူများပါလိမ့်ဘုရား’

သူက ပရနိမ္မိတ နတ်ပြည်က မာရ်နတ်မင်း ဖြစ်ပေတယ် သမီးတော်’

အလို ၃၁ ဘုံမှာ အဆိုးဆုံး နတ်ဆိုးကြီးဆိုတာ သူပဲလား ဘုရား’

အမှန်ပဲ သမီးတော်။ ဒါပေမဲ့ ခမည်းတော်နဲ့တော့ သင့်မြတ်ပါတယ်’

မှန်ပါ့ဘုရား။ သို့ပေမဲ့ ဒီလို ဆိုးတဲ့ နတ်မျိုးကိုတော့ သမီးတော်တို့ ဝေးဝေးရှောင်သင့်တယ် ဘုရား’

သမီးတော် သုဇိတာ၏ စကားကို ဝေပစိတ္တိ သဘောကျစွာ ပြုံးလိုက်မိသည်။ သမီးတော် မာရ်နတ်ကို မရွေးလို့ တော်သေးတာပေါ့။ စိတ်ပူစရာတခုတော့ ချုပ်ငြိမ်းသွားရပေပြီ။ ပရိသတ် တဖြည်းဖြည်း များပြားလာသည်။ သမီးတော်သည် တခါမျှ မမြင်ဖူးသော လှပခမ်းနားလှသည့် နတ်သား နတ်သမီးများကို ငေးကြည့်နေရှာသည်။ အထူးသဖြင့် မြေပြင်နှင့် လွတ်ကင်းသော အထက်ဘုံမှ နတ်များသည် အင်မတန် နူးညံ့သိမ်မွေ့ လှလေသည်။

မိဿက နတ်ဘီလူးကြီးသည် ဝေပစိတ္တိအနီးသို့ ရောက်ရှိလာသည်။

အရှင်မင်းကြီး။ အားလုံး ပြည့်စုံပါရဲ့လား ဘုရား’

အေး မိဿက ပြည့်စုံပါတယ်။ အင်မတန်မှလည်း တင့်တယ်လှတဲ့ ပျော်ပွဲသဘင်ကြီးပဲ’

မှန်ပါ့ဘုရား။ သို့ပေမဲ့ ကျွန်တော်မျိုး စိတ်ထဲမှာ တခုခုကို ထင့်နေတယ် ဘုရား’

ဟေ မင်းက ဘာကို စိတ်ထင့်တာလဲ မိဿက’

ကျွန်တော်မျိုးတို့ သိကြားမင်း ဦးမာဃကို မဖိတ်တဲ့ ကိစ္စ’

ဝေပစိတ္တိသည် မာဃ ဟူသော အသံကို ကြားသည်နှင့် မျက်နှာကြီးမှာ အင်မတန် ခက်ထန်သွားသည်။

ဒီ မာဃအကြောင်း စကားထဲ ထည့်မပြောစမ်းနဲ့။ ကျက်သရေတုန်းတယ် မိဿက’

မှန်ပါ့ဘုရား’

နတ်ဘီလူးကြီးသည် ဆက်မပြောတော့ဘဲ အနီးမှ ထွက်သွားသည်။ ဝေပစိတ္တိ၏ မျက်လုံးထောင့်ထဲမှ မြင်လိုက်သည်မှာ မိဿကသည် ခပ်လှမ်းလှမ်းရှိ နတ်ဘီလူး များထံသွားပြီး နန်းဆောင်ကြီး၏ အရပ်လေးမျက်နှာတွင် အစောင့်အကြပ်များကို တင်းကြပ်စွာ ချခိုင်းနေခြင်းပင်။

နန်းဆောင်ကြီး၏ ပင်မ တံခါးပေါက်ကြီးဆီမှ လှပသော နတ်သား နတ်သမီးများသည် ခန်းမအတွင်းသို့ တဖွဲဖွဲ၀င်လာနေကြသည်။ သူတို့အထဲတွင် ထူးထူးခြားခြား အရုပ်ဆိုးလှသော နတ်အိုကြီးတပါးကို အားလုံး သတိထားမိခဲ့လေသည်။ ထိုနတ်အိုကြီးသည် ယခင် ဝေပစိတ္တိတို့ တွေ့ခဲ့သော သုဗလိလောက် အသက်မကြီးသော်လည်း နုပျိုလှပသော နတ်များကြားတွင် သိသိသာသာ အိုမင်းနေခဲ့သည်။ ဝေပစိတ္တိ မိဿကအား လက်ရိပ်လက်ခြေပြကာ အနားသို့ လှမ်းခေါ်လိုက်၏။

မိဿက ဟိုက နတ်အိုကြီးက ဘယ်ကလဲ’

နတ်ဘီလူးကြီးသည် ထိုနတ်အိုကြီးကို သေချာစိုက်ကြည့်လိုက်ပြီး -

ကြည့်ရတာတော့ အသူရာ နတ်တပါးပါးပဲ အရှင်မင်းကြီး။ နေ့စံ ညခံ အသူရာ တွေထဲက ဖြစ်မလားပဲ။ ကျွန်တော်မျိုးတို့နဲ့ တာ၀တိံသာက အတူတူကျလာတဲ့ ထဲကတော့ မဟုတ်ဘူး။ ယုဂန္ဓိုရ်တောင်ခြေက ဖြစ်ဖို့များတယ်။ ကျွန်တော်မျိုး သွားမေးကြည့်ရမလား အရှင်’

သူတို့ ကြည့်နေရင်းမှာပင် ထိုနတ်အိုကြီးသည် နတ်ပရိသတ်အလယ်သို့ ရောက်ရှိသွားလေသည်။ ယခုအချိန် မိဿကနှင့် အခြားနတ်ဘီလူးများက နတ်ပရိသတ် အလယ်သို့ အတင်းအကြပ်တိုး‌‌ဝှေ့ပြီး သွားရောက် စစ်မေးပါလျှင် ပွဲပျက်သွားနိုင်လေသည်။ ထို့ကြောင့် ဝေပစိတ္တိ သည် ခေါင်းခါပြလိုက်သည်။

အခု မမေးနဲ့ မိဿက။ မင်းနဲ့ မင်းတပည့် နတ်ဘီလူးတွေ ဒီနတ်အိုကို မျက်ခြည်မပြတ်စေနဲ့’

မှန်လှပါ မင်းကြီးဘုရား’

မိဿကသည် အရိုအသေပေးပြီး နောက်ဆုတ်ထွက်သွားသည်။ သူ၏ နီရဲသော မျက်လုံးကြီးများကတော့ နတ်အိုကြီးထံတွင် စူးစိုက်လျက်ရှိနေတော့သည်။

နတ်များအားလုံး ထိုင်ခုံများတွင် အသီးသီး နေရာတကျ ၀င်ထိုင်မိလျှင် ဝေပစိတ္တိနတ်မင်းကြီးသည် အခန်းထိပ်ရှိ ကျောက်စားပွဲခုံကြီးနောက် ကျောက်ပလ္လင်ကြီးပေါ်တွင် ထိုင်နေရမှ ထရပ်လိုက်ပြီး -

ယနေ့ ပျော်ပွဲသဘင်ကြီးကို လာရောက်ကြတဲ့ အဆွေတော် နတ်ပရိသတ်အပေါင်းကို ကျွန်ုပ် အသူရာပြည့်ရှင် ဝေပစိတ္တိက ၀မ်းမြောက်၀မ်းသာ ကြိုဆိုပါတယ်’

နတ်ပရိသတ်အပေါင်းကလည်း သောင်းသောင်းဖျဖျ ပြန်ပြီး နှုတ်ခွန်းဆက်သလိုက်ကြသည်။ ဝေပစိတ္တိ က ဆက်ပြီး ပြောလေသည်။

အမှန်တော့ ယနေ့ ပွဲသဘင်ရဲ့ ရည်ရွယ်ချက်က အကျွန်ုပ်ရဲ့ သမီးတော် သုဇိတာ နတ်သမီးအတွက် ကြင်ယာရွေးချယ်ပွဲပါပဲ။ ဒီပွဲမှာ ကျွန်ုပ်တို့ မိဘနှစ်ပါးအနေနဲ့ ရွေးချယ်ပေးမှာ မဟုတ်ဘဲ သမီးတော် ကိုယ်တိုင်က လွတ်လပ်စွာ ရွေးချယ်မှာပဲ ဖြစ်တယ်။’

နတ်ပရိသတ်များထဲမှ အထူးသဖြင့် နတ်သားများသည် သုဇိတာ နတ်သမီးလေးကို တပ်မက်သော အကြည့်များဖြင့် ၀ိုင်းကြည့်ကြလေသည်။ သုဇိတာသည် ကိုယ်ရောင်ကိုယ်၀ါ မထွက်သော အသူရာပြည်မှ နတ်သမီးတစ်ပါးဖြစ်သော်လည်း အတိတ်ဘ၀က သီလကံကြောင့် အင်မတန် ချောမောပြေပြစ်သော အဆင်းရှိလေရာ မြင်ရသူတိုင်းအတွက် နှစ်လိုဖွယ်ဖြစ်နေတော့သည်။

သုဇိတာသည် တင့်တယ်သော အိန္ဒြေနှင့် ဝေပစိတ္တိ၏ နံဘေးတွင် ထိုင်နေရာမှ ထရပ်လိုက်သည်။ သမီးတော် လွတ်လပ်စွာ ရွေးချယ်နိုင်ရန် အသူရာနတ်မင်းကြီးက ကျောက်ပလ္လင်တွင် ပြန်ထိုင်လိုက်လေသည်။ သုဇိတာသည် နတ်ပရိသတ်များအားလုံးကို မျက်လုံး‌ဝေ့ကာ ကြည့်လိုက်၏။ ပထမတော့ အားလုံးကို သူမ သဘောမတွေ့သဖြင့် ခမည်းတော်ကို ထိုအတိုင်းပင် လျှောက်တင်မည်ဟု ဆုံးဖြတ်လိုက်မိသေးသည်။ သို့သော် သူမစိတ်ထဲတွင် ရုတ်တရက် တစုံတခုကို နတ်ပရိသတ်အလယ်တွင် သတိပြုမိသွားသည်။ ထိုနတ်သားသည် တင့်တယ်လှသော အခြားနတ်များ၏ အလယ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ၏ နတ်၀တ်ရုံကိုလည်း ဦးခေါင်းတခုလုံးဖုံးအောင် ခြုံထား၏။ နတ်၀တ်ရုံအောက်မှ ထိုနတ်သား၏ အသားအရည်သည် အိုမင်းရင့်ရော်နေလေသည်။ သို့သော် သုဇိတာ နတ်သမီးသည် ထိုနတ်အိုကြီးကို မြင်မြင်ချင်း ရှေးဘ၀ရေစက်များကြောင့် မေတ္တာသက်၀င်ချစ်ခင်သွားမိလေတော့သည်။

အလို...’

ဟင်...’

နတ်ပရိသတ်ရာပေါင်းများစွာ၏ နှုတ်များမှ အာမေဋိတ်သံများ အသီးသီး ထွက်ပေါ်သွားခဲ့သည်။ အကြောင်းမှာ သုဇိတာသည် သူမဦးခေါင်းထိပ်မှ ပန်းကုံးကို အဆိုပါ နတ်အိုကြီးထံသို့ ချိန်ရွယ်ပြီး ပစ်လိုက်သောကြောင့်ပင်တည်း။ နတ်အိုကြီးသည် ပန်းကုံးငယ်ကို သူ၏ ရွတ်တွသော လက်ကြီးများနှင့် ဆုပ်ကိုင်ကာ သုဇိတာရှိရာ ကျောက်စားပွဲအနီးသို့ ချဥ်းကပ်လာသည်။ ဝေပစိတ္တိသည် ရုတ်တရက် မယုံနိုင်သဖြင့် ကြောင်ကြည့်နေမိသည်။ သူသည် သမီးတော် သုဇိတာကို လှည့်ကြည့်လိုက်သည်။ သုဇိတာသည် ဝေပစိတ္တိကိုပင် လှည့်မကြည့်ဘဲ သူမ၏ နုနယ်သော လက်ကလေးကို နတ်အဘိုးအိုထံ ကမ်းပေးလိုက်လေသည်။ နတ်အိုကြီးသည် သုဇိတာ နတ်သမီး၏ လက်ကို မဆိုင်းမတွ ဖမ်းကိုင်လိုက်၏။

အရှင်မင်းကြီး တားတော်မူပါ’

ဝေပစိတ္တိ၏ ဘေးမှ မိဖုရားကြီး မိလ္လိကာသည် တုန်ရီသော အသံနှင့် အသူရာနတ်မင်းကြီးကို သတိပေးလိုက်၏။ ထိုအခါမှ ဝေပစိတ္တိ သတိပြန်၀င်လာသည်။ ယခုအခါ သုဇိတာသည် သူမ၏ ကျောက်ထိုင်ခုံမှ ထသွားပြီး နတ်ပရိသတ်အလယ်မှ ဖြတ်ကာ တံခါးပေါက်၀ဆီ ဦးတည်နေပြီဖြစ်သည်။

ဒါ… ဒါ သမီးတော်ရဲ့ ဆန္ဒပဲ။ ကျုပ်… ကတိကို မဖျက်နိုင်ဘူး မိလ္လိကာ...’

နတ်မင်းကြီးသည် ကြေကွဲစွာနှင့် မိဖုရားကြီးကို ပြန်ပြောလိုက်သည်။

ဟေ့ မိဿက သမီးတော်ကို မတားနဲ့’

တံခါးပေါက်၀တွင် မှိန်းတံကြီးများနှင့် တားဆီးမည်ပြင်သော မိဿကအပါအ၀င် နတ်ဘီလူးများကို ဝေပစိတ္တိက ဟန့်တားလိုက်သည်။ သို့သော် သူကိုယ်တိုင်မူ နတ်ပရိတ်သတ်အလယ်မှ ဖြတ်ကာ သမီးတော်နောက်သို့ အပြေးလိုက်သွားလေသည်။

သမီးတော် နေပါဦး။ ဟေ့ အသင်နတ်သား။ ‌စောင့်လော့။ အသင်တို့ ဘယ်ကို သွားကြမည်နည်း’

သောက‌ဝေဒနာ အပူမီးတောက်လောင်လျက်က ဖခင်ကြီး ဝေပစိတ္တိသည် သမီးတော်နောက်သို့ အပြေးလိုက်ရှာသည်။ အသူရာနတ်မင်းကြီးသည် ကတိသစ္စာကို တန်ဖိုးထားသူတစ်ဦး ဖြစ်သည့်အလျောက် သမီးတော်၏ ဆန္ဒအတိုင်း ရွေးချယ်ခြင်းကို မတားမြစ်သော်လည်း ယခုလို ထွက်ခွာသွားခြင်းကို စိတ်မချသဖြင့် သမီးနောက်မှ အပြေးလိုက်မိလေသည်။

သူသည် နန်းဆောင် တံခါးပေါက်မှ သမီးတော် ထွက်ခွာလုဆဲဆဲတွင် မှီလုမှီခင်ဖြစ်သွားသည်။

သမီးတော် သုဇိတာ...’

ကျယ်လောင်စွာ အော်ဟစ်လိုက်သော အသံကြီးကြောင့် သုဇိတာသည် သူမ၏ ခမည်းတော်ကို လှည့်ကြည့်လိုက်၏။ ထိုစဥ်မှာပင် သူမကို ရှေ့မှ လက်ဆွဲကာ ဦးဆောင်သွားနေသော နတ်အဘိုးအို၏ အသွင်သည် အရေခွံပြောင်းလိုက်သော မြွေတစ်ကောင်ပမာ တမဟုတ်ချင်းပြောင်းလဲသွားတော့သည်။

နွမ်းပါးသော အဘိုးအို၏ နတ်၀တ်ရုံသည် ရုတ်ခြည်းပင် ရွှေရောင်တဖိတ်ဖိတ်တောက်သွားခဲ့သည်။ ရွတ်တွနေသော ထိုနတ်သား၏ အသားအရည်သည် တဒင်္ဂအတွင်း ကိုယ်ရောင်ကိုယ်၀ါများ တောက်ပကာ ဆံကေသာများမှစပြီး တကိုယ်လုံး ရွှေရောင်အတိပြီးသွားခဲ့၏။

နတ်သား မာဃ’

ဝေပစိတ္တိ ကြုံး၀ါးလိုက်ချိန်တွင် နောက်ကျသွားခဲ့လေပြီ။ သိကြားမင်း ဦးမာဃသည် သုဇိတာ၏ လက်ကို ဖျတ်ကနဲဆွဲယူလိုက်ကာ နန်းဆောင်ကြီး၏ ပြင်ပတွင် အသင့်ရပ်ထားသော ဝေဇယန္တာနတ်ရထားကြီးပေါ်သို့ ခုန်တက်လိုက်သည်။ ရထားပေါ်တွင် ထိုင်နေသော သိန္ဓောနတ်သားသည် ရုတ်တရက် နတ်မြင်းပျံတစ်ထောင် အသွင်သို့ ပြောင်းလိုက်ပြီး ‌လေးမှ ပစ်သော မြားပမာ ရထားကြီးကို လျင်မြန်စွာ မောင်းနှင် ထွက်ခွာသွားလေတော့သည်။

အသူရာနတ်မင်းကြီး ရင်၀ကို လှံတံနှင့် ထိုးစိုက်ခံလိုက်ရသလို စူးကနဲ နာကျင်သွားကာ ထိုနေရာမှာပင် ဒူးထောက်ကျသွားခဲ့သည်။ ထိုစဥ်မှာပင် သူ၏ အနောက်မှ အော်ညည်းလိုက်သော မိဖုရားကြီး မိလ္လိကာ၏ ငိုကြွေးသံကြီးက ကြေကွဲဆွေးမြေ့စွာ ထွက်ပေါ်လာလေတော့သည်။

……………………

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။


#lotaya_shortstory
#LTY_ကိုချမ်း




Some text some message..