အသူရာ - အပိုင်း (၇)
lotaya.mpt.com.mm
|
2022-12-16

………

အပိုင်း ()

……….

‘အဆုံးသတ်တိုက်ပွဲ’

…...…….………...

ဝေပစိတ္တိ အပင်သေကြီးများကြားရှိ မဲနက်သော ပုဂ္ဂိုလ်ထံသို့ သတိထားပြီး ချဥ်းကပ်သွားခဲ့သည်။ ထိုသူသည် လက်ထဲတွင် တောင်‌ေ၀ှးတလက်ကို ကိုင်ထားသည်။ ပထမတော့ ထိုပုဂ္ဂိုလ်၏ မျက်လုံးများ မှိတ်ထားသည်ဟု ဝေပစိတ္တိထင်ခဲ့သော်လည်း အနီးသို့ ရောက်သောအခါ ထိုသူသည် အဝေးတနေရာသို့ ငေးကြည့်နေကြောင်း သူတွေ့လိုက်ရသည်။

အဆွေတော် - အသင် ဤနေရာမှာ ဘာလုပ်နေသနည်း’

ထိုပုဂ္ဂိုလ်သည် ၀တ်ရုံချည်းသာ မဲနက်နေသည်မဟုတ်ဘဲ သူ၏ မျက်နှာ အသားအရေအားလုံး မဲမှောင်နေလေသည်။ သူ၏ ၀ါကျင့်သော မျက်လုံးကြီးများသည် ဝေပစိတ္တိရှိရာဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာခဲ့သည်။

ကျွန်ုပ် အားလုံးကို မြင်ခဲ့ပြီးပြီ’

ထိုပုဂ္ဂိုလ်သည် သူတဦးတည်း ရေရွတ်နေသည့်အလား စကားကို ဆိုလိုက်သည်။ ဝေပစိတ္တိ ကျောထဲတွင် စိမ့်သွား၏။

အသင် ဘာတွေ မြင်ခဲ့သလဲ’

လောကကြီးထဲမှာ အကောင်းဆုံးအရာတွေရော၊ အဆိုးဆုံး အရာတွေရော ကျွန်ုပ်မြင်ခဲ့ပြီးပါပြီ’

ပြောနေရင်းမှ သူ၏ ၀ါကျင့်ကာ အိုမင်းရင့်ရော်နေသော မျက်လုံးကြီးများသည် ချက်ချင်းပင် ကွဲကြေသွားတော့မည်ဟု အသူရာနတ်မင်းကြီးထင်လိုက်မိ၏။

အသင် ဘယ်နတ်ဘုံကပါလဲ အဆွေတော် နတ်သား’

အနက်ရောင်နတ်သားသည် ဝေပစိတ္တိ၏ မေးခွန်းကို နားမလည်သလို ပြန်ကြည့်လိုက်၏။

ကျွန်ုပ် နတ်ပြည်မှာ မရောက်ဖူးတဲ့ နေရာမရှိပါ’

ကောင်းပါပြီ အဆွေတော်။ ကျွန်ုပ် တစ်ခုပဲ မေးချင်ပါတယ်။ ဒီ ရေအိုင်ထဲက ပုဇွန်လုံးကြီးရဲ့ လက်မတစ်ချောင်း ဘယ်ကို ရောက်သွားသလဲဆိုတာပဲ သိချင်ပါတယ်’

အသင် နတ်မင်း။ ဒီပုဇွန်လုံးကြီးအကြောင်းကို သိချင်သလား’

အမည်မသိ နတ်သားသည် ထိုရေကန်ကြီး၏ ရာဇ၀င်ကို ပြောပြခဲ့သည်။ လွန်ခဲ့သော ကမ္ဘာပေါင်းများစွာက ထိုကန်ကြီးကို ‘ကုဠီရ’ ရေအိုင်ကြီးဟု ခေါ်ခဲ့သည်။ ဘုရားလောင်း ဆင်မင်းအုပ်ချုပ်သည့် ဆင်အုပ်သည် ထိုရေကန်ကြီးတွင် ရေသောက်ဆင်းလျှင် အိုင်ထဲမှ ဧရာမ ပုဇွန်လုံးကြီးသည် ဆင်များကို တကောင်ချင်းစီ ဆွဲချကာ သတ်ဖြတ်စားသောက်လေ့ရှိ၏။ တရက်တွင်မူ ထိုပုဇွန်လုံးကြီးသည် ဘုရားလောင်း ဆင်မင်း၏ ခြေထောက်ကို လက်မကြီးနှင့် ဖမ်းမိလေသည်။ ဆင်မင်းသည်လည်း သူ၏ နောက်လိုက်ဆင်များ လွတ်မြောက်စေရန် အသံကုန်အော်လျှင် ဆင်အားလုံး ကုန်းပေါ်တက်ပြေးကြသဖြင့် ဘုရားလောင်း ဆင်မင်းတစ်ပါးသာ ကျန်ရစ်သည်။

ထိုအခါ စိတ်ပူပန်သော ဘုရားလောင်းဆင်မင်း၏ ဇနီးဆင်မက ချိုသာပျော့ပျောင်းသော အသံနှင့် ‘သမုဒ္ဒရာ၊ ဂင်္ဂါနှင့် ယမုံနာ တို့တွင် ရှိကြသော ပုစွန်များထက် မြင့်မြတ်သော ပုဇွန်လုံးမင်း၊ ကျွန်ုပ်၏ လင်အား ချမ်းသာခွင့်ပေးပါလော့’ ဟု အသနားခံတောင်းပန်စကားဆိုလေ၏။ ဆင်မ၏ အသံကို တပ်မက်သွားသော ပုဇွန်လုံးကြီးသည် လက်မကို ဖြေလျော့လိုက်လျှင် ဘုရားလောင်းဆင်မင်းသည် လွတ်မြောက်သွားပြီး ပုဇွန်လုံးကြီး၏ ကျောကုန်းတည့်တည့်ကို ခြေဖြင့်နင်းသတ်လေသည်။ ပုဇွန်လုံး၏ ကျောကုန်း ကွဲကြေပျက်စီးသွားပြီး လက်မကြီးနှစ်ဘက်သည်လည်း ကိုယ်မှ ပြုတ်ကာ ဂင်္ဂါမြစ်ကို ဖြတ်ပြီး သမုဒ္ဒရာထဲသို့ မျောပါသွားခဲ့တော့သည်။

ထိုအကြောင်းကို ကြားလျှင် ဝေပစိတ္တိသည် အမည်မသိနတ်သားကို စူးစမ်းစွာ စိုက်ကြည့်လိုက်ပြီးလျှင် -

ဒီအဖြစ်ဟာ ကမ္ဘာပေါင်းများစွာ ကြာခဲ့ပြီမှန်လျှင် အသင့်သက်တမ်း မည်မျှရှိပြီနည်း’

ကျွန်ုပ် အမှန်ပင် မမှတ်မိပါ အဆွေနတ်မင်း။ တခါတရံ ကျွန်ုပ် စျာန်သမာပတ်၀င်စားနေမိရင် အချိန်စက်၀န်းမှ လွတ်ကင်းသွားတတ်တာကြောင့်ပါ’

အသင့်အမည် မည်သို့ခေါ်ပါသနည်း။ ကျွန်ုပ်အမည်ကတော့ ဝေပစိတ္တိ လို့ခေါ်ပါတယ်။ ကျွန်ုပ်ဟာ အသူရာပြည်က နတ်မင်းတစ်ပါးဖြစ်ပါတယ်’

ကျွန်ုပ်၏ အမည်ကိုလည်း အမှန်ပင် မမှတ်မိတော့ပါ အသူရာနတ်မင်း’

ကောင်းပါပြီ အဆွေတော်။ ကျွန်ုပ်ထံမှာ မေးစရာ မေးခွန်းတွေ များစွာ ရှိနေပါတယ်။ ဒါပေမဲ့ အရေးကြီးတာတွေပဲ မေးပါ့မယ်။ အသင် ပြောသွားတဲ့ထဲမှာ ဘုရားလောင်းဆိုတာ ပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။ စကြ၀ဠာကြီးတွေကို ဖန်ဆင်းခဲ့တဲ့ ဗြဟ္မာကြီးတွေကို ပြောတာလား အဆွေတော်’

နတ်သားသည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

စကြ၀ဠာကို ဗြဟ္မာကြီးက ဖန်ဆင်းခြင်းမဟုတ်ပါ။ ဗြဟ္မာကြီးတွေဟာ အင်မတန် အသက်ရှည်သောကြောင့်သာ အားလုံးရဲ့ အရင် ဖြစ်နေခဲ့သလို ထင်ရခြင်းပါ။ အမှန်တော့ ဖန်ဆင်းရှင်ဆိုတာ မရှိပါဘူး။ ဘုရားဆိုတာ ဗုဒ္ဓကို ခေါ်ပါတယ်။ အရာအားလုံးကို သိမြင်တော်မူသော ပုဂ္ဂိုလ်ပါပဲ’

အသူရာမင်းသည် ခေါင်းကို ခါရမ်းလိုက်သည်။

သူ့ဟာသူ သိတာ ကျုပ်နဲ့မဆိုင်ပါ အဆွေ‌တော်။ နောက် ကျွန်ုပ်သိချင်တာက အသင်ဟာ နတ်ဘုံတွေအားလုံးကို ရောက်ဖူးတယ်လို့ ဆိုခဲ့တယ်။ အဲဒါ အမှန်ပဲလား’

အနက်ရောင်နတ်သား ခေါင်းညိတ်ပြလိုက်သည်။

ဒီလို ‌ဝေးလံလှတဲ့ နတ်ပြည် တနေရာက တနေရာကို အသင်ဘယ်လို သွားနိုင်သလဲ’

ကျွန်ုပ်ဟာ မြေကသိုဏ်းအောင်ထားတဲ့ နတ်တစ်ပါးဖြစ်ပါတယ် အသင်နတ်မင်း။ ကျွန်ုပ် မြေကြီးရဲ့ သဘောကို နားလည်ပြီးဖြစ်တဲ့အတွက် သွားလိုတဲ့ခရီးကို မြေကြောရှုံ့လိုက်နိုင်ပါတယ်’

ဝေပစိတ္တိ ၀မ်းသာအားရဖြစ်ပြီး မျက်လုံးများ အရောင်တောက်သွားခဲ့သည်။

ဒါဆို အဆွေတော် နတ်သား ကျွန်ုပ် သွားလိုတဲ့ နေရာတစ်ခုကို လိုက်ပို့ပေးနိုင်မလား’

အမည်မသိနတ်သားသည် ဝေပစိတ္တိကို စိတ်ခံစားမှုကင်းမဲ့သော မျက်လုံးကြီးများနှင့် စိုက်ကြည့်လိုက်သည်။ သူသည် ဝေပစိတ္တိ ၏ အတွင်းစိတ်ကို ဖတ်နိုင်ပုံရသည်။ သို့သော် သူ့ထံတွင် မည်သည့်အရာကိုမျှ စိတ်၀င်စားပုံမရသော အမူအရာ အသွင်အပြင်မျိုးကို တွေ့ရှိရလေသည်။

ကောင်းပါပြီ အသူရာနတ်မင်း။ ကျွန်ုပ် သင့်ကို ပို့ဆောင်ပေးနိုင်ပါတယ်’

…………………………….

ထိုနတ်သားသည် ကမ္ဘာပေါင်းများစွာ မလှုပ်မယှက်နေခဲ့ရာမှ လက်တဘက်ကို ဖြည်းညင်းစွာ ‌ ဝှေ့ယမ်းလိုက်လျှင် သူတို့၏ ရှေ့တွင် ဂိတ်တံခါး၀တခုသည် အလိုအလျောက် ပေါ်လာလေသည်။ ဝေပစိတ္တိ သည် အံ့သြစွာ ကြည့်နေမိသည်။ နတ်သားက ရှေ့မှ ဦးဆောင်ပြီး ၀င်သွားခဲ့၏။ အသူရာနတ်မင်းကြီးသည် ချီတုံချတုံအနည်းငယ်ဖြစ်နေပြီးမှ ဆုံးဖြတ်ထားသည့်အတိုင်း နတ်သား၏ အနောက်မှ လိုက်လာခဲ့သည်။ သူတို့နှစ်ဦးသည် ဥမင်လိုဏ်ခေါင်းကြီးတခုထဲမှ ဖြတ်ပြီး အတန်ငယ် လျှောက်သွားမိသည်။ အမှောင်ထုသည် တဖြည်းဖြည်း သိပ်သည်းလာ၏။ ဝေပစိတ္တိ၏ နတ်သက်တမ်းတလျှောက် ဤမျှ ထူထဲသော အမှောင်ထုကို တခါမျှ မကြုံဖူးချေ။ သူတို့၏ နောက်တွင် ကမ္ဘာဟောင်းကြီးသည် ‌ဝေးသထက် ဝေးကာ ကျန်ရစ်သည်။

ရှေ့မှ ဦးဆောင်သွားနေသော နတ်သားသည် လက်ဖျစ်တချက်တီးလိုက်လျှင် သူတို့နှစ်ဦး၏ ရှေ့မလှမ်းမကမ်းတွင် မှိန်ဖျော့ဖျော့ မီးတောက်တခု ပေါ်ပေါက်လာသည်။ ယခုအခါ ထိုမီးတောက်မှ အလင်းရောင်သာ ရှိလေသည်။ သူတို့သည် ထိုမီးတောက်၏ ခေါ်ရာသို့ လိုက်ပါနေကြတော့သည်။ နတ်သားသည် ရုတ်တရက် ရပ်တန့်လိုက်သည်။

အသူရာမင်း။ အသင် ဤနေရာကို ရောက်လိုတာ သေချာပါသလား’

သေချာပါတယ် နတ်သား။ ဘာကြောင့် မေးရပါသလဲ’

အသင် ယခုပဲ တွေ့ပါလိမ့်မယ်။ ရှေ့သို့ တိုးပါ။ သို့သော် သတိကြီးစွာ ထားပါ။ ဟိုးအောက်သို့ ကျသွားခဲ့လျှင် ကျွန်ုပ် အသင့်ကို ပြန်မဆယ်နိုင်ပါ။ မည်သူမျှလည်း ပြန်ဆယ်နိုင်မည် မဟုတ်တော့ပါ’

လေးလံ‌သော စိတ်နှလုံးနှင့် ဝေပစိတ္တိ ရှေ့သို့ ခြေတလှမ်းတိုးလိုက်သည်။ ပထမတော့ သူ၏ နားထဲတွင် အသံသဲ့သဲ့လို ကြားလိုက်ရသည်။ သို့သော် တဖြည်းဖြည်းနှင့် ထိုအသံသည် ပြင်ပမှ လာခြင်းမဟုတ်ဘဲ သူ၏ ခေါင်းထဲမှ လာနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအသံသည် သူကြားနေကျဖြစ်‌သော ပုံမှန် အသံမျိုးမဟုတ်ချေ။ နားမှ ကြားရသော အသံမျိုးမဟုတ်ချေ။ မရေမတွက်နိုင်သော စိတ်ပေါင်းများစွာ၏ အော်ဟစ်အသနားခံနေခြင်းကို ဝေပစိတ္တိ၏ စိတ်က ခံစားလိုက်ရခြင်းပင်။

သူနောက် ခြေတလှမ်းတိုးမည်ပြုလျှင် နတ်သားသည် ဝေပစိတ္တိ ၏ ရင်ညွန့်ကို သူ၏ လက်တဘက်နှင့် ကာပြီး လှမ်းတားလိုက်သည်။ ထိုအခါကျမှ ဝေပစိတ္တိသည် ရှေ့သို့ ဆက်လှမ်းမရမှန်း သိလိုက်၏။ သူတို့နှစ်ဦးသည် အင်မတန်နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးတစ်ခု၏ အစွန်းတွင် ရပ်နေမိလေပြီ။ နတ်သားသည် မီးတောက်ကို ပိုပြီး ကြီးအောင် ဖန်ဆင်းလိုက်၏။

အလိုလေး။ ကြောက်မက်ဖွယ်ကောင်းလှချေတကား’

ဝေပစိတ္တိသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် အသူရာနတ်မင်းကြီးတန်မဲ့ တုန်လှုပ်ချောက်ချားသွားခဲ့လေသည်။ သူတို့ရပ်နေသော ချောက်ကမ်းပါးကြီးသည် စကြ၀ဠာကြီး၏ အဆုံးသတ်ပင်ဖြစ်၏။ ထိုမှ ထွက်လိုက်လျှင် စကြ၀ဠာပြင်ပကို ရောက်သွားတော့မည်ဖြစ်သည်။ သူတို့နှစ်ဦးသည် အဆုံးအစမရှိသော စကြ၀ဠာတံတိုင်းကြီးတွင် ပြတင်းပေါက်ကဲ့သို့သော အပေါက်ကလေး၏ အစွန်းတွင် ရပ်နေကြခြင်း ဖြစ်လေသည်။ မီးတောက်သည် သူတို့ရှိနေသော လိုဏ်ခေါင်းပေါက်မှ အပြင်သို့ထွက်ကာ စကြ၀ဠာတံတိုင်း အပြင်ရှိ အာကာသထဲတွင် တည်ရှိနေသည်။

ဝေပစိတ္တိ အရဲစွန့်ပြီး တံတိုင်းကြီးတလျှောက် တွယ်ကပ်နေကြသော လှုပ်လှုပ်ရွရွအရာများကို အပေါ်အောက် ကြည့်လိုက်သည်။ ထိုအရာများသည် သေးငယ်သော မီးတောက်ကို အထူးအဆန်းသဖွယ်ကြည့်နေကြသည်။ ထိုအရာများသည် အလင်းရောင်ကို မြင်ဖူးကြဟန် မတူချေ။ သူတို့၏ အသားအရေသည် လင်းနို့များသဖွယ် မွဲခြောက်နေကြသည်။ သူတို့၏ လက်သည်း ခြေသည်းကြီးများသည် စကြ၀ဠာတံတိုင်းကြီးကို အချိန်အကန့်အသတ်မရှိ တွယ်ကုပ်ထားရသဖြင့် ရှည်လျားမာကျော ပဲ့ရွဲ့နေကြလေသည်။ ထိုအကောင်များသည် စကြ၀ဠာတံတိုင်းကြီးနှင့် အပြည့် မရေမတွက်နိုင်အောင် ရှိလေတော့သည်။

ဒါ အသင်ရောက်ချင်တဲ့ လောကန္တရိတ်ငရဲပဲ အသူရာနတ်မင်း’

ဟု အမည်မသိနတ်သားက ခံစားချက်ကင်းမဲ့သော အသံနှင့် ပြောလိုက်လေသည်။

………………………………

အသူရာပြည်တွင် နတ်ဘီလူး မိဿကသည် သူ့သခင် ဝေပစိတ္တိ ၏ အမိန့်အတိုင်း ၃၁ ဘုံတွင် ပြန့်ကျဲနေသော အသူရာနတ်များကို စုစည်းပြီး အသူရာနတ်စစ်တပ်ကြီးကို စနစ်တကျ ဖွဲ့စည်းတည်ဆောက် လျက်ရှိသည်။ အသူရာနတ်စစ်သည်များ တာ၀တိံသာတို့ တက်တိုက်မည်ဟူသော သတင်းသည် နတ်ပြည် ၆ ထပ်သို့ ပြန့်နှံ့သွားလေသည်။ ထို့ကြောင့် တာ၀တိံသာနတ်များသည် စတုမဟာရာဇ်နတ်များနှင့် ပူးပေါင်းပြီး စစ်ရေးပြင်ဆင်နေကြသလို မိဿက မရောက်ရှိနိုင်သော ဘုံများမှ အသူရာနတ်များသည်လည်း မြင်းမိုရ်တောင်ခြေ မြစိမ်းခုံလောက်အောက်သို့ မိမိတို့သဘောနှင့် ပူးပေါင်းရောက်ရှိလာခဲ့ကြသည်။

ထိုအထဲတွင် အထူးခြားဆုံးမှာ ရာဟု အမည်တွင်သည့် အသူရာနတ်ကြီးပင် ဖြစ်လေသည်။ ရာဟုနတ်ကြီး၏ ခန္ဓာကိုယ်သည် ကြီးမားလှ၏။ ရာဟု အသူရာသည် သူ၏ ကိုယ်လုံးကြီးကို လိုသလို ကျုံ့နိုင် ချဲ့နိုင်သော တန်ခိုးရှိလေသည်။ အကြီးဆုံးအနေနှင့် ရာဟုနတ်ကြီးသည် ယူဇနာ ငါးထောင် အမြင့်အထိ ချဲ့လိုက်နိုင်သည်။ သူသည် ယုဂန္ဓိုရ်တောင်ခါးပန်းတွင် ကျက်စားလေ့ရှိသော အသူရာနတ်ကြီးဖြစ်သည်။ ရာဟုသည် ပျင်းရိသည့်အခါများတွင် ယုဂန္ဓိုရ်တောင်ခါးပန်းတွင် ဖြတ်သန်းလျက်ရှိသော နေမင်း လမင်းများကို သူ၏ ဧရာမ ပါးစပ်ကြီးထဲသို့ ငုံ့ပြီး ဆော့ကစားလေ့ရှိလေသည်။ ထိုအခါ နေမင်း လမင်းတို့ကို အစိုးရသော နတ်သားများသည် အင်မတန် ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်ကြရလေသည်။ ထိုအကြောင်းတို့ကြောင့် နတ်များသည် ရာဟု နတ်ကြီးကို မလိုလားသဖြင့် ၀ိုင်းပယ်ကြရမှ အသူရာနတ်တစ်ပါးအဖြစ်သို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။ ယခုအခါ တာ၀တိံသာသို့ အသူရာများ စစ်ခင်းမည့်သတင်းကို ကြားသဖြင့် ရာဟုနတ်သည် အသူရာပြည်နှင့် သင့်လျော်သော ခန္ဓာကိုယ်အရွယ်အစားကို ဖန်ဆင်းကာ မိဿကထံသို့ လာရောက်သတင်းပို့ဆောင်ခြင်းပင် ဖြစ်လေသည်။

မိဿကသည် အသစ်ရောက်ရှိလာသော အသူရာနတ်စစ်သည်များကို စစ်ရေးပြနေစဥ် သခွတ်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် ကြီးမားသော ဂိတ်တံခါးကြီးတခုသည် လေထုထဲတွင် တဖျစ်ဖျစ်မြည်သံပြုလျက် ပေါ်ထွက်လာခဲ့သည်။ အသူရာနတ်များအားလုံး ဓားလှံ လက်နက်များကို ကိုင်စွဲကာ ထိုဂိတ်ပေါက်ကြီးထဲမှ ထွက်လာမည့် အရာများကို အသင့်စောင့်ဆိုင်းနေကြ၏။

အရှင် ဝေပစိတ္တိ ပါလား’

မိဿက အံ့သြစွာ ရေရွတ်ပြီး ထူးဆန်းသော ဂိတ်၀ကြီးထဲမှ ထွက်လာသည့် သူ၏ အရှင်သခင်ထံအပြေးသွားကာ ခရီးဦးကြိုပြုလိုက်၏။ ဝေပစိတ္တိ၏ အနောက်မှ အနက်ရောင်၀တ်ရုံနှင့် နတ်သားသည် ဖြည်းညင်းစွာလိုက်ပါလာသည်။

မိဿက ဒါက ငါ ကမ္ဘာဟောင်းကြီးမှာ တွေ့ခဲ့တဲ့ မိတ်ဆွေနတ်သားပဲ။ သူ့အမည်ကို ငါမသိဘူး။ ဒါပေမဲ့ သူဟာ ငါတို့ကို ကမ္ဘာတစ်ခုက တစ်ခုကို ပို့ဆောင်ပေးနိုင်တဲ့ နတ်သားဖြစ်လို့ သူ့ကို ‘စေတမန်’ လို့ပဲ အမည်ပေးလိုက်တော့မယ်’

အနက်ရောင် နတ်သားသည် သူ၏ အမည်သစ်ကို လက်ခံခြင်းလည်း မပြု ငြင်းပယ်ခြင်းလည်း မပြုဘဲ ဆိတ်ဆိတ်သာ နေလေသည်။ မိဿကသည် သူ စုစည်းထားသော အသူရာတပ်သစ်ကြီးကို ဝေပစိတ္တိ အား ဂုဏ်ယူစွာ ပြလိုက်သည်။ ကိုယ်ကာယကြီးမားထွားကျိုင်းလှသော ရာဟုအသူရာကြီး ရှေ့ဆုံးမှ ဦးဆောင်သည့် အသူရာစစ်တပ်ကြီးသည် ယခုအခါ ထောင်ဂဏန်းမက ရှိလေပြီ။

မင်းတော်တယ် မိဿက။ ဒါပေမဲ့ ဒီလောက်နဲ့ သန်းချီတဲ့ တာ၀တိံသာတပ်ကြီးကို ငါတို့ မနိုင်သေးဘူး။ တာ၀တိံသာကို သိမ်းဖို့ ဒီမှာ အားလုံးကြည့်ကြ’

အသူရာနတ်မင်းကြီး လက်ပြအချက်ပေးလိုက်လျှင် စေတမန်၏ ကသိုဏ်းဂိတ်ပေါက်ထဲမှ ‌လောကန္တရိတ် ငရဲခံ အသူရာများသည် အတောင်မပါသော လင်းနို့ကြီးများသဖွယ် သူ့ထက်ငါ အလုအယက် တိုး‌‌ဝှေ့ထွက်လာကြလေတော့သည်။

အလို၊ ဒါက ဘာတွေများပါလိမ့်’

အသူရာနတ်ဘီလူးကြီးများသည် မရေမတွက်နိုင်အောင် များပြားလှသော လောကန္တရိတ်အသူရာများကို အံ့သြစွာ ငေးမောကြည့်နေမိလေသည်။

ဒါတွေက ဘာတွေလဲဆိုတော့ ငါတို့နဲ့ ဘ၀တူ အသူရာတွေပဲ နတ်ဘီလူးတို့။ သူတို့ဟာလည်း ငါတို့လို အပယ်ခံတွေပဲ။ သူတို့ဟာ စကြ၀ဠာတစ်ခုလုံးထဲမှာတောင် နေစရာမရှိလို့ စကြ၀ဠာတံတိုင်းကြီးတွေမှာ လင်းနို့တွေလို တွယ်ကပ်နေကြရတယ်။ အဲဒီနေရာမှာ အလင်းရောင်ဆိုလို့ မြူမှုန်တမှုန်စာ မရှိဘူး နတ်ဘီလူးတို့။ စားစရာလည်း မရှိဘူး။ ချမ်းလို့ ခြုံစရာ စောင်လည်းမရှိဘူး။ သူတို့ဟာ အချင်းချင်း ကိုက်ဖဲ့စားသောက်ကြရတယ်။ ခြေချော်သွားခဲ့ရင် ဟိုးအဆုံးမရှိတဲ့ ချောက်ကမ်းပါးကြီးထဲကို ကျသွားကြရတယ်’

လောကန္တရိတ် ငရဲသားများသည် ပြူးကျယ်သော မျက်လုံးကြီးများ ရှည်လျားညစ်ပေသော အစွယ်ကြီးများကို ဖြဲကာ ဝေပစိတ္တိ ပေးမည့် အမိန့်ကို စောင့်နေကြလေသည်။ အသူရာမင်းကြီးက ဆက်ပြီး ပြောကြားသည်။

အို လောကန္တရိတ်ဘုံသားတို့။ အသင်တို့ ဆာလောင်ငတ်မွတ်နေတာ ငါ သိပေတယ်။ အသင်တို့ ဘ၀မှာ တခါမှ မစားသုံးဖူးတဲ့ နတ်သုဒ္ဓါဆိုတာဟာ တခါစားပြီးရင် တပတ် ဆယ်ရက် ဆာ‌လောင်မှု မရှိတော့ဘူး။ ဒီနတ်သုဒ္ဓါဟာ တာ၀တိံသာ နတ်ပြည်မှာ ရှိတယ်။ ငါကိုယ်တော်နဲ့အတူ တာ၀တိံသာကို သိမ်းနိုင်ရင် သင်တို့အတွက် နတ်သုဒ္ဓါတွေ ကြိုက်သလောက် စားသုံးခွင့်ရှိမယ်’

ငရဲခံ အသူရာများ၏ မျက်လုံးကြီးများ ပြူးကျယ်ကာ ပါးစပ်ကြီးများထဲမှ သွားရည်များ တမြားမြားကျလာကြသည်။

ဒီကြားထဲမှာ အသူရာမရောက်ခင် သင်တို့ ဖြတ်ရမဲ့ အာလိန်ငါးဆင့်မှာလည်း နဂါးသား၊ ဂဠုန်သား၊ ဂန္ဓဗ္ဗနတ်သား သင်တို့ စိတ်ကြိုက် စားနိုင်ပေတယ်’

အသူရာတပ်ကြီးသည် ယခုအခါ သန်းနှင့်ချီသော အင်အားရှိသွားခဲ့လေပြီ။ ဝေပစိတ္တိ သည် အချိန်ဆိုင်းမနေတော့ဘဲ သီဒါမြစ်ကမ်းသို့ စစ်ချီထွက်ခဲ့သည်။ သူ၏ နံဘေးတွင် စေတမန်သည် ဝေပစိတ္တိ၏ တောင်းဆိုမှုအရ ခပ်ဖြည်းဖြည်းလိုက်ပါလာသည်။ စေတမန်၏ လှုပ်ရှားပုံမှာ လမ်းလျှောက်နေသည်နှင့် မတူဘဲ မြေပြင်တွင် တန်ခိုးနှင့် ရွေ့လျားနေပုံရလေသည်။ သို့သော် ရှည်လျားသော ၀တ်ရုံနက်ကြီးကြောင့် သူ၏ ခြေထောက်များကိုမူ မမြင်ရချေ။ သူတို့၏ နောက်တွင်မူ စစ်သူကြီး မိဿကနှင့် ရာဟု နတ်မင်းကြီးတို့က လက်ယာ လက်၀ဲ ခြံရံလျက် အသီးသီး လိုက်ပါလာကြလေသည်။

အဆွေ‌တော် စေတမန်။ ကျုပ်တို့ ခုလို အာလိန်ငါးဆင့်ကို ဖြတ်ပြီး မြင်းမိုရ်တောင်ကြောတလျှောက် စစ်ချီတက်မဲ့အစား၊ ကျုပ်တို့ အသူရာတပ်ကြီးတစ်တပ်လုံးကို မြင်းမိုရ်တောင်ထိပ်ရောက်တဲ့အထိ တခါတည်း တိုက်ရိုက်ပို့ပေးလိုက်ပါတော့လား’

စေတမန်သည် ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

ကျွန်ုပ်ဟာ အသင်တောင်းဆိုတဲ့အတိုင်း အပယ်ခံ အသူရာတွေကို အသူရာပြည်ရောက်အောင် ပို့ခဲ့ပြီးပါပြီ။ ဒီထက်ပိုပြီး သင့်ကို မကူညီနိုင်တော့ပါ။ ကျွန်ုပ်ဟာ မည်သည့်စစ်ပွဲတွင်မှ ၀င်ရောက်စွက်ဖက်ခြင်း မရှိပါ အသင် အသူရာနတ်မင်း’

အိမ်း ကောင်းပါပြီ။ ခုလောက်ကူညီတာကိုပဲ ကျုပ်က ကျေးဇူးတင်လှပါတယ်။ အသင့်ကို ကျုပ် လမ်းမှာ ပြောခဲ့သလိုပဲ အခုလို တာ၀တိံသာကို တက်တိုက်ရတာဟာလည်း ဒီသိကြားမင်းဟာ ကျုပ်ကို မတရားသဖြင့် မြင်းမိုရ်တောင်ပေါ်က ကန်ချခဲ့တဲ့အပြင် ကျုပ်သမီးတော်ကိုပါ သိက္ခာမဲ့စွာ ခိုးယူခဲ့တဲ့အတွက် တိုက်ရခြင်းဖြစ်ပေတယ် အဆွေတော်’

စေတမန်သည် ဘာမှ ပြန်မပြောဘဲ ခပ်မဆိတ်သာ လိုက်ပါလာခဲ့သည်။ သူတို့ အသူရာတပ်ကြီးသည် ယခင်အတိုင်း သီဒါမြစ်ရေကို ဖြတ်ကာ မြင်းမိုရ်တောင်ခြေရှိ နဂါးပြည်ကြီးသို့ ရောက်ရှိလာခဲ့တော့သည်။ ရာဟုနတ်ကြီးသည် မြင်းမိုရ်တောင်ခြေရောက်သည်နှင့် သူ၏ အကြီးမားဆုံးသော ယူဇနာ ငါးထောင်မြင့်သည့် ကိုယ်ခန္ဓာကြီးကို ဖန်ဆင်းယူလိုက်လေသည်။

ယခင်စစ်ပွဲတုန်းက သူတို့၏ အသူရာနတ်များကို မီးမှုတ်ကိုက်ဖြတ် ခြေမှုန်းခဲ့သော နဂါးကြီးများသည် မြေစိုင် မြေခဲများကြားမှ ဖွားကနဲ ဖွားကနဲ ထွက်ပေါ်လာကြပြန်သည်။

တိုက်ကြ….’

ဝေပစိတ္တိ သည် အောင်မြင်သော အသံ၀ါကြီးနှင့် ကြွေးကြော် အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်သည်လည်း သံမဏိတင်းပုတ်ကြီးကို လက်နှစ်ဘက်နှင့် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ နဂါးကြီးများဆီသို့ အပြေးနှင်လေသည်။ သူ၏ နောက်မှ ထောင်ချီသော နတ်ဘီလူးကြီးများသည် ဒုတ် ဓား မှိန်းတံ လက်နက်ကြီးများကို စွဲကိုင်ကာ လိုက်ကြလေ၏။

ထိုထက်ပိုသည်မှာကား သန်းနှင့်ချီသော လောကန္တရိတ် ငရဲခံ အသူရာများသည် အစာငတ်နေသော တိရစ္ဆာန်များပမာ အုပ်စုလိုက်ကြီး လေးဘက်ကုန်းပြေးလွှား၍ မြေကြီးအောက်မှ ထွက်ပေါ်လာသော နဂါးကြီးများကို ရှည်လျားသော လက်သည်းချွန်ကြီးများနှင့်လည်းကောင်း သွားကြီးများနှင့် လည်းကောင်း ကုပ်ဖဲ့ကိုက်ဖြတ်ကြလေတော့သည်။ ငရဲသားတစ်ကောင်တည်းဆိုလျှင် နဂါးကြီးများသည် စိုးစဥ်းမျှ တုန်လှုပ်မည်မဟုတ်သော်လည်း နဂါး‌တစ်ကောင်ကို အသူရာ ငရဲသား တစ်သောင်းခန့် ၀ိုင်း၀န်း ကိုက်ခဲကြလေလျှင် နဂါးကြီးများသည် မီးမှုတ်ဖို့‌ဝေးစွ ပါးစပ်ကြီးများကိုပင် မဖွင့်နိုင်ကြတော့ဘဲ လဲကျ သေဆုံးကြလေတော့သည်။

အုန်း အုန်း အုန်း’

ရာဟုနတ်ကြီးသည် နဂါးကြီးများ မြေကြီးထဲမှ ခေါင်းပြူမထွက်နိုင်မီပင် ခေါင်းများကို စိစိညက်ညက်ကြေအောင် သူ၏ ဧရာမ ခြေထောက်ကြီးနှင့် နင်းခြေသတ်ဖြတ်လေသည်။ ဝေပစိတ္တိသည်လည်း စစ်ရေးကျင်လည်လှသော နတ်မင်းကြီးတစ်ပါးပီပီ နဂါးကြီးများ၏ ငယ်ထိပ်တည့်တည့်စီကို တင်းပုတ်ကြီးနှင့် တချက်ချင်းစီ ထုလေလျှင် တခါထုတိုင်း နဂါးတစ်ကောင်နှုန်းမျှ သေဆုံးလေရာ အချိန်ခဏအတွင်းမှာပင် နဂါးကြီးများသည် အရေးမလှတော့သောကြောင့် ဆက်လက်တိုက်ခိုက်ခြင်းငှာ မ၀ံ့ရဲတော့ဘဲ အချို့မှာ မြေပြင်အောက်သို့ လည်းကောင်း အချို့မှာ သီဒါသမုဒ္ဒရာကြီးအောက်သို့လည်းကောင်း ပြန်လည်ငုပ်လျှိုးထွက်ပြေးကြလေကုန်သည်။ ဝေပစိတ္တိ၏ အသူရာတပ်ကြီး ပထမအာလိန်ကို အောင်မြင်လေပြီ။

ထိုမှတဆင့် လောကန္တရိတ် အသူရာများသည် မြင်းမိုရ်တောင်ကြီးကို တွယ်တက်ကြလေရာ တိုင်ကို ခြပုန်းတက်သကဲ့သို့ သန်းနှင့်ချီသော အသူရာနတ်များသည် အာလိန်ငါးဆင့်ကို တရွရွနှင့် ကြောက်မက်ဖွယ် ချီတက်တိုက်ခိုက်ကြလေသည်။

စတုမဟာရာဇ်တောင်ခါးပန်းတွင် အသင့်စောင့်နေကြသော လောကပါလနတ်မင်းကြီးလေးပါးဦးဆောင်သည့် ဂဠုန်တပ်ကြီးသည် လေထုထဲမှနေပြီး မြင်းမိုရ်တောင်ကို တွယ်တက်နေကြသော အသူရာနတ်များကို လေးမြားလက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြပြန်သည်။ ယခုအခါ ရာဟုနတ်ကြီးသည်လည်း တတိယအာလိန်ပေါ်တွင် ခြေကုပ်ယူထားပြီဖြစ်ရာ ထိုနေရာမှနေပြီး ကျောက်တုံးကြီးများနှင့် ဂဠုန်တပ်ကို ပြန်လည် ပစ်ပေါက်တိုက်ခိုက်လျှင် ဂဠုန်အများစုမှာ အနီးသို့ မကပ်၀ံ့တော့ဘဲ အဝေးဆီမှသာ အကဲချောင်းနေရတော့သည်။

နောက်ဆုံး ဝေဟင်မှ တိုက်ရန် မဖြစ်နိုင်တော့သည့်အခါ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးသည် မြင်းမိုရ်တောင်ထိပ်သို့ ပြန်လည် သက်ဆင်းပြီး တောင်ထိပ်မှ ကုမ္ဘာန်တပ်၊ ဘီလူးတပ်၊ ဂန္ဓဗ္ဗတပ် အသီးသီးတို့နှင့် အောက်သို့ ပြန်စစ်ချီရန် ပြင်ရလေတော့၏။

ဓတရဋ္ဌနတ်မင်းသည် ငွေသားသန်လျက်များကို ကိုယ်စီကိုင်စွဲထားသော ဂန္ဓဗ္ဗနတ်စစ်သည်တစ်သိန်းကို ဦးဆောင်၍ လည်းကောင်း၊ ၀ိရူဠကနတ်မင်းသည် ပတ္တမြားသန်လျက်များကို ကိုင်စွဲထားသော ဂုမ္ဘာန် နတ်စစ်သည် တစ်သိန်းကို ဦးဆောင်၍ လည်းကောင်း၊ ‌ဝေသ၀ဏ်နတ်မင်းကြီးသည် ကိုယ်တိုင်က သံတင်းပုတ်ကြီးကို ကိုင်စွဲလျက် နတ်ဘီလူးစစ်သည် တစ်သိန်းကို ဦးဆောင်၍ လည်းကောင်း မြင်းမိုရ်တောင်ထိပ်မှ တောင်ခါးပန်းအောက်သို့ ဆင်းသက်တိုက်ခိုက်ရန် ပြင်ဆင်ကြလေတော့သည်။ ထိုအခါ စတုမဟာရာဇ်နှင့် တာ၀တိံသာနတ်များသည် မြင်းမိုရ်တောင်ထိပ်မှ အောက်သို့ ငုံ့ကြည့်၍ ပုရွက်ဆိတ် ခြပုန်းများကဲ့သို့ မြောက်မြားလှစွာ တရွရွ ကြမ်းတမ်းစွာ တက်လာကြသော အသူရာတပ်ကြီးကို မြင်လျှင် ထိတ်လန့် ကြောက်ရွံ့ခြင်း ဖြစ်ကြကုန်လေသည်။

ဤအကြောင်းကို သိကြားမင်း ဦးမာဃသည် ရိပ်စားမိသွား၏။ သိကြားမင်းသည် ဧရာ၀ဏ်နတ်သားအား ဆင်ဖြူတော်ကြီးအဖြစ် ဖန်ဆင်းစေလျက် ဧရာ၀ဏ်ဆင်ဖြူတော်၏ ကျောပေါ်သို့ တက်ကာ တာ၀တိံသာနှင့် စတုမဟာရာဇ်နတ်စစ်သည်များ၏ ရှေ့သို့ အရောက်သွားခဲ့သည်။ ဦးမာဃသည် ဧရာ၀ဏ်ဆင်ကြီးပေါ်မှ နေပြီး အောင်မြင်ခန့်ညားသော အသံကြီးနှင့် စစ်ထွက်မိန့်ခွန်းကို ပြောခဲ့လေသည်။

အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်တွင် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။ ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်။

အကယ်၍ ငါ၏တံခွန်ဖျားကို အသင်တို့ မမြင်ရပါက ပဇာပတိ၊ ၀ရုဏ၊ ဤသာန နတ်မင်းကြီးတို့၏ တံခွန်ဖျားများကို မော်၍ ကြည့်ကြကုန်လော့၊ ဤသို့ ထိုနတ်မင်းကြီးများ၏ တံခွန်ဖျားကို ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်းများ ပျောက်ကင်းသွားပေလိမ့်မည်တည်း"

ထိုအခါ တာ၀တိံသာနှင့် စတုမဟာရာဇ်နတ်များသည် အင်မတန်ပင် စိတ်အားတက်ကြွသွားကာ ဓားလှံ လက်နက်များကို မြှောက်ကိုင်ပြီး ကြွေးကြော်ကြလေတော့သည်။ တာ၀တိံသာ နတ်အချို့သည် အသူရာမင်းထံမှ သိမ်းပိုက်ရရှိခဲ့သော အာလမ္ဗရာစည်တော်ကြီးကို တီးခတ်ကြလေရာ - တဂျိန်းဂျိန်း မြည်ဟီးသံကြီးနှင့်အတူ ကောင်းကင်ပြင်တခွင်လုံးတွင် မိုးခြိမ်းသံများ ဆူညံလာပြီး မိုးကြိုးလျှပ်စီးများသည်လည်း ပြိုးပြိုးပြက်ပြက် ၀င်းလက်လာကြလေတော့သည်။ သိကြားမင်းသည် သူ၏ လက်တွင် ကိုင်စွဲထားသော ၀ရဇိန်လက်နက်ကြီးကို ကိုင်မြှောက်လိုက်လျှင် ကောင်းကင်ပြင်မှ လျှပ်ပန်းလျှပ်နွယ်များသည် ထို၀ရဇိန်လက်နက်ကြီးထံတွင် စုစည်းသွားကြလေသည်။

ထိုစဥ်မှာပင် အသူရာနတ်များသည် စတုမဟာရာဇ်ပြည်ကို ကျော်လွန်ပြီး မြင်းမိုရ်တောင်ထိပ်ရှိ တာ၀တိံသာပြည်ကြီးသို့ပင် ရောက်ရှိလာကြပြီ ဖြစ်သည်။ နတ်ဘီလူးများကို အစိုးရသော ဝေသ၀ဏ်နတ်မင်းကြီးသည် ထိုစဥ်က အရိယာမဖြစ်သေးဘဲ ပုထုဇဥ်သာ ရှိသေးသဖြင့် အင်မတန်ပင် အမျက်ချောင်းချောင်းထလျက် သူ၏ လက်ထဲမှ တင်းပုတ်ကြီးကို အားကုန် ပစ်လွှတ်လိုက်လေ၏။ ထိုတင်းပုတ်ကြီးသည် မြင်းမိုရ်တောင်ထိပ်သို့ တက်လာကြသော လောကန္တရိတ်အသူရာများ၏ ဦးခေါင်းများကို ဒိန်းကနဲ ဒိန်းကနဲ ထိုးတိုက်ခွဲခြေကာ လေထုထဲတွင် တပတ်လည်ပြီး သူ၏ လက်ထဲသို့ ပြန်ရောက်လျှင် ငရဲသားတစ်ထောင်ခန့်မျှ လဲကျသေဆုံးသွားပြီ ဖြစ်လေသည်။

သိကြားမင်း၏ စစ်ထွက်မိန့်ခွန်းကြောင့် စိတ်အားတက်ကြွထားသော နတ်စစ်သည်များသည်လည်း လောကပါလ နတ်မင်းကြီး လေးပါးတို့၏ ဦးဆောင်မှုနှင့်အတူ တိုက်စစ်ကို အားကုန်ဖွင့်လေရာ တဒင်္ဂအတွင်းမှာပင် တိုက်သံခိုက်သံ ထိုးရိုက်သံများ တာ၀တိံသာပြည်ကြီးတစ်ခွင်လုံးတွင် အုန်းအုန်းညံသွားလေတော့သည်။

ရာဟုနတ်ကြီးသည် တောင်ထိပ်သို့ ရောက်သည်နှင့် သိကြားမင်း၏ နတ်စစ်သည်များကို စတင် နင်းခြေသတ်ဖြတ်လေသည်။ ထိုအခါ သိကြားမင်းသည် ဧရာ၀ဏ်ဆင်ကြီးကို ရာဟုနတ်ကြီးထံ အပြေးနှင်စေလေ၏။ ရာဟုနတ်ကြီးသည် နေ လ ဂြိုလ်ကမ္ဘာများကိုပင် ပါးစပ်ကြီးထဲ ထည့်ပြီး ငုံထားနိုင်လောက်အောင် အရွယ်အစားကြီးမားလှသည့် နတ်ကြီးတပါးဖြစ်သည်။ သိကြားမင်းသည် သူ၏ တန်ခိုးနှင့် ဧရာ၀ဏ်ဆင်တော်ကို လေထဲတွင် ပျံသန်းလိုက်စေပြီး ရာဟုနတ်ကြီး၏ ဦးခေါင်းနေရာအထိရောက်အောင် ပျံတက်သွားလိုက်သည်။ ဧရာမ အသူရာနတ်ကြီးသည် သူ၏ ဦးခေါင်းတည့်တည့်ဆီသို့ တဟုန်ထိုး ပျံသန်းလာသော သိကြားမင်းနှင့် စီးတော်ဆင်ကြီးတို့ကို ပါးစပ်ကြီးဟကာ လှမ်းဟပ်လိုက်လေသည်။ ထိုအခါ သိကြားမင်းနှင့် ဧရာ၀ဏ်ဆင်ကြီးတို့သည် ယူဇနာ သုံးရာမက နက်ရှိုင်းလှသော ရာဟုနတ်ကြီး၏ အာခံတွင်းကြီးထဲသို့ သက်ဆင်းမိသွားလေတော့သည်။

တာ၀တိံသာနတ်များ ထိုမြင်ကွင်းကြောင့် ဟင်ကနဲ ဟာကနဲ ဖြစ်သွားကြသည်။ သို့သော် ချက်ချင်းပင် -

အုန်း’

ကနဲ မြည်ဟိန်းသံကြီးနှင့်အတူ ရာဟုနတ်ကြီး၏ နောက်စိကြီး ပွင့်ထွက်သွားကာ သိကြားမင်း ဦးမာဃနှင့် ဧရာ၀ဏ်ဆင်တော်တို့သည် အသူရာနတ်ကြီး၏ အာခံတွင်းကြီးထဲမှ ဖောက်ထွက်လွတ်မြောက်သွားတော့သည်။ အငိုက်မိသွားသော ရာဟုနတ်ကြီးသည် ဦးခေါင်းကြီး ပွင့်ထွက်သွားသဖြင့် ဟန်ချက်ပျက်သွားပြီး မြင်းမိုရ်တောင်ထိပ်မှ နောက်ပြန်ကြီး ပြုတ်ကျသွားတော့သည်။

ဝေပစိတ္တိ အသင် ယခုပင် အသူရာပြည်သို့ ပြန်ဆုတ်ပါလေ’

သိကြားမင်းသည် ဧရာ၀ဏ်ဆင်တော်ကို မြေပြင်သို့ ပြန်ဆင်းသက်လိုက်စေပြီးလျှင် အသူရာတပ်ကြီးကို ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်နေသည့် ဝေပစိတ္တိအား လှမ်းပြောလိုက်၏။ အသူရာနတ်မင်းကြီးသည် ထိုစကားကို ကြားလျှင် နောက်တွန့်သွားရမည့်အစား သိကြားမင်းရှိရာဆီသို့သာ ပို၍ ဆထက်တိုးပြီး ထိုးဖောက်တိုက်ခိုက်လေသည်။ ဦးမာဃသည် ပြောမရသည့်အဆုံးတွင် လျှပ်စီးများနှင့် စွမ်းအင်ပြည့်နေသော ၀ရဇိန်မိုးကြိုးလက်နက်ကြီးကို ဝေပစိတ္တိ ထံသို့ တည့်တည့်ကြီး ပစ်လွှတ်လိုက်လေတော့သည်။

အရှင် ဝေပစိတ္တိ ….’

ကျယ်လောင်သော အသံကြီးကိုပြုပြီး နတ်ဘီလူး မိဿကသည် သူ့သခင်ကို ဘေးမှ တွန်းဖယ်ချလိုက်လေသည်။ ဝေပစိတ္တိ မိုးကြိုးလက်နက်ရန်မှ လွတ်သွားသော်လည်း မိဿက၏ မျက်နှာကြီးသည် ၀ရဇိန်လက်နက်ကြီး၏ ဒဏ်ကြောင့် ပဲ့ရွဲ့စုတ်ပြတ်သွားလေတော့သည်။

တောက် မိဿက။ ဖြစ်မှ ဖြစ်ရလေ။ တယ် ဒီ သိကြားမင်း...’

ဝေပစိတ္တိ သည် ခါးသီးသော အမုန်းအာဃာတတို့နှင့် သိကြားမင်းကို အံကြိတ်ကာ ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်ကြောင့် သူ့ဘ၀တွင် အရာရာဆုံးရှုံးခဲ့ရ၏။ သူ၏ နတ်စည်းစိမ်၊ နေအိမ်၊ တိုင်းပြည်သာမက သူ၏ နှလုံးသည်းပွတ်မက ချစ်မြတ်နိုးရသော သမီးတော်နှင့် မိဖုရားကြီးတို့ကိုပါ ထာ၀ရ လက်လွှတ်ဆုံးရှုံးခဲ့ရလေသည်။ ဝေပစိတ္တိ သည် သူ့ထံတွင် ရှိသမျှ ခွန်အားကို သုံးပြီး လေ၏ အဟုန်နှင့် အတင်းပြေးသွားကာ လက်ထဲမှ တင်းပုတ်ကြီးနှင့် ဧရာ၀ဏ်ဆင်ကြီးကို တအားထုရိုက်လိုက်လျှင် ဆင်ဖြူတော်ကြီးမှာ ခြေထောက်နာသွား၍ ဟန်ချက်ပျက်ပြီး သိကြားမင်းလည်း ဆင်ပေါ်မှ ကျလေတော့သည်။

ယခုအခါ တာ၀တိံသာပြည် စစ်မြေပြင်ကြီး၏ အလယ်တွင် အသူရာမင်းနှင့် သိကြားမင်းတို့ ထိပ်တိုက်ရင်ဆိုင်တွေ့လေပြီတည်း။

…………………………..

(ဆက်လက်ဖတ်ရှုပါရန်)

ကိုချမ်း။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။


#lotaya_shortstory
#LTY_ကိုချမ်း




Some text some message..