မြန်မာ့မြေမှ ကျိန်စာသင့်ပတ္တမြားကြီး - အပိုင်း (၂)
lotaya.mpt.com.mm
|
2022-12-10

ခွန်မှိုင်းလဲ တောအုပ်အတွင်းသို့ ပြေးလွှားခဲ့သည်။ ညနေကတည်းက ဖြတ်လမ်းနေရာကို သေသေချာချာကြည့်ပြီး မှတ်သားခဲ့သည်မို့ ထိုလမ်းအတိုင်းအပြေးပြန်လာခဲ့သည်။ ယခုလမ်းကပြန်လျှင် ဦးစက္ကတို့ထက်အရင် မိုးကုတ်ရောက်မည်ဖြစ်ပြီး ဦးစက္ကတို့မှာ ညကြီးမင်းကြီးပြန်ခဲ့လျှင်တောင်မှ မိုးကုတ်ကိုသူ့ထက် နှစ်နာရီနီးပါးနောက်ကျမှ ရောက်မည်ဖြစ်သည်။ သို့သော် ဦးစက္ကတို့အဖွဲ့မှာ ပြဿနာတက်နေပြီဖြစ်သည်။ အောင်ပြီ အော်ပြီး အကုန်လုံးမသိမ်းဆည်းရသေးခင် စည်းပေါက်ပြီဖြစ်သည်။

ပတ်ဝန်းကျင်တွင် မြူထူတွေဆိုင်းသွားပြီးနောက် တစ်ယောက်နှင့်တစ်ယောက် သဲသဲကွဲကွဲ မမြင်ရလောက်အောင်ကို မြူတွေဖုံးလွှမ်းသွားသည်။ ကညင်ဆီမီးတိုင်ကြီးများကလဲ တဖြုတ်ဖြုတ်နှင့် ငြိမ်းသွားတော့သည်။ ထိုဆီမီးတိုင်ကြီးများမှာ သာမန်လေတိုက်ရုံနှင့်ငြိမ်းသတ်၍မရနိုင်ပေ၊ ရေတောင် နိုင်နိုင်လောင်းပြီးငြိမ်းသတ်မှ ငြိမ်းနိုင်သော်လည်း အခုတော့ မီးငြိမ်းသွားခဲ့သည်။ ဦးစက္ကနှင့် တပည့်များလဲ အကုန်ထိတ်လန့်ကုန်သည်။ ဦးစက္ကကတော့ အတွေ့အကြုံရင့်သူမို့ ဒုတိယစည်းတစ်ခုကိုသူ့အနားတွင် ငါးတောင်အကျယ်အဝန်းခန့် အလျှင်အမြန်စီရင်နေသည်။ ထိုစဉ် ဌာပနာတိုက်ထဲတွင် ရတနာပစ္စည်းများယူနေသူတစ်ဦး၏ ခြေထောက်ကို မြေကြီးအတွင်းမှ လက်မဲကြီးများက ဆွဲချကြတော့သည်။

"အား . . ဘာတွေလဲ"

ထိုသူလဲ အော်ဟစ်ပြီး ဦးစက္ကစီရင်ပေးထားသည့် အင်းနှင့် ဆေးမှုန့်တွေဖြူးသော်လည်း ဘာမှမထူးဘဲ၊ သူ့ခြေထောက်များသာ ကျောက်သားထုထဲသို့နစ်ဝင်သွားတော့သည်။ ကျောက်သားများမှာ ရွံ့များသဖွယ်ဖြစ်နေပြီးနောက် လူတစ်ယောက်လုံး တအိအိနှင့် နစ်မြှုပ်နေသည်။

"ကယ်ကြပါအုံး၊ ဆရာကြီး ကယ်ပါအုံး"

ထိုလူမှာအော်ဟစ်နေရင်းနှင့် ခါးတစ်ဝက်ခန့် နစ်ဝင်နေပြီဖြစ်သည်။

"ဟေ့ကောင်တွေ အနားမကပ်ကြနဲ့၊ မင်းတို့ပါ နစ်ဝင်သွားမယ်"

တပည့်များပြေးသွားကြတော့ ဦးစက္ကက အော်ဟစ်လိုက်သည်။ ဦးစက္ကကိုမတွေ့ရဘဲ အော်သံကိုသာကြားနေရသည်။ သူ့တပည့်တွေအားလုံးလဲ ခြောက်ခြားကုန်ကြပြီဖြစ်သည်။ သူတို့ဆရာ ဦးစက္ကကိုလဲ ရှာဖွေနေမိသည်။

"ဆရာကြီးဘယ်မှာလဲ၊ ဘယ်နားမှာလဲ"

"ဟေ့ တပည့်တို့ လာကြ အသံနောက်ကို မြန်မြန်လိုက်ခဲ့ကြ"

သူ့တပည့်များသည် အသံနောက်သို့ မှန်းပြီးပြေးကြတော့သည်။ မပြေးလို့လဲမဖြစ်ပေ။ မြေကြီးအောက်မှ လက်ကြီးများက သူတို့ခြေထောက်တွေကို လိုက်လံဆွဲခေါ်နေပြီဖြစ်သည်။ အပြေးနောက်ကျသော တပည့်များမှာ လက်ကြီးများ၏ ဆွဲခေါ်မှုကိုခံရပြီး မရုန်းကန်နိုင်ကြတော့ဘဲ တဖြည်းဖြည်း မြေသားထုထဲနစ်ဝင်ကုန်ကြပြီဖြစ်သည်။

"တပည့်တို့၊ အမြန်လာကြ၊ ငါတားထားတဲ့စည်းဝိုင်းထဲကိုဝင်ကြတော့၊ ဘုရားသိုက်က နှောင့်ယှက်နေကြပြီ"

တပည့်ဆယ်ယောက်တွင် နှစ်ယောက်သာ စည်းဝိုင်းအတွင်းသို့ဝင်နိုင်ကြပြီး၊ ကျန်သည့်သူများကိုတော့ လက်မဲကြီးများက ဆွဲခေါ်သွားကြသဖြင့် အော်ဟစ်နေကြလေသည်။ ထိုအနီးတစ်ဝိုက်တွင် ကြောက်လန့်တကြားအော်ဟစ်သံများ၊ နာကျင်လွန်းသဖြင့် ငိုညည်းသံများသာ ဖုံးလွှမ်းသွားလေသည်။ ဦးစက္ကတားထားသည့် စည်းဝိုင်းအပြင်မှလဲ လက်ကြီးများက ဝိုင်းထားပြီး စည်းဝိုင်းအတွင်းသို့ ဝင်ရောက်ရန်အတွက်ကြိုးစားနေကြသည်။ ဦးစက္ကပညာကောင်းလွန်းသဖြင့်သာ စည်းအတွင်းသို့မဝင်ရောက်နိုင်ခြင်းဖြစ်သည်။ ဦးစက္ကတို့လဲ ထိုစည်းဝိုင်းထဲတွင်သာ မတ်တပ်ရပ်လျှက် တစ်ညလုံးအချိန်ကုန်သွားတော့သည်။

ထိုလက်မဲကြီးများက နေထွက်လာမှပျောက်ကွယ်ကုန်ကြသည်။ လက်မဲကြီးများပျောက်ကွယ်သွားပြီး စိတ်ချရပြီဆိုမှ ဦးစက္ကက စည်းဝိုင်းကိုဖျက်လိုက်သည်။ ပတ်ဝန်းကျင်တွင် မြူများဆိုင်းနေသေးသည်။ ဦးစက္ကနှင့်တပည့်သုံးယောက် စည်းဝိုင်းအပြင်ထွက်ပြီးကြည့်ကြရာ သူတို့တစ်ဖွဲ့လုံးရှိ ကျန်သည့်အဖွဲ့သားများအားလုံးမှာ ဦးခေါင်းကလေးများသာ မြေပေါ်တွင်ပေါ်နေပြီးနောက် ကျန်သည့်တစ်ကိုယ်လုံးက ကျောက်သားအတွင်းနစ်ဝင်နေကြသည်။ တောင်ပေါ်မြေမို့ ကျောက်သားများက မာကျောလွန်းလှပြီး ပေါက်ချွန်းနှင့်ပေါက်လျှင်တောင် တော်တော်ပေါက်ယူရမည်ဖြစ်သည်။ မြေပေါ်ထွက်ပေါ်နေသည့် ခေါင်းများမှာလဲ တစ်စုံတစ်ခုကိုကြောက်လန့်နေသည့်မျက်နှာများနှင့် သေဆုံးလျှက်ရှိကြသည်။

"ဆရာကြီး ကျွန်တော့်ကိုကယ်ပါအုံး၊ ကျွန်တော့်ကိုကယ်ပါအုံး"

သတိကောင်းသေးသည့် တပည့်တစ်ယောက်က မြေကြီးထဲမှနေ၍အော်ဟစ်နေသည်။ သူ၏လည်ပင်းအထိ ကျောက်သားထဲနစ်မြှုပ်နေပြီဖြစ်သည်။ ကျန်သည့်တပည့်နှစ်ယောက်က ထိုလူထံသို့ပြေးသွားပြီးနောက် သူ့ကိုဆွဲတင်ရန်လုပ်ကြသည်။ သို့သော် သူ့ကိုယ်လုံးကြီးကို ကျောက်သားထုနှင့် အင်္ဂတေကိုင်ထားသလိုဖြစ်ပြီး လှုပ်၍ပင်မရချေ။

"ဆရာကြီး ကျွန်တော်တို့တူးထုတ်ရင်ရလောက်တယ်"

ဦးစက္က ကခေါင်းခါလိုက်သည်။

"တူးရင်တောင် မင်းတို့နေ့ချင်းပြီးတူးထုတ်နိုင်ပါ့မလား"

တပည့်နှစ်ယောက်က ခေါင်းခါပြသည်။ ဤမျှမာကျောသည့်ကျောက်သားကို နှစ်ယောက်အားနှင့်တူးထုတ်ရန်မှာမဖြစ်နိုင်ပေ။ ဦးစက္ကက တစ်ဖက်သို့လှည့်လိုက်ပြီးနောက်

"လာပါ၊ ငါတို့သွားကြစို့၊ ညရောက်ရင် အန္တရာယ်တွေ့နိုင်တယ်"

ထိုသို့ပြောသည့်အခါ မြေကြီးထဲမှတပည့်က အသံကုန်ဟစ်ပြီးအော်ဟစ်နေလေသည်။

"ဆရာကြီး ကျွန်တော့်ကိုကယ်ပါအုံး၊ ဆရာကြီး ကျွန်တော့်ကိုကယ်ပါအုံး"

"ဆရာကြီး ကျွန်တော်တို့ သူ့ကိုဒီအတိုင်းထားခဲ့လို့ကောင်းပါ့မလား"

"မင်းတို့သူ့ကိုကယ်ချင်ရင် သတ်ခဲ့လိုက်တာအကောင်းဆုံးပဲ၊ ဒါဆိုသူဝေဒနာမခံစားရတော့ဘူးပေါ့၊ ငါတော့ မသတ်ချင်ဘူး၊ ငါ့လက်တွေ သွေးမစွန်းချင်ဘူးကွာ"

ထိုသို့ပြောရင်း ဦးစက္ကက ဘုရားဌာပနာတိုက်ကို တစ်ချက်သွားကြည့်လိုက်သည်။ အထဲတွင် ရှိသမျှ အရာအားလုံးက ပြောင်သလင်းခါနေပြီဖြစ်သည်။ ဦးစက္က ယခုတစ်ကြိမ်တော့ သိုက်တူးခြင်း မအောင်မမြင်ဖြစ်ခဲ့ပေပြီ။ တူးသည့်သိုက်တိုင်း အောင်မြင်သည်ဆိုသော ဦးစက္ကမှာ သိုက်တူးပြီးကာမှ သစ္စာဖောက်တစ်ယောက်ကြောင့် အစီအစဉ်ပျက်ရသည်ကို အလွန်အရှက်ရနေပြီဖြစ်သည်။ ထို့ကြောင့် ကျန်သည့်တပည့်နှစ်ယောက်ကိုလှမ်းကြည့်လိုက်သည်။ ထိုနှစ်ယောက်က မြေတွင်နစ်ဝင်နေပြီး မသေဆုံးသေးသည့် တပည့်တစ်ယောက်အနီးရပ်နေကာ ပေါက်ချွန်းကိုလဲကိုင်ဆောင်ထားသည်။

"မလုပ်ပါနဲ့ကွာ၊ မလုပ်ကြပါနဲ့"

"ငါတို့လဲမလုပ်ချင်ပါဘူးကွာ၊ ဒါပေမယ့် မင်းဒီအတိုင်းသေသွားတာကမှ ရောဂါဝေဒနာတွေခံစားပြီး သေသွားရတာထက်စာရင် ပိုပြီးကောင်းပါသေးတယ်ကွာ၊ ငါတို့ကိုခွင့်လွှတ်ပါကွာ"

ထိုသို့ပြောပြီးနောက် ထိုလူ၏ ငယ်ထိပ်ကိုပေါက်ချွန်းအချွန်နှင့် တအားလွှဲရိုက်ချလိုက်တော့သည်။ တောင်ကြားထဲတွင် ကျယ်လောင်သောအော်ဟစ်သံကြီးဖြစ်သွားပြီးနောက် ခဏအကြာတွင် ပြန်လည်တိတ်ဆိတ်သွားကြတော့သည်။ ထိုတပည့်နှစ်ယောက်လဲ ဦးစက္ကဆီသို့ လာခဲ့ကြသည်။

"ဆရာကြီး၊ ကျွန်တော်တို့လဲ လမ်းမမှတ်မိဘူး၊ ဘယ်လိုလုပ်ကြမလဲ"

တောနက်ကြီးအတွင်းမို့ သူတို့လူစုလမ်းပျောက်နေပြီဖြစ်သည်။ ခွန်မှိုင်းကိုအားကိုးပြီး လမ်းပြခိုင်းသဖြင့် သူတို့အဖွဲ့ထဲမှ တစ်ယောက်မျှ အပြန်လမ်းကိုမသိချေ။ သို့သော် ဦးစက္ကက သစ်ပင်တစ်ပင်ရှိ သစ်ကိုင်းတစ်ကိုင်းကိုချိုးယူလိုက်ပြီးနောက် သစ်ကိုင်းကိုပါးစပ်နှင့်ကိုက်လိုက်သည်။ ထို့နောက် တစ်ခုခုကိုမန်းမှုတ်နေပုံရသည်။ ထိုအခါ ထိုသစ်ပင်ကြီးသည် လေပြင်းတိုက်သကဲ့သို့ တဝုန်းဝုန်းနှင့်လှုပ်ခတ်နေလေသည်။ ကျန်သည့်သစ်ပင်များမှာ မလှုပ်ခတ်ပဲ ထိုသစ်ပင်သာ ဘယ်ညာယိမ်းထိုးနေသည်။ ခဏကြာတော့ ထိုသစ်ပင်ကြီးငြိမ်သက်သွားသည်။ ထိုအခါ ထိုတစ်တောင်ခန့်ရှိသည့်သစ်ကိုင်းကို ဦးစက္ကက တပည့်တစ်ယောက်ထံသို့ လှမ်းပေးလိုက်သည်။

"ဆရာကြီး ဘာလုပ်လိုက်တာလဲ"

"ငါဒီသစ်ပင်မှာနေတဲ့ သရဲတစ်ကောင်ကို ပညာစက်နဲ့ဖမ်းချုပ်ထားလိုက်ပြီ၊ သူ့ကို ငါတို့လမ်းပြခိုင်းမယ်လေ၊ မပြဘူးဆိုရင်တော့ အမျိုးမျိုးနှိပ်စက်မှာပေါ့ကွ"

တပည့်နှစ်ဦးလဲ ထိတ်လန့်သွားကြသည်။

"ကဲ ငါတို့ကို မိုးကုတ်မြို့ကိုလမ်းပြစမ်း၊ မဟုတ်တာလုပ်လို့ကတော့ ခုနကလို ခံစားသွားရမယ်နော်"

ထိုအခါ တပည့်တစ်ဦးကိုင်ထားသည့် သစ်ကိုင်းသည် လူတစ်ယောက်ဆွဲလှည့်လိုက်သလိုဖြစ်သွားကာ တစ်နေရာသို့လှမ်းထိုးပြနေသည်။ ထိုတပည့်က အံ့သြလွန်းသဖြင့် ငေးကြည့်နေမိသည်။ ဦးစက္ကက တစ်ချက်ပြုံးလိုက်ပြီးနောက်

"ကဲ လာကြ၊ ငါတို့ဆက်သွားကြစို့"

ဟုပြောကာ သစ်ကိုင်းညွှန်ပြသည့်အတိုင်း အနောက်မှလိုက်လာခဲ့ကြသည်။ သစ်ကိုင်းက သူတို့သွားရမည့်နေရာသို့ ညွှန်ပြရင်း မိုးကုတ်မြို့သို့ရောက်လာခဲ့ကြသည်။

(၄)

ခွန်မှိုင်းက တောင်တန်းကြီးပေါ်မှနေ၍ မိုးကုတ်မြို့သို့ လှမ်းကြည့်လိုက်သည်။ မြို့ကလေးက တောင်ကြားတွင် အေးချမ်းစွာတည်ရှိနေသည်။ ခွန်မှိုင်းက ပတ္တမြားကြီးကို ရလျှင်ရခြင်း မိုးကုတ်တွင်မနေတော့ဘဲ မိုးမိတ်သို့တစ်ယောက်တည်း ခရီးဆက်ခဲ့သည်။ မိုးကုတ်မြို့မြောက်ဘက် တောင်တန်းကြီးကိုကျော်လွန်ပြီး ဆင်းလိုက်လျှင်တော့ မိုးမိတ်ကိုရောက်ပြီဖြစ်သည်။ မိုးကုတ်နှင့် မိုးမိတ်အကြားတွင် ကုန်သည်များသွားရာလမ်းရှိပြီး ထိုလမ်းမှာဖြောင့်ဖြူးသဖြင့် မိုးမိတ်သို့ရောက်ရန် တစ်ရက်မျှသာကြာမည်ဖြစ်သည်။ အခုလဲ ညကတည်းက ထွက်လာခဲ့ရာ နေ့လည်ရောက်လုနီးနီးတွင် တောင်တန်းကြီးထိပ်နားသို့ ရောက်လာခဲ့ပြီဖြစ်သည်။ ခြေလျင်ခရီးနှင်ရသည်မှာ ပင်ပန်းလှသဖြင့် တောင်ထိပ်ပေါ်ရှိ ခရီးသွားများနားလေ့ရှိသည့် ဇရပ်ကလေးပေါ်တွင် ထိုင်ကာအနားယူလိုက်သည်။ ထိုဇရပ်တွင် ခရီးသွားများ၊ ကုန်သည်များ နားလေ့ရှိသည်မို့ ဈေးရောင်းသူများ၊ တည်းခိုသူများလဲ ရှိကြသလို မိုးမိတ်စော်ဘွား၏ ရဲမက်များလဲရှိတတ်ကြသည်။

ဇရပ်အရှေ့တွင် နတ်ကွန်းလေးတစ်ခုရှိကာ ခရီးသွားများလှူဒါန်းထားသည့် ပန်းများနှင့်ဝေဆာနေပြီး နတ်ကွန်းအတွင်းတွင်တော့ သစ်သားပုံကြမ်းနတ်ရုပ်ကလေးတစ်ရုပ်ကိုတွေ့ရသည်။

ဇရပ်ကြီးမှာ မိုးမိတ်စော်ဘွားအဆက်ဆက်လှူဒါန်းထားသည့် ဇရပ်ကြီးဖြစ်သည်။ မြေပြင်မှလူတစ်ရပ်ခန့်မြင့်ကာ ဇရပ်အရှေ့ပိုင်းမှာအဖွင့်ဖြစ်ပြီး အနောက်ပိုင်းတွင်တော့ အကာအရံများရှိသည်။ ဇရပ်အတွင်း ဘုရားဆင်းတုတော်တစ်ခုလဲရှိပြီးနောက် ခရီးသွားများနှင့် ဈေးသည်များက တောပန်းကလေးများကပ်လှူထားကြသဖြင့် အလွန်သပ္ပါယ်စရာကောင်းလှသည်။ သို့သော် ခွန်မှိုင်းမှာ ဘုရားဆင်းတုတော်နှင့် မျက်နှာချင်းဆိုင်၍မရပေ။ မျက်နှာချင်းဆိုင်လိုက်လျှင် သူ့မျက်နှာတွင်စီရင်ထားသည့်အစီအရင်များမှာ အလိုလိုကွယ်ပျောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဇရပ်အရှေ့ပိုင်းရှိ တိုင်တစ်လုံးကိုကျောမှီပြီးနောက် ဘုရားဆင်းတုတော်ကို ကွယ်ကာထိုင်နေလိုက်သည်။ လေကလဲ ခပ်အေးအေးနှင့် မနေ့ကတစ်နေ့လုံးတစ်ညလုံးမအိပ်ရသေးသည်မို့ ခွန်မှိုင်းထိုင်နေရင်း အိပ်ပျော်သွားတော့သည်။

"ဟေ့၊ ထစမ်းပါအုံး"

အနားမှခေါ်သံကြားသဖြင့် ခွန်မှိုင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။ အလွန်လှပသည့် အမျိုးသမီးတစ်ယောက်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။ ထိုအမျိုးသမီးသည် ရှမ်းထဘီနှင့်ရင်ဖုံးအကျီကိုဝတ်ဆင်ထားကာ လည်ပင်းနှင့်နားတွင်လဲ ငွေထည်များဖြင့်အလှဆင်ဝတ်ဆင်ထားသည်။ ခေါင်းတွင်လဲ ခေါင်းပေါင်းတစ်ခုကိုပေါင်းထားလေသည်။

"ခင်ဗျားလား ကျုပ်ကိုနှိုးတာ"

"ဟုတ်တယ်"

"ဘာကိစ္စရှိလို့လဲ"

"ရှင်ယူလာတဲ့ ပစ္စည်းကို ပြန်သွားထားလိုက်ပါ၊ မဟုတ်ရင်တော့ ရှင်ဒုက္ခရောက်လိမ့်မယ်"

"ငါလဲ တစ်သက်လုံးအပိုင်ယူထားဖို့ ယူလာခဲ့တာမဟုတ်ပါဘူး၊ ကြယ်ပတ္တမြားတွေက ဆေးကုသလို့ရနိုင်တယ်မဟုတ်လား၊ ငါလုပ်စရာရှိတာလုပ်ပြီးရင် အဲဒီနေရာမှာသွားပြန်ထားမှာပါ"

"ကောင်းပြီလေ၊ ဒါပေမယ့် ရှင်အဲဒီပတ္တမြားကိုတော့ ယူထားဖို့တော့မကြံလိုက်ပါနဲ့၊ အဲဒီပတ္တမြားက သာမန်ပတ္တမြားမဟုတ်ဘူး"

"ကောင်းပါပြီ၊ ဒါနဲ့မင်းကဘယ်သူလဲ"

ထိုအခါ ထိုအမျိုးသမီးက ဇရပ်ရှေ့နတ်ကွန်းလေးကို လှမ်းပြီးလက်ညှိုးထိုးပြပြီးနောက် ဇရပ်ပေါ်မှဆင်းသွားလေသည်။ ခွန်မှိုင်းလဲ လန့်နိုးသွားသည်။ နေမွန်းတည့်ကျော်ပြီးဖြစ်သည်မို့ တောင်ပေါ်တွင် မြူခိုးတွေရစ်သိုင်းလာခဲ့သည်။ ခွန်မှိုင်းလဲ မိုးမိတ်သို့ခရီးဆက်ရန်အတွက် ဇရပ်ပေါ်မှဆင်းလာခဲ့သည်။ ထိုအခါ ဇရပ်အနီးရှိ ရဲမက်တစ်ဦးက ခွန်မှိုင်းကိုလှမ်းအော်ပြောလေသည်။

"ဒီအချိန် မိုးမိတ်ကိုမသွားပါနဲ့တော့၊ ခဏနေရင်မှောင်လာမှာ၊ လမ်းမှာ အန္တရာယ်တွေ့နိုင်တယ်"

ရဲမက်တစ်ဦးက ပြောသော်လည်း ခွန်မှိုင်းကတော့ မိုးမိတ်သို့ဆက်ထွက်လာခဲ့သည်။ တောင်ထိပ်ကိုဖြတ်ကျော်ပြီးနောက် လှမ်းကြည့်လျှင် အဝေးရှိချိုင့်ဝှမ်းအတွင်းတွင် မိုးမိတ်မြို့ကိုလှမ်းမြင်နေရပြီဖြစ်သည်။ ခွန်မှိုင်းလဲ တောင်ဆင်းလမ်းအတိုင်းဆက်လျှောက်လာခဲ့လိုက်သည်။ ဆက်လျှောက်လာရင်း ပတ္တမြားအကြောင်းကို တွေးနေမိသည်။

"အင်း၊ နတ်သမီးပြောတာဖြစ်နိုင်တယ်၊ ငါဖတ်ထားဖူးတဲ့ သိုက်စာအရလဲ ပတ္တမြားဟာ ကျိန်စာသင့်နေတယ်လို့ ရေးထားတယ်ဆိုတော့ တစ်ခုခုတော့ထူးခြားရမယ်"

ဦးစက္ကနှင့်တပည့်များ မိုးကုတ်သို့ပြန်ရောက်လာကြပြီဖြစ်သည်။ မွန်းတည့်ကျော်နေပြီဖြစ်သည်။ မိုးကုတ်မြို့လမ်းပေါ်ရောက်တော့ ဦးစက္ကက သစ်ကိုင်းကိုယူကာ ထက်ပိုင်းချိုးလိုက်လေသည်။

"မင်းသွားလို့ရပြီ"

ထို့နောက် သစ်ကိုင်းအား လမ်းဘေးသို့ပစ်ချလိုက်ပြီး မြို့ထဲဆက်ဝင်လာကြသည်။ သူတို့တည်းခိုသည့် စားတဲကြီးတွင် စားသောက်လိုက်ကြပြီးနောက် ဦးစက္ကတို့ ခရီးဆက်ဖို့ပြင်ကြသည်။

"ဆရာကြီး၊ ကျွန်တော်တို့ မန္တလေးပြန်ကြမလား"

"မန္တလေးကို လက်ဗလာနဲ့တော့မပြန်နိုင်ဘူးကွာ၊ ဒီတော့ ငါတို့တွေ ခွန်မှိုင်းနောက်ကိုလိုက်ကြမယ်"

"ဆရာကြီးက ခွန်မှိုင်းဘယ်သွားလဲဆိုတာသိရဲ့လား"

"သူ မန္တလေးပြန်တာတော့မဖြစ်နိုင်ဘူး၊ နောက်ပြီးတော့ ခွန်မှိုင်းက သိုက်စာဖတ်ကတည်းက ငါတစ်ခုခုမသင်္ကာဘူးဖြစ်နေခဲ့တာ၊ လတ်စသတ်တော့ သူက ဒီပတ္တမြားနောက်ကိုလိုက်နေတာပဲဖြစ်မယ်၊ ဒီတော့ သေချာပေါက် သူက ဒီပတ္တမြားအကြောင်းသိထားရမယ်၊ ဒီကောင်သေချာပေါက် မိုးမိတ်ကိုသွားတာပဲဖြစ်မယ်"

"ဆရာကြီးက သေချာလှချည်လား၊ မိုးမိတ်ကိုသူသွားမှန်း ဘယ်လိုလုပ်ပြီးသိသလဲ"

ထိုအခါ ဦးစက္ကက သူ့တပည့်များကို ဒေါသထွက်နေသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။

"မင်းတို့ ငါ့ကိုမယုံဘူးလား၊ ငါ့ပညာကိုမယုံဘူးလား"

တပည့်နှစ်ယောက်မှာ ထိုတော့မှကြောက်လန့်သွားကြပြီးနောက်

"ယုံ . . ယုံပါတယ်ဆရာကြီး"

"လမ်းလျှောက်သွားရင်ကြာတယ်၊ ဒီတော့ တို့တွေ မြင်းနဲ့လိုက်မယ်၊ မြို့ထဲ မြင်းဝယ်လို့ရတဲ့နေရာတွေ စုံစမ်းကွာ"

ထို့နောက် ဆိုင်ရှင်တရုတ်ကြီး၏ စီစဉ်မှုနှင့် မြင်းသုံးကောင်ကိုဝယ်ပြီးနောက် ဦးစက္ကတို့ မိုးမိတ်သို့ထွက်လာခဲ့ကြသည်။ အချိန်က ညနေစောင်းနေပြီ၊ မကြာခင်နေဝင်တော့မည်ဖြစ်သည်။

မိုးမိတ်မြို့အထွက်တွင် ရွာကလေးများရှိသည်။ ထိုရွာကလေးများရှိ ရွာသူရွာသားများမှာ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ကြသလို၊ အချို့မှာလဲ သစ်ခုတ်၊ ဝါးခုတ်ကြပြီး အမဲလိုက်ထွက်ကြသည့်သူများလဲရှိသည်။ ယခုလဲ ရွာသားတစ်ယောက်မှာ မှောင်နေသည့်ကြားထဲမှ ရွာကိုအပြေးပြန်လာခဲ့သည်။ သူ့ကျောကုန်းတွင်လဲ ဆတ်ပျိုတစ်ကောင်ကို ထမ်းပိုးလာသည်။ သူက အမဲလိုက်သည့်မုဆိုးဖြစ်သောကြောင့် ယနေ့တောနက်နက်ထဲရောက်သွားသဖြင့် မိုးမချုပ်ခင်ရွာမပြန်ရောက်ပေ။ ထို့ကြောင့်ရွာသို့ အပြေးပြန်လာရခြင်းဖြစ်သည်။ သူတို့ရွာအနီးအပါးတွင် ညဘက်တောနက်ထဲ မသွားရဲကြပေ။

ပြေးရင်းပြေးရင်းနှင့်ပင် မိုးကချုပ်လာပြီဖြစ်သည်။ သို့သော် ရွာကလေးနှင့်နီးလာပြီဖြစ်သည်။ တောင်ဆင်းလမ်းကလေးအတိုင်း ပြေးဆင်းလာခဲ့ရာ သူ့အရှေ့တွင် အလွန်ဖြူဝင်းသော မီးလုံးကြီးတစ်ခု မိုးပေါ်မှကျလာသည့်အတွက် ရပ်တန့်လိုက်ရတော့သည်။

"ဟင် . . . ကဝေဖြူ"

ထိုသူက ထိုသို့ရေရွတ်ရင်း ဆက်ပြီးပြေးတော့သည်။ မီးလုံးကြီးကလဲ သူ့အနားမှဝေ့ကာဝိုက်ကာ ပျံသန်းလာပြီးနောက် သူ့နောက်သို့လိုက်လာနေလေသည်။ မကြာခင်တွင် မီးလုံးကြီးက ထိုသူအားဆွဲခေါ်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။ မြေပြင်တွင်တော့ ထိုသူထမ်းပိုးထားသည့် ဆတ်ပျိုအသေကောင်သာ ကျကျန်နေခဲ့တော့သည်။

ခွန်မှိုင်းလဲ တစ်ညလုံးတောင်ဆင်းလာခဲ့ရာ မနက်နေထွက်တော့မှ မိုးမိတ်မြို့အတွင်းသို့ ဝင်ခွင့်ရသည်။ မိုးမိတ်မြို့တံခါးက ညဘက်ရောက်လျှင် ပိတ်ထားသောကြောင့်ဖြစ်သည်။ မြို့တံခါးဖွင့်ပြီးနောက် ကျုံးကူးတံတားမှနေ၍ ကျုံးကိုဖြတ်ကျော်လာခဲ့သည်။ မိုးမိတ်မြို့မှာ စော်ဘွားအုပ်ချုပ်လျှက်ရှိသည်။ မိုးမိတ်မြို့မှာ မြို့ကြီးပြကြီးဖြစ်သည်။ ယခင်ကဆို မြို့ရိုးနှစ်ထပ်ရှိပြီး ကြီးမားသော တံတိုင်းကြီးများ၊ ပြအိုးများနှင့် ပြသဒ်များရှိသော်လည်း ယခုတော့ အိုဟောင်းနေပြီး ကျိုးပဲ့နေသည့်တံတိုင်းကြီးများသာ ကျန်တော့သည်။

"ဘယ်သူလဲ၊ ဘာကိစ္စနဲ့လာတာလဲ"

မြို့အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်များချထားကာ စစ်ဆေးလျှက်ရှိသည်။

"မိုးကုတ်ကလာတာပါ၊ ကျုပ်အမေဆီကိုလာခဲ့တာ"

ခွန်မှိုင်းမြို့ထဲဝင်လာခဲ့သည်။ နံနက်ခင်းမို့ မြို့ကြီးက စည်ကားနေပြီဖြစ်သည်။ မြို့ထဲဆင်ခြေဖုံးအရပ်တွင် အိမ်ကလေးများ အစီအရီရှိကြရာ ခွန်မှိုင်းက အိမ်တစ်လုံးရှေ့တွင်ရပ်ပြီးနောက် တံခါးကိုခေါက်လိုက်သည်။ ထိုအခါ အိမ်အတွင်းမှ အလွန်ငယ်ရွယ်ပြီး ချောမောလှပသော အမျိုးသမီး တစ်ယောက်ထွက်လာခဲ့သည်။

"အမေ၊ သားပါ"

ထို အမျိုးသမီးက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခွန်မှိုင်းအား အိမ်ထဲသို့ခေါ်လိုက်သည်။ အိမ်တံခါးကိုသေချာပြန်ပိတ်ပြီးနောက် စားပွဲခုံတွင် အတူတူထိုင်လိုက်ကြသည်။ ခွန်မှိုင်းက လွယ်အိတ်အတွင်းမှ ပတ္တမြားကြီးကို ထုတ်ပြီးပြသလိုက်ရာ ထိုအမျိုးသမီးက အံ့သြပြီး ပါးစပ်ပင်မစေ့နိုင်အောင်ဖြစ်သွားရသည်။

"သားရယ်၊ နောက်ဆုံးတော့ သားရှာတွေ့ခဲ့ပြီပေါ့"

"ဟုတ်တယ်အမေ၊ သေချာကြည့်ပါအုံး၊ ဒီပတ္တမြားဟုတ်ရဲ့လားလို့"

ခွန်မှိုင်းအမေက ပတ္တမြားကြီးကို သေသေချာချာစိုက်ကြည့်နေလေသည်။ အတန်ကြာစိုက်ကြည့်ပြီးတော့မှ

"ဟုတ်တာပေါ့သားရယ်၊ သိပ်ဟုတ်တာပေါ့၊ အမေတို့ ဒီပတ္တမြားကြီးကို ရပြီဆိုတော့ ညီမလေးဆီသွားကြရအောင်"

ထိုအမျိုးသမီးက အကျီလဲလိုက်ပြီးနောက် ချည်သားခေါင်းပေါင်းကိုထုံးဖွဲ့လိုက်ပြီးနောက် ခြုံထည်စောင်တစ်ခုကိုခြုံလိုက်သည်။ ထို့နောက် ခွန်မှိုင်းနှင့်အတူတူ မြို့ထဲမှ ထွက်လာခဲ့ကြသည်။ မြိုတံခါးများကို ဖြတ်ကျော်ခဲ့ကြပြီးနောက် မြို့မြောက်ဘက်ရှိ တောင်တန်းများဆီသို့လာခဲ့ကြသည်။ ထိုတောင်တန်းများပေါ်တက်ခဲ့ပြီးနောက်တွင် မကြာခင် တောင်ခြေတစ်ခုသို့ရောက်လာခဲ့သည်။ ထိုနေရာသည် တောအုပ်ထူထပ်ပြီး လူသူမရှိသလောက်နည်းပါးသည်။ တောင်ခြေအတိုင်းဆက်ပြီး ပတ်သွားကြရာ မကြာခင်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည့် ဂူကလေးတစ်ခုသို့ ရောက်သွားကြသည်။

"သတိ၊ အန္တရယ်ရှိသည်"

"မဝင်ရ"

ဂူအရှေ့ ကျောက်သားနံရံတွင် မြေဖြူများ၊ မီးသွေးခဲများနှင့် သတိပေးစားများကို ရှမ်းစာများနှင့်ရေးသားထားကြသည်။ ခွန်မှိုင်းတို့သားအမိလဲ ဂူထဲသို့ မီးတုတ်တစ်ချောင်းနှင့် ဝင်ရောက်လာကြပြီးနောက် အတော်ကြာသည့်အခါတွင် ဂူထဲတွင် လူအရိုးစုများ ပြန့်ကျဲနေသည်ကိုတွေ့ရသည်။ သူတို့လဲဆက်လျှောက်လာခဲ့ရာ တစ်နေရာတွင်တော့ လူသေအလောင်းကြီး တစ်လောင်းကိုတွေ့ရသည်။ ယောက်ျားတစ်ယောက်၏ အလောင်းဖြစ်ပြီး ရင်ဘတ်ပွင့်နေကာ ကလီစာတွေပြန့်ကျဲနေလေသည်။

"တယ်၊ ဒီကောင်မလေးတော့၊ စားပြီးရင်လဲ တစ်နေရာသွားပစ်ထားတာမဟုတ်ဘူး"

ဂူအတွင်းပိုင်းတွင် ခန်းမကြီးတစ်ခုရှိသည်။ ထိုခန်းမကြီးတွင် ကျောက်ကုတင်ကြီးရှိကာ ထိုပေါ်တွင် လူနှစ်ယောက်အိပ်စက်နေလေသည်။ တစ်ဦးမှာအဖွားကြီးဖြစ်ပြီး ဆံပင်များဆွတ်ဆွတ်ဖြူနေကာ အရိုးပေါ်အရေတင်နှင့်လဲလျှောင်းနေပြီး နောက်တစ်ဦးကတော့ ဆံပင်များဖြူလျှက် အိပ်စက်နေသည့် မိန်းမပျိုကလေးတစ်ယောက်ဖြစ်သည်။

"ညီမလေး ထတော့"

ထိုသို့ပြောလိုက်သည့်အခါ ထိုမိန်းမပျိုကလေးက ထလာတော့သည်။ မီးတုတ်မီးရောင်အောက်တွင် သူ့မျက်နှာကြီးက အလွန်ကြောက်စရာကောင်းလှသည်။ မျက်နှာပေါ်တွင် သွေးကြောစိမ်းကြီး ယှက်နွယ်နေပြီး အလိပ်အလိပ်တွေဖြစ်ကာ ဖောင်းကြွနေသဖြင့် မြင်ရသူအဖို့ အော့နှလုံးနာစရာကြီးဖြစ်နေသည်။

"အမေ . . . အကိုကြီး"

ထိုမိန်းမပျိုကလေးက ထိုသို့ခေါ်ပြီးနောက် ခွန်မှိုင်းကိုဖက်ကာ ငိုကြွေးနေလေသည်။ ခွန်မှိုင်းက ဖက်ထားရင်း

"ညီမလေးဘာမှမပူနဲ့တော့နော်၊ ညီမလေးမျက်နှာကို ပြန်ကောင်းအောင်လုပ်ပေးပြီးတော့၊ ညီမလေးကို ဒီနေရာကနေ ခေါ်သွားပေးမယ်၊ အကိုကြီးတို့ မြို့ထဲမှာ အတူတူနေကြမယ်"

"အချိန်မရှိဘူးသားရေ၊ လုပ်စရာရှိတာလုပ်ကြရအောင်"

ခွန်မှိုင်းအမေက ကြေးနှင့်လုပ်ထားသည့် သရဖူအသေးလေးတစ်ခုကိုထုတ်လိုက်ပြီး သရဖူ၏ နဖူးနေရာတွင်တော့ ပတ္တမြားကြီးကိုထည့်လိုက်သည်။ ထို့နောက် သူ့သမီးဖြစ်သူကို ထိုင်ခိုင်းထားပြီးနောက် ပတ္တမြားတပ်ထားသည့် သရဖူအားတပ်ဆင်ပေးလိုက်ကာ ပတ္တမြားကိုနဖူးနေရာတွင် နေရာချထားပေးလိုက်သည်။ သို့သော် ဘာမှမဖြစ်ပေ။

"ဘာဖြစ်တာလဲအမေ"

"ဟုတ်သားပဲသားရဲ့၊ အမေတို့ နေရောင်လိုတယ်လေ"

ထိုသို့ပြောပြီးနောက် သားအမိသုံးယောက် ဂူအပြင်သို့ထွက်ခဲ့ကြသည်။ ဂူအပြင်ထိပ်ဝတွင် နေရောင်ကောင်းစွာရသည်ဖြစ်ရာ ခွန်မှိုင်းက သူ့ညီမလေးကို ထိုနေရောင်အောက်တွင်ထိုင်ခိုင်းလိုက်ပြီးနောက် သရဖူကိုတပ်ပေးလိုက်သည်။ နေရောင်ခြည်အလင်းက ပတ္တမြားကြီးအတွင်းသို့ ကျရောက်ပြီးနောက် သူ့ညီမနဖူးတွင် အနီရောင်အလင်းတန်းလေးတစ်ခုအဖြစ် ရောင်ပြန်ဟပ်နေလေသည်။ ထိုအခါ ပတ္တမြားအတွင်းရှိ ကျောက်ကြီးမှာလဲ ပိုမိုဝင်းလက်လာပြီးနောက် သူ့ညီမလေး၏ ဖြူဆွတ်နေသော ဆံပင်များမှာ အရင်းမှ အဖျားသို့ တဖြည်းဖြည်းပြန်လည်နက်မှောင်ကာ စိုပြေလာလေတော့သည်။ ထို့နောက် မျက်နှာပေါ်ရှိ သွေးကြောများမှာလဲ တဖြည်းဖြည်းသေးငယ်သွားပြီးနောက် နူးညံ့ဖြူဖွေးသည့်မျက်နှာကလေးဖြစ်လာတော့သည်။

ခွန်မှိုင်းတို့သားအမိနှစ်ယောက်လဲ ထိုအဖြစ်ကိုကြည့်ရင်း အံ့သြဝမ်းသာဖြစ်နေမိကြသည်။

"စွမ်းလိုက်တာ၊ အရမ်းစွမ်းတာပဲ"

ထိုစဉ် သူတို့နောက်ကွယ်မှ ယောက်ျားအသံတစ်ခုကြားလိုက်ရ၍ သူတို့သုံးယောက်လဲ အသံကြားရာသို့ လှည့်ကြည့်မိလိုက်သည်။ ထိုအခါ ဦးစက္ကနှင့် တပည့်နှစ်ယောက်ဖြစ်နေလေသည်။

"ခွန်မှိုင်း မင်းငါ့ဆီက ပတ္တမြားကို လုယူသွားတာ ဒီလိုလုပ်ဖို့လား"

"ဟုတ်တယ်၊ ကျုပ်ညီမ ကဝေဖြူရဲ့ မျက်နှာနဲ့အသားအရည်ပျက်စီးနေတာတွေကို ပြန်ပြီးပြုပြင်ဖို့အတွက် လုပ်ခဲ့တာပဲ"

ဦးစက္ကက ပြုံးနေလိုက်သည်။

"ကဲ၊ အဲဒါဆိုလဲ ပြီးခဲ့တာတွေ ပြီးခဲ့ပြီလေ၊ မင်းငါ့ကို အခု ပတ္တမြားကြီးပြန်ပေးပါ၊ ကျန်တာတွေအတွက် မင်းကိုငါ အကုန်သင်ပုန်းချေပေးမယ်"

ခွန်မှိုင်းလဲခေါင်းညိတ်လိုက်ပြီးနောက် သူ့ညီမဘက်သို့လှည့်လိုက်သည်။ ထိုအခါ သူ့အမေဆိုသူက ခွန်မှိုင်းအားတားသည်။

"ဟဲ့၊ သား ဘာလုပ်မလို့လဲ"

"သားတို့ ဒီထက်ပိုပြီး ဒီပတ္တမြားကြီးကို မလိုတော့မဘူးမဟုတ်လား၊ ဦးစက္ကကို ပြန်ပေးလိုက်မလို့"

"ဘာလို့ပြန်ပေးလိုက်ရမှာလဲသားရဲ့၊ အမေတို့ ဒီပတ္တမြားကို လိုအပ်တယ်လေ"

ခွန်မှိုင်းစိတ်ပျက်သွားသည်။

"အမေ . . . သားတို့ပတ္တမြားကိုလိုတာက ညီမလေးကို ကုသပေးဖို့အတွက်ပဲလေအမေရဲ့"

"သားရယ်၊ မင်းနားမလည်ဘူး၊ ဒီပတ္တမြားကြီးကို ရောင်းချလိုက်ရင် အမေတို့ ဒီတစ်သက် အေးအေးဆေးဆေးထိုင်စားလို့ရမှာလေ ငါ့သားရဲ့"

ခွန်မှိုင်းဘာမှမပြောတော့။ ထိုစဉ် ဦးစက္ကက ပြုံးလိုက်သည်။ ခွန်မှိုင်းအမေကလဲ ဦးစက္ကကို လှည့်ကြည့်လိုက်လေသည်။

"ဟား . . ဟား၊ ခင်ဗျားတို့သုံးယောက်ပေါင်းလို့တောင် ကျုပ်ကိုနိုင်ပါ့မလား၊ ဟေ့ ခွန်မှိုင်း မင်းငါ့ကိုနိုင်ပါ့မလား"

"ဟုတ်တယ်အမေ၊ ဦးစက္ကရဲ့ ပညာကိုနိုင်ဖို့က သိပ်မလွယ်ဘူးနော်"

"ဒါဆိုလဲအမေသူတို့နဲ့တိုက်ထားလိုက်မယ်၊ သားက ညီမလေးကိုခေါ်ပြီးတော့ ပြေးတော့ပေါ့၊ ပတ္တမြားကိုရောင်းချပြီး သားတို့နှစ်ယောက် ချမ်းချမ်းသာသာနဲ့နေကြပေါ့"

အပိုင်း(၃)တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..