ဆေးမင်ရည်စုတ်ထိုး (အပိုင်း ၁၈)
lotaya.mpt.com.mm
|
2023-01-01

Part - 18

ပန်းဖူး ခြံထဲက ဒန်းလေးပေါ်တွင် ထိုင်နေစဥ် ခြံထဲဝင်လာသည့် ကားကြောင့် ကြည့်မိတော့ တာယာ။ ကားပေါ်မှ ဆင်းလာကာ ပန်းဖူးဆီ လျှောက်လာရင်းမှ အနားဝင်ထိုင်ကာ ပန်းဖူး မျက်နှာလေးကို လာငေးစိုက်ကြည့်နေတာမို့ ပန်းဖူး မသိဟန်လေးသာ ဆောင်မိသည်။ 

" ပန်းဖူးလေး.......ကိုယ်အရမ်းပျော်နေတာ သိလား။ "

သူ့ကို ငဲ့ကြည့်လာပုံလေးက တုံဏှိဘာဝေလေးပင်။ တာယာ သဘောကျစွာ ပြုံးမိရင်းမှ...

" ကိုယ် ပန်းဖူးလေးကို သိပ်ချစ်တာ။ ပန်းဖူးလေးအတွက်ဆို အကုန်ရင်ဆိုင်ရဲတယ် သိလား။ "

သူ့ကို ငေးကြည့်လာရင်းမှ သက်ပြင်းလေးချလာသလို ခပ်တိုးတိုး ဆည်းလည်းသံလေးထွက်လာ၏။

" ပန်းဖူး သူ့ကို မမှတ်မိတာ တောင်းပန်ပါတယ် ။ "

တာယာ အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးမိသည်။

" မမှတ်မိလဲ ကိစ္စမရှိဘူး.... အတင်းကြီးကြိုးစားဖို့မှ မလိုပဲ။ "

ပန်းဖူးက သူ့ကို အံ့သြသလိုလေး ကြည့်လာတော့ ....

" သြော်.....ကိုယ်ပြောတာက ပန်းဖူးလေး ပင်ပန်းလို့ပါ။ တဖြည်းဖြည်းချင်း မှတ်မိလာမှာပေါ့ မဟုတ်ဘူးလား။ "

ပန်းဖူး ခေါင်းလေးညိတ်ပြမိသလို အနားတိုးကပ်၍ နမ်းရှိုက်ရန် ကြိုးစားလာသည့် တာယာ။ ပန်းဖူး ကိုယ်လေးရို့ကာ​ ရှောင်မိတော့ တာယာ့ မျက်နှာက ကွက်ခနဲ ပျက်ယွင်းသွားရသည်။ 

" ဆောရီး....ကိုယ့်ကြောင့် စိတ်ညစ်သွားလား။ "

ပန်းဖူး သက်ပြင်းလေးချမိရင်းမှ.....

" တောင်းပန်ပါတယ်.....ပန်းဖူး စိတ်ထဲက..."

တာယာ ခေါင်းကိုအသာခါယမ်းပြလိုက်ရင်းမှ.....

" ရတယ်......ကိုယ် အဆင်ပြေတယ်။ ဘာမှစိတ်ထဲ ထားမနေနဲ့။ "

သူ့ကို အားနာသလို မျက်နှာလေးလွှဲသွားသည်မို့.....

" ကိုယ် မင်္ဂလာကိစ္စ အန်ကယ်တို့ကို သွားပြောလိုက်ဦးမယ်။ "

နေရာမှထသွားကာ အိမ်ထဲဝင်သွားသည့် တာယာ့ကိုကြည့်ရင်း ပန်းဖူး ငိုင်ငိုင်လေး ကျန်နေခဲ့သည်။ ကိုသုတ မလှမ်းမကမ်းမှနေ၍ ပန်းဖူး အနားလျှောက်လာကာ.....

" မမလေးပန်းဖူး..... "

" သြော်...... ဦးလေး....ပြောစရာရှိလို့လား ပြောလေ။ "

သုတ သက်ပြင်းချမိရင်းမှ လူက ဝေခွဲမရဖြစ်သွားရသည်။ 

" ဟို...ဟိုလေ.....တာ...တာယာက မမလေးရဲ့...."

ပန်းဖူး ငေးကြည့်နေစဉ်မှာပင်် ....

" ခင်ဗျား ဘာလုပ်နေတာလဲ ။ "

သုတ အလန့်တကြား လှည့်ကြည့်မိတော့ သူ့နောက်ပါးတွင် မတ်တတ်ရပ်ကာ စူးစိုက်ကြည့်နေသည့် တာယာ။ ကျိန်းသေ အိမ်ထဲဝင်သွားတယ် ထင်ခဲ့တာ။

" ပန်းဖူးလေး......အန်တီခေါ်နေတယ်။ "

" ဟုတ်လား......"

ပန်းဖူး ထိုင်နေရာမှထကာ အိမ်ထဲဝင်သွားသလို တာယာ့လက်က ကိုသုတ၏ အင်္ကျီကော်လံစကို ဆောင့်ဆွဲလိုက်သည်။

" ခင်ဗျား အသက်မရှင်ချင်တော့ဘူးထင်တယ်......ဘာလဲ....ကျုပ်ကို ပမာမခန့်လုပ်တာပေါ့ ဟုတ်လား။ "

ကိုသုတ မျက်စိမျက်နှာပျက်ယွင်းသွားရရင်းမှ....

" ကျုပ်.....ကျုပ်က ဘာလုပ်လို့လဲ။ "

" ခင်ဗျား ဘာပြောမလို့ကြံနေလဲ ကျုပ်မသိဘူး မထင်နဲ့......ဘာလဲ.....ခင်ဗျား ကိုယ့်သားသမီးကိုယ်မနှ​မြောဘူးပေါ့....ဟုတ်လား။ "

အသံအုပ်အုပ်ဖြင့် ခပ်ကြိတ်ကြိတ် ခြိမ်းခြောက်လာသည့် တာယာကြောင့် ကိုသုတ ပြာပြာသလဲ ဖြစ်သွားရသည်။

" တောင်း.... တောင်းပန်ပါတယ်...အန်ကယ် နောက်မဖြစ်စေရပါဘူး......တောင်းပန်ပါတယ် ။ ".

တာယာ့မျက်ဝန်းတွေက ကျဉ်မြောင်းသွားရသလို အံကိုတင်းတင်းကြိတ်ရင်းမှ....

" နော​က်တစ်ခါဆို အသေပဲမှတ်..."

ကိုသုတ၏ အင်္ကျီကော်လံစကို ဆောင့်လွှတ်ချရင်း တွန်းထုတ်၍ အိမ်ထဲဝင်သွားသည့် တာယာ။ ထိုမြင်ကွင်းကို အပေါ်ထပ် ပြတင်းပေါက်မှ ငေးကြည့်နေသည့် ပန်းဖူး၏ ဖခင်ဖြစ်သူ ဦးရေအေး။ ထူးတော့ ထူးဆန်းနေသည်။

@@@@@@@@@@@@

! မောင်မြကြည်သာ၏ ဇနီးဖြစ်သူ မနှင်းဆီပန်းဖူးသည် နိုဝင်ဘာလ ငါးရက်နေ့တွင် အက်ဆီးဒင့်တစ်ခုဖြစ်ရာမှ ပျောက်ဆုံးနေပါသဖြင့် တွေ့ရှိပါက အောက်ပါလိပ်စာအတိုင်း အကြောင်းကြားပေးပါရန် နှင့် အကြောင်းကြားပေးသည့်လူကို ထိုက်တန်စွာ ကျေးဇူးဆပ်မည်ဖြစ်ကြောင်း....!

ယနေ့ ထွက်ရှိလာသည့် သတင်းစာကို သေချာဖတ်ရင်း မြကြည်သာ သဘောကျစွာ ခေါင်းညိတ်ပြလိုက်သည်။

" ကျေးဇူးပဲ ယောက်ဖ......တစ်ခုခုတော့ ထူးမှာပါကွာ မဟုတ်ဘူးလား။ "

မြကြည်သာကား မလျှော့။ သတင်းစာထဲ လူပျောက်ကြော်ငြာထည့်ချင်သည်ဆိုတာမို့ ချစ်ရင်ထူး နဲ့ ဖိုးလောက်က သွားထည့်ခဲ့ခြင်းပင်။ 

" တကယ်လို့ ပန်းဖူးမိဘတွေ တွေ့ရင်ရော....."

" တွေ့လဲတွေ့ကွာ......အဲ့လူပါ ပျောက်နေတာ မထူးဆန်းဘူးလား။ လိပ်စာမသ်ိလို့....ခင့်အိမ်လိပ်စာသာ သိရင် လိုက်သွားမှာ သေချာစုံစမ်းပေးပါ ယောက်ဖ။ "

ခင့်ကို ပြန်တွေ့ဖို့သာ အဓိကမို့ သူ အတတ်နိုင်ဆုံး ရှိသည့်နည်းမှန်သမျှ ကြိုးစားသည်။ ကျန်သည့်ကိစ္စ သူနောက်မှ ရှင်းမည်။ လောလောဆယ် အရေးကြီးတာက ခင့်ကို ပြန်တွေ့ဖို့သာ။

----------------

တာယာ လက်ထဲမှ သတင်းစာကို လုံးခြေပစ်ရင်းမှ တောက်ခေါက်လိုက်မိသည်။ အလကား တောသားကောင်.....။ အမြဲ အနှောက်အယှက်ကို ဖြစ်လွန်းသည်။ 

" ပန်းဖူးတို့ သိတော့မှာပဲ......ကားထုတ်စမ်း။ "

အိမ်ထဲမှ အမြန်ထွက်လာသလို ကားပေါ်တက်လာရင်း ပန်းဖူးအိမ်ကို ဝရောသောပါး မောင်းလာခဲ့၏။ မမြင်ပါစေနဲ့......မမြင်သေးပါစေနဲ့။

ကားကို ခြံထဲထိုးရပ်ကာ ကားပေါ်မှ အမြန်ဆင်းလိုက်၏။ ကိုသုတကို မြင်လိုက်ရသည်မို့.....

" ပန်းဖူး ရော...."

" မမလေး သူဌေးကတော်နဲ့ အတူ ပန်းပင်သွားဝယ်တယ်.....ဒါပေမယ့်.....သူ....သူဌေးစောင့်နေတယ်။ "

တာယာ မျက်မှောင်ကျုံ့မိသွားသလို ဧည့်ခန်းထဲဝင်လာတော့ သူ့မျက်နှာကို သတင်းစာဖြင့် ပစ်ပေါက်လိုက်သည့် ဦးရေအေး။

" လူလိမ်ကောင်......"

တာယာ မျက်နှာကွက်ခနဲ ပျက်သွားရရင်းမှ....

" အန်ကယ့်.....အန်ကယ်အထင်မှားနေပြီ။ "

" မင်း ဘာမှထပ်လိမ်ဖို့ မကြိုးစားနဲ့။ ငါ အကုန်သိပြီးပြီ.....သုတ ငါ့ကိုအကုန်ဝန်ခံပြီးပြီ။ "

တာယာ ဟင်းခနဲ သက်ပြင်းချမိ၏။ 

" မင်းကို ငါ ရဲတိုင်မယ်...."

" ကိုယ့်သမက်ကိုယ် ထောင်ထဲတကယ်ပို့မယ်ပေါ့... "

တာယာ့စကားကြောင့် ဦး ရေအေး ဒေါသတကြီး ဖြစ်သွားရသလို တာယာ့အင်္ကျီစကို ဆောင့်ဆွဲရင်းမှ.....

" မင်းက ငါ့သမက်မဟုတ်ဘူး...."

" ခင်ဗျား ပါးစပ်ပိတ်ထား..... အရင်ကမဟုတ်လဲ အခုဟုတ်ပြီ။ ကျုပ် ခင်ဗျားသမီးကို ရူးတယ်...ရအောင်ယူပြီးပြီ.....ပြန်လက်လွတ်ခံမယ်ထင်နေလား......"

" မင်းကများ....."

ဦး ရေအေး တာယာ့ကို ဆွဲထိုးလိုက်ပေမယ့် တာယာက လက်ကိုဖမ်းကိုင်ရင်း ဆောင့်တွန်းထုတ်ပစ်၏။

" အဖိုးကြီး ....ဖယ်စမ်း "

! ဒုတ်! "

နံရံဖြင့် ခေါင်းက​ ပြင်းပြင်းထန်ထန် ခိုက်မိသွားသလို သွေးတွေစီးကျလာကာ ဦး ရေအေး လဲကျသွား၏။

" သူဌေး...."

ကိုသုတက ပြေးပွေ့ရင်း သူ့ကို မော့ကြည့်ကာ..

" မသေဘူး....မသေဘူး.  .အသက်ရှိသေးတယ်....ဆေးရုံပို့မှဖြစ်မယ်။ "

တာယာ တွေတွေကြီးစိုက်ကြည့်ရင်း စိတ်ထဲက တွေဝေနေမိသည်။ ဒီအဖိုးကြီးက အကုန်သိသွားပြီ.....သူ့အတွက် အဟန့်အတား ဖြစ်လာမှာ မဟုတ်လား။ 

! တီ......တီ....တီ!

ကားသံကြားလိုက်ရသလို ပန်းဖူးအသံကိုလဲ သူကြားလိုက်ရ၏။ 

" မမလေးတို့ ပြန်လာပြီ...."

တာယာ ငြိမ်နေရာမှ ကိုသုတကို မပြောမဆို ပြေးထိုးပစ်သည်။ 

" လူယုတ်မာ....."

" ခွပ်! "

" အန်ကယ်က မင်းအပေါ် ဘယ်လောက်ကောင်းသလဲကွ..... "

ပန်းဖူး ဆူညံသံတွေကြောင့်​ ပြေးဝင်လာတော့ ကြမ်းပြင်ပေါ် သွေးတွေဖြင့် လဲကျနေသည့် ဖေဖေ နဲ့ ကိုသုတကို ဆွဲထိုးနေသည့် တာယာ။

" အမလေး.....ဖေဖေ.....ဖေဖေ့...."

ဒေါ်သူဇာ ခင်ပွန်းဖြစ်သူကို ဆွဲထူရင်းမှ....

" လုပ်ကြပါဦး...."

" ဒီလူ အန်ကယ့်ကို လုပ်တာ အန်တီ..... ကျွန်တော် ရောက်လာတော့ သူပြေးမလို့ကြံနေတာ......ပန်းဖူး ရဲစခန်းဖုန်းဆက်။ "

" မဟုတ်ဘူး.....မဟုတ်ဘူး...မမလေး  .....သူဌေးကို မလုပ်ရပါဘူး။ "

ငြင်းခုန်ရင်းကို ပန်းဖူးက ဖေဖေနဲ့အတူ ဆေးရုံကားဖြင့် လိုက်သွားသလို ဒေါ်သူဇာက ကိုသုတထက် သူ့သမက်ဟု ထင်နေသည့် တာယာ့ကိုသာ ယုံကြည်ပေးသည်။ ကိုသုတက တာယာ့ကို​ပြောပေမယ့် ကိုယ့်သမီးခင်ပွန်းကို ရမ်းသမ်းထောင်ထဲပို့ဖို့ ခက်သည်မဟုတ်ပါလား။

@@@@@@@@@@@@@@

" လူနာ​က ခေါင်းကိုပြင်းပြင်းထန်ထန် ခိုက်မိတဲ့အရှိန်ကြောင့်ရော နဂိုကျန်းမာရေးအခြေအနေကြောင့်ပါ အခြေအနေက ခက်ခဲလိမ့်မယ်။ သတိပြန်ရဖို့က နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ....။ "

ပန်းဖူး ဆရာဝန်စကားကြောင့် ယူကြုံးမရ ဟီးခနဲ ငိုချမိသလို ဒေါ်သူဇာခမျာလဲ ခင်ပွန်းဖြစ်သူကို တွေတွေကြီးကြည့်နေ၏။ 

" စိတ်မကောင်းပါဘူး....."

အခန်းထဲမှ ဆရာဝန်ထွက်သွားသည်နှင့် တာယာ ပန်းဖူး ကိုယ်လေးကို အသာထိန်းဖက်ပေးရင်း....

" တိတ်ပါ ပန်းဖူးရယ်.....ကိုယ်တို့ အန်ကယ့်ကို အကောင်းဆုံး ကုပေးကြတာပေါ့.....ဘန်ကောက်သွားကုကြမယ်....."

ပန်းဖူး သူ့ကို အားကိုးတကြီး ကြည့်လာသည်မို့ တာယာ ပြုံးရင်း ခေါင်းညိတ်ပြသည်။ သူ့ရင်ခွင်ထဲ အသာဆွဲဖက်ရင်း သားအမိနှစ်ယောက်လုံး သူဆေးကုပေးမည်ဆိုတာမို့ စိတ်အားပြန်တက်လာကြတာ တွေ့နေရသည်။ 

သူ့အတွက်ကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။ ဘယ်တော့ ထပြောမလဲ ပူနေရသည့် ကိုသုတကို ထောင်ထဲပို့ပစ်နိုင်သလို အကုန်သိသွားသည့် ဦးရေအေးလဲ ထမပြောနိူင်တော့။ ပြီးတော့ သူ ပန်းဖူး ကို ဒီက ခေါ်ထုတ်နိုင်တော့မည်။

-------------

ပန်းဖူး အဝတ်အစားတွေ အိတ်ထဲထည့်နေရင်း ခြံထဲတွင် သူ့လူတွေနှင့် စကားပြောနေသည့် တာယာ့အား လှမ်းမြင်နေရသည်။ ဖေဖေ့ကို ဘန်ကောက်မှာ ဆေးကုဖို့ သူပဲ အကုန်စီစဉ်သလို မေမေကလဲ ကျေးဇူးတင်မဆုံး။

ပန်းဖူးလဲ တကယ် ကျေးဇူးတင်မိတာ အမှန်ပင်။ ဖေဖေ့ပုံစံက ဘယ်လိုမှအခြေအနေက မကောင်းသလို ဒီလိုကြီး တစ်သက်လုံး သတိမေ့နေမှာ စိုးရိမ်သည်။ မင်္ဂလာပွဲက နောက်ဆုတ်သွားသဖြင့် စိတ်ထဲလဲ အနည်းငယ် အသက်ရှူချောင်သွားသည်။

လောလောဆယ်တော့ ဖေဖေ့ကို ဆေးကုဖို့က အရင် မဟုတ်လား။ 

@@@@@@@@@@@@@@@@@@@@@@

To be continue P - 19

Author - အနမ်းခြွေ

      MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..