![](data:image/svg+xml,%3Csvg xmlns='http://www.w3.org/2000/svg' viewBox='0 0 3 2'%3E%3C/svg%3E)
Part - 24
အဖြစ်အပျက်တွေက ဖြစ်ပျက်သွားလိုက်တာ မြန်လွန်းလှသည်။ မြကြည်သာ ဆရာဝန်တွေကြားမှာ အသက်လုနေရသည့် ခင့်ပုံစံကို ငေးစိုက်ကြည့်ရင်း မေးကြောကြီးတွေထောင်ထသည်အထိ အံကြီးကြိတ်ထားမိသည်။
ကျေးဇူးပြုပြီး......ကျေးဇူးပြုပြီး ကံကောင်းပေးပါ။
နောက်မှ ဒေါ်သူဇာတို့ ဒေါ်ညွန့်ကြည် တို့ လိုက်လာကြသလို ဒေါ်သူ့ဇာခမျာလဲ သမီးဇောဖြင့် မျက်ရည်နဲ့မျက်ခွက်။
" အဲ့ကောင်လေးကလေ တော်တော်ကို သူများတကာ လိုက်ဒုက္ခပေးတယ်။ အခု သင်းက ဘယ်မှာလဲ ။ "
မြအေးရီ မောင်ဖြစ်သူ၏ အရိပ်အခြည်ကို ကြည့်ရင်း ခပ်တိုးတိုးပြောပြ၏။
" ဖမ်းသွားကြပြီတဲ့.....အဖမ်းခံတယ် ပြောတာပဲ။ အခု စခန်းမှာ အထူးတို့ ရှိတယ်။ အမှုကိစ္စဘာညာ သူလုပ်နေတယ်။ "
ဆရာဝန်အနားရောက်လာသည်မို့ အကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားကြကုန်သည်။ မြကြည်သာ ဆရာဝန်နား တမဟုတ်ချင်း ရောက်သွားရသလို...
" ဒေါက်တာ.....ကျုပ်မိန်းမ အခြေအနေ ဘယ်လိုရှိလဲဟင်..... အဆင်ပြေရဲ့လား ။ "
" စိတ်တော့ချရပါပြီ......ပမာဏလဲနည်းတာကြောင့် ကံကောင်းတယ်ပြောရမယ်။ လောလောဆယ်တော့ လူနာအရမ်းပင်ပန်းနေတယ်....နားပါစေနော်။ ".
မြကြည်သာ ခုမှ ရင်ဘတ်ထဲကနေ အလုံးကြီးကျသွားရသည်။ စောနကထိ သူ့ကမ္ဘာဟာ အမှောင်ထုထဲ ရောက်သလို ဘာမှမမြင်နိုင်မကြားနိုင်ဖြစ်ခဲ့တာ မဟုတ်လား။
" တော်သေးတာပေါ့အေ.....သူတော်ကောင်းနတ်ကောင်းမတာပဲ။ "
အရေးပေါ်ကနေ လူနာခန်းဆီ ရွှေ့လာရင်း ဆေးရုံခုတင်ထက် အိပ်မောကျနေသည့် ခင့်ကို ကြည့်ပြီး သူ လက်ကလေးကို မလွှတ်တမ်းဆုပ်ကိုင်ထားမိသည်။ သေလောက်အောင် ကြောက်ခဲ့တာ.....ခင့်ကို သူ့မျက်စိရှေ့တင် ဆုံးရှုံးရမလို ဖြစ်ခဲ့တာ မဟုတ်လား။
အချုပ်ခန်း၏ ထောင့်တစ်ခုတွင် နံရံကိုမျက်နှာမူလျက် ခေါင်းငိုက်စိုက်ချကာ လက်ထောက်၍ ရပ်နေသည့် တာယာ။ သူ့မျက်စိထဲ ပန်းဖူး၏ ဝေဒနာခံစားရင်း ဆေးရုံထဲဝင်သွားသည့်ပုံစံသာ ထပ်တလဲလဲ မြင်ယောင်နေသလို ရဲတွေတန်းရောက်လာပြီး သူ့ကိုလာဖမ်းခဲ့သည်။ ပန်းဖူး အခြေအနေ သူ လုံးဝ မသိလိုက်ရ။
သူ မြကြည်သာ ကို သတ်ချင်တာပါ။ ပန်းဖူးကို မဟုတ်ဘူး.....သူ ချစ်တဲ့ မိန်းကလေးကို သူ့လက်နဲ့သတ်ချင်တာ မဟုတ်ဘူး။
" တာယာ......"
ခေါ်သံကြောင့် လှည့်ကြည့်မိတော့ မြကြည်သာယောက်ဖ။ တာယာ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။
" ပန်းဖူး....ပန်းဖူးရော.....ပန်းဖူး အခြေအနေ ဘယ်လိုရှိလဲ..."
ချစ်ရင်ထူး တာယာ့ကို အချုပ်ခန်းအပြင်ကနေ စေ့စေ့စိုက်ကြည့်ရင်းမှ.....
" မင်း နဲ့ တန်တာ မင်းရတာပဲလေ။ မင်း လက်နဲ့ ပန်းဖူးကိုသတ်လိုက်တဲ့ အပြစ်ကို မင်းခံစားသင့်ပါတယ်။ "
တာယာ ရှူးရှူးရှားရှား ဖြစ်သွားရသည်။
" မဟုတ်ဘူး.....မဟုတ်ဘူး မဟုတ်ဘူး.....ငါ မြကြည်သာကိုလုပ်တာ။ "
ချစ်ရင်ထူး ခပ်ထေ့ထေ့ပြုံး၏။
" အခု ခံလိုက်ရတာက ပန်းဖူးလေ....."
တာယာ ရင်ထဲတုန်လှုပ်လာ၏။ ပန်းဖူး ဘာဖြစ်သွားပြီလဲ....သေသွားပြီလား။ သူ......သူ သတ်လိုက်မိပြီလား။ လှည့်ထွက်သွားသည့် ချစ်ရင်ထူးကို ကြည့်ရင်းမှ အသဲအသန် လှမ်းမေး၏။
" ဟိတ်ကောင်.....ပန်းဖူးရော.....ပန်းဖူး ဘာဖြစ်သွားလဲ ပြောခဲ့ဦး.....ဟိတ်ကောင်။ "
ချစ်ရင်ထူး တမင်တကာကို မပြောပဲ ထားခြင်းဖြစ်သည်။ ခုထိ သူများမိန်းမကို ပစ်မှားနေတဲ့ အကောင်။ ရူးစမ်း......။
@@@@@@@@@@@@@
ပန်းဖူး ဆေးရုံခုတင်ထက်ထိုင်နေသလို မြကြည်သာက ပန်းဖူးနောက်မှထိုင်ကာ ဆံပင်တွေအား စုစည်း၍ ကျစ်ဆံမြီးထိုင်ကျစ်ပေးနေသည်။
" အစ်ကို့.....ဆေးရုံက ဆင်းချင်ပြီ။ ပန်းဖူး ဆေးရုံကြီးမှာ မနေချင်ဘူး။ "
" ဆရာဝန်က ညနေ Round လှည့်ရင် ပြောလိမ့်မယ်ထင်တယ်။ ခင်က ဆေးရုံမှာမနေချင်ဘူး လုပ်နေတယ်....ကျုပ်က ပိုတောင်ဆိုးသေးတယ်။ ကိုယ့်မိန်းမကိုယ် လက်နဲ့တောင်ရွယ်တာမဟုတ်ဘူး...ဒီကျက်သရေတုံးကြောင့် ဆေးရုံရောက်တာ နှစ်ခါရှိနေပြီ။ တကယ့် အကုသိုလ်ကောင်။ "
ပန်းဖူး ထရယ်တော့ မြကြည်သာ၏ မျက်စောင်းကြီးက မကျေမနပ်ရောက်လာသည်။
" ရယ်ပါ.....ရယ်ပါ.....ခင်ဗျားလေးက ရယ်နိုင်သေးတယ်။ ကျုပ်မှာ ရင်ဘတ်ထဲက ကလီစာတွေပြုတ်ကျကုန်ပြီထင်တာ.....လန့်လိုက်တာဆိုတာ ပြောမနေနဲ့။ "
" အံမယ်.....အပိုတွေ....နောက်မိန်းမယူမလို့ တွေးနေတာ မဟုတ်လား။ "
ပန်းဖူး စနောက်လိုက်တော့ မြကြည်သာ ပန်းဖူးလက်လေးကို ဆွဲကိုင်ရင်း....
" ဘယ်ကသာ......ကျုပ်က တစ်သက်လုံး ဘုန်းကြီးဝတ်ပစ်မှာ။ "
ပြောလဲပြော နောက်ကနေ ခင့်ကုတ်ပိုးလေးကို တရွှတ်ရွှတ်လိုက်နမ်းတော့ ပန်းဖူးဆီမှ ရယ်သံလွင်လွင်လေး ထွက်လာသည်။
" ဟဲ့....ဟဲ့... သြော်.....ဟိုကောင့် နင် ရောက်နေတာ ဆေးရုံနော်။ "
ဒေါ်ညွန့်ကြည် အခန်းထဲဝင်ဝင်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထဟန့်ရင်း မြကြည်သာခေါင်းကို ဂွပ်ခနဲ ခေါက်ချပစ်သည်။
" အမေကလဲဗျာ.....မြေးကျတော့ လိုချင်တယ်။ အလိုက်ကျမသိဘူး...."
အံမယ်.....လာလာချည်သေး။ သူ့ဘာသာ ဗူးချင်ဗူးချင်တယ်ပေါ့။
" ဒါနဲ့ ဟိုသူကြီးကတော်တူကိစ္စရော.....အိမ်လာပြီး သူကြီးနဲ့ သူကြီးကတော်က တောင်းပန်နေတာဟယ် ငါ့မျက်နှာတွေပူလိုက်တာ။ ဒီလိုကျလဲ စိတ်ထဲမကောင်းဘူး။ "
မြကြည်သာမျက်နှာက တည်တင်းသွားသလို ပန်းဖူးကို ငဲ့ကြည့်၏။
" ခင့် သဘောကရော....."
ပန်းဖူး ခပ်အေးအေးလေး ပြုံးရင်း ခေါင်းခါယမ်းသည်။
" အစ်ကို့သဘောပါ.....ပန်းဖူးကတော့ အမှုကိစ္စတွေဘာညာ နားမလည်ဘူး။ အစ်ကို ကောင်းမယ်ထင်သလို ကြည့်လုပ်လေ နော်။ "
မြကြည်သာ သက်ပြင်းချလိုက်ရင်းမှ....
" ကျုပ်ကတော့ ခွင့်မလွှတ်နိုင်ဘူး အမေ။ ဒါ လူသတ်တာပဲ....ကျုပ်ကို ထိခိုက်ရင်တောင် သည်းခံနိုင်ပေမယ့် ခင့်ကိုထိခိုက်တာမျိုးတော့ ကျုပ်သဘောထားမကြီးပေးနိုင်ဘူး....ယောကျာ်းပဲ ကိုယ်လုပ်ရင်ကိုယ်ခံရဲရမှာပေါ့.....။ "
ဒေါ်ညွန့်ကြည်ရော ပန်းဖူးပါ တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်မိသွား၏။ သူ ဆုံးဖြတ်ပြီးလျှင် သိကြားမင်းလာဆင်းတားတောင် ပြန်ပြောင်းမည့်လူမဟုတ်။
@@@@@@@@@@@@
တာယာ့မိဘတွေက အမှုကို အကောင်းဆုံးရှေ့နေနှင့် လိုက်သလို အမျိုးမျိုး လာရောက်ညှိနှိုင်းဖို့ ကြိုးစားပေမယ့် မြကြည်သာက လက်မခံ။ နောက်ဆုံး တာယာ့ကို အမိန့်ချသည့်နေ့မှာ မြကြည်သာ ရောက်သွားခဲ့သလို တာယာကလဲ မငြင်းပဲဝန်ခံခဲ့သည်။
ရွာပြန်ရောက်လာတော့ ပန်းဖူးက အခြေအနေမေး၏။
" သူ့မိဘတွေတော့ ရင်ကျိုးမှာပဲနော်။ "
" ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံရတာပဲလေ...."
ပန်းဖူး ခေါင်းလေးတဆတ်ဆတ်ညိတ်မိ၏။
" အမေ လာသွားသေးတယ်....ဟိုဆေးတွေ ထပ်လာပို့သွားတယ် သိလား။ သားအိမ်အားဆေးတဲ့....."
မျက်နှာလေးရှုံမဲ့၍ ပြောလာသည့် ခင့်ပုံစံကြောင့် မြကြည်သာ ပြုံးမိ၏။
" ထုံးစံအတိုင်းပေါ့ မိန်းမရယ်....ကိုယ်လဲ ကူသောက်ပေးမယ်။ "
ပန်းဖူး မျက်စောင်းလေးထိုးမိ၏။ ဒေါ်ညွန့်ကြည်ကလဲ ဒေါ်ညွန့်ကြည်ပင်။ မြေးရဖို့ဆို အကုန်လိုက်လုပ်သည်။ နတ် ၊ ဗေဒင် ၊ ရုက္ခစိုး ဘာမှမကျန်အောင်ကို အပူလိုက်တိုက်သည်။ ဒါကျ မြကြည်သာက မကြိုက်.....ဘယ်ကြိုက်မတုန်း သူ့မိန်းမမှာ အိမ်ကပ်ရတယ်ကို မရှိဘူး အမေ့နောက်လိုက်ပြီး အကုန်လိုက်လုပ်နေရတာလေ။
" အမေကလဲဗျာ......အမေ မြေးချီချင်ရင် ဘယ်နတ်မှ ပူဆာလို့ရမှာမဟုတ်ဘူး....ခင့်ယောကျာ်းက ကျုပ်....အမေ့နတ်တွေ ဘယ်လောက်စွမ်းစွမ်း ကျုပ်မပါပဲ မပြီးဘူး....ဘယ့်နှယ့် မဟုတ်ကဟုတ်က။ "
ဒေါ်ညွန့်ကြည် ကလဲ မခံ။
" ဟဲ့....လူမစွမ်းနတ်မတဲ့....နင်မစွမ်းလို့ နတ်အားကိုးရတာပေါ့...စောင်မကြည့်ရှုတယ်ဆိုတာ နင်မကြားဖူးဘူးလား။ "
မြကြည်သာက ခပ်မဲ့မဲ့....။
" မကြားဖူးဘူး.....စောင်မကြည့်ရှုချင်လဲ အခြားလူသွားကြည့်.....ကျုပ်မိန်းမစောင်လာမလို့ကတော့ နတ်သောဘာသော နားမလည်ဘူး.....အကုန်ထောင်ထဲဆွဲထည့်ပစ်မယ်။ "
! ဒေါက်!
ဒေါ်ညွန့်ကြည်လက်မြန်ချက်က မြကြည်သာ နဖူးပူတက်သွားရသည်အထိ။
" တောဝက်လိုအကောင်.... ဘာပြောပြော ပြန်ပက်ချင်နေတာပဲ။ နင် အဲ့လိုကြပ်ကြပ်ပြော နတ်ကိုင်လိမ့်မယ်။ "
မြကြည်သာ ကွပ်ပျစ်ပေါ်မှ ဆင်းကာ ပုဆိုးကို သေချာပြင်ဝတ်၏။
" နတ်က ကျုပ်တော့ကိုင်မလား.....သူ့ကို နားပူနားဆာနဲ့ နားငြီးတယ်ဆိုပြီး အမေ့ကို ကိုင်လိမ့်မယ်....."
ပြောပြီးတာနဲ့ မြကြည်သာတို့က သုတ်ခြေတင်သွားတာ မြန်သည်။ ဒေါ်ညွန့်ကြည် လှမ်းရိုက်ပေမယ့် မမှီလိုက်သလို တဗျစ်တောက်တောက် ကျန်ခဲ့တော့ ပန်းဖူးသာ ပြန်ချော့ရင်း ကျန်ခဲ့၏။
ငယ်တုန်းကလဲ ငယ်လို့....။
မြကြည်သာ နဲ့ မြအေးရီ မောင်နှမ နှစ်ယောက်မှာ သမီးကြီးက အေးပေမယ့် မြကြည်သာက အမွှေ။ သူ့ကို ရိုက်တိုင်း အမေကိုပတ်ပြေးလွန်းလို့ လေးခွဆောင်ထားရသည်အထိ။ တွေ့ကြသေးတာပေါ့လေ.....အမေကို အသက်ကြီးပြီဆိုပြီး ပမာမခန့်နဲ့....ဟွန့်။
@@@@@@@@@@@@@@@@@@@@@
To be continue P 25 ( Final part 1 )
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ