နတ်ဆိုးတကောင်ရဲ့ကလဲ့စား - အပိုင်း(၅)
lotaya.mpt.com.mm
|
2023-01-27

      ဇာနည်သည်  သူ့ရှေ့တည့်တည့်က ကြေးမုံမှန်ပြင်ပေါ်ရှိ သူ၏ ပုံရိပ်ကို ကြည့်၍ တွေတွေငေးငေး ဖြစ်နေပါ၏။ သူ့အတွေးတွင် 'ငါ  မှားသွားပြီလား 'ဟူ၍ နောင်တရချင်ချင် ဖြစ်နေဟန်တူလေ၏။

      ရခဲလှသော လူ့ဘဝကို  သူသည်  တပါးသောသူအား ပေးအပ်မည်ဟု ကတိပြုခဲ့မိသည်မဟုတ်လား။ လူမှာကတိ၊မင်းမှာသစ္စာဆိုတဲ့စကားရပ်က ခုချိန် သူ့နှလုံးကို ပို၍ အခုန်မြန်စေသည်ဆိုလျင် မမှားချေ။ 

      ကတိဖျက်လိုသောကြောင့် သူ နောင်တ ရခြင်းမဟုတ်ချေ။ သူသည် လူပီသစွာ စိတ်ထွေပြားခြင်း ဖြစ်ပါ၏။ ဖြစ်စဉ်အချို့ကိုပြန်တွေးကြည့်တော့လည်း သူ ကျေနပ်အားရမိနေပြန်၏။ 

      နံပါတ်(၁) မိသားစုရန်သူဖြစ်သော ကျောက်ပွဲစား လူလိမ်နှစ်ယောက်ကို သူသည် နတ်ဆိုး၏အကူအညီဖြင့်  လက်စားချေ သုတ်သင်နိုင်ခဲ့သည်မဟုတ်လား။ 

      ယခုဆိုလျင် ထိုလူနှစ်ယောက်အား  သတ်သည့်အမှုမှ သူ လုံးဝ ကင်းလွတ်နေ၏။ အဘယ်ကြောင့်ဆိုသော်  နတ်ဆိုး၏ ပါးနပ်ပိရိသော အစီအမံများကြောင့် ဤသို့ ကင်းလွတ်နေခဲ့ရခြင်း ဖြစ်ပါသည်။

       ပထမ ဦးစွာ လူလိမ်ဦးမြင့်နိုင်ကို  သတ်သည့်အခါ၊ နတ်ဆိုးသည် ဦးမြင့်နိုင်  တယောက်တည်း  အိမ်၌ရှိနေချိန်ရွေး၍ သွားခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ နတ်ဆိုးသည် အကင်းပါးစွာဖြင့် ဦးကျော်ဇေယျာအသွင် ဟန်ဆောင်၍ သွားခဲ့သည်။ 

ဦးမြင့်နိုင်၏ အိမ်အဝင်အထွက်၌ စီစီတီဗွီကင်မရာ ရှိ၏။ ရဲတပ်ဖွဲ့က ဦးမြင့်နိုင် အသတ်ခံရသည့် အမှုကို စုံစမ်းစစ်ဆေးကြလိမ့်မည်။ ထိုကင်မရာမှတ်တမ်းကို ယူကြည့်သော် ဇာနည်ဟု တွေ့ရမည်မဟုတ်။ ဦးကျော်ဇေယျာကိုသာ တွေ့ကြရမည်ဖြစ်သည်။

      ထို့အတူ မိုးကုတ်ကားလမ်းတနေရာ၌  ဦးကျော်ဇေယျာအား သေနတ်ဒါဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ကြရမည်။ သေနတ်သည် ဦးကျော်ဇေယျာ၏ သေနတ်ဖြစ်ပြီး၊ထိုသေနတ်ဖြင့် မိမိကိုယ်ကိုယ် မိမိ ပစ်ခတ်ထားကြောင်းလည်း ပေါ်လွင်နေလိမ့်မည်။ 

       ဦးကျော်ဇေယျာ၏ ကားနောက်ဖုံးထဲက အလောင်းက ဦးမြင့်နိုင်၏ အလောင်းဆိုတော့၊ ရဲတပ်ဖွဲ့က အောက်ပါအတိုင်းသာ ယူဆကြလိမ့်ဖြစ်၏။

      ကျောက်ပွဲစားအချင်းချင်း ပြသနာဖြစ်ရာမှ ဦးကျော်ဇေယျာသည် ဦးမြင့်နိုင်ကို ဒေါသအလျောက် သတ်ဖြတ်ခဲ့လိမ့်မည်။ ပြီးနောက် အလောင်းကို ကားနောက်ခန်းထဲ ထည့်ယူသွားပြီး၊ သူ့ကိုယ်သူ သေကြောင်းကြံစည်သွားခဲ့ခြင်းသာ ဖြစ်သည်ဟု ကောက်ချက်ဆွဲကြလိမ့်မည် ဖြစ်၏။ ဖြစ်စဉ်ကို ကြည့်လျင် ထိုကဲ့သို့ ကွက်တိဖြစ်နေသည်မဟုတ်လား။ 

        ဒါ့အပြင်  ရဲက  ဦးကျော်ဇေယျာ တထောက်နားသွားခဲ့သော စားသောက်ဆိုင်ကိုလည်း ဝင်စုံစမ်းရာ၊ ဆိုင်ရှိ စားပွဲထိုးလေးက ဦးကျော်ဇေယျာ တယောက်တည်း ကားမောင်းထွက်သွားခဲ့ပါသည်ဟု ထွက်ဆိုထားလေ၏။ အမှန်တကယ်လည်း စားပွဲထိုးလေးသည်  ထိုနေ့ညက နတ်ဆိုး ဝင်ရောက်ထားသည့် ဇာနည်အား  မြင်တွေ့ခြင်း မရှိခဲ့ပါချေ။ 

      နတ်ဆိုးသည်  ပါးနပ်လိမ္မာစွာ ထိုသို့ အကွက်ချ စီစဉ်ခဲ့သည်။ ထို့ကြောင့် လူလိမ်ပွဲစားနှစ်ယောက်၏ အမှု၌ ဇာနည်သည် လုံးဝ ကင်းလွတ်နေခဲ့သည်။ 

      နံပါတ် (၂) ရန်သူဖြစ်သော ဦးကံဝင်းကိုကျ  ဇာနည်က တခါတည်း မသတ်လို။ ဦးကံဝင်းကို အမျိုးမျိုး အနှောက်အယှက် ပေး၍ စိတ်ဆင်းရဲစေချင်သည်။ ထို့ကြောင့် ဦးကံဝင်း၏ ပိုင်ဆိုင်မှုများကို တစစီ အမှည့်ခြွေ  ဖျက်ဆီးဦးမည်။ပိုင်ဆိုင်သော စည်းစိမ်ဥစ္စာတွေ  အဖျက်ဆီးခံရ၍  ဦးကံဝင်း ဒေါသထွက်ပြီး စိတ်သောက ရစေရမည်။

 နောက်ဆုံးမှ  ဦးကံဝင်းကို သူ သုတ်သင်မည် ဖြစ်၏။  

      ထို့ကြောင့် ဇာနည်သည်  မမထံမှ ရထားသော ဒေတာအချက်အလက်များကို လေ့လာမှတ်သားပြီး၊ မူးယစ်ဆေးဝါးများ ထားသော ဂိုဒေါင်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

      ဂိုဒေါင် ရောက်သည့်အခါ နတ်ဆိုး၏ အကူအညီဖြင့် လုံခြုံရေးနှစ်ယောက်ကို အိပ်မွေ့ချလိုက်ပြီး၊ သူက ဂိုဒေါင်ထဲက ဘိန်းဖြူများကို စိမ်ပြေနပြေနဲ့ ရေဝင်အင်းထဲကို သွန်ချခဲ့ခြင်း ဖြစ်၏။ 

     ထိုစဉ်က ဦးကံဝင်းကို သူ့မျက်နှာ အမှန်ပြ၍ စိန်ခေါ်ခဲ့သည်မှာလည်း ရှင်းပါ၏။ ဘိန်းဖြူတွေ ဆုံးရှုံးသွားပါတယ်လို့လည်း ဦးကံဝင်းက ရဲကို တိုင်ရဲမည်မဟုတ်။ ပြီးတော့  ယခုချိန်ထိ ဇာနည် အသက်ရှင်နေသည်ကို ဦးကံဝင်း မြင်တွေ့သွားစေလိုသောကြောင့်လည်း မျက်နှာပြခဲ့ခြင်း ဖြစ်ပါသည်။ 

      ဇာနည် အသက်ရှင်နေကြောင်း   မြင်တွေ့သွားသည့်အခါ ဦးကံဝင်း  သွေးပျက်မတတ် တုန်လှုပ် ချောက်ချားသွားသည်မှာ အမှန်။ သူ လွှတ်လိုက်တဲ့ လူမိုက်၃ဦးရဲ့ ကံကြမ္မာကိုလည်း သူ တွေးဆလို့ရသွားပြီ။ 

       ဒီတခါဆို   သူ့အလှည့်ပါလားလို့ သဘောပေါက်နားလည်သွားသည့် ဦးကံဝင်းသည် အလွန် တုန်လှုပ်ချောက်ချားနေပါ၏။ထို့ကြောင့် ဦးကံဝင်းဟာ သူ သွားလေရာကို ကျည်အပြည့်ထည့်ထားတဲ့သေနတ်တလက်အမြဲဆောင်သွားနေရ၏။ မိသူ့ နေအိမ်မှာလည်း သူ၏ တပည့်လူမိုက်များစွာနှင့် လုံခြုံရေး အပြည့်ယူထား၏။ 

ဒါ့အပြင်  ဦးကံဝင်းသည်  ဘယ်ကိုသွားသွား  သူ  ယုံကြည်စိတ်ချရသော တပည့်လက်သားနဲ့သာ သွားနေရပြန်သည်။ ဒရိုင်ဘာ မြတ်မင်းသည် ညီဝမ်းကွဲတော်သလို  သူ့အပေါ်လည်း ရို့ကျိုးသူတယောက်ဖြစ်၏။

     ကားဒရိုင်ဘာ မြတ်မင်းသည် ထောင်ထွက်လူမိုက်တဦး ဖြစ်ပြီး၊ အသတ်အပုတ်၌လည်း ကျွမ်းကျင်လိမ်မာသူ ဖြစ်၏။သူ့အတွက်တော့ စိတ်ချယုံကြည်ရသူ ဖြစ်၏။

မြတ်မင်းသည် ဥတလုံးတကောင်ကြွက်ဖြစ်၏။ ဦကံဝင်း၏ အိမ်မှာပင် အတူနေထိုင်သူဖြစ်သည်။ လစာအပြင် ဘောနပ်စ်ပါ ကောင်းကောင်းရတော့ မြတ်မင်းသည် ဦးကံဝင်းအပေါ် သစ္စာရှိ၏။ ဒါ့အပြင်  မြတ်မင်း၏ သီးသန့်နားရက်များ၌ ဦးကံဝင်းက  သုံးချင်သုံးဆိုပြီး၊ ငွေသိန်းချီပေးလေ့ရှိသည်။

      မြတ်မင်းကား လူမိုက်ပီပီ ဘော့စ် ဦးကံဝင်း ပေးသမျှငွေကို တထိုင်တည်း ဖြုန်းတီးပစ်လေ့ရှိသည်။ ကေတီဗွီတို့ မာဆတ်တို့လို  ငယ်ငယ်ချောချော မိန်းကလေးများ ရှိရာကို သွားဖြုန်းလေ့ရှိ၏။ 

       အခုတလော  မြတ်မင်း အသွားများသည့် ကေတီဗွီကို ဇာနည်လိုက်၍ စုံစမ်းကြည့်သည့်အခါ ၊ မြို့သစ်က ပန်းဝတ်မှုံဟူသော ကေတီဗွီဟု သိထား၏။ 

      မြတ်မင်း  ထိုကေတီဗွီက 'အက်စတာ'ဆိုသော တိုင်းရင်းသားဗမာ ကပြားမလေးတဦးနှင့် ငြိနေသည်ဟု လည်း သိရ၏။  ထို့ကြောင့် ဒီကနေ့ညဦးပိုင်းတွင် 'ပန်းဝတ်မှုံကေတီဗွီ'ကို သွားရောက်ရန် ဇာနည် ဆုံးဖြတ်လိုက်၏။ 

       ဇာနည်၏ ရယ်ရွယ်ချက်က သူဌေးဦးကံဝင်း၏ လက်ရုံးတဆူကို  အရင်ဆုံး ပညာပေးရန် ဖြစ်သည်။ ဦးကံဝင်း အားကိုးအားထားသူမှန်သမျှကို အရင်ရှင်းလင်းခြင်းဖြင့် ဦးကံဝင်း ချောက်ချားထိတ်လန့်စေရန် ဆောင်ရွက်ခြင်း ဖြစ်လေ၏။ 

       ကြေးမုံမှန်ပြင်ကို ကြည့်၍ ဇာနည် ပြုံးလိုက်သည်။ မှန်ထဲပေါ်လာသော သူ့အပြုံး၌ ရက်စက်သော ၊ ညှာတာမှုကင်းမဲ့သော အငွေ့အသက်များစွာ ရောယှက်နေလေ၏။ 

       ဇာနည်၏ စိတ်သဏ္ဍာန်၌  ဦးကံဝင်း၏ ရုပ်သွင် ပေါ်လာတိုင်း၊ မမဧကရီကျော်၏ အလောင်းကို ပြန်လည် မြင်ယောင်မိလေ၏။ သန္ဓေသားလေး လွယ်ထားရသော မမဧကရီကျော်  သေဆုံးအံ့ဆဲဆဲက မည်မျှ ကြောက်ရွံနေမည်လဲဆိုတာ သူ တွေးတော၍  နာကြည်းခံခက်စွာဒေါသကြီးလာ၏။ 

ထိုအခါ သူ့ရုပ်သွင်သည်လည်း ကြမ်းတမ်းခက်ထရော်လာ၏။ သူ၏ ပင်ကိုယ်က နုညံ့သော စိတ်သည် အဝေးသို့ ထွက်ပြေးသွားပြီဖြစ်သည်။ ထိုအခါ  သူသည် နတ်ဆိုးတကောင်နှင့်မခြားတော့ပေ။ မြင်သမျှကို နင်းခြေ​လိုသော မုံယိုနေသည့် ဆင်ရိုင်းပမာ ၊ ရက်စက်သော အသွင်ကို ဆောင်နေတော့လေသည်။ 

                _____________

တခုသော ညနေပိုင်း၌ ဇာနည်သည် ကြေးမုံမှန်ရှေ့တွင် သူ့ရုပ်သွင် သူ ပြန်ကြည့်၍ ကျေနပ်နေစဉ် ...

     "ဟားဟားဟား ၊ အခုတော့  မင်းက  သိပ်ပြီး ရဲရင့်နေပါလား ဇာနည်။ အင်း ... အရင်ကနဲ့  လုံးဝ မတူတော့တာတော့ အမှန်ပဲဟေ့ "

     အသံက  ကြေးမုံမှန်ပြင်ထဲက ထွက်လာခြင်း ဖြစ်သည်။ မှန်ပြင်ထဲက  ဇာနည်၏ ပုံရိပ်သည် ​တဖြည်းဖြည်း  မှုံဝါးသွားပြီး၊ နတ်ဆိုး၏ ရုပ်သွင် ပေါ်လာ၏။

    နတ်ဆိုးသည်  ဇာနည်၏ အမူအယာကို ကြည့်၍ သဘောကျနှစ်ခြိုက်စွာ ​ချီးမွှမ်းပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

       ထိုသို့ ပြောဆိုရင်း နတ်ဆိုးသည် ကြေးမုံမှန်ထဲက ထွက်လာသည်။ နတ်ဆိုးသည်  ဇာနည် ရှိရာသို့ နီးကပ်စွာ တိုးသွားပြီးနောက်  ဇာနည့် တကိုယ်လုံးကို ကြည့်ကာ ...

    "အခုလို ဖြစ်နေရမှာကွ ၊ ဒီပုံစံကို ငါ အရမ်းသဘောကျတယ် "

     ဇာနည်သည်  အရင်ကလို ဂေးတယောက်လို ကုပ်ချောင်းချောင်း အမူအယာ မရှိတော့။မိမိကိုယ်ကို ယုံကြည်သော  ယောက်ကျားကြီးတယောက်ပမာ ရင့်ကျက်တည်ငြိမ်နေ၏။ ဇာနည့်ပုံစံက တုံးဆိုတိုက်၊ ကျားဆိုကိုက် ဆိုသကဲ့သို့၊  ဆုံးဖြတ်ပြီးသောကိစ္စရပ်တခုကို ရွံရွံချွန်ချွန်နှင့် အောင်မြင်အောင် လုပ်မည့် တိုက်ပွဲဝင် စစ်သည်တယောက်ပမာပင်။မည်သို့သော ရန်သူမဆို ရင်ဆိုင်မည့်သဏ္ဍာန်။ ရဲဝံ့နေ၏။

   နတ်ဆိုးသည်  ဇာနည်ရှေ့တည့်တည့်ရပ်လိုက်ပြီး...

" ဦးကံဝင်း  အိမ်ကို ဝင်ဖို့  တော်တော်ခက်လိမ့်မယ်  ဇာနည် "

 "ဟင်! ဘာလို့လဲ  ဒဲမွန် "

"ဦးကံဝင်းမှာ  ဆရာကောင်း၊သမားကောင်း ရှိလိမ့်မယ်ကွ။ ဒီကောင်က  သူ့အိမ်ထဲမှာရော၊ ခြံထဲမှာပါ  အရံအတား အစီအရင်တွေ လုပ်ထားတယ်။ ဒါကြောင့်  ငါလို နတ်ဆိုးတကောင်က  သူ့အိမ်ထဲ မပြောနဲ့၊ ခြံထဲတောင် ဝင်လို့ မရဘူး ဇာနည် "

"ဟင်! ဒါဆိုရင်  ဘယ်လိုလုပ်ကြမလဲ ဒဲမွန် "

" ဟင်းဟင်း ... လွယ်ပါတယ်ကွာ ၊ သိပ်မခက်ပါဘူး ။ ငါတို့ ဝင်လို့ မရရင် ၊ သူ့အိမ် ဝင်လို့ရတဲ့ကောင်ကို ရှာရမှာပေါ့ ။ မဟုတ်ဘူးလား "

"  အဲ့ဒီလူက  တံခါးဖွင့်ပေးမှာလား ဒဲမွန် "

" အင်း ... အဲ့ဒီသဘောပဲပေါ့ ။ ဝင်လို့ရတဲ့ကောင်ကို  ငါက  ယာယီပြုစားလို့ရတယ်ကွ။ ငါ  ပြုစားထားတဲ့ကောင်က  သူ့အိမ်ထဲက အရံအတား အစီအမံတွေကို  ငါ့အတွက် ဖယ်ရှားပေးလိမ့်မယ် ။ ဒါဆိုရင်  ငါတို့ ဦးကံဝင်းဆိုတဲ့  လူယုတ်မာရဲ့ အိမ်ထဲကို  အလွယ်တကူ  ဝင်လို့ရပြီလေကွာ ဟားဟားဟား "

ဇာနည့့်စိတ်ထဲမှာ ဒဲမွန်နတ်ဆိုးက  ပိုင်လိုက်တာလို့ တွေးလိုက်မိချိန် ၊ ဒဲမွန်က ဇာနည့့်ရဲ့ ပခုန်းတဖက်ပေါ်  လက်တင်လိုက်ပြီး ...

" ဟိုတနေ့က   ငါ   ဦးကံဝင်းနောက်ကို နောက်ယောင်ခံ လိုက်သွားခဲ့တယ်။ တို့  သူ့ဂိုဒေါင်ထဲက  ဘိန်းဖြူတွေ ရေဝင်အင်းထဲ သွန်ချပြီး နောက်တနေ့လေကွာ ... "

" အင်း  အဲ့သလို  လိုက်သွားတော့  ဘာတွေ့ခဲ့သလဲ ဒဲမွန် "

" တွေ့ခဲ့တာတော့  အများကြီးပဲ ဇာနည်။ ခြံကျယ်ကြီး တခုထဲ  သူ့ကား ဝင်သွားတယ်။ အဲ့ဒီ  ခြံထဲမှာ  အိုဟောင်းနေတဲ့ တိုက်ပုလေးတခု ရှိတာ မြင်ခဲ့ရတယ်။ ဒါပေမဲ့  ငါ ဝင်လို့ မရဘူးဟေ့ကောင်ရေ။ အဲ့ဒီအိမ်နဲ့ ခြံထဲမှာလဲ အရံအတားပြုထားတဲ့ အစီအရင်တွေနဲ့ ။ ဒါနဲ့ ငါလဲ  သစ်ပင်တပင်ပေါ်ကနေ  စောင့်ကြည့်နေလိုက်တယ်။ 

     သူ   အဲ့ဒီတိုက်ထဲ ဝင်သွားတာ နေ့လယ်၂နာရီလောက်ကကွ။ အဲ့ဒီမှာ ဦးကံဝင်း  ၄နာရီလောက်ကြာတဲ့အထိ နေပြီးမှ ပြန်ထွက်လာခဲ့တယ်ကွ။

   အဲ ... နေအုံး...  သူ ဝင်သွားပြီး မကြာခင်မှာ ၊ ရုပ်ရည် ခပ်သန့်သန့်နဲ့ အရာရှိဂိုက်ပေါက်တဲ့ လူတယောက်က် ထွက်လာတယ်။ နောက်ပြီးတော့  သူဌေးရုပ်ပေါက်တဲ့ လူနှစ်ယောက်လဲ ထပ်ထွက်လာတယ်။ ဦးကံဝင်းကတော့ အတော်နဲ့  ထွက်မလာဘူးပေါ့ကွာ။ 

      ညနေ ၆နာရီလောက်ရောက်တော့ ဦးကံဝင်း ရေးကြီးသုတ်ပျာနဲ့ ထွက်လာတယ်ကွ။ သူ့ကြည့်ရတာ အတော် အရေးကြီးနေပုံပဲ။ သူ့ အိတ်ကပ်ထဲမှာ  နတ်ဆိုးရန်က ကာကွယ်တဲ့  ချည်မန်းကွင်းတွေနဲ့။ 

        အဲ့ဒီမှာ  ငါတွေးကြည့်လိုက်မိတယ်။ ဦးကံဝင်း  အိမ်ထဲ ဝင်သွားတုန်းက  ချည်မန်းကွင်းတွေ မပါဘူး။ ပြန်ထွက်လာတော့မှ ပါလာတယ်ဆိုတော့ ... အဲ့ဒီအိမ်ထဲမှာ  ထူးခြားတဲ့ပုဂ္ဂိုလ်တဦးဦးတော့ သေချာပေါက်  ရှိနေမှာပဲပေါ့ ။ ချည်မန်းကွင်းတွေကို  အဲ့ဒီပုဂ္ဂိုလ်ကပဲ  ပေးလိုက်တာ ဖြစ်လိမ့်မယ်။ အဲ့ဒီတော့ကွာ  ... ငါ  စိတ်ဝင်စားတာက  အဲ့ဒီပုဂ္ဂိုလ်ဟာ  ဘယ်သူလဲဆိုတာကိုပဲ  ..."

နတ်ဆိုးတင်သာမက၊ ဇာနည်ပါ ထိုပုဂ္ဂိုလ်ကို စိတ်ဝင်စားသွားသည်။ နတ်ဆိုးလို အစွမ်းရှိသူကိုပင် အိမ်ထဲ ခြံထဲ ဝင်မရအောင် အစီအမံများဖြင့် တားမြစ်ထားနိုင်သည်ဆိုတော့ အနှီပုဂ္ဂိုလ်သည် သာမန်တော့ မဟုတ်တန်ရာ။ 

 နတ်ဆိုးပြောသော  ထိုခြံကြီးကိုလဲ ဇာနည် စိတ်ဝင်စားသွား၏။ မြို့စွန် မြို့ဖျားမှာ တဧကခွဲခန့် ကျယ်သော ခြံဝန်းကြီးနှင့် တထပ်တိုက်ပုလေးဟု ဆိုထားသည်မဟုတ်လား။ သူ့အတွက် ရှာရခက်မည်မဟုတ်ချေ။ 

 တနေ့နေ့တော့  သူ  ထိုနေရာသို့ ရောက်အောင်သွား၍၊ စုံစမ်းရလျင် အကောင်းသားဟု စိတ်ထဲ တွေးလိုက်မိသည်။ သူ့အတွေးကို နတ်ဆိုးက သိတော့ ...

"မင်း  သွားလို့ မဖြစ်ဘူး ဇာနည်။ အဲ့ဒီ ခြံကြီးက အပြင်က ကြည့်ရင်တော့  ဘာမှ မထူးခြားသလိုပဲ။ ဒါပေမဲ့  ခြံထဲမှာ  ကင်းပုန်းဝပ်ပြီး စောင့်နေတဲ့  လူမိုက်တွေ ရှိသကွ။ အားလုံးက လက်နက်ကိုယ်စီနဲ့။ အနည်းဆုံး ဆယ်ယောက်လောက် ရှိလိမ့်မယ် ။ ပြီးတော့  အဲ့ဒီခြံသွားလို့ရတဲ့လမ်းက တလမ်းတည်းရှိတာဆိုတော့၊ မင်းသွားရင်  အကုန်သိကုန်ကြမှာပဲ။ မသွားနဲ့ ... မင်းအတွက် အန္တရာယ်ကြီးတယ်  ဇာနည် "

ဇာနည်  ဟူးခနဲ သက်ပြင်းချလိုက်မိသည်။ နတ်ဆိုး၏ စကားကို သူ လွန်ဆန်ဝံ့သူမှ မဟုတ်တော့ သူ့စကားအတိုင်း မသွားရုံသာ။ ဒါပေမဲ့  တံငါနားနီး တံငါ၊ မုဆိုးနားနီးတော့ မုဆိုးလို့ ဆိုကြသည်မဟုတ်လား။ သူလည်း နတ်ဆိုးနဲ့  အနေနီးတာ ကြာလာတော့ နတ်ဆိုးကဲ့သို့  ဉာဏ်နီဉာဏ်နက် ထွက်လာဟန်တူ၏။ 

"  ကျွန်တော်နဲ့ ဒဲမွန်  ဝင်မရရင်၊ အဲ့ဒီ ခြံထဲ ဝင်ရတဲ့သူကို  ဒဲမွန်  ပြုစားလိုက်ပေါ့ ။ ဒါဆိုရင်  ဒဲမွန် ဝင်လို့ ရပြီလေဗျာ ဟင်းဟင်း " 

နတ်ဆိုးက  ပြုံးသည်။ ဇာနည့်ကိုလည်း သဘောကျဟန်ဖြင့် ကြည့်၏။ သို့ပေမဲ့ နတ်ဆိုးက ခေါင်းကို ခါရမ်းပြရင်း ...

" ငါ မြင်ခဲ့တာတော့ အဲ့ဒီခြံထဲ ဝင်လို့ရတဲ့သူတွေရဲ့  လက်တိုင်းမှာ ၊ ငါ ပြုစားလို့ မရအောင် အဆောင်ကြိုးလေးတွေ ချည်ထားကြတယ်  ဇာနည်ရေ ။ မင်း ပြောသလောက် မလွယ်ဘူးဟကောင်ရ ။ ဟားဟားဟား "

     နတ်ဆိုးက  နှစ်ခြိုက်စွာ ရယ်မောလိုက်ပေမဲ့၊ ဇာနည့်စိတ်ထဲမှာတော့ တစုံတခုသော အကြောင်းကို တွေးနေမိသည်။

      ထိုအတွေးက ...

  " ဘိန်းရာဇာ ဦးကံဝင်းတို့လို  လူဆိုးလူမိုက်တွေကို အကာအကွယ် ပေးနေတဲ့သူက ဘယ်နည်းနဲ့မှ လူကောင်း မဖြစ်နိုင်ဘူး။ 

    ဒါဆိုရင်  တိုက်ပုလေးထဲမှာ ရှိတဲ့လူက ဦးကံဝင်းတို့ထက် ပိုပြီးဆိုးရွားဖို့ရှိတော့တာပေါ့ ။ပြီးတော့ သူ့ခြံနဲ့တိုက်ကို နတ်ဆိုးရန်က လွတ်အောင် အရံအတားတွေ လုပ်ထားတယ်ဆိုတော့၊ အဲ့ဒီလူဟာ နတ်ဆိုးနဲ့များ ရန်စရှိဖူးခဲ့သူလား ။ ဒါဆိုရင် ... တိုက်ပုလေးထဲက လူဟာ ... "

       ဇာနည်က ထိုသို့ စဉ်းစားသုံးသပ်မိလေတော့ နတ်ဆိုးဘက်ကို အထိတ်တလန့် ကြည့်လိုက်မိသည်။ နတ်ဆိုးသည် ဇာနည့်အတွေးကို သိနေပါသော်လည်း၊ ယခုအခါ၌ အင်မတန် တည်ငြိမ်နေ၏။ သူ့အသွင်က  ဘာမှ စိတ်မဝင်စားသည့်ဟန်။ နတ်ဆိုးသည်  သူ့ကို ကြည့်နေသော ဇာနည်အား ကျောခိုင်းလိုက်ပြီး 

 " မင်းကို  ငါ ဇာတ်​လမ်းလေး တပုဒ် ပြောပြမယ် ဇာနည်။ ငါ  ခုတကြိမ် ပြန်မနိုးထခင်က အဖြစ်အပျက်လေးပေါ့ ။ မင်း  စိတ်ဝင်စားပါ့မလား ဇာနည် "

     "  ဟုတ်ကဲ့  စိတ်ဝင်စားတာပေါ့ ဒဲမွန်။ ပြောပြပါ "

    " ဟိုးလွန်ခဲ့တဲ့ ကာလတခုကပေါ့ ကွာ ...   ...  ... ..."

            _________________

     လွန်ခဲ့သော ရာစုနှစ်တခုခန့်က ဒဲမွန်နတ်ဆိုးသည် လူသားတဦး၏ကိုယ်၌  ဝင်ရောက်နေထိုင်ခဲ့ဖူးသည်။ 

      သူ ပူးကပ်နေထိုင်ခဲ့သော လူ၏ အမည်မှာ  ဇော်ရဲဖြစ်ပြီး၊ အသက်၂၀ ဝန်းကျင်ခန့်ရှိသော လူငယ်တယောက်ဖြစ်သည်။ ဒဲမွန်နတ်ဆိုးက ဇော်ရဲ၏ကိုယ်ခန္ဓာအား ဝင်ရောက်ဖြစ်စဉ်ကတော့...

     တခုသော နေ့၌ ဇော်ရဲသည် သူငယ်ချင်းဖြစ်သော ခန့်မင်းသော်၏ မွေးနေ့ပါတီမှာ ရောက်နေသည်။

     ခန့်မင်းသော်တို့ ခြံကြီးက ကျယ်ဝန်းလွန်းလှသည်။ တိုက်ကြီးကလည်း ခမ်းနားလှပေ၏။ ပါတီမှာ တခြားသောသူငယ်ချင်း လူငယ်များလည်း ရောက်နေကြသည်။ မီးရောင်စုံ ထွန်းညိထားသော ခြံကျယ်ကြီးထဲ၌ လူငယ်အများစုသည် ကိုယ့်အဖွဲ့နှင့်ကိုယ် အသီးသီး ဝိုင်းဖွဲ့ စားသောက်နေကြလေ၏။ 

      မွေးနေ့ရှင် ဧည့်ခံသော အရက်၊ဘီယာနှင့် စားဖွယ်ရာ အမျိုးမျိုးတို့မှာ စားပွဲရှည်ကြီးနှင့် အပြည့်ပင်။လိုတာထက်တောင် ပိုလျံနေပါ၏။ခန့်မင်းသော်က ချမ်းသာသော သူဌေးလင်မယား၏ တဦးတည်းသောသားဆိုတော့ ငွေကို ရေလိုသုံးနိုင်သူ ဖြစ်၏။

      ထို့ကြောင့်လားမသိ၊ လာသောဧည့်ပရိတ်သတ် အများစုကလည်း လူချမ်းသာ သားသမီး အများစုပင်။ လူငယ်များသည် တန်ဖိုးကြီး၍ တောက်ပသော အဝတ်အထည်များနှင့် တလွှားလွှား တကြွားကြွား ရှိနေကြသည်။ 

     တချို့မှာ မူးယစ်နေပြီဖြစ်၍ ကခုန်နေကြသည်။ တချို့မှာ တဝါးဝါးတဟားဟားနှင့် ပွဲကျနေကြ၏။

      ဇော်ရဲသည်  ခန့်မင်းသော်၏ ပါတီ၌ (ရန်ရှင်းမောင်)နှင့် တွေ့နေ၏။ ကောင်းသော တွေ့ဆုံခြင်းတော့မဟုတ်ချေ။ ရန်ရှင်းမောင်နှင့်ဇော်ရဲက ရန်ကြွင်းရန်စလေးတွေ မကင်း။ ထို့ကြောင့်  ဇော်ရဲသည် ရန်ရှင်းမောင်နှင့် မဆုံလိုသောကြောင့် မွေးနေ့ရှင် ခန့်မင်းသော်အား နုတ်ဆက်၍  ပြန်တော့ဟန် ပြင်၏။ 

       သို့ပေမယ့်  ရန်ရှင်းမောင်နှင့် သူ့အဖေါ်တချို့က ဇော်ရဲအား မြင်တွေ့သွားသည့်အခါ ၊ သူတို့ဝိုင်းမှ ထကာဇော်ရဲထံသို့ လျှောက်လာကြလေ၏။ပြီးနောက် ဇော်ရဲ ပြန်မည့်လမ်းကို ပိတ်ရပ်လိုက်ကြသည်။ 

      ရန်ရှင်းမောင်က  ဇော်ရဲအား မခိုးမခန့် ပြုံးပြလိုက်ပြီးနောက် ...

 " ဘာလဲ  ပြန်တော့မလို့လား ဇော်ရဲ " 

     ဇော်ရဲက  ရန်ရှင်းမောင်အား တည့်တည့်ကြည့်ကာ ၊

  " အေး ဟုတ်တယ်။ ဘာလဲ  ရန်ရှင်းမောင် ... မင်းနဲ့ငါ့အကြားမှာ ဘာကိစ္စရှိနေသေးလို့လဲ "

  "အိုးဟိုး ... ဘာမှ မရှိပါဘူးကွ ။ ငါက  မင်းကို မြင်လို့  သက်သက် လာနုတ်ဆက်တာပါ ဇော်ရဲရာ ၊ ပြန်မယ်ဆိုလဲ  ပြန်ပါ  ပြန်ပါ "

     ရန်ရှင်းမောင်က  လမ်းဖယ်ပေးလိုက်သည်။ ဇော်ရဲ  သူတို့အနီးမှ ထွက်လာလိုက်သည်။ သို့သော် ခြေလှမ်း နှစ်လှမ်းသုံးလှမ်းအရောက်မှာ သူ့အနောက်က ရန်ရှင်းက ...

   " ဟေ့ကောင်  ဇော်ရဲ ... ငါ  ဟိုတနေ့က မင်းရဲ့ မာမီကို  Royal Park Hotel မှာ တွေ့ခဲ့တယ်ကွ ၊ သူ့ဘဲကြီးက  ငယ်ငယ်ချောချောရှိသေးတယ်နော်။ မင်းနဲ့ဆို  ညီအစ်ကိုလောက်ပဲကွ ဟီးဟီး "

  "ဟားဟားဟား "

  " ဟီးဟီးဟားဟား "

     ထိုသို့ ရန်ရှင်းမောင်က စပ်ဖြဲဖြဲနဲ့ပြောလိုက်သောအခါ သူ့ဘော်ဒါများကပါ သံသေးသံကြောင်များဖြင့်ရယ်မောလှောင်ပြောင်ကြလေ၏။

     ဇော်ရဲ  ပေါက်ကွဲလေပြီ။ ချက်ချင်း နောက်ပြန်လှည့်ကာ ရန်ရှင်းမောင်အား ပြေးထိုးလိုက်သည်။

    " ခွပ်    ခွပ်"

   " ဟာ! ဟေ့ကောင် မင်း ဘာလုပ်တာလဲ "

   " ချကွာ  ချ   ချ "

   " ဖုန်း    ဒိုင်း   ဖောင်း "

      ရန်ရှင်းမောင်၏ ဘော်ဒါများက ဇော်ရဲအား ဝင်သမကြသည်။ ဇော်ရဲက  ရန်ရှင်းမောင်ကိုပဲ သည်းသည်းမည်းမည်း ထိုးကြိတ်နေသည်ဖြစ်ရာ၊ နောက်က ဝင်လာကြသော ရန်ရှင်းမောင်ရဲ့ ဘော်ဒါများ၏ ထိုးကြိတ်ကန်ကျောက်မှုကို ခံလိုက်ရလေ၏။ 

     ဇော်ရဲ ပြန်လည် ခုခံရပြန်၏။ဝုန်းဒိုင်းကြဲကုန်သည်။နောက်တော့  လူတချို့ ဝင်လာပြီး ဟိုဘက်သည်ဘက် ဆွဲကြသည်။ 

" ဟေ့ကောင် ရန်ရှင်း တော်တော့ ၊ ဇော်ရဲလဲ တော်တော့ ... အချင်းချင်းတွေကိုကွာ ... "

      ရန်ရှင်းမောင်က စတင် စော်ကားရန်စခဲ့သောကြောင့် ဇော်ရဲက ဒေါသထွက်ကာ လက်သီးဖြင့် စထိုးခဲ့ခြင်းဖြစ်သည်။ နောက်တော့ သူတပြန် ကိုယ်တလှည့် ထိုးကြိတ်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

    " ငါ့ မွေးနေ့ကို  မင်းတို့ လာဖျက်ဆီးနေကြတာလား ... "

    မွေးနေ့ရှင် ခန့်မင်းသော်က ဝင်ရောက် ဖြန်ဖြေသောအခါမှ သူတို့ရန်ပွဲ ရပ်တန့်သွား၏။ ဇော်ရဲ  ဘယ်သူ့ကိုမှ စကားမပြောဘဲ ထိုနေရာကနေ လှည့်ထွက်လာခဲ့သည်။ 

     သူ  ကားပါကင်မှ သူ့ကားကို တလကြမ်း မောင်း၍ ထွက်လာခဲ့လေ၏။  ကားပေါ်ရောက်သည့်အခါ သူ့ဒေါသကို လီဗာနင်းသည့် ခြေထောက်၌ စုပုံပစ်လိုက်ဟန်တူ၏။ ကားသည်  တနာရီ ကီလိုမီတာ ၉၀/၁၀၀ခန့်နှင့် လမ်းပေါ်၌ တလှစ်လှစ် ပြေးနေတော့သည်။ 

      အရက်ကမူး၊ ရှက်ဒေါသကလည်းထွက်ဆိုတော့၊ အမှား အမှန် ဆင်ခြင်တုံနိုင်စွမ်း ပျောက်သွားကုန်၏။ ဇော်ရဲက ဖတဆိုးသား။ ဇော်ရဲ၏အမေ မုဆိုးမ ဒေါ်စန္ဒီကျော်ဆိုတာက၊ အရွယ်တင်နုပျိုသူဖြစ်၏။ ပြီးတော့ အထက်တန်းလောကမှာ မသိသူ ခပ်ရှားရှား။ အရာရှိကတော်များနှင့်လည်း ပလဲပနံသင့်သည်။ သူ့အလုပ်က စိန်ပွဲစားဆိုတော့ အပေါင်းအသင်းဆန့်၏။

    ဒေါ်စန္ဒီကျော်က အခုမှ ၄၀ကျော်လေး ရှိသေးတော့၊ ဘွိုင်းဖရန့်တွေ ဘာတွေ ထားတတ်သည်။ တွဲသွားတွဲလာ ရှိသည်။ ဒေါ်စန္ဒီကျော်သည်  ခေတ်မီ၍  ဆွဲဆောင်မှုရှိသူ အမျိုးသမီးတဦး ဖြစ်သည်။ အလုပ်သဘောအရ တွဲရသလို ရှိသလို၊ တခါတရံ  သူမကိုယ်၌က လိုလိုလားလား တွဲသည်လည်းရှိ၏။ 

      ရှင်းအောင်ဆိုရလျင်  ဒေါ်စန္ဒီကျော်သည်  ရံဖန်ရံခါ ဖြစ်ပေါ်တတ်သော သူမ၏ အလိုဆန္ဒကို ငယ်ငယ်ချောချော ယောက်ကျားလေးများဖြင့်  ဖြည့်စွမ်းလေ့ရှိသူ ဖြစ်သည်။ သို့ပေမဲ့  တတ်နိုင်သမျှ  သားဖြစ်သူ ဇော်ရဲမသိအောင် ဖုံးကွယ်လေ့ရှိသည်။ 

      ပုပ်လျင်ပေါ်၊ ဟုတ်ရင်ကျော်ဆိုတဲ့ စကားရပ်ရှိသည်မဟုတ်လား။ တဆင့်စကား တဆင့်နားနဲ့ ကြားရသည့်ခေတ်ပင်လွန်ခဲ့ပြီ။ ယခုမျက်မှောက်ခေတ်က သတင်းရလွယ်၏။ အတင်းပျံ့လွယ်၏။ ဒီတော့ ဇော်ရဲ  သူ့အမေ၏ မကောင်းသတင်းကို သိနေခဲ့သည်။ ထိုအကြောင်းနဲ့ ပါတ်သက်ပြီး သူတို့သားအမိ မကြာခဏ စကားများကြသည်။ ခြုံ၍ ဆိုရသော် ဇော်ရဲသည် မိခင်အပေါ် မကောင်းမြင်ပြီး ဆိုးသွမ်းလာခဲ့သူ ဖြစ်လေ၏။ 

     ယခုလည်း  သူ့သိက္ခာကို စော်ကားခံရသည်မှာ သူ့အမေကြောင့်ဟု ထင်မှတ်ကာ ၊ သူ့အမေကို ဒေါသတွေ တအုံအုံနွေးနွေး ဖြစ်လာခဲ့သည်။ ပါးစပ်ကလည်း 'ဒီအဖွားကြီး သောက်အနေထိုင်မတတ်လို့ ဖြစ်ရတာ'ဟု ထွက်မိသွား၏။ မွေးမိခင်အား ဝစီကံနှင့်ပင် ပစ်မှားမိလေပြီ။ 

      ကားသည် အရှိန်ပြင်းပြင်းနဲ့ တလှစ်လှစ်ပြေးနေ၏။ အကယ်၍သာ မြင်နိုင်မည်ဆိုပါက ဇော်ရဲ၏ ကားခေါင်မိုးပေါ်တွင် အရိပ်မည်းမည်း တစ်ခု တွယ်ကပ်ပါလာသည်ကို သိနိုင်မည် ဖြစ်၏။ 

       မကြာမတင်မှာ  ဇော်ရဲသည် ကားတစီးကို အတင်းကျော်တက်ရန် လီဗာကို ဖိနင်းလိုက်သည်။ ဇော်ရဲ မှားသွားလေပြီ။ တဖက်မှ ကုန်တင်ယာဉ်ကြီးတစ်စီးကလည်း ခပ်မှန်မှန် မောင်းနှင်လာသည်နှင့် ဆုံနေ၏။ 

      အရှိန်လျော့ချ၍ မလွတ်နိုင်မှန်းသိသည့်အခါ၊ ဇော်ရဲသည် လက်ယာဘက် ယာဥ်ကြောတဖက်က မြေသားပေါ်သို့ တလကြမ်း မောင်းပစ်လိုက်သည်။ ကားသည် မညီညာသော မြေသားလမ်းပေါ်၌ ဒရွတ်ဆွဲပါသွားသည်။ 

     " ဝေါ   ဖျစ်  ဖျစ် ... "

      "  ဂျိန်း  "

      ဇော်ရဲကားက  သစ်ပင်ကြီးတပင်ကို ခါးဖြင့်တိုက်ပြီး ရပ်သွားသည်။ ကားပေါ်ရှိ လေအိတ်များ ပွင့်ကုန်သည်။ ဇော်ရဲ  သတိလစ်မေ့မြောသွားသည်။ 

     သတိလစ်မေ့မြောနေသော ဇော်ရဲထံ  အရင်ဦးဆုံး ရောက်လာသူက ... သူ့ကားခေါင်မိုးပေါ် တွယ်ကပ်ပါလာသော ' ဒဲမွန် နတ်ဆိုး 'ပင် ဖြစ်လေတော့၏။

               ___________

    "ဒါဆိုရင်  ကိုဇော်ရဲ သတိလစ်နေတုန်း ဒဲမွန်က သူ့ခန္ဓာကိုယ်ကို ယူခဲ့တာပေါ့ ၊ အဲ့သလိုလား ဒဲမွန် "

    " အဲ့သလို မဟုတ်ဘူးကွ။ တို့နတ်ဆိုးတွေက ခန္ဓာပိုင်ရှင် လက်သင့်မခံသ၍ ဝင်လို့ မရဘူး။ အတင်းအကြပ် ဝင်လဲ တခဏပဲ ရမယ်။ ခန္ဓာတခုကို အပိုင်ရဖို့ဆိုရင် ခန္ဓာပိုင်ရှင်က ခွင့်ပြုမှ ရတာကွ "

   " ဟင်! ဒါဖြင့်  ဘယ်လို ဆက်ဖြစ်လို့ ကိုဇော်ရဲက သူ့ခန္ဓာကိုယ်ကို ယူခွင့် ပြုလိုက်တာလဲ "

     " ဇော်ရဲက  အဲ့ဒီ ကားမတော်တဆမှုမှာ ထိုင်ခုံနဲ့ ညပ်ပြီး၊ ခါးအောက်ပိုင်း ဒါဏ်ရာ ပြင်းထန်ခဲ့တယ်။ 

      ဆေးရုံကဆင်းတော့ ဇော်ရဲ လမ်းမလျှောက်နိုင်တော့ဘူး။ ခြေထောက်တွေ မဖြတ်ရပေမယ့် မသန်စွမ်းတော့ဘူးပေါ့ကွာ။ 

      အဲ့ဒီမှာ ဇော်ရဲ  တော်တော်လေး စိတ်ဓါတ်ကျသွားခဲ့တယ်။ ဒီလိုဖြစ်ရတာ သူ့အမေနဲ့  ဟိုဂြိုလ်ကောင် ရန်ရှင်းမောင်ကြောင့်လို့ စိတ်ထဲစွဲသွားခဲ့တယ်လေ။ 

       ဇော်ရဲက  သူ့အမေထက် ရန်ရှင်းမောင်ကို ပိုပြီး အငြိုးထားခဲ့တယ်။ ဖြစ်နိုင်မယ်ဆိုရင် ရန်ရှင်းမောင်ကို လက်စားချေချင်တယ်။သူနဲ့ ရန်ရှင်းမောင်တို့ရဲ့ ဟိုးအရင်က အငြိုးအတေးတွေကိုပါ တခါတည်း ဇာတ်လမ်းဖြတ်ချင်တယ်လို့ တဖွဖွ ငြီးငြူနေခဲ့တယ်။

      အဲ့ဒီမှာ ငါက ကြားဝင်ခဲ့ပြီး၊ ဇော်ရဲဆီကို  အပေးအယူ တခုလုပ်ခဲ့တာပေါ့ကွာ "

    " သိပြီ  သိပြီ၊ ဒီလောက်ဆို ကျွန်တော် သဘောပေါက်ပြီ ဒဲမွန်။ အဲ့ဒီအပေးအယူက ဒဲမွန်က ကိုဇော်ရဲ လက်စားချေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ပြီးတော့ သူခန္ဓာကိုယ်ကို အပိုင်ယူမယ်။ ဒါပဲ မဟုတ်လား "

  " ဟုတ်တယ် ဇာနည်။ အဲ့ဒီတိုင်းပဲ။ တခုမှ မလွဲဘူး "

   "ဒါနဲ့ ဇာတ်လမ်းက ပြီးရောလား ဒဲမွန်၊ တခုခု ကျန်နေသေးသလားလို့ "

     ဒီမေးခွန်းက ဒဲမွန်ရင်ကို ထိခိုက်စေသလားမသိနိုင်။ ဒဲမွန်နတ်ဆိုး၏ မျက်လုံးများက  ဝေသီမှုံမှိုင်းသွားခဲ့သည်။ 

     " ကျန်တာပေါ့ကွာ။ သိပ်ကျန်တာပေါ့။ ငါ့ရင်ကို ဒါဏ်ရာအနက်ကြီး ကျန်ရစ်ခဲ့စေတဲ့ အကြောင်းက အခုမှ စမှာကွ ။ 

       ငါ  ဇော်ရဲအတွက် လက်စားချေပြီး  သူ့ခန္ဓာကိုယ်ကို အပိုင်ရပေမယ့် ၊

သူ့ခန္ဓာကိုယ်ရတဲ့နေ့မှာပဲ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ချလာတာက   အလွန် သိမ်မွေ့နုညံ့တဲ့  ' မွေ့သုန္ဒရီ ' လို့ခေါ်တဲ့ လူသားမိန်းမချောလေးပဲပေါ့။

       အဲ့ဒီ ' မွေ့သုန္ဒရီ ' က ဘယ်သူလဲ သိလား။ ငါ့ ဟောဒီလက်နှစ်ဖက်နဲ့ ရက်ရက်စက်စက် သတ်ခဲ့လိုက်တဲ့ ရန်ရှင်းမောင်ရဲ့ ညီမအရင်းအချာ ဖြစ်နေသတဲ့ကွာ "

    " ဟာဗျာ! ဖြစ်မှဖြစ်ရလေဗျာ။ ဘာတဲ့  ကောင်မလေးနာမည်ကလေ ... "

    ဒဲမွန်သည်  ဇာနည်ကို တချက်ကြည့်သည်။ ပြီးတော့ ခုဏကလိုပဲ ၎င်းမျက်လုံးများက ဝေသီမှုံမှိုင်းသွားကြပြန်ပြီး  အဝေးတနေရာသို့သာ ငေးမော၍ ...

   "မွေ့   သုန်   ဒ   ရီ ... " ဟု ခပ်လေးလေး ဖြေကြားလိုက်လေ၏။

(ဆက်ရန်)

ပီပီ(မန္တလေး)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ပီပီ




Some text some message..