"လူသေအလောင်းကို ထပ်သတ်သည့်အမှု "
lotaya.mpt.com.mm
|
2022-12-20

၁။

       ဆရာဝန် ဦးအောင်မြင့်သည် မနက်ခင်းစောစောတိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ရှိသည်။ ယခင်ကတော့  သူ၏ ဇနီးဖြစ်သူ ဒေါ်နှင်းသူဇာနှင့် အတူလျှောက်လေ့ရှိပြီး၊ လွန်ခဲ့သော ၃နှစ်က ဒေါ်နှင်းသူဇာ ကွယ်လွန်ပြီးနောက်တွင် ၎င်းနှင့် သက်တူရွယ်တူအချို့နှင့် စကားစမြည်ပြောရင်း လမ်းလျှောက်လေ့ရှိ၏။

       ထိုအထဲတွင် အငြိမ်းစား ရဲမှုးဦးစံဝင်း၊ ကျောင်းဆရာ(ကထိက/ငြိမ်း)
ဦးကျော်ဝင်းမောင်၊ ရွှေပန်းထိမ်ဆရာကြီး ဦးဘိုနီနှင့်  သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေတို့သည် သူနှင့်အတွဲဆုံး လမ်းလျှောက်ဖေါ်များ ဖြစ်ကြသည်။

      လမ်းလျှောက် ပြန်လာတိုင်း သူတို့အဖွဲ့သည် ၊ စံပယ်လမ်းထိပ်က ' မြဧရာ လ္ဘက်ရည်ဆိုင်'၌  ခဏတဖြုတ် အချိန်ဖြုန်းကြလေ့ရှိသည်။ ထိုသောအခါ၌ မိမိတို့ ကြုံတွေ့ခဲ့ဖူးသော ရှေးက အတွေ့အကြုံတို့ကို ပြန်ပြောင်း ပြောကြလေ့ရှိ၏။ထိုအထဲတွင် အသက်အငယ်ဆုံး ဖြစ်သည့် ကျောင်းဆရာ ဦးကျော်ဝင်းမောင်က စကားပြော အကောင်းဆုံးလူ ဖြစ်လေ၏။

       ဦးကျော်ဝင်းမောင် စကားပြောသည့်အခါ အမြဲတန်း ပုံတိုပတ်စကလေးများ၊ ဥပမာအလင်္ကာလေးများဖြင့် ညှပ်ပြောတတ်လေ၏။ထို့ကြောင့် အလွန် နားထောင်ကောင်းလေ၏။ ဦးကျော်ဝင်းမောင်သည်  သက်ပြည့်ပင်စင် ယူခဲ့သူမဟုတ်။ မကျန်းမာ၍ ဆေးပင်စင် ယူခဲ့သူဖြစ်၏။ ဦးကျော်ဝင်းမောင်၏ အသက်မှာ ယခုမှ ၅၄နှစ်သာ ရှိသေး၏။ ၎င်း၏ဝါသနာမှာ တမူထူးခြားသည်ဟု ဆိုနိုင်၏။ ၎င်းသည်  ပရလောကနှင့်ဂမ္ဘီရပညာရပ်များကို ဝါသနာကြီးစွာ လေ့လာနေသူ ဖြစ်သည်။

      ၎င်းတို့ လမ်းလျှောက်အဖွဲ့တွင် ဆရာဝန် ဦးအောင်မြင့်နှင့် ပန်းထိမ်ဆရာကြီး ဦးဘိုနီတို့က အသက်အရွယ် အကြီးဆုံးဖြစ်လေ၏။ နှစ်ဦးစလုံးက အသက် ၆၅နှစ်ခန့် ရှိကြပြီ ဖြစ်လေသည်။ သို့သော် ကျန်းမာရေး လိုက်စားသည်ကတကြောင်း ၊ သင့်တင့်သော ရာသီဥတု ရှိသည့် ဒေသ၌ နေထိုင်သည်ကတကြောင်း ၊ ခပ်ပျော်ပျော်နေတတ်သည့် သူတို့စရိုက်ကြောင့် ၎င်းတို့ နှစ်ဦးစလုံးမှာ ကျန်းမာကြလေ၏။

     အငြိမ်းစား ရဲမှုး ဦးစံဝင်းနှင့် သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေတို့မှာ အသက် ၆၂နှစ် ရှိကြပြီဖြစ်သည်။ ၎င်းတို့သည်လည်း အငြိမ်းစား ပင်စင်စားများဆိုပေမယ့် ကျန်းမာဖြတ်လတ်ဆဲ ဖြစ်ကြသည်။

     ပန်းထိမ်ဆရာကြီး ဦးဘိုနီမှ လွဲရင်၊ ၎င်းတို့အားလုံး၌  တူညီသော အချက်တခု ရှိလေ၏။ ယင်းအချက်မှာ သားသမီးများက အဝေးရောက်နေကြခြင်းပင်ဖြစ်လေ၏။ အချို့က မိမိတို့ အလုပ်ရှိရာ ဒေသများတွင် တာဝန်ထမ်းဆောင်ကြရသည်ရှိသလို၊ အချို့က နိုင်ငံရပ်ခြား၌ စီးပွားရှာနေကြခြင်း ဖြစ်လေ၏။

       ရဲမှုးဟောင်း ဦးစံဝင်း၏ ဇနီးအမည်မှာ ဒေါ်ခင်သီတာ ဖြစ်ပြီး၊ အသက်မှာ ၅၇နှစ် ဖြစ်၏။ သစ်တောဝန်ထောက်ဟောင်း  ဦးသိန်းရွှေမှာ  ဇနီးမယား မရှိတော့ချေ။ ညီမကမွေးသည့် တူမတယောက်က အိမ်မှုကိစ္စများ လာရောက်ကူညီဆောင်ရွက်ပေးသည်။ ယင်းတူမ အမည်မှာ ခင်ခင်လေးဟူ၏။ အပျိုကြီးဖြစ်ပြီး အသက်မှာ ၃၅နှစ်ခန့် ရှိပြီဖြစ်၏။

     ယခုတလော  လမ်းလျှောက်ထွက်ရာ၌ သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေ မလိုက်ဖြစ်ချေ။ ၂ရက် ၃ရက် ရှိပြီ ဖြစ်၏။နေမကောင်း၍လားဟု မေးမြန်းကြည့်တော့ ဦးသိန်းရွှေက ဒီရက်ပိုင်း လုပ်စရာလေးတွေ ရှိသေးလို့ပါဟု ဆို၏။

     ဒေါက်တာ ဦးအောင်မြင့်က ...

" ကိုသိန်းရွှေ တယောက် ဘာတွေ အလုပ်များနေလဲ မသိဘူးနော်။ ဒီရက်ပိုင်း သူ့ကို မတွေ့ရဘူးဗျ "

   ဦးသိန်းရွှေနှင့် အိမ်ချင်းနီးသော ရဲမှုးဟောင်း ဦးစံဝင်းက ပြန်ဖြေ၏။

" ပြီးခဲ့တဲ့  တရက်က  ကျုပ်အိမ် လာသေးတယ်ဗျ ။ မျက်စင်း ရှိလားလို့ လာတောင်းတာတဲ့။ ဒီလူ  မျက်စိများ နာနေသလား မပြောတတ်ပါဘူး၊ မျက်စင်းလဲ ရရော တန်းပြန်ချသွားတာပါပဲ "

    ပန်းထိမ်ဆရာဦးဘိုနီနှင့် ဒေါက်တာ ဦးအောင်မြင့်တို့က ဦးစံဝင်း စကားကြားရသည့်အခါ ဦးသိန်းရွှေ မျက်စိနာနေသည်ဟုသာ အောက်မေ့လိုက်ကြသည်။ သို့သော် ကျောင်းဆရာ ဦးကျော်ဝင်းမောင်၏ ဖြည့်ဆွက် စကားကြောင့် အံဩသွားကြပြန်၏။

     
"    ဟာ ! ဦးသိန်းရွှေ  မျက်စိ မနာပါဘူးဗျ။ မနေ့  ညနေပိုင်းကပဲ သူနဲ့ ကျုပ် စကားတွေ အများကြီး ပြောဖြစ်ကြသေးတယ်။
    အင်း ... အမှန်တော့ စကားလာပြောတယ် ဆိုတာထက်  ဦးသိန်းရွှေက  ကျုပ်ဆီကို  သူ သိချင်တာ လာမေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်ဗျ "

ဒေါက်တာ ဦးအောင်မြင့်က ...

" ဒီလူက ဘာတွေ လာမေးတာမို့လဲဗျ"

  " စုံနေတာပါပဲဗျာ ၊ နို့ပေမဲ့  သူ့မေးခွန်းတွေက ခါတိုင်းနဲ့မတူ ထူးဆန်းတာတော့ အမှန်ပဲ။ ပြန်ပြောဖို့ကလဲ ခက်တော့ အခက်သား။ သူက  သူ ဒီလိုမေးတာတွေကို ဘယ်သူ့ကိုမှ ပြန်မပြောဖို့  ကျုပ်ကို တားသွားသေးသဗျ "

     ရဲမှုးဟောင်း ဦးစံဝင်းက ...
" ခင်များဟာက လျှို့ဝှက်သည်းဖိုပါလား ကျောင်းဆရာ ။ ဒီဟာဖြင့်  ကျုပ် မှန်းဆလို့ ရပါပြီ ဟင်းဟင်း "

     ဒေါက်တာ ဦးအောင်မြင့်က သိချင်ဇောဖြင့် မေးလိုက်လေ၏။

   " ခင်များက ဘာကို ခန့်မှန်းမိတာလဲ ကိုစံဝင်းရဲ့ "

    ရဲမှုးဟောင်း ဦးစံဝင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ...

    " အိုဗျာ  လူမသိစေချင်ပါဘူးဆိုမှဖြင့် သူ့လုပ်ရပ်ကို ကျုပ်တို့က မယုံကြည်မှာစိုးလို့ပဲ ဖြစ်မှာပေါ့။
      ဒီတော့ ဘာဖြစ်မလဲ။ ကျောင်းဆရာက  ပရလောကစာပေတွေ အဖတ်များတယ်၊ ပြီးတော့ ဂမ္ဘီရနယ်ပယ်ကို လေ့လာနေတယ်ဆိုတာ ခင်များတို့ ကျုပ်တို့ အသိပဲမဟုတ်လား။ အဲ့ဒီတော့  ကျောင်းဆရာဆီ သူ လာမေးတာလဲ  အဲ့ဒီ ပရလောကနယ်ပယ်အကြောင်းပဲ ဖြစ်မှာပေါ့။
      ခင်များတို့  ကျုပ်တို့က  အဲ့ဒီလောကကို  ရှိတယ်မှ မအောက်မေ့တာ။ အဲ့ဒီတော့ ကျုပ်တို့က သူ့ကို ပြက်ရယ်ပြုမှာ စိုးပြီး ကျောင်းဆရာကို ကြိုပိတ်ထားပုံရတယ်။
       ဘယ်လိုလဲ  ကျောင်းဆရာ။ ကျုပ် ပြောတာ မှန်ရဲ့လား "

       လက်တွေ့ ရာဇဝတ်မှု မှုခင်းများကို ဖေါ်ထုတ်ခဲ့သော ရဲမှုးဟောင်း ဦးစံဝင်းလို လူက  ပရလောကကို အယုံအကြည်မရှိသလို၊ ခေတ်မီ ဆေးသိပ္ပံပညာကို ဖရော်ဖက်ဆာဘွဲ့ ယူခဲ့သည့် ဒေါက်တာ ဦးအောင်မြင့်ကလည်း မယုံကြည်ဘူးဆိုတာ ခန့်မှန်းရနိုင်၏။ သို့သော်  သူတို့သည် ကျောင်းဆရာ ကိုကျော်ဝင်းမောင် လေ့လာလိုက်စားနေသော ပညာရပ်ကိုမှု အထင်သေး ရှုံ့ချခြင်း မပြုကြပေ။ လူတဦးတယောက်၏ အခွင့်အရေးကို လေးစားခြင်းသည် လူကြီးလူကောင်းတို့၏ ပြယုဒ်ပင်မဟုတ်လော။

      ကျောင်းဆရာ ဦးကျော်ဝင်းမောင်က  ပြုံး၏။ သို့သော် ခေါင်းငြိမ့် အဖြေပေးခြင်း မရှိသလို၊ ခေါင်းခါ၍လည်း မငြင်းချေ။ သူသည်  ဦးသိန်းရွှေအား ပေးထားသော ကတိကို တည်ရမည်ဖြစ်၏။

   " ကဲပါဗျာ ... ခင်များတို့  သိချင်နေတဲ့ အဖြေကို  ဦးသိန်းရွှေ ကိုယ်တိုင်ကပဲ ဖြေပါလိမ့်မယ်။
    ကျုပ်တို့  လမ်းလျှောက်က အပြန်၊ ထိုင်နေကျ လ္ဘက်ရည်ဆိုင်ကို သူ လာခဲ့မယ်လို့ ပြောသွားပါတယ်။
      သူနဲ့တွေ့မှ ဖြစ်ကြောင်းကုန်စင်ကို မေးကြည့်ကြပေါ့ "

    သို့ဖြင့် သူတို့အဖွဲ့သည်  မြဧရာလ္ဘက်ရည်ဆိုင်သို့  ထွက်လာခဲ့ကြလေ၏။

    ရဲမှုးဟောင်း၏ ခန့်မှန်းချက်သည် မှန်၏ ။ ဦးသိန်းရွှေသည်  ပရလောကသားများအကြောင်း ကျောင်းဆရာ ကိုကျော်ဝင်းမောင် သိသလောက် ပြောပြစမ်းပါဟု လာ​ပြောခြင်း ဖြစ်သည်။

      အထူးသဖြင့်တော့  ဦးသိန်းရွှေသည် ဖုတ်သရဲ နှင့် သွေးစုတ်သရဲတို့၏ စရိုက်လက္ခဏာများကို သိလို၍ လာမေးခြင်း ဖြစ်သည်။

       သူတို့ လ္ဘက်ရည်ဆိုင် ရောက်တော့ ဦးသိန်းရွှေ မရောက်သေးပေ။မိနစ်၂၀ခန့် ကြာမြင့်သည်အထိ သူတို့ စောင့်ဆိုင်းနေသော်လည်း ပေါ်မလာသေးချေ။

      ဦးသိန်းရွှေ မလာခင်မှာ ပန်းထိမ်ဆရာ ဦးဘိုနီက  ကိစ္စတခု ချိန်းထားသဖြင့် စောပြန်သွားနှင့်သည်။ လ္ဘက်ရည်ဆိုင်တွင် ၊ ဒေါက်တာ ဦးအောင်မြင့်၊ ရဲမှုးဟောင်း ဦးစံဝင်းနှင့် ကျောင်းဆရာ ကိုကျော်ဝင်းမောင်တို့သာ ကျန်ရစ်ခဲ့တော့လေ၏။

     နာရီဝက်ခန့် ကြာမှ ဦးသိန်းရွှေ ရောက်လာလေတော့၏။

             _____________

   ၂။

    သစ်တောဝန်ထောက် ဦးသိန်းရွှေက တူမဖြစ်သူနှင့် ပတ်သက်၍  ငြီးငြီးငြူငြူ စကားကို ဆိုလိုက်ခြင်း ဖြစ်သည်။

    " ဘယ့်နှယ်ဗျာ ...အိမ်မှာ အကူလေးများ ရမလားလို့  တူမဖြစ်သူကို ခေါ်ထားပါတယ်။ အခု  ကျုပ်ကပဲ သူ့ကို  ပြန်ကူနေရတယ် "

    အိမ်နီးချင်း ဖြစ်သော ရဲမှုးဟောင်း ဦးစံဝင်းက ...

   " ဘယ်လိုဖြစ်လို့လဲဗျ ၊ အခါတိုင်းတော့ ခင်ခင်လေးဟာ သွက်သွက်လက်လက်ပဲမဟုတ်လား။
      အိမ်မှုကိစ္စ နိုင်နင်းသလို ၊ ထောင့်ကိုစေ့နေတာပါပဲ။ ခင်များအိမ်က သစ်သား ကြမ်းပြင်ဆို နင်းရက်စရာတောင်မရှိဘူး ။ ဝင်းပြောင်နေတာပဲ။
      ပြီးတော့လဲ  ခင်ခင်လေး လက်ရာက အစပ်အဟပ်တည့်လို့ ထင်ပါ့။ ကျုပ်မိန်းမကတောင် ခင်ခင်လေးက ဟင်းချက် သိပ်ကောင်းတာပဲလို့ မကြာခဏ ချီးမွှမ်းခန်း ဖွင့်နေသေး "

      မှန်၏။ ခင်ခင်လေးသည် ဦးသိန်းရွှေအိမ်ကို  ရောက်သည်မှာ တလကျော် ကြာမြင့်ပြီဖြစ်သည်။ သူမသည် အအားနေတတ်သူမဟုတ်။ပျင်းရိ လေးဖင့်တတ်သူမဟုတ်။ အင်မတန် လာဘ်မြင်သူ ဖြစ်၏။

သိုးသိုးသွက်သွက်နှင့် တအိမ်လုံး အမြဲသန့်ရှင်းနေတတ်သည်။ ဦးသိန်းရွှေတို့အိမ်က  ပျဉ်ထောင်၊ပျဉ်ခင်းအိမ်ဖြစ်သည်။ ကြမ်းခင်းထားသော သစ်မှာ ပိတောက်သားဖြစ်၏။

ထို့ကြောင့် ပိတောက်၏ သဘောအတိုင်းကြမ်းတိုက်ဖန်များသော်  နီရဲပြီး စိုအိနေ၏။ အိမ်တွင်းရှိ ပရိဘောဂများမှာလည်း ဖုန်မှုန်တစက်မျှ တင်ကျန်နေသည် မရှိ။ပျင်းရိခြင်း မရှိသော ခင်ခင်လေး၏ ကြိုးစားအားထုတ်မှုကြောင့် သန့်ရှင်းတောက်ပြောင်နေလေ့ရှိသည်။

      ထို့အပြင် ခင်ခင်လေးသည် တကိုယ်ရေ သန့်ရှင်းမှုကိုလည်း အလေးထားသူ တယောက်ဖြစ်၏။ သူမ ပါးပြင်ပေါ်တွင် အမြဲတန်းလိုလို သနပ်ခါးကို မှုန်နေအောင် လိမ်းထားလေ့ရှိပြီး၊ ကျန်းမာသန်စွမ်းသော ဆံပင်ရှည်ကြီးကိုလည်း တပတ်လျို ထုံးဖွဲ့ထားလေ့ရှိ၏။

     ခင်ခင်လေးသည် အသက် ၃၅နှစ်ဟုဆိုသော်လည်း ဗိုက်ပူခါးတုတ်မဟုတ်ချေ။  အချိုးအစားကျသည့် ကိုယ်ရှိ၏။  သို့သော် ခင်ခင်လေး၏ မျက်နှာမှာ  အတန်ငယ် လေးထောင့်ကျ၏။ မျက်ခုံးသေးသွယ်၏။ နှာတံလုံး၏။ သူမ၏ မျက်နှာပေါ်မှာ ကြီးမားသော ချို့ယွင်းချက် တခုရှိလေ၏။ ယင်းချို့ယွင်းချက်မှာ မွေးရာပါ ဖြစ်၍ ပြုပြင်၍ မရနိုင်ပေ။ယင်းမှာ  မျက်စိစွေစောင်းခြင်းပင် ဖြစ်၏။ ထို့ချို့ယွင်းချက်ကြောင့်ပင် ယခုထက်တိုင် အိမ်ထောင်ဖက် မရရှိခြင်းလားဆိုတာတော့ ခင်ခင်လေးကိုယ်တိုင်သာ သိချေမည်။

       သို့သော် သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေသည်  ခင်ခင်လေး  ရှိနေခြင်းကြောင့် နေမှုထိုင်မှု စားမှု သောက်မှု အဆင်ပြေနေခြင်း ဖြစ်သည်ဆိုတာကို ငြင်းပယ်၍ မရနိုင်။

     ခင်ခင်လေးသည်  ရေသာခိုတတ်သူမဟုတ်၊ ဦးကြီး၏ ဝေယျာဝစ္စများကို တချက်ကလေးမှ မငြီးမငြူဘဲ စေတနာပါစွာ လုပ်ကိုင်ပေးသူ ဖြစ်လေ၏။

ဤအချက်ကို ယခု လ္ဘက်ရည်ဆိုင်၌ ထိုင်နေကြသော တဝိုင်းလုံးက သိရှိကြပြီး ဖြစ်၏။ ထို့ကြောင့် ခင်ခင်လေးဘက်မှ ဖါထေးပြောဆိုနေကြခြင်း ဖြစ်သည်။

   " အေးဗျာ ၊ ဘာဖြစ်သလဲ မပြောတတ်ပါဘူး။ တမြန်မနေ့ကတော့ ခေါင်းကိုက်နေလို့  အိပ်ယာထဲ လှဲအုံးမယ်ပြောတာနဲ့  ကျုပ်လဲ အိမ်မှာရှိတဲ့ ဘိုင်အိုဂျက်ဆစ်လေး တပြားကို တိုက်ထားလိုက်တယ်။
     တနေ့လုံး  အိပ်ခန်းထဲက ထွက်မလာဘူး။ ဒါနဲ့  ညနေပိုင်း ရောက်တော့ကျုပ်က  ဦးအောင်မြင့်ကို အိမ်ပင့်လိုက်မယ် ပြောတော့၊ သက်သာပါပြီတဲ့ ဆိုပြီး၊ အိပ်ယာကနေ ကောက်ခါငင်ခါ ထွက်ချလာပြီး ညနေစာ ထမင်းဟင်းတွေ ချက်ပြုတ်တော့တာပါပဲ။
      သိတဲ့အတိုင်း  ကျုပ်အိမ်က ရက် တပါတ်စာ အသားငါးတွေကို ရေခဲသေတ္တာထဲထည့်ထားလေတော့၊ အလွယ်တကူ ချက်ပြုတ်လို့ ရတာပေါ့ဗျာ။ 
      ကျုပ်လဲ  မိခင်လေး သက်သာပြီဆိုတော့ ဦးအောင်မြင့်ကို ဖုန်းမဆက်တော့ဘူးပေါ့။
     ဒါပေမဲ့ဗျာ  နောက်တနေ့ မနက်ရောက်တော့ မိခင်လေးဟာ  ခေါင်းပြန်ကိုက်လို့  အိပ်ယာထဲ နေပါရစေဖြစ်ပြန်ရော။
      ကျုပ်စိတ်ထဲ  ဒီလို အောက်မေ့မိပါရဲ့။ မိန်းကလေးဆိုတော့  တလတကြိမ် ဖြစ်နေကျ ဖြစ်တာနေမှာပါပေါ့ဆိုပြီး၊ ကြည်ကြည်ဖြူဖြူနဲ့  ခွင့်ပြုလိုက်တယ်။
      ကျုပ်လဲ နေ့လယ်စာကို ဖြစ်သလိုပဲ ကြက်ဥကြော်စားလိုက်တယ်။ ညနေပိုင်း ရောက်ပြန်တော့ မိခင်လေးက အကောင်းဗျ။ ထမင်း၊ဟင်းတွေ ထချက်ပြန်တယ်။ ညပိုင်းကြီး အိမ်သန့်ရှင်းရေးတွေ လုပ်တယ်။
      ထူးဆန်းတာက  ညဘက်  ကျုပ် စာဖတ်နေတဲ့ အခန်းကို နွားနို့ပူပူလေး တခွက်လာပို့ရင်း ဘာပြောတယ်မှတ်လဲ "

     အားလုံးက  ဦးသိန်းရွှေ ပြောလာမည့် စကားကို ငံ့လင့်နေကြသည်။ ဦးသိန်းရွှေက  ဆက်ပြော၏။

   " အန်ကယ့် မှာ နေကာမျက်မှန် ရှိတယ်မို့လားတဲ့ ။ ကျုပ်လဲ  အင်း ရှိသားပေါ့ ၊ ဘာလုပ်ချင်လို့လဲ မိခင်လေးဆိုလိုက်တော့ ၊ သူက  ခင်လေးကို  ပေးပါလားလို့  တောင်းသဗျ။
     ဟဲ့  ဘာလုပ်ဖို့လဲ မိခင်လေးရဲ့ဆိုပြီး သူ့ကို ကျုပ်စေ့စေ့ကြည့်လိုက်မိတယ်လေ ... လားလား  မိခင်လေး မျက်လုံးတွေက ဓာတ်မီးနဲ့အထိုးခံရတဲ့ ပတ္တမြားခဲလို ရဲရဲ နီနေသဗျ ။ ကျုပ်လဲ ထိတ်လန့်သွားပြီး ညည်းမျက်လုံးတွေ ရဲလို့ပါလား ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။
      မိခင်လေးက ဘာပြောသလဲဆို... ဟုတ်တယ် အန်ကယ်၊ ခင်လေးမျက်လုံးတွေ နာနေလို့ ၊ နေ့ဘက် အပြင်ထွက်ချင်ရင် နေကာမျက်မှန် တပ်ချင်လို့ပါလို့  ပြောလာတယ်။
       ကျုပ်မှာ နေကာမျက်မှန် အမည်းရှိတာ မိခင်လေး သိသဗျ။ ဘာလို့ဆို အဲ့ဒီမျက်မှန်ကို ကျုပ်က စားပွဲပေါ်မှာ တင်ထားနေကျကိုး။
      ဒါနဲ့  ကျုပ်လဲ  သူ့ကို  အဲ့ဒီနေကာမျက်မှန်အမည်းကို ပေးလိုက်တယ်လေ။ အဲ့ဒီမှာ ကျုပ် စဥ်းစားမိတာလေး တခုရှိတယ်ဗျ ။ မျက်စိ ကျိန်းတာလောက်နဲ့တော့ မိခင်လေး မျက်လုံးတွေက အဲ့သလောက် ရဲတွတ်နေပါ့မလားပေါ့။
       ဒါဟာ  သာမန်မှ ဟုတ်ရဲ့လားပေါ့။ မိခင်လေး  ကျုပ်ကို  တခုခုများ လျှို့ဝှက်ထားလေသလားလို့  သံသယစိတ် ဖြစ်သွားမိတယ်။
      ဒါနဲ့  ဒီကနေ့ မနက် ကျုပ်  သူ့ကို သတိထားကြည့်နေလိုက်တယ်။ ပုံမှန်ဆို မိခင်လေးက မနက် ၅နာရီခွဲ အိပ်ယာကနေ ထနေကျဗျ။
       မနက်ကတော့ သူ ၇နာရီထိုးပြီးမှ ထတယ်။ ဒါကြောင့်  ကျုပ်  ခင်များတို့နဲ့  လမ်းလျှောက် မလိုက်ဖြစ်တာပေါ့။
       သူ့ မျက်လုံးတွေက  ပုံမှန် ပြန်ဖြစ်သွားကြပြီ။ ဒါပေမဲ့  ကျုပ်ကိုတော့ နေကာမျက်မှန် ပြန်မပေးသေးဘူး။
        အဲ ... ပြီးတော့  ကျုပ် သူ့ကို သတိထားမိတာ တခုရှိတယ်။ ခါတိုင်းလို  သနပ်ခါးလိမ်းတာ မတွေ့ရဘူး။ ကျုပ် စောင့်ကြည့်နေတဲ့ ၃ရက်အတွင်းမှာ ရေချိုးတာ မတွေ့ရဘူး။
      အရင်ကဆို မိခင်လေးဟာ အင်မတန် အသန့်ကြိုက်တာ ခင်များတို့လဲ အသိပဲလေဗျာ။ မိခင်လေး ကိုယ်မီာ တခုခု ပူးကပ်နေသလားလို့ ကျုပ် သံသယဝင်မိတယ်။
       ဒါကြောင့်  ကျုပ်လဲ  ကျောင်းဆရာ ကိုကျော်ဝင်းမောင်နဲ့ တိုင်ပင်ပြီး ၊ နားလည်တတ်ကျွမ်းတဲ့ဆရာကောင်းသမားကောင်းနဲ့ မိခင်လေးကို ပြကြည့်မယ်လို့  စိတ်ကူးရတယ်။ ခင်များတို့ရော ဘယ်လိုသဘောရသလဲဗျ  "

    ဆရာဝန် ဦးအောင်မြင့်က သူ စဥ်းစား သုံးသပ်မိတာကို ဝင်ပြောလေ၏။

  " အခု ကိုသိန်းရွှေ ပြောတဲ့အထဲမှာ  သိပ်ပြီး ထူးဆန်းတာ မပါဘူးလို့ပဲ ကျုပ်  သုံးသပ်မိတယ် ။
     ခေါင်းကိုက်လို့ အိပ်တယ်။ မနက်ခင်း  မထဘူး။ နောက် တနေ့လုံး အိပ်နေတယ်။ ဒါဟာ  တခါတလေမှာ ဖြစ်တတ်တာပဲဗျ။ အအေးမိပြီး ခေါင်းတခြမ်းကိုက်တာ ခံရခက်သဗျ ။ အာရုံကြောတွေကို  အနားပေးတဲ့အနေနဲ့  ခင်ခင်လေးဟာ အိပ်စက်နေတာလဲ ဖြစ်နိုင်တာပဲမဟုတ်လား။အာရုံကြောများဟာ လှုပ်လှုပ်ရှားရှား မလုပ်ဖြစ်ရင် သက်သာတဲ့သဘောရှိတယ်လေ။
       နောက်တချက်က  မျက်စိနာလို့ နေပူထဲ ထွက်တဲ့အခါမှာ မျက်စိကို အကာအကွယ် ရအောင် မျက်မှန်အမည်းကို တောင်းတာလဲ သဘာဝကျသား။ ဒါ ထူးခြားဖြစ်စဥ်မဟုတ်ဘူး။
        ညဘက်တွေ  သန့်ရှင်းရေးလုပ်တာကျတော့  ... ခင်ခင်လေးက  အသန့်ကြိုက်တယ်။ သူ  အဖျား  သက်သာတဲ့အချိန် ထလုပ်တာ မဖြစ်နိုင်ဘူးလား။
        မျက်လုံးတွေ နီရဲနေတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ...
     ကိုသိန်းရွှေ  မြင်ခဲ့တာ ညပိုင်းလို့ ဆိုတယ်။ ပြီးတော့  ကိုသိန်းရွှေက စာဖတ်နေတယ်လို့လဲ ပြောထားတယ်နော်။
        ကိုသိန်းရွှေ  အမြင်မှားတာလဲ ဖြစ်နိုင်ပါတယ်။ ခင်များက စာအုပ်မှာ အကြာကြီး အာရုံစိုက်ဖတ်ခဲ့ရတာမို့  မီးရောင်နဲ့ မြင်ရတဲ့ ခင်ခင်လေးရဲ့ မျက်လုံးဟာ ပိုနီနေသယောင် မြင်မိပါလိမ့်မယ်။ ကျုပ်ကတော့ အဲ့သလိုပဲ ယူဆတယ်။
      မီးကျီခဲလို  ပတ္တမြားသွေးလို ရဲရဲနီနေတယ်ဆိုတာက စာဖတ်ကောင်းရုံ  အတိသယဝုတ္တိအလင်္ကာမြောက်အောင် ရေးဖွဲ့ကြတာဗျ။ အပြင်မှာ အဲ့သလောက် မနီရဲပါဘူး။
     နောက်ဆုံးတချက်ကတော့ ရေချိုးတာ သနပ်ခါးလိမ်းတာ မမြင်မိဘူးဆိုတဲ့အချက်။
       အဲ့ဒါကတော့  ခင်ခင်လေးရဲ့ စိတ်အပြောင်းအလဲပေါ် မူတည်လိမ့်မယ်။ သူ့မှာ စိတ်ဆင်းရဲစရာ ဒါမှမဟုတ် စိတ်ညစ်ညူးစရာ အကြောင်းကိစ္စ တခုခုသာ ကြုံတွေ့နေရရင် အဲ့ဒါတွေ ဘယ်လုပ်ဖြစ်ပါ့မလဲ ကိုသိန်းရွှေရဲ့ ။
      အဓိက ကတော့  ခင်များ  အရမ်း စိတ်ပူပန်တာမျိုး  မဖြစ်သင့်ဘူးလို့ပဲ  ကျုပ်  အကြံပေးချင်ပါတယ် ကိုသိန်းရွှေ "

     သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေက  ဒေါက်တာ ဦးအောင်မြင့်က ချက်ကျလက်ကျ ထောက်ပြသော အချက်များကို လက်သင့်ခံလိုဟန်မရှိချေ။

    ဤတွင် ရဲမှုးဟောင်း ဦးစံဝင်းက ဝင်၍ ပြောပြန်၏။

    " ဦးအောင်မြင့် ပြောသွားတာတွေကို  ကျုပ်လဲ သဘောတူတယ် ကိုသိန်းရွှေ ။ သူပြောသွားတဲ့ အချက်အလက်တွေက သဘာဝကျရဲ့မဟုတ်လားဗျ ။ နို့ပြီး  ခင်များ တလွဲဆံပင်ကောင်းပြီး ရှောက်လုပ်နေမယ်ဆိုရင် ခုတ်ရာတခြား ရှရာတခြား ဖြစ်နေပါအုံးမယ် ၊ မျက်စိမကောင်းရင် မျက်စိဆရာဝန်နဲ့ ပြကြည့်ရမှာပေါ့ ၊ နောက်ဆုံး ဟောဒီက ဦးအောင်မြင့်ကို  ကြည့်ခိုင်းရင်လဲ အဆင်ပြေတာပဲဟာ "

     ဦးသိန်းရွှေမှာ ပြောရခက်ခဲနေဟန် သက်ပြင်းကို တတွင်တွင် ချနေ၏။ ဤတွင် ကျောင်းဆရာ ကိုကျော်ဝင်းမောင်က ချောင်းဟန့်လိုက်ရင်း ...

" အဟမ်း  အဟမ်း ...
ကဲ  ဦးသိန်းရွှေရေ ၊ ခင်များတို့ ကျုပ်တို့က  မိတ်ဆွေရင်းချာတွေပဲဗျာ။
ပြောစရာ ရှိတာကို ချန်မထားသင့်ဘူးမဟုတ်လား ။
    ဒီတော့  ခင်များ  ကြုံတွေ့နေရတာတွေကို  ဒီက ဒေါက်တာဦးအောင်မြင့်နဲ့ ရဲမှုးဟောင်း ဦးစံဝင်းကို မချွင်းမချန် ပြောသာ ပြောပြလိုက်ပါဗျာ ။
      ဒါမှလဲ  ခင်များ  ရှေ့ဆက် ဘာလုပ်သင့်သလဲဆိုတာ မှန်ကန်တဲ့ လမ်းညွှန်မှုမျိုး ပေးနိုင်ကြမှာပေါ့ "

     ကျောင်းဆရာရဲ့စကား က ဦးသိန်းရွှေသည်  ဒေါက်တာဦးအောင်မြင့်နှင့် ရဲမှုးဟောင်း ဦးစံဝင်းတို့ မသိသေးသော အချက်များ ကျန်နေပုံပင်။

     ထိုစဥ်  ၎င်းတို့ထိုင်နေသော လ္ဘက်ရည်ဆိုင် အပြင်ဘက် လမ်းပေါ်မှ ဆိုက္ကားတစီး ဖြတ်သွားသည်ကို သူတို့ ၄ဦးစလုံး မြင်တွေ့လိုက်ရသည်။

       ဆိုက္ကား၏ အရှေ့ခုံ၌ နေကာမျက်မှန် အမည်းရောင်ကို တပ်ထားပြီး ဂျုံခမောက်အဝိုင်းကို ခပ်ငိုက်ငိုက် ဆောင်းထားသည့် ခင်ခင်လေးက ထိုင်လိုက်ပါသွားပြီး၊ ဆိုက္ကား၏ နောက်ခုံနှင့် ကယ်ရီယာပေါ်၌ များစွာသော အထုပ်အပိုးများကို တွေ့လိုက်ကြရသည်။ ထူးခြားသည်က ခင်ခင်လေးသည်  အင်္ကျီလက်ရှည်ကို ဝတ်ထားသလို၊ လက်အိတ်ကိုလည်း စွပ်ထား၏။ထို့အပြင် ထီးအနက်ရောင်ကြီး တခုကိုလည်း ဆောင်းထားလေ၏။ နံနက်စောစောဖြစ်၍  ထီးဆောင်းရလောက်အောင် နေက ပူပြင်းခြင်း မရှိချေ။

ခင်ခင်လေးသည် ဈေးက ပြန်လာပုံရ၏။ အထုပ်အပိုးများမှာ အရည်တချို့ စွန်းထင်းနေ၏။ အသားငါးများ ဖြစ်ပုံရသည်။

     ရဲမှုးဟောင်း ဦးစံဝင်းက  ရယ်သွမ်းသွေးလိုက်သည်။ ...

" ခင်ခင်လေးတောင် ဈေးက ပြန်လာပြီပဲ၊ ဟင်းချက်စရာ အမယ်တွေက များလာချည်းလာဗျ ၊ ဘာလဲ အလှုလုပ်ဖို့လား ဟားဟားဟား"

      သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေကမူ  မချိပြုံးကိုသာ ခပ်ဖော့ဖော့ပြုံးလိုက်ရင်း ...

     " ခင်များ   မယုံရင်  အဲ့ဒီအထုပ်တွေ  လိုက်ကြည့်ပါလား ကိုစံဝင်း။ အဲ့ဒါ အင်မတန် လတ်ဆတ်တဲ့  အသားစိုတွေ ဝယ်လာတာဗျ"

   ရဲမှုးဟောင်း ဦးစံဝင်းက ...
    " ဗျာ ! "

    ဒေါက်တာဦးအောင်မြင့်လည်း တအံတအော်ဖြင့် ...
    " ဘယ့်နှယ် ဘယ့်နှယ် ဒီလောက် အများကြီး ဖြစ်နိုင်ပါ့မလား "

      ဦးသိန်းရွှေသည်  ဆိုက္ကားနောက်မြီးမှ တစက်စက်ကျနေသော အသားစိုများမှ သွေးများကို ငေးကြည့်ရင်း ...

   " အင်း ... ဦးအောင်မြင့်က ဆရာဝန်ဆိုတော့ ဆေးပညာရှု့ထောင့်ကနေ သုံးသပ်သွားတာပေါ့။ ကျုပ်  ခင်များတို့အပေါ်မှာ ကွယ်ဝှက်မနေတော့ပါဘူး။ ဒီမယ် ဦးအောင်မြင့် ခင်များ ပြောတာကို ကျုပ်  လက်သင့်ခံချင်ပေမယ့် ... ကျုပ် လောလောဆယ် ကြုံတွေ့နေရတာတွေက ...  တကယ်ကို ထူးဆန်းနေတာ အမှန်ပါဗျာ။ ခင်များတို့  ယုံချင်မှ ယုံပါ။
       ဒါပေမဲ့  အခု ကျုပ် ပြောပြမယ့် အကြောင်းအရာတွေက  လုပ်ကြံဖန်တီးမှု တခုမှ မပါတဲ့ တကယ့် ကိုယ်တွေ့ ချောက်ချားဖွယ်ရာ အဖြစ်အပျက်တွေဆိုတာ ... ကျုပ် ကျိန်ဆိုပြီး ပြောဝံ့ပါတယ်ဗျာ "

             ____________

၃။

  ညပိုင်း၌    ဦးသိန်းရွှေ  ဧည့်ခန်းရှိ ခုံတလုံးပေါ် ထိုင်ရင်း စဥ်းစားနေ၏။ ညနေက  ကျောင်းဆရာ ကိုကျော်ဝင်းမောင် ပြောသော သွေးစုပ်သရဲအကြောင်း ပြန်ပြောင်းတွေးမိလေသောကြောင့်  မီးဖိုခန်းက  ခင်ခင်လေး၏ အသားများ ခုတ်ထစ်နေသံသည် သူ့ရင်ဘတ်ကို အခုန်မြန်နေစေ၏။

   " ဒုန်း  ... ဒုန်း "

      ခင်ခင်လေးသည်  ညဘက်ရောက်မှ အသားများကို ချက်ပြုတ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ စောစောက  သူ့ထိုင်နေသည့် ခုံရှေ့မှ ခင်ခင်လေး ဖြတ်လျှောက်သွားတာကို  မြင်လိုက်ရ၏။ တနေ့လုံး  အိပ်ယာထဲ  လှဲနေခြင်းဖြစ်ပြီး၊ ယခုမှ အိပ်ယာက ထွက်လာခြင်း ဖြစ်သည်။

   " ဒီလိုဗျ  ဦးသိန်းရွှေရဲ့။ သွေးစုပ်ဖုတ်သရဲဆိုတာက နေ့ဘက် အပြင်လုံးဝ မထွက်ဘူး။ ဆိုချင်တာက သူတို့က အလင်းရောင်ကို  မခံဝံ့ဘူးဗျ။ 
ညဘက်တွေမှ  သူတို့က သွားလာလှုပ်ရှားလေ့ရှိကြတယ်။
     သွေးစုပ်ဖုတ်သရဲတွေဟာ လူ့ခန္ဓာကိုယ်မှာ ဆက်လက်ရှင်သန်ဖို့အတွက် အသားတွေ အသွေးတွေကို စားသုံးဖို့ လိုအပ်တယ်။ သူတို့အကြိုက်နှစ်သက်ဆုံးကတော့ သွေးစိမ်းရှင်ရှင် အသားတွေပဲ။ အထူးသဖြင့်တော့ အရှင်လတ်လတ်လူရဲ့ သွေးကို ပိုမို ခုံမင်နှစ်သက်ကြတယ်"

      ဦးသိန်းရွှေသည် ကျောင်းဆရာ ပြောသော သွေးစုပ်ဖုတ်သရဲအကြောင်းကို တွေးလိုက်တိုင်း ကျောထဲက စိမ့်ခနဲ ဖြစ်သွားလေ၏။ အခု  သူ့တူမ ခင်ခင်လေးသည် ကျောင်းဆရာ ကိုကျော်ဝင်းမောင် ပြောသည်နှင့် လွန်စွာ တိုက်ဆိုင်နေသည်မဟုတ်လား။

      ခင်ခင်လေးသည် နေ့ဘက်တွင် တနေကုန်အိပ်၏။အိပ်ယာထဲက မထချေ။ သူမ၏ အခန်းတံခါးကို ဂျက်ချထားသည့်အပြင် ၊ ပြတင်းတံခါးကိုလည်း လုံးဝ မဖွင့်ချေ။

       ဦးသိန်းရွှေက  သွားအော်နှိုးသည့်အခါ  ခေါင်းကိုက်နေသည်ဟု အဖြေပေး၏။ ဤသို့ဖြစ်နေသည်မှာ တရက်လည်း မက နှစ်ရက်လည်းမကတော့ချေ။ ဆရာဝန် အိမ်ကို ပင့်ပေးမည်ဆိုတော့လည်း ခင်ခင်လေးသည် အကြောက်အကန် ငြင်းဆန်၏။

      ဦးသိန်းရွှေ အခက်တွေ့နေ၏။ ခင်ခင်လေးသည်  သူ၏ နှမက မွေးသော တူမ ဖြစ်၏။ ရိုက်နှက် ဆုံးမရမည့် အရွယ်လည်း မဟုတ်ချေ။ ခင်ခင်လေးသည်  အသက်၃၅နှစ် ရှိပြီ ဖြစ်၏။ သူ၏ စားရေးသောက်ရေး၊နေရေးထိုင်ရေးအတွက် ခင်ခင်လေးကို လွန်ခဲ့သော တလခန့်က ခေါ်ယူလိုက်ခြင်းဖြစ်သည်။

       ခင်ခင်လေးသည်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ  မယ်ဇလီရွာကလေးမှ  လာခဲ့ခြင်း ဖြစ်သည်။

       ခင်ခင်လေး ရောက်ခါစက  သူ့အတွက် အစစအရာရာ အတော်လေးကို အဆင်ပြေ၏။ သို့သော်  ခင်ခင်လေးသည်  ပြီးခဲ့သော လပြည့်နေ့မှစ၍  ထူးဆန်းသော အပြုအမူများကို စတင်လာခဲ့လေ၏။ အစက  ဦးသိန်းရွှေမှာ အမှုမဲ့အမှတ်မဲ့ နေခဲ့မိသည်။ နောင် တစစနှင့် ခင်ခင်လေး အပြုအမူတွေ သိသာထင်ရှားစွာ ပြောင်းလဲလာသောကြောင့်  သတိပြုမိလာခဲ့သည်။

       ဦးသိန်းရွှေသည် ခင်ခင်လေးအား ဈေးဖိုး တပါတ်စာ အမြဲပေး၏။ ဈေး ခဏခဏ မသွားရလေအောင် အသားငါးများကို တပါတ်စာ ဝယ်ယူစေပြီး၊ ရေခဲသေတ္တာထဲ၌ ထားလေ့ရှိ၏။ ခင်ခင်လေးသည် ရောက်စကတည်းက  အသားငါးများကို လိုအပ်သည်ထက် ပို၍ ဝယ်ယူလေ့ရှိခဲ့သည်။မည်မျှပင် ပို၍ ဝယ်ယူခဲ့သော်လည်း  အသားငါးတို့သည် ခင်ခင်လေး ရောက်ကတည်းက လျှင်မြန်စွာ ကုန်သွားလေ့ရှိ၏။

       ခင်ခင်လေး၏ ထူးခြားချက်မှာ ပြီးခဲ့သော လကွယ်ညမှ စ၏။ထိုနေ့မှ စ၍ ရေခဲသေတ္တာထဲရှိ အသားငါးများ လျှင်မြန်စွာ လျော့ပါးမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။

       တပါတ်စာ အသားငါးများမှာ ၂ရက် ၃ရက်နှင့် ကုန်သွားလေ့ရှိပြီး၊ ခင်ခင်လေးသည် ထိုအသားငါးများကို သူ့ဖာသာ ပြန်ဝယ် ဖြည့်တင်းထားတတ်၏။ ထို့ကြောင့် အစောပိုင်းက ဦးသိန်းရွှေ သတိမထားမိခြင်း ဖြစ်မည်။

     တနေ့သော  ညဘက်၌ ဦးသိန်းရွှေ  သည်  မီးဖိုခန်းဘက်မှ ချိုးချိုးချွတ်ချွတ်ဟူသော အသံကြောင့် အိပ်ယာမှ လန့်နှိုးသွား၏။ ၎င်း၏ အိပ်ခန်းမှာ မီးဖိုချောင်နှင့် နီး၏။

      ဦးသိန်းရွှေ စိတ်ထဲ၌  ပြင်ပမှ ကြောင်တကောင် ဝင်လာပြီး၊ ဟင်းအိုးများကို လှန်လှော်၍ ခိုးယူ စားသောက်နေသည်ဟု အောက်မေ့မိသည်။ ထို့ကြောင့် အခန်းထဲမှ ထွက်၍ မီးဖိုချောင် ရှိရာသို့ ခြေကို ဖွလျှောက်ခဲ့လေ၏။

      မီးဖိုချောင်၌  ၄၀ ဝပ် မီးသီးတပ်ဆင်ထားသည်။ဦးသိန်းရွှေသည် ၎င်းအခန်းမှ ထွက်ပြီး မီးဖိုချောင်ကို ဖြတ်မှ သန့်စင်ခန်းကို ရောက်မည်ဖြစ်၍ ထို ၄၀ ဝပ် မီးသီးကို အမြဲတစေ ထွန်းထားလေ့ရှိလေ၏။

      သို့သော်  ယင်း ၄၀ ဝပ် မီးသီးမှာ အသုံးပြုတာ ကြာမြင့်ပြီမို့  အလင်းအားနည်းနေ၏။

     ဦးသိန်းရွှေသည်  မီးဖိုချောင် အဝကို ရောက်သည့်အခါ အံဩမှင်သက်သွားသည်။ သူ မြင်လိုက်ရသည်က ရေခဲသေတ္တာ တံခါး ပွင့်လျက်သား မဟုတ်လား။ ထိုရေခဲသေတ္တာ အရှေ့ ကြမ်းပြင်၌  ခင်ခင်လေးသည် သူ့အား ကျောပေးအနေအထား ငုတ်တုတ် ဆောင့်ကြောင့်ထိုင်လျှက်။

      ခင်ခင်လေးသည်  ရေခဲသေတ္တာထဲက သားစိမ်းများကို တပျပ်ပျပ်မြည်အောင် မြိန်ယှက်စွာ စားနေခြင်း ဖြစ်သည်။

      ဦးသိန်းရွှေသည်  သူ့အား  ခင်ခင်လေး  မြင်မည်စိုး၍ ဗီရိုအဟောင်းတခုနောက်၌ အမြန် ကွယ်လိုက်သည်။ ခင်ခင်လေးသည်  အသားစိမ်းများကို ငတ်မွတ်မြိန်ယှက်စွာ စားသောက်နေသည်ဖြစ်ရာ ဦးသိန်းရွှေကို သတိမထားမိချေ။

      ဦးသိန်းရွှေသည်  ယခုလို ပက်ပင်း တွေ့ကြုံရလိမ့်မည်ဟု ထင်မှတ်မထားလေသောကြောင့် သူ၏ ရင်သည် တဒိတ်ဒိတ် အခုန်မြန်နေ၏။ သူ  အမြင်များ မှားနေရော့လားလို့  အကွယ်ကနေ နောက်တကြိမ် ချောင်းကြည့်ပြန်သည်။

      ခင်ခင်လေးသည်  ငုတ်တုတ် ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်၏။ ခင်ခင်လေးသည် သူ့နှာကို တရှုံ့ရှုံ့လုပ်ရင်း  ဦးသိန်းရွှေ ကွယ်နေသော ဗီရိုအဟောင်းကို လှမ်းကြည့်၏။

     ဦးသိန်းရွှေက ချောင်းအကြည့်နဲ့ တိုက်ဆိုင်နေတော့ ဦးသိန်းရွှေခမျာ စိတ်ထဲမှ ...

  " ဘုရား  ဘုရား  ငါ့ကိုများ တွေ့သွားပြီလား " ဟု စိုးရိမ်သွားပြန်၏။

      သူ  မြင်လိုက်ရတဲ့ ခင်ခင်လေးရဲ့မျက်နှာကို  ဒီတသက် မေ့နိုင်မည်မထင်။ခင်ခင်လေးသည် ဆံပင်ကို ဖါးလျားချထား၏။ သူမ မျက်လုံးတွေက ညအမှောင်မှာ သိသာ ထင်ရှားစွာ ရဲရဲနီနေကြသည်။ ညဘက် ခွေးများကို မီးထိုးလျင် တွေ့ရသော ခပ်တောက်တောက် အရောင်ကဲ့သို့ ရှိလေ၏။ ပြီးတော့  သူမပါးစပ်၌ သားစိမ်းများ ပေကျံကပ်လျက်ရှိသည်။

      ခြုံ၍ ဆိုရသော ခင်ခင်လေး၏ လက်ရှိသဏ္ဍာန်မှာ   အစိမ်းသရဲမတကောင် သားစိမ်းများ စားနေသည့်အလားပင်။

      " ညဘက် သားစိမ်းတွေ ထစားတယ်ဆိုတော့၊ ကျောင်းဆရာ ပြောတဲ့ ဖုတ်သရဲများလား "

      ဦးသိန်းရွှေ ထိုသို့ အမျိုးမျိုးအဖုံဖုံ ထင်တလုံးနဲ့ တွေးဆနေသလို၊ ခင်ခင်လေးသည်လည်း လူသားတယောက်၏ အနံ့ကို ရ၍လားမသိ။ ဦးသိန်းရွှေ ကွယ်နေရာ ဗီရိုအဟောင်းအနီးသို့ တဖြည်းဖြည်း လျှောက်လှမ်းလာနေ၏။

     ဦးသိန်းရွှေမှာ အသက်ပင် ရဲရဲ မရှုဝံ့ရှာပေ။ သူ၏ ရင်ခုန်သံမှာ ကြောက်ရွံစိတ်ကြောင့် တဒိန်းဒိန်းနှင့်ရှိလေ၏။ 'ဒီတခါတော့  ငါ့ကို  ဖုတ်သရဲမက အသေလုပ်တော့မှာပဲ' ဟူသော စိုးရိမ်စိတ်က ငယ်ထိပ်တက်ဆောင့်နေ၏။

      ဆံပင်ဖါးလျားနှင့် အသားစများ ပေကျံနေသော ခင်ခင်လေးသည် ဦးသိန်းရွှေ ကွယ်နေသော ဗီရိုအနီးသို့ ရောက်လာပြီ ဖြစ်၏။

     ဦးသိန်းရွှေမှာ ဒူးများ တဆတ်ဆတ်တုန်နေရှာ၏။ မကြာမီ ညွှတ်ခွေ ယိုင်လဲကျတော့မည် ဖြစ်သည်။ သို့သော် ဦးသိန်းရွှေအား ကံဖယ်လေသလား မပြောတတ်။

     ဘယ်အချိန်က ဗီရိုအမိုးပေါ်မှာ ဝပ်နေသည်မသိသော  ကြောင်တကောင်က ဗြုန်းခနဲ ခုန်ချလာ၏။ ကြောင် ခုန်ချသည့်ဘက်မှာ ခင်ခင်လေး ရှိနေသည်ဖြစ်ရာ  ထိုကြောင်ကလေးသည် ကံဆိုးသွားရှာ၏။

      ကြောင်ကလေးသည်  ခင်ခင်လေး လက်မှ မလွတ်ရှာ။ ခင်ခင်လေး ဖမ်းဆီးမှုကို ခံလိုက်ရရှာ၏။

     ဖမ်းမိသော ကြောင်ကလေးမှာ ခင်ခင်လေး လက်၌ တခွီးခွီးနှင့် ရုန်းကန်နေ၏။ ခင်ခင်လေးသည် သူမ၏ ချွန်မြိနေသော သွားစွယ်များဖြင့် ကြောင်ကလေး၏ လည်မြိုကို ရက်စက်စွာ ကိုက်ဖေါက်လိုက်သည်။

     ကြောင်ကလေးမှာ အသံပင် မထွက်နိုင်ရှာတော့ပေ။ ပြူးကျာ်သော မျက်ဝန်းအစုံဖြင့် မချိမဆန့် ဝေဒနာတရပ်ကို ခံစားရကာ အသက်ထွက်သွားရှာ၏။

       ခင်ခင်လေးကတော့ ကြောင်ကလေး၏ လည်ချောင်းသွေးကို မြိန်ယှက်စွာ စုပ်မြိုစားသုံး၍ ဝသွားတော့မှ သူမ၏ ပါးစပ်မှ ကြောင်ကလေးကို ခွါလိုက်လေ၏။

        ရွံရှာဖွယ်ရာ  သွေးစက်များက ခင်ခင်လေး၏ပါးစောင်မှာ စီးကျလျှက်သား ရှိလေ၏။ 

      ထိုနောက် ကြောင်သေကို လက်မှာ ကိုင်လျှက်  ခင်ခင်လေးသည် နောက်ဖေးသို့ ထွက်ခွါသွားသည်။ ထိုအဖြစ်အပျက်ကို အစအဆုံးတိုင် မြင်ခဲ့ရသော ဦးသိန်းရွှေခမျာ ကြောက်ဒူးများ တဆတ်ဆတ် တုန်ရီလျှက် ဗီရိုကို မှီကာ ခွေကျသွားတော့သည်။

      အဖြစ်အပျက်များကို ပြန်တွေးလျှက် ဦးသိန်းရွှေသည် အော့နှလုံးနာနေ၏။ယခုလည်း နောက်ဖေး မီးဖိုချောင်က အသားများ ခုတ်ထစ်နေသော ခင်ခင်လေးကို  သူ  သွားမကြည့်ရဲတော့ချေ။

        ထို့ကြောင့် တိတ်တဆိတ်လေး  အခန်းတွင်း ဝင်၍ တံခါးကို လုံခြုံအောင် ဂျက်ချ ပိတ်ထားလိုက်လေ၏။ ပြီးနောက်တော့  သူ၌ ရှိသော စိပ်ပုတီးကို လည်ပင်းမှာ ဆွဲ၍ ဘုရားပုံကားချပ်ကို ရင်ဝယ်ပိုက်ကာ ဇွတ်အတင်း မျက်စိမှိတ်၍  အိပ်စက်လိုက်တော့လေ၏။

                __________

၄။

       ဦးသိန်းရွှေ ၏ မျက်နှာပေါ်က အမူအရာကို ကြည့်နေကြပြီး၊ ဦးသိန်းရွှေပြောသွားသမျှကို  ဦးအောင်မြင့် နှင့် ဦးစံဝင်းတို့သည် စိတ်ဝင်တစား နားထောင်နေခဲ့ကြသည်။

      တဦးမှာ ခေတ်ပညာတတ် နိုင်ငံခြားပြန် ဆရာဝန်ဖြစ်ပြီး၊ ကျန်တဦးမှာလည်း  ရာဇဝတ်မှုများစွာကို နိုင်နင်းစွာ ကိုင်တွယ်လာသည့် အငြိမ်းစား ရဲမှုးတယောက်ဆိုလေတော့ ၊ ဦးသိန်းရွှေ ပြောသမျှကို တအံတဩဖြစ်နေကြသည်မှာ ဆန်းတော့ မဆန်းပေ။

      သို့ရာတွင်  ဒေါက်တာ ဦးအောင်မြင့်မှာ  သူ ဖတ်ဖူးသော နိုင်ငံရပ်ခြားမှ သွေးစုပ်ဖုတ်ကောင်နှင့် ယခု ဦးသိန်းရွှေ တူမ ခင်ခင်လေးမှာ အလာသဏ္ဍာန်များစွာ တူနေသဖြင့် မယုံကြည်ခြင်းဆိုတာထက်  စိတ်ဝင်စားမှုက ပိုမို မြင့်မားလျှက် ရှိလေ၏။ ထို့ကြောင့် ဦးအောင်မြင့်က..

" ဒီလိုဖြင့်  ခင်များတူမဟာ လူမဟုတ်တော့ဘူးပေါ့နော် "

     ဦးသိန်းရွှေမှာ မည်သို့ အဖြေပြန်ပေးရမည် မသိတတ်သောကြောင့် ကျောင်းဆရာ ကိုကျော်ဝင်းမောင်ဘက်သို့ လှည့်ကြည့်ရင်း အကူအညီတောင်းဟန်ပြု၏။

       ကိုကျော်ဝင်းမောင်က ...

" ဟုတ်တယ်  ခင်ခင်လေးမှာ လူ့အသက် မရှိတော့ဘူး။ သူ့ကိုယ်မှာ မှီတွယ်နေတဲ့  ဖုတ်သရဲပဲ  ရှိတော့တယ်။ ဗမာမှာတော့  ဒီလိုဟာမျိုးကို သွေးစုတ်ဖုတ်သရဲလို့ ခေါ်သဗျ။
     ခင်ခင်လေးဟာ  သူ့ရွာမှာကတည်းက  သွေးစုပ်ဖုတ်သရဲက ဝင်ရောက် ပူးကပ်ခံနေပုံရတယ်။
     ဒါ​ပေမဲ့လို့  သူဟာ  ဦးသိန်းရွှေရဲ့အိမ်ကို ရောက်ခါစမှာ သွေးစုပ်ဖုတ်သရဲကောင်ရဲ့  လွှမ်းမိုးမှု အပြည့်အဝ ခံစားရပုံ မရှိဘူး။
      ဖြစ်တာက လကွယ်ညရဲ့ နောက်တရက်မှ အစပြုလေတော့၊ ကျုပ်အထင် ပြောရရင် ...
       ခင်ခင်လေးကိုယ်ကို သွေးစုတ်ဖုတ်သရဲဟာ  လကွယ်ညမှာ အပြီးတိုင် သိမ်းပိုက်သွားခဲ့နိုင်ပုံပဲ။
       ခင်ခင်လေးကိုယ်မှာ သွေးစုပ်ဖုတ်သရဲ  မှီတွယ်နေကြောင်း သိမြင်နိုင်တဲ့အချက်က သူ့လည်ပင်းကို ကြည့်ရုံပဲဗျ။
          ဒါကြောင့် ကျုပ်က  ဦးသိန်းရွှေကို  ခင်ခင်လေး လည်ပင်း အကြည့်ခိုင်းလိုက်တယ်"

    ဦးသိန်းရွှေက ...

    " ဟုတ်တယ်  ကျောင်းဆရာ ခိုင်းတဲ့အတိုင်း ခင်ခင်လေး လည်ပင်းကို ကျုပ်  မသိမသာ ကြည့်ခဲ့တယ်။သူက လည်တိုင်ကို ဆံပင်နဲ့ အမြဲဖုံးထားတော့  ချက်ချင်း မသိနိုင်ဘူး။
တခါသားတော့  သူ ဆံပင် လျှော်ထားဟန်တူရဲ့။ ဆံပင်ကို အပေါ်ခေါက်သိမ်းထားတယ်။
      အဲ့ဒီမှာ ကျောင်းဆရာ ပြောတဲ့အတိုင်း၊ ခင်ခင်လေးရဲ့ လည်ပင်းမှာ အပ်ပေါက်ရာလို  သွေးစို့နေတဲ့ အပေါက်ကလေးတွေ  လေးငါးခြောက်ခုမက ကျုပ် မြင်ခဲ့ရတယ်။
     အဲ့ဒီနေရာတဝိုက်မှာ ညိုမည်းနေတယ်ဗျ "

     ကျောင်းဆရာ ကိုကျော်ဝင်းမောင်က ဖြည့်ဆွက် ပြောပေးပြန်၏။

     " ရောက်စက ခင်ခင်လေး ဆံပင်တွေဟာ ရှည်လျားပြီး သန်မာနက်မှောင်နေခဲ့တာကို အားလုံးက မြင်ဖူးကြရဲ့မဟုတ်လား။
       အခု ခင်ခင်လေးရဲ့ ဆံပင်တွေဟာ ခြောက်သွေ့လာတဲ့အပြင်၊ အဖြူတွေပါ ရောယှက်လာတာကို ခင်များတို့ မြင်ရလိမ့်မယ်။
     ဒါ့အပြင်  မကောင်းဆိုးဝါးမိစ္ဆာရှိတဲ့အိမ်မှာ  ပန်းတွေဟာ ညှိုးလွယ်တယ်ဗျ။
     အခုဆို  ဦးသိန်းရွှေအိမ်က ဘုရားပန်းအိုးက ပန်းတွေ၊ ဧည့်ခန်းက အလှစိုက်ထားတဲ့ ပန်းတွေဟာ အလွယ်တကူ ညှိုးခြောက်နေကြတယ်။ ဒီလိုအချက်တွေ စုံညီစွာ ပြသနေခြင်းအားဖြင့် ခင်ခင်လေးဟာ  လူမဟုတ်တော့ကြောင်းကို သက်သေခံနေတယ်လေ "

    ဤတွင် ရဲမှုး ဦးစံဝင်းက ချက်ကျလက်ကျ မေးခွန်းတခုကို မေးလိုက်လေ၏။

   " ဟုတ်ပြီလေ။ ခင်များတို့ ဆိုခဲ့သလိုပဲ ခင်ခင်လေးဟာ သွေးစုပ်ဖုတ်သရဲဆိုတာ မှန်နေပြီပဲထား။
      အခု ... ခင်များတို့ ခင်ခင်လေးကို ဘာဆက်လုပ်ကြမလဲ။ ခင်ခင်လေးကို သွေးစုပ်ဖုတ်သရဲပါဆိုပြီး သတ်ကြတော့မလို့လား။ နိုး  နိုး  ဒါဟာ ရာဇဝတ်မှုမြောက်တယ်ဗျ။
      ဥပဒေမှာက လူတယောက်ကို သတ်ရင်  ပြစ်ဒဏ်ကျခံရမယ်ဆိုတာ မမေ့ကြနဲ့ဗျ။ 
     ခင်ခင်လေးဟာ  အများအမြင်မှာ လူသားမိန်းကလေးတယောက်အဖြစ်ပဲ ရှိနေသေးတယ်မဟုတ်လား။ ဒါဟာ ခင်များတို့ ကျုပ်တို့ အထူး သတိပြုရမယ့်အချက်ပဲ "

     ကျောင်းဆရာသည် ရဲမှုးဟောင်း ဦးစံဝင်း၏ မေးခွန်းကို သဘောကျဟန်ဖြင့် ပြုံး၏။

     " အဲ့ဒီအတွက်တော့ မပူပါနဲ့။ အမှောင်ထဲမှာ ကျင်လည်ကျက်စားတဲ့ မိစ္ဆာဟာ  အလင်းရောင်ကို ထာဝရ ကြောက်ရွံလေ့ရှိတယ် ဦးစံဝင်း ။
        ဒီတော့ကာ  ကျုပ်တို့က  သူ့ကို  အလင်းရောင်ထဲ မရောက် ရောက်သွားအောင် တွန်းပို့ပေးဖို့ရာပဲ ရှိတော့တယ်မဟုတ်လား "

     " ခင်များ ပြောတဲ့ သဘောက ... "

      "  သူ့ကို  ကျုပ်တို့က  ဘာလက်နက်နဲ့မှ  မသတ်ဖူးဆိုရင် ကျုပ်တို့ကို ဥပဒေကြောင်းအရ  အရေးယူလို့ မရဘူးမဟုတ်လား "

  " ဟုတ်တယ်လေ...ကာယကံမြောက် သေစေလိုတဲ့ အကြောင်းမရှိဘူးဆိုရင် ခင်များတို့ကို အရေးယူလို့ မရနိုင်ပါဘူး "

     " ဒါဆိုရင်  ဖြစ်ပါတယ် ဦးစံဝင်း။ ကျုပ်တို့  သူ့ကို  ကာယကံမြောက် မသတ်ဖူးဆိုတာ  အားလုံးက လက်သင့်ခံကြပါလိမ့်မယ်ဗျာ "

       ဒေါက်တာ အောင်မြင့်ကတော့ ကျောင်းဆရာ၏ စကားအဓိပ္ပါယ်ကို နားလည်သွားဟန်တူ၏ ။ နှစ်ခြိုက်စွာ ပြုံးလိုက်လေ၏။

      ရဲမှုးဟောင်း ဦးစံဝင်းကတော့ ယခုထက်တိုင် နားလည်သေးဟန်မတူ။ သူ့ခေါင်းကို သူ ကုတ်ဖွလိုက်ပြီး

    " အမှားအယွင်း မဖြစ်ခဲ့ရင်တော့ အတိုင်းအထက် အလွန်ပေါ့ ကျောင်းဆရာရယ် " ဟုသာ ပြောလိုက်လေတော့သည်။

      ကျောင်းဆရာ ကိုကျော်ဝင်းမောင်က  သူ၏ အစီအစဥ်ကို ပြောပြပြီးနောက် ...

   " ဒီ  ဖုတ်သရဲ နှိမ်နှင်းရေး အစီအစဥ်မှာ  ဟောဒီက ဒေါက်တာ ဦးအောင်မြင့်ရယ် ၊ ရဲမှုး အငြိမ်းစား ဦးစံဝင်းရယ် ပါဝင်ပေးကြဖို့ ကျုပ် ဖိတ်ခေါ်ပါတယ် ... "

   " ဟင်းဟင်း ... ကိုကျော်ဝင်းမောင်က အင်မတန် စေ့စပ်သေချာသူကိုးဗျ။ ခင်များက  ဖုတ်သရဲ နှိမ်နှင်းရာမှာ ကျုပ်တို့အကူအညီ မလိုဘူးဆိုတာ ကျုပ်သဘောပေါက်ပါတယ်။
    အခု  ကျောင်းဆရာက ကျုပ်တို့ကို လေါ်တယ်ဆိုတာ မျက်မြင်သက်သေ ရချင်လို့မဟုတ်လားဗျ "

      ရဲမှုးဟောင်း ဦးစံဝင်းက သူတပါးစိတ်ကို ထိုးဖေါက်နိုင်သည့်အလား ခပ်ပြုံးပြုံး ပြောလိုက်သည့်အခါ ကျောင်းဆရာကလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဟုတ်မှန်ကြောင်း ဝန်ခံလိုက်လေ၏။

                ______________

၅။

       ရာသီဥတုသည်  ကြည်လင်သာယာနေ၏။ မိုးရိပ်လေရိပ် မရှိ။ ကောင်းကင်သည် ကြည်လင်ရွှင်းပနေတော့သည်။ နေသာသော နေ့ဖြစ်၏။

        သစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေ အိမ်တွင်  တဒုန်းဒုန်းနှင့် ထုနှက်သံများ ညံနေသည်။ လက်သမားအချို့  အိမ်ခေါင်သွပ်များကို ဆွဲလှန်နေကြသည်။

      အများအမြင်မှာတော့  အမိုးသွပ်များ ဆွေးမြေ့ပေါက်ပြဲကုန်သဖြင့် လဲလှယ်တပ်ဆင်ရန် ခွါနေခြင်းဟု မြင်နိုင်စရာဖြစ်သည်။

         ဦးသိန်းရွှေ အိမ်သည် လေးပေခန့်အမြင့်ရှိမည့် အုတ်ဖိနပ်ခံ၍  ဆောက်ထားသော ပျဥ်ထောင်ပျဥ်ခင်း တထပ်အိမ်ဖြစ်လေ၏။ ခန်းဖွဲ့များသော အိမ်ပုံစံဖြစ်သည်။

        လက်သမားများက  အိမ်ရှင် ဦးသိန်းရွှေ  ခိုင်းစေသည့်အတိုင်း ခင်ခင်လေး အိပ်ခန်း အပေါ်တည့်တည့်က အမိုးသွပ်ပြားများကို ခွါချနေကြသည်။

       ခြံဝန်းထဲတွင်  အိမ်ရှင် ဦးသိန်းရွှေနှင့်အတူ ဒေါက်တာ ဦးအောင်မြင့်၊ ရဲမှုးဟောင်း ဦးစံဝင်း၊ ပန်းထိမ်ဆရာကြီး ဦးဘိုနီတို့ အတူရှိကြလေ၏။

       ကျောင်းဆရာ ကိုကျော်ဝင်းမောင်ကတော့  လက်သမားတဦးနှင့်အတူ  ခင်ခင်လေး၏ အခန်းတံခါးကို အပြင်ဘက်မှ သစ်သားချောင်း ၂ချောင်းဖြင့် ကြက်ခြေခတ်သဏ္ဍာန် ကန့်လန့်ဖြတ် ပိတ်နေသည်။

      အခန်းတွင်းရှိ ခင်ခင်လေးသည် ဆောက်တည်ရာမရ၊ ဒေါသထွက်ကာ အော်ဟစ်နေ၏။

   " ဘာလုပ်ကြတာတုန်း ၊ ဘာလုပ်ကြတာလဲ။ ငါ့အခန်းတံခါးကို ဖွင့်ပေးကြစမ်း "

   " အား!  ငါ  အရမ်းဒေါသထွက်လာပြီနော် ...ဖွင့်စမ်း  ခု ဖွင့်  ဖွင့် ... "

    " ဒုန်း   ဒုန်း  "

      ခင်ခင်လေးသည်  သူမ၏ အခန်းတံခါးကို အတွင်းမှ ထုရိုက်ကာ ဖွင့်ခိုင်းနေ၏။

      မကြာမီ သွပ်ပြားများ ခွါအပြီး၌  အခန်းတွင်းသို့  စူးရှသော နေရောင်သည် ချည်းနင်း ဝင်ရောက်လာ၏။

      ခင်ခင်လေးသည် အလွန်ပါးနပ်သူ ဖြစ်၏။ ကုတင်အောက်သို့ ဝင်၍ ပုန်းခိုနေလိုက်သည်။

        အခန်းထဲက အသံဗလံများက ငြိမ်သက်သွားရာ ၊ ကျောင်းဆရာသည်  သူ  မူလက စီစဥ်ထားသည့်အတိုင်းပင်  ဆေးရည်အငွေ့များကို အခန်းတွင်းသို့ သွင်းလေ၏။

      ပန်းရောင် ဆေးရည်အငွေ့များသည်  ခင်ခင်လေးအခန်းတွင်းသို့ ဝင်ရောက်ပျံ့နှံသွားသည်။ အမိုးသွပ်ပေါက်မှ အငွေ့များ တလူလူ ထွက်လာကြသည်။

        ကုတင်အောက်က  ခင်ခင်လေးသည် ထိုဆေးအငွေ့ကို ခံနိုင်ဟန်မတူ အပြင်သို့ ထွက်လာရ၏။ ထိုသောအခါ  အမိုးသွပ်ပေါက်မှ ကျရောက်လာသည့် နေရောင်သည် ခင်ခင်လေးကိုယ်ကို တိုက်ရိုက်ထိမှန်လေတော့၏။

        ခင်ခင်လေးသည်  အက်ဆစ်ဖြင့် အပက်ခံရသူပမာ နာကျင်စွာ ဟစ်အော်လေ၏။ သူမ ခန္ဓာကိုယ်ပေါ်ရှိ နေရာင်နှင်ထိတွေ့သည့်နေရာများ၌  မီးလောင်ကွက်ဒဏ်ရာကြီးများ ပေါ်လာသည်။ တစစနှင့် နေရာင်သည် ခင်ခင်လေး၏ ကိုယ်ခန္ဓာ အနှံ့အပြားပေါ် ကျရောက်နေသည်ဖြစ်ရာ ...

         နောက်ဆုံး၌ ခင်ခင်လေးသည် နာကျင်စွာ ငြီးငြူရင်း  ကြမ်းပြင်ပေါ်သို့ လဲကျသွားလေ၏။

      ပန်းရောင်အငွေ့များ တစစ လွင့်ပြယ်သွားသည်။ ထိုအခါ  ကြက်ခြေခတ် ရိုက်ထားသော သစ်သားပြားကို ကျောင်းဆရာက ခွါစေ၏။

       အပြင်မှာရှိသော ဒေါက်တာအောင်မြင့်တို့အဖွဲ့  အပေါ်သို့တက်လာကြသည်။ ကျောင်းဆရာ ကိုကျော်ဝင်းမောင်က  ကြမ်းပြင်ပေါ်၌ လဲကျနေသော  ခင်ခင်လေး၏ ပကတိ ရုပ်ကို  ပြသလိုက်ရာ ...

   ရဲမှုးဟောင်း  ဦးစံဝင်းက ထိတ်လန့်စွာဖြင့် ...

" ဟာ ! ဘယ်လို ဖြစ်တာလဲ "

    ဒေါက်တာ ဦးအောင်မြင့်ကလဲ ထို့နည်းတူစွာ ...

  " ဟုတ်ပါ့ဗျာ ... ကျုပ်တသက် ဒီလို အလောင်းမျိုး တခါမှ မမြင်ဖူးပါဘူး"

       အိမ်ရှင်လည်းဖြစ် ၊ ခင်ခင်လေး၏ ဦးကြီးလည်း ဖြစ်သောသစ်တောဝန်ထောက်ဟောင်း ဦးသိန်းရွှေကမူ  မကြည့်ရက်ဟန်ဖြင့် မျက်နှာကို လွှဲထားလေ၏။

     ပန်းထိမ်ဆရာကြီး ဦးဘိုနီကတော့ ဘုရားတနေရှာ၏။

      ခင်ခင်လေး၏ အလောင်းမှာ သုံးလေးလခန့်က သေဆုံးထားသော အလောင်းခန္ဓာကိုယ်သဖွယ် ရှိလေပြီး၊ ထူးခြားသည်မှာ မီးလောင်ကြွမ်းထားသကဲ့သို့ မည်းတူးချိတ်နေ၏။ ဦးခေါင်းခွံ၌ ဆံပင်များလည်း မရှိတော့ချေ။

      ဒေါက်တာ ဦးအောင်မြင့်လို ဝါရင့်သမ္ဘာရင့် ဆရာဝန်ကြီးတဦးပင် မတွေးနိုင်အောင် ဖြစ်နေပြီး၊ ဤလို ကိစ္စရပ်မျိုးကို မည်သည့် ဆေးသိပ္ပံနှင့်မျှ အဖြေရှာ၍ ရမည်မဟုတ်ချေ။

     သေမှုသေခင်း  များစွာကို အတွေ့ကြုံများလှပါတယ်ဆိုတဲ့ ရဲမှုးဟောင်း ဦးစံဝင်းလည်း  တုံဏှိဘာဝေဖြစ်နေရှာသည်။ အခန်းတွင်းမှာတော့  ကျောင်းဆရာ မှုတ်သွင်းထားသော ပန်းရောင် ဆေးအငွေ့ တချို့က မပျယ့်တပျယ်။

       ဦးသိန်းရွှေက  ကျောင်းဆရာအနီးသို့ တိုးကပ်သွားပြီး ... နှစ်ကိုယ် ကြားလောက်ရုံမျှ အသံဖြင့် ...

    " ဒီကိစ္စကို  ဒီမှာပဲ အပြီးလုပ်လိုက်မလား ကျောင်းဆရာ "

     ကျောင်းဆရာက လေးတွဲ့စွာ ခေါင်းကို ခါရမ်းရင်း  ...

    " မလောပါနဲ့ ဦးသိန်းရွှေ ၊ ကလေးမ နာရေးကိုသာ မြနမြန်ထက်ထက် စီရင်လိုက်ပါ ။ ကျန်တာကို  ကျုပ် ဆက်လုပ်ပါ့မယ် "

       ထို့နောက်တွင်  ဦးသိန်းရွှေသည်  တူမ ခင်ခင်လေး၏ အလောင်းအား နေ့ချင်းပင်  ထနောင်းပင်သင်္ချိုင်း၌ မြေချစေ၏။

        ထို့နေ့ည သန်းခေါင်ယံ၌  အသုဘရှင် ဦးသိန်းရွှေနှင့် ကျောင်းဆရာ ကိုကျော်ဝင်းမောင်တို့သည်  ရဲမှုးဟောင်း ဦးစံဝင်းနှင် ဒေါက်တာဦးအောင်မြင့်အား ခေါ်ယူ၍  ထနောင်းပင်သင်္ချိုင်းသို့ အတူ ထွက်သွားကြသည်။

       ကျောင်းဆရာ၏ လက်တွင် တတောင်မျှ ရှည်သော သစ်သားသပ်ချွန်တချောင်းနှင့် ရိုက်တူတချောင်း ကိုင်ဆောင်သွားသည်။

       သင်္ချိုင်း ရောက်သည့်အခါ နေ့လယ်က  မြုပ်နှံထားသော ခင်ခင်လေး အလောင်းအား တိတ်တဆိတ် ပြန်ဖေါ်ကြသည်။

      အခေါင်းကို ဖွင့်ကြည့်လိုက်သောအခါ   ခင်ခင်လေး၏ မျက်လုံးများသည် ပွင့်လျက်သား တွေ့လိုက်ကြလေ၏။ သို့သော် ခန္ဓာကိုယ်သည် မလှုပ်ရှားချေ။ အားလုံးက အံဩနေကြသည်။

      ကျောင်းဆရာသည် အချိန်ကို ရွေ့ဆိုင်းမနေဘဲ ၊ ခင်ခင်လေး၏ ဘယ်ဘက်ရင်အုံပေါ်သို့  ယူဆောင်လာသော သပ်ချွန်ကို ထိုးစိုက်ချလိုက်သည်။

      အချိန်ကိုက်ပင် ... သူတို့ လေးဦးစလုံး၏ နားထဲတွင် နာကျင်စွာ ငြီးတွားလိုက်သော အသံတခုကို ပြိုင်တူ ကြားလိုက်ရလေ၏။

     သပ်ချွန်ကို တဆုံးနစ်ဝင်အောင် တူဖြင့် ရိုက်နှက်သွင်းပြီးနောက်တွင်တော့  ခုဏက  အလောင်းကောင်၏ ပြူးကျယ်နေသော မျက်လုံးအစုံသည် မှိတ်သွားလေတော့၏။

     ကျောင်းဆရာက  ရဲမှုးဟောင်း ဦးစံဝင်းကို လှမ်းကြည့်သည်။ သူ၏ အကြည့်က  လူသေအလောင်းကို ထပ် သတ်၍ ထောင်မကျနိုင်ဘူးမို့လား ဆိုသည့်သဘော။

ရဲမှုးဟောင်း ဦးစံဝင်းကလည်း  နားလည်ဟန်ဖြင့် လှိုက်လှိုက်လှဲလှဲပင် ခေါင်းကို ငြိမ့်ပြလိုက်လေ၏။

      ထိုအခါမှ  ကျောင်းဆရာသည် အလုပ်တခု ပြီးမြောက်သွားဟန်ဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ ယင်းနောက်တွင်တော့ သူတို့သည် အခေါင်းအားပြန်ပိတ်ပြီး မြေပြန်ဖို့ကာ  မိမိတို့နေအိမ် အသီးသီးသို့ ပြန်ခဲ့ကြလေတော့သတည်း ။

   ပြီးပါပြီ

ပီပီ၊မန္တလေး၊

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ




Some text some message..