မြန်မာ့မြေမှ ကျိန်စာသင့်ပတ္တမြားကြီး အပိုင်း (၃)
lotaya.mpt.com.mm
|
2022-12-23

(၅)

"ဟား . . ဟား၊ မင်းတို့သားအမိက ငါ့နဲ့ပြိုင်ချင်ကြတယ်ပေါ့လေ"

ထိုအခါ ခွန်မှိုင်းအမေက ခေါင်းမှ အပ်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီးနောက် ထိုအပ်များကို မန်းမှုတ်ကာ ဦးစက္ကဆီသို့ လှမ်းပစ်လိုက်တော့သည်။ အပ်များမှာလေပေါ်တွင်ပျံသန်းရင်း အနက်ရောင်မီးခိုးလုံးကြီးများဖြစ်သွားကာ ဦးစက္ကဆီသို့ ပျံဝဲလာလေသည်။ ဦးစက္ကကတော့ အင်းတစ်ခုကိုလက်ဝါးတွင်ကပ်ပြီးနောက် ထိုအင်းနှင့်ကာလိုက်ရာ မီးခိုးလုံးကြီးမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ ခွန်မှိုင်းအမေက မကျေနပ်သေးဘဲနှင့် ဆံပင်ထဲမှ အပ်များဆွဲထုတ်ပြီး အပ်ဆယ်ချောင်းခန့်ကို ထပ်မံပစ်ခတ်လေရာ ဦးစက္ကမှာ လက်ဝါးနှင့်ကာသည်ကိုကာရပြီး ရိုက်ချရသည်ကိုလဲ ရိုက်ချလိုက်သဖြင့် အပ်များပြုတ်ကျကုန်တော့သည်။

"ဟား . . ဟား၊ စက္ကကို အထင်သေးကြတာပဲကွ၊ ဒီမှာ သိုက်တူးတဲ့လူကွာ အထက်လမ်းအောက်လမ်း အစုံရတယ်ဆိုတာမင်းတို့သိဖို့ကောင်းတယ်"

ထိုအခါ ခွန်မှိုင်းအမေက သူ့သားဘက်သို့လှည့်ကြည့်လိုက်သည်။

"သား ဘာလုပ်နေတာလဲ၊ ညီမလေးကိုခေါ်ပြီး ပြေးတော့လေ"

ခွန်မှိုင်းလဲ ညီမဖြစ်သူကိုလက်ဆွဲပြီး ခြေသုံးလှမ်းခန့်ပင်လှမ်းရသေးသည်။ ညီမဖြစ်သူက ခြေလှမ်းများတုံ့ဆိုင်းသွားပြီးနောက် တစ်ကိုယ်လုံးတုန်ယင်လာကာ အကြောဆွဲလာလေသည်။ ပါးစပ်များစောင်းရွဲ့လာပြီးနောက် လက်ချောင်းများကွေးကောက်လာပြီး မျက်လုံးများမှာလဲ ပိတ်လိုက်ဖွင့်လိုက်ဖြစ်ကုန်ကြသည်ကို ဦးစက္ကရော ခွန်မှိုင်းအမေပါ အံ့သြပြီးကြည့်နေမိကြသည်။ ခွန်မှိုင်းလဲ ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။ ထိုစဉ် ညီမဖြစ်သူမှာမှာ မြေပြင်တွင်လဲကျသွားသည်မို့ ခွန်မှိုင်းကပွေ့ချီထားလိုက်သည်။

"ညီမလေး၊ ညီမလေး ဘာဖြစ်တာလဲ"

ထိုသို့ခေါ်နေရင်းပင် ညီမဖြစ်သူမှာ အသက်ကင်းမဲ့သွားပြီဖြစ်သည်။ ခွန်မှိုင်းတစ်ယောက်အလွန်ပင်ကြေကွဲနေရသလို သူ့အမေဖြစ်သူမှာလဲ လွန်စွာမှစိတ်ထိခိုက်နေမိသည်။ ဦးစက္ကက သူတို့အနီးသို့ တစ်လှမ်းခြင်း လျှောက်လှမ်းလာခဲ့သည်။

"အဲဒါမင်းတို့နဲ့မထိုက်လို့ဖြစ်ရတာ၊ ပတ္တမြားက မြင့်မြတ်တဲ့ပစ္စည်း၊ မင်းတို့က တစ်မျိုးလုံးတစ်ဆွေလုံး ယုတ်ညံ့တဲ့စုန်းတွေမို့လို့ပဲ"

ဦးစက္ကက ဆက်၍

"ဒီမှာ ခင်ဗျားကလဲ အသွင်ပြောင်းစုန်းမကြီးပဲ၊ အသက်ငယ်ရွယ်အောင်လို့ တခြားသူရဲ့ခန္ဓာကိုယ်ထဲကို အစီအရင်လုပ်ပြီးတော့ အဲဒီထဲမှာပဲနေနေရတယ်မဟုတ်လား"

ခွန်မှိုင်းအမေက ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားသားကလဲ ခင်ဗျားတတ်တဲ့အောက်လမ်းပညာတွေအကုန်သင်ပေးခဲ့လို့ အောက်လမ်းဆရာဖြစ်နေပြီ၊ သြော် ခင်ဗျားသမီးကတော့ ဝမ်းတွင်းစုန်းပေါ့၊ ငယ်ငယ်ကတည်းက ပညာတွေအများကြီးတတ်လာခဲ့တာ၊ ခင်ဗျားတို့ထက်ပိုစွမ်းတယ်၊ ဒါပေမယ့် ကောင်မလေးကံမကောင်းခဲ့တာက မွေးကတည်းက ရုပ်ဆိုးပြီး သွေးကြောတွေက တစ်ကိုယ်လုံးမှာ ပွထနေတဲ့အတွက် အရပ်က စုန်းဆိုပြီးသိသွားရင် သတ်ပစ်မှာမို့ ကျောက်တောင်ထဲလာထားရတာပေါ့ ဟုတ်တယ်မဟုတ်လား၊ ယောက်ျားလူသားရဲ့ နှလုံးသည်းပွတ်ကို တစ်လတစ်ခါဖမ်းစားနေတဲ့ ကဝေမပေါ့"

ဦးစက္ကက ထိုသို့ပြောလိုက်ပြီးနောက် ခွန်မှိုင်းညီမနားသို့ကပ်သွားလိုက်ပြီး နဖူးတွင်တပ်ဆင်ထားသည့် သရဖူကိုဖြုတ်ယူလိုက်သည်။

"ဒီပတ္တမြားရဲ့ တန်ခိုးက ခင်ဗျားတို့လိုလူတွေနဲ့မတန်ဘူး၊ မြင့်မြတ်တဲ့ပစ္စည်းမို့လို့ ဒီလိုဖြစ်သွားရတာနေမှာ၊ ကျုပ်စိတ်မကောင်းပါဘူး"

ဦးစက္ကကပြောပြီးနောက်တွင် ပတ္တမြားတပ်ထားသည့် သရဖူကို လွယ်အိတ်အတွင်းသို့ ထိုးထည့်လိုက်သည်။

"လတ်စသတ်တော့ ခွန်မှိုင်း၊ မင်းက မင်းညီမကို ကုသပေးဖို့ ကြယ်ပတ္တမြားကို ရှာနေခဲ့တာပေါ့၊ ဒါဆိုငါတစ်ခုသိချင်တာက မင်းပုန်းတောင်ရတနာသိုက်ကိုဖော်တုန်းက မင်းအဲဒီပတ္တမြားရှိတယ်လို့များထင်လို့လား"

ခွန်မှိုင်းခေါင်းညိတ်လိုက်သည်။

"မှန်တယ်၊ မင်းပုန်းတောင်မှာ အနော်ရထာဘုရင်က ဘုရားစာတွေကို ရွေပြားမှာထွင်းပြီး ဌာပနာခဲ့တယ်၊ အဲဒီအထဲမှာ ကြယ်ပတ္တမြားကြီးတစ်လုံးလဲပါတယ်လို့ သိုက်စာရှိခဲ့တယ်"

ဦးစက္က ခေါင်းညိတ်လိုက်ပြီးနောက် ထိုနေရာမှ လှည့်ထွက်ခဲ့တော့သည်။ အခုတော့ ခွန်မှိုင်းရော၊ ခွန်မှိုင်းအမေရော ပတ္တမြားကြီးကို စိတ်မဝင်စားတော့ဘဲ သေဆုံးသွားသည့် သမီးဖြစ်သူ၏နံဘေးတွင်သာ ငိုယိုနေရင်းကျန်နေခဲ့ကြတော့သည်။ ဦးစက္ကနှင့် တပည့်နှစ်ယောက်လဲ မြင်းစီးရင်းထွက်လာခဲ့ကြသည်။

"ဒါနဲ့ဆရာကြီး ရွာတော်ရှင်ကိုမေးခဲ့တာ သိပ်မှန်တာပဲ"

တပည့်တစ်ဦးက ဦးစက္ကကို ချီးမွမ်းနေလေသည်။

"အေးကွ၊ တကယ်တော့ မြို့တစ်ခု ရွာတစ်ခုက ရွာတော်ရှင်ဆိုတာ အဲဒီမှာဖြစ်ပျက်နေတာတွေကို အကုန်သိနေတာပဲလေ၊ ဒီတော့တခြားသူကို သွားမေးနေစရာမှမလိုတာ၊ မဟုတ်ဘူးလား"

သူတို့သုံးဦး မြင်းစီးရင်းစကားပြောနေကြခြင်းဖြစ်သည်။

"ဒါဆို အခုဘာဆက်လုပ်ကြမလဲဆရာကြီး"

"ရောက်တုန်းရောက်ခိုက် မိုးမိတ်မှာနားကြတာပေါ့ကွာ၊ နောက်နေ့မှ တို့တတွေ မန္တလေးကို ပြန်ဆင်းကြတာပေါ့၊ ဒီတစ်ခါသိုက်ကတော့ ဒီပတ္တမြားကြီးကို ရခဲ့တာနဲ့တင် တန်နေပြီဟေ့"

ထိုသို့ပြောရင်း သုံးဦးသား မိုးမိတ်မြို့သို့ အေးရာအေးကြောင်း မြင်းစီးပြီး ပြန်လာခဲ့ကြသည်။

မိုးမိတ်မြို့အရောက်၊ ကျုံးကိုဖြတ်သန်းခဲ့ပြီး မြို့ထဲသို့ဝင်ခဲ့သည်။ မြို့ရိုးကိုဖြတ်ကျော်ပြီးသောအခါ စော်ဘွား၏ရဲမက်များက ပြေးလာကြပြီးနောက် သူတို့သုံးယောက်ကိုသေနတ်များနှင့် ဝိုင်းပြီးချိန်ထားကြသည်။ သူတို့လဲထိတ်လန့်သွားပြီးနောက်

"ဟ၊ ဘာဖြစ်တာတုန်း၊ ကျုပ်တို့အခုမှမြို့ထဲဝင်တာလေ"

"စော်ဘွားကြီးအမိန့်နဲ့၊ မင်းတို့ကိုစောင့်ဖမ်းနေတာ၊ လာကြ၊ လိုက်ခဲ့ကြ"

သေနတ်တွေနှင့်မို့ သူတို့လဲမငြင်းသာတော့ဘဲ ရဲမက်များခေါ်ဆောင်ရာသို့လိုက်လာခဲ့ကြသည်။ စော်ဘွားကြီး၏ ဟော်နန်းကြီးက ခမ်းနားလှသည်။ ဟော်နန်းဘေးနားတွင်လဲ ခေတ်ပေါ် ဗြိတိသျှပုံစံဆောက်လုပ်နေသည့် ဟော်နန်းတစ်ခုကိုလဲ တွေ့ရသည်။ ဟော်နန်းဘေးတွင် ရေကန်ကြီးက ကြာပန်းတွေနှင့်လှပနေသည်။ ထို့နောက် စော်ဘွားကြီးတရားရေးဆုံးဖြတ်ရာ ခုံရုံးသို့ရောက်လာခဲ့သည်။ ခုံရုံးဆိုသော်လည်း မြေကွက်လပ်ကြီးသာဖြစ်ပြီး တစ်ဖက်ခြမ်းတွင်တော့ အမိုးမိုးထာကာ ထိုင်ခုံများကိုချထားသည်ကိုတွေ့ရသည်။ မကြာမီစော်ဘွားကြီးက အလွန်ဈေးကြီးသော ဥရောပဖြစ် သားမွှေးကုတ်အကျီနှင့် ဘောင်းဘီကိုဝတ်ဆင်ကာထွက်လာလေသည်။ စော်ဘွားကြီးမှာ အသားအရည်တော်တော်ကောင်းပြီး ဝါဝင်းနေကာ နှုတ်ခမ်းမွှေးစစနှင့် အလွန်ကြည့်ကောင်းလှသည်။

"အလို၊ ဒါမနက်က အလိုရှိနေတဲ့လူတွေမဟုတ်လား"

စော်ဘွားကြီးက ထိုသို့ရေရွတ်လိုက်ပြီးနောက် ဦးစက္ကနှင့်တပည့်နှစ်ယောက်ကို သေသေချာချာကြည့်နေသည်။

"ကျန်တဲ့နှစ်ယောက်တော့မသိပေမယ့်၊ ဒီလူကတော့ ငါ့အိပ်မက်ထဲကအတိုင်းပဲ၊ ပိုးခေါင်းပေါင်းနဲ့ နှုတ်ခမ်းမွှေးကားကားကြီးနဲ့"

"ကျုပ် . . ကျုပ်တို့က ရတနာကုန်သည်တွေပါ၊ ကျောက်ရှာရအောင်ထွက်ခဲ့တာပါ"

စော်ဘွားကြီးက ခေါင်းညိတ်သည်။

"ခင်ဗျားတို့ကိုကြည့်ရတာ မန္တလေးဘက်ကလူတွေထင်တယ်၊ ကဲ အဲဒါအသာထားပါ၊ ရဲမက်တွေ သူတို့အားလုံးကို မွှေနှောက်ရှာဖွေစမ်း"

ရဲမျက်များမှာ ဦးစက္က၏ လွယ်အိတ်အတွင်းသို့ နှိုက်လိုက်သည့်အခါတွင် ပတ္တမြားကြီးတပ်ထားသည့် သရဖူကိုတွေ့လိုက်ရသည်။ ရဲမက်များလဲ စော်ဘွားကြီးထံသို့ ထိုသရဖူကိုဆက်သလိုက်သည်။ စော်ဘွားကြီးက သရဖူကိုကြည့်လိုက် ဦးစက္ကကိုကြည့်လိုက်နှင့်လုပ်ရင်း

"ခင်ဗျားတို့ ဒါဘာလုပ်တာလဲ၊ ဘာအကြံရှိလို့ ဒီလိုလုပ်ထားတာလဲ"

ဦးစက္ကက ခေတ္တမျှ စဉ်းစားနေရင်း

"မှန်ပါ စော်ဘွားမင်းကြီး၊ ကျွနု်ပ်တို့ မိုးကုတ်နယ်မှာ ကျောက်အဝယ်လာရှာရင်း၊ တောထဲက လူတစ်ယောက်က ဒီသရဖူကိုရောင်းခဲ့လို့၊ ကျောက်ကောင်းမို့ စော်ဘွားကြီးထံကို လာရောက်ဆက်သရခြင်းဖြစ်ပါတယ်၊ စော်ဘွားကြီး မယုံရင် သူတို့နှစ်ယောက်ကိုပါမေးကြည့်ပါ"

ထိုအခါ ကြောက်လန့်နေသည့် တပည့်နှစ်ယောက်ကလဲ ခေါင်းညိတ်ရင်း

"ဟုတ် . .ဟုတ်ပါတယ်၊ စော်ဘွားကြီး"

စော်ဘွားကြီးက ပတ္တမြားကြီးကို နေရောင်တွင် ထောင်ကြည့်ရင်းမှ

"ကျုပ်လဲ မိုးကုတ်နားမှာနေတာဆိုတော့ ကျောက်ကောင်းတွေတော်တော်များများမြင်ဖူးပါရဲ့၊ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ပတ္တမြားကိုတော့ မြင်တောင်မမြင်ဖူးဘူးဗျ"

ထို့နောက် စော်ဘွားကြီးက သူတို့ကိုကြည့်ပြီး ပြုံးပြလိုက်သည်။

"ကိုယ့်ဆီကျောက်လာဆက်သတယ်ဆိုတော့လဲ ခင်ဗျားတို့ကို ဆုတော်ငွေတွေ ပြန်ချရသေးတာပေါ့၊ လောလောဆယ်တော့ ခင်ဗျားတို့ ဧည့်နန်းဆောင်မှာ အနားယူပါအုံး"

စော်ဘွားကြီးက ပြောပြီးနောက် ပတ္တမြားကြီးကိုယူကာ ဟော်နန်းတော်အတွင်းသို့ ပြန်တက်သွားတော့သည်။

ဧည့်နန်းဆောင်မှာ ဟော်နန်းနှင့်အတန်ငယ်လှမ်းသည့် အဆောက်အဦးဖြစ်ပြီး အုတ်နှင့်ဆောက်လုပ်ထားသည်။ ထိုအထဲတွင် အခန်းငယ်များစွာရှိပြီး စော်ဘွားနှင့်ပက်သက်သည့်ဆွေမျိုးများနှင့် အင်္ဂလိပ်အရာရှိများလာသည့်အခါ တည်းခိုရန်နေရာချထားပေးသည့်နေရာဖြစ်သည်။

"ဆရာကြီး စော်ဘွားကြီးက ဆရာကြီးဆီမှာပတ္တမြားကြီးရှိမှန်း ဘယ်လိုလုပ်ပြီးသိသွားတာလဲ"

တပည့်တစ်ယောက်ကမေးလိုက်ရာ ဦးစက္ကက အံကိုကြိတ်လိုက်သည်။

"ဘယ်သူရှိမလဲကွာ၊ ရွာတော်ရှင်ပဲဖြစ်မှာပေါ့"

"ဆရာကြီး ပတ္တမြားကြီးက စော်ဘွားကြီးဆီရောက်သွားပြီဆိုတော့ အခုဘယ်လိုပြန်ယူကြမလဲ"

တပည့်တစ်ယောက်ပြောသည်ကို ဦးစက္ကက ဘာမှပြန်မဖြေဘဲ ပြုံးသာနေလိုက်သည်။ တပည့်များက စိတ်မရှည်တော့ပေ။

"မင်းတို့ကလဲ၊ ငါတို့မပေးရင် ငါတို့ကိုသတ်မှာပေါ့ကွ၊ နောက်ပြီး ဒီပတ္တမြားကြီးကို ငါနည်းနည်းသံသယရှိတယ်"

"ဘယ်လိုသံသယရှိတာလဲ ဆရာကြီးရဲ့"

"ဒီပတ္တမြားကြီးမှာ မကောင်းတဲ့စွမ်းအင်တစ်ခုခုရှိနေတယ်လို့ ငါခံစားမိနေလို့ပဲ"

"ဒါဖြင့်ရင် ဆရာကြီးက ဘယ်လိုလုပ်မလဲ"

"အခုတော့ စော်ဘွားကြီးပေးတဲ့ ဆုတော်လဘ်တော်တွေလောက်ပဲ ယူပြီးပြန်ကြမယ်ကွာ၊ ဒီလိုပတ္တမြားကြီးနောက်တစ်လုံးကိုလဲ ငါတွေ့ထားသေးတယ်မဟုတ်လား"

"ဟင်၊ အဲဒါက ဘယ်နေရာမှာလဲ"

"မင်းတို့က ညံ့လိုက်တာကွာ၊ မနက်ကခွန်မှိုင်းပြောတယ်မဟုတ်လား၊ မင်းပုန်းတောင်မှာ ဒီလိုပတ္တမြားနောက်တစ်လုံးရှိသေးတယ်ဆိုတာလေ"

ထိုတော့မှ တပည့်များခေါင်းညိတ်လိုက်ကြသည်။

သူတို့ကို ဧည့်နန်းဆောင်တွင် စော်ဘွားမင်းက အစားအသောက်၊ အနေအထိုင်မှစ၍ အစစအရာရာပြုစုလေသည်။ ညနေဘက်ရောက်သောအခါ မိုးမိတ်မြို့ကအလွန်သာယာလှပသည်။ စော်ဘွားကြီးက ကြာကန်ဘေးတွင်ထိုင်နေပြီးနောက် ဦးစက္ကတို့ကိုလဲ ဖိတ်ခေါ်လိုက်သည်။ သို့သော် ဦးစက္ကတစ်ယောက်တည်းသွားရောက်၍ တပည့်နှစ်ယောက်ကိုတော့ ဧည့်နန်းဆောင်တွင်သာ ထားခဲ့လိုက်သည်။ စော်ဘွားကြီးက ခေတ်မီသူဖြစ်ရာ အသုံးအဆောင်များမှာလဲ အနောက်တိုင်းအသုံးအဆောင်များဖြစ်ကြပြီးနောက် ဦးစက္ကရောက်သွားသည့်အခါ လက်ဖက်ရည်နှင့် ကွတ်ကီးမုန့်များချကာ ဧည့်ခံလေသည်။

"ဒါထက် ခင်ဗျားတို့ အဲဒီပတ္တမြားကြီးအကြောင်းကို သိကြရဲ့လား"

ဦးစက္ကက ခေါင်းခါပြလိုက်သည်။

"မယ်တော်ကို နေ့လည်က ပြသလိုက်တော့ မယ်တော်က ပတ္တမြားကြီးကို သေချာစစ်ဆေးကြည့်တော့မှ စောခဲဘွားလက်ထက်က နန်းစဉ်ပတ္တမြားကြီးမှန်း သိလိုက်ရတော့တယ်"

"နန်းစဉ် ပတ္တမြား . . . ဟုတ်လား"

"ဒီလိုဗျ၊ အဲဒီပတ္တမြားကြီးဟာ မိုးမိတ်တည်ထောင်တဲ့ စော်ဘွားကြီး စောခဲဘွားလက်ထက်က ပေါ်ပေါက်ခဲ့တဲ့ ရတနာတစ်ခုပဲ၊ သူ့မှာလဲ သမိုင်းကြောင်းရှိခဲ့ဖူးတယ်ဗျ"

"ဒါဆိုလဲ စော်ဘွားကြီးကပဲ ကျွန်တော်မျိုးကို ပြောပြပေးဖို့ တောင်းပန်ပါတယ်"

စော်ဘွားကြီးက ပြုံးလိုက်ပြီးနောက် ဇတ်လမ်းတစ်ပုဒ်ကို ပြောပြလေသည်။

(၆)

မိုးမိတ်မြို့ကို သက္ကရာဇ် ၆၀၀ ခုနှစ်တွင် ကျိုင်းတုံစော်ဘွား ရွှေနန်းရှင်ကတည်ထောင်ခဲ့သည်။ ယခင်က ရွာကလေးမျှသာဖြစ်သော်လည်း မြေပြန့်ချိုင့်ဝှမ်းအတွင်းတည်ရှိကာ ရွှေလီမြစ်ကြီးကလဲ ဖြတ်သန်းစီးဆင်းသွားသဖြင့် စိုက်ပျိုးရေးအတွက်ကောင်းမွန်သည့်နေရာတစ်ခုဖြစ်သည့်အလျှောက် ရွှေနန်းရှင်က မြို့အဖြစ်တည်ထောင်ခဲ့သည်။ မိုးမိတ်တွင် ကချင်၊ ပလောင် နှင့် ရှမ်းများရောနှောနေထိုင်ကြသည်။ ထိုတော့မှ မြို့အဖြစ်တဖြည်းဖြည်းကျယ်ဝန်းလာခဲ့သည်။ ရွှေနန်းရှင်က သူ၏ စတုတ္ထသားတော် သိုဟန်ဘွားကို မိုးမိတ်စော်ဘွားအဖြစ် ခန့်အပ်ပြီးအုပ်ချုပ်စေခဲ့သည်။

သက်တော် ၁၂၆ နှစ်အရွယ်တွင် ရွှေနန်းရှင် နတ်ရွာစံခဲ့ရာ သားတော် သိုဟန်ဘွားမှာ မိုးမိတ်မြို့ကို စောခဲဘွားထံသို့ လွှဲအပ်ခဲ့ပြီးနောက် သူကမူ ကျိုင်းတုံသို့ပြန်ကာ ထီးနန်းကိုသိမ်းယူလိုက်လေသည်။ ထိုအခါ စောခဲဘွားသည် မိုးမိတ်မြို့ကို မြို့ကြီးပြကြီးတစ်ခုအဖြစ်တည်ထောင်ရန် ဆုံးဖြတ်ခဲ့တော့သည်။

စောခဲဘွားသည် လုပ်သားအင်အား တစ်သိန်းကို အသုံးပြုပြီး မိုးမိတ်မြို့ကို တည်ဆောက်ခဲ့သည်။ မြို့ကိုပတ်လည်ထားသော ရေကျုံးကြီးကိုတူးခဲ့သလို မြို့ပတ်ပတ်လည်ကိုလဲ တာငါးရာ ပတ်လည် (ပေငါးထောင်ပတ်လည်) မြို့ရိုးတံတိုင်းကြီးတည်ဆောက်ခဲ့သည်။ ထိုမြို့ရိုးကြီးက တစ်ဆယ့်ရှစ်တောင်မြင့်၍ ထုခုနစ်တောင်ရှိသည်။ ထိုအပြင်မြို့ရိုးအတွင်း နောက်ထပ်အတွင်းမြို့ရိုးတစ်ထပ်ရှိသေးကာ အတွင်းမြို့ရိုးမှာလဲ ဆယ်တောင်မြင့်၍ ထုမှာ ခုနစ်တောင်ရှိသည်။ မြို့နှင့်အတူ ပြအိုးကြီးများ၊ တံခါးကြီးများ၊ ပြဿဒ်ကြီးများကိုလဲ တည်ဆောက်ခဲ့သည်။

ထိုသို့မြို့တည်ဆောက်နေစဉ်တွင် မိုးကုတ်မြို့မှ ကျောက်ကောင်းထွက်သည့်သတင်းကြားသည်။ ထိုအခါ စောခဲဘွားလဲ စိတ်ဝင်စားသွားခဲ့သည်။ ထို့နောက် ထိုကျောက်အား လူယုံတော်များလွှတ်၍လိုက်လံစုံစမ်းခိုင်းရာ ယင်း(ရှမ်းလူမျိုးတစ်မျိုး)အမျိုးသား အဘိုးကြီးနှင့်အဘွားကြီးနှစ်ယောက်ပိုင်ကြောင်းတွေ့ရသည်။ စော်ဘွားကြီးကိုယ်တိုင်သွား၍ ထိုကျောက်အား တောင်းခံသော်လည်း မပေး၊ ဝယ်မည်ဆိုသော်လည်း မပေးသောကြောင့် အာဏာနှင့်သိမ်းယူကာ ယင်းအဘိုးအဘွားလင်မယားအား ပင့်ကူတောင်အနီး သုဿန်တွင် ကားစင်တင်၍ သတ်စေသည်။

သို့သော် ယင်းအမျိုးသားအဘိုးအဘွားမှာ စော်ဘွားကြီးကို မကျေနပ်သဖြင့် မသေခင်ကျိန်စာတိုက်ခဲ့ကြသည်။

"ဤကျောက်ကို ပိုင်ဆိုင်သောသူသည် ခေါင်းကိုက်စေ၊ မူးဝေစေ၊ လေသင်တုန်းဖြတ်၍သေပါစေ"

ထိုသို့ကျိန်စာတိုက်ပြီးမှ သေဆုံးသွားသည်ဟု အာဏာပါးကွက်သားများက ပြောဆိုသော်လည်း စော်ဘွားကြီးက သိပ်ပြီးဂရုမစိုက်ပေ။ သို့သော်စော်ဘွားကြီးမှာ မြို့တည်နန်းတည်ကိစ္စရပ်များနှင့် အလုပ်များနေခဲ့ရာ ထိုပတ္တမြားကြီးကို မေ့မေ့လျော့လျော့နှင့် သိမ်းဆည်းထားလေသည်။ မြို့တည်ပြီး ခြောက်နှစ်ကြာသောအခါမှ မြို့တည်ဆောက်ခြင်းအထိမ်းမှတ်အနေနှင့် နန်းဦးဘုရားကို တည်ထားကိုးကွယ်သည်။ မြို့တည်ပြီးသောအခါ ဘုရားပွဲနှင့်စည်ကားသော ပွဲလမ်းသဘင်ကြီးကို ကျင်းပကြသည်။ စောခဲဘွားသည် ထိုပွဲလမ်းသဘင်တွင် ဝတ်ဆင်ရန်အတွက် မကိုဋ်တစ်ခုကို ပြင်ဆင်ပြီးနောက် ထိုပတ္တမြားကြီးကို မကိုဋ်တွင်တပ်ထားလိုက်တော့သည်။

ကြယ်ပတ္တမြားကြီးမှာ ဂမ္ဘီရအစွမ်းများရှိသည်ကို သိသဖြင့် ထိုသို့ မကိုဋ်တွင်တပ်ဆင်အသုံးပြုခြင်းဖြစ်သည်။ ထို့နောက် စောခဲဘွားက မကိုဋ်ဆောင်းကာ၊ ဆင်စီး၍ ပွဲသို့ထွက်သည်။ သို့ရာတွင် ပွဲတက်နေရင်းမကြာမီပင် စော်ဘွားကြီးမှာ ခေါင်းကိုက်ပြီး မေ့လဲကျသွားသည်။ ထို့နောက် လေသင်တုန်းဖြတ်သွားပြီးသောအခါ ထိုဝေဒနာနှင့်ပင် နတ်ရွာစံသွားခဲ့သည်။ စော်ဘွားကြီး နတ်ရွာစံသွားသည့်အခါ သားတော်က စော်ဘွားအဖြစ်ဆက်ခံပြီးနောက် ထိုမကိုဋ်ကြီးကို မပန်ဆင်ရဲတော့ပေ။ မြို့သားများအကြားတွင်လဲ ထိုမကိုဋ်ကြီးတွင်ရှိသော ပတ္တမြားကြီး၏ ကျိန်စာကြောင့် စော်ဘွားကြီးနတ်ရွာစံသွားခဲ့ရသည်ဟု သတင်းပြန့်နေခဲ့သည်။

"ကျိန်စာမသင့်ချင်ရင် ပတ္တမြားကြီးကို မူလပင့်ကူတောင်ကို ပြန်ပို့ရမယ်"

ထိုစကားမှာ မြို့သားများအကြား ပြန့်နှံ့လာသဖြင့် စော်ဘွားကြီးလဲ ပင့်ကူတောင်ခြေတွင် စေတီတစ်ဆူပြုလုပ်ပြီးနောက် ထိုပတ္တမြားမကိုဋ်ကြီးကို ဌာပနာထားလိုက်တော့သည်။

စော်ဘွားကြီးပြောသမျှကို ဦးစက္ကက သေချာနားထောင်ရင်း ခေါင်းညိတ်နေလိုက်သည်။

"ဒီတော့ တစ်ချိန်ချိန်မှာ ဒီစေတီကို တစ်ယောက်ယောက်ကတူးဖော်ပြီး ပတ္တမြားကြီးကို ခိုးယူခဲ့တာဖြစ်မယ်၊ တော်တော်လဲဆိုးတဲ့သူတွေဖြစ်မယ်၊ ဘုရားပစ္စည်းကိုလုပ်ရဲတယ်ဆိုတော့ သံသရာအဆက်ဆက် ငရဲကျမယ့်သူတွေပေါ့ဗျာ"

စော်ဘွားကြီးရေရွတ်လိုက်တော့ ဦးစက္ကလဲ မျက်နှာပျက်သွားသည်။ ထို့နောက် စကားလမ်းကြောင်းလွှဲသည့်အနေနှင့်

"ဒါဆိုဘယ်လိုလဲ၊ စော်ဘွားကြီးရော ဒီအယူအဆကိုလက်ခံသလား"

"ကျုပ်ကတော့ လုံးဝလက်မခံဘူး၊ ခေတ်မီတဲ့လောကဓါတ်ပညာတွေထွန်းကားတဲ့ ခေတ်မှာ ဒါမျိုးအတွေးအခေါ်တွေမရှိဘူး၊ တကယ်လို့ စောခဲဘွားလေသင်တုန်းဖြတ်သွားတာအမှန်ဆိုရင်တောင်မှ၊ ပတ္တမြားကြောင့်မဟုတ်ဘဲ တိုက်ဆိုင်သွားတာဖြစ်နိုင်တယ်"

ဦးစက္ကက ဘာမှမပြောတော့ဘဲ ခေါင်းသာညိတ်နေလိုက်တော့သည်။ စော်ဘွားကြီးက ဦးစက္ကကိုဆုချသည့်အနေနှင့် ရူပီးတစ်ရာပေးလိုက်သည်။ ရူပီးတစ်ရာဆိုသည်မှာ ဦးစက္ကအတွက်မများလှသော်လည်း စော်ဘွားကြီးပေးသလောက်သာ ယူလာခဲ့လိုက်သည်။ သို့နှင့် ဦးစက္ကလဲ စော်ဘွားကြီးကိုနှုတ်ဆက်ခဲ့ပြီး နောက်တစ်နေ့မနက်တွင် သူတို့သုံးယောက် မြင်းစီး၍ မိုးမိတ်မှပြန်လာခဲ့ကြသည်။ သို့သော် မိုးမိတ်ဈေးထဲအရောက်တွင် ဦးစက္ကက ဝက်သားတွဲနှစ်တွဲကို ဝယ်ယူပြီးနောက် သူ့တပည့်များကို တစ်ယောက်တစ်တွဲ ကိုင်ထားစေသည်။ ထို့နောက် သူတို့အတူတူမြို့ပြင်လမ်းကလေးသို့ ထွက်လာခဲ့ကြသည်။

"ဆရာကြီး ဝက်သားတွဲတွေကဘာလုပ်ဖို့လဲ"

"ငါလုပ်စရာရှိလို့ ဝယ်ခဲ့တာပေါ့ကွာ"

မိုးကုတ်သို့ပြန်သည့်တောင်တက်လမ်းကလေးက ကျဉ်းမြောင်းလှသည်။ ထိုစဉ် ဦးစက္ကအနောက်ဘက်မှ ဝက်သားတွဲကိုင်ထားသော တပည့်များဆီသို့ တောထဲမှ အရိပ်ကြီးများက ပြေးလာကြသည်။ ထို့နောက် မြင်းစီးထားသည့်သူများကိုတက်ခွသည့်အခါ မြင်းက လန့်ပြီးခါချလိုက်သဖြင့် ထိုလူများ အောက်သို့ပြုတ်ကျကုန်သည်။

"ဆရာကြီး ကယ်ပါအုံး၊ ဆရာကြီး"

ထိုသို့အော်နေစဉ်တွင် သရဲကြီးများက ထိုလူနှစ်ယောက်ကို ဝိုင်းဖမ်းချုပ်ပြီးသားဖြစ်နေသည်။ ဦးစက္ကက ထိုလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက်

"ငါသိုက်တူးလို့ မအောင်ဘူးဆိုတာကိုသိတာ မင်းတို့နှစ်ယောက်ပဲမဟုတ်လား၊ ဒီတော့  မင်းတို့ကို ဒီသတင်းမပြန့်စေချင်လို့ ငါနှုတ်ပိတ်လိုက်တာပေါ့"

ဦးစက္ကက မြင်းကိုအသော့နှင်ပြီးနောက် တောင်ပေါ်ဆက်တက်ခဲ့သည်။ သူ့နောက်သစ်တောအတွင်းမှတော့ ကြောက်လန့်တကြားနှင့် အော်ဟစ်သံကြီးများက ဖုံးလွှမ်းပြီးကျန်နေခဲ့တော့သည်။

မိုးမိတ်စော်ဘွား ဟော်နန်းတွင်ဖြစ်သည်။

"ဒါနဲ့ ဒီပတ္တမြားကြီးက ကျိန်စာသင့်နေတယ်ဆို"

စော်ဘွားကြီးက ပြုံးလိုက်သည်။

"အို၊ ဒါတွေက အဓိပ္ပါယ်မရှိတဲ့ ယုံတမ်းစကားတွေပါဒေဝီရဲ့"

"ဒါဖြင့်ရင် ဒီလောက်ကြီးတဲ့ပတ္တမြားကို ဘယ်လိုဆင်ပေးမှာလဲ"

"ဘယက်ကြီးတစ်ခုလုပ်မယ်လေ၊ ပြီးရင်တော့ စိန်တွေကွပ်ထားပြီးတော့ အလယ်မှာ အဲဒီပတ္တမြားကြီးကို တပ်ထားလိုက်ရင် မကောင်းဘူးလား"

"ကောင်းတာပေါ့မောင်တော်ရယ်"

ထိုသို့ပြောလိုက်သည့်အခါ စော်ဘွားကြီးက စော်ဘွားကတော်ကို တင်းကြပ်စွာပွေ့ဖက်လိုက်တော့သည်။ ထို့နောက် စော်ဘွားကတော်က ပတ္တမြားကြီးကို ရတနာသေတ္တာအတွင်းသို့ထည့်သိမ်းလိုက်ပြီးနောက် ဘီရိုထဲထည့်ကာ သိမ်းဆည်းထားလိုက်တော့သည်။ သို့သော် ထိုနေ့မှစ၍ စော်ဘွားကတော်ထံတွင် ထူးဆန်းစွာ ခေါင်းကိုက်ရောဂါတစ်ခုစွဲကပ်လာခဲ့သည်။

နောက်တစ်နေ့။
စော်ဘွားကတော်လဲ စာဖတ်ရင်း လက်ဖက်ရည်သောက်နေစဉ်တွင် စာဖတ်ခန်းတံခါးတွင် လူတစ်ဦးလာပြီးမတ်တပ်ရပ်နေသည်ကိုမြင်လိုက်ရသည်။ ထိုသူမှာ ရှေးဆန်သည့်ရှမ်းအကျီကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။ အသက် နှစ်ဆယ်ခန့်သာရှိလောက်မည်ဖြစ်ပြီး သူ့ကိုစိုက်ကြည့်နေသည်။

"ဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ"

"ပတ္တမြားကြီးကို ပြန်ပေးပါ၊ သူ့နေရာမှာသူ သွားပြန်ထားလိုက်ပါ"

"နင်ဘယ်သူလဲ၊ ဘာတွေလာပြောနေတာလဲ"

ထိုသို့ပြောပြီးနောက် စော်ဘွားကတော်မှာ မတ်တပ်ရပ်လိုက်သည်။ ထိုအခါတွင် သူ့ခေါင်းထဲတွင် မူးနောက်လာပြီးနောက် တစ်လောကလုံးချာချာလည်နေတော့သည်။ ထို့ကြောင့် ထိုင်ခုံပေါ်သို့အမြန်ထိုင်ချလိုက်ပြီး နားထင်ကိုလက်နှစ်ဖက်နှင့်ဖိထားလိုက်သည်။ ခဏအကြာတွင် ခေါင်းမူးသက်သာသွားပြီးနောက်တွင် အခန်းတံခါးတွင်ရပ်နေသော အမျိုးသမီးမှာမရှိတော့။

"မယ်ခ၊ မယ်န လာကြပါအုံး"

စော်ဘွားကတော်၏ ရံရွှေတော်များက အခန်းအတွင်းသို့ပြေးဝင်လာကြသည်။

"ခုနက အခန်းရှေ့မှာရပ်နေတာဘယ်သူလဲ"

မယ်ခနှင့် မယ်န တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

"အခန်းတံခါးရှေ့မှာ မယ်ခတို့ရပ်ပြီး ခစားနေတာပါသခင်မ၊ ဘာမှမရှိပါဘူး"

"ဟင်၊ ဟုတ်ပါ့မလားဟယ်၊ ငါအမျိုးသမီးတစ်ယောက်ကို တပ်အပ်ကြီးကို မြင်လိုက်တာပါ"

"သခင်မ အမြင်မှားတာဖြစ်မှာပါ၊ မယ်ခတို့ခစားနေတာ ဘယ်သူမှမရှိပါဘူး၊ ရှိခဲ့ရင်လဲ မယ်ခတို့အရင်မြင်မှာပေါ့"

ဟုတ်တော့လဲဟုတ်သည်။ အပါးတော်ရံရွှေတော်တွေက အမြဲအနီးကပ်ခစားနေကြသည်မို့ သူတို့မမြင်လိုက်ဘဲနှင့် အခန်းတံခါးဝဆီသို့ ရောက်လာစရာအကြောင်းမရှိပေ။ သို့သော် စော်ဘွားကတော်က မကျေနပ်သေးပေ။

"ကိုယ်ရံတော်တပ်ဖွဲ့ကိုသတင်းပို့လိုက်ပါ၊ ဒီမနက် ဟော်နန်းထဲဝင်တဲ့လူမှန်သမျှကို စီစစ်ပြီးသတင်းပို့ပါ၊ နောက်ပြီး ဒီနန်းဆောင်ကိုလဲ ပိတ်ပြီး တစ်ယောက်မကျန်ပိုက်စိပ်တိုက် ရှာခိုင်းပါ"

မယ်ခပြေးထွက်သွားပြီးနောက် ကိုယ်ရံတော်များက ထိုနန်းဆောင်ကိုပိတ်လိုက်ပြီး တစ်ခန်းမကျန်ရှာဖွေကြသော်လည်း အချည်းအနှီးသာဖြစ်သည်။ စော်ဘွားကတော်မှာ ပိုခြောက်ခြားလာချေပြီ။

"ဒါဆို လူမဖြစ်နိုင်လောက်ဘူး၊ ပတ္တမြားကြီးအကြောင်းလဲပြောသွားတယ်ဆို ဧကန္တ သရဲတစ္ဆေများလား"

အပိုင်း (၄) တွင်ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..