ဆေးမင်ရည်စုတ်ထိုး (အပိုင်း ၂၅)
lotaya.mpt.com.mm
|
2023-01-28

Part - 25 

သီလရှင်ကျောင်းထဲ ဆွမ်းကပ်ရန် ပြင်ဆင်နေကြသည့် မြကြည်သာ နှင့် နှင်းဆီပန်းဖူး ။ ပန်းဖူး၏ မေမေ ဒေါ်သူဇာက သာသနာ့ဘောင်အပြီးဝင်ချင်သည်ဆိုတာမို့ ကျောင်းရှိ သီလရှင်ဆရာလေးတွေအကုန် ဆွမ်းလဲကပ် လှူစရာရှိတာလှူရင်း ဒေါ်သူဇာကြီးအား သာသနာ့ဘောင်ဝင်စေသည်။

" ဒကာမလေးကို ဒကာလေးနဲ့ဆို စိတ်ချပါတယ်။ ပစ္စည်းဥစ္စာဆိုတာ သင်္ခါရ ၊ ကိုယ်ချစ်တဲ့လူ တွယ်​တာတဲ့ပစ္စည်း ဘာမှကိုယ့်နောက်မပါဘူးဆိုတာ သိတဲ့နောက်တော့ ကိုယ့်နောက်ပါမယ့်တရားကိုပဲ ပြင်ဆင်ရမယ် မဟုတ်လား။ "

ပန်းဖူးက မျက်နှာမကောင်းသလို မျက်ရည်ကဝဲချင်သည်။ အိမ်ပြန်ရောက်တဲ့အထိ ရင်ထဲဟာတာတာကြီး ဖြစ်နေသလို မေမေ့ကို အိမ်ကနေပဲ တရားအားထုတ်စေချင်ပေမယ့် ကုသိုလ်ကိုတားသလိုဖြစ်မှာစိုးကာ ဆန္ဒပြင်းပြနေသဖြင့် တားလဲမတားရက်နိုင်။

" ကောင်းတာ လုပ်တာပဲ ခင််ရယ်....ဒါပီတိဖြစ်ရမှာပေါ့.....ခင်က ဗုဒ္ဓဘာသာဝင်လေ..... ဗုဒ္ဓဘာသာဝင်ရဲ့ အဓိပ္ပါယ်ကို က ဗုဒ္ဓ မြတ်စွာဘုရား ၊ ဘာသာဆိုတာ စကား......ဘုရားစကားနားထောင်သူဆိုတဲ့အဓိပ္ပါယ်ပဲ....အမေက ဗုဒ္ဓအဆုံးအမအတိုင်း သူ့စိတ် သူ့နှလုံးက အေးချမ်းအောင် ကြိုးစားပြီ။ ကိုယ်နဲ့ ခင်က ခြေရာမနင်းနိုင်တောင် နောက်ကနေ ပါရမီဖြည့်ရမယ်။ "

ပန်းဖူး နားထောင်နေရင်းမှ မျက်ရည်စလေးတွေ သုတ်ဖယ်မိသည်။ ခေါင်းလေးတဆတ်ဆတ် ညိတ်ပြရင်း ကိုယ့်စိတ်ကိုယ်ပြန်ဆုံးမရင်း ငြိမ်နေ၏။ 

ထမင်းဟင်းချက်ရန်ပြင်တော့လဲ မေမေ့ကို ပြေးအောက်မေ့မိသည်။ မေမေက ပန်းဖူးလက်ရာဆို သိပ်ကြိုက်သလို ဟင်းသိပ်ချက်တတ်သည့်အထဲမပါပါ။ အမျိုးသားရဟန်းတော်တို့သည် အသင့်ချက်ပြီးသား ဆွမ်းဟင်းကို အသင့်ဘုဉ်းပေးနိူင်ကြပေမဲ့သီလရှင်များက မတူ။ ကျောင်းတွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ရသလို သီလရှင်များ လိုက်နာရန် အချက် ခုနှစ်ဆယ်အပြင် ကျောင်းတိုက်စည်းကမ်းကရှိသေး၏။ 

မြန်မာလူ့ဘောင် ပတ်ဝန်းကျင်တွင် အမျိုးသမီးများကို ဖေးမကူညီကာ ငဲ့ညှာတတ်ကြပေမယ့် သီလရှင်များကိုမူ မေ့လျော့နေခဲ့ကြသည်။ ရှင်ပြုခြင်းက မြတ်သလို နားသခြင်းမှာလဲ ကျက်သရေတိုးစေပါသည်။ ဆရာတော်ကြီးတွေကို အနာဂါတ်ကာလမှာ ဖူး​မြော်ကြည်ညိုချင်လျှင် သာမဏေငယ်လေးတွေကို ပျိုးထောင်ဂရုစိုက်ပေးကြရမည်ဖြစ်သလို ဘာသာရေးတွင်လဲ ' ဒါနဆန်ပါရှင် ' ဆိုသည့် အသံစာစာလေးတွေကို အထိုက်အလျောက် လေးစားသင့်ကြသည်။ 

ပန်းဖူး အတန်ကြာငိုင်နေရင်းမှ ....

" အစ်ကို......"

မြကြည်သာ ပန်းဖူးကို ငဲ့ကြည့်လိုက်မိတော့ သူ့ကို ငေးငေးလေးကြည့်ရင်း...

" ပန်းဖူးတို့ ယာခင်းလေ.....နှစ်ဧကလောက်ကို လှူချင်တယ်။ "

ဟုတ်သည်....။

လယ်နှစ်ဧကမှ ရသည့်အမြတ်ငွေမှန်သမျှကို ပန်းဖူးက သက်သက်ဖယ်ကာ သီလရှင်ကျောင်းကို အမြဲလှူသည်။ ဝတ္ထုငွေထက် လိုအပ်သည်မှန်သမျှ လှူသည်။ ဆွမ်းဆိုလဲ သီလရှင်ကျောင်းကို အမြဲပို့သလို မနက်ရွာဦးကျောင်းမှ ဆွမ်းခံကြွလျှင်လဲ တစ်ရက်မပျက် သေချာချက်လောင်းသည်။

ဒေါ်ညွန့်ကြည် က သူ့ချွေးမ သူ အတော်ချစ်သလို အမွေတောင် မြအေးရီနဲ့ ပန်းဖူးကိုပဲ ပေးသည်အထိ။ ချွေးမက လိမ္မာသိတတ်တော့ စိတ်ချမ်းသာရသလို ပန်းဖူးကလဲ ကိုယ့်အမေလိုပင် သဘောထားသည်။ မေတ္တာဆိုတာ ရောင်ပြန်မဟပ်လျှင်တောင်မှ ကိုယ့်မေတ္တာမှန်လျှင် ကုသိုလ်ဖြစ်သည် မဟုတ်လား။

@@@@@@@@@@

သင်္ကြန်ရောက်ခါနီးပြီမို့ မြို့ပေါ်ပစ္စည်းတက်ဝယ်တဲ့သူတွေဆီ ရေသေနတ် ၊ သင်္ကြန်ပန်းကူံးတွေက မပါမဖြစ်ပင်။ မြကြည်သာထောင်ထားတဲ့ ကားလိုင်းကလဲ ဆွဲလို့အဆင်ပြေသလို အခုဆို ကားပေါ်လိုက်လာသည့် ခရီးသည်တိုင်း ရေပြွတ်တွေတကိုင်ကိုင်မို့ မြကြည်သာလဲ နီးရာဆိုင်ကနေ သင်္ကြန်ပန်းကူံး နဲ့ ရေပြွတ်ဝယ်ချလာ၍ ကားပေါ်တက်လာ၏။

" ကိုကြည်သာကြီး.....အဲ့ဆော့စရာတွေက ဘာလုပ်မို့တုန်း။ "

ကားပေါ်ထိုင်နေရင်းမှ လှမ်းမေးလိုက်သည့် အေးမိစကားကြောင့် မြကြည်သာက ထုံးစံအတိုင်း ဘုပြန်တော၏။

" ဆော့စရာကို ဘာလုပ်လို့ရသေးလို့တုန်း.....ဆော့မလို့ပေါ့ဟ။ "

" မောင်ကြည်သာ နင့်အိမ်မှာ ကလေးမှမရှိတာ.....ဘယ်သူဆော့ဖို့တုန်း။ နင့်တူမ ချစ်ရင်ထူးသမီးလေးလား။ "

" အာ.....ဘယ်ကသာ အရီးရယ်။ ခင့်အတွက်ပါဗျ.....ခင် ဆော့ရအောင်လို့။ "

" အလို!  ကလေးမဟုတ်ဘာမဟုတ်ကိုကြည်သာရယ်။ "

အေးမိနဲ့ ကားပေါ်ရှိ ခရီးသည်တွေက တခွိခွိထရယ်တော့ မြကြည်သာ ကျွဲမြီးတိုသွားရသည်။ 

" အံမာ....ငါ့မိန်းမက ငါ့အတွက်တော့ ကလေးလေးပဲဟဲ့...ညည်းတို့ကပဲ ခုနှစ်သံချီ လှောင်ရယ်ရတယ်ရှိသေး....အေး....အဲ့လို ပါးစပ်က နောက်​စေ့ရောက်အောင်များများရယ် ဒါကြောင့်လင်မရကြတာ။ "

အမ်!

အေးမိ မျက်နှာက စူပုတ်သွားသလို စိတ်ထဲက မေတ္တာတွေ အလုံးလိုက်အတစ်လိုက်ပို့ပစ်၏။ ကြည့်နေပါ ရွာရောက်တာနဲ့ သူ့မိန်းမကို ​ပြေးချွန်ပစ်မည်။ 

ပန်းဖူး ခြံထဲရှိကွပ်ပျစ်ပေါ်ထိုင်ရင်း ရှောက်သီးသုပ်တစ်ဇွန်းခပ်စားလိုက်သည်။ ခြံဝိုင်းထဲဝင်လာသည့် မြကြည်သာလက်ထဲမှ ရေပြွတ်တွေ ပန်းကုံးတွေမြင်တော့ မျက်လုံးလေးဝိုင်းသွားရင်း...

" အစ်ကို့....ဒါတွေက ဘာလုပ်ဖို့လဲ ။ "

" သြော်..... ခင် ဆော့ဖို့လေ။ "

" အို....ပေါက်ပေါက်ရှာရှာအစ်ကိုရယ်။ "

ထိုစဉ်ခြံရှေ့မှ ထွက်သွားသည့်အေးမိက လှမ်းအော်ရင်း ထွက်ပြေးသွားသည်။

" ပန်းဖူးရေ.....ကိုကြည်သာကြီး ကားပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ အီနေတယ် သိလား။ "

ပန်းဖူး မျက်စောင်းက ဒိုင်းခနဲ မြကြည်သာဆီ ရောက်လာ၏။

" ဟာ....ပေါက်ကရတွေ.....မဟုတ်ပါဘူး ခင်ရယ်။ "

" ရှင်ကြီးနော် သတိထားနေ....။ "

မြကြည်သာ ကွပ်ပျစ်ပေါ် ဝင်ထိုင်ရင်းမှ...

" ခင်ကလဲကွာ...ပေါက်တတ်ကရ။ သူ့ကို ကားပေါ်မှာ ဟောက်ထုတ်လိုက်လို့ ပြန်ချွန်တာ။ ဒါနဲ့ ရှောက်သီးသုပ်တွေ စားနေတယ်ဆိုတော့ အဟဲ....ဟဲ။ "

" ဘာအဟဲဟဲလဲ....မမရီလာပို့သွားတာ။ ကြာဆံချက်လဲပါတယ်.....ဒီမှာ ချဉ်လို့ စားတောင်မစားနိုင်ဘူး...."

မြကြည်သာ တစ်ဇွန်းခပ်စားကြည့်ရင်းမှ.....

" ကောင်းပါတယ် မိန်းမရဲ့......ထမင်းလေးယူခဲ့ပါဦး။ "

မြကြည်သာပြောလဲပြော နောက်တစ်ဇွန်းခပ်စားကာ ရေနွေးငှဲ့လိုက်သည်။ ပန်းဖူးက အိမ်ထဲဝင်သွားကာ ထမင်းသွားယူသလို သိပ်မကြာလိုက် ထမင်းပန်းကန်လေးယူကာ ပြန်ထွက်လာ၏။ 

ကွပ်ပျစ်ဆီလျှောက်လာရင်း ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရသလို မြင်ကွင်းတွေက အနည်းငယ်စောင်းကျသွားသလို ထင်လိုက်ရ၏။

" အ...အစ်ကို....မူး.....မူးလိုက်တာ။ "

မြကြည်သာ ကပျာကယာ ကွပ်ပျစ်ပေါ်မှ ပြေးဆင်းလာသလို ပန်းဖူးကလဲ နှစ်လှမ်းလောက်ထိန်းလျှောက်လာပြီး အနားရောက်လာသည့် မြကြည်သာလက်ကိုဖမ်းဆွဲရင်း ပစ်လဲကျသွားသည်မို့ မြကြည်သာ အမြန်ဆွဲဖမ်းပွေ့လိုက်ရသည်။

" ခင်... ခင့်......"

" ဟဲ့...ဟဲ့ ဘာဖြစ်ကြတာလဲ။ "

တစ်ဖက်အိမ်မှ မြင်လိုက်ရသည့် မမူတို့က ပြေးလာကြသလို ပန်းဖူးကို ယပ်ခတ်ပေးကြ သံပုရာသီးလေးနှာသီးဝတေ့ပေးနှင့် သတိပြန်ရလာတော့ ဒေါ်ညွန့်ကြည်က ဘယ်လိုသိသည်မသိ ကျေးလေးဆေးပေးခန်းမှ ဆရာဝန်ခေါ်ပြီး ​ရောက်ချလာသည်။ 

" ဟုတ်တယ်ဗျ ကိုကြည်သာရ.....ခင်ဗျားမိန်းမမှာ ကိုယ်ဝန်ရှိနေပြီ။ "

ကဲ.....တွေ့ကြပြီပေါ့လေ။

@@@@@@@@@@@@

မြအေးရီ လက်ထဲနွားနို့ပုလင်းလေးကိုင်ကာ မြကြည်သာတို့ အိမ်ဘက်ထွက်လာခဲ့သည်။ ခြံဝိုင်းထဲ ဝင်ရုံရှိသေး မြင်လိုက်ရသည့် စာတန်းလေးကြောင့် မျက်မှောင်လေးကျုံမီသွားရသည်။ ခြံဝိုင်းဝတွင် စာရွက်ဖြင့်သေချာကပ်ထားခြင်းပင်။

! အိမ်ထဲတွင် ကိုယ်ဝန်ဆောင်ရှိသည်။!

ဘာလဲဟ။

ခြံဝိုင်းထဲဝင်လာရင်းမှ အိမ်ထဲဝင်ရန်ပြင်တော့ ထပ်မံတွေ့သည့် စာတန်းလေးက....

! သွားသတိ လာသတိ!

ဟင်....ဘာပါလိမ့်။

" ပန်းဖူးရေ.....ပန်း....ဟမ် "

အိမ်၏ ဧည့်ခန်းမှာ ကပ်ထားသည့် စာရွက်နောက်တစ်ရွက်။

! သတိ....ဆူညံခြင်းမပြုရ။ ကလေးလန့်မည်။!

မြအေးရီ ဟုတ်သားဟု တွေးမိရင်း အသံခပ်အုပ်အုပ်လေးဖြင့် တိုးတိုးပြောင်းခေါ်သည်။

" ပန်း ဖူး ရေ.....ပန်းးးးဖူး "

ဘယ်ကြားမလဲ....လေသံလေးနဲ့ခေါ်နေရတာကိုး။ မြအေးရီ အိမ်နောက်ဖေးပဲ ကိုယ်တိုင်ဝင်ကြည့်ရန် မီးဖိုးချောင်ဘက် ကွေ့ဝင်ရန်ပြင်ရုံရှိသေး ထပ်တွေ့ရသည့် စာရွက်။

! ကိုယ်ဝန်သည် လာမလာ အရင်ခေါင်းပြူကြည့်ပါ။!

သြော်....ဒါလဲ ဟုတ်တာပဲ။ မတော်တဆ ဗိုက်နဲ့တိုက်မိရင် ဒုက္ခ။ မြအေးရီ ခေါင်းလေးအရင် ထွက်လာကာ ချောင်းကြည့်၏။

" မမ....ဘာလုပ်နေတာလဲ ။ "

နောက်ပါးမှ အသံကြောင့် ကြည့်မိတော့ ပန်းဖူး။ ဗိုက်က သိပ်မထွက်သေးပေမယ့် ပူခါစတော့ဖြစ်နေပြီ။

" ဒီစာရွက်တွေက ဘာလုပ်တာလဲအေ...."

ပန်းဖူး သက်ပြင်းလေးချရင်းမှ.....

" မမရီမောင်လက်ချက်လေ....ပန်းဖူးလဲ စားကောင်းခြင်းမစားရပါဘူး မမရယ်။ "

" ဟင်....ဘာလို့လဲ။ "

ပန်းဖူး မေးလေးဆတ်ပြလိုက်၏။

! စားသတိ သောက်သတိ!

" ဟယ်......ရူးများနေသလားပဲ။ "

မြအေးရီက သူ့မောင်သူ မှတ်ချက်ပေး၏။ သိပ်မကြာလိုက် မြကြည်သာတစ်ယောက် အိမ်နောက်ဖေးက ပျာယီးပျာယာထွက်လာသည်။

" အမလေး.....အိမ်သာတက်ရတာ စိတ်မဖြောင့်ချက်။ ခင့်.....ဘာဖြစ်သေးလဲ။ "

" ဘာမှမဖြစ်လို့ ဒီတိုင်းထိုင်နေတာပေါ့။ "

ပန်းဖူးက ကြည့်မရစွာ ဘုတော၏။ ဟုတ်သည်လေ....လူက အစားစားတောင် ဖြည်းဖြည်းချင်းမျိုချခိုင်းတာ စားကောင်းခြင်းကိုမစားရ။ ကြာတော့ ကြည့်လို့ကိုမရတော့။ ကိုယ်လဲ ကလေးရမှာ ပျော်ပါသည်....သူ့ကျ မိန်းမကြီးလို နေရာတကာပွစိပွစိ။ 

" ကဲ....ရော့ ရော့ နွားနို့။ ငါပြန်ပြီ....။ "

မြအေးရီက ပြန်ရင်း အမေ့အိမ်ဝင်၍ အကြောင်းစုံပြောပြကာ ဖောက်သည်ချသည်။ အကုန်နားထောင်ပြီး ဒေါ်ညွန့်ကြည် က တစ်ခွန်းထဲ ထပြော၏။

" ငါ့သား မှန်တယ်....."

အေးလေ....သားအမိနှစ်ယောက်က ဒီကလေးဘယ်လောက်မျှော်ထားကြသလဲ သိသိနှင့် ပြောမိတာ ကိုယ့်အမှား။

@@@@@@@@@@@@@@@@@@@@@

To be continue P - 26 ( Final part )

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..