
“ပြေး ..ပြေး ..”
“တစ်ယောက်မှ မလွတ်စေနဲ့”
အားလုံးဝရုန်းသုန်းကားဖြစ်ကုန်ကြသည်။ တစ်ချိန်က ငွေသော် ဦးစီးခဲ့ဖူးသည့် ကြက်ဝိုင်းအား ရဲတွေ ဝင်ဖမ်းခြင်းဖြစ်၏။ ပြေးသူပြေး၊ လဲသူလဲ၊ မိသူမိနှင့် ကမ္ဘာပျက်နေကြသည်။ ငွေသော်က ခပ်တည်တည်နှင့် အနီးနားက အိမ်တစ်အိမ်ထဲဝင်လိုက်သည်။ ကောင်မလေးတစ်ယောက်တည်း ထမင်းအိုးတည်နေပုံရသည်။
“ရှင် .. ရှင် .. က”
“ရှုး .. “
ငွေသော်က တိတ်တိတ်နေဆိုသည့်သဘောနှင့် လက်ညှိုးကိုနှုတ်ခမ်းနားကပ်ပြီး အမူအရာပြလိုက်သည်။ ကောင်မလေးတစ်ယောက်ထဲရှိတဲ့အိမ်ကို လူစိမ်းယောကျ်ားတစ်ယောက်ဝင်လာခြင်းကို ကောင်မလေးက ကြောက်ရွံ့နေသည်။ ငွေသော်က အိမ်ထောင့်မှာရှိတဲ့ဖျာတချပ်ကို ကောက်ခင်းကာ စောင်တစ်ထည်ကို ခြုံထားလိုက်သည်။ သိပ်မကြာခင်မှာ ရဲတွေရောက်လာသည်။ အိမ်ပေါ်ကို တက်လာကာ ဝေ့ကြည့်သည်။ ထမင်းအိုးတည်နေသည့် ကောင်မလေးနှင့် လူမမာပုံစံ ယောကျ်ားဖြစ်သူကိုတွေ့တော့ ပြန်ဆင်းသွားကြ၏။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်မှာ ရဲကားတွေအများအပြားနှင့် ကြက်ဝိုင်းကလူတွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။ ငွေသော်လည်း အိမ်ပေါ်ကဆင်းဖို့ လုံးဝအခွင့်မသာပေ။ အချိန်က ညနေစောင်းလုပြီ။
“ရှင်က ကြက်ဝိုင်းကိုလာတာလား”
“အင်း .. “
“ဘယ်လိုလုပ်မလဲ .. ရဲတွေကလည်း အခုထိ မပြန်သေးဘူး။ ရှင့်ကိုမိသွားရင် ကျွန်မကိုပါ ဖမ်းသွားမလားမသိဘူး”
ကောင်မလေးက ကြောက်နေပုံရသည်။ ငွေသော်လည်း အားနာမိသည်။
“ဒါဆိုလည်း အစ်ကို သွားလိုက်ပါတော့မယ်”
ငွေသော်က အဲဒီလိုဆိုတော့ ကောင်မလေးက ..
“ရပါတယ် .. ရှင်ထွက်သွားမှ မိနေဦးမယ်”
အချိန်က ညနေ ခြောက်နာရီပင်ခွဲပြီ။ ကောင်မလေးက .
“ရှင်ဗိုက်ဆာပြီလား”
ငွေသော်က ခေါင်းညိမ့်ပြလိုက်တော့ .. ကောင်မလေးက သံပန်းကန်ထဲ ထမင်း၊ ဘဲဥချဉ်ဟင်းနှင့် ငပိရည်ကို ပုံပြီး လာပေးသည်။
“ကျွန်မဆီမှာလည်း ဒါပဲရှိတယ်။ ဟင်းမကောင်းပေမဲ့ ရှင်အဆာတော့ပြေမှာပါ”
ငွေသော်လည်း ဟန်မဆောင်နိုင်တော့ဘဲ စားတော့သည်။ စားဖူးသမျှထဲမှာ အရသာရှိဆုံးလို့တောင်ဆိုရမည်။ ဗိုက်ဆာနေချိန်ကြောင့်လည်းဖြစ်မည်။ ည ခုနှစ်နာရီခွဲလောက်မှာတော့ ရဲတွေအကုန်ပြန်သွားပြီး လမ်းကြောင်းရှင်းသွားတော့သည်။ အဲဒီတော့မှ ငွေသော်လည်း …ကောင်မလေးမသိအောင် ထမင်းပန်းကန်အောက်ထဲ ထောင်တန်ဆယ်ရွက်လောက်ထားခဲ့ကာ..
“ကျေးဇူးတင်ပါတယ် ညီမ .. အစ်ကိုသွားတော့မယ်”
ကောင်မလေးက ခေါင်းညိမ့်ပြသည်။ ငွေသော်လည်း ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်ပြီး ကားလမ်းမဆီ ခပ်သုတ်သုတ်လျှောက်လာကာ တက်စီတစ်စီးကို ငှားပြီး စိုးကြီးတို့သုတ်ချလာတော့သည်။
“ဘယ်လိုဖြစ်တာလဲ”
“ကျနော် ကိုငွေသော် ပါသွားပြီထင်နေတာ”
“အေးကွာ .. ကံကောင်းလို့ ငါလည်း ဝိုင်းထဲဝင်ခါနီး ရဲတွေရောက်ချလာတာပဲ။ ငါလည်း ပြေးရင်မလွတ်နိုင်တာနဲ့ အဲဒီနားက အိမ်တစ်အိမ်မှာ ဝင်ပုန်းလိုက်တာပဲ”
အဲဒီနေ့က ငွေသော်က ကြက်ဝိုင်းကို သွားပြီး ပိုက်ဆံသိမ်းမယ်၊ ပြီးရင် အရင်ဖိုးစီရဲ့ တပည့်တွေကိုရှာပြီး သူနဲ့ပူးပေါင်းဖို့ ပြောဖို့ပင်။ အခုတော့ အစီအစဉ်တွေ ပျက်သွားပြီ။ နောက်မှ သတင်းကြားရတာက ကြက်ဝိုင်းမှာ အယောက်သုံးဆယ်လောက် အဖမ်းခံလိုက်ရပြီး ငွေသော် ဦးစီးခိုင်းထားတဲ့ တစ်ယောက်လည်း ပိုက်ဆံတွေနဲ့အတူ မိသွားသည်ဟု ပြန်ကြားရသည်။ ဖိုးစီ မရှိတော့ကတည်းက ဦးသန်းဝင်းက ငွေသော်ကို ပြန်ဦးစီးဖို့ပြောတော့ ငွေသော်က စိတ်ချရသည့် တပည့်တစ်ယောက်နှင့် လွှတ်ထားခြင်းဖြစ်သည်။ ဒီနေ့က တနင်္ဂနွေဆိုတော့ ပိုက်ဆံသွားသိမ်းခြင်းဖြစ်သည်။
“တိုင်တဲ့သူရှိလို့နေမယ်”
“ငါသိတယ်”
“ဦးထွန်းအောင်တို့လက်ချက်လား”
“အသေချာဆုံးပေါ့”
“ဒါဆို သူတို့ဘက်က တိုက်ပွဲကို စ နေပြီပေါ့”
“ကြက်ဝိုင်းမရှိတော့တာ ပြဿနာမဟုတ်ဘူး။ အရင်ဖိုးစီရဲ့ အဆက်အသွယ်တွေကို ရှာရခက်သွားမှာ ပြဿနာ”
“အေး … ဟုတ်တယ်”
“ဘယ်လိုလုပ်ကြမလဲ”
“ဖိုးစီ ကို ပြန်ခေါ်ရင်ရော”
စိုးကြီးက ပြောတော့ .. ငွေသော်က ..
“ဟင့်အင်း ငါတို့ဘာသာ ရအောင်လုပ်မယ်။ ဖိုးစီ သူ့ဘာသာ အေးအေးဆေးဆေးနေပါစေ”
စိုးကြီးနှင့် သူရိန်က ခေါင်းယမ်းသည်။ စိုးလှကတော့ မပွင့်တပွင့်ပြုံးပြီး ..
“ငါ့ကျတော့ ထောင်ရှေ့ထိတောင်လာခေါ်တယ်နော်”
“ဟား .. ဟား .. “
စိုးလှပြောလိုက်တော့ ငွေသော်က ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး …ကွမ်းတစ်ရာကို ထုတ်ဝါးလိုက်သည်။ မျက်လုံးထဲမှာတော့ သူ့ကို ဗိုက်ဆာနေမှာစိုးလို့ ထမင်းကျွေးခဲ့သည့် ကောင်မလေးမျက်နှာကို မြင်ယောင်နေမိတော့သည်။
အဲဒီနောက်မှာတော့ ငွေသော်တို့ ခြေလှမ်းကို မြှင့်တင်လိုက်သည်။ သူတို့အနေနှင့် ဦးထွန်းအောင် နှင့် မြန်မြန်ထိပ်တိုက်တွေ့ပြီး အရှုံးအနိုင် ကွဲပြားဖို့ လိုအပ်၏။ အချိန်ကြာလာရင် ဦးထွန်းအောင်ဘက်က အားသာသွားနိုင်သည်။
“ငါတို့ နေမျိုး နဲ့ သွားတွေ့ရမယ်”
စိုးကြီးက ပြောတော့ .. ငွေသော်က .. နေမျိုးကိုမသိ။
“ဘယ်က နေမျိုးလဲ”
“ငါစုံစမ်းခဲ့တာ။ ရန်ကုန်မြို့ရဲ့ ကလပ်တွေ၊ ဘားတွေမှာ လုံခြုံရေးယူပေးနေတဲ့ လူမိုက်တွေရှိတယ်။ သူတို့ရဲ့ အချုပ်က နေမျိုးပဲ”
“ဦးထွန်းအောင် လူတွေကရော”
“ဦးထွန်းအောင် လူတွေက ပါဝါပိုမြင့်တယ်လေကွာ။ လုံခြုံရေးဘယ်လုပ်မလဲ”
“အဲဒါ ပြောတာမဟုတ်ဘူး။ နေမျိုးနဲ့ ဦးထွန်းအောင်နဲ့ ပတ်သက်မှုကို သိရမှဖြစ်မယ်လေ”
“အေး .. ငါစုံစမ်းရသလောက်တော့ သူတို့ ပတ်သက်မှုမရှိကြဘူး။ နေမျိုးက ကလပ်မန်နေဂျာတွေ၊ ဘားမန်နေဂျာတွေနဲ့ပဲ ပတ်သက်တာ”
“အိုခေ .. ဒါဆို ငါတို့ တွေ့သင့်တာပေါ့”
ငွေသော်က အချိန်မဆွဲဘဲ နေမျိုးနှင့် တွေ့ဖို့ ကြိုးစားသည်။
“ကျနော် ငွေသော်ပါ”
“အင်း .. ကြားဖူးတယ်”
“အခု ..ကျနော် ကိုနေမျိုးနဲ့ အလုပ်တွဲလုပ်ချင်လို့”
နေမျိုးက အသက်ကတော့ ၄၀ လောက်ရှိမည်ဖြစ်ပြီး အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် လူမိုက်ခေါင်းဆောင်လို့တောင် ထင်စရာမရှိ။
“ဘာလုပ်ချင်တာလဲ”
ငွေသော်လည်း ဝေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက်ပဲပြောချလိုက်သည်။
“ကျနော်က .. ကလပ်တွေ၊ ဘားတွေမှာ အဖြူဖြန့်ချင်တယ်။ “
“အဲဒါ ငါ့အပိုင်းမဟုတ်ဘူးလေ”
“ဒါပေမဲ့ .. ကျနော် ဖြန့်မယ့်အချို့ ကလပ်တွေ၊ ဘားတွေမှာ လက်ဝါးကြီးအုပ်ထားတဲ့သူရှိတယ်။ သူ့ကို ကျော်ဖို့လိုအပ်တယ်”
“ဦးထွန်းအောင်ကို ပြောတာလား”
“အော် .. သိနေတာပဲ”
“ဒီလောကမှာတော့ ဦးထွန်းအောင်ကို မသိလို့မရဘူး။ သူနဲ့ လွတ်ကင်းကြဖို့မှ မလွယ်တာကိုး”
“အဲဒါ . ကိုနေမျိုးရဲ့ အကူညီနဲ့ ကျနော် ဖောက်သည်အသစ်တွေရှာဖို့လိုတယ်”
“ငါ့အတွက် အကျိုးအမြတ်က..”
ငွေသော်က စိုးကြီးကို ကြည့်လိုက်သည်။ စိုးကြီးက အိတ်အမဲတစ်ထုတ် ပစ်ချလိုက်၏။
“ဒီထဲမှာ သိန်း ၅၀ ရှိတယ်။ ဒါက သဘောတူတယ်ဆိုတာနဲ့ ရမယ့်ပိုက်ဆံပေါ့။ ပြီးရင် အလုပ်တွဲလုပ်ရင် ထပ်ရမယ့် ပိုက်ဆံတွေကတော့ ဒီထက်မကနိုင်ဘူး”
နေမျိုးက ပိုက်ဆံထုတ်ကို မြင်တော့ အရောင်လက်သွားသည်။
“သဘောတူတယ်”
ဒီလိုနှင့် ငွေသော်နှင့်နေမျိုးတို့ မဟာမိတ်တွေ ဖြစ်သွားကြ၏။ နေမျိုးက သူလုံခြုံရေးယူပေးရတဲ့ ဘားတွေ၊ ကလပ်တွေရဲ့ စာရင်းနဲ့ အဓိက ဖောက်သည်တွေစာရင်းကို ငွေသော် ဆီ ပေးလိုက်သည်။ ငွေသော်က အဲဒီထဲကမှ ဦးထွန်းအောင်ရဲ့ ဖောက်သည်တွေကို ပစ်မှတ်ထားချဉ်းကပ်သည်။ ဒီလိုနှင့် ဈေးကွက်အားပြိုင်မှုက ပြင်းထန်လာသလို ဦးထွန်းအောင်နှင့်ငွေသော် တို့ ထိပ်တိုက်တွေ့မယ့် အခြေအနေကလည်း ပိုမိုနီးကပ်လာလေသည်။
ငွေသော်တို့ ည ၁၂နာရီအထိ ဘားကမပြန်ဖြစ်သေး။ လူတွေကတော့ နည်းနည်းရှင်းစပြုနေပြီ။ အဲဒီအချိန်မှာ ဆိုင်ထဲကို လူ ၈ယောက်လောက်ဝင်လာသည်။ သူတို့ပုံစံတွေက တစ်ယောက်ယောက်ကို ရှာတဲ့ပုံစံဖြစ်နေသည်။ သူရိန်က ဘီယာခွက်ကိုင်ပြီး ထ သွားကာ ..
“မင်းတို့ တစ်ယောက်ယောက်ကို လာရှာနေတာလား”
“ဟုတ်တယ် .. ဒီမှာ ငွေသော်ဆိုတဲ့ကောင်ရှိလား..”
သူရိန်က ဘာမှမပြောဘဲ .. မေးတဲ့သူရဲ့ ခေါင်းကို လက်ထဲမှာပါလာတဲ့ ဘီယာခွက်နှင့် ရိုက်ချလိုက်သည်။ တော်တော်လေးမြန်ဆန်တာကြောင့် တစ်ဖက်က အဖွဲ့က ရုတ်တရက်ကြောင်သွား၏။ ပြီးတော့မှ သူရိန်ဆီကို ပြေးဝင်လာကြသည်။ သူတို့ဆီမှာ စကေဘာတွေ၊ ဓားမြှောင်တွေ ပါသည်။ သူရိန် ခါးမှာပတ်ထားတဲ့ ချိန်းကြိုးကို ဖြုတ်လိုက်ပြီး ဝင်လာသမျှကို ဆီးရိုက်သည်။ ချိန်းကြိုးကို ကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်တာကြောင့် သူရိန်အနားကို ကပ်လာလို့မရကြပေ။ စိုးကြီးက ဘိလိခက်ခုံက ကြူတံကို ထက်ပိုင်းချိုးပြီး သူရိန်ဘက်နေ ဝင်ကူပေးသည်။ ငွေသော်ကတော့ အခြေအနေကို တစ်ချက်ကြည့်နေသည်။ စိုးလှ က ဘီယာသောက်မပျက်။ တစ်ဖက်က လူအုပ်များပေမဲ့ တိုက်ရည်ခိုက်ရည်မရှိတဲ့ လူမိုက်တွေ ဖြစ်ဖို့များသည်။ သူရိန်ရဲ့ ချိန်းကြိုးနဲ့ ထိပြီး နှစ်ယောက်လောက်ခေါင်းကွဲသွားသည်။
သိပ်မကြာခင်မှာပဲ ဘားလုံခြုံရေးယူထားတဲ့ လူမိုက်တွေရောက်ချလာသည်။ ရိုက်ကြနှက်ကြတော့သည်။ ပြီးတော့မှ ငွေသော်က ထ သွားကာ ..
“တော်ပြီ .. “
ငွေသော့်ကို သတ်ဖို့လာတဲ့ ရှစ်ယောက်ခမျာ အလဲလဲအကွဲကွဲဖြစ်သွားကြသည်။
“ဒီကောင်တွေကို အပြင်ဆွဲထုတ်သွားလိုက်ကြတော့”
သူရိန်က ဘီယာတစ်ခွက် ထပ်သောက်ရင်း …
“အလကား စောက်ပေါတွေ”
စိုးကြီးက ..
“မင်းကလည်း အရမ်းမရဲနဲ့ကွ တော်သေးတာပေါ့ မင်းမှာ ချိန်းကြိုးပါလို့”
“ဒီ ချိန်းကြိုးက ရိုက်တတ်အောင်သင်ထားရတာဗျ။ မပူနဲ့ ကျနော့်ဆီမှာ ချိန်းကြိုးရှိနေရင် တော်ရုံတန်ရုံကောင် ကပ်လို့မရစေရဘူး”
ပြီးတော့ .. စိုးကြီးက ..
“ဒါနဲ့ ကိုစိုးလှက ဘာလို့ ဘီယာသောက်မပျက်တာလဲ”
“ငွေသော်မှ မထတာကွ။ ဒီကောင် ဒီမှာထိုင်နေတော့ ငါလည်း ထိုင်နေရတာပေါ့”
“ဘာလို့လဲဗျ”
သူရိန်က နားမလည်သလိုမေးတော့ ..
“မင်းတို့က ဝါနုသေးလို့ပါ။ ဒီလောကမှာက ဘယ်အရာကိုမှ ၁၀၀ရာခိုင်နှုန်းမယုံရဘူးကွ။ ဒီကောင်တွေက ငွေသော် ကို သတ်ချင်လို့ အရှေ့က ပေါ်တင်အလာပြပြီး နောက်က ဓားနဲ့ဝင်ထိုးရင် မင်းတို့တောင် သိလိုက်မှာမဟုတ်ဘူး”
သူရိန်က ..ခေါင်းကုတ်ပြီး ..
“အင်းဗျာ .. ကျနော်လည်း မဗျင်းရတာကြာတော့ ဗျင်းချင်စိတ်က များနေတာ”
“ထားလိုက်တော့ .. ငါတို့ ဒီမှာရှိတာ သတင်းပေးတဲ့သူရှိလိမ့်မယ်။ ပြီးတော့ ဦးထွန်းအောင်က ငါတို့စောင့်ကြည့်ဖို့ သူ့လူတွေအများအပြားငါတို့နားမှာ အမြဲရှိနေလိမ့်မယ်။ ငါတို့ ဒီထက်ပိုဆင်ခြင်ရမယ်။ ပြီးတော့ ဒီပွဲကို မြန်မြန်ဖြတ်ဖို့လိုပြီ”
“မင်း အစီအစဉ်ရှိပြီလား”
“ရှိပြီ… “
“ဘယ်တော့လဲ”
“မနက်ဖြန်ပဲ …”
အားလုံးငြိမ်သက်သွားကြသည်။ ငွေသော် ရဲ့ အစီအစဉ်က သူသေကိုယ်သေ အစီအစဉ်ပဲ ဖြစ်ဖို့များတာကို အားလုံးရိပ်မိကြသည်။ သူရိန်က ဘီယာကို တရှိန်ထိုးမော့ချလိုက်သည်။ ငွေသော်က စိုးလှကို ..
“မနက်ဖြန် ကိုစိုးလှလူတွေကို ခေါ်လိုက်တော့ ..”
“အေး . “
“သူရိန်မင်းက .. မနက်ဖြန်ကျရင် ကိုနေမျိုးရဲ့ တပည့်တွေနဲ့ ငါသွားခိုင်းတဲ့နေရာကိုသွား၊ တွေ့တဲ့ကောင်ကို ရိုက်ခွဲလာခဲ့ လက်လွန်သွားလဲ ဂရုမစိုက်နဲ့”
သူရိန် ကြက်သီးတွေ ထ သွားသည်။ ပြီးတော့ ခေါင်းညိမ့်လိုက်သည်။ ငွေသော်က စိုးကြီးကို
“မင်းက မနက်ဖြန် ငါနဲ့အတူရှိနေဖို့ လိုမယ်”
“ဘာလို့လဲ ..”
“သေတော့လည်း ငါတို့ဘော်ဒါနှစ်ယောက်အတူတူသေရတာပေါ့ကွာ ..ဟား .. ဟား ..”
“အေဘေး .. လာနောက်နေသေးတယ်”
ဒီလိုနှင့် မနက်ဖြန်ကို အားလုံးရင်ခုန်နေတာတော့ အမှန်ပင်။ ငွေသော်ရဲ့ နိဂုံးဖြစ်မလား နိဒါန်းဖြစ်မလားဆိုတာ စောင့်ကြည့်ရမည့် မနက်ဖြန်ဖြစ်သည်။ ။
ခြူသစ်မောင်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ChuThitMg