မြန်မာ့မြေမှ ကျိန်စာသင့်ပတ္တမြားကြီး အပိုင်း (၇)
lotaya.mpt.com.mm
|
2023-01-06

သင်္ဘောကြီးက တရွေ့ရွေ့နှင့် ကမ်းရိုးတန်းအတိုင်း ခရီးနှင်လာခဲ့သည်။ ဆရာဟွမ်မှာ အခန်းတစ်ခန်းထဲတွင် ငှားနေခြင်းဖြစ်သည်။ သင်္ဘောအပေါ်ပိုင်းတွင် လိုက်ပါစီးနင်းနိုင်သလို ငွေကြေးတတ်နိုင်သူများကတော့ သင်္ဘောဝမ်းပိုင်းရှိ အခန်းကလေးများကိုငှားရမ်းကာ စီးနင်းလိုက်ပါနိုင်သည်။ ဆရာဟွမ်၏တပည့်များကတော့ သင်္ဘောအပေါ်တွင် လိုက်ပါစီးနင်းလျှက်ရှိကြသည်။

"ဘော် . . ဘူ"

သင်္ဘောကြီးမှာ ဥသြဆွဲလိုက်သည်မို့ ဆရာဟွမ်က အပြင်သို့လှမ်းကြည့်မိလိုက်သည်။ သင်္ဘောမှာ ထားဝယ်ဆိုက်ကမ်းသို့ ကုန်စည်ပစ္စည်းများနှင့် ခရီးသည်များတင်ချရန်အတွက် ခေတ္တရပ်နားခြင်းဖြစ်သည်။ ဆရာဟွမ်လဲ အခန်းကလေး တံခါးသေချာပိတ်လိုက်ပြီးနောက် စာရင်းဇယားများလုပ်ရင်း အလုပ်များနေတော့သည်။ ဆရာဟွမ်က စာတစ်စောင်ကို ရေးသားလိုက်သည်။

"သို့၊ ဒေါက်တာပင်းခင်ဗျား၊ ကျွန်ုပ်တွင် အလွန်အရည်အသွေးကောင်းမွန်သည့် မိုးကုတ်မြေထွက် ကြယ်ပတ္တမြားကြီးတစ်လုံးကို ရရှိထားပါသည်။ ကာရက်တစ်ရာကျော်ရှိပြီး အတန်ငယ်ကြီးမားသည့် ကျောက်ကြီးဖြစ်ပါသည်။ ဒေါက်တာပင်း စိတ်ဝင်စားလျှင် လူယုံတစ်ယောက်ကို ကျွနု်ပ်အိမ်သို့လွှတ်လိုက်ပြီး အကြည့်ခိုင်းလိုက်ပါ။ လေးစားစွာဖြင့် ဟွမ်"

ထိုသို့စာရေးသားပြီးနောက် စာအိတ်အတွင်းထည့်လိုက်ပြီးသော် အခန်းအတွင်းလူနှစ်ယောက်ရပ်နေသည်ကို သတိထားမိသွားသည်။ ဆရာဟွမ်လဲထိုလူနှစ်ယောက်ကိုကြည့်လိုက်ရာ အဘိုးကြီးနှင့် အဘွားကြီးဖြစ်နေလေသည်။

အဘိုးကြီးက ဆရာဟွမ်အားဖမ်းချုပ်လိုက်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။ အခန်းအတွင်းရှိသော ကုတင်လေးပေါ်သို့ ဆရာဟွမ်လဲကျသွားသည်။ ထို့နောက် အဘွားကြီးက ဆရာဟွမ် အပေါ်ခုန်တက်ကာ လည်ပင်းကိုညှစ်တော့သည်။ အတန်ကြာရုန်းကန်ပြီးသည့်နောက်တွင် ဆရာဟွမ်တစ်ယောက်ငြိမ်ကျသွားသည်။ ဆရာဟွမ်အသက်မဲ့သွားပြီဖြစ်သည်။

ထိုညတွင် ဆရာဟွမ်ထွက်မလာသဖြင့် တပည့်များက စိုးရိမ်ပြီး၊ အခန်းတံခါးခေါက်ရာတွင်လဲ ဆရာဟွမ်ဆီမှ ပြန်ဖြေသံကိုမကြားရပေ။ နောက်ဆုံး သင်္ဘောကပ္ပတိန်ထံ သတင်းပို့ပြီးထိုအခန်းတံခါးအား ဖွင့်လိုက်ရာ ကုတင်ပေါ်တွင် မျက်လုံးကြီးပြူးလျှက် သေဆုံးနေသော ဆရာဟွမ်ကိုတွေ့လိုက်ကြရသည်။ တပည့်များက ဆရာဟွမ်အား ဘန်ကောက်တွင်ပင် မြှုပ်နှံလိုက်ကြပြီး ဆရာဟွမ်ပိုင်ဆိုင်သည့်အရာများကို ဟောင်ကောင်ရှိ ဆရာဟွမ်၏မိန်းမထံသို့ ပို့လိုက်ကြတော့သည်။ ဆရာဟွမ်သေဆုံးမှုမှာ ထူးဆန်းဖွယ်ဖြစ်နေပြီး လက်သည်ကိုလဲဖော်မရပေ။

ဆရာဟွမ်သေဆုံးပြီးသောအခါ သူရေးထားသည့်စာအတိုင်း ဆရာဟွမ်၏မိန်းမက ပတ္တမြားဘယက်ကို ဒေါက်တာပင်းတို့၏ ဟောင်ကောင်ရုံးခွဲတွင် သွားရောက်ရောင်းချသည်။ သို့သော် ဒေါက်တာပင်းတို့က ကျောက်ကိုသာဝယ်သည်မို့ ပတ္တမြားကြီးကိုဖြုတ်၍ ဒေါ်လာ ရှစ်ထောင်နှင့် ရောင်းချလိုက်တော့သည်။ ထိုမှတဆင့် ကျိန်စာသင့်ပတ္တမြားကြီးမှာ ဒေါက်တာပင်းတို့လက်အတွင်းသို့ ရောက်သွားခဲ့သည်။

(၁၄)

ဒေါက်တာပင်း၏ အမည်မှာ ဒေါက်တာပင်းဝမ်ကော်ဖြစ်သည်။ သူက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကျောက်မျက်ရတနာလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ အများအားဖြင့် အရှေ့တိုင်းထွက် ကျောက်စိမ်း၊ ပတ္တမြားနှင့် နီလာကဲ့သို့ကျောက်များကို အမေရိကန်ရှိ တရုတ်လူမျိုးများထံသို့ ရောင်းချခြင်းဖြစ်သည်။ အမေရိကန်ဝယ်လက်များရှိသော်လည်း ကျောက်စိမ်းများသာအရောင်းများသည်မို့ သိပ်ပြီးစိတ်မဝင်စားကြပေ။ ရီတာဆိုသည့် မိန်းကလေးမှာ သူ၏ အတွင်းရေးမှူးဖြစ်ပြီးနောက် ရီတာ၏ ယောက်ျားအမေရိကန်နိုင်ငံသား မာတင်လီယိုအာမန်းမှာလဲ သူ၏ အရောင်းကိုယ်စားလှယ်ဖြစ်သည်။

ဟောင်ကောင်မှနေ၍ ဆန်ဖရန်စစ္စကို မြို့သို့ ရတနာကျောက်မျက်များအား အတွဲများတွဲကာ အာမခံကုမ္မဏီများနှင့် ရေကြောင်းမှ ပို့ဆောင်ကြသည်။ ထို့နောက် ဆန်ဖရန်စစ္စကို မှ နယူးယော့ခ်မြို့သို့ ထပ်မံ၍ ပို့ဆောင်ရပြန်သည်။ အချိန်ကာလအားဖြင့် သုံးလခန့်ကြာမှ နယူးယော့ခ်မြို့သို့ရောက်သည်။ ဒေါက်တာပင်းက ထိုပတ္တမြားကြီးကို လေ့လာပြီး အလွန်အရည်အသွေးကောင်းသဖြင့် မီးခံသေတ္တာထဲတွင် သေချာသိမ်းဆည်းထားသည်။

ဝယ်လက်များလာရောက်သောအခါ ပြသသော်လည်း အများစုမှာ ထိုပတ္တမြားကြီးကို မတတ်နိုင်ကြပေ။ ဒေါ်လာ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာ တတ်နိုင်ကြသဖြင့် အရောင်းမထွက်ဘဲဖြစ်နေသည်။ ထိုအခါ ထိုပတ္တမြားကြီးကို မီးခံသေတ္တာနံပါတ် ၇၆ တွင် ထည့်သွင်းသိမ်းဆည်းထားခဲ့လေသည်။

တစ်ရက်တွင် ဒေါက်တာပင်းက ဆိုင်အတွင်းသို့ဝင်ခဲ့သည်။ အိန္ဒိယနွယ်ဖွား သူဌေးတစ်ယောက် ရောက်နေသဖြင့် ကျောက်မျက်များကို ပြသရန်အတွက် မီးခံသေတ္တာများထားသည့်အခန်းသို့ လာရောက်ရခြင်းဖြစ်သည်။ မီးခံသေတ္တာထားသည့်အခန်းမှာ မီးခံသည့် စတီးနှင့်ပြုလုပ်ထားသည့် အခန်းကြီးဖြစ်ပြီး ထိုအခန်းထဲတွင်လဲ ကျောက်မျက်များကို သူ့သေတ္တာများအလိုက် မီးခံသေတ္တာအသေးကလေးများနှင့် ပြန်ထည့်ထားရာ အလွန်လုံခြုံစိတ်ချရသည်။

ထိုမီးခံသေတ္တာကြီးကိုလဲ နေ့နေ့ညည အစောင့်အကြပ်များချထားကာ သော့ကိုလဲ ဒေါက်တာပင်းကိုယ်တိုင် ကိုင်ဆောင်သဖြင့် သာမန်လူတစ်ယောက် ဝင်ရောက်၍မဖြစ်နိုင်ပေ။ ဒေါက်တာပင်းလဲ ရီတာနှင့်အတူတူ မီးခံသေတ္တာထည့်သည့်အခန်းကြီးထဲသို့ဝင်ခဲ့ပြီး ကျောက်မျက်များကို ထုတ်ယူနေသည်။ ထိုစဉ် ထိုအခန်းအတွင်း လူနှစ်ယောက်လမ်းလျှောက်နေသည်ကို ရီတာက တွေ့မြင်လိုက်သည်။ အလားတူ ဒေါက်တာပင်းလဲ အခန်းထဲတွင် ခြေသံများကို ကြားလိုက်ရသဖြင့် ရီတာအားလှမ်းမေးလိုက်သည်။

"အထဲမှာဘယ်သူရှိသေးလဲ"

"ဆရာနဲ့ ကျွန်မနဲ့ပဲရှိတာပါ"

"ငါခြေသံတွေကြားနေရတယ်"

"ဟုတ်တယ်၊ ကျွန်မလဲ လူရိပ်နှစ်ခု မီးခံသေတ္တာတွေကြားကို ဝင်သွားတဲ့အသံကြားလိုက်ရတယ်"

ဒေါက်တာပင်းလဲ ထူးဆန်းသွားပြီးနောက် သူ့လူများကိုခေါ်ကာ အခန်းအတွင်းနှံ့စပ်အောင်ရှာဖွေသော်လည်း မည်သူမျှမတွေ့ရ၊ အခန်းအတွင်း လူဝင်နိုင်သည့်အပေါက်ကလဲ တစ်ပေါက်တည်းသာရှိပြီး မျက်နှာကျက်တွင် လေဝင်ပေါက်များရှိသော်လည်း လူဝင်ရန်မဖြစ်နိုင်ပေ။ သူတို့ထိုအခန်းကို ပိုက်စိပ်တိုက်ရှာကြည့်သော်လည်း မည်သူမျှပင်မတွေ့ရ။ ဒေါက်တာပင်းလဲ ယူစရာရှိသည်များကို ယူခဲ့ပြီးနောက် ထိုအခန်းအတွင်းမှထွက်ခဲ့သည်။

ညဘက်တွင်တော့ ဆိုင်ခန်းအား လုံခြုံရေးဝန်ထမ်းများက စောင့်ကြပ်ကြသည်။ ထိုအခါ ဝန်ထမ်းများအားလုံးသည် ဆိုင်ခန်းထဲတွင် သီချင်းဆိုသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သို့သော် သီချင်းကို ဘာသာတစ်မျိုးနှင့်ဆိုနေခြင်းဖြစ်၍ သူတို့နားမလည်ကြပေ။ လုံခြုံရေးအဖွဲ့ ခြောက်ယောက်ရှိသည့်အနက် သူတို့အားလုံးဆိုင်ခန်းအတွင်းသို့ ဝင်လိုက်ကြပြီးနောက် လှည့်ပတ်ရှာသော်လည်း လူကိုမမြင်ရဘဲ သီချင်းဆိုသံကိုသာ ကြားနေရခြင်းဖြစ်သည်။

"အသံကဘယ်ကလာတာလဲ"

အသံကိုနားစွင့်ရင်းလိုက်သွားရာ နောက်ဆုံးမီးခံသေတ္တာထည့်သည့်အခန်းကြီးအတွင်းမှ အသံထွက်လာခြင်းဖြစ်သည်။ ထိုအခန်းကြီး၏ အောက်ခြေတွင် အလွန်သေးငယ်သော လေဝင်ပေါက်များရှိသဖြင့် အသံမလုံပေ၊ အတွင်းမှအသံကို အပြင်တွင်ကြားနေရသည်။

"အထဲမှာ လူရှိနေလို့များလား"

လုံခြုံရေးအဖွဲ့ခေါင်းဆောင်က တယ်လီဖုန်းကို ကောက်ယူပြီးနောက် ဒေါက်တာပင်းဆီသို့ ဖုန်းဆက်လိုက်သည်။

"ဒေါက်တာပင်းရေ ဆိုင်မှာထူးခြားတာတစ်ခုခုတော့ဖြစ်နေပြီ၊ အခုချက်ချင်းဆိုင်ကိုလာခဲ့ပါ"

ဖုန်းဆက်ပြီး မကြာမီ ဒေါက်တာပင်းရောက်လာသည်။ ဒေါက်တာပင်းရောက်လာသည်အထိ သီချင်းဆိုသံကို ကြားနေရဆဲဖြစ်သည်။ သီချင်းဆိုသံက တိုးသွားလိုက်၊ ကျယ်လောင်လာလိုက်နှင့် ဖြစ်နေသည်ကို ဒေါက်တာပင်းက နားစွင့်ထောင်နေသည်။

"ဘာဖြစ်တာလဲ"

"ဆရာကြားတဲ့အတိုင်းပဲ သီချင်းသံကြားနေရတယ်"

"ဘယ်ကလာတဲ့အသံလဲ"

လုံခြုံရေးအဖွဲ့ခေါင်းဆောင်က မီးခံသေတ္တာထည့်သည့်အခန်းကြီးကို လက်ညှိုးထိုးပြသည်။ ဒေါက်တာပင်းလဲ အံ့သြသွားပြီးနောက် ထိုအခန်းကို သူ့ထံမှသော့နှင့်ဖွင့်လိုက်သည်။ အခန်းတံခါးပွင့်သွားပြီးနောက် လုံခြုံရေးများက အခန်းအတွင်းသို့ပြေးဝင်သွားကြသည်။ သို့သော် တေးသံကကြားနေရဆဲဖြစ်သည်။ အသံနောက်လိုက်သွားကြရာ သေတ္တာအမှတ် ၇၆ အနီးတွင် အသံအကျယ်ဆုံးဖြစ်သည်။ ဒေါက်တာပင်းလဲ ထိုသေတ္တာကိုဖွင့်လိုက်ရာတွင် အတွင်းတွင် ဝင်းလက်နေသော ပတ္တမြားကြီးကို အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ကြရသည်။ အလင်းရောင်နည်းနေသည့်အချိန်မှာပင် ပတ္တမြားကြီးက ဝင်းလက်နေကာ အရောင်တွေဖြာထွက်နေလေသည်။

"ထူးဆန်းလိုက်တာ၊ ထူးဆန်းလိုက်တာ"

သို့နှင့် ဒေါက်တာပင်းက ထိုပတ္တမြားကို ကိုင်လိုက်တော့မှ သီချင်းသံမှာ ရပ်တန့်သွားလေသည်။ ထိုကိစ္စအား လုံခြုံရေးများနှင့် ဒေါက်တာပင်းကိုယ်တိုင်ပင် မည်သို့စဉ်းစားရမှန်းမသိဖြစ်နေတော့သည်။ သို့နှင့် လုံခြုံရေးများအားလုံးကို ခေါ်လိုက်ရသည်။

"ဒီကိစ္စကို ဘယ်သူ့ကိုမှမပြောပါနဲ့၊ အားလုံး လှို့ဝှက်ထားကြပါ"

သို့သော်လည်း ဘူးပေါက်တစ်ရာပိတ်ရန်လွယ်သည်၊ လူ့ပါးစပ်တစ်ပေါက် ပိတ်ရန်မလွယ်ကူဆိုသော စာဆိုရှိသည်မို့ ထိုသတင်းက မည်သူဖြန့်လိုက်မှန်းမသိအောင် ပြန့်နှံ့သွားသည်။

"သရဲခြောက်နေတဲ့ ဒေါက်တာပင်း ရဲ့ ရတနာဆိုင်"

သတင်းစာတစ်နေရာတွင်ပင် ပါဝင်နေသဖြင့် ဒေါက်တာပင်း အကြီးအကျယ်စိတ်ဆိုးဒေါသထွက်နေသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံးကို အလုပ်ဖြုတ်ပစ်လိုက်သည်။ သူ့ဆိုင်သို့လဲ လူအလာကျဲသွားသလို အချို့ကလဲ သရဲနှင့်တွေ့ချင်သဖြင့် သူ၏ဆိုင်သို့လာရောက်စုံစမ်းကြခြင်းဖြစ်သည်။

"ဒီကိစ္စက မဟုတ်မမှန်တဲ့ကိစ္စပါ"

ဆိုင်ကိုလာသည့်လူတိုင်းကို ရှင်းပြနေရသည်မို့ နောက်တော့ ဒေါက်တာပင်းလဲ ခေါင်းကိုက်လာပြီးနောက် ဆိုင်ကိုယာယီပိတ်ထားရသည်။

"လူတွေလဲ တော်တော်ပြောရခက်တာပဲ"

ထိုနောက်ပိုင်း ဒေါက်တာပင်းမှာ လုပ်ငန်းများပြန်လုပ်ကိုင်နေသော်လည်း ဆိုင်မှဝန်ထမ်းများ၊ လုံခြုံရေးများမှာ မကြာခဏဆိုသလို သရဲခြောက်လှန့်ခံရသည်ဟု သတင်းများထွက်လေ့ရှိသည်။ အထူးသဖြင့် ရတနာများသိမ်းဆည်းသည့် မီးခံသေတ္တာထည့်သည့်အခန်းကြီးထံမှ ခြောက်လှန့်ခံရခြင်းဖြစ်သည်။ ခြောက်လှန့်ခံရသူများ၏ ပြောဆိုချက်အရ အဘွားကြီးတစ်ယောက် ညဘက်ဆိုင်အတွင်းသွားလာနေသည်ကို မြင်ရသည့်သူများ၊ ဆိုင်လုံခြုံရေးများကို လျှာအရှည်ကြီးထုတ်ပြသည်ဟူသည့် သတင်းများက ပြန့်နှံ့လျှက်ရှိရာ ဒေါက်တာပင်းမှာ ယခင်ကလောက် ရောင်းအားသိပ်မရှိတော့။ ထို့အပြင် ခေါင်းကိုက်ဝေဒနာကလဲ ခံစားလာရသည်။

တစ်ရက်တော့ အာမန်းနှင့် ဇနီးဖြစ်သူ ရီတာတို့ ညစာစားရင်း စကားပြောဖြစ်သည်။

"ဆိုင်မှာသရဲခြောက်ခံရတယ်ဆိုပေမယ့် ငါတော့တစ်ခါမှကို မတွေ့ဖူးပါဘူးကွာ"

"ကျွန်မတော့ သုံးလေးခါလောက် တွေ့ဖူးတယ်၊ ရိုးခနဲ ရိုပ်ခနဲ မြင်ရတာမျိုးပါ"

"မင်းစိတ်ထင်လို့လဲဖြစ်မှာပါကွာ၊ ငါတော့ အဲဒါတွေကို မယုံဘူး"

ရီတာက စွပ်ပြုတ်သောက်နေလိုက်သည်။ အာမန်းကတော့ ပေါင်မုန့်တစ်လုံးကိုဖဲ့ရင်း စဉ်းစားနေသည်။

"ဒေါက်တာပင်းဆိုင် သတင်းပြန့်နေတာကလဲ ငါတို့အတွက် အခွင့်ကောင်းပဲထင်တယ်"

"ဘာလို့လဲ"

"ငါတို့လင်မယားနှစ်ယောက် ကျောက်မျက်ရတနာဆိုင်ကို သီးသန့်ဖွင့်မလားလို့"

"ဘယ်လိုဖြစ်နိုင်မှာလဲ အာမန်းရယ်၊ ကျွန်မတို့မှာ အရင်းအနှီးမှမရှိတာကို"

"ဖြစ်နိုင်ပါတယ်ကွာ၊ ငါတို့မှာ အရင်းအနှီးမရှိပေမယ့် ကျွမ်းကျင်မှုတော့ရှိပါတယ်။ မင်းက ဒေါက်တာပင်းဆီမှာ အတွင်းရေးမှူးလုပ်ခဲ့တာကြာပြီဆိုတော့ သူ့ဝယ်လက်တစ်ချို့နဲ့ မင်းသိမှာပါ"

ရီတာက စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

"ငါကလဲ အရောင်းဝန်ထမ်းလုပ်ခဲ့တာဆိုတော့ ကျောက်အကြောင်းလဲ တော်တော်နားလည်နေပါပြီ"

"အဲဒါတော့ဟုတ်တယ်လေ အာမန်းရယ်၊ ဒါပေမယ့် ရတနာရောင်းမယ်ဆိုတော့ ကျုပ်တို့ဆီမှာ ရတနာမှမရှိတာ"

"မပူပါနဲ့ရီတာရာ၊ တို့ဆီမှာ ဒေါက်တာပင်းတစ်ယောက်လုံးရှိပါသေးတယ်"

ရီတာမျက်လုံးများအရောင်လက်သွားသည်။

"ဘာလဲရှင်က ခိုးမလို့လား"

ရီတာအမေးကြောင့် အာမန်းက စိတ်ပျက်သွားသည်။

"မင်းကတော့ ငါ့ကိုထောင်ထဲပို့နေပြန်ပါပြီကွာ၊ သူ့ဆီက ကျောက်တွေကို အကြွေးနဲ့ယူပြီးတော့ ရောင်းပြီးတဲ့အခါ တို့ကအမြတ်စားပြီး သူ့ကိုရောင်းရတဲ့ငွေပြန်ပေးမယ်လေ"

ထိုတော့မှ ရီတာသဘောပေါက်သွားသည်။ သို့သော် သူက စိုးရိမ်နေသေးသည်။

"အကြွေးယူတာကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ဘယ်မှာဆိုင်ဖွင့်မလဲ"

"လောလောဆယ်တော့ တို့တတွေ ဝါရှင်တန်ရိပ်သာမှာဖွင့်ကြမယ်၊ အဲ့ဒီမှာဆိုင်ခန်းခက ဈေးသက်သာတယ်လို့ပြောကြတယ်မဟုတ်လား၊ နောက်ပြီးတော့ ငါတို့တွေ ဆိုင်နဲ့ထိုင်မရောင်းဘဲနဲ့ လူကိုယ်တိုင်လိုက်ရောင်းကြမယ်"

"ဘယ်လို လူကိုယ်တိုင်လိုက်ရောင်းမယ်"

"ဒီမှာကွာ ဒေါက်တာပင်းက ဆိုင်ဖွင့်ပြီးထိုင်ရောင်းနေတဲ့သူမဟုတ်လား၊ ဆိုင်ကိုတကူးတကလာတဲ့သူပဲ ဝယ်ဖြစ်မှာပေါ့၊ ငါတို့က လူတွေနေတဲ့အိမ်အထိသွားပြီး ကျောက်တွေပြပြီးရောင်းကြမယ်လေ"

"အင်း၊ ဒါလဲကောင်းတာပဲ"

၁၉၂၉ ခုနှစ်တွင် အာမန်းနှင့် ရီတာတို့ ပူးပေါင်းပြီး အာမန်း၏ ကျောက်မျက်ရတနာဆိုင်ကို ဖွင့်ဖြစ်ကြသည်။ သူတို့တိုင်ပင်ထားသည့်အတိုင်း ဆိုင်ကဟန်ပြသာဖြစ်ပြီး သူတို့လင်မယားက ဒေါက်တာပင်းဆီသို့လာဝယ်တတ်သည့် ဖောက်သည်များဆီသို့ အိမ်တိုင်ရာရောက် သွားကာ ကျောက်မျက်များကို ရောင်းချကြသည်။ ရောင်းချရန်ကျောက်မျက်များကိုလဲ ဒေါက်တာပင်းဆီမှ ဖောက်သည်ဈေးနှင့်ယူကာ အမြတ်တင်၍ ပြန်ရောင်းချကြသည်။ ထိုစဉ်ကတော့ များသောအားဖြင့် တရုတ်လူမျိုးများကိုသာ ကျောက်စိမ်းလည်ဆွဲများ၊ ကျောက်စိမ်းအပြားများနှင့် ကျောက်စိမ်းလက်ကောက်များကိုသာ ရောင်းချကြသည်။

နှစ်နှစ်ခန့်ကြာသောအခါ အာမန်းတို့၏ ဆိုင်မှာ လူသိများလာသည်။ အာမန်းမှာလဲ သူဌေးကြီးများ၊ မြေပိုင်ရှင်ကြီးများထံသို့ ဝင်ထွက်ကာ ရတနာမျိုးစုံကိုရောင်းချရသည်။ စတင်ရောင်းချသည့်အချိန်က ကျောက်စိမ်းကိုသာရောင်းချသော်လည်း နောက်ပိုင်းတွင်တော့ ကျောက်မျက်ရတနာမျိုးစုံကို ရောင်းချလျှက်ရှိသည်။ အများအားဖြင့်ကတော့ ဒေါက်တာပင်းဆီမှကျောက်များဖြစ်ကာ တရုတ်ကုန်သည်နှင့် အခြားကမ္ဘာအရပ်ရပ်မှကုန်သည်များထံမှလဲ ကျောက်များပြန်ဝယ်ရသည်။

တစ်ဖက်တွင် အာမန်းတို့လင်မယားဆိုင်မှာ ရောင်းအားတက်လာသော်လည်း တစ်ဖက်ရှိ ဒေါက်တာပင်း၏ ဆိုင်မှာတော့ ရောင်းအားများထိုးကျနေသည့်အပြင် ဒေါက်တာပင်းမှာလဲ ခေါင်းကပိုပိုပြီးကိုက်လာသည်။ ထို့အပြင် တစ်ခါတစ်ရံ လူများကိုတွေ့ရတတ်ပြီး ထိုသူများကလဲ သူ့အားစကားလာပြောကြသည်။ ဒေါက်တာပင်းလဲ တ်ယောက်ထဲ စကားပြောနေသည်ဟု  အိမ်သားများက ထင်မြင်ကြပြီးနောက် စိတ်ရောဂါဖြစ်နေသည်ဟုထင်မှတ်ကာ စိတ်ရောဂါကု ဆရာဝန်များနှင့် ပြသနေရတော့သည်။ ပတ္တမြားကြီးကြောင့် ဖြစ်ရသည်ကို မသိသောကြောင့် ပတ္တမြားကိုဆက်ပြီး ထိန်းသိမ်းထားရာ မီးခံသေတ္တာနံပတ် ၇၆တွင် ခုနစ်နှစ်ကျော်ပင် ကြာမြင့်ခဲ့သည်။

(၁၅)

ဒေါက်တာပင်းမှာ ဆေးနည်းစုံနေပြီဖြစ်သည်။ ခေါင်းတွေအချိန်ပြည့် ဆက်တိုက်ကိုက်လွန်းသဖြင့် တဖြည်းဖြည်း အစားအသောက်ပျက်၊ အအိပ်ပျက်ဖြစ်လာခဲ့သည်။ ၁၉၃၆ ခုနှစ်သို့ရောက်သည့်အခါ အိပ်ယာပေါ်မှပင် မထနိုင်တော့ချေ။

"သူက နတ်ဝင်သည်တစ်ယောက်ပဲ၊ ဖလော်ရီဒါမှာနေတာတဲ့"

"ဖြစ်ပါ့မလား"

"ကျွန်မအထင်တော့ ဒေါက်တာပင်းခံစားနေရတာက သာမန်မဟုတ်လောက်ဘူး၊ တစ်ခုခုမကောင်းတာဖြစ်နေတာထင်တာပဲ"

ဒေါက်တာပင်း၏ သူငယ်ချင်းတစ်ယောက်က ဒေါက်တာပင်း၏ ဇနီးဖြစ်သူကို ထိုသို့ပြောသဖြင့် ဖလော်ရီဒါရှိ နတ်ဝင်သည် မစ္စကလက်စ် ဆိုသူကို ခေါ်ရတော့သည်။ မစ္စကလက်စ်က လူမည်းတစ်ဦးဖြစ်သည်၊ ဂျစ်ပစီနည်းမှော်အတတ်နှင့်် ဗူးဒူးမှော်အတတ်တို့ကိုလဲ ကျွမ်းကျင်သလို ဝိညာဉ်ပူးကပ်ခြင်းများကို ပြုလုပ်ပေးပြီး ထိုခေတ်က နာမည်ရနေသည့်သူတစ်ဦးဖြစ်သည်။ မစ္စကလက်စ် အိမ်ထဲဝင်လိုက်သည်နှင့် နှာခေါင်းကိုရှုံ့လိုက်သည်။

"မကောင်းတဲ့အငွေ့အသက်ရတယ်၊ နတ်ဆိုးတွေရဲ့ အငွေ့အသက်ပဲ"

ထို့နောက် ဒေါက်တာပင်းဆီသို့ သွားလိုက်သည်။ ဒေါက်တာပင်းမှာ ဖြူဖျော့နေပြီး အတော်ကြီးကို အိုစာနေသည်။ ဆံပင်တွေလဲကွက်တိကွက်ကြားဖြူနေသလို နှုတ်ခမ်းမွှေး မှုတ်ဆိတ်မွှေးတွေကလဲ မသပ်မယပ်နှင့် နေရာကျဲကျဲပေါက်နေကြသည်။ မစ္စကလက်စ်က သံဇလုံတစ်ခုထဲတွင် ပင်စိမ်းရွက်အစိမ်းနှင့် အခြားဆေးပင်များကိုထည့်ကာ မီးရှို့လိုက်သည့်အခါ အခန်းအတွင်းမီးခိုဖြူများက အလိပ်လိုက်ထွက်လာလေသည်။

"အို၊ မကောင်းဆိုးဝါးတို့၊ ဒေါက်တာပင်းကို နှောင့်ယှက်နေတဲ့ ဝိညာဉ်တို့ ကျွနု်ပ်နှင့်စကားပြောရန်ကြွပါ"

မစ္စကလက်စ်က သုံးမြှောင့်ပုံ ဖန်တုံးတစ်ခုကို နဖူးပေါ်တင်လိုက်ကာ ခေါင်းကိုမော့ထားရင်း လက်တွေကို ဘေးသို့ဆန့်တန်းထားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်ယင်လာသည်။ မျက်လုံးများကိုမှိတ်လိုက်ပြီးနောက် စကားများစတင်ပြောတော့သည်။

"အဘိုးကြီးနဲ့ အဘွားကြီးတစ်ယောက်ပဲ"

ဒေါက်တာပင်းက မျက်လုံးများပြူးလျှက်

"ဟုတ်တယ်၊ သူတို့ပဲ"

"သူတို့ကမကျေနပ်ဘူး၊ ရှင့်ကိုကြည့်နေကြတယ်၊ နောက်ပြီးသူတို့က တစ်ခုခုကိုပြောနေတယ်"

အားလုံးလဲ မစ္စကလက်စ်လုပ်နေသည်ကို အထူးအဆန်းဖြင့် ကြည့်နေကြသည်။

"သူတို့နေတဲ့နေရာကိုပြတယ်၊ ဆိုင်တစ်ခု၊ နောက်တော့ ဆိုင်နောက်ဖက်က အခန်းကြီးတစ်ခုထဲမှာ၊ အဲဒီထဲမှာ သေတ္တာတွေရှိတယ်၊ ရိုးရိုးသေတ္တာတွေမဟုတ်ဘူး၊ မီးခံသေတ္တာပုံစံတွေပဲ"

ဒေါက်တာပင်းက ခေါင်းညိတ်ပြသည်။

"အဲဒါကျုပ်တို့ဆိုင်ဖြစ်မယ်"

"အဲဒီသေတ္တာတွေအထဲမှာ နောက်ဆုံးတန်းက သေတ္တာတစ်လုံးပဲ၊ အဲဒီသေတ္တာမှာ ဆေးအဖြူနဲ့စာရေးထားတယ်၊ ဘာတဲ့ ၇၆ ဆိုလားပဲ"

ဒေါက်တာပင်းအံ့သြသွားသည်။ မစ္စကလက်စ် ကဆက်လက်၍

"အဲဒီအထဲမှာ အလုံးကြီးတစ်လုံးရှိတယ်၊ အနီရောင်နဲ့၊ အ . . အု"

မစ္စကလက်စ်က ပြောနေရင်း တစ်ကိုယ်လုံးတုန်ယင်လာကာ ထိုင်ခုံပေါ်မှလဲကျသွားသည်။ ဒေါက်တာပင်း အိမ်သားများလဲ သူ့ကိုဝိုင်းပြီးဆွဲထူလိုက်ကြသည်။

"ဘာဖြစ်သွားတာလဲ"

"မသိဘူး၊ အရမ်းစွမ်းအားပြင်းတယ်၊ အရမ်းလဲကြောက်ဖို့ကောင်းတယ်"

ဒေါက်တာပင်းက ဝမ်းသာအားရနှင့်

"အဲဒီသေတ္တာထဲမှာ ပတ္တမြားကြီးတစ်လုံးရှိတယ်၊ မစ္စကလက်စ်က မှန်လိုက်တာ၊ ကွက်တိပဲနော်၊ အဲဒါဆိုတော့ အဲဒီပတ္တမြားကြီးကြောင့် ကျုပ်အခုလိုဖြစ်နေတယ်လို့ ဆိုလိုချင်တာလား"

မစ္စကလက်စ်က မောပန်းနေသေး၍ ရေတစ်ခွက်ကိုသောက်နေသေးသည်။

"ဒါတော့ တပ်အပ်မပြောနိုင်သေးဘူး၊ အဲဒီပစ္စည်းကို ကျွန်မကိုင်ကြည့်မှ အဖြေထွက်မှာ"

ဒေါက်တာပင်းက တုန်တုန်ယင်ယင်နှင့် အိပ်ရာဘေးရှိ စားပွဲခုံကလေးမာ အံဆွဲကိုဖွင့်လိုက်ပြီးနောက် သော့တွဲတစ်ခုကိုထုတ်လိုက်သည်။ ထိုသော့တွဲရှိ သော့တစ်ချောင်းတွင် ၇၆ ဟုရေးသားထားသည့် သော့တစ်ချောင်းကို ရှာဖွေလိုက်ပြီးနောက် သားဖြစ်သူအား ထိုသော့တွဲကလေးကို လှမ်းပေးလိုက်သည်။

"ငါ့သားတို့၊ ဆိုင်ကိုသွား၊ ဒီသော့နဲ့ သေတ္တာအမှတ် ၇၆ ကိုဖွင့်လိုက်ပါ၊ အထဲက ပတ္တမြားကြီးကို ဟောဒီက မစ္စကလက်စ်ကို ပြသလိုက်ပါ"

အပိုင်း(၈)တွင် ဆက်လက်ဖတ်ရှုပါ။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory  

#LTY_အဂ္ဂဇော်




Some text some message..