
နတ်ဆိုးသည် ရန်ရှင်းမောင်ကို သတ်ဖြတ်ခဲ့ပြီးနောက်တနေ့၌၊ ဇော်ရဲ၏ ခန္ဓာကိုယ်ကို ထင်သလို ခြယ်လှယ်ပိုင်ခွင့်ရသွားသည်။
ယခု နတ်ဆိုးသည် ဇော်ရဲကိုယ်၌ တည်မှီနေပြီး၊ ဇော်ရဲအခန်းထဲရှိ ဝှီးချဲပေါ်၌ ရှိနေချိန်ဖြစ်၏။လူသား ဇော်ရဲကိုယ်ခန္ဓာမှာ ကားမတော်တဆမှုကြောင့် အောက်ပိုင်း မသန်စွမ်းသေးသည်ဖြစ်ရာ၊ ဝှီးချဲကိုသာ အားကိုးအားထား ပြုနေရချိန်လည်း ဖြစ်၏။
ထို့ကြောင့်လည်း ရန်ရှင်းမောင် အသတ်ခံရသည့်အမှု၌ ဇော်ရဲအား ရဲတပ်ဖွဲ့က သင်္ကာမကင်း မဖြစ်ချေ။
ဒဲမွန်က ရန်ရှင်းမောင်ကို လူသတ်ခံရသည့် အနေအထားမျိုးဖြင့် မသတ်ဘဲ၊ မူးယစ်ဆေး အထိုးလွန်၍ ရှော့ဖြစ်ကာ သေဆုံးသည့်သဏ္ဍာန်ဖြစ်အောင် လုပ်ကြံခဲ့ခြင်း ဖြစ်၏။
အမှန်တော့ ဇော်ရဲခန္ဓာကိုယ်၌ နတ်ဆိုးဝင်ရောက်ပူးကပ်နေချိန်တွင် ခန္ဓာကိုယ်အောက်ပိုင်းသည် ယခင်ကထက်တောင် ပို၍ သန်မာနေပြီ ဖြစ်၏။ ထို့ကြောင့်လည်း ဇော်ရဲက ရန်ရှင်းမောင်အား လက်စားချေ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေ၏။
ဝှီးချဲပေါ် ထိုင်၍ ကြေးမုံမှန်ပြင်ကို ကြည့်ကာ နတ်ဆိုးသည် ကျေနပ်နေ၏။ လအနည်းငယ်ကြာလျင် ၊ ဇော်ရဲ၏ ခြေထောက် ပြန်ကောင်းလာခဲ့သည်ဟု သူ လိမ်ညာရဦးမည်မဟုတ်လား။ ထိုအခါမှသာ ဇော်ရဲခန္ဓာကိုယ်အား သူ ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့ သူက အတွေးများနှင့် ပျော်မြူးနေခိုက် ...
" ဒေါက်! ဒေါက်! "
အခန်းတံခါး ခေါက်သံနှင့် မရှေးမနှောင်းတွင် သူ၏ အခန်းတံခါးသည် ပွင့်သွား၏။ ဒဲမွန် နတ်ဆိုးသည် အခန်းတံခါးဝသို့ လှည့်ကြည့်လိုက်၏။သူ့စိတ်ထဲမှာ ဇော်ရဲ၏ မေမေ ဒေါ်စန္ဒီကျော်ဟု ထင်မှတ်ထားနေခဲ့သည်။
" ဟင်! "
အခန်းထဲသို့ ပြေးဝင်လာသူက ဒေါ်စန္ဒီကျော်မဟုတ်ဘဲ ပျိုမြစ်နုငယ်၍ ချောမောလှပသော မိန်းကလေးတယောက် ဖြစ်နေ၏။
" ဟင့်ဟင့် ... အစ်ကို ရန်ရှင်းမောင် သေပြီ ကိုကို ၊ သူ ဆေးလွန်ပြီး သေသွားပြီ "
ကောင်မလေးက ပြောလည်းပြော၊ ငိုလည်းငိုရင်း ဒဲမွန်၏ ဝှီးချဲအရှေ့ ဒူးထောက်၍ ဒဲမွန်အား ဖက်ထားလိုက်သည်။
ဒဲမွန်အား ဇော်ရဲသည် ထိုမိန်းကလေးအကြောင်း တခွန်းတပါဒမျှ ပြောပြထားခြင်း မရှိ၍ ဒဲမွန်တယောက် ဘာလုပ်ရမည်မှန်း မသိနိုင်အောင် ဖြစ်နေလေ၏။
အမှန်တော့ အနှီမိန်းကလေးသည် ဒဲမွန် သတ်လိုက်၍ သေဆုံးသွားခဲ့သည့် ရန်ရှင်းမောင်၏ ညီမအရင်း ဖြစ်သော 'မွေ့သုန္ဒရီ' ဖြစ်သည်။
ဇော်ရဲနှင့် မွေ့သုန္ဒရီသည် ချစ်သူရည်းစားများ ဖြစ်ကြသည်။ ရန်ရှင်းမောင်ကြောင့်သာ သူတို့နှစ်ဦးမှာ ချစ်လျက်နှင့် ခဏခဏ မတွေ့ဆုံနိုင်ကြခြင်း ဖြစ်၏ ။
ရန်ရှင်းမောင်က သူ့ညီမကို ဇော်ရဲနှင့် သဘောမတူဟု ပြတ်ပြတ်သားသား ကြေငြာထား၏။ ထို့ကြောင့် သူ့ညီမနဲ့ သမီးရည်းစား ဖြစ်နေသော ဇော်ရဲကို မကြာခဏ ရန်စစော်ကားနေခဲ့ခြင်း ဖြစ်လေ၏။
ဒဲမွန်သည် ဇော်ရဲ ဖွင့်ဟ ဝန်မခံထားသောကြောင့်၊ မွေ့သုန္ဒရီကို ချစ်သူအဖြစ် မသိရှိချေ။ သို့သော် သူသည် မွေ့သုန္ဒရီကို သူ သတ်ခဲ့သော ရန်ရှင်းမောင်၏ ညီမမှန်း သိရှိသွားသည့်အခါ မနေတတ်မထိုင်တတ် ဖြစ်သွားခဲ့ရလေ၏။ ယခုမှ တွေ့ဖူးသော မွေ့သုန္ဒရီအပေါ် အပြစ်မကင်းသလို ခံစားနေရသည်။ဒဲမွန်က ရန်ရှင်းမောင် သေသည် မသိရှိလေဟန်ဖြင့် ...
" ရန်ရှင်းမောင် ဘာဖြစ်တာလဲဟင်"ဟု မသိချင်ယောင်ဆောင်၍ မေးလိုက်သည်။ မွေ့သုန္ဒရီက သူ့မျက်နှာကို မော်ကြည့်၍ အံဩဟန်ဖြင့် ...
" ဟင် ကိုကို မသိသေးဘူးလား၊ အစ်ကို ရန်ရှင်းမောင် မနေ့ညက ဆေးလွန်ပြီး ဆုံးသွားပြီလေ ၊ မွေ့ လေ ကိုကို ကားအက်စီးဒင့်ဖြစ်တုန်းက ဆေးရုံကို ရောက်ခဲ့သေးတယ်။ အဲ့တုန်းက ကိုကိုက သတိ ပြန်မရသေးဘူး။ ဒါနဲ့ မွေ့ ငိုပြီး ပြန်လာခဲ့ရတယ်။ နောက်တခေါက် လာဖို့ ကြိုးစားသေးတယ် ကိုကို။
ဒါပေမဲ့ အစ်ကိုရန်ရှင်းမောင်နဲ့ မိသွားပြီး၊ မွေ့ကို အိမ်ထဲကနေ အပြင်ထွက်ခွင့် မပေးတော့ဘူးလေ။ ဒါကြောင့် မွေ့ အိမ်ထဲမှာပဲ အကျယ်ချုပ် ဘဝနဲ့ နေလာခဲ့ရတာ။ ကိုကို့ဆီကို ပြေးလာချင်လိုက်တာဆိုတာလေ ရူးမတတ်ပါပဲ ကိုကိုရယ် "
ဒဲမွန်အတွက် မွေ့သုန္ဒရီ၏ ပူးကပ်ဖွေ့ဖက်မှုကြောင့် နုညံ့၍ ပူနွေးသော အထိအတွေ့က ရှိန်းတမြမြ ရှိလှပေသည်။သူ့ရင်သည် တလှပ်လှပ်နှင့် ရှိနေ၏။ သူ တခါမျှ ထိုခံစားမှုမျိုး မရရှိဖူးခဲ့ချေ။
သူ ထိုခံစားမှုကို မနှစ်သက်သည်မဟုတ်သော်လည်း၊ မွေ့၏ ကိုယ်ကို အသာ တွန်းဖယ်၍ ...
"ဒါဖြင့် အခု မွေ့ ကိုယ့်ဆီကို ဘယ်သူနဲ့ လာခဲ့တာလဲ ၊ မွေ့ မိဘတွေကရော မွေ့ အပြင်ထွက်တာကို မတားကြဘူးလား "
ဒဲမွန်သည် ကောင်မလေးက သူ့ကိုယ်ကို မွေ့ဟု နာမ်စားသုံးသဖြင့် သူလည်း ရောယောင်၍ မွေ့ဟု ခေါ်ဝေါ်လိုက်သည်။ ယခုချိန်တွင် မွေ့သည် ဇော်ရဲနှင့် သမီးရည်းစားပတ်သက်မှုမျိုး ရှိနေသည်ဟု နားလည်လိုက်ပြီဖြစ်၏။
" ဟင့်အင်း ကိုကို၊ မွေ့ တယောက်တည်း ထွက်လာခဲ့တာ၊ ဖေရော မေရော မသိဘူးရယ် "
" ဒါဆို ကြာကြာနေလို့ မဖြစ်ဘူးနော် မွေ့ "
"ဟင် ကိုကိုကလဲ ... မွေ့ကို နှင်လွှတ်နေတာလား ၊ မွေ့ ကိုကို့ကို ဘယ်လောက်တောင် လွမ်းနေလဲဆိုတာ မသိလို့လားဟင် "
မွေ့က ဒဲမွန် တွန်းဖယ်နေပေမဲ့ ပို၍ တိုးကပ်တင်းကြပ်စွာ ဖက်တွယ်ရင်း သူမ လွမ်းနေကြောင်းကို တဖွဖွ ပြောနေတော့၏။ ဒဲမွန်မှာ စိတ်နေကျဉ်းကြပ်လှသည်ဖြစ်ရာ သက်ပြင်းမောကိုသာ တွင်တွင်ချနေမိတော့သည်။
" ကိုကို ... အခု ခြေထောက်က ဘယ်လိုနေလဲဟင်! နာသေးလား "
မွေ့သည် မေးလည်းမေး ၊ ဒဲမွန်၏ ခြေထောက်ကို တဖွဖွဖြင့် ယုယစွာ ပွတ်သပ်နေပြန်သည်။
ထိုခဏ၌ ဒဲမွန်သည် မွေ့သုန္ဒရီ၏ စိတ်နေစိတ်ထားကို စမ်းသပ်ချင်သည်ဖြစ်ရာ ...
" ဘာလဲ မွေ့ ၊ ကိုယ် အခုလို ခန္ဓာကိုယ် အောက်ပိုင်းသေသွားခဲ့ရင်၊ မွေ့က ကိုယ့်ဆီကနေ ထွက်သွားမှာမို့လား "
မွေ့ မျက်နှာမှာ ချက်ချင်းပင် ငိုမယောင်ယောင် မဲ့သွားလေ၏။ သို့သော် မွေ့သည် ငိုချင်စိတ်ကို ထိန်း၍ ရှိုက်သံသဲ့သဲ့ဖြင့် ...
" ပြောရက်လိုက်တာ ကိုကိုရယ်။ မွေ့ ကိုကို့ကို ဘယ်လောက်ထိ ချစ်တာ မသိလို့များ ခုလို ပြောထွက်ရက်တာလား ။
ဒီမှာ ကိုကို ... အခုလို ကိုကို့ခန္ဓာကိုယ် အောက်ပိုင်း မသန်မာတော့လဲ မွေ့စိတ်က လုံးဝ မပြောင်းလဲပါဘူး။ ကိုကို့ကို အရင်ထက်တောင် ပိုချစ်ပြအုံးမှာ သိရဲ့လား။
ပြီးတော့ ခုလိုမျိုး အနေအထားကို မွေ့က ပိုတောင် ကြိုက်သေး။ ဘာလို့လဲ သိလား။ ကိုကို မွေ့အနားကဘယ်မှ သွားလို့မရတော့ဘူးလေ ၊ ပိုပြီး စိတ်ချလက်ချနေလို့ရတာပေါ့ "
မွေ့ပြောနေဟန်က တကယ့်ကလေးတယောက်လိုပင်။ သူမ၏ ချစ်ခြင်းမေတ္တာက အမှန်တကယ် ရိုးသားဖြူစင်လေ၏။ပြောသွားသည့် ဟန်ပန်အမူအယာကလည်း ချစ်စဖွယ်ကောင်းလွန်းသည်။
ထိုစကားကို ကြားရသည့် ဒဲမွန် ရင်ထဲ အမည်မသိသော စမ်းချောင်းလေးတခု ဖြတ်စီးဆင်းသွားလေသလားမသိ။ အေးမြသွားသည်။ ဒီလိုနဲ့ ဒဲမွန်သည် မွေ့သုန္ဒရီနှင့် နာရီဝက်တစ်နာရီခန့်ကြာအောင် ပူးကပ်နေရင်း မွေ့သုန္ဒရီ၏ တွတ်တီးတွတ်တာ ချိုသာသော စကားများအောက်၌ ကြည်နူးနေမိပြန်သည်။
အချိန်တန်တော့ မွေ့သုန္ဒရီသည် ဒဲမွန်အနီးက မပြန်ချင့်ပြန်ချင်နှင့် ပြန်သွားခဲ့သည်။ ပြန်ခါနီးတွင် ဒဲမွန်အား ညင်သာသော အနမ်းများဖြင့် နုတ်ဆက်သွား၏။ ငြင်းရခက်သော ထိုအနမ်းများသည် ခက်ထန်လှသော နှလုံးသားရှိသည့် ဒဲမွန်အား အရည်ပျော်နူးညံ့သွားစေခဲ့သည်ကိုတော့ မွေ့သုန္ဒရီတယောက် သိမှ သိပါလေစ။
_____________
နတ်ဆိုး ပြောပြနေသော ဇာတ်လမ်းကို နားထောင်နေသော ဇာနည်သည် အားမလိုအားမရဖြစ်ကာ ဖြတ်မေးလိုက်သည်။
" ဒါဆိုရင် ဒဲမွန်လဲ မွေ့သုန္ဒရီကို ချစ်မိသွားတာပေါ့နော် "
ဒဲမွန်နတ်ဆိုးက ခေါင်းငြိမ့်ပြလိုက်သည်။
" ငါ ဘာဖြစ်သွားတယ်ဆိုတာ မပြောပြတတ်သလို ၊ ငါဟာ နတ်ဆိုးတကောင်ပါလားဆိုတာကို မေ့လျော့သွားခဲ့တယ် ဇာနည်။
ဟုတ်တယ်။ ငါ အဲ့ဒီကောင်မလေးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးသွားမိခဲ့တယ်ဆိုတာ ငါ ဝန်ခံပါတယ်။
ဒါပေမဲ့ ငါ သူ့ကို ချစ်မိနေတာ အပြစ်မကင်းသလို ခံစားနေရတယ် ဇာနည်။ ဘာလို့လဲဆိုတော့ ငါက သူ့အစ်ကို အရင်းခေါက်ခေါက်ကို သတ်ထားတဲ့ လူသတ်ကောင် ဖြစ်သလို၊ သူ့ချစ်သူရဲ့ ဖြစ်တည်မှုကို ငါက လုယူထားသလို ဖြစ်နေခဲ့တယ်မဟုတ်လား "
"အင်း ဒါတော့ ဒါပေါ့ ဒဲမွန်ရယ်။ ဒါပေမဲ့ ဒဲမွန် သူ့ကို ချစ်မိတာတော့ အပြစ်ဖြစ်မယ် မထင်ပါဘူး။ ဒဲမွန်က သူ့ကို ရင်ထဲက စစ်မှန်တဲ့ မေတ္တာနဲ့ ချစ်ခဲ့တာမဟုတ်လား "
နတ်ဆိုးသည် ဇာနည့်အမေးကို ချက်ချင်း မဖြေနိုင်ဘဲ၊ တွေတွေငေးငေး ကြည့်နေမိသည်။ တအောင့်လောက်ကြာမှ သူ ဘာပြောရမည်ကို သတိဝင်လာဟန်တူ၏။
" မင်းတို့ လူသားတွေရဲ့ အချစ်က ဘယ်လိုလဲ ငါ မသိဘူး ဇာနည်။ ငါ ချစ်တဲ့အချစ်က သူ့မျက်နှာ ညှိုးသွားမှာ ၊ သူ့အပေါ် အန္တရာယ်တခုခု ကျလာမှာကို အရမ်းစိုးရိမ်နေခဲ့တာကွ။ ဒါကြောင့် ငါဟာ မွေ့အနီးမှာ မွေ့ရဲ့ ကိုယ်စောင့်နတ်တပါးလို အမြဲ ကာကွယ်ပေးနေခဲ့မိတယ်။
ကုန်ကုန်ပြောရရင် ငါဟာ နတ်ဆိုးတကောင် လုပ်ရမယ့် တာဝန်ဝတ္တရားတွေကိုတောင် မေ့လျော့နေခဲ့တယ်။ဒါကြောင့် တဖြည်းဖြည်းနဲ့ ငါဟာ နတ်ဆိုးစွမ်းအင် အားနည်းလာခဲ့တယ်။ သူ့ကို ကာကွယ်ပေးရင်းနဲ့ တခြားနတ်ဆိုးတွေရဲ့ ငြိုငြင်မှုတွေကို ခံလာရတယ်။ ငါ့ကို တခြားသော နတ်ဆိုးတွေက ရန်ငြိုးသိုလာခဲ့ကြတယ်။ ဒါဟာ နတ်ဆိုးတကောင်ဟာ သူ့ကျဆုံးခန်း အန္တရာယ်ကို ဖိတ်ခေါ်နေတာပဲ ဇာနည်။
ဒါတွေကို ငါမသိတာမဟုတ်ဘူး။ သိရက်နဲ့ တမင်သက်သက် မိုက်မိုက်မဲမဲနဲ့ သူ့အပေါ် မျက်စိမှိတ် ချစ်မြတ်နိုးခဲ့တာကွ ... ငါ ချစ်မြတ်နိုးခဲ့တာပါကွာ "
နတ်ဆိုး၏ မျက်လုံးများသည် လွန်လေပြီးသော အတိတ်တခုဆီသို့ ရောက်ရှိသွားဟန်တူ၏။ မျက်လုံးများက ရီဝေမှုံမှိုင်းလာတော့သည်။
_____________
ထိုနေ့က မွေ့သုန္ဒရီနှင့်အတူ ဒဲမွန်သည် ကွက်သစ်မြို့ငယ်လေးရှိ ရပ်ကွက်တခုသို့ ကားတစီးဖြင့် အတူ ရောက်နေ၏။
ထိုရပ်ကွက်ရှိ မွေ့သုန္ဒရီ၏ အဒေါ်ဝမ်းကွဲအိမ်သို့ လူနာမေး လာရောက်နေကြခြင်း ဖြစ်သည်။ ဒဲမွန်က အဖေါ်အဖြစ် လိုက်ပါလာခြင်းဖြစ်သည်။
" ကိုကို ခဏပဲနော် သိလား၊ မကြာပါဘူး ။ ဒီအိမ်က မွေ့ အဒေါ်က ဆင်းရဲတယ် ကိုကိုရဲ့။ ဖေဖေ့ ညီမ တဝမ်းကွဲပေါ့ ။ သူက မွေ့ကို ငယ်ငယ်က ထိန်းကျောင်းပေးလာခဲ့တာလေ။ အရင်က မွေ့တို့နဲ့တူနေတာ။ မွေ့ကိုလဲ သိပ်ချစ်တာ။ မွေ့လဲ ဒေါ်လေးသိမ့်ကို သိပ်ချစ်တာပဲ။
ဖေဖေတို့က မွေ့အဒေါ် ဒေါ်လေးသိမ့်ကို သူတို့သဘောမတူတဲ့သူနဲ့ ယူလို့ဆိုပြီး၊ အခေါ်အပြော မလုပ်ကြတော့ဘူး။ မွေ့ ငါးတန်းလောက်ကတည်းကပဲ။
မွေ့ကသာ ဒေါ်လေးသိမ့်ကို ဖေဖေ မေမေ မသိအောင် ခိုးပြီး မကြာခဏ လာလာတွေ့တာ။ အခု ဒေါ်လေးသိမ့် သမီး စိုးမြတ်နွယ် နေမကောင်းတာ ကြာပြီတဲ့။
သူက မွေ့ ညီမ ဝမ်းကွဲပေါ့။ ၁၆နှစ်လောက်ပဲ ရှိအုံးမယ်။ ငယ်သေးတယ် ကိုကိုရဲ့။ ဒါကြောင့် လူနာမေးရင်း၊ ညီမလေးအတွက် ဓာတ်စာလေးတွေ ပေးခဲ့ချင်လို့ တမင် လာခဲ့တာ ... "
မွေ့က ထိုသို့ စိတ်ရှည်လက်ရှည် ရှင်းပြရှာ၏။ သူမလက်ထဲတွင်တွင်လည်း ပန်းသီး အလုံးလှလှကြီးများကို ပလပ်စတစ်အိတ်ဖြင့် ကိုင်ဆွဲထားလေ၏။ ဒဲမွန် က ဒေါ်လေးသိမ့်တို့ ခြံထဲ စဝင်လာကတည်းက မကောင်းသော အငွေ့အသက်တခုကို ခံစားမိနေတော့ မွေ့ ပြောသမျှကို အင်းတလုံးပင် ပြန်မပြောဘဲ၊ ဝန်းကျင်အသစ်ကိုသာ လေ့လာနေမိသည်။
ဒေါ်လေးသိမ့်အိမ်က အုတ်ခံပျဉ်ထောင်အိမ်ငယ်လေးဖြစ်သည်။ လှေးခါး ငါးထစ်တက်လိုက်လျင် ပျဉ်ခင်းကြမ်းပြင်ပေါ်သို့ ရောက်၏။မွေ့သုန္ဒရီက တိတ်ဆိတ်နေသော အိမ်လေးထဲကို လှမ်း၍ အသံပြုလိုက်သည်။
"ဒေါ်လေးသိမ့် ဒေါ်လေးသိမ့် ၊ သမီး မွေ့ လာလည်တယ်နော် "
အခန်းတခုမှ ပြန်ထူးသံ ကြားလိုက်ရသည်။
" အေး အေး မွေ့ရေ ၊ ဧည့်ခန်းမှာ ထိုင်အုံးနော်။ ဒေါ်လေး လာခဲ့မယ် "
ဒဲမွန် အိမ်ထဲရောက်သည်နှင့် အကဲခတ်လိုက်ရာ အိမ်၏အနောက်ခြမ်းကို အခန်းငယ်များဖြင့် ဖွဲ့စည်းထားပြီး၊ အိမ်၏ အရှေ့ပိုင်းတွင် ဧည့်ခန်းသဖွယ် ပြုလုပ်ထားပြီး၊ သစ်သားဆက်တီထိုင်ခုံလေးများနှင့် စားပွဲငယ်တခု ရှိလေ၏။
ဘုရားကျောင်းဆောင်မှာ ထိုဧည့်ခန်းထိပ်တည့်တည့်၌ ရှိသော်လည်း၊ကျောင်းဆောင်ရှိ ဘုရားပန်းများမှာ မလဲလှယ်ဘဲ ထား၍လားမသိ။ ပန်းများမှာ ညှိုးခြောက်နေကြလေ၏။
သန့်ရှင်းမှု မရှိသော ဧည့်ခန်းလေးရှိ စားပွဲပေါ်မှာလည်း ဖတ်လက်စ သတင်းစာများ၊ မဂ္ဂဇင်းများ ကျဲပြန့်နေကြသည်။ မွေ့က ထိုင်ခုံတခုံမှာ ဝင်ထိုင်လိုက်ရင်း ဒဲမွန်အား အားနာဟန်ဖြင့် ကြည့်၍ သတင်းစာများနှင့် မဂ္ဂဇင်းများကို စီ၍ ထပ်လိုက်သည်။
" ခါတိုင်းဆို ဒေါ်လေးက သူ့အိမ်ကို သန့်သန့်ပြန်ပြန့်ထားနေကျပါ ကိုကို၊ အခုက သူ့သမီး နေမကောင်းလို့ အိမ်အလုပ်တွေ မလုပ်ဖြစ်တာနေမှာ "
မွေ့က သူ့အဒေါ်ကို ဒဲမွန်က အထင်သေးမည် စိုးရိမ်လို့လားမသိ။ ထိုသို့ ဖါထေးပြောဆိုလိုက်သည်။ ဒဲမွန်က တစုံတခုကို မြင်တွေ့လိုက်သည် ဖြစ်ရာ၊ မွေ့ရှိရာသို့ အမြန်ပြေးသွားပြီး မွေ့ကို သူ့ဘက် ဆွဲယူကာ သူ့ကိုယ်ဖြင့် အုပ်မိုး ကားဆီးထားလိုက်သည်။
" ညှောင် ! ဂီး "
အမည်းရောင် ကြောင်တကောင်က အိမ်၏ ထုတ်တန်းပေါ်မှ မွေ့သုန္ဒရီကိုယ်ပေါ်သို့ လွှားခနဲ ခုန်ချလိုက်ခြင်း ဖြစ်သည်။ ကြောင်မည်းသည် ဒဲမွန် ကားဆီးလိုက်သည့်အခါ ၊ ထူးဆန်းစွာ လေထဲ၌ နောက်ဂျွမ်းပစ်၍ ကြမ်းပြင်ပေါ်သို့ ကျသွား၏။
ကျသွားသည့်နေရာမှ ကြောင်မည်းသည် ထွက်မပြေးသွားသေးဘဲ၊ ဒဲမွန်အား စူးစူးစိုက်စိုက် ကြည့်နေပြန်သည်။ ဒဲမွန်က ထိုကြောင်းမည်းအား ပြန်စိုက်ကြည့်လိုက်သည့်အခါ ထိုကြောင်မည်းက...
" ညှောင် ဝေါင် ... "
ဟု အသံပေးကာ၊ ကြောင်များ ကြောက်လန့့်သည့့်အခါ လုပ်လေ့ရှိသော တကိုယ်လုံးရှိ အမွှေးများ ထောင်ထလျက် အခန်းတခုထဲသို့ ပြေးဝင်သွား၏။ ထိုအခန်းသည် ခုဏက ဒေါ်လေးသိမ့် ပြန်လည်ထူးလိုက်သည့် အခန်းဖြစ်နေ၏။
" ဘယ်က ကြောင်လဲမသိဘူး ၊ ဒေါ်လေးတို့အိမ်မှာ အရင်က ကြောင် မမွေးပါဘူး "
အနည်းငယ် လန့်သွားသော မွေ့က ပြောလိုက်ခြင်း ဖြစ်သည်။ ဒဲမွန်က ထိုကြောင်ကို စိတ်မဝင်စားဟန်ဖြင့်...
" အင်း တခါတလေ အဲ့သလို ကြောင်တွေက အိမ်မှား လည်တတ်တယ် မွေ့ ။ ဘာမှ မဖြစ်ပါဘူး ။ စိတ်အေးအေးထားနော် ။ ကိုယ် မွေ့အနား ရှိနေတာပဲ "
သို့သော် ဒဲမွန်မျက်လုံးများက ထိုကြောင်မည်း ဝင်သွားသော အခန်းကို စိတ်ဝင်စားဟန်တူသည်။ သူသည် ထိုအခန်းကို မမှိတ်မသုန် စိုက်ကြည့်နေပြန်၏။
မွေ့က ကြည်သာစွာ ပြုံးရယ်လိုက်ရင်း ...
" ကိုကိုသာ မွေ့အနားရှိနေလို့ကတော့ မွေ့ ဘာကိုမှ မကြောက်ပေါင် ... ခစ်ခစ် "
မွေ့က ဒဲမွန် လက်ကို ဆွဲ၍ သူ့အနီးက ခုံမှာ ထိုင်စေလိုက်သည်။ ထိုအခိုက် ထိုအခန်းမှ၊ ဒေါ်လေးသိမ့်ဆိုသူ ထွက်လာ၏။ သူ့လက်ထဲတွင် စားသောက်ပြီးသော ပန်းကန်အချို့ပါလာ၏။ကြည့်ရသည်မှာ လူနာအား တခုခု ကျွေးပြီး ထွက်လာဟန်ပင်။
ဒေါ်လေးသိမ့်က မွေ့နှင့်အတူ ဒဲမွန်အား မြင်လိုက်သည့်အခါ ၊
"အော် ... မောင်ဇော်ရဲကော ပါလာတာကိုး ၊ ထိုင်ကြအုံးနော်။ ဒေါ်လေး မင်းတို့အတွက် ကော်ဖီလေး ဖျော်လိုက်အုံးမယ် "
ဇော်ရဲကို မွေ့ချစ်သူဆိုတာကို ဒေါ်လေးသိမ့်က သိထားပြီး ဖြစ်လိမ့်မည်။ သူမဟန်က ရင်နှီးနေပုံရ၏။ မွေ့သုန္ဒရီက ထိုနေရာမှ ထသွားပြီး၊ ဒေါ်လေးသိမ့်ခါးကို ဖက်ခါ ...
" နေပစေတော့ ဒေါ်လေး။ စိုးလေး(စိုးမြတ်နွယ်)ရော ဘယ်လိုနေသေးလဲ။ သက်ကော သက်သာရဲ့လား ဒေါ်လေး "
ဒေါ်လေးသိမ့်မျက်နှာက အိုသွားသည်။ မျက်နှာမကောင်းချေ။
" ဘာဖြစ်တယ်ဆိုတာကို ရပ်ကွက်ဆေးခန်းကဆရာဝန်တွေက တိတိပပ မပြောနိုင်ကြဘူး သမီးရေ။ကျောက်ကပ်ပဲ မကောင်းသလိုလို ၊ အသည်းပဲ ကြီးသလိုလိုနဲ့။ သူတို့က အထူးကုသမားတော်ကြီးတွေနဲ့ ပြကြည့်ဖို့ လမ်းညွှန်ကြတယ် သမီးရယ်။
ဒေါ်လေးတို့မှာက စားဖို့တောင်အနိုင်နိုင်မဟုတ်လား။ အထူးကုသမားတော် ပြဖို့ဆိုတာ ပိုက်ဆံက အကုန်ခံနိုင်မှလေ။ တော်နေကြာ ဓာတ်မှန်ရိုက်အုံး၊ တော်နေကြာ ဘာစစ်အုံးနဲ့ ၊ အဲ့ဒီကုန်ကျစရိတ်တွေက နည်းမှ မနည်းဘဲဟာကွယ် ။ ဒါပေမဲ့ကွယ် ဒေါ်လေး အခု ဒီနေတဲ့အိမ်ကို ပေါင်နှံနေပါတယ် မွေ့။ သူ့ကို ဆေးကုပေးလို့ ကုန်လဲ ဘယ်တတ်နိုင်မှာလဲ၊ နောက်ဆုံး အိမ်ငှါးနဲ့ နေရုံပေါ့ သမီးရယ် "
မွေ့ ဒေါ်လေးသိမ့်အတွက် စိတ်မကောင်းဖြစ်သွားသည်။ ဒေါ်လေးသိမ့် ယောက်ကျားကလည်း အငှါးကားဒရိုင်ဘာ။ သူရသည့်ငွေ အကုန်အပ်ပေမယ့် ဒေါ်လေးသိမ့်အတွက် ပိုပိုလျံလျံ မရှိရှာပေ။
ဒေါ်လေးသိမ့်တို့မှာက ဒီသမီးလေးတယောက်သာ ရှိသည်။ အဲ့ဒီတော့ စိုးမြတ်နွယ်ကို ပုံချစ်ကြသည်မှာ မဆန်း။ စိုးမြတ်နွယ် ဝေဒနာကို ကုသပေးချင်ပေမယ့် ကုသစရာငွေက မရှိ။ အခုထိ ကုသထားတာတောင် သူတို့မှာ အကြွေးတင်နေပြီ ဖြစ်၏။
စိုးမြတ်နွယ်အဖြစ်ကလည်း ဆန်း၏။ ပြီးခဲ့သော တလခန့်က စိုးမြတ်နွယ် ကျုရှင်ကအပြန်၊ လမ်းထိပ်က သင်္ဘောမယ်ဇလီပင်အောက်ရောက်တော့ ဘုန်းခနဲ လဲကျသွား၏။ သူမနဲ့အတူပါလာသော သူငယ်ချင်းတွေက ဝိုင်းထူပြီး ပြုစုပေးကြပေမယ့် စိုးမြတ်နွယ်သည် တစုံတရာကို မြင်တွေ့သည့်အလား ဝူးဝူးဝဲဝဲနှင့် အကြောက်အကန် အော်ဟစ် ရုန်းကန်နေခဲ့သည်။
လမ်းသွားလမ်းလာ လူကြီးအချို့ ရောက်လာကြပြီး၊ ကျောင်းသူလေးအား အပမှီသည် ထင်မှတ်ကာ၊ ရေမန်းတိုက်သူက တိုက်၏။ ဘုရားစာ ရွတ်ပေးသူက ရွတ်ပေးကြ၏။ သိမ်ဝင်ပုတီး ဆွဲပေးသူက ဆွဲပေးကြသည်။ ဗမာအများစုနေသော ရပ်ကွက်ဆိုတော့ တဦးကိုတဦးက တတ်နိုင်သ၍ ကူညီပေးကြခြင်း ဖြစ်သည်။ နောက်တော့ ဒေါ်လေးသိမ့်သိသွားပြီး၊ ထိုနေရာသို့ ရောက်လာခဲ့၏။
စိုးမြတ်နွယ်က သူ့အမေမြင်မှ အော်ဟစ်ရုန်းကန်ခြင်း ရပ်တန့်သွား၏။ ဒေါ်လေးသိမ့်လည်း စိုးမြတ်နွယ် သက်သာပြီအထင်နဲ့ နီးရာက ဆိုက္ကားတစီးကို ငှါး၍ သားအမိနှစ်ယောက် အိမ်ကို တန်းပြန်ခဲ့လေ၏။
သို့သော် စိုးမြတ်နွယ်သည် ထိုနေ့ညနေမှ စ၍ အပြင်းဖျားတော့လေသည်။ ရပ်ကွက်ဆေးခန်းက ဆရာဝန် အိမ်သို့ပင့်၍ ဆေးကုရသည်။ တရက် နှစ်ရက်ခန့်အကြာ၌ အဖျား ပြတ်သွားသော်လည်း စိုးမြတ်နွယ်မှာ အားအင်ပြတ်လပ်သူပမာ၊ ဖြူဖျော့နေ၏။
ဓာတ်စာအဖြစ် ကြက်ပေါင်းတို့ ဆိတ်စွပ်ပြုတ်တို့လို အားအမြန်ပြည့်စေမည့် အစားအစာများ ကျွေးသော်လည်း တနေ့ထက် တနေ့ ကျန်းမာရေးအခြေအနေက ယုတ်လျော့လာခဲ့သည်။
တခါတရံ အော့အန်၏။ တခါတရံ ချမ်းတုန်နေ၏။ သွေးလေ မညီညွတ်ဟန်၊ စိတ်ချောက်ချားနေဟန်တူသည်။ ညဘက်များတွင် တယောက်က်တည်း စကားပြောနေတတ်၏။ ဒေါ်လေးသိမ့်လည်း စိုးရိမ်သဖြင့် မြန်မာဆရာတို့ကို ပင့့်ယူရန် ယောက်ကျားဖြစ်သူ ဦးသိန်းဦးအား တိုင်ပင်သည်။ ဦးသိန်းဦးကလည်း မကန့်ကွက်ချေ။
သို့ဖြင့် ဒေါ်လေးသိမ့်လည်း မြန်မာဆရာခေါ်ယူ၍ သမီးဖြစ်သူ စိုးမြတ်နွယ်အား ပယောဂစစ်ဆေးပြန်သည်။ အစွဲချွတ်စေသည်။ ဒါ့အပြင် ဒေါ်လေးသိမ့်သည် ဗေဒင်မေးသည်။ယတြာချေသည်။ လူနာအတွက် ခေါစာပစ်သည်။
နည်းမျိုးစုံနေပြီဖြစ်၏။ နောက်ဆုံးတခုကတော့ ဒေါ်လေးသိမ့်ပြောသလို ယခုနေသည့် အိမ်နှင့်ခြံကို ပေါင်နှံ၍ ငွေရှာပြီးသကာလ သမားတော်ကြီးများနှင့်တိုင်ပင်ကာ ဆေးရုံတင်ရုံသာ ကျန်တော့လေ၏။
မွေ့က သူမ တတ်နိုင်သမျှ ကူညီမည်ဟု စိတ်ဆုံးဖြတ်ချက် ချလိုက်သည်။ မွေ့မှာ ဖွားဖွားမသေမီက ပေးထားခဲ့သော လက်ဝတ်ရတနာအချို့ ရှိသည်။ မွေ့အပိုင်ဖြစ်၍ ဖေဖေတို့က ဘာမှ ဝင်စွက်ဖက်မည်မဟုတ်။ ထိုရတနာအချို့ကို စိုးမြတ်နွယ် ဆေးကုသရန်အတွက် ထုခွဲရောင်းချရန် စဉ်းစားထားလိုက်သည်။
"မွေ့တို့ စိုးလေးကို ဝင်ကြည့်ချင်တယ် ဒေါ်လေးသိမ့်။ သူ့ကိုလဲ အားပေးစကားပြောရင်းပေါ့ "
" အံမယ်လေး ခွင့်တောင်းစရာမလိုပါဘူး သမီးရယ်။ ဝင်ကြည့်ပေါ့ ။ ဒေါ်လေး ဒီပန်းကန်တွေ သွားဆေးလိုက်အုံးမယ်။ ပြီးတော့ လာခဲ့မယ်နော် "
မွေ့က ဒေါ်လေးသိမ့် ခါးကို လွှတ်ပေးလိုက်ပြီး၊ ဒဲမွန်ဘက်သို့ လှည့်၍ ...
"လာ ကိုကို ၊ မွေ့တို့ စိုးလေးကို သွားအားပေးကြရအောင် "
ဒဲမွန်မျက်လုံးတွေက ထူးခြားစွာ အရောင်တမျိုးလက်သွား၏။ သို့သော် ဒါကို မွေ့သုန္ဒရီ သတိမထားမိလိုက်ချေ။
ဒဲမွန်က သွက်လက်လျင်မြန်စွာ အခန်းထဲကို ဦးဆောင် ဝင်သွား၍ မွေ့ပင် ကြောင်အမ်းအမ်း ဖြစ်သွားသေး၏။
အမှန်တော့ ဒဲမွန်သည် သူ့အစွမ်းဖြင့် အခန်းထဲ၌ မကောင်းသော စွမ်းအင်တခု လွှမ်းခြုံနေကြောင်း ဒီအိမ်ထဲ စဝင်ကတည်းက သတိထားမိလေ၏။ ပြီးတော့ ခုဏက ကြောင်မည်းသည် သူ့လို နတ်ဆိုးတကောင်က ဖန်ဆင်းထားသော မကောင်းဆိုးဝါးမှန်း သိထားနှင့်ပြီးမဟုတ်လား။ ထို့ကြောင့် ဒဲမွန်သည် မွေ့ အန္တရာယ်ဖြစ်မည်စိုး၍ ရှေ့ကနေ ဝင်လိုက်ခြင်း ဖြစ်သည်။
အခန်းသည် ခပ်ကျဉ်းကျဉ်းပင်။ ကုတင်မရှိဘဲ၊ သစ်သားကြမ်းပြင်ပေါ်၌ အပေါစားမွေ့ရာတခု ခင်းထားပြီး၊ ထိုမွေ့ရာပေါ်၌ လူမမာ စိုးမြတ်နွယ် လှဲလျောင်းနေ၏။
ဒဲမွန် တခန်းလုံးကို လေ့လာအကဲခတ်လိုက်သည်။ သံသေတ္တာတလုံးနှင့်၊ လိပ်၍ ထောင်ထားသော သင်ဖျာတချပ်ကလွဲ၍ ဘာကိုမျှ မတွေ့ရချေ။ နံရံ၌ အပျိုမလေးတို့ထုံးစံအတိုင်း ကိုရီးယားမင်းသားချောတို့၏ ရုပ်ပုံများကို နေရာအနှံ့ ကပ်ထားလေ၏။
စိုးမြတ်နွယ်အနီးကို မွေ့သုန္ဒရီ ဝင်ထိုင်လိုက်ပြီး၊
" ညီမလေး ဘယ်လိုနေလဲဟင်။ သက်သာရဲ့လား "
စိုးမြတ်နွယ်က သူ၏ အစ်မဝမ်းကွဲ မွေ့သုန္ဒရီကို အားကိုးတကြီး ကြည့်၍ ခေါင်းကို ခါပြသည်။ သူမ၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်များ ပြည့်လျှမ်းနေ၏။ အားငယ် ဝမ်းနည်းနေပုံရသည်။
သဲ့သဲ့မျှသော လေသံငယ်လေးဖြင့် ...
" ညီမလေး မသေချင်သေးဘူး မမရယ် ဟင့်ဟင့် "
သူမလက်ဖဝါးကို မွေ့က ဆုပ်ကိုင်လိုက်သည့်အခါ စိုးမြတ်နွယ်က သူ့မှာ ရှိသလောက်အားလေးနှင့် ပြန်လည်ဖျစ်ညှစ်ရင်း ...
" ညဘက်တွေဆို ညီမလေး အိပ်မက်ဆိုးတွေ အမြဲမက်တယ်။ သူတို့နဲ့ လိုက်ခဲ့ရမယ်တဲ့။ လာလာ ခေါ်နေကြတယ် သိလား။ ညီမလေး ကြောက်လိုက်တာ မမရယ် "
ဒဲမွန်က ထိုစကား ကြားရသည့်အခါ ၊ ဝင်မေးလိုက်သည်။
"ဘယ်သူတွေက လာခေါ်တာလဲ၊ ဘယ်လိုပုံစံလဲ ညီမလေး "
" ခန္ဓာကိုယ်က လူပုံသဏ္ဍာန်ပဲ ...
ဒါပေမဲ့ ခေါင်းက လူခေါင်းမဟုတ်ဘူး၊ သူတို့ ပါးစပ်ကြီးတွေက ... အံမယ်လေး နာလိုက်တာ "
ဒဲမွန်၏ အမေးကို စိုးမြတ်နွယ်က သူမ မှတ်မိသလောက် ဖြေနေရင်း ဝမ်းဗိုက်က မီးစဖြင့် ထိုးသလို နာကျင်လာ၍ ငြီးငြူလိုက်သည်။ စိုးမြတ်နွယ်သည် အဆက်မပြတ် နာကျင်လာဟန်တူ၏။
" အား အမေရေ ၊ ဗိုက်ထဲက ပူလိုက်တာ ၊ မခံနိုင်တော့ဘူး အမေရဲ့"
နာကျင်လွန်းလှ၍ စိုးမြတ်နွယ်က ငြီးငြူသည်။ သူမကြည့်ရသည်မှာ ဆက်တိုက် နာကျင်လာပုံရ၏။ ဒဲမွန်က မွေ့သုန္ဒရီကို လက်တို့ပြီး ..
" မွေ့ ဒေါ်လေးကို သွားခေါ်ပေးလိုက် "
" ဟုတ်ကဲ့ ကိုကို ... စိုးလေး ခဏနော် မမ ဒေါ်လေးကို သွားခေါ်လိုက်အုံးမယ် "
မွေ့သုန္ဒရီ ထွက်သွားသည်နှင့် ဒဲမွန်သည် လျင်မြန်စွာ စိုးမြတ်နွယ်အနီး တိုးကပ်သွားသည်။ ပြီးသော် စိုးမြတ်နွယ်၏ လည်တိုင်ကို ဘယ်ညာစစ်ကြည့်သည်။နီရဲနေသော အကွက်များကို တွေ့ရသည်။
နာကျင်နေသည့်ကြားမှ စိုးမြတ်နွယ်သည် ဒဲမွန်၏ လုပ်ရပ်ကို နားမလည်သလိုဖြင့် ကြည့်နေမိသည်။
ဒဲမွန်က စိုးမြတ်နွယ်၏ တီရှပ်လည်ဝိုင်းစကို အောက်သို့ နှိမ့်ချလိုက်သည်။
" အို ! ဘာ ... ဘာ ... ဘာလုပ်တာလဲ "
အပျိုမလေးခမျာမှာ ရုတ်တရက် ထိုသို့ ပြုမူခံလိုက်ရတော့ နာကျင်နေတာကိုပင် ခေတ္တ မေ့လျော့သွား၏။ ရှက်ရွံသွားရှာသည်။
စိုးမြတ်နွယ်၏ ရင်ညွန့်၌လည်း လည်တိုင်ကဲ့သို့ အနီကွက်များ တွေ့လိုက်ရသည်ည်။ ဒဲမွန် စိုးမြတ်နွယ်အနီးက ခွါလိုက်သည်။
ဒဲမွန် အိပ်ခန်း၏ မျက်နှာကြက် မပါသောခေါင်မိုးတည့်တည့်ကို မော့ကြည့်လိုက်ရာ ...
" ဖျစ် ... ဖျစ် ... ဖရော "
ခေါင်မိုး၌ တွယ်ကပ်နေသော အရိပ်မည်းတခုသည် ရုတ်ချည်းဆိုသလို ထွက်ပြေးပျောက်ကွယ်သွားလေ၏။
ထိုအခိုက်မှာ မွေ့သုန္ဒရီနှင့်အတူ ဒေါ်လေးသိမ့်တို့ အခန်းထဲသို့ ရောက်လာကြ၏။ ဒေါ်လေးသိမ့်က စိုးရိမ်ပူပန်ဟန်ဖြင့် ...
"သမီး ... သမီးလေး ဘာဖြစ်တာလဲ "
ဒေါ်လေးသိမ့်က စိုးမြတ်နွယ် ဘယ်နားနာတာလဲဟု မေးခြင်းဖြစ်ပေမယ့် စိုးမြတ်နွယ်က ဒဲမွန်အား လက်ညှိုးထိုးပြကာ ...
" ကိုကြီးဇော်ရဲ ... သူ ... သူ"
စိုးမြတ်နွယ်မှာ ရှက်ကြောက်နေသဖြင့် စကားကို ရှေ့မဆက်ရဲချေ။ ဒဲမွန်က သွက်လက်စွာဖြင့် ဒေါ်လေးသိမ့်ကို မေးခွန်းထုတ်လိုက်သည်။
" ဒေါ်လေး ခုဏက ဒီအခန်းထဲက မထွက်ခင်၊ အခန်းထဲကို ကြောင်မည်းည်းတကောင် ဝင်လာတာ မြင်မိလား "
မွေ့က ခုမှ သတိရသွားဟန်ဖြင့် ..."အင်း ဟုတ်တယ် အမည်းရောင် ကြောင်တကောင်လေ " ဟု ဖြည့်စွက်မေးလိုက်ပြန်၏။
"ဟယ် ပေါက်ပေါက်ရှာရှာ ၊ ဘယ်ကြောင်မှ ဝင်မလာပါဘူး။ ကြောင်ဆိုတာမျိုးက လူမမာအနား ဘယ်တော့မှ မကပ်ဘူးရယ် "
မွေ့က နားမလည်သလို ဒဲမွန်အား လှမ်းကြည့်သည်။ သူမတို့ နှစ်ယောက်စလုံးက ကြောင်မည်းည်းကို အခန်းထဲ ဝင်သွားတာ တွေ့လိုက်ကြသည်မဟုတ်လား။
ဒဲမွန်က သူတို့ကို ကျောခိုင်းလိုက်ပြီးနောက်၊
" ဒေါ်လေးနဲ့ မွေ့တို့ စိုးမြတ်နွယ်ရဲ့ ကျောမနဲ့ ပေါင်သားတွေကို လှန်ကြည့်လိုက်ပါ "
"ဟင် ဘာဖြစ်လို့လဲ "
" ကျွန်တော် ပြောသလို ကြည့်မှာသာ ကြည့်လိုက်ပါ ၊ ပြီးမှ ဘာလဲဆိုတာ ပြောပါ့မယ် "
မွေ့နှင့် ဒေါ်လေးသိမ့်တို့လည်း ဒဲမွန်ပြောသည့့်အတိုင်း စိုးမြတ်နွယ်၏ ကိုယ်ပေါ်ကို စစ်ဆေးကြည့်ကြသည်။
ကျောမတွင် နီနီရဲရဲ အကွက်များ တွေ့လိုက်ကြသည်။ တခါ ပေါင်ကို လှန်ကြည့်ပြန်ရာ
"ပေါင်မှာတော့ မတွေ့ဘူးနော် ဒေါ်လေး "
"အင်း ကျောပြင်မှာတော့ အများကြီးပဲ "
ဒေါ်လေးသိမ့်က ကျောခိုင်းထားသော ဒဲမွန်အား လှမ်းပြောလိုက်သည်။
" ကျောမမှာတော့ နီနီရဲရဲ အကွက်တွေ တွေ့တယ် မောင်ဇော်ရဲ။ ဟို ... ပေါင်မှာတော့ မတွေ့ဘူး "
"ရပြီ ရပြီ၊ ပြန်ဖုံးလိုက်တော့ ဒေါ်လေး "
ဒဲမွန် သိလိုက်ပြီ။ အပျိုစင်သွေးအား ယဇ်အဖြစ် သောက်သုံးလိုသော နတ်ဆိုးတကောင်က စိုးမြတ်နွယ်အား ချည်းကပ် ပြုစားနေခြင်းသာ။
ထိုကဲ့သို့သော နတ်ဆိုးမှာ ဒဲမွန်တို့ထက် နိမ့်ကျသော နတ်ဆိုးဖြစ်၏။ သို့သော် နတ်ဆိုးဟူသည် သာမန်အားဖြင့်ဆိုလျင် အကြောက်အလန့် ကင်း၏။ သူတို့ သတ်မှတ်ထားသော ယဇ်ကောင်ကို အလွယ်တကူနဲ့ အလျော့ပေးမည်မဟုတ်။
နောက်တခုက ဒဲမွန်သည်လည်း နတ်ဆိုးတို့ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် ဝင်ရောက် စွက်ဖက်ခွင့် မရှိချေ။ သို့ပေမဲ့ ထိုနတ်ဆိုးကို နိုင်သောနည်း၊ ထိုနတ်ဆိုး စိုးမြတ်နွယ်အား လက်လွှတ်ရမည့်နည်းတို့ကို ဒဲမွန် ကောင်းစွာ သိလေ၏။
ဒဲမွန်သည် စိုးမြတ်နွယ်ထံ လျှောက်သွားပြီး၊ စိုးမြတ်နွယ်အနီး ဒူးထောက်ထိုင်ချလိုက်သည်။
ပြီးသော် စိုးမြတ်နွယ်နှင့် မျက်လုံးချင်း ဆုံအောင်ကြည့်၍ ...
" စိုးမြတ်နွယ် ... မင်းအိပ်မက်ထဲက၊ မင်းကို လာလာခေါ်နေကြသူတွေက လူ့ခန္ဓာကိုယ်နဲ့ နုတ်သီးချွန်ပါတဲ့ ငှက်ခေါင်းသဏ္ဍာန်နဲ့ နတ်ဆိုးတွေပဲမဟုတ်လား "
ဒီတခါ စိုးမြတ်နွယ် အံဩသွားဟန်ဖြင့် ...
"ဟင်! ဟုတ် ... ဟုတ်တယ်။ ကိုကြီးဇော်ရဲက ဘယ်လိုသိတာလဲ "
" အဲ့ဒါ အရေးမကြီးပါဘူး ၊ ကဲ မွေ့နဲ့ ဒေါ်လေးသိမ့် ... စိုးမြတ်နွယ်ကို ဆေးရုံ တင်စရာမလိုတော့ဘူး ။
စိုးမြတ်နွယ်ကိုယ်မှာ ဝင်ရောက်ချင်နေတဲ့ အစွဲကို ချွတ်ပေးလိုက်ရင် သူ ပြန်ကျန်းမာလာလိမ့်မယ်။
ဘယ်လို အစွဲချွတ်ရမယ်ဆိုတာကို ကျွန်တော် မွေ့ကို ပြောပြလိုက်မယ်။ ဒေါ်လေးနဲ့ မွေ့က ကျွန်တော် ခိုင်းသလိုသာ တသွေမတိမ်း ဆောင်ရွက်ပေးကြမယ်ဆိုရင် ... "
မွေ့သည် ဒဲမွန်အား ကြည့်၍ အလွန်အံအားသင့်နေသည်။ အရင်က သူမ၏ ချစ်သူသည် ဗေဒင်ကိုတောင် အယုံအကြည် မရှိသူတယောက်။ အခုတော့ ညီမလေးစိုးမြတ်နွယ်ကိုယ်၌ ကပ်နေသော အစွဲကိုပင် ချွတ်ပေးဦးမည်ဆိုလေတော့ ... ။
ဒဲမွန်ကတော့ မွေ့နဲ့ ဒေါ်လေးသိမ့် ဆောင်ရွက်ရမည်များကို သေသေချာချာ မှာနေလေ၏။ တခု ထူးခြားတာက ၊ မွေ့တို့ စိုးမြတ်နွယ်တို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော်လည်း ဇော်ရဲက ကက်သလစ်ဘုန်းတော်ကြီးကျောင်းက ရေစင်သွားယူရန် အတိအကျ မှာနေသည်မဟုတ်လား ။
(ဆက်ရန်)
ပီပီ ၊မန္တလေး၊
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ