
Part - 21
ဘုရားပွဲဆိုထဲက အကုန်လှုပ်လှုပ်ရွရွဖြစ်နေကြသလို ဇာတ်ပွဲပါဦးမည်ဆိုတာမို့ ဒီရက်ပိုင်းက ရွာမှာ ဘုရားပွဲအကြောင်းမပါသည့် စကားဝိုင်းကိုမရှိတော့။ မိန်းကလေးတွေလဲ ပိတ်စလေးတွေပြေးချုပ်ကြသလို လူကြီးတွေ နဲ့ ကာလသားအများစုမှာ အလုပ်ရှုပ်နေကြပြီဖြစ်၏။
ပန်းဖူး ဆောက်ပြီးခါစကွပ်ပျစ်လေးပေါ် ထိုင်ရင်း ခူးလာသည့် ဘီးစပ်ရွက်တွေအား ထိုင်ခြွေနေခြင်းပင်။ ညနေက ချောင်းထဲ ငါးသွားစမ်းပြီး ပြန်လာရင်း ချောင်းစပ်မှာ အလေ့ကျပေါက်နေသည့် ဘီးစပ်ရွက်လေးတွေပါ မြကြည်သာက ခူးခဲ့သည်။
" ကိုယ့်ကို အဟမ်းဟင်း ချက်ပေးနော် ခင့်...."
သေချာမှာသွားသည်မို့ ပန်းဖူးမှာ ချက်ပြုတ်ရန်ပြင်ရသည်။ အဟမ်းဟင်းဆိုသည်မှာ အခြားမဟုတ်.....ကြက်သွန်ဖြူ ၊ နီ ၊ ချင်း နှင့် ငရုတ်သီးစိမ်းတွေကို ရောထောင်းကာ ဆား ၊ နနွင်းဖြင့် သူဖမ်းလာသမျှငါးတွေဆီသတ်ပြီး ဘီးစပ်ရွက်တွေထည့်ကာ အရည်သောက်ချဥ်ဟင်းလို ချက်ထားခြင်းပင်။ ဘီးစပ်ရွက်က စပ်ရှားရှား ၊ ငရုတ်သီးစိမ်းက စပ်စပ် ပူပူလောင်လောင်လေးများ သောက်လိုက်လျှင် အဟမ်းဟမ်းဆိုပြီး သီးတတ်လွန်းတာမို့ ငဝန်ရွာမှာတော့ အဟမ်းဟင်းပဲ ခေါ်ကြသည်။
ဘီးစပ်ရွက်ကလဲ သူ့ကြည့်တော့သာ အလေ့ကျပေါက်တဲ့ အရွက်လေးပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးကတော့ အတော်လေးများသည်။ အမျိုးသမီးတွေအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်သလို ၊ ဆီးချို သွေးတိုးသမားတွေအတွက် သင့်လျော်သည်။ ပါးစပ်မှာ အဖြူဖုလေးတွေ ပေါက်တာမျိုးဆို သက်သာသလို ၊ သူ့အဖူးဝါဝါလေးဆို သွားကိုက်လျှင် သွားမှာသိပ်ထား သက်သာသည်ဟု ဆိုကြသည်။
" ပန်းဖူးရေ.... ပန်းဖူး.... "
တကြော်ကြော်ခေါ်ရင်း ခြံဝိုင်းထဲ ဝင်လာသည့် မမရီကိုတွေ့တော့ ပန်းဖူး ပြုံးပြရင်းမှ....
" လာလေ မမရီ......ဒီမှာ ထိုင် ။ "
မြအေးရီ ကွပ်ပျစ်ပေါ် တင်ပါးလွှဲလေး ဝင်ထိုင်ရင်းမှ.....
" ဟိုဖက်ရွာမှာ သဘက်ခါ ဘုရားပွဲရှိတာ သိတယ်မဟုတ်လား။ "
ပန်းဖူး ခေါင်းလေးညိတ်ပြတော့ မြအေးရီ အားတက်သွားကာ ထပ်ပြောလာသည်။
" ဇာတ်ပွဲလဲပါတယ်တဲ့.....အမေတို့လဲ မိုးလင်းပေါက်ကြည့်ကြမှာ....လိုက်ခဲ့ပါလား။ မန္တလေးက အငြိမ့်အဖွဲ့ပဲ.....ကမယ့် မင်းသားက ချောတယ်တဲ့။ "
" မမ.....!! "
" အမလေး! "
ဆောင့်ကြီးအောင့်ကြီး အော်သံထွက်လာသဖြင့် မြအေးရီ အလန့်တကြား အာမေဋိတ်သံလေး ထွက်သွားရသလို နောက်လှည့်ကြည့်မိတော့ မြကြည်သာ။ ခါးကြီးထောက်ကာ အာဠာဝက နှင့် ဒဿဂီရိ ကို ရောစပ်ထားသည့် ဒေါသမျက်နှာက ကိုယ့်အစ်မအရင်းကို မျက်ထောက်နီကြီးဖြင့် ကြည့်နေတာ မမှိတ်မသုန် ။
" လန့်လိုက်တာဟယ်.....ဘာလို့ အဲ့လောက် အော်ရတာလဲ။ "
" အော်မှာပေါ့.... သူများမိန်းမကို ဘာတွေအဖော်လာစပ်နေမှန်းမှမသိတာ.....မင်းသားကပဲ ချောရသေး....ခင့်ကို ထည့်လဲမထည့်ဘူး.....သွားလဲမသွားခိုင်းဘူး ။ "
မြအေးရီ ကိုယ့်မောင်ကိုယ် ကြည့်မရသလို မျက်စောင်းထိုးပစ်ရင်းမှ....
" ငါက စေတနာနဲ့လဲ လာခေါ်ရသေးတယ်.....ပြီးတာပဲ... ပြန်မယ်။ "
" ပြန်.....ပြန်...ကဲ.....ဟိုတစ်ယောက် "
ခြံဝိုင်းထဲမှ ထွက်သွားသည့် မမကို ကြည့်နေရာမှ ခင့်ကို ဆူရန် လှည့်ကြည့်လိုက်သော်လဲ လှစ်ခနဲ အိမ်ထဲဝင်သွားတာ မြန်လိုက်သည့်ဖြစ်ခြင်းပင်။ ဟင်းးးးးဒါကျ သိတယ်။ လွှတ်စရာလား.....လူကရှုပ်....ကာလသား များကများနဲ့။
@@@@@@@@@@@@
ဆောင်းဝင်လာတော့ အေးလာသလို သူတို့ရွာဘက်တွေက သစ်ပင်ကြီးတွေများတာမို့ ပိုအေးသလို လယ်ကွင်းတွေဘက်ကများ လေတစ်ချက်ဝေ့လိုက်ရင် စိမ့်နေအောင် အေးတက်သွားတာမျိုး။ မီးလှုံဖို့ အခုထဲက ပြင်ဆင်ထားရအောင် ထင်းတွေခွဲရင်းမှ ခြံနောက်ဘက်မှာ အရွက်တွေခူးနေသည့် ခင့်ကို တစ်ချက်လှမ်းကြည့်မိသည်။
" ခင်ရေ......ခင့်...."
သူ့ခေါ်သံကြောင့် အရွက်တွေခူးနေရာမှ လှည့်ကြည့်လာရင်း မေးလေးဆတ်ပြသည်။
" ဒီနေ့ ပိုက်ဆံနည်းနည်းထုတ်ထားဦး......ကားလိုင်စင်အတွက် မြို့သွားစရာရှိတယ်။ "
သူ့ကို ခေါင်းလေးဆတ်ခနဲ ညိတ်ပြရင်းမှ အိမ်ထဲဝင်သွားသည်ကို ခပ်ပြုံးပြုံးစိုက်ကြည့်ရင်း စကားပြောသံတွေကြောင့် ရွာလမ်းမကို ပြန်လှည့်ကြည့်မိသည်။ မနက်ဖန်ဘုရားပွဲအကြောင်း ပြောနေကြခြင်းဖြစ်သလို စိတ်ထဲ ခင်များ သွားချင်မလားဟု တွေးမိ၏။
စောစောပြန်လာပြီး ပွဲစျေးတန်းလေးလျှောက်ရအောင်တော့ လိုက်ပို့ပေးဦးမှပင်။
----------------
ဒေါ်ညွန့်ကြည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်းမှ နှုတ်ခမ်းကို မဲ့ရွဲ့ပစ်သည်။ အရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေသည့် ပန်းဖူး နှင့် မြအေးရီက ဒေါ်ညွန့်ကြည် ၏ မျက်နှာအရိပ်အကဲကိုကြည့်ရင်း ငါးဖယ်တွေကြော်ရန်ပြင်နေ၏။
" အဲ့ဝက်သိုးကောင်က တကယ့်ဂွတီးဂွကျကောင်။ ဘယ့်နှယ့် ရွာကလူတွေတင် မဟုတ်ဘူး.....အနီးရွာကလူတွေပါ သွားကြတဲ့ဟာ....မသွားရဘူးရယ်လို့။ "
" အမေ့သားကို အမေပြောကြည့်ပါလား။ "
မြအေးရီ စကားကြောင့် ဒေါ်ညွန့်ကြည်က...
" တော်စမ်းပါအေ.....မအေစကားလဲ သူနားထောင်ချင်မှနားထောင်တာ။ ပန်းဖူးနဲ့ဇွတ်ယူတာသာကြည့်လေ....."
ပန်းဖူး ပြုံးမိသလို.....
" ပန်းဖူး မမှတ်မိဘူး အမေ......ပြောပြပါလား။ "
မြအေးရီက ရယ်သလို ဒေါ်ညွန့်ကြည်က တင်ပျဥ်ခွေထိုင်နေရာမှ ဒူးတစ်ဖက်ထောင်ကာ ဒူးပေါ်လက်တင်ကာ စကားပြောဖို့ အားယူ၏။
" ညည်းတို့ အချင်းချင်း ကြိုက်နေတာ ရိပ်မိတော့ တားတာပေါ့အေ.....ပန်းဖူးနောက်ကြောင်းကလဲ မသိဘူးကိုး.....ညည်းယူရင် ငါ့ကိုအမေလို့ မခေါ်နဲ့လို့ အပြတ်ပြောတာ...."
ပန်းဖူး မျက်လုံးအပြူးသားလေးဖြင့် နားထောင်ရင်းမှ....
" အဲ့တော့......"
" ဘာအဲ့တော့လဲ.....သွားပြီ ဒေါ်ညွန့်ကြည် ဆိုပြီး ဆင်းသွားတာပဲ။ "
" အယ်! "
ပန်းဖူး ပါးစပ်လေးအဟောင်းသား ဖြစ်သွားရသလို မြအေးရီက တခစ်ခစ်ထရယ်၏။ ပန်းဖူး အကုန်သတိမရပေမယ့် တစ်ချက်တစ်ချက်တော့ ရေးတေးတေးလေးတွေ မှတ်မိလာတာရှိပါသည်။
@@@@@@@@@@@@
မြကြည်သာ လက်ထဲရှိဝယ်လာသော အထုပ်လေးကို ကမ်းပေးလိုက်တော့ ပန်းဖူးယူရင်း ဖြည်ကြည့်မိသည်။ မြန်မာဝမ်းဆက်လေးပင်။
" လှလိုက်တာ......"
မြကြည်သာ ပြုံးမိသွားရင်းမှ ...
" ခင် ဝတ်ရင် ပိုတောင်လှဦးမယ်။ "
ပန်းဖူး မျက်စောင်းလေး လှမ်းထိုးပစ်သည်။
" ခင် ပွဲစျေးလျှောက်မလား။ "
ပန်းဖူး သူ့ကို တအံ့တသြလေး ငဲ့ကြည့်မိသည်။ မြကြည်သာ ပြုံးမိသလို ပန်းဖူးလက်ဖဝါးလေးကို အသာလှမ်းကိုင်၏။
" ပွဲစျေးလိုက်ပို့ပေးပါ့မယ်......"
ပန်းဖူး မျက်နှာလေးက ပြုံးသွားရင်း ခေါင်းတဆတ်ဆတ်ညိတ်၏။ နောက်နေ့ညကျ မြကြည်သာ ပွဲစျေးလိုက်ပို့ပါသည်။ မုန့်လင်မယား ၊ ရေမုန့် ၊ အကြော်စုံ ၊ မုန့်လေပွေ ၊ ခဲတံဝါး ၊ အသုပ် မုန့်ဟင်းခါး မုန့်သည်တွေစုံသလို ပန်းဖူးလက်ထဲ မုန့်ထုပ်တွေဆိုတာ ပြည့်နေ၏။
" အစ်ကို့....အစ်ကို့....ရဟတ်စီးရအောင်....ပန်းဖူး တစ်ခါမှမစီးဖူးဘူး။ "
အမ်....။
မြကြည်သာ လည်နင်သွား၏။ ဆယ့်နှစ်တွဲရဟတ်မို့ မြင့်သလို သူခပ်တွန့်တွန့်။
" အာ......ကလေးမဟုတ် ဘာမဟုတ်ကွာ.....လာ လာ ပြန်မယ်။ "
မြကြည်သာ ပန်းဖူးကို အတင်းဆွဲခေါ်သလို ပန်းဖူးကလဲ ကြိုရိပ်မိတာမို့ နေရာတင် ငုတ်တုတ်လေးထိုင်ချပစ်သည်။
" ပန်းဖူး မစီးရရင် မပြန်ဘူး။ "
မြကြည်သာ ပန်းဖူးကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ပန်းဖူး သူ့ကို စဂျစ်ပြီဆိုတာ သိလိုက်၏။
" ခင်ကလဲကွာ......"
နောက်ဆုံး....မြကြည်သာတစ်ယောက် ပန်းဖူး အတင်းဆွဲခေါ်သွားသဖြင့် ရဟတ်တွဲပေါ်ရောက်လာသည်။ တဖြည်းဖြည်း ထိပ်ဆုံးရောက်လာကာ အောက်ကို ငုံ့ကြည့်မိတော့ အသည်းထဲအေးသွားရသည်။ ဒီကြားထဲ ရဟတ်က လူတွေက တစ်မျိုး.... ဟိုကူး ဒီကူးကို ကိုယ်စီးသည့်အတွဲကို လာလာထိသွားတိုင်း အတွဲက လှုပ်ယမ်းကျန်ခဲ့သည့်အခါ သူ့မှာ ရင်တထိတ်ထိတ် ။
ကြောက်ရသည့်အထဲ ပန်းဖူးက သူ့ကိုကြည့်ပြီး ပြုံးစိစိ။ နေနှင့်ဦးပေါ့လေ......တွေ့ဦးမယ်။
---------------
မှောင်မဲနေသည့် အခန်းထောင့်ထဲ ခြေဆင်းထိုင်ကာ မျက်ဝန်းတို့ကို မှေးမှိတ်ထားသည့် တာယာ။ ဆေးရှိန်က တရိပ်ရိပ်တက်နေသလို ပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
ပန်းဖူး.....အခုဆို ပန်းဖူးက ငဝန်ရွာပြန်ရောက်သွားတာ သူသိသည်။ ရဲတွေကလဲ သူ့ကို ရှာနေသည်။ အမေတို့ကလဲ ဖုန်းတွေ တဂွမ်ဂွမ်ဆက်သည်။ ပန်းဝင်ခါနီးမှ ခြေထိုးခံလိုက်ရသည့်အဖြစ်ကို သူနည်းနည်းမှ ကျေနပ်ခြင်းမရှိ။
တာယာဆိုတဲ့ကောင်က အရှူံးကို လက်ခံမည့်လူတန်းစားထဲမပါသလို ဘာမဟုတ်သည့် တောသားအစုတ်ပလုတ်ကို ရှုံးရသည်တဲ့လေ။
ဘယ်တော့မှ အနိုင်မပေးဘူး။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 22
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ