ဆေးမင်ရည်စုတ်ထိုး (အပိုင်း ၁၄)
lotaya.mpt.com.mm
|
2022-12-18

Part - 14

မျက်ဝန်းတို့ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်မိတော့ ပန်းဖူးကို စိုးရိမ်တကြီး ကြည့်နေသည့် မမမြအေးရီနှင့် ဒေါ်ညွန့်ကြည် ကို တွေ့လိုက်ရ၏။ ပန်းဖူး အတင်းလူးလဲထမိသလို...

" သူ....သူရောဟင်"

" ဟယ်တော့! "

" ဟယ်.....ပန်းဖူးစကားပြောပြီတော့။ "

အံ့သြတကြီး အားရဝမ်းသာ ထအော်ကြသည့် အသံတွေကြားမှ ပန်းဖူး ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားရသလို တွေတွေလေး ခဏငိုင်သွား၏။ သို့ပေမယ့် သူ့ကို စိတ်ပူလွန်းအားကြီးနေသည်မို့ ဝမ်းမသာနိုင်ပဲ မမမြအေးရီလက်ကိုဆွဲ၍ ငိုကြီးချက်မဖြင့် မေးသည်။

" သူရောလို့....မမ....သူ ဘာဖြစ်သွားပြီလဲ....ပြောပြကြပါ....အဟင့်.... အင့်..."

မြအေးရီ ငိုရှိုက်နေသည့် ပန်းဖူးအား ရင်ခွင်ထဲ အသာဖက်ပေးရင်း....

" တိတ်ပါ ငါ့ညီမရယ်.....မောင်လေးက သက်သာပါတယ်။ သူ့အခန်းထဲမှာ ဆေးမှူးနဲ့ သူ့ယောက်ဖရှိတယ်။ ခေါင်းကဒဏ်ရာလဲ ချုပ်ပြီးပြီ။ ခဏနေ သတိရတော့မှာတဲ့...."

ပန်းဖူး အခုမှ ဟင်းချနိုင်သွားသလို ရင်ထဲ စိုးရိမ်မှုတွေ တထစ်လျော့သွားရသည်။

" ပန်းဖူး သူ့ကို ကြည့်ချင်တယ်။ "

" အေး....အေး.....လာ ထ "

အခန်းထဲဝင်လာသည်နှင့် အိပ်ယာထက်သတိမရသေးသည့် သူ့ကို တွေ့ရသလို မျက်နှာမှာလဲ ဒဏ်ရာအချိူ့က ရှိနေသေး၏။ ခေါင်းမှာကလဲ ပတ်တီးအဖွေးသား။ 

" အဟင့်.....ဟင့်....."

ပန်းဖူး တဟင့်ဟင့်ရှိုက်မိသလို အနားဝင်ထိုင်တော့ ဆေးမှူးကကြည့်ရင်းမှ.....

" စိတ်မပူပါနဲ့ ညီမရယ်။ ကြည်သာကြီး ဘာမှမဖြစ်ပါဘူးဟ။ "

" အို! ဒီလောက် ပတ်တီးအဖွေးသားကို ဘာမှမဖြစ်ဘူးဆိုတော့ ဆေးမှူးနှယ် ဒုက္ခပါပဲ။ "

မကျေမနပ် ရန်ပြန်တွေ့တော့ အကုန်ပြုံးစိစိဖြစ်ကုန်ကြသည်။ ချစ်ရင်ထူးက ခုံတစ်လုံးဆွဲယူကာ ထိုင်ရင်းမှ....

" တောက်!  ဒါ ဟိုဆေးသမားလက်ချက်ပဲဆိုတာ ကျိန်းသေတယ်။ "

" အေးဗျာ....သူကြီးကတော်ကလဲ ဇွတ်ကိုငြင်းတာ။ ကျုပ်တို့က စွပ်စွဲတယ်တဲ့  ..ဘာသက်သေရှိလဲတဲ့။ "

ဖိုးလောက်ကပါ မကျေမနပ် ဝင်ပြောသလို ဒေါ်ညွန့်ကြည် မျက်နှာက ခပ်တည်တည်ပင်။ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာ ရှိသည်မဟုတ်ပါလား။ ပြီးတော့ ကိုယ့်သားအကြောင်း ကိုယ်သိ၏။ သူသာ ခံလိုက်ရလို့ကတော့ ဒီအတိုင်းငြိမ်နေပြီး ပြီးသွားမယ့်လူမျိုးမဟုတ်။ 

" အင်း.....အား...ကျစ် နာလိုက်တာ။ "

ညီးညူသံသဲ့သဲ့နဲ့အတူ သူ့ခေါင်းအား ဖိကိုင်၍ မျက်စိတဖြည်းဖြည်း ဖွင့်လာသည့် မြကြည်သာ။ ပန်းဖူး ဝမ်းသာအားရ ဟီးခနဲ ငိုချသလို သူ့အနားတိုးကပ်သွား၏။ မြကြည်သာ ငိုသံသဲ့သဲ့ကြောင့် ငဲ့ကြည့်မိရင်း မျက်ရည်လည်ရွဲဖြင့် ပန်းဖူးကိုမြင်တော့.....

" ဘယ်သူပါလိမ့်....."

ပန်းဖူး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသလို ကျန်သည့်လူတွေပါ ဟင်ခနဲ ဟာခနဲ။ မြကြည်သာလက်တစ်ဖက်က ပန်းဖူးမေးစေ့လေးစီ ရောက်လာကာ ဆွဲမော့ရင်း.....

" မြကြည်သာရဲ့ ရည်းစားနှင်းဆီပန်းဖူးလေးများလား။ "

" ဟာ....ဒီခွေးကောင်ကတော့! "

အကုန်ထဆဲကြသလို ပန်းဖူးခမျာ ထိုကျမှ ပြုံးနိုင်တော့သည်။ မြကြည်သာ ခင့်မျက်နှာလေး မြင်ထဲက ဘယ်လောက် စိုးရိမ်ထိတ်လန့်နေမလဲ သိသလို ပြုံးတာလေးပဲ သူကမြင်ချင်သည်မို့ ပြုံးစေအောင် ဖန်တီးယူသည်။ ဖိုးလောက်တို့က အချင်းချင်းလက်တို့ကာ အကုန်ထွက်သွားပေးကြသလို ပြောသွားသေးသည်။

" ကိုကြည်သာရေ.....ခင်ဗျားရည်းစားမှာ လက်ဆောင်ရှိတယ်။ "

ပန်းဖူး သူ့ကို ကြည့်ရင်းမှ...

" အစ်ကို...."

" ဟာ...... ဘာ...ဘယ်လို။ "

အပြင်ကလူအကုန် မြကြည်သာ၏ ဝမ်းသာအားရ ရယ်သံကို မကြာခင်ကြားလိုက်ကြရသလို ပြုံးမိကြသည်။ မင်္ဂလာပွဲက တစ်ပတ်လောက် နောက်ဆုတ်သွားရန် ပြင်ပေမယ့် မြကြည်သာက အဆုတ်မခံ။ မဖြစ်ဖြစ်အောင် လုပ်သလို နဂိုပေတေလွန်းသည့် လူမို့ နှစ်ရက်သာ ရွှေ့လိုက်ရင်း မင်္ဂလာပွဲက ဆရာတော်ထပ်ရွေးပေးသည့် ဗုဒ္ဓဟူးဖြစ်သွားတော့သည်။

@@@@@@@@@@@@@

ခြံကျယ်ကြီးထဲ ဆိုင်ကယ်တွေရော သုံးဘီးတချို့ပါ အတော်များများထိုးရပ်ထားကြသလို မြကြည်သာတို့အမျိုးတချို့ ရောက်လာကြခြင်းပင်။ ဧည့်သည်တွေများသဖြင့် မြအေးရီတို့အိမ် ရော ဒေါ်ညွန့်ကြည်တို့အိမ်ပါ ခွဲနေကြသလို အခုလဲ သုံးဘီးကြီးထိုးရပ်လာကာ ဆင်းချလာသည့် ချောင်းကြီးစုဘက်က အမျိုးတစ်သုတ်မှာ အော်ကျယ်အော်ကျယ်ပင်။

" ဟဲ့......သတို့သမီးက ဘယ်သူလဲ ပြကြပါဦး။ စံပယ်ပန်းဖူးဆိုလား.....ဘာလား။ "

" အာ....နှင်းဆီပန်းဖူးပါဗျ။ "

ဖိုးလောက်က ဝင်ပြောသလို ဒေါ်ညွန့်ကြည်က သူမဘေးထိုင်နေသည့် ပန်းဖူးအား မေးဆတ်ပြကာ....

" ဒီမှာဟေ့ ငါ့ချွေးမက......ပန်းဖူး...နှုတ်ဆက်လိုက်ဦး....ဒါလဲ အမျိူးတွေပဲ။ "

ပန်းဖူး ပြုံးပြုံးလေးဖြင့် ခေါင်းလေးညိတ်ပြသလို အမျိုးသမီးတစ်အုပ်ကြီး အနားရောက်လာကာ ပန်းဖူးမျက်နှာလေးအား မေးမှဆွဲမော့ကြည့်လိုက်တာမို့ မျက်လုံးလေးပြူးသွားရသည်။

" ဟဲ့.....လှချက်တော် ။ ဒါကြောင့် ကြည်သာကြီး ကြိုက်တာကိုးအေ့။ "

မြကြည်သာ ခန်းဝင်ပစ္စည်းတွေ သွားဝယ်ရာမှပြန်လာစဥ် ပန်းဖူးကို ဝိုင်းထားသည့် အမျိုးတစ်အုပ်တစ်မ နှင့် မျက်နှာလေးမော့မော့ဖြင့် ရီးရွှေ လက်ထဲ ခေါင်းလေးတယမ်းယမ်းဖြစ်နေတာမြင်တော့ တဟေ့ဟေ့ဖြင့် ရောက်ချလာသည်။

" ဟာ !...ရီးရွှေ....ကျုပ်ဟာလေးတော့ ရီးရွှေလုပ်တာနဲ့ လန့်ပြီး ထွက်ပြေးပါ ဦးမယ်ဗျာ။ အသာလုပ်ပါဗျ။ "

​ပန်းဖူး လက်ကလေးကို ဆွဲကာ သူ့အနားလှမ်းခေါ်လိုက်သဖြင့် ပန်းဖူးထိုင်နေရာမှ ကပျာကယာထကာ သူ့အနားဝင်ရပ်လိုက်ရသည်။

" လှလို့ ကြည့်တာပါ ငါ့တူရယ်။ ဒါပေမယ့် ကလေးမလေးက နုနုဖတ်ဖတ်လေးရယ် နင်နဲ့ဖြစ်ပါ့မလား။ "

မြကြည်သာ မျက်နှာကြီးက မှုန်ကုတ်သွားသလို ရီးရွှေက ခုမှ သူ့တူခေါင်းက ပတ်တီးဖြူဖြူကို သတိထားမိသွားရင်း....

" ဟဲ့.....ဒါ နင်အရိုက်ခံရလို့ ဖြစ်တာဆို။ ပြန်မလုပ်ဘူးလား......ဘယ်သူလဲ ။"

" ညီအစ်ကိုမသိတသိအချိန်ဆိုတော့ သဲသဲကွဲကွဲမမြင်လိုက်ရပါဘူးဗျာ။ ပြီးတော့ နောက်ကရိုက်တာဗျ။ ရိပ်မိတဲ့လူတော့ ရှိပါတယ်။ "

" နင့်ညီတွေလဲ ပါလာတာပဲဟာ....သွားပြန်လုပ်ကြပါလား။ "

မြကြည်သာက ခေါင်းကိုခါယမ်းရင်းမှ...

" နေစမ်းပါဗျာ......အုပ်စုရှိမှ မိုက်ရဲတဲ့ကောင်ထဲ မြကြည်သာ မပါဘူး။ ခင့်....ကိုယ်နဲ့လိုက်ခဲ့....ခန်းဝင်ပစ္စည်းတွေ လိုက်ကြည့်စမ်းပါ။ "

ပန်းဖူး ဒေါ်ညွန့်ကြည် ကို တစ်ချက်လှမ်းကြည့်ရင်းမှ....

" ဟို....အမေနဲ့...."

" လာစမ်းပါ ခင်ရယ်..."

မြကြည်သာက ပန်းဖူးက်ို ဆွဲခေါ်သွားသလို ဒေါ်ညွန့်ကြည် က မေးဆတ်ပြရင်း...

" ညည်းတို့တူ မြင်တယ်မဟုတ်လား။ သူ့ဟာကို သွားမထိနဲ့ဟေ့.....ချစ်လို့ထိထိ မုန်းလို့ထိထိ အစွယ်ကြီးတငေါငေါနဲ့ ထိုင်စောင့်နေတဲ့ မယားစောင့်ဘီလူးဖြစ်သွားပြီ။ "

ဒေါ်ညွန့်ကြည် စကားကြောင့် အကုန် တခွိခွိရယ်ကုန်ကြသလို မလှမ်းမကမ်းရှိ ပန်းဖူး နဲ့ မြကြည်သာလဲ ကြား၏။ ပန်းဖူးက မြကြည်သာကို မျက်စောင်းထိုးရင်းမှ....

" အဲ့ဒါ အစ်ကို့ကြောင့်.....ဘာမှန်းသိဘူး။ "

" ဘာဖြစ်လဲ ခင်ရယ်.....ခင်အဲ့နားဆက်နေရင် ခေါင်းပါမူးပြီးလဲလိမ့်မယ်။ ဒီနားမှာပဲနေ... ။ "

ပန်းဖူး သူ့ကို ပြောမနိုင်သည်မို့ သက်ပြင်းလေးသာ ချမိ၏။ ခန်းဝင်ပစ္စည်းတွေကို စားရင်းနဲ့လိုက်တိုက်စစ်ရင်း ဒေါ်ညွန့်ကြည်က နေရာက လှမ်းအော်၏။

" ဟဲ့...သားရေ....ကြည်သာ....ဖက်လုံးမပါပါလား။ ငါမှာလိုက်တာ တစ်စုံစာအပြည့်လေ။ "

မြကြည်သာက မှန်တင်ခုံကြီးအား မရွှေ့ရန်ပြင်နေရာမှ အသာချလိုက်ကာ စိတ်မရှည်သလို ပုဆိုးစအား ဆွဲပင့်ရင်း....

" သြော်....အမေနဲ့လဲ ခက်တာပဲ။ ကျုပ်တစ်ယောက်လုံး ရှိတာ ဘယ်ဖက်လုံးမှ မလိုဘူး။ မိန်းမယူပါတယ်ဆို...ခင်လဲ ဖက်ချင် ကျုပ်ကိုဖက်လိမ့်မယ်။ ကျုပ်လဲ ဖက်လုံးဖက်မလား...ကျုပ်မိန်းမပဲ ဖက်အိပ်မှာပေါ့။ "

" ဟော့တော်.... !"

ဒေါ်ညွန့်ကြည် ကတ်တီးကတ်ဖဲ့နိုင်လွန်းသည့် သားဖြစ်သူအား မနိူင်သလိုသာ ကြည့်နေလိုက်ရသည်။ မင်္ဂလာအိပ်ယာပြင်ရပါမယ်ဆိုမှ ဒီကလေးနှယ် ဂွကျရန်ကော။ 

" ခင့်....ပြီးရင် ဆရာတော့်ဆီသွားရမယ်နော်။ ဆွမ်းစား ကြွမယ့်အချိန်သွားမေးရင်း လျှောက်စရာရှိသေးတယ်။ "

ချစ်ရင်ထူးက သူ့ယောက်ဖမင်္ဂလာဆောင်ပြီးရင် နေရအောင် ရွာမြောက်ပိုင်းမှာ အိမ်တစ်အိမ်လက်ဖွဲ့ပေးသည်။ သို့ပေမယ့် ဒေါ်ညွန့်ကြည်က အတူနေရန်ပဲ ပြောသလို မြကြည်သာကလဲ အစ်မက အိမ်ထောင်ခွဲသွားပြီမို့ အမေနဲ့အဘနှစ်ယောက်ထဲ မဖြစ်မှန်းသိသည်။ ပန်းဖူးကတော့ ခပ်အေးအေးသာနေသူမို့ သူနေသည့်အရပ် လိုက်နေမှာပင်။ 

----------------

ဆရာတော်ကျောင်းမှ အတူပြန်လာကြသလို မနက်ဆွမ်းစားပဲ ကြွမည်ဆိုတာမို့ ထမင်းဟင်းထက် ခေါက်ဆွဲချက်ကြရန် ပြင်ဆင်ကြရမည်ဖြစ်သည်။ မြကြည်သာ ပန်းဖူးပခုံးကို အသာဖက်ရင်း ရွာလယ်လမ်းမအတိုင်း လျှောက်လာသလို ဖိုးလောက်နဲ့ သူ့ညီတစ်ယောက်လဲ ဘေးမှ ပါလာ၏။

" ကိုကြီးကြည်သာ...."

ဖိုးလောက်အသံကြောင့် သူလှမ်းကြည့်မိတော့ သူကြီးကတော်၏ တူ တာယာနှင့် နောက်လိုက်သုံးယောက်လောက်ရှိမည်။ ပြဿနာတက်မည်စိုးတာမို့ ပန်းဖူး မျက်နှာလေးပျက်သွားရင်း မြကြည်သာလက်မောင်းကို လှမ်းဆွဲ၏။

" သွားရအောင်ပါ အစ်ကိုရယ်....နော်။ "

ခင်လဲပါနေသဖြင့် မြကြည်သာ စိတ်ကိုပြန်လျှော့လိုက်သည်။ တာယာ ပန်းဖူးကို မြင်တော့ ငေးခနဲ ဖြစ်သွားရသလို သူ့အား မကြည့်ပဲ မျက်နှာလွှဲနေသည့် ပုံစံလေးကို ပြုံးပြုံးကြီး လိုက်ကြည့်၏။ မြကြည်သာက စူးစိုက်ကြည့်နေရာမှ ....

" ဟေ့ကောင်. ..မင်းဘာကြည့်တာလဲ..."

တာယာ ခပ်ရိရိပြုံးရင်းမှ မြကြည်သာအား လက်ခလယ် လှမ်းထောင်ပြသည်။ 

" ဒီခွေးမသားကတော့....."

မြကြည်သာ အား ဖိုးလောက်တို့ပါ ကမန်းကတန်း ဆွဲထားကြသလို ထွက်သွားသည့် တာယာ့ဆီမှ တဟားဟားရယ်သံက ဒေါသထွက်စရာကောင်းအောင် ကြားနေရသည်။ မင်္ဂလာမဆောင်ခင် ပြဿနာဖြစ်မည်စိုး၍သာ သည်းခံနေရပေမယ့် ဒင်းက အချိူးတစ်စက်မှပြေသည့်ကောင် မဟုတ်။  ငြိတော့ ငြိကြဦးမှာပါပဲ....တစ်ကွေ့ကွေ့ပေါ့။

@@@@@@@@@@@@@@

မနက်ဖန် မင်္ဂလာပွဲမို့ အကုန်အလုပ်ရှုပ်နေကြသလို အထူးသဖြင့် ဂဏှာမငြိမ်လွန်းသည်က မြကြည်သာပင်။ ပန်းဖူးကိုလဲ ဘယ်မှမသွားခိုင်းသလို ဟိုကောင့်ရန်ကိုလဲ သူ့မှာ စိတ်မချနိုင်။ ရွာကို အလှပြင်ပေးမည့်အစ်မကလဲ ရောက်နေပြီဖြစ်သလို မဏ္ဍပ်ကလဲ ထိုးထားတာဟီးထနေသည်။ မိုးတားလေတားလဲ လုပ်ထားပြီးကြပြီ ဖြစ်သလို မနက်ဖန်ကျွေးဖို့ကို တစ်ညလုံး ချက်ရတာ ဝက်ဝက်ကွဲပင်။

ချစ်ရင်ထူး စားပွဲတွေလိုက်ချထားရင်း မြကြည်သာကို လှမ်းကြည့်မိတော့ မလှမ်းမကမ်းရှိ အိမ်ပေါက်ဝလေးတွင်ရပ်ပြီး စကားတပြောပြောဖြင့် ပြုံးရယ်နေသည့် နှင်းဆီပန်းဖူးကို ငေးကြည့်နေတာ တစိုက်မက်မက် ။ 

" ကြည့်လှချည်လား ယောက်ဖရ....ဒီတစ်ညပါပဲကွာ။ မနက်ဖန် မင်းပိုင်ပါပြီ။ "

အနားရောက်လာကာ စနောက်လိုက်သည့် ချစ်ရင်ထူးကြောင့် မြကြည်သာ ရှက်သလို မျက်နှာအမ်းအမ်းဖြစ်သွားရသည်။

" မဟုတ်ပါဘူး ယောက်ဖရာ.....ခင်လေ... စကားတွေပြောနေတာ ကြည့်ပါဦး။ ကျုပ် ပျော်လို့ပါ...ခင် စကားပြောနိုင်သွားတာ ဝမ်းသာတယ်။ "

ချစ်ရင်ထူး မြကြည်သာပခုံးကို လှမ်းပုတ်ရင်းမှ....

" အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး တဲ့....ဒီသုံးခုက မပြုလုပ်ခင် သေချာစဥ်းစားရသလို အေး....လုပ်ပြီးရင်လဲ အကောင်းဆုံးဖြစ်ပါစေကွ။ မင်းက အိမ်ထောင်ပြုတော့မှာ....နှင်းဆီပန်းဖူး ရဲ့ ဇာတိ နောက်​ကြောင်း မင်းဘာမှသိတာ မဟုတ်ဘူး.....နောင်တမရတာ သေချာတယ်နော်။ "

ချစ်ရင်ထူး စကားကြောင့် မြကြည်သာက ထိုင်နေရာမှ ထရပ်ရင်း ပုဆိုးကိုခပ်တိုတိုပြင်ဝတ်၏။ ပြီးမှ ချစ်ရင်ထူးဘက်လှည့်ကာ ခပ်အေးအေးစိုက်ကြည့်ရင်း....

" ခင် နဲ့ ပက်သတ်ပြီး နောင်တဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ "

တိုတိုတုတ်တုတ်ပြောပြီး ပန်းဖူးဆီ လျှောက်သွားတာ တန်းနေသလို ဘာတွေ​သဘောကျနေမှန်းမသိ ပန်းဖူးအနားရောက်ရင်ကို မျက်နှာကြီးသုန်မှုန်နေရာမှ လျော့ကျသွားတာမျိုး။ 

--------------------

" အခါတော်ပေးတာက......နတ်ရေးငယ် ရွှေစာ "

သတို့သားဝတ်စုံကို သေချာအကျအနဝတ်နေရာမှ ထပ်ချည်းတလဲလဲ ပြန်ဖွင့်နေသည့် သီချင်းကြောင့် မြကြည်သာ မျက်နှာက ရှုံ့မဲ့သွားရသည်။ 

" ဟာကွာ.....ဒီသီချင်းကြီးပဲ လာပြန်ပြီ။ အဲ့စက်သမားကို ခု သွားပြော....ဟိုသီချင်း ဘာလဲ ခင်ခင်ပျိုမေ အနားနားတိုးပါ စကားလေးပြောချင်လို့ ...အဲ့ဒါဖွင့်လို့။ "

ဒေါ်ညွန့်ကြည်က မြကြည်သာကို အမြင်ကတ်သလို ကြည့်ရင်းမှ...

" ဟဲ့.....မင်္ဂလာဆောင်နော်။ မင်္ဂလာရှိအောင် မင်္ဂလာတေးဖွင့်ရမှာပေါ့။ ညကလဲ နင်တို့ ကာလသားအုပ်စုကြောင့် တတောက်တဲ့ တောက်တဲ့နဲ့ နားတွေကိုငြီးနေတာပဲ။ "

မြကြည်သာက လက်မခံသလို...

" အမေရယ်.....ချစ်တဲ့သူအချင်းချင်းပေါင်းရတာကိုက မင်္ဂလာရှိနေပြီ။ ဟေ့ကောင်....သွား ခင်ခင်ပျိုမေပဲ။ "

မင်္ဂလာဆောင်က အတော်စည်ပါသည်။ သတို့သား သတို့သမီးမထွင်ခင်အထိ ခင်ခင်ပျိူမေလိုက်ပေမယ့် မင်္ဂလာမောင်နှံထွက်လာတော့ ဘိသိက်ဆရာကအစ အကုန်ငြိမ်ကျကုန်သည်။ အလျားခြောက်တောင် အနံနှစ်တောင်ရှိသော သတို့သမီးခြုံသည့် စုလျားတဘက်အား သတို့သား သတို့သမီးနှစ်ဦးလုံးကို ရစ်ပတ်ထိမ်းမြားခြင်းမို့ မြကြည်သာ နှင့် နှင်းဆီပန်းဖူး တို့သည် စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားခြင်းပင်။

အိမ်ထောင်မှုတော့ ပြုခဲ့ပြီဖြစ်၏။

@@@@@@@@@@@@@@@@@@@@@@

To be continue P - 15

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..