
ဒီဇင်ဘာလရဲ့ ညတည။ လယ်ကွင်းပြင်များစွာထက်တွင် မြူမှုန်များ ဆိုင်းလျက်ရှိသည်။ ထိုမြူမှုန်အလွှာက လရောင် ကျိုးတို့ကျဲတဲအောက်တွင် ကျယ်ပြောလှသော ပင်လယ်ပြင်ကဲ့သို့ ငြိမ်သက်လျက်ရှိနေ၏။လေထုသည် ထိုင်းတိုင်းမှိုင်းတိုင်းနှင့် အေးစက်နေ၏။
လယ်ကွင်းများ၏ အဆုံးတဘက်တွင် သစ်ကြီးဝါးကြီးများ ရှင်သန်ရာ တောအုပ်ကလေးတခုရှိ၏။ ထိုတော၏ လူသွားလမ်းတနေရာတွင် လူတယောက် ပက်လက် လဲကျနေပါသည်။ ရင်အုံမှာ မို့လိုက် မောက်လိုက် ဖြစ်နေ၏။ ဒါဆိုရင် ထိုလူသည် အသက်ရှုနေသေးသဖြင့် သေသည်တော့ မဖြစ်နိုင်။ အကြောင်းတခုခုကြောင့်သာ မေ့မြောနေခြင်းသာ ဖြစ်မည်။
ထိုလူ လဲကျရာနှင့် မလှမ်းမကမ်းတွင် သင်္ချိုင်းမှတ်တိုင်အချို့ကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ထိုလူ လဲကျနေသော နေရာသည် သုဿန်တစပြင် ဖြစ်မည်။ထို့အတူ ရပ်ထားသော မော်တော်ကားတစီးလည်း မြင်တွေ့နိုင်၏။
ဤကဲ့သို့ ဉာဉ့်် နက်ချိန်၌ အဘယ်သို့သောအကြောင်းဖြင့် ထိုလူသည် လူသေများ မြုပ်နှံရာ သုဿန်မြေသို့ ရောက်ရှိနေပါသနည်း။
" ဝု အု အူး "
" ဝု အူး အူး "
သုဿန်မြေပေါ်မှ ခွေးအများ၏ အူဟစ်သံက ဆွဲဆွဲငင်ငင်နိုင်လှသလို၊ ကြားရသူအဖို့ ကျောချမ်းစရာ ကောင်းလှသည်။ ခွေးအူသံ အဆုံး၌ ...
" ဖျန်း ဖလပ် ဖလပ် "
ခပ်လှမ်းလှမ်းဆီက အတောင်ခတ်သံကြားရသည်။ မြူနှင်းများ သိပ်သည်းစွာ ဝေနေသောကြောင့် ကောင်းကင်ယံ၌ ငှက်တကောင် ပျံလာသည်ကို မထင်မရှား ဝိုးတဝါး မြင်တွေ့လိုက်နိုင်ပါ၏။ မြူနှင်းထုသည် နံရံတခုပမာ ရှိနေသောကြောင့် လရောင်နှင့် ထိုငှက်၏ အရိပ်မှာ မြူနှင်းအလွှာပေါ် ထိတ်လန့်စဖွယ် ထင်ဟပ်သွားခဲ့သည်။
အရိပ်မှာ သာမန်ငှက်တကောင်၏ အရိပ်မဟုတ်ဘဲ၊ အတောင်ပံပါသော လူသားတယောက်၏သဏ္ဍာန် ဖြစ်နေ၏။ ထိုငှက်ကြီးသည် လျှင်မြန်လွန်းလှ၍ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သို့မဟုတ် အရွက်များစွာ ရှိသော ညောင်ညိုပင်ကြီး၏ ကိုင်းတကိုင်းမှာ ပုန်းလျိုးသွားသည်လည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
မေ့မြောနေသူထံမှ တိုးသဲ့သဲ့ အသံလေး တခု ထွက်ပေါ်လာသည်။ ငြီးငြူသံလား တစုံတရာကို တမ်းတခေါ်သံလား မကွဲပြားချေ။
ဗလုံးဗထွေးနိုင်လှသော ထိုလူ၏ အသံက တဖြည်းဖြည်း ပီသလာ၏။
" မမ ... မမ ... ဟင့်ဟင့် "
မမဟူသော် ခေါ်သံအနောက်တွင် ဝမ်းနည်းငိုကြွေးနေသော ရှိုက်သံသဲ့သဲ့ ပါဝင်နေ၏။ ထိုလူသည် ငိုကြွေးရင်း ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မြေပုံမို့မို့လေးများနှင့် ကဗျည်းမှတ်တိုင်လေးများကို တွေ့လိုက်ရသည့်အခါ ကမန်းကတန်း လူးလဲ ထလာ၏။ သူနှင့် မလှမ်းမကမ်းတွင် မြေကျွင်း အသစ်တခု တူးထားသည်ကို မြင်လိုက်သည်။ တွင်းနုတ်ခမ်းကိုသာ မြင်ရပြီး၊ တွင်းမှာ မည်၍မည်မျှ အနက်ရှိမှန်း သူ ထိုင်နေသော နေရာနှင့်ဆိုလျင် မမြင်နိုင်ပေ။
ဒီတော့မှ သူသည် တယောက်တည်း သုဿန်တစပြင်မှာ ထီးတည်းရှိနေကြောင်းကို ခံစားသိရှိသွားဟန်တူ၏။ သူ၏ အမူအယာက ထိတ်လန့်သွားသည့်ဟန်ပင်။
သူ၏ အမည်က ဇာနည်အောင် ဖြစ်၏။ အသက်အားဖြင့် ၂၃/၂၄ နှစ်လောက်သာ ရှိဦးမည်။ ဇာနည်သည် ငယ်ရွယ်ချောမောသူ ဖြစ်၏။ သူ၏ ရုပ်ရည် ရူပကာမှာ ကိုယ်ဟန်ပြ မော်ဒယ်တယောက်အလား ချောမောသန့်ပြန့်သူ ဖြစ်၏။
ယခု ဇာနည်သည် သူနှင့် လုံးဝ မသက်ဆိုင်သော နေရာဒေသတခုသို့ ရောက်ရှိနေခြင်းကို အံအားသင့်နေခြင်း ဖြစ်သည်။
" ဟင်! ငါ ဘယ်လိုလုပ်ပြီး သင်္ချိုင်းကုန်းထဲ ရောက်နေတာလဲ "
ဇာနည် အံဩထိတ်လန့်မှုများစွာဖြင့် သူ့အဖြစ်ကို ပြန်စဉ်းစားလိုက်လေ၏။
ညဦးပိုင်းက သူ ဘယ်မှာရှိနေသလဲ ။ သူ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေး စဉ်းစားစေလိုက်သည်။
အား ... ကျွတ် ... ကျွတ်
ဦးခေါင်း အနောက်ခြမ်းက ကိုက်ခဲ နာကျင်နေ၏။ သူ လက်ဖြင့် စမ်းကြည့်လိုက်သည်။ စေးပျစ်ပျစ် သွေးစခြောက်များကို စမ်းမိသွားသည်။ သူ၏ ဦးခေါင်းတွင် ဒါဏ်ရာ ရထားလေ၏။ ဒါဏ်ရာကို လက်ဖြင့် ဖိစမ်းမိလိုက်တော့ ...
" အား ... နာလိုက်တာ၊ဟုတ်ပြီ ... ငါသတိရပြီ၊ ငါ ညဦးပိုင်းက ဆေးရုံက ပြန်လာတာပဲ။ လူပြတ်တဲ့ လမ်းကြားတခုအရောက်မှာ ခေါင်းစွပ်အနက်တွေ စွပ်ထားကြတဲ့ လူသုံးယောက်က ငါ့ကို အသားလွတ် ဝင်ရိုက်သွားကြတာ ငါမှတ်မိလိုက်တယ် ။ အရိုက်ခံရပြီးနောက်ပိုင်း ငါဘာမှ မသိတော့ဘူး။ ငါသတိလစ်သွားခဲ့တယ်။ အဲ့ဒီနောက် ဘာဖြစ်တယ် မသိတော့ဘူး။ အခု ဒီသင်္ချိုင်းထဲ ရောက်နေပြန်တယ်။ ဘုရား ဘုရား လရောင်အောက်မှာ သင်္ချိုင်းမှတ်တိုင်တွေနဲ့ မြေပုံတွေက ထိုးထိုးထောင်ထောင်နဲ့ ...ချောက်ချားစရာကြီးပါလား "
ဇာနည် ညဦးပိုင်းအထိ ရေခဲတိုက်မှာ ရှိနေခဲ့သည်။ သူ၏ တဦးတည်းသော အစ်မဖြစ်သူ ၏ အလောင်းကို သွားကြည့်ခြင်း ဖြစ်သည်။ ဇာနည်၏ အစ်မ ဧကရီကျော်သည် လေးထပ်တိုက်အမြင့်ပေါ်မှ ကျ၍ သေဆုံးခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့က ဧကရီကျော် သူ့ဖာသာ တိုက်ပေါ်က ခုန်ချသေတာလား။ တစုံတဦးရဲ့ ပယောဂကြောင့် သေဆုံးတာလားဆိုတာကိုတော့ အပူတပြင်း စုံစမ်းနေဆဲ ဖြစ်သည်။
ဇာနည် ဆေးရုံကို သွားရသည့်အကြောင်းက ဧကရီ၏ အလောင်းကို ခွဲစိတ်သည့်အခါ၊ ဧကရီ၌ ကိုယ်ဝန် သုံးလရှိနေကြောင်း အသိပေးလို၍ အုပ်ထိမ်းသူအဖြစ် လက်မှတ်ထိုးထားသော ဇာနည်အား မှုခင်းဆရာဝန်ကြီးက ခေါ်ယူတွေ့ဆုံ အသိပေးခြင်းကြောင့်ဖြစ်သည်။
ထိုသတင်းကို ကြား ရ ရစဉ်ဇာနည် အံအားသင့်သွားသည်။ သူ့မမတွင် တရားဝင် လက်ထပ်ထားသော ခင်ပွန်း မရှိတာ သူပဲ အသိဆုံးမဟုတ်လား။ ပြီးတော့ မမဧကရီ၌ ချစ်သူရည်းစားရှိသည်ဟုလည်း သူ နားစွန်နားဖျားပင် မကြားမိခဲ့ချေ။ ထို့အတွက်ကြောင့် မမ၏ကိုယ်ဝန်သည် မည်သူနှင့် ရခဲ့သလဲဆိုတာ သူ့အတွက် ကြီးမားသော ပဟေဠိတခု ဖြစ်နေပါ၏။
ဆေးရုံက အပြန်မှာ သူ ထိုအကြောင်းကို တနုံ့နုံ့တွေးရင်း လူပြတ်သော လမ်းကြားလေးတခုသို့ ရောက်မှန်းမသိ၊ ရောက်သွားခဲ့သည်။
သို့သော် သူ့အတွေးသည် သူ့ရှေ့နှင့် သူနောက်က ဝိုင်းပိတ်ရပ်လိုက်သော ခေါင်းစွပ်အနက်များ မျက်နှာပေါ်ထိ ဆောင်းထားသော လူသုံးယောက်ကြောင့် ရပ်တန့်သွားခဲ့သည်။
ရှေ့ကလူက သူ့လက်ထဲက ဖုံးမျက်နှာပြင်ကို တချက်ပြန်ကြည့်လိုက်ပြီး ...
" မင်း ဇာနည်အောင်မို့လား "
ဇာနည် ထိတ်ထိတ်ပျာပျာဖြင့် ...
" ဟုတ် ... ဟုတ်ပါတယ် ၊ ခင်များတို့က ဘယ်သူတွေလဲ "
ဇာနည်၏ ရှေ့ကလူက မေးခွန်းကို မဖြေဘဲ၊ ဇာနည်၏ နောက်ကလူကို ခေါင်းငြိမ့်ပြလိုက်သည်။
နောက်ကလူသည် ခေါင်းဆောင်၏ အတည်ပြုချက်ကို ရသည်နှင့် ဇာနည်၏ ဦးခေါင်းကို သံတုတ်ဖြင့် မိမိရရ ရိုက်ထည့်လိုက်သည်။
ဒုတ် !
အ !
တချက်တည်းသော ရိုက်ချက်နှင့် ဇာနည်တယောက် လမ်းပေါ်သို့ ခွေလဲကျသွားလေ၏။ ထိုလူက နောက်ထပ် ရိုက်မည်အပြုတွင် ထိုလမ်းကြားထဲသို့ လမ်းလျှောက်လာသူ တစု ဝင်လာ၏။
ခေါင်းဆောင်ဖြစ်ဟန်တူသူက ခပ်မြန်မြန်ပင် ...
" ဟေ့ကောင် တော်တော့၊ ဟိုမှာ လူတွေ လာနေပြီ။ ဒီကောင့်ကို ကားပေါ် မြန်မြန်တင်ကြ "
ဇာနည်ကိုယ်အား လူနှစ်ယောက်က ကားပေါ်သို့ အမြန် တင်ကြသည်။ ပြီးသော် ကားကို တလကြမ်း မောင်းထွက်သွားလေ၏။
ထို့နောက်တွင်တော့ လူမိုက်များသည် ... ကားဖြင့် ဤသင်္ချိုင်းလေးရှိရာသို့ ရောက်လာခဲ့ကြသည်။
သူတို့သည် ဇာနည်ကို အသေသတ်၍ အလောင်းကို မြုပ်နှံ ဖျောက်ဖျက်ကြမည် ဖြစ်သည်။ သို့သော် သူတို့၏ အစီအစဉ်မှာ မဖြစ်မြောက်ခဲ့၍ ယခုချိန်ထိ ဇာနည်သည် အသက်ရှင်နေနိုင်ခြင်း ဖြစ်လေ၏။
" ဝု အု အူး "
ခွေးအ အူသံကြီးက သင်္ချိုင်းအတွင်း မသတီစဖွယ် ထွက်ပေါ်လာပြန်၏။ ထို့အတူ ငှက်ကြီးတကောင်၏ အတောင်ခတ်သံ ခပ်ပြင်းပြင်းကြောင့် အေးစက်နေသော လေက ဇာနည်၏ ကိုယ်ပေါ်မှ ဖြတ်သန်းသွားလေ၏။
ဇာနည် တကိုယ်လုံး တုန်ခိုက်သွားသည်။ မြူမှုန်တွေ အကြားမှာ အရိပ်မည်းတခု ဖြတ်သွားတာကို ဇာနည် ထင်ထင်ရှားရှား မြင်တွေ့ လိုက်ရသည်။ သို့သော် ကြည့်နေရင်းနှင့် ပျောက်ကွယ်သွားပြန်၏။
ချောက်! ချောက်!
ဂွီး ... ဂစ် ... ဂစ်!
ရွှီ ... ရွှီ
သစ်ရွက်ခြောက်တို့အပေါ်မှ ဖြတ်ပြေးသော အသံ။ သူ တခါမှ မကြားဖူးသော ချောက်ချားဖွယ်ရာ အသံ။ ပြီးတော့ လေချွန်သံလိုလို ၊ ရေဆူသည့် အသံလိုလို ဆူညံသောအသံမျိုးစုံက သူ့ပတ်ဝန်းကျင် ပတ်ပတ်လည်မှ ထွက်ပေါ်လာကြသည်။
ဇာနည်သည် အသက် ၅နှစ်ကျော်မျှ ကွာဟသည့် အစ်မဖြစ်သူ၏ မေတ္တာရိပ်အောက်တွင် သက်သက်သာသာ ကြီးပြင်းလာရသူ ဖြစ်သည်။
ထို့ကြောင့် သူ၏ ပင်ကိုယ်စိတ်က နူးညံ့ပျော့ပျောင်း၏။ စိတ်ဓာတ် ခိုင်မာသူမဟုတ်ချေ။ ပျော့ညံ့သည့် သူ၏ စိတ်ကြောင့် သွားလာပုံကလည်း နွဲ့နွဲ့နှောင်းပင်။ တချို့ သူစိမ်းများက ဇာနည်အား မိန်းမလျာတယောက်ဟုပင် ထင်မြင်တတ်ကြလေ၏။ သို့သော် ဇာနည်သည် ဂေးတယောက်မဟုတ်ပါ။
အခုလည်း ဇာနည်သည် ချောက်ချားဖွယ်ရာ အသံဗလံများကြောင့် ထိတ်လန့်ကြောက်ရွံနေပါသည်။
" ဘုရား ဘုရား ... ငါ့အဖြစ်က ဆိုးလှချည်လား ၊ ငါ အားကိုးရတဲ့ တဦးတည်းသော အစ်မက အသေဆိုးနဲ့သေရတဲ့အပြင် ၊ ငါ့ကိုလဲ လူမိုက်တွေက အကြောင်းမဲ့ ရိုက်နက်သွားကြတယ်။ ပြီးတော့ အခု ငါတယောက်တည်း ဘယ်နေရာ ဘယ်ဒေသက သင်္ချိုင်းလဲမသိတဲ့ နေရာတခုကို ရောက်နေပြန်တယ်။
ပြီးတော့ အခု အခု ငါ့ကို သရဲတွေက ဝိုင်းနေပြီလား မသိဘူး ၊ အသံတွေက ဟိုနားက ကြားရ ၊ ဒီနားက ကြားရနဲ့ ...။
မမရေ ... မမ မသေဘဲ ၊ ဟောဒီက ငကြောက်ကြီး ကျွန်တော် အရင်သေရမှာဗျ ... ဟင့်ဟင့် ... "
ဇာနည်သည် ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်ဖြင့် ကြောက်ရွံစိတ်ကဲလာ၏။ လူသည် ထုံးစံအတိုင်း ကျဥ်းထဲကြပ်ထဲ ရောက်သည့်အခါ၊ မိမိတို့အားကိုးရာကိုသာ 'တ'တတ်ကြစမြဲပေ။ ယခုလည်း ဇာနည်သည် ကွယ်လွန်သွားပြီဖြစ်သော သူ၏ အစ်မကို တမ်းတမ်းတတ အော်ဟစ်တိုင်တည်နေပြန်၏။ထိုအခိုက် သူ၏ အရှေ့တည့်တည့်က မြေပြင်ပေါ်သို့ ဘုတ်ခနဲ အရာတခု ကျလာ၏။
" ဘုတ် ! "
ထိတ်ထိတ်ပျာပျာဖြင့် ဇာနည် အနောက်သို့ ဆုတ်လိုက်သည်။ သူ့ရှေ့ ကျလာသော အရာကို ကြည့်လိုက်တော့ ...
"ဟင်! ဒါ ငါ့လက်ကိုင်အိတ်ပါလား"
သေချာအောင် သူ့အနွေးထည်အိတ်ကပ်ထဲ စမ်းကြည့်လိုက်သည်။ အိတ်ကပ်ထဲ ထည့်ထားသော ပိုက်ဆံအိတ်ကို မတွေ့ရ။
" ဘုတ်! "
နောက်တခု ထပ်ကျလာပြန်၏။ မြေပြင်၌ အရောင်တလက်လက်ထနေသော ပလက်တီနမ်ဆွဲကြိုးတကုံး။
ထိုအခါ ဇာနည်သည် သူ၏လည်ပင်းကို စမ်းကြည့်ပြန်၏။မရှိတော့ချေ။ သူ့ ပလက်တီနမ်ဆွဲကြိုးက မြေပြင်ပေါ်က ဆွဲကြိုးပင်။သူ့မွေးနေ့မှာ မမက အမှတ်တရ ဝယ်ပေးထားသော ဆွဲကြိုးလေး။
" ဟင်! ဒါတွေက ငါ့ပစ္စည်းတွေပါလား "
သူ မကောက်ရဲသေးချေ။ ထိုပစ္စည်းများ ဘယ်နေရာက ကျလာသည်ကို စူးစမ်းနေပြန်၏။ မြူထုက သိပ်သည်းနေသဖြင့် ကောင်းစွာ မမြင်ရချေ။ ထိုအခိုက် သူ့ရှေ့တည့်တည့်နားဆီက အသံဩဩကြီး တခု ထွက်ပေါ်လာ၏။
" မင်း ပစ္စည်းတွေမဟုတ်လား! ကောက်ယူလိုက်လေကွာ "
ဟင်!
ဇာနည်သည် အသံကိုသာကြားရပြီး လူကို မမြင်ရသည့်အခါ ပိုမိုထိတ်လန့်သွားသည်။ သူ ပစ္စည်းများကို မကောက်သေးဘဲ ...
" ဘယ်သူလဲ! ဘယ်သူလဲဟင်! "
" ကျွန်တော့ကို ဖမ်းလာကြတဲ့သူတွေလား "
" လိုချင်တာ အကုန်ယူပါ။ ကျွန်တော့ကို မသတ်ကြပါနဲ့။ အသက်ကို ချမ်းသာပေးကြပါနော် "
ဇာနည် တကိုယ်လုံး အေးစိမ့်နေသည်။ ဥတုကြောင့် အေးသည်ထက် တစုံတရာသော အကြောင်းကြောင့် ပို၍ တုန်ခိုက်နေ၏။
" ဟားဟားဟား "
" ဟားဟားဟား "
မိုးမြေပင် သိမ့်သိမ့်တုန်သွားလေသလား မသိနိုင်။ မြေပေါ်သို့ တစုံတရာ ပြုတ်ကျသံ သို့မဟုတ် ခုန်ချလိုက်သော အသံနှင့်အတူ အသဲတုန်အူတုန်အောင် ဟားတိုက်ရယ်မောသံက ဝန်းကျင်တခုလုံးကို မိုးထက်ညံသွားလေ၏။
ဇာနည်သည် ရှိရင်းစွဲခန္ဓာထက် သေးငယ်ကြုံ့လှီသွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့တည့်တည့် မြူမှုန်တွေအကြားကနေ သူ့ထံသို့ အရပ်မြင့်မားသော လူတယောက် ခပ်မှန်မှန် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ရယ်သံသည် တိခနဲ ရပ်တန့်သွားသလို ၊ သူ့ ရှေ့က လူကိုလည်း မြင်တွေ့ရပြီ ဖြစ်၏။
ဦးခေါင်းထက်၌ သက္ကလပ် ဦးထုပ်အမည်းရောင်ကြီးကို ဆောင်းထားသလို၊ ဘောင်းလီရှည်နှင့် ကုတ်အင်္ကျီ အရှည်ကြီးကို ခပ်ဖါးဖါး ဝတ်ထားသော အသက် ၄၀ဝန်းကျင်ခန့် လူကြီးတယောက်။
နှာတံသည် ချွန်၍ ကောက်၏။ မြင်းကဲ့သို့ ရှည်မျောမျော မျက်နှာကျ ရှိ၏။ နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတို့မရှိ။ အထူးခြားဆုံးမှာ ... မျက်လုံးများ ဖြစ်လေ၏။
၎င်း၏မျက်လုံးများမှာ လရောင်အောက်၌ ပြာလဲ့လဲ့ အရောင်တမျိုး တောက်ပနေသည်ဟု ထင်မိသည်။ထိုမျက်လုံးများသည် မည်သူ့ကိုမှ မည်သည့်အရာကိုမှ အလေးထား ဂရုစိုက်ဟန်မရှိ။ ရဲရင့်ဟန် အပြည့်ရှိလေသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော မျက်လုံးများ ဖြစ်ကြသည်။
ဇာနည်သည် အရပ်၆ပေနီးပါး မြင့်သည်မှန်သော်လည်း ယခု ထိုလူကြီးက ဇာနည်ထက် ခေါင်းတလုံးခန့် ပိုမြင့်လေ၏။ သေချာပေါက် အရပ် ၆ပေကျော်မည် ဖြစ်သည်။တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်နှင့် လိုက်ဖက်စွာ ဝတ်စားထားသည်။
" မင်းက ခုတမျိုး တော်ကြာတမျိုးပါလားကွ ...။ စောနကတော့ မင်း သေချင်ပါတယ်လို့ ငြီးငြူနေတယ်။ အခုတော့လဲ အသက်ကို ချမ်းသာပေးပါလို့ တောင်းပန်နေပြန်တယ် ။ ဘာလဲ မင်းက သေရမှာကို အရမ်းကြောက်နေသလားကွ "
ဇာနည်မှာ ထိုလူကြီးကို ဘာပြန်ပြောရမယ်မသိ။ ထိုလူကြီး၏ သဏ္ဍာန်က ကြည့်ကောင်းနေ၍ ကြည့်နေမိသည်။
" ငါ ကြားဖူးတဲ့ စကားပုံက သိပ်မှန်တာပဲကိုး ... ကြောက်တတ်ရင် နှစ်ခါပြန်သေတတ်သတဲ့ ။
မင်းလဲ အခု နှစ်ခါပြန်သေရမယ့်ကိန်းဆိုက်နေပြီ ကောင်လေး။
လူဆိုတာ သေမျိုးပါကွ၊ ဘယ်အချိန်သေမလဲဆိုတာ မသိနိုင်တာကလွဲရင် အချိန်တန်တော့ သေကြရတာပါပဲ။
ဘဝဆိုတာ အမှီအခိုကင်းကင်းနဲ့ လှုပ်ရှားရုန်းကန်တိုက်ခိုက်နေမှ ကောင်းစွာ ရှင်သန်နိုင်တယ်။ ဒါမှ တန်ဖိုးရှိတဲ့ဘဝလို့ ခေါ်ဆိုထိုက်တယ်။ အဲ့ဒါမှ နေပျော်တဲ့ဘဝကွ။
မင်းဘဝမှာ တပါးသူကို မှီခိုပြီးအလိုက်အထိုက် နေထိုင်ရင်း ကြီးပြင်းလာလို့ကတော့ တန်ဖိုးမဲ့ဘဝကိုပဲ မင်းပိုင်ဆိုင်လိမ့်မယ်။
တန်ဖိုးမရှိတဲ့ ဘဝကို ပိုင်ဆိုင်ထားရင်တော့ မင်းဟာ အမြဲတန်း စိုးရွံစိတ်တွေ၊ ပူပန်ကြောင့်ကြစိတ်တွေနဲ့ တသက်လုံးနေထိုင်သွားရလိမ့်မယ်။ မင်းဟာ ရှင်သန်နေလဲ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး ကောင်လေး "
ထိုလူကြီးစကားက ဇာနည်၏ နှလုံးသားထဲထိ စီးမြောသွားသလိုပင်။ မှန်၏။ သူသည် အစ်မ၏ အကူအညီ အထောက်အပံ့ဖြင့် ဘဝကို သက်သက်သာသာ ဖြတ်သန်းခဲ့ရသည်။ ယခု အစ်မဖြစ်သူက သေသွားတော့ သူ သောင်ပြင်မှာလွှတ်သည့် ခွေးတကောင်လို ဖြစ်နေ၏။
ကူရာကယ်ရာမဲ့နေ၏။ သူ့မှာ အလုပ်အကိုင်မရှိ။ ကျောင်းကလည်း မပြီးသေး။ ရှေ့ဆက်ရမည့် ဘဝခရီးက ရင်လေးစရာပင်။
မမဧကရီသည် သူ့အား အမြဲ ပြောသော စကားတခုရှိသည်။
" မောင်လေး ... မမတို့မှာ မိဘတွေအတွက် ... တို့မိသားစုအတွက် သွေးကြွေးဆပ်စရာ ရှိသေးတယ်ဆိုတာ အမြဲတန်း ခေါင်းထဲ ထည့်ထားနော်။
သူတို့ကို သွေးကြွေးဆပ်ဖို့ဆိုရင်၊ ငါ့မောင်လေးက ကြံခိုင်မှ ဖြစ်မယ်။ ဒါကြောင့် အမြဲတန်းစိတ်ဓာတ်ကြံခိုင်ပါ မောင်လေးရယ် "
မိဘနှစ်ပါး ကွယ်လွန်သွားကြပြီးနောက် ဇာနည်အား ဧကရီကျော်ကသာ ပြုစုစောင့်ရှောက်ခဲ့သည်။ ဇာနည်အတွက်တော့ မမဧကရီသာ အမိအဖဖြစ်ခဲ့၏။
မမဧကရီသည် သူ့အား အိပ်ယာဝင်ပုံပြင်ပမာ ရန်သူတော်နှစ်ယောက်ကြောင့် တမိသားစုလုံး ဘဝပျက်ခဲ့ရသည့်အကြောင်းကို နေ့စဥ် ပြောပြခဲ့သည်။ မမဧကရီသည် ထိုလူနှစ်ယောက်အပေါ် မည်သို့မည်ပုံ လက်စားချေတုန့်ပြန်ရမလဲဆိုတာကိုသာ စဉ်းစားနေတတ်သူ ဖြစ်၏။သို့ပေမဲ့ ဇာနည်ကတော့ သူ မသိမမှီလိုက်သော ဇာတ်လမ်းအပေါ် မမလောက် အလေးအနက်ထားခြင်း မရှိဘဲ ၊ လူငယ်သဘာဝ ပေါ့ပေါ့ပါးပါး နေခဲ့မိသည်။
ယခုတော့ ထိုမိသားစုရန်ကြွေးအပြင်၊ မမဧကရီ၏ အကြောင်းမဲ့ သေဆုံးခြင်း၏တရားခံကိုပါ ရှာဖွေရတော့မည်ဖြစ်သည်။ သူ့အတွက်တော့ ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ရှိလေ၏။
မမဧကရီသည် ဘယ်နည်းနဲ့မှ သူ့ကိုယ်သူ သတ်သေမည်တော့မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော မိသားစုရန်ကြွေးကို မဆပ်ရမချင်း မမသည် သတ်သေမည်မဟုတ်ဟု သူ ယုံကြည်သောကြောင့်ဖြစ်သည်။
" ဘာလဲ ! မင်း အစ်မ ဘာကြောင့် သေရသလဲဆိုတာ အဖြေရှာနေတာလား ကောင်လေး ။ မင်းအစ်မ ဘာကြောင့် သေရသလဲ၊ ဘယ်သူက လုပ်ကြံခဲ့သလဲ မင်းသိချင်သလား "
ဇာနည် သူ့ခေါင်းထဲက အတွေးကို ထိုလူကြီး ဘယ်လို သိသွားသလဲ အံဩသွားသည်။ ထိုလူကြီး၌ သူ မမြင်နိုင်သော အစွမ်းသတ္တိထူးတခု ရှိနေတာကို သူ သိသွားခြင်းလည်း ဖြစ်သည်။ သူ ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်မေးခွန်းထုတ်လိုက်မိသည်။
" ဦး ... ဦးလေးက ... ဘယ်လိုသိတာလဲ "
" ငါ့အတွက်က မခက်ပါဘူး ၊ ကဲ မင်းအစ်မကို ဘယ်သူက လုပ်ကြံသတ်ဖြတ်ခဲ့သလဲဆိုတာကို ပြောပြမယ့်ကောင် ခေါ်ထုတ်ရသေးတာပေါ့ "
ထိုသို့ပြောပြီး လူကြီးသည် မြေကြွင်းအသစ်ဆီသို့ လျှောက်သွားလေ၏။ မြေကြွင်း၏ နုတ်ခမ်းဝ ဘောင်ပေါ်သို့ ရောက်သည့်အခါ ၊ သူ၏ လက်တဖက်ကို မြေကြွင်းထဲသို့ ဝှေ့ရမ်းလိုက်သည်။
မြေကြွင်းထဲက လူသုံးယောက်သည် မြေပေါ်သို့ သစ်ရွက်များပမာ ဝေ့ဝဲ ရောက်လာပြီး၊ ဒူးထောက်လျက်သား တန်းစီနေ၏။
လူကြီးက ထိုသုံးယောက်ထဲမှ မျက်နှာမှာ ကန့်လတ်ဖြတ် ဓါးဒါဏ်ရာ အမာရွတ်နဲ့လူကို ဆွဲထုတ်လိုက်ပြီး ...
" ကဲ ... မင်းတို့ လေးထပ်တိုက်ပေါ်က ကောင်မလေးကို ဘယ်လို တွန်းချသတ်ခဲ့သလဲဆိုတာရယ်၊ မင်းတို့ကို ဘယ်သူက ခိုင်းတာလဲဆိုတာကို အမှန်တိုင်း ဖွင့်ပြောလိုက်ကြ "
မျက်နှာပေါ်မှာ အမာရွတ်နဲ့လူက ထိုလူကြီးကို အလွန်အမင်း ကြောက်ရွံနေဟန်တူ၏။ ထိုလူကြီး အမိန့်ပေးသည့်အတိုင်း ဖွင့်ပြောလေ၏။
" ကျွန်တော်က ငထူးပါ။ ကျွန်တော်နဲ့အတူ သက်ကြီးရယ် ဝင်းဆောင်ရယ် သုံးယောက်က ပိုက်ဆံရရင် ဘာမဆို လုပ်ပါတယ်။
တရက်မှာ ကျွန်တော့ကို " ဌေး " အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ကုမ္ပဏိီက သူဌေး ဦးကံဝင်းက အလုပ်တခု အပ်ပါတယ်။
သူ့အလုပ်ထဲက ကောင်မလေးတယောက်ကို ရှင်းပစ်ပေးရင် ငွေ သိန်းနှစ်ရာပေးမယ်လို့ ပြောပါတယ်။ ကောင်မလေးနာမည်က ဧကရီကျော်လို့ ပြောပါတယ်။
ဒါနဲ့ တရက်မှာ အဲ့ကောင်မလေးကို သူဌးက လေးထပ်တိုက်ပေါ်ကို လာခဲ့ဖို့ ဖုန်းဆက်ခေါ်လိုက်ပါတယ်။
အသင့်စောင့်နေတဲ့ ကျွန်တော်တို့က ဧကရီကျော်ကို ဖမ်းချုပ်ပြီး၊ လေးထပ်တိုက်ပေါ်ကနေ တွန်းချ သတ်ခဲ့လိုက်ပါတယ်။ သတ်တဲ့အချိန်က ညကလဲဖြစ်၊ လူခြေကလဲ တိတ်ဆိုတော့၊ ကျွန်တော်တို့ သဲလွန်စမကျန်ရလေအောင် ခြေရာလက်ရာ ဖျောက်နိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဧကရီကျော် သေတာကို သူ့ဖာသူ လိမ့်ကျသေတယ်လို့ ထင်မြင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆေးရုံမှာ ခွဲစိတ်ကြည့်တဲ့အခါ ဧကရီကျော်မှာ ကိုယ်ဝန်သုံးလ ရှိနေတာကို ဇာနည်ဆိုတဲ့ သူမောင်လေးက သိသွားပြီး၊ ရဲတပ်ဖွဲ့ ထပ်မံစစ်ဆေးပေးဖို့ ဖုန်းဆက်ပြောနေတာ တွေ့ပါတယ်။
ကျွန်တော်တို့က အဲ့ဒီအကြောင်းကို သူဌေးဦးကံဝင်းထံ သတင်းပို့တဲ့အခါ ဇာနည်ကိုပါ အပျောက်ရှင်းလိုက်ဖို့ အမိန့်ပေးပါတယ်။ ငွေလဲ ထပ်ပေးမယ်လို့ ပြောပါတယ်။ဒါကြောင့် ဇာနည်ကို အပြတ်ရှင်းပစ်ဖို့ ဒီတောသင်္ချိုင်းကို ခေါ်လာခဲ့တာပါ"
ဇာနည် အသားများ တဆတ်ဆတ်တုန်လာသည်အထိ ဒေါသထွက်သွားသည်။
" ဟာ! ခင်များတို့ အတော်ရက်စက်ပါလားဗျ ၊ ခင်များတို့ကြောင့် ကျုပ်မမအပြင် ဘာမှ မသိနားမလည်သေးတဲ့ မမရဲ့ရင်သွေးလေးပါ အသက်ပေးဆပ်ခဲ့ရတယ်။ ဒါတောင် မကျေနပ်သေးဘဲ ကျုပ်ကိုပါ ထပ်သတ်ချင်သေးတယ်။
ခင်များတို့ လူတွေမှ ဟုတ်သေးရဲ့လားဗျာ။ ခင်များတို့ ငွေရဖို့ဆိုရင် တခြားလူတွေရဲ့ အသက်ကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူးလား "
လူကြီးက ဝင်၍ မေးလိုက်၏။
" ဧကရီကျော်ကို မင်းတို့သူဌေးက ဘာကြောင့် အသတ်ခိုင်းတာလဲ၊ မှန်မှန်ပြောနော်။ ငါ့ကို လိမ်မယ် မကြံနဲ့ "
အမှန်တော့ လူကြီးက သိထားပြီးဖြစ်၏။ သို့သော် ဒေါသထွက်နေသော ဇာနည်အား သိစေချင်၍ မေးလိုက်ခြင်း ဖြစ်သည်။
" သူဌေးဦးကံဝင်းက ဧကရီကျော်ကို ဆေးခပ်ပြီး တကြိမ်မက အဓမ္မပြုကျင့်ခဲ့ပါတယ်။ ဗွီဒီယိုလဲ ရိုက်ထားခဲ့ပါတယ်။
နောက်တော့ ဧကရီကျော်ကို အဲ့ဒီဟာနဲ့ ပါတ်သက်ပြီး၊ ခြိမ်းခြောက် အနိုင်ကျင့်ပြန်တယ်။
ဧကရီကျော်က အစတော့ ငြင်းပယ်ရှာပေမယ့်၊ ဦးကံဝင်းဆန္ဒကို မလွန်ဆန်နိုင်ရှာဘူး။ လိုက်လျောပေးခဲ့ရတယ်။
ဦးကံဝင်းက ဧကရီကျော်ကို အတော်လေး မြတ်နိုးခဲ့တယ်။ သူ့ရဲ့ လျှို့ဝှက် လုပ်ငန်းအချို့ကိုပါ ဧကရီကျော်ကို ယုံကြည်ပြီး ခေါ်သွားခဲ့တယ်။ ဦးကံဝင်းက အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဗန်းပြပြီး၊ မူးယစ်ဆေးဝါးတွေ ရောင်းဝယ်နေသူပါ။
ဒါကြောင့် ဧကရီကျော်ဟာ ဦးကံဝင်းရဲ့ နောက်ကြောင်းတွေကို ဇစ်ဇစ်မြစ်မြစ် လေ့လာခဲ့တယ်။ သက်သေအချို့ ရလာတဲ့အခါ ဦးကံဝင်းကို ပြန်အကြပ်ကိုင်ခဲ့ပါတယ် "
" ဘယ်လို အကြပ်ကိုင်တာလဲဗျ "
"ဧကရီကျော်က ငွေသားသိန်းတထောင်နဲ့ သူ့ကို လွပ်လပ်ခွင့်ပေးရမယ်တဲ့ ။ ဒါကို သူဌေးဦးကံဝင်းက မပေးချင်တော့ အပျောက်ရှင်းပစ်လိုက်တာပါပဲ "
သူ ဆက်စပ်တွေးမိပြီ။ သူ့ကို သင်္ချိုင်းခေါ်လာပြီး အပြတ်ရှင်းရန် ကြံနေ စဉ် သက္ကလပ်ဦးထုပ်နဲ့ လူကြီးက ကူညီခဲ့တာ ဖြစ်မည်။ လူမိုက်များက သူ့အိတ်ထောင်ထဲက ပိုက်ဆံအိတ်နှင့် လည်ပင်းက ဆွဲကြိုးကို ဖြုတ်ယူခဲ့ရာ လူကြီးက ပြန်ယူသိမ်းပေးထားခြင်းသာ။
" မမရယ် ... ကံဆိုးလိုက်တာဗျာ "
ဇာနည်သည် ထိုသို့ ပါးစပ်မှ ရေရွတ်ရင်း ထိုလူမိုက်ခေါင်းဆောင်အနီး ညွှတ်ခွေ ကျသွား၏။ လူမိုက်ခေါင်းဆောင်က ရလာသည့် အခွင့်အရေးကို လက်လွှတ်မခံ။
ဇာနည်အား နောက်မှ သိုင်းချုပ်လိုက်ပြီး ...
" ဟိတ်လူ ခင်များ ရှေ့တိုးမလာနဲ့နော်။ ကျုပ် ခင်များကောင်လေးကို လည်ပင်ချိုးသတ်ပစ်လိုက်မယ် "
လူကြီးက စိတ်လှုပ်ရှားဟန် တစက်ကလေးမှ မရှိ။ ဇာနည်ခမျာမှာသာ လည်မျိုကို သိုင်းချုပ်ထားခြင်း ခံရသောကြောင့် အသက်ရှုရ ခက်ခဲပြီး မျက်လုံးကြီး ပြူးနေ၏။
လူကြီးက ရပ်နေမြဲပင်။ လုံးဝ နေရာမရွေ့ချေ။ လူမိုက်ခေါင်းဆောင်က အသာရနေသည့်အခါ၊ သတိလည်လာကြသော ကျန်လူလူမိုက်နှစ်ဦးလည်း ထလာကြ၏။
လူမိုက်ခေါင်းဆောင်က ...
" ဟေ့ကောင် သက်ကြီး ကားသွားယူ၊ ဝင်းဆောင် ... ကားတူးဘောက်ထဲက ငါ့သေနတ် ယူလာခဲ့ "
လူမိုက်ခေါင်းဆောင် ခိုင်းသည့်အတိုင်း တပည့်များက ထွက်သွားကြသည်။ မကြာမီ ကားစက်နိုးသံ ထွက်ပေါ်လာ၏။ ဝင်းဆောင်ဆိုသူက သေနတ်ယူလာပြီး သူ့ဆရာကို ပေးသည်။
သေနတ်ရသည့်အခါ လူမိုက်ခေါင်းဆောင် ငထူးက ဇာနည့်ဦးခေါင်းကို သေနတ်ဒင်ဖြင့် ထုရိုက်ပြီး တွန်းလှဲလိုက်၏။ ပြီးသော် သေနတ်ဖြင့် လူကြီးအား ချိန်ရွယ်လိုက်သည်။
လူကြီးသည် အခုထိ တစုံတရာ မလှုပ်ရှားသေးပေ။ လူမိုက်များ ဘာဆက်လုပ်မည်ကိုသာ ကြည့်နေဆဲဖြစ်၏။
ငထူးက ...
" ကျုပ်အလုပ်က ဒီကောင်လေး ဇာနည့်ကို ရှင်းပစ်ဖို့ပဲ၊ ဒါပေမဲ့ ခင်များက ဝင်ကန့်လန့်တိုက်နေတော့ နှစ်ယောက်စလုံးကို ရှင်းရတော့မှာပေါ့ "
" ဟားဟားဟား ဒါဆိုလဲ လုပ်လေကွာ။ အချိန်ကြာပါတယ် ငါ့လူရ။ ဒါ ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး။ မင်း လုပ်စရာရှိတာကို မြန်မြန်လုပ်စမ်း "
လူကြီးက ထိုသို့ မခိုးမခန့်နှင့် ရယ်မောလှောင်ပြောင်လိုက်သည့်အခါ၊ ငထူး ဒေါသက လူကြီးဘက်သို့ လှည့်သွားပြီး ၊ သေနတ်ပြောင်းဝကို လူကြီးဘက် ချိန်ရွယ်လိုက်သည်။
ငထူး သေနတ်မောင်းခလုပ်ကို ဆွဲညှစ်ရန် ပြင်လိုက်သည်။ သို့သော် လူကြီးသည် လျှင်မြန်လွန်းစွာ သူ့ရှေ့တည့်တည့်မှ ပျောက်ကွယ်သွား၏။
ဝှီး
လေတိုးသံ တချက်သာ ငထူး နားထဲမှာ နောက်ဆုံးအဖြစ် ကြားသွားရ၏။ သူ၏ အနောက်ဘက်မှာ လူကြီးက ရောက်သွားပြီး၊ လည်ပင်းကို ချိုးပစ်လိုက်၏။
" ဂျွတ်! "
ငထူးမှာ အားဟုပင် အသံမထွက်နိုင်။ တချက်တည်း အသက်ထွက်သွား၏။ သေနတ်လာပေးသော ဝင်းဆောင်မှာ အခြေအနေ မဟန်မှန်း သိသည်နှင့် ကားဆီသို့ ပြေးတော့၏။
" သက်ကြီး မောင်း! မောင်း!
အမြန်မောင်း ... "
ကားသည် ထိုနေရာမှ အသားကုန်မောင်းထွက်သွား၏။ လူကြီးသည် ကားထွက်သွားရာသို့ မျက်စိတဆုံး လိုက်ကြည့်သည်။ ပြီးသော် ... ကားနောက်မှ ပြေးလိုက်သွား၏။ သူ၏ ခြေလှမ်း လေးငါးလှမ်းလောက်တွင် နောက်ကျောဘက်မှ အနက်ရောင် အတောင်တစုံသည် ဖျတ်ခနဲ ထွက်ပေါ်လာ၏။
၎င်းနောက် လေဟုန်စီးကာ ကားကို မှီအောင်လိုက်လေ၏။ ဇာနည်မှာ အဖြစ်အပျက်တို့ကို အစအဆုံး မြင်နေရသည်ဖြစ်ရာ အံဩမဆုံးနိုင်တော့ချေ။
သိပ်မကြာပါ။ ကားတစီး ပေါက်ကွဲသံကြားရပြီး၊ ခပ်ဝေးဝေးဆီက မီးခိုးလုံးကြီး မည်းတက်လာ၏။ ကျန်လူမိုက်နှစ်ဦးလည်း မိုက်ဇာတ်သိမ်းချေပြီ။
အတောင်ခတ်သံ တချက်နှစ်ချက်နှင့်အတူ ဇာနည်၏ ဦးခေါင်းပေါ်က မြူမှုန်ထုသည် ဘေးဘက်ဆီသို့ လွင့်မျောကုန်၏။
" ဖရော ဝေါ "
ကောင်းကင်မှ လူကြီးသည် ဇာနည်ရှေ့သို့ တည့်တည့်မတ်မတ် ထိုးဆင်းလာ၏။
ထိုအချိန် ဇာနည်မှာ ဇက်ကျိုး၍ သေနေသော လူမိုက်ခေါင်းဆောင် ဖိုးထူး၏ အလောင်းကို ခြေဖြင့် ဒေါသတကြီး ကန်ကျောက်နေချိန်ဖြစ်၏။
လူကြီးသည် ဇာနည်၏ ဒေါသကို မြင်တွေ့ရသောအခါ၊ ကျေနပ်ပီတိဖြစ်ဟန်နှင့် ပြုံးလိုက်လေတော့သည်။
____________
" မောင်ရင် ... သူတို့ကို တကယ် ကလဲ့စားချေချင်လား ... "
ထိုမေးခွန်းကို ဇာနည် စဥ်းစားစရာမလိုဘဲ ၊ ခေါင်းငြိမ့် အဖြေပေးလိုက်၏။ လူကြီးက သဘောကျစွာဖြင့် ...
" ကောင်းပြီ၊ မောင်ရင့်ကို ငါ ကူညီမယ်။ ဒါပေမဲ့ လောကကြီးမှာ အပေးအယူဆိုတာ ရှိတယ်။ ငါ့ဘက်က ပေးဆပ်ဖို့ဆိုရင် မင်းက ငါ့ကို တခု ပြန်ကူညီရမယ် "
" ပြောပါ ... ကျွန်တော် ဘာလုပ်ပေးရမလဲ ဦးလေး၊ သူတို့ကို လက်စားချေခွင့်ရမယ်ဆိုရင် ကျွန်တော် ဘာမဆို လုပ်ပေးပါ့မယ် "
လူကြီးသည် ဇာနည်၏ စကားကို လွန်စွာ သဘောကျသွားဟန်ဖြင့် ...
" ဟားဟားဟား "
" မင်းဘက်က တကယ်သေချာနေပြီပေါ့လေ ဟားဟား "
ဇာနည်က အံကို တင်းတင်းကြိတ်လိုက်မိသည်။ သူ၏ မိဘနှစ်ပါးကို ဘဝပျက်အောင် လိမ်ညာသွားခဲ့သူများနှင့် အစ်မဖြစ်သူ ဧကရီကျော်ကို အသက်သေဆုံးသည်အထိ ရက်စက်ခဲ့သော သူဌေးဦးကံဝင်းတို့ကို မိမိရရ လက်စားချေရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ထို့ကြောင့် ...
" ပြောဗျာ! ကျွန်တော် ဘာမဆို လုပ်ပေးမယ် "
လူကြီးက အရယ်ရပ်လိုက်ပြီး၊ ဇာနည်အောင်၏ မျက်လုံးများကို ဆုံအောင် စိုက်ကြည့်လိုက်ကာ ...
" မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို အပိုင်ပေးရမယ် ကောင်လေး ၊ ကဲ ဘယ်လိုလဲ ... "
" ဗျာ ! "
" ဟုတ်တယ်၊ ငါ့ကို မင်းရဲ့ခန္ဓာကိုယ် ပေးအပ်ရမယ် ... "
အေးစက်နေသော ရာသီဥတုမှာ ဇာနည် ဇောချွေးများ ပျံသွားသည်။ လူကြီး လိုချင်တာက သူ၏ ခန္ဓာကိုယ်ဆိုလေတော့ ...၊
ဒါပေမဲ့ ရေခဲတိုက်မှာ နောက်ဆုံး မြင်တွေ့ခဲ့တဲ့ မမဧကရီကျော်ရဲ့ မျက်နှာကို ပြန်မြင်ယောင်လိုက်တော့ ...
" ကျွန်တော် သဘောတူတယ် ၊ ကျွန်တော့ကိုသာ လက်စားချေခွင့်ပေးပါ ၊ ဦးလေး လိုချင်တဲ့ ကျွန်တော့ခန္ဓာကိုယ်ကို အချိန်မရွေး လာယူနိုင်ပါတယ် "
ဖြောင်း!
လူကြီး၏ နောက်ကျောဘက် အတောင်ပံနှစ်ခုသည် ရုတ်ခြည်း ထွက်ပေါ်လာ၏။ သူ ထိုအတောင်တစုံဖြင့် ဇာနည်ကိုယ်အား ပွေ့ယှက်လိုက်သည်။ ဇာနည်သည် ထိုအတောင်တစုံကြားတွင် ပျောက်ကွယ်သွား၏။
သင်္ချိုင်းထဲတွင် လျှပ်စီးလက်သလို အလင်းတန်းများက တဖျတ်ဖျတ် လက်နေတော့လေ၏။မကြာပါ လူကြီးရော၊ ဇာနည်ပါ သင်္ချိုင်းအတွင်းမှ ပျောက်ကွယ်သွားလေ၏။
ဇာနည် တယောက် မသိလိုက်တာကတော့၊ တွင်းအသစ်ထဲတွင် အလောင်းတလောင်း ရှိနေပြီး၊ သူတို့ ပျောက်ကွယ်သွားချိန်မှာတော့ ထိုအလောင်းကောင်သည် အိပ်ပျော်ရာမှ နိုးထလာသည့်အလား၊ တွင်းထဲမှ မြေပြင်ပေါ်သို့ တွယ်တက်လာပြီး၊ ထိုသင်္ချိုင်းမှ တရွေ့ရွေ့ ထွက်ခွါသွားခြင်းပင် ဖြစ်လေ၏။
(ဆက်ရန်)
ပီပီ(မန္တလေး)
2.1.2023
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ