
အခန်း၁။
ညနေခင်းလေးတခု၏ရာသီဥတုက ကြည်လင်သာယာလို့နေပါ၏။အင်းရေပြင်၏ ကန်စောင်းတခုတွင် ပန်းချီဆရာတယောက်သည် ဒေါက်တိုင်ပေါ်ရှိ ဘောင်ကြပ်ထားသော ကင်းဘတ်စကို အရောင်သွင်း ဆေးခြယ်နေသည်။ သူသည် သူ့အနုပညာ၌ စိတ်နှစ်ထားဟန်တူ၏။ ဝန်းကျင်ကို မေ့လျော့နေလေ၏။သို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။ နေရောင် ကွယ်လုနီးနီး အချိန်သို့ ရောက်လာခဲ့လေ၏။
ပန်းချီဆရာ၏ လက်နှစ်ဖက်ထဲတွင် ဆေးအရောင်မျိုးစုံပါသော ဆေးခွက်နှင့် စုပ်တံကို ကိုင်ထား၏။ ကင်းဘတ်စပေါ်သို့ သူနှစ်လိုသော ဆေးစက်များဖြင့် ပန်းချီကားကို လက်စလက်နသတ်ရန်အတွက် အပြီးသတ် ခြယ်မှုန်းနေရှာ၏။
သူ၏ စိတ်နှလုံးသည် ပန်းချီကားအပေါ်ကို လုံးဝ နစ်မြောစီးဝင်နေသည့်ဟန် ရှိလေသည်။
အဘယ်ကြောင့် ဤစကားကို ထပ်တလဲလဲ ဆိုရသော် ... သူ့နောက်ကျောဘက် ကပ်လျက်၌ ငယ်ရွယ်ချောမောသော မိန်းမပျိုတယောက်က ကြာမြင့်စွာ ရပ်နေသည်ကိုပင် သတိမထားမိလေသောကြောင့် ဖြစ်သည်။
မိန်းမချောလေး၏ မျက်နှာမှာ ရွှင်လန်းတက်ကြွမှု တစုံတရာမရှိ။ ခပ်တွေတွေ ခပ်ငေးငေးသာ ရှိလေ၏။ သို့သော် ပန်းချီဆရာ၏ လက်ရာကောင်းဖြစ်သော ပန်းချီကားကိုတော့ 'သူမ'သည် မမှိတ်မသုန် စိုက်ကြည့်နေရှာပါသည်။
ပန်းချီကားမှာ အင်းနှင့် ကမ်းစပ်က မြက်ခင်းစိမ်းစိမ်းကို ရေးဆွဲထားခြင်း ဖြစ်ပြီး ပန်းချီကားထဲက လှိုင်းကြပ်ခွပ်လေးမျာ က လူးလွန့်နေသယောင်ယောင်၊ မြက်ပင်စိမ်းစိမ်းတွေကလည်း လေယူရာ ယိမ်းနွဲ့နေကြသယောင်ယောင် သက်ဝင်လှုပ်ရှားလှပေ၏။ လက်ရာမြောက်လှပေ၏။
မိန်းမချောလေးသည်ပန်းချီဆရာ၏ နောက်ကျောဘက်အနီးသို့ လိုအပ်သည်ထက် ပိုမို တိုးကပ်သွားပြီး နုတ်ခမ်း လှုပ်ရုံမျှ အသံထွက် ပြောဆိုလိုက်သည်။
" လူတယောက်ရဲ့ စိတ်ပြတင်းပေါက်ကိုရော အခုလိုပဲ သက်ဝင်လှုပ်ရှားအောင် ရှင် ရေးဆွဲနိုင်ပါ့မလား ... "
ပန်းချီဆရာသည် ထိုအခါမှ သူ့အနီး၌ လူတယောက် ရှိသည်ကို ခံစားမိသွားဟန်တူ၏။ အနောက်သို့ လှည့်ကြည့်လိုက်သည်။
ဟင်!
ပန်းချီဆရာသည် သူနှင့် အလွန်နီးကပ်စွာ ရှိနေသော မိန်းမချောလေးကို မြင်တွေ့သွားပြီး ၊ အံဩသွားဟန်တူသည်။ ပြီးတော့ သူမ၏ စကားများက သူ့အား စိတ်အနှောက်အယှက် ဖြစ်သွားဟန်ဖြင့် မိန်းမချောလေး၏ မျက်လုံးများကို ဆုံအောင် တမင်စိုက်ကြည့်လိုက်ပြီးနောက် ...
" မင်းက ဘယ်သူလဲ! ဘာလို့ ငါ့ကို ဒီလို မေးခွန်းထုတ်ရတာလဲ ! မင်းရဲ့ မေးခွန်းက ငါ့အနုပညာမာနကို ထိခိုက်စေတယ်ဆိုတာ မင်း သဘောပေါက်ရဲ့လား "
ပန်းချီဆရာ၏ ဒေါသံ ထွက် နေသော စကားလုံးများက မိန်းမချောလေး၏ မျက်နှာပေါ်မှာ တစုံတရာ အပြောင်းအလဲ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်း မရှိချေ။ မိန်းမချောလေးက သူမ၏ မှုန်မှိုင်းမှိုင်း မျက်လုံးများကို အင်းရေပြင်ဘက်သို့ အကြည့်ရွေ့လျားလိုက်ပြီး ...
" ရှင်သာ ဆွဲနိုင်ရင် သိပ်ကောင်းမှာပဲ "
ထိုသို့ပြောပြီး မိန်းမချောလေးသည် ပန်းချီဆရာ၏ ဘေးတဖက်သို့ ခြေလှမ်း ၃လှမ်းမျှ ရွေ့လှမ်းသွားလေ၏။
ပန်းချီဆရာမှာ ခပ်စောစောက သူ့ဒေါသကို မေ့လျော့သွားပြီး၊အင်မတန် တည်ငြိမ်လှသော မိန်းမချောလေးအား စိတ်ဝင်စားသွား၏။ ခပ်ပြေပြေရှိသော မိန်းကချောလေး၏ မျက်နှာ တစောင်းကို စိုက်ကြည့်လျက် ဤသို့ ခနိုးခနဲ့ ဆိုလိုက်လေ၏။.
" ငါက ဘယ်သူ့ရဲ့ စိတ်ပြတင်းပေါက်ကို ရေးဆွဲရမှာလဲ၊ တကယ်လို့များ မင်းရဲ့ စိတ်ပြတင်းပေါက်ဆိုရင်တော့ အတော်ကို ဝမ်းနည်းစရာ ကောင်းလိမ့်မယ်ထင်တယ် ... "
မိန်းမချောလေးက ကန်ရေပြင်ကို ငေးမောနေရာမှ ဆတ်ခနဲ ပန်းချီဆရာဘက်သို့ လှည့်လိုက်သည်။သူမ ကျေနပ်သွားဟန်လည်း ရှိ၏။ ပြီးလျှင် ပန်းချီဆရာအား တည့်တည့်စိုက်ကြည့်လျှက် ...
" ရှင်ဟာ အင်မတန်တော်တဲ့ ပန်းချီဆရာဆိုတာ ကျွန်မ လက်ခံလိုက်ပါပြီ။ လူတယောက်ရဲ့ မျက်လုံးတွေကို အခုလို တခဏ စိုက်ကြည့်ရုံနဲ့ ... အဲ့ဒီလူရဲ့ အတွင်းစိတ်နှလုံးသားကို ခန့်မှန်းနိုင်စွမ်းတယ်ဆိုတာ တော်ရုံ လူ မဖြစ်နိုင်ဘူးမဟုတ်လား ၊ကဲပါရှင် ... ကျွန်မ ရှင့်ကို အားကိုးပါတယ်။ ကျွန်မရဲ့ စိတ်ပြတင်းပေါက်ကို ရှင် ရေးဆွဲပေးပါလား "
ပန်းချီဆရာသည် ခေါင်းကို ညင်သာစွာ ခါရမ်းရင်း မိန်းမချောလေးအား ကျောခိုင်း၍ သူ၏ ဆေးခွက်နှင့် စုတ်တံများကို ဆေးကြော သိမ်းဆည်း လိုက်သည်။ ထိုသို့ သိမ်းဆည်းနေရင်းမှ ...
" မဟုတ်ဘူးကွဲ့ ၊ မင်း ပြောခဲ့သလို ငါ့မှာ မင်းရဲ့ စိတ်ကို ပြည်စုံစွာ ဖတ်ဖို့ အရည်အချင်း မပြည့်မှီပါဘူး။အချိန်တိုတွင်းမှာ ငါ့ကို မင်း အထင်ကြီးနေမိတာဆိုရင် အမှားကြီး မှားလိမ့်မယ်ကွယ်။ ငါဟာ သူများ စိတ်ကို မဖတ်တတ်ပါဘူး "
ထိုအခါ အရယ်အပြုံး ကင်းမဲ့သော မိန်းမချောလေးသည် ပန်းချီဆရာ ရေးဆွဲထားသော အင်းရေပြင်နှင့် ကမ်းစပ်မြက်ခင်း ပန်းချီကားအနီးသို့ လျှောက်သွားပြီး ...
" မှန်ပါတယ် ရှင်ပြောသလိုပါပဲ။တချိန်တုန်းက ကျွန်မ ထင်တလုံးနဲ့ လူတယောက်အပေါ် ကျွန်မဘဝအတွက် အကောင်းဆုံးလူတယောက်ဖြစ်လိမ့်မယ်လို့ ဆုံးဖြတ်ခဲ့မိတာ အမှားကြီး မှားခဲ့ပြီးပါပြီရှင် ၊ လူတယောက်ကို အထင်ကြီးခဲ့မိလို့ ကျွန်မ ဘဝမှာ ဝမ်းနည်းစရာတွေ အများကြီး ကြုံတွေ့ခဲ့ပြီးပါပြီ။ ဒီထက်ပိုပြီး စိတ်ဒုက္ခရောက်စရာ မရှိတော့ပါဘူး။
အခုဟာက ကျွန်မ အထင်နဲ့ပြောနေတာမဟုတ်သလို ၊ ရှင့်ကိုလဲ အထင်ကြီးတာ မဟုတ်ပါဘူး ... "
ထိုသို့ပြောပြီးနောက် မိန်းမချောလေးသည် ပန်းချီကားကို လက်ညှိုး ညွှန်လိုက်ပြီး ...
" ကြည့်ပါအုံး ... ကန်ရေပြင်က လှိုင်းကြက်ခွပ်လေးတွေ ... လှပစွာ လူးလွန့်နေတာများ ။
ရှင် ... ဒါကို အမိအရ ရေးဆွဲထားသလို ၊ အဲ့ဒါနဲ့ လိုက်ဖက်စွာပဲ ကမ်းစပ်က မြက်ရိုင်းရှည်လေးတွေကို လေယူရာဘက်ကို မှန်ကန်စွာ ယိမ်းထားတယ်။
ရှင် ဒီပန်းချီ ရေးဆွဲတဲ့အခါ သတိ တချက်မှ လွတ်မသွားခဲ့ဘူး။ ကျလုလု နေရောင်ကိုလဲ အရိပ်နဲ့ ရှင် ဖမ်းယူထားနိုင်ခဲ့တယ်။
ဒီလို ပြီးပြည့်စုံတဲ့ ပန်းချီကားတချပ်ကို ဖန်တီးနိုင်စွမ်းတဲ့ ပန်းချီဆရာဟာ ကျွန်မရဲ့ စိတ်ပြတင်းပေါက်ကိုလဲ ဖမ်းယူ ရေးဆွဲနိုင်မှာလို့ ကျွန်မ ယုံကြည်တယ်လေ၊ ရှင်ဟာ သိပ်တော်တဲ့ ပန်းချီဆရာတယောက်ပါ။ ကျွန်မရဲ့ စိတ်ပြတင်းပေါက်ကိုသာ ရှင် ရေးဆွဲပေးမယ်ဆိုရင် အဖိုးအခ ဘယ်လောက်ပဲ ပေးရပေးရ ကျွန်မ ပေးနိုင်ပါတယ်။ ကျွန်မကို ကူညီတယ်လို့ သဘောထားပြီး ရေးဆွဲပေးပါလို့ မေတ္တာရပ်ခံပါရစေ "
ပန်းချီဆရာသည် သူ ရေးဆွဲထားသော ပန်းချီကားအား ကောင်းမွန်စွာ ဝေဘန်ချီးကျုးနေသည့် မိန်းမချောလေးကို အံဩဟန်ဖြင့် ကြည့်လိုက်သည်။ ပြီးတော့ ခုဏကလိုပဲ ခေါင်းကို ငြင်သာစွာ ခါရမ်းလိုက်ပြီးနောက် ...
" ငါဟာ မင်း ထင်ထားသလို နာမည်ကြီး ပန်းချီဆရာတယောက် မဟုတ်ပါဘူး မိန်းကလေးရယ်။ငါဟာ သာမန်လူတယောက်ပါ၊ ပန်းချီကို ဝါသနာအရ မိုက်မဲစွာ ရူးသွပ်သူ တယောက်ပါ။ မင်း လိုချင်တဲ့ ပုံကို တခြား နာမည်ကြီး ပန်းချီဆရာ တယောက်ဆီမှာ သွားအပ်ပါလား ။ ငါ ရေးဆွဲမပေးနိုင်တာကို ခွင့်လွှတ်ပါကွယ် "
ပန်းချီဆရာသည် အစောကလို ဒေါသသံ မပါတော့ဘဲ၊ လေသံ ခပ်အေးအေးနှင့် မိန်းမချောလေး၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။
မိန်းမချောလေးထံမှ သက်ပြင်းချသံ မျှင်းမျှင်းကြားရသည်။ ပန်းချီဆရာနှင့် မိန်းမချောလေးတို့အကြား စကားသံတို့ တိတ်ဆိတ်သွားပြန်၏။
မှောင်တော့မည်မို့ ပန်းချီဆရာသည် သူ့ပစ္စည်းတွေကို သိမ်းဆည်းနေလိုက်သည်။ မိန်းမချောလေးသည် ပန်းချီဆရာ လုပ်သမျှကို တမေ့တမော ကြည့်နေပြန်၏။
ပန်းချီဆရာသည် ပစ္စည်းများကို သိမ်းဆည်းပြီးပြီ ဖြစ်၏။ သူသည် မိန်းမချောလေးအား နုတ်မဆက်ဘဲ နေရာမှ ထွက်ခွါတော့မည် ဖြစ်သည်။
မိန်းမချောလေးသည် ထိုအချင်းအရာကို ရိပ်စားမိဟန်တူ၏ ။ ထွက်ခွါတော့မည့် ပန်းချီဆရာ၏ အရှေ့တည့်တည့်မှ ပိတ်ရပ်လိုက်ပြီး အင်မတန် နုညံ့ပျော့ညှင်းသော လေသံဖြင့် ...
" ဆရာ ... "
ပန်းချီဆရာ၏ တကိုယ်လုံးသည် ဓာတ်လိုက်သကဲ့သို့ တုန်ရင်သွား၏။ မိန်းမချောလေး၏ 'ဆရာ'ဟူသောတိုးသွဲ့သွဲ့ ခေါ်သံလေးသည် သူတယောက်တည်း ကြားလောက်ရုံမျှသာ တိုးညှင်းသလောက် သူ့ခြေလှမ်းတွေကိုလည်း ချက်ချင်းပင် တုန့်ဆိုင်းသွားစေသည်။
ပန်းချီဆရာသည် ဖမ်းစားခံရသူ တယောက်ပမာ သူ့ရှေ့တည့်တည့် နီးကပ်စွာ ရပ်နေသော မိန်းမချောလေး၏ မျက်လုံးများကို ကြည့်နေမိသည်။ ကော့ရွှန်းပြီး ရှည်လျားသော မျက်တောင်များအောက်က မျက်လုံးများသည် ဝမ်းနည်းနေသော အရိပ်တွေ ပြည့်လျှမ်းနေ၏။ တချက်တချက် လက်ခနဲ တောက်ပသွားသော မျက်ဆံမည်းများတွင် သူမ၏ မာနအကျွင်းအကျန်တို့နှင့် လက်စားချေလိုသော အရိပ်အယောင်များလည်း 'သူမ'တွင် ကျန်ရှိနေသေးကြောင်း သိသာထင်ရှားစေ၏။ ဘာရယ်ကြောင့်မသိ။ပန်းချီဆရာသည် မိန်းမချောလေး၏ မျက်ဝန်းအစုံကို ဓာတ်ပုံရိုက်ယူသကဲ့သို့ ၎င်းစိတ်မှာ စွဲထင်ကျန်ရစ်နေအောင် ကြည့်နေမိသည်။
မိန်းမချောလေးသည် သူ့အား ပန်းချီဆရာ ကြည့်နေသည်ကို ကျေနပ်နေဟန်တူသည်။ သူမ၏ မျက်လုံးများကို ဖယ်ရှားမသွားခဲ့ချေ။ ပန်းချီဆရာသည် မိန်းမချောလေး၏ မျက်လုံးများကို ကြည့်ဝသွားဟန်တူ၏။
ဟူးခနဲ လေပူတချက် မှုတ်လျှက် သူ၏ မျက်လုံးအစုံကို မှိတ်လိုက်မိလေသည်။ မျက်စိနှစ်ဖက်က မှိတ်လိုက်သော်လည်း စက္ခုအာရုံမှာတော့ မိန်းမချောလေး၏ မျက်ဝန်းများက ပေါ်နေမြဲ ဖြစ်သည်။ သေချာပါသည်။ ထိုမျက်ဝန်းများကို သူ သေသည်အထိ စွဲထင်မှတ်ယူသွားလိမ့်မည် ဖြစ်လေ၏။
ဗွမ်း!
ကန်ရေထဲ တစုံတရာ ပြုတ်ကျသွားသော အသံ ထွက်ပေါ်လာ၏။
ပန်းချီဆရာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့ရှေ့တွင် မိန်းမချောလေး မရှိတော့ချေ။ ဟိုဟိုဒီဒီ သူ ရှာဖွေ ကြည့်မိသည်။
မြက်ခင်းစိမ်း အစပ်က ကန်ရေပြင်သည် လှုပ်ရှားလူးလွန့်နေ၏။သို့သော် ရေပြင်ပေါ်၌ တစုံတရာ မမြင်တွေ့ရချေ။
ပန်းချီဆရာသည် တစုံတခုကို တွေးမိလေသလားမသိ။ သူ၏ ဦးခေါင်းကို လေးတွဲ့စွာ ခါရမ်းလိုက်ပြီး ၊ သူ၏ ပန်းချီပစ္စည်းများကို သယ်ဆောင်၍ ကန်ရေပြင်နှင့် အဝေးဆုံးသို့ ထွက်ခွါသွားလေတော့သည်။
____________
အခန်း၂။
( နောက် တနှစ်အကြာ )
သန်းခေါင်ယံ ညဉ့် နက် တခု၌ ကိုမြတ်ထွန်းဦး တယောက် သူ၏ အိမ်ဧည့်ခန်းရှိ ပန်းချီကားချပ် အရှေ့မှာ မတ်မတ်ကြီး ရပ်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲ မသိနိုင်။ အလွန်လက်ရာမြောက်သော မျက်လုံးတလုံးကို ရေးဆွဲထားသည့် ပန်းချီကား ဖြစ်၏။
ဧည့်ခန်း၌ မှိန်ပြပြ အလင်းရောင်သာ ရှိနေသည်မှာ ထိုပန်းချီကားချပ်က ကြည့်ရှု့နေသူကို တမျိုးတဖုံ ဆွဲဆောင် နေသလိုပင်။
အခန်းတခန်း၊ ပန်းချီကားတချပ်နှင့် လူတယောက်ကို ညဉ့် နက် အချိန်မတော်၌ မှိန်ပြပြ အလင်းရောင်နှင့် အခုလို မြင်တွေ့နေရခြင်းက စိတ်ချောက်ချားချင်စဖွယ်။
ပန်းချီကားက ထူးထူးထွေထွေတော့မဟုတ်။ ၂ပေခွဲ ပတ်လည်လောက်ရှိမည့် သစ်သားဘောင်ကြပ်ထားသော ကင်းဘက်စပေါ်တွင် မျက်လုံးတလုံး၏ ပုံကို ရေးဆွဲထားခြင်း ဖြစ်လေ၏။ မျက်နှာတခုလုံးကို ရေးဆွဲထားတာ မဟုတ်ပေမဲ့ အမျိုးသမီးတဦး၏ မျက်လုံးဆိုတာကိုတော့ ကြည့်မြင်ရုံမျှနှင့် သိနိုင်လေ၏။
ရိတ်သိမ်းပြုပြင်ထားခြင်း မရှိသော မျက်ခုံးထူထူလေးတခု၊ ကော့ညွှတ်ရှည်လျားသော မျက်တောင်များအောက်က မျက်ဆံမည်းလေးနှင့် မျက်လုံး ။ သေသေချာချာ ကြည့်ရှု့လျှင် ပန်းချီကားချပ်၌ ရှိသည့် တလုံးတည်းသော ထိုမျက်လုံးသည် အဓိပ္ပါယ်ပေါင်းများစွာ သက်ဝင်လှုပ်ရှားနေသယောင်ပင်။
ပန်းချီဆရာသည် သူ၏ ပန်းချီကားကို နာမည်တခု ပေးထား၏။ သစ်သားဘောင်၌ ဝိုင်းစက်ညီညာသော စာလုံးသေးလေးများဖြင့် ရေးထားသည်မှာ " စိတ်ရဲ့ပြတင်းပေါက်"ဟူ၏။
ပန်းချီကားထဲက မိန်းကလေး၏ မျက်လုံးသည် သူမ၏ အတွင်းစိတ်သဏ္ဍာန်ကို လှစ်ဟာပြနေသည်။ ထိုစိတ်သဏ္ဍာန်ကို ပန်းချီဆရာသည် သူ၏ ပန်းချီကားချပ်ပေါ်သို့ အမိအရ ဖမ်းယူ ရေးဆွဲထားဟန်တူလေ၏။အတော်ပင် လက်ရာမြောက်လေ၏။
ကိုမြတ်ထွန်းဦးသည် ပန်းချီကားကို ကြည့်ရင်း ဝမ်းနည်းလာ၏။ ရင်ထဲ ဆို့ကြပ်လာသလို ခံစားနေရသည်။ ကြည့်ရင်း ကြည့်ရင်းနှင့် မျက်လုံးအိမ်မှ မျက်ရည်ပူများက ထိန်းမရသိမ်းမနိုင် တဖြည့်ဖြည်း လိမ့်ဆင်းကျလာ၏။
ယောက်ကျားရင့်မာကြီး ဖြစ်သော ကိုမြတ်ထွန်းဦးသည် ခြေများ ညွှတ်ခွေလျက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် အနေအထား ပြိုဆင်းသွားသည်။ပြီးနောက် သူသည် အားပါးတရ ရှိုက်၍ ရှိုက်၍ ငိုချလိုက်လေတော့သည်။
သူသည် ယခုကဲ့သို့ ညဉ့် နက်ချိန် ရောက်တိုင်း ပန်းချီကားအရှေ့၌ ငိုယိုနေသည်မှာ ထိုတရက်တည်း မဟုတ်ချေ။
ပန်းချီကားကို ဝယ်ယူပြီး ရက်တပတ်ခန့်အကြာမှာ ထိုသို့ စတင် ဖြစ်ပျက်နေခြင်း ဖြစ်၏။ ယခုဆိုလျှင် တလခန့်ရှိပြီ ဖြစ်၏။
ယင်းပန်းချီကားချပ်သည် လက်ဆောင် ရထားခြင်းမဟုတ်။ ကိုမြတ်ထွန်းဦး ကိုယ်တိုင် လွန်ခဲသော တလကျော်ခန့်က ဝယ်ယူခဲခြင်း ဖြစ်သည်။မှတ်မှတ်ရရဆိုရလျင် မိုးသည်းထန်စွာ ရွာသော နေ့တနေ့၌ ပန်းချီပြခန်းတခုမှာ မိုးခိုခဲ့ရာမှ ဤပန်းချီကားကို ကြည့်ရှု့မိပြီး အလွန်နှစ်သက်၍ တန်ဖိုးပေးချေ ဝယ်ယူလာခဲ့ခြင်း ဖြစ်လေ၏။
ထို့နေ့က မိုးတွေ အလွန်သည်းစွာ ရွာခဲ့ပြီး၊ ရေဆိုးမြောင်းတွေ ပိတ်၍ ကားလမ်းတွေ ရေကြီး ရေလျှံ ဖြစ်ခဲ့သည်မဟုတ်လား။ ပြန်ပြောင်းဆိုရသော် ...
__________
အခန်း၃။
ရွာလိုက်တဲ့မိုး။ ကားလမ်းမပေါ်တောင် ဒူးဆစ်လောက်နီးနီး ရေများက ဖုံးလွှမ်းလို့နေ၏။
ကားရေသုတ်တံက ရှေ့မှန်ပြင်ကို တဒေါက်ဒေါက်နဲ့ ရိုက်ခတ်နေပေမယ့်၊ သည်းထန်စွာ ရွာသွန်းဖြိုးနေသော မိုးရေကြောင့် မှန်ပြင်သည် မှုန်မှိုင်းမှိုင်း ဖြစ်လို့နေ၏။
လမ်းပေါ်မှာလည်း အရပ်နိမ့်သော ကားတချို့မှာ အင်ဂျင်ကို လမ်းပေါ်တင်နေသည့် ရေထိသဖြင့် စက်ချို့ယွင်းကာ ရပ်တန့်ကုန်ကြသည်။
ကိုမြတ်ထွန်းဦးသည် ကားကို အနည်းငယ်မြင့်သော၊ မိုးရေလွတ်ရာ လမ်းပေါ်မှာ ရပ်တန့်၍ ခေတ္တ မိုးခိုရန် ဆုံးဖြတ်လိုက်သည်။ ရှေ့ဆက်မောင်းလျှင် သူ့အတွက် သို့မဟုတ် ကားအတွက် အန္တရာယ်တစုံတခုက အချိန်မရွေး ဖြစ်သွားနိုင်သည်မဟုတ်လား။
သူ ကားရပ်မည့်နေရာနှင့် အနီးအနား ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရန်အတွက် ရည်ရွယ် ဆောက်လုပ်ထားသော ၁၅ပေ မျက်နှာဖွင့် အထပ်နှစ်ထပ်ပါသော ဆိုင်ခန်း ၆ခန်းတွဲ ရှိသော တဆက်တည်း အဆောက်အဦးရှည်ကြီးကို တွေ့လိုက်ရလေ၏။ မြေညီထပ်မှာ ဆိုင်ခန်းဖွင့်၍ အပေါ်ထပ်မှာ လူနေရန် ဆောက်လုပ်ထားခြင်း ဖြစ်မည်။
ဆိုင်ခန်း ၄ခန်းမှာ တံခါးများ ပိတ်လျှက်သား ရှိပြီး ယာဘက်မှ စရေတွက်လျှင် ၃ခန်းမြောက် နှင့် ၄ခန်းမြောက် ဆိုင်တို့သာ ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။
တဆိုင်မှာ ပန်းချီအရောင်းပြခန်းဖြစ်ပြီး၊ ကျန်တဆိုင်မှာ ကလေးကစားစရာ အရုပ်များ ရောင်းချသည့်ဆိုင် ဖြစ်လေ၏။
ကိုမြတ်ထွန်းဦးသည် ပန်းချီကားဝယ်ယူရန် ရည်ရွယ်ချက်မရှိဘဲ၊ ထိုပန်းချီအရောင်းပြခန်းလေး အရှေ့က ကားရပ်နားသည့်နေရာတွင် သူ၏ ကားကို ရပ်တန့်လိုက်သည်။
ထို့နောက် ပန်းချီပြခန်းအတွင်းသို့ ခပ်သုတ်သုတ် ပြေးဝင်သွားသည်။ ပန်းချီပြခန်းအတွင်း၌ လျှပ်စစ် မီးရောင်များက လင်းချင်းနေ၏။ နံရံများတွင် ပန်းချီကားများကို စီစီရီရီ ချိတ်ဆွဲထား၏။
အခန်းတွင်းသို့ ရောက်လေမှ၊ ပြခန်းသည် ထင်ထားထက် ရှည်လျားပြီး ကျယ်ဝန်းနေမှန်း သူ သိလိုက်ရ၏။
ပန်းချီကားများမှာ စီစီရီရီ ချိတ်ဆွဲထားသည်ဆိုရာ၌ ၊ တကားနှင့် တကားမှာ အတန်ငယ် ခြားထား၏။ သူ ကြည့်ရင်းနှင့် ပြခန်း၏ အနောက်ဘက်စွန်း ထောင့်သို့ ရောက်ရှိသွားခဲ့သည်။
နံရံတွင် နောက်ဆုံးသော ပန်းချီကား တချပ် ရှိ၏။ သူ ထိုပန်းချီကား အရှေ့ရောက်သည့်အခါ အခန်းတွင်း အပူချိန်သည် ရုတ်တရက် ကျဆင်းသွားဟန်တူ၏။ စိမ့်အေး သွားသည်။
ရုတ်တရက်ကြီး ထိုသို့ အေးစိမ့်သွားခြင်းကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ မွှေးညင်းကလေးများမှာ ကြက်သီးမွှေးညင်းပင် ထောင်ထသွားကြလေ၏။ သူ့ မျက်လုံး အကြည့်တွေက နံရံရှိ ပန်းချီကားပေါ်တွင် တရစ်ဝဲဝဲ ရှိနေကြသည်။
ခန္ဓာကိုယ်က ကြိုးဖြင့် တုပ်နှောင်ခံရသူပမာ၊ ထိုပန်းချီကား အရှေ့၌ သူ ခြေတဖဝါးမှ နေရာမရွေ့တော့ပေ။ သူ ကြည့်နေသည့် ပန်းချီကားက မျက်လုံး တလုံးကို အသေးစိပ် ခြယ်မှုန်းထားသော ပန်းချီလက်ရာကောင်းတခု ဖြစ်၏။
လွန်စွာ အသက်ဝင်သော ပန်းချီ မျက်လုံးသည် သူ့အား စူးစူးစိုက်စိုက် ကြည့်နေသည်ဟုပင် ခံစားနေရ၏။
ပန်းချီကားအမည်မှာ စိတ်ရဲ့ပြတင်းပေါက် ဟူ၏။
ပန်းချီဆရာသည် သူပြောလိုသော စကားလုံးပေါင်းများစွာကို ထိုပန်းချီမျက်လုံးဖြင့် ဋီကာချဲ့ ရင်ဖွင့်ချပြထားလေ၏။
ကိုမြတ်ထွန်းဦးသည် ပန်းချီကားထဲက မျက်လုံးကို ကြည့်၍ စိတ်ခံစားမှု အမျိုးမျိုး ဆင့်ကဲ ဖြစ်ပေါ်လျက် ရှိလေ၏။ ဝမ်းနည်းခြင်းကို ခံစားရသည့်အခါ ရင်တွင်းက စစ်ခနဲ နာကျင်သွား၏။ တဖန် မျက်လုံးပန်းချီက သူ့အား စိတ်တက်ကြွစေသည့်အခါ လက်သီးကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိပြန်၏။
တဖန် ပန်းချီမျက်လုံးက ကြည်နူးယောင်ပြ၍ သူ့အား ဝမ်းသာရွှင်မြူးစေပြန်၏။ ထိုအခါ သူ ဟက်ဟက်ပက်ပက်ပင် ပြုံးရွှင်သွား၏။ အသံထွက်၍ ရယ်မောစေသည်အထိပင်။
သို့သော် ခဏပင်ဖြစ်၏။ သူ စိတ်ကို ချုပ်တည်း၍ အရယ်ရပ်လိုက်သည်။ သူ ရယ်တာ တယောက်ယောက်က မြင်သွားသလားဆိုသည့်ဟန်နှင့် ဝန်းကျင်ကို အကဲခတ်လိုက်သေးသည်။ သို့သော် ပန်းချီပြခန်းအတွင်းတွင် သူ တယောက်တည်းသာ။ ယုတ်စွအဆုံး အရောင်းစာရေးကိုပင် မတွေ့မြင်ရသေးချေ။ သူ ကြည့်နေစဥ်မှာပင် ...
" ကျွီ ... "
ပြခန်း၏ အနောက်ဖက်တံခါး ပွင့်သွားပြီး၊ အသက်၃၀ကျော် ပိန်ပိန်ပါးပါး ယောက်ကျားတဦး ထွက်လာ၏။
ထိုလူက သူ့ကို မြင်သွား၏။ သူ့ထံ တည့်တည့် လျှောက်လာပြီး မိတ်ဆက်စကား ဆိုလေ၏။
" မင်္ဂလာပါခင်မျာ။ ကျွန်တော်က ဒီပန်းချီပြခန်းရဲ့ အရောင်းတာဝန်ခံ ကိုခင်မောင်စိုးပါ "
ထိုလူက အနောက်တိုင်းဟန်ပါပါ သူ့ထံ လက်တဖက်ကမ်းလာ၏။ သူလည်း ယောင်နနဖြင့် ကမ်းပေးသည့် လက်ကို ဆုပ်ကိုင်လိုက်၏။
အိုး ... ဒီလူ နေမှကောင်းရဲ့လား။ သူ့လက်က ရေခဲတုန်းလို အေးစက်လို့ပါလား
ကိုမြတ်ထွန်းဦးက ထိုသို့ တွေးလိုက်မိရာ ထိုလူသည် သူ့အတွေးကို သိရှိနေသည့်အလား ...
" Sorry ဗျာ ၊ ကျွန်တော် မိုးရေထဲက ပြန်လာခဲ့လို့ပါ ။ အဆောက်အဦးက အသစ်ဆိုပေမဲ့ ဆိုင်ခန်းရဲ့ အနောက်က မိုးမလုံတော့ မိုးရေထဲ အပေါ်တက်ပြီး မိုးကာစ အုပ်နေရလို့ပါ "
ဟုတ်ဟန်တူ၏။ သူ့ခေါင်းပေါ်က ဆံပင်တွေကလည်း အစိုဓာတ် မပြယ်သေး။ ပြီးတော့ အဝတ်စားတွေကလည်း လဲပြီးခါစနှင့်တူနေလေ၏။မိုးရေထဲ အတော်ကြာအောင် အလုပ်ရှုပ်နေခဲ့ပုံရသည်။ထို့ကြောင့် သူ့လက်တွေက အေးစက်နေခြင်းသာ ဖြစ်လိမ့်မည်။ အသေအချာ ကြည့်လျှင် မျက်နှာပေါ်၌ ရေမှုန်ကလေးများ ကပ်နေသည်ကို တွေ့ရမည်ဖြစ်၏။
ကိုမြတ်ထွန်းဦးက ခေါင်းငြိမ့်ပြလိုက်ပြီး ၊
" ခင်များ အအေးမိနေအုံးမယ်၊ ကော်ဖီပူပူလေး တခွက်လောက် သောက်လိုက်ပါလား "
ကိုမြတ်ထွန်းဦးက သူ့အပေါ်ကို ဂရုတစိုက် ပြောပေးနေ၍ ထိုလူကကျေးဇူးတင်ဟန်ဖြင့် ...
" ရပါတယ် ၊ ကျနော်က ဒီလိုပဲ ရေထဲမှာ အအေးခံနေကြပါ ၊ ဒီမိုးက ကျွန်တော့ကို ဖျားနာအောင် မလုပ်နိုင်ပါဘူး ။ မိတ်ဆွေရော ကော်ဖီ သောက်အုံးမလား ၊ ကျွန်တော် သွားဖျော်လိုက်မယ်လေ "
ကိုမြတ်ထွန်းဦးက အားနာစွာ ငြင်းဆိုလိုက်ပါ၏။
" ဟာ နေပါစေ။ ကျွန်တော် မိုးတိတ်ရင် ပြန်တော့မှာပါ ... "
ပြီးတော့ ကိုမြတ်ထွန်းဦးက သူလည်း ပြန်မိတ်ဆက်ရမည်ကို သတိရသွားပြီး ...
" ကျွန်တော် မြတ်ထွန်းဦးပါ။ မြို့ထဲက ဈေးမှာ ရွှေဆိုင် တဆိုင် ဖွင့်ထားပါတယ်။ အမှန်ပြောရရင် ပန်းချီကို စိတ်ဝင်စားလွန်းလို့ ဝင်လာတာမဟုတ်ပါဘူး။ မိုးက တအားရွာနေတော့ လမ်းပေါ်မှာလဲ ရေလျှံ၊ ဝိုက်ဘာကလဲ ကားရှေ့မှန်က ရေကို ကောင်းကောင် မသုတ်နိုင်တော့ ခဏ မိုးခိုအုံးမယ်ဆိုပြီး ခင်များရဲ့ ပန်းချီပြခန်းလေးထဲ ဝင်လာခဲ့တယ်ဆိုပါစို့ ဗျာ... "
" ဟာ ရပါတယ်ဗျ ၊ ပန်းချီကား မဝယ်လဲ ကိုမြတ်ထွန်းဦး စိတ်တိုင်းကျ နားခိုနိုင်ပါတယ် ။ မိုးတိတ်တော့မှ ပြန်ပေါ့ဗျာ "
ထိုသို့ပြောပြီး ပြခန်းတာဝန်ခံ ကိုခင်မောင်စိုးက ကိုမြတ်ထွန်းဦး ကြည့်နေတဲ့ ပန်းချီကားအား လက်ညှိုးထိုးပြလိုက်ပြီး ...
" ဒီပန်းချီကားကို ခင်များ ကြည့်ပြီးပြီလား ကိုမြတ်ထွန်းဦး "
ကိုမြတ်ထွန်းဦးက ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက်ပြီး ...
" ဟုတ်ကဲ့ ကြည့်ပြီးပြီဗျ ၊ ဒါပေမဲ့ ကြည့်မဝသလိုပဲ ၊ ထပ်တလဲလဲ ကြည့်ချင်နေမိတယ် ။ ပန်းချီပညာရပ်ကို နားမလည်တော့ ဘယ်လို ပြောရမလဲ မသိဘူး ။ ပန်းချီကားထဲက မျက်လုံးက အတော်လက်ရာမြောက်တယ်ဆိုတာကိုတော့ ပြောနိုင်တယ်။ နာမည်ကြီး ပန်းချီဆရာတယောက် ရေးဆွဲထားတာ ဖြစ်လိမ့်မယ်ထင်တယ် "
ဒီတခါ ကိုခင်မောင်စိုးက ခေါင်းကို လေးတွဲ့စွာ ခါရမ်းလိုက်ပြီးနောက်
" ပန်းချီဆရာက အညတရ တယောက်ပါ ။ ပန်းချီ အဝန်းအဝိုင်းက လူတွေကတော့ ဝါသနာရှင် အဆင့်လောက်လို့ပဲ သတ်မှတ်ခဲ့ကြတယ်။
ဒါပေမဲ့ အဲ့ဒီပန်းချီဆရာက သေပြီးမှ နာမည်ရလာတယ် ပြောရမယ်။သူကွယ်လွန်ပြီးမှပဲ သူ့ပန်းချီကားတွေက အတော်လေး ဈေးပေးပြီး အဝယ်လိုက်လာကြတယ်လေ ... "
ပန်းချီဆရာခမျာမှာ ကွယ်လွန်သွားပြီဟု ကြားသိလိုက်ရတဲ့အခါ ကိုမြတ်ထွန်းဦးက စိတ်မကောင်းဟန်ဖြင့် ...
" အဲသလိုလား ... စိတ်မကောင်းစရာဗျာ ၊ နေပါအုံးဗျ ... ပန်းချီဆရာက အသက်ကြီးပြီလား။ ဘာရောဂါနဲ့ ဆုံးပါးသွားလဲ "
ပန်းချီပြခန်းတာဝန်ခံ ကိုခင်မောင်စိုးက သက်ပြင်းချလိုက်ပြီး ...
" ပန်းချီဆရာက ကျွန်တော်နဲ့ဆို ရွယ်တူလောက်ပါပဲ ။ အသက် မကြီးသေးပါဘူး။
သူ သေတာ ရောဂါကြောင့်မဟုတ်ဘူး။ နည်းနည်းတော့ ထူးဆန်းတယ်ဗျ။
သူ ပန်းချီ သွားဆွဲတတ်တဲ့ အင်းရေပြင်မှာပဲ ရေနစ်သေတာ။ အလောင်းက ရေပေါ် ပေါ်လာမှ ၊ သူ ရေနစ်သေတာကို လူတွေ သိခဲ့ကြတယ်။
မတော်တဆလား ၊ သူ့ကိုယ်သူ တမင်သက်သက် ရေထဲ ခုန်ချ သေသွားသလားဆိုတာကိုတော့ အခုထိ ဘယ်သူကမှ အဖြေမထုတ်နိုင်ကြဘူး။ ပြီးတော့ သူက အညတရပန်းချီဆရာ တယောက်ဆိုတော့ ဘယ်သူကမှလဲ သူ့ကို စိတ် မဝင်စားကြဘူးလေ "
ကိုမြတ်ထွန်းဦး ခေါင်းတငြိမ့်ငြိမ့်နှင့် စဉ်းစား မိလိုက်သည်။ အနုပညာရှင်တချို့သည် ဤသို့ ထူးဆန်းသော ဘဝဇာတ်သိမ်း ရှိတတ်ကြသည်မဟုတ်လား။
သူ ပန်းချီကားကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ တချိန်မှာ ဒီလို ပန်းချီကားမျိုးက ဈေးကောင်းရတတ်သည်။ ထို့ကြောင့် ပြခန်းတာဝန်ခံကို ...
" ကျွန်တော် ဒီပန်းချီကားကို ဝယ်မယ် ကိုခင်မောင်စိုး ။ ဈေးနှုန်းလေးသာ တချက်ပြောပေးနော် "
ကိုခင်မောင်စိုး၏ မျက်နှာပေါ်၌ အလွန်လျှို့ဝှက်လှသော အပြုံးတခု လှစ်ခနဲ ပြုံးလိုက်သည်ကို ကိုမြတ်ထွန်းဦး တယောက် သတိမထားမိလိုက်ချေ။ လက်ကိုင်အိတ်ကို ဖွင့်၍ သူ့လိပ်စာကဒ်ကို ထုတ်ယူနေသောကြောင့် ဖြစ်သည်။
ပန်းချီကား အရောင်းအဝယ်တည့်သွား၏။ ကိုခင်မောင်စိုးက ပန်းချီကားကို ကျနစွာ ထုပ်ပိုးပေးလိုက်သည်။ မိုးကလည်း တိတ်သွားပြီ ဖြစ်၏။ ပန်းချီကားကို လက်ဖက်ကို ပိုက်၍ ဆိုင်ခန်းထဲက ထွက်ခွါသွားသော ကိုမြတ်ထွန်းဦး၏ နောက်ကျောကို ပန်းချီပြခန်းတာဝန်ခံ ကိုခင်မောင်စိုးသည် မမှိတ်မသုန် ငေးကြည့်နေရစ်ခဲ့သည်မှာ သာမန် ဈေးရောင်းသူတယောက်၏ အကြည့်မျိုးတော့ မဟုတ်ချေ။
ကိုမြတ်ထွန်း ဦး ၏ ကား ထွက်သွားတော့ ထိုလူသည် သူ၏ ဦးခေါင်းကို ခါရမ်းလိုက်သည်။ သူ၏ ဆံပင်များမှ ရေစက်များက လွင့်စင်ယိုစီး ကျလာ၏။ ပြီးနောက် သူသည် ပြခန်း၏ အနောက်ဖက်တံခါးကို တွန်းဖွင့်၍ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ပြခန်း၏ ကြမ်းပြင်၌ ထိုလူ၏ ရေစက်လက်များ နေရာအနှံ့ ကျန်နေရစ်ခဲ့လေ၏။
ထို့အတူပင် ကိုမြတ်ထွန်းဦး ပေးခဲ့သော လိပ်စာကဒ်ကလေးသည်လည်း ရေများစိုရွှဲလျက် ကြမ်းပြင်ပေါ်မှာ အမှိုက်စ တစ်စပမာ ကျန်နေရစ်ခဲ့လေတော့သည်။
____________
အခန်း၄။
အမျိုးသမီးတဦး ဘုရားရှိခိုးနေသည်။ သူမသည် နေအိမ်ဘုရားကျောင်းဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်တဆူအား အလေးအမြတ် ရှိခိုးပူဇော်နေခြင်း ဖြစ်၏။
ငွေကြေးချမ်းသာသူတို့၏ ဘုရားကျောင်းဆောင်မို့လား မသိ။ ခန်းလုံးပြည့် ဘုရားကျောင်းဆောင်ရှိ အလွန်လှပသော ငွေပန်အိုးများ၌ အဝါရောင်တောက်ပသော ပန်းများနှင့်အပြည့်ထိုး ပူဇော်ထားသည်ဖြစ်ရာ လွန်စွာ သပ္ပါယ်၍ ထည်ဝါခမ်းနားလှပေ၏။
ဘုရားကျောင်းဆောင်၏ အရှေ့တည့်တည့်၌ ကြေးနယားရုပ် မီးခံဖြင့် ဖယောင်းတိုင်သုံးတိုင်ကို ထွန်းညိ မီးပူဇော်ထား၏။အသေအချာကြည့်လျှင် ပန်း၊ရေချမ်း၊ ဆီမီးတို့နှင့် ဘုရားကျောင်းဆောင်သည် အလွန်ပင် သပ္ပါယ်နေပါ၏။
ထိုအမျိုးသမီး၏အမည်သည် စုစုလှိုင်ဟု ခေါ်၏။ သူမသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာ အိမ်ထောင်ရှင်မ တယောက်ဖြစ်လေ၏။ မစုစုလှိုင်၏ ခင်ပွန်း ဦးမြတ်ထွန်းဦးသည် နာမည် အသင့်အတင့် ရှိသော ရွှေဆိုင်ပိုင်ရှင် တစ်ဦးဖြစ်လေ၏။
မစုစုလှိုင်သည် အိမ်ထောင်ဦးစီးဖြစ်သော ခင်ပွန်းသည်၏ လုပ်ငန်းများ အဆင်ပြေစေကြောင်း၊ အရောင်းအဝယ် ကောင်းစေကြောင်း၊ ကျန်းမာချမ်းသာပါစေကြောင်းနှင့်၊ ယခု သူတို့အိမ်၌ ကျရောက်နေသော အမှောင့်ပယောဂမှ အမြန်ဆုံး ကင်းလွတ်ရပါစေကြောင်းဆုတောင်းများစွာကို တောင်းဆုပန်နေသည်။
သူ၏ ဆုတောင်းများသည် များစွာသော သူမ၏ လိုအင်ဆန္ဒများစွာကို ကိုယ်စားပြုလေ၏။
ဘုရားကျောင်းဆောင်၌ ပူဇော်ထားသော ဖယောင်းတိုင် ၃တိုင်နှင့် အဖိုးထိုက်တန်သော ပန်းတို့သည် သူမ၏ ဆုတောင်းအတွက် အထောက်အပံ့ ဖြစ်ရန် ရည်ရွယ်၏။
သာယာညှင်းပျောင်းသော်လည်း စိုးရိမ်စိတ် မကင်းသည့် ဆုတောင်းသံများက ဘုရားကျောင်းဆောင်အနီး၌ ထပ်တလဲလဲ ထွက်ပေါ်နေသည်။
မြတ်စွာဘုရားသခင်သည် သူမ၏ ဆုတောင်းများစွာကို ဖြည့်စွမ်းပေးနိုင်ပါ့မလားဆိုတာကိုပင် သံသယဖြစ်စေနိုင်သည်အထိ သူမသည် တောင်းဆုခြွေလို့ မဆုံးနိုင်တော့ပေ။
သူမနားထဲသို့ ကားတစ်စီး ခြံထဲ မောင်းဝင်လာသံ ကြားလိုက်ရသည်။ ကိုမြတ်ထွန်းဦး အိမ်ပြန်လာပြီဟု သိလိုက်လေ၏။ ဘုရားကို ဝတ်ချပြီး၊ သူမ သက်ပြင်းငွေ့ငွေ့ချလိုက်သည်။
ကိုမြတ်ထွန်းဦးသည် အိမ်ပြန်ရောက်လျှင် ရောက်ချင်း ယခင်လို သူမ၏ နာမည်ကို အော်ခေါ်လိမ့်မည်မဟုတ်။
အိမ်အောက်ထပ် ဧည့်ခန်းနံရံမှာ ချိတ်ဆွဲထားသော ပန်းချီကား၏ အရှေ့တွင် အဝတ်အစား မလဲသေးဘဲ မတ်မတ်ကြီးရပ်၍ ထိုပန်းချီကားကို တစိမ့်စိမ့် စိုက်၍ ကြည့်နေလိမ့်မည်။ဒါတွေကို သူမ ပြေးကြည့်စရာမလို။ တွေးကြည့်ရုံနှင့်ပင် သိနိုင်လေ၏။ အမှန်မှာတော့ ဒီလို ဖြစ်နေတာ ရက်အတော်ကြာခဲ့ပြီ မဟုတ်လား။
ယခင်ရက်များက ကိုမြတ်ထွန်းဦးသည် ယခုလောက် အခြေအနေ မဆိုးသေး။ လွန်ခဲ့သော ငါးရက် နောက်ပိုင်းမှ ပန်းချီကားအပေါ်ကို ပိုမို ရူးသွပ်စွာ အစွဲအလန်းလွန်လာခဲ့ခြင်း ဖြစ်သည်။
မည်မျှပင် ထိုပန်းချီကားချပ်အပေါ်ကို စွဲလန်းသလဲဆိုတော့၊ ပန်းချီကားကို ကြည့်ရှု့နေရလျင် ၎င်းသည် အစားအသောက် ကောင်းကောင်း မစားသည့်အပြင်၊ အအိပ်အနေ နည်းပါးလာ၏။
ယခင်ကလုပ်ငန်းလောဘကြီးလှသော ကိုမြတ်ထွန်းဦးသည် ယခုအခါ အလုပ်၌ စိတ်ဝင်စားခြင်း မရှိတော့ချေ။ လက်အောက်ငယ်သား အလုပ်သမားများနှင့် လွှဲထားသည်အထိ ဖြစ်လာ၏။ ရွှေဆိုတာက တရွေးတမှုန်မျှပင် တန်ဘိုးရှိလှသည်မဟုတ်လား။ အလုပ်သမားများက သစ္စာရှိက တော်၏။ မတော်လောဘတက်၍ ခိုးဝှက်ကြလျှင် သူတို့လုပ်ငန်းက ဆုံးရှုံးမှု ပမာဏ နည်းလိမ့်မည်မဟုတ်ချေ။ ကိုမြတ်ထွန်းဦးအခြေအနေက တရက်ထက် တရက် ပို၍ ဆိုးရွားလာသည်မဟုတ်လား။
ယခုဆိုလျှင် သူမကိုယ်တိုင်က ထိုပန်းချီကားကိုသာမက၊ ခင်ပွန်းဖြစ်သူ ကိုမြတ်ထွန်းဦးကိုပါ ထိတ်လန့်လာပြီ ဖြစ်သည်။ ပန်းချီကားရှေ့ ရပ်နေသော ကိုမြတ်ထွန်းဦးသည်၊ မစုစုလှိုင်က လာခေါ်သည့်အခါ ၊သူမအား တခါမှ မမြင်ဖူးသူတယောက်ပမာ တစိမ်းပြင်ပြင် ဆက်ဆံကြည့်ရှု့တတ်လေ၏။ ထိုသောအခါ ကိုမြတ်ထွန်းဦး၏ မျက်လုံးများသည် လွန်စွာ ကြောက်စရာကောင်းလေ၏။
ကိုမြတ်ထွန်းဦးသည် ပန်းချီကားကို မစုစုလှိုင်ထက် ပိုမို ခင်တွယ်နေပြီ ဖြစ်၏။ ပန်းချီကားအနီးမှ သူ့အား ထွက်ခွါစေရန် ခေါ်ဆိုသောသူသည် သူ့အတွက် ရန်သူ တယောက် ဖြစ်မည်ဟု ခံယူထားပုံရသည်။
ရွှေဆိုင်က အရောင်းစာရေးမလေး ခင်ခင်ထားကလည်း သူမထံ ဖုန်းဆက်သည်။ ယခုတလော ကိုမြတ်ထွန်းဦးသည် ဆိုင်ရှိဝန်ထမ်းများအပေါ် ယခင်ကလို စစနောက်နောက် မရှိတော့ဘဲ၊ တွေတွေငေးငေး ဖြစ်နေတတ်သည်ဟုဆို၏။ ထို့အပြင် အလိုမကျဟန်ဖြင့် ဝန်ထမ်းများကိုလည်း ဆူငေါက်တတ်သည်တဲ့။ တခါတရံ ဆိုင်ကို ပစ်သွားပြီး၊ ဆိုင်သိမ်းချိန်လောက်မှ ပြန်လာတတ်သည်ဟု ဆိုကြပြန်သည်။
ထို့ကြောင့် မစုစုလှိုင်သည် သူမအိမ်၌ ကျရောက်နေသော အမှောင့်ပရောဂကို မည်သို့ တိုက်ထုတ်သင့်သည်ကို လူကြီးများနှင့် တိုင်ပင်ကြည့်ပြီးဖြစ်၏။
အထူးသဖြင့်တော့ မစုစုလှိုင်သည် သူမ၏မိခင်ဖြစ်သော ဒေါ်သောင်းနှင့် တိုင်ပင်တတ်၏။
ဒေါ်သောင်းသည် ထိုကဲ့သို့သောကိစ္စရပ်များ၌ အကျွမ်းတဝင် ရှိတတ်သူ ဖြစ်၏။ ဒေါ်သောင်းသည် သူ သတင်းကြားထားသော အနောက်ပြင်ရပ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှ စာသင်သား ကိုရင်လေးထံ သွားရောက် အကူအညီ တောင်းခဲ့သည်။ ကိုရင်သည် အရပ်တပါးမှ လာ၍ စာသင်သားအဖြစ် နေထိုင်သူ ဖြစ်သည်။ အသက် ၁၅/၁၆ နှစ်ခန့် ရှိလိမ့်မည်။သို့သော် တည်ကြည်သော အိန္ဒြေရှိ၏။
ကိုရင်သည် ထိုသို့သောကိစ္စရပ်မျိုး၌ နိုင်နှင်းလှသူ ဖြစ်ရာ၊ ဒေါ်သောင်းထံမှ ဖြစ်ကြောင်းကုန်စင်အောင် မေးမြန်းလေ၏။ ကိုရင်၏ ဘွဲ့အမည်မှာ နန္ဒိယဖြစ်၏။ သူ့ ရွာနယ်ပယ်မှာတော့ တစ္ဆေနိုင်ကိုရင်လေးဟု နာမည်ကျော်ကြားသူ ဖြစ်လေ၏။
ဒေါ်သောင်းလည်း သမီးဖြစ်သူအား ကိုရင်နန္ဒိယရှိရာ ကျောင်းတိုက်သို့ ခေါ်ဆောင်သွားပြီး ၊မစုစုလှိုင်တို့နေအိမ်၌ ဖြစ်ပေါ်နေသော ကိစ္စရပ်များကို တလုံးမချန် ပြောစေခဲ့သည်။
မစုစုလှိုင်က ကိုရင်လေးအား ဤသို့ လျှောက်ထားလေ၏။
" ပန်းချီကားက အမျိုးသမီးတဦးရဲ့မျက်လုံးတလုံး ပါ ဘုရား။ သိပ်ပြီး ထူးဆန်းလှတယ်လို့ တပည့်တော်မှ မထင်ပါဘူး။ ဒါပေမဲ့ တပည့်တော်မ ခင်ပွန်းက အဲ့ဒီ ပန်းချီကားကိုပဲ စွဲလန်းနေတာက အတော်ကို ထူးဆန်းပါတယ်။
ပန်းချီကား အပေါ် တပည့်တော်မရဲ့ခင်ပွန်းဖြစ်သူ ကိုမြတ်ထွန်းဦးဟာ အစွဲလွန်ပြီး ညဘက် သန်းခေါင်တွေမှာ ထထကြည့်လေ့ရှိတယ်။ ပြီးတော့ တယောက်ယောက်နဲ့ စကားပြောနေသလို အသံတွေလဲ ကြားနေရတယ်။
တပည့်တော်မက တိတ်တိတ်လေး ခိုးကြည့်ရင်၊ သူက စကားမပြောတော့ပြန်ဘူး။ တပည့်တော်မ ချောင်းကြည့်တာကို သူတို့ သိနေပုံပဲဘုရား ၊ တပည့်တော်မ ရှိရာဘက်ကို ကိုမြတ်ထွန်းဦးက စိမ်းစိမ်းကြီး စိုက်ကြည့်တတ်တယ်ဘုရား ... ပြီးတော့ "
ဤတွင် ကိုရင်နန္ဒိယက မစုစုလှိုင်၏ စကားကို ဖြတ်မေးလိုက်လေ၏။
" နေပါအုံး ဒကာမကြီး၊ ခုဏက ဒကာမကြီး ပြောသွားတဲ့စကားမှာ သူတို့လို့ ပြောသွားတယ်။
ဒကာမကြီးရဲ့ခင်ပွန်းနဲ့ တခြားတယောက်ကို ရည်ရွယ်ပုံပဲ။ တခြားသော တယောက်က ဘယ်သူလဲ "
မစုစုလှိုင်သည် သက်ပြင်းကို လေးလံစွာ ချလိုက်ပြီးနောက် ...
" သူတို့ဆိုတာက လူတော့ မမြင်ရဘူးဘုရား ။ တပည့်တော်မရဲ့ နားထဲမှာ ကိုမြတ်ထွန်းဦးရဲ့ စကားသံအပြင် မိန်းမတယောက်ရဲ့ အသံကိုလည်း ကြားမိလို့ (သူတို့)လို့ ခေါ်ဝေါ်သုံးလိုက်မိတာပါ "
ကိုရင်နန္ဒိယသည် အတော်လေး စိတ်ဝင်စားသွားဟန်ဖြင့် ...
" အင်း ပြီးတော့ ဘာဆက်ဖြစ်လဲ ပြောပါအုံး "
" ကိုမြတ်ထွန်းဦး ဟာ အဲ့သလို စကားတွေ ပြောဆိုပြီးရင် အိပ်ယာ ပြန်ဝင်တယ်ဘုရား။ အဲ့ဒီအခါ တပည့်တော်မလဲ ပန်းချီကားရှေ့ သွားကြည့်တာပေါ့။
အံဩစရာ။ ပန်းချီကားရှေ့မှာ ရေစိုစက်လက်တွေ အမြဲတွေ့ရတတ်တယ်။ တပည့်တော်မ အဲ့ဒီရေတွေ ဘယ်က လာသလဲ လိုက်လံ ရှာဖွေကြည့်တဲ့အခါ ၊ ပန်းချီကားရဲ့ အောက်ခြေကနေ စိမ့်ကျလာတာကို တွေ့ရတယ်ဘုရား။ ဒါဟာ အတော်လေး ထူးဆန်းမနေဘူးလား။
တရက်လဲ မဟုတ်၊ နှစ်ရက်လဲမဟုတ်။ ပန်းချီကားထဲကို ဘယ်က ရေက ရောက်နေရတာလဲဆိုတာ တပည့်တော်မ တွေးမရဘူးဘုရား။
ပန်းချီကားကို စွန့်ပစ်လိုက်ဖို့ တပည့်တော်မက ပြောရင် ကိုမြတ်ထွန်းဦးနဲ့ စကားတွေ များရတယ်။
ပန်းချီကားကို သူ မသိဘဲ တခုခု လုပ်မယ်ဆိုရင် (ငါ့ကိုယ်ငါ သတ်သေမယ်)လို့ ကိုမြတ်ထွန်းဦးက တပည့်တော်မကို ကြိမ်းဝါးထားတော့ တပည့်တော်မ ဘာလုပ်ရမှန်းလဲ မသိတော့ပါဘူး ဘုရား "
ကိုရင်နန္ဒိယက တချက်မျှ စဉ်းစား ၍ စောဒကတက်ဟန် ပြော၏။
" ဒကာမကြီးက အဲ့ဒီပန်းချီကား ရောင်းတဲ့ဆိုင်ကိုရော သွားပြီး မစုံစမ်းဘူးလား "
မစုစုလှိုင်လည်း ...
" စုံစမ်းပြီလား ကိုရင်ရယ် ၊ ဒါပေမဲ့ အဲ့ဒါက ပိုပြီးတောင် ထူးဆန်းနေတယ်ဘုရား "
ကိုရင်က ပိုမိုစိတ်ဝင်စားသွားပြီး...
" ဘာဖြစ်လို့လဲ ဒကာမကြီးရဲ့ "
မစုစုလှိုင်က နေရာအနည်းငယ် ပြင်ထိုင်လိုက်ပြီး ...
" ကိုမြတ်ထွန်းဦး ဝယ်ခဲ့တဲ့ ပန်းချီပြခန်းကို တလလောက်အကြာမှာ တပည့်တော်မနဲ့ ကိုမြတ်ထွန်းဦးတို့ လင်မယား သွားပြီး စုံစမ်းကြည့်ပါသေးတယ်။
အဲ့ဒီတုန်းက ကိုမြတ်ထွန်းဦးအခြေအနေက ဒီလောက် မဆိုးသေးဘူး။ သူကိုယ်တိုင် လိုက်ပြီး မေးပေးတာပါ။
ပန်းချီပြခန်းက တာဝန်ခံနဲ့ တွေ့တဲ့အခါ ကိုမြတ်ထွန်းဦး တွေ့ခဲ့တဲ့ ကိုခင်မောင်စိုးဆိုတဲ့သူ မဟုတ်ဘူး။ တခြားတယောက် ဖြစ်နေတယ်။ အသက်၅၀ကျော်အရွယ် ဦးကျော်ဝင်းတဲ့။
အဲ့ဒီ ကိုခင်မောင်စိုးဆိုတာကို သူ တခါမှ မကြားဖူးသလို၊ သူတို့ ပန်းချီပြခန်းမှာ 'စိတ်ရဲ့ပြတင်းပေါက်' ပန်းချီကားလို့ တခါမှ မတင်ဖူးပါဘူးတဲ့။
ဒါနဲ့ တပည့်တော်မက ကိုမြတ်ထွန်းဦး ဝယ်ခဲ့တဲ့ နေ့စွဲကို ပြောပြတော့ ဦးကျော်ဝင်းက ရယ်တယ်။ ဘာလို့ ရယ်တာလဲဆိုတော့ အဲ့ဒီတုန်းက ဆိုင်ခန်းဖွင့်ဖို့ ပြင်ဆင်နေတုန်းပါတဲ့။ ဆိုင်ခန်း လုံးဝ မဖွင့်ရသေးပါဘူးတဲ့။ မယုံရင် အနီးအပါးက ဆိုင်တွေကို မေးကြည့်နိုင်ပါတယ်ပြောပြီး၊ ဆိုင်ဖွင့်ပွဲ ဖိတ်စာဟောင်းကို ယူပြတယ်။ ဟုတ်တယ်။ သူတို့ဆိုင်ဖွင့်တာ ရက်တပါတ်တောင် မရှိသေးဘူးဘုရား။ ကိုမြတ်ထွန်းဦး ပန်းချီကား ဝယ်လာတာက တလလောက် ရှိနေပြီလေ။ တပည့်တော်မတော့ ဘယ်လိုမှ မတွေးတောတတ်တော့ဘူးဘုရား။
နောက်တခုက ကိုမြတ်ထွန်းဦးက နေ့လယ်ဘက်တွေမှာ တယောက်တည်း ဆိုင်ကနေ ထွက်သွားတယ်လို့ တပည့်မ သိထားတော့ ၊ သူ့နောက်နေ လိုက်ချောင်းဖူးတယ်။မြို့ပြင်က အင်းကြီးရဲ့ ကန်စောင်းနံဘေးကို သူ သွားတတ်တယ်။ အဲ့ဒီနေရာမှာ လူလေးဦး သေဖူးတယ်တဲ့။ တပြိုင်နက်တည်း သေတာမဟုတ်ဘူး ဘုရား။ တဦးနဲ့တဦး ၂လ ၃လ လောက်စီလောက် ခြားသတဲ့။ ပထမဦးဆုံး ရေနစ်သေတာက မိန်းမတယောက်တဲ့။ အသက် ၂၀လောက်ပဲ ရှိအုံးမယ် ပြောတယ်။ နောက်လူကကျ ပန်းချီဆရာတဲ့ ဘုရား။ အဲ့နောက်လူတွေကျ ယောက်ကျားတွေချည်းပဲ ရေနစ်သေကြတယ်။ တတိယလူနဲ့ စတုတ္ထလူဆို ရေ ကောင်းကောင်းကူးတတ်ကြတယ်လို့ သိရတယ်ဘုရား။ ရေကူးတတ်ရဲ့နဲ့ ဘာကြောင့် ရေနစ်သေရတယ်ဆိုတာ တပည့်တော်မ နားမလည်နိုင်ဘူး "
ကိုရင်နန္ဒိယသည် မစုစုလှိုင် ပြောသမျှကို နားထောင်အပြီးမှာ စဉ်းစား တွေးတောနေဟန်ရှိ၏။
အဓိက အကြောင်းအရာသည် ပန်းချီကား၌ ရှိနေလေရာ ကိုရင်သည် ဦးစွာပထမ ပန်းချီကားကို ကြည့်ရှု့ရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်ဟန်တူ၏။
" ဒီကနေ့တော့ ကိုရင် စာဝါလိုက်စရာ ရှိလို့၊ ဒကာမကြီးနဲ့အတူ မလိုက်နိုင်ဘူး။ အင်း ... မနက်ဖြန် ဆွမ်းစားပြီးချိန်လောက်ကို ကိုရင် ဒကာမကြီးတို့အိမ်ကို ကြွခဲ့မယ်။ မနက်ဖြန်က ဥပုသ်နေ့ဆိုလေတော့ ဒကာမကြီးရဲ့ ခင်ပွန်းဖြစ်သူလဲ ရွှေဆိုင်ပိတ်လိမ့်မယ်ထင်တယ်။ အဲ့ဒီခါကျရင် အဖြေတခုခုတော့ သိရမှာပါ ဒကာမကြီး။ ကိုရင် တတ်နိုင်တာဆို ဖြေရှင်းပေးပါ့မယ်။ စိတ်အေးချမ်းသာစွာ ပြန်ပါ"
ကိုရင်နန္ဒိယစကားက လေးနက်တည်ကြည်လေတော့၊ မစုစုလှိုင်သည် ကိုရင်အား ကြည်ညိုအားကိုးမိဟန်တူ၏။ ပြသနာ၏ အတိမ်အနက်ကို ကိုရင်သည် တီးခေါက်မိလေဟန်လည်း တူသည်။ ထို့ကြောင့် မစုစုလှိုင်သည် စိတ်ကို ဒုံးဒုံးချလျက် အိမ်သို့သာ ပြန်သွားခဲ့လေ၏။
___________
အခန်း၅။
ပန်းချီကားကို ကိုရင်တွေ့ရလေမှ အဖြေက လုံးဝ ရှင်းသွားတော့လေ၏။
အိမ်ရှင် မစုစုလှိုင် ပြောသော မျက်လုံးတလုံးကို အနုစိပ် ခြယ်မှုန်းထားသည်ဆိုသော ပန်းချီကား၏ အရှေ့တွင် ကိုရင်နန္ဒိယသည် ရပ်နေ၏။
မစုစုလှိုင် ပြောသလို ကိုရင် ကြည့်နေသော ပန်းချီကား၌ မျက်လုံးကို မတွေ့ရချေ။ စိတ္တဇ ဆန်သော ဆေးရောင်များကိုသာ စက်ဝိုင်းသဏ္ဍာန်အထပ်ထပ် ရေးဆွဲထားသည်ကို တွေ့ရလေ၏။
ဒါကိုပင် ဤအိမ်ရှိ လူသားများက မျက်စိမှောက်ကာ အလွန်လှပသော မျက်လုံးဟု တင်စား ခေါ်ဝေါ်နေကြသည်ဆိုလေတော့ ၊ ဤပန်းချီကားသည် ဤအိမ်ရှိ လူသားတို့အား ထင်ယောင်မြင်မှား ဖြစ်အောင် ဖမ်းစားထားခြင်းပင် ဖြစ်လိမ့်မည်။
ပန်းချီကား၌ မကောင်းဆိုးဝါးအစိမ်းသရဲတကောင် ဝင်ရောက် ခိုတွယ်နေကြောင်း ကိုရင်နန္ဒိယ ရိပ်စားမိသွားသည်။ ဒါ့အပြင် မစုစုလှိုင် ပြောသော ရေစက်လက် အကွက်များ တွေ့ရသည်ဟု ဆိုသည့်စကားရပ်၏ ပဟေဠိကိုလည်း ကိုရင်နန္ဒိယ ပညာ အစွမ်းဖြင့် မြင်တွေ့ သိရှိခဲ့လေပြီ။
ခိုတွယ်နေသော မကောင်းဆိုးဝါးသည် ရေနစ်ပြီး သေဆုံးခဲ့သော သရဲမတကောင် ဖြစ်နေ၏။ သရဲမသည် လူ့ဘဝ၌ ယောက်ကျားတဦး၏ လှည့်ဖြားမှုကြောင့် ဘဝပျက်ခဲ့ရသူ ဖြစ်၏။ ထို့ကြောင့် သူမသည် လူမှုရေး ဖေါက်ပြန်တတ်သည့် အကျင့်ပျက်သော ယောက်ကျားများကို လွန်စွာမှ မုန်းတီးသူ ဖြစ်လေ၏။
သရဲမသည် ပန်းချီဆရာကို ရေနစ်သေအောင် ပြုစားခဲ့သလို၊ သူမအား ဖေါက်ပြန်ခဲ့သော ယောက်ကျားကိုလည်း ရေ၌ အဆုံးစီရင်ခဲ့သည်။ ထိုမှတဆင့် ပန်းချီကားကို အကြောင်းပြု၍ ပန်းချီကား ပိုင်ဆိုင်သူ ဖောက်ပြန်သော ယောက်ကျားမှန်သမျှကို ဆက်တိုက် သတ်ဖြတ်နေခဲ့ပုံရ၏။
ဤသို့ဆိုလျှင် ကိုမြတ်ထွန်းဦးသည်လည်း လူမှုရေး ဖေါက်ပြန်သူ ဖြစ်နေမလားဟု ကိုရင် သံသယဖြစ်မိသွားလေ၏။ ဒါကိုတော့ မစုစုလှိုင်အား ပွင့်လင်းစွာ မေးမြန်းမှ သိနိုင်မည်ဖြစ်၏။ ထို့ကြောင့် မစုစုလှိုင်အား မေးလိုက်ရာ ...
" လွန်ခဲ့တဲ့ တနှစ်လောက်က ကိုမြတ်ထွန်းဦး ဆိုင်က အရောင်းဝန်ထမ်း ကောင်မလေးတယောက်နဲ့ ညိဖူးတယ် ။ ဒါပေမဲ့ တပည့်တော်မ သိတာ ဦးသွားတော့ ကွဲမယ် ကွာမယ် ဖြစ်ကြသေးတယ်ဘုရား။ အဲ့ဒီမှာ သူ နောင်တရသွားတယ်။ ကောင်မလေးကို အလုပ်ထုတ်လိုက်ပြီး၊ သူလဲ ခြေငြိမ်သွားခဲ့တယ်။ သူ့အမှားကို သိလို့ ကောင်မလေးကိုလဲ ထပ်ပြီး မဆက်သွယ်တော့ဘူး။ တပည့်တော်မ သိသလောက်ကတော့ သူတို့တတွေအအေးဆိုင် အတူတွဲထိုင်၊ ရုပ်ရှင်အတူကြည့်ထက် မပိုခဲ့ကြပါဘူး။ လွန်လွန်ကြူးကြူး မဖြစ်ခဲ့ကြဘူးလို့ တပည့်တော်မ သိခဲ့တယ်။ ဒါကြောင့်လဲ တပည့်တော်မက သူလဲ တခါပဲ မှားတာပါဆိုပြီး ခွင့်လွှတ်ပေးခဲ့တယ်။ ဘာပြောပြော သူ အိမ်ထောင်ရေး ဖေါက်ပြန်ခဲ့ဖူးတယ်လို့ ဆိုရတော့မှာပေါ့"
" အင်း ... ဒါဆိုရင်တော့ ရှင်းပါပြီ။ ဖောက်ပြန်တဲ့ ယောက်ကျားတွေကို မုန်းတီးနာကြည်းနေတဲ့ ပန်းချီကားထဲက သရဲမက ဒကာမကြီးရဲ့ ယောက်ကျားကို သတ်ပစ်ဖို့အထိ လုပ်နေတာပါပဲ။ အဲ့ဒီတော့ အရင်ဦးဆုံး ပန်းချီကားထဲမှာ ခိုတွယ်နေတဲ့ သရဲမကိုရော ၊ သရဲမကို ကူညီပေးနေတဲ့ ပန်းချီဆရာ သရဲကိုရော ကိုရင် နှင်ထုတ်ပေးပါ့မယ် ... "
"ဟင်! ပန်းချီဆရာက သရဲ ဖြစ်နေတာလား ဘုရား "
" ဟုတ်တယ် ဒကာမကြီး ၊ ပန်းချီဆရာက ရေနစ်သေပြီး အစိမ်းသရဲ ဖြစ်နေရှာတယ်။ သူက ရေနစ်သေတဲ့ မိန်းကလေးအပေါ် စွဲလန်းစိတ်နဲ့ သေရရှာတာပဲ။ ဒါကြောင့် သူ ခိုင်းသမျှကို ကူညီနေတာပေါ့။
အမှန်တော့ ကိုမြတ်ထွန်းဦး တွေ့ခဲ့တယ်ဆိုတဲ့ ပြခန်းတာဝန်ခံ ကိုခင်မောင်စိုးဟာ အညတရ ပန်းချီဆရာပဲ ။ ဟောဒီ ပန်းချီကားကို ဝယ်ယူဖြစ်အောင် သူကပဲ လှည့်ဖြားခဲ့တာပေါ့ ဒကာမကြီးရယ် "
ထို့နောက်တော့ တစ္ဆေနိုင်ကိုရင်လေးသည် ဤအိမ်တွင်း ကျုးကျော်ဝင်ရောက်နေကြသော မကောင်းဆိုးဝါးများကို သူ့ပညာစွမ်းဖြင့် နှင်ပေးသည်။ တစ္ဆေများက ဖြားယောင်းလှည့်စားခံထားရသော ကိုမြတ်ထွန်းဦး၏ ပယောဂကို ကုသပေးသည်။
တစ္ဆေနိုင် ကိုရင်လေး၏ အစွမ်းဖြင့် လင်မယားနှစ်ယောက်စလုံး ယခုမှ
ပန်းချီကား၏ မူရင်း ပုံကို မြင်တွေ့ကြရပြီ ဖြစ်၏။ကိုမြတ်ထွန်းဦးသည် စိတ္တဇဆန်ဆန် ရေးဆွဲထားသော ပန်းချီကားကို ယခုအခါ၌ နှစ်လိုခြင်း မရှိတော့ချေ။
တစ္ဆေနိုင်ကိုရင်လေးက ထိုပန်းချီကားကို အလှုခံသည့်အခါ တုံ့ဆိုင်းခြင်း မရှိ၊ ရက်ရောစွာ ပေးလှုလိုက်ကြသည်။
တစ္ဆေနိုင်ကိုရင်လေးသည် ကိုမြတ်ထွန်းဦးတို့ မိသားစုအပေါ် ကျရောက်နေသော ဘေးအန္တရာယ်အပေါင်းကို ဖြေရှင်းပေးပြီးပြီးမို့၊ ပန်းချီကားကို ယူ၍ ဧရာဝတီမြစ်ရှိရာ မြို့အနောက်ဘက်သို့ ထွက်လာခဲ့သည်။
နေလုံးကြီးသည် စစ်ကိုင်းတောင်ရိုး အောက်သို့ ဖြည်းညင်းစွာ ငုပ်လျိုးနေပြီ ဖြစ်သည်။
မြစ်ဆိပ်ရောက်သည့်အခါ ကိုရင်နန္ဒိယသည် လူရှင်းသော နေရာတခုကို ရွေး၍ ရေထဲသို ကိုယ်တိုင်ဆင်းသွားကာ သူ့လက်ထဲက ပန်းချီကားကို ရေထဲ မျောချလိုက်တော့သည်။
စိတ်ရဲ့ပြတင်းပေါက်သည် ရေစုန်အတိုင်း တရွေ့ရွေ့ တအိအိနှင့် မြောပါသွားလေတော့၏။
ချမ်းမြေ့ပါစေ
ပီပီ၊မန္တလေး၊
၁၊၁၂၊၂၀၂၂
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ