Sale မမ
lotaya.mpt.com.mm
|
2023-02-03

ရုံးကိုရောက်တော့ စားပွဲပေါ်မှာ ကော်ဖီမစ်ထုပ်တစ်ထုပ်ကို တွေ့၏။ မနက်အိမ်ကထွက်လာကတည်းက မုန့်ဟင်းခါးတစ်ပွဲပဲ စားရသေးပြီး လက်ဖက်ရည်မသောက်ခဲ့ရသေး။ အခုတော့ ကော်ဖီထုပ်တစ်ထုပ်တွေ့ပြီဆိုတော့ ရေကန်အသင့်ကြာအသင့်ပင်။ အမှန်အကန်ရေနွေးနှင့်ဖျော်ပြီး သောက်ဖို့ဟန်ပြင်နေစဉ် ..

“မောင်လေး .. အဲဒါ တစ်ထုပ် လေးရာနော်”

“ဗျာ ..”

“အော် .. အဲဒါ အစ်မရောင်းနေတဲ့ ကော်ဖီလို့။ တစ်ထုပ်လေးရာလို့”

သွားပြီဆိုတာ သူသိလိုက်သည်။ နှစ်ရာတန်ကော်ဖီကို လေးရာနှင့် အရောင်းခံလိုက်ရပြီ။ ရုံးရှေ့လမ်းတစ်ဘက်ကူးလိုက်လျှင် ကော်ဖီတစ်ထုပ်နှစ်ရာနှင့်ရ၏။ သို့သော် အခုတော့ လေးရာထွက်သွားလေပြီ။

ရုံးမှာ Sale & Marketing က အစ်မ တစ်ယောက်ရှိသည်။ သူက ကုမ္ပဏီရဲ့ Product တွေကလွဲရင် အကုန်ရောင်းသည်လို့ ဆိုရမည်။ တစ်လတစ်လ Target မမှီလို့ ခဏခဏအဆူခံရပေမဲ့လည်း သူကတော့ ကုမ္ပဏီရဲ့ Product တွေကလွဲရင် အကုန်ရောင်းနေဆဲပဲ။

“ညီမလေး ဒီအပတ် အွန်လိုင်းမှာတွေ့တဲ့ ကောင်လေးနဲ့ First Date သွားမလို့ဆို”

သတင်းအနံ့ခံတာကလည်း FBI ကပင် အရှုံးပေးရလောက်သည်။

“ဟင် .. အစ်မက ဘယ်လိုသိတာလဲ”

“ဒီလိုပဲပေါ့”

“အစ်မက ဘာလုပ်မလို့လဲ”

“ဘာမှမလုပ်ပါဘူး .. ညီမလေးအတွက် First Date မှာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြချင်လို့”

“အင်းပြောပြလေ အစ်မ”

“ဒီလို ညီမရဲ့ … ကိုယ်နဲ့လူချင်းမဆုံသေးဘူးဆိုတော့ ပထမဆုံးတွေ့ဆုံမှုက အရမ်းအရေးကြီးတယ် အဲဒီတော့ ကိုယ့်ကို လုံးဝအထင်မသေးဖို့ဆိုရင် အနံ့က အရေးကြီးဆုံးပဲ”

“ရှန် … “

“ဟုတ်တယ် ငါ့ညီမ .. ရေမွှေးကောင်းကောင်းဆွတ်သွားဖို့လိုတယ်။ အခု ညီမ ဘာရေမွှေးသုံးနေလဲ”

“ညီမ အခုသုံးနေတာ xxxx ပါ”

“အာ .. အဲဒီအနံ့က ရုံးသွားရုံးပြန်ပဲ ကောင်းတယ် ငါ့ညီမ..
ယောကျာ်းလေးတွေကို ဆွဲဆောင်နိုင်ဖို့အတွက် အထူးထုတ်ထားတဲ့ ရေမွှေးတွေရှိတယ်လေ ညီမလေး မသိဘူးလား”

ကောင်မလေးက ခပ်ရိုးရိုးဆိုတော့ ရေမွှေးအကြောင်းတွေ သိပ်နားမလည်။

“မဖြစ်ပါဘူး …ငါ့ညီမအတွက် အစ်မ ရေမွှေးကောင်းကောင်းလေး ကူရှာပေးမှာပါ”

“ဟုတ် အစ်မ ကူညီပါနော်..”

“ညီမလေး .. အရမ်းကံကောင်းတယ်သိလား … ဟိုတလောက အစ်မ သူငယ်ချင်း ပြင်သစ်ကနေ ပို့လိုက်တဲ့ ရေမွှေးတပုလင်းရှိတယ်။ အဲဒါလေး ပြန်ယူလိုက်။ အစ်မ က ရည်းစားရှိတော့ သုံးစရာမလိုတော့လို့”

“ဟုတ် .. ဘယ်လောက်လဲ .. အစ်မ”

“လက်ရှိ အဲဒီရေမွှေးတန်ဖိုးက တစ်သိန်းရှစ်သောင်းလောက်ရှိတယ်။ ညီမလေးကို ခင်လို့ တစ်သိန်းခွဲနဲ့ပေးလိုက်မယ်လေနော်”

“ရှန် .. တစ်သိန်းခွဲတောင်လား .. အဲဒီလောက်ကြီးတော့ မတတ်နိုင်ပါဘူး အစ်မရယ်”

“အော် .. ငါ့ညီမရယ် .. ဒီလူနဲ့ဒီလူကို မတတ်နိုင်ဘူးပြောစရာလား … အခုတတ်နိုင်သလောက်ပေး .. ကျန်တာ နှစ်လလောက်ခွဲပေးလိုက်ပေါ့”

ဒီလောက်ဆိုလျှင် Sale မမ ရဲ့ စကေးတွေကို သိလောက်ပြီထင်သည်။ ဒါက သူ့အတွက် ပါးပါးလေးပင်။ လူ့တစ်ကိုယ်ရည်သုံးတဲ့ ပစ္စည်းတွေကို ကိုယ်နှင့်မကွာဆောင်ထားတတ်သည်။ သူလွယ်တဲ့ လည်သာအိတ်ကြီးထဲမှာ ပစ္စည်းတွေ စုံပလုံနေအောင်ရှိ၏။ အဲဒါကြောင့် သူ့ရှေ့မှာ ဘာမှမလိုအပ်ရဲ။ တစ်ခုခုလိုအပ်ကြောင်းပြောလိုက်တာနှင့် Sale မမ ဆီမှာ တစ်ခုခုအရောင်းခံဖို့ သေချာသလောက်ပင်။

“မောင်လေး မျက်နှာလည်း မကောင်းပါလား .. ဘာဖြစ်လို့လဲ”

ထမင်းအတူတူစားနေကြရင်း ရုံးကကောင်လေးတစ်ယောက်က မျက်နှာမသာမယာဖြစ်နေသည်။ ဒါကို သတိထားမိတဲ့ Sale မမ က မေးလိုက်ခြင်းဖြစ်၏။ ကောင်လေးက တော်တော်နှင့်ပြန်မဖြေ။ အဲဒီအချိန်မှာ ကြားထဲက တစ်ယောက်က ..

“အသည်းကွဲနေတာလေ .. ကောင်မလေးက ပစ်သွားလို့”

“အော် .. ငါ့မောင်ရယ် … ဘယ်လိုဖြစ်ရတာလဲ .. အသည်းကွဲလည်း ထမင်းလေးတော့ စားပေါ့”

ကောင်လေးက …

“အစ်မ ဘာမှ မမေးနဲ့ဗျာ .. အစ်မဆီက ဘာမှမဝယ်ချင်ဘူး”

“အော် .. ဒီကလေးနှယ် .. ဒီနေ့ အစ်မမှာ ဘာမှရောင်းစရာမပါပါဘူး”

“သေချာတယ်နော်”

“သေချာပါတယ်”

အဲဒီတော့မှ ကောင်လေးက …

“သူ နောက်တစ်ယောက်ရသွားပြီဗျ.. “

ကောင်လေးက ပြောရင်း မျက်ရည်တွေဝေ့တက်လာ၏။ Sale မမ က အပီအပြင်ကို စာနာပြနေသည်။ ကောင်လေးကလည်း သူနဲ့သူ့ကောင်မလေးနဲ့ဘယ်လောက်ထိချစ်ကြောင်း၊ အချိန်တွေလည်းကြာပြီဖြစ်ကြောင်း၊ ဒီရက်ပိုင်းကျမှ စကားနည်းနည်းများပြီး အဆက်အသွယ်ခဏပြတ်သွားကြောင်း၊ သူ့ဘက်က ပြန်ဆက်သွယ်ချိန်မှာ နောက်တစ်ယောက်ရသွားပြီလို့ပြောပြီးသူ့ကိုဖြတ်လိုက်ကြောင်း သေချာရှင်းပြလေသည်။

ထမင်းအတူစားနေကြသူတွေကလည်း တစ်ယောက်တစ်မျိုးအကြံပေးကြသည်။ အခုပြောနေကြသည့် အကြောင်းအရာတွေထဲမှာလည်း ရောင်းစရာဘာတစ်ခုမှ မပါ။ ဒါကြောင့် အားလုံးကလည်း Sale မမ ရဲ့ ရန်က လွတ်ပြီလို့ တွေးထားကြသည်။

ဒါပေမဲ့ …

“မောင်လေး … ဒါလေး ဆောင်ထားလိုက်ပါလား”

“အဲဒါ ဘာလဲ..”

“သူက သေချာအစီအမံနဲ့လုပ်ထားတဲ့ အဆောင်”

“ကျနော် အဲဒါတွေ မယုံဘူး”

“သိတယ် .. ငါ့မောင် မယုံဘူးဆိုတာ သိတယ်။ အစ်မလည်း မယုံဘူး”

“အဲဒါဆို ဘာလို့ လာပေးနေတာလဲ”

“မပေးပါဘူး။ ဒါက .. အစ်မ ကိုယ်နဲ့မကွာဆောင်ထားတဲ့ဟာ”

“အစ်မပြောတော့ မယုံဘူးဆို”

“ဟုတ်တယ် .. အဲဒါကိုပဲ ပြောချင်တာ .. အစ်မလည်း အစက မယုံဘူး။ တစ်ရက်မှာ မောင်လေးလို ဖြစ်ပုံမျိုး အစ်မ ကြုံခဲ့ရဖူးတယ်။ အဲဒါ ဒီအဆောင်ကိုပေးတဲ့ဆရာက .. ဒါကို ယူထားလိုက်… နင့်ချစ်သူပြန်မလာရင် ငါ့ကို တပြားမှာ မပေးနဲ့။ တကယ်လို့ ပြန်လာတယ်ဆိုရင်တော့ ရတနာငါးပါးဦးထိပ်ထားပြီး ငွေ ငါးသောင်းပဲလာပေးလို့ပြောပြီးပေးလိုက်တာ”

“အဲဒီတော့ ..”

“အစ်မလည်း မယုံမရဲနဲ့ ယူလာခဲ့တာ …ဒါကို ဆောင်ပြီး ငါးရက်ပဲကြာတယ် အစ်မ ချစ်သူပြန်ရောက်လာခဲ့တယ်။ လာတာတောင်သူ့ဘက်က တောင်းပန်ပြီး ပြန်လာတာနော်… အဲဒီတော့မှ အစ်မလည်း ယုံသွားတာ”

“အလကားဂျင်းတွေ”

“အစ်မ .. တစ်ရုံးထဲသားချင်း ဂျင်းမထည့်ပါနဲ့”

“နင်တို့ ယုံချင်ယုံမယုံချင်နေအေ.. ဒီက ငါ့မောင် ခံစားနေရတာမကြည့်ရက်လို့ပေးတာ .. ဒါလေး ယူထားဖို့ ဘာတွေခက်ခဲနေတာလဲ .. ကိုယ့်ချစ်သူပြန်လာခဲ့ရင် .. ပိုက်ဆံလေး ငါးသောင်းလောက်ပေးရတာတောင် တန်တယ်မထင်ဘူးလား”

အဲဒီအချိန်မှာ တစ်ယောက်က ..

“ဟေ့ကောင် … ဒီအချိန်မှာ ကောက်ရိုးတမျှင်မျှော်လင့်ချက်ရှိလည်း မင်းဆွဲရမှာပဲ..။ ယူထားလိုက်ကွာ .. မင်းကောင်မလေးနဲ့ပြန်အဆင်ပြေတော့လည်း ပိုက်ဆံလေး ငါးသောင်းလောက်တော့ တန်ပါတယ်ကွာ”

ဒီလိုနှင့်  အသည်းကွဲနေတဲ့ကောင်လေးကလည်း အဲဒီအဆောင်ကို ယူထားလိုက်သည်။

နောက်တစ်နေ့မှာတော့ အဲဒီလိုအဆောင်တွေ အများကြီး ထပ်ယူလာသည်။

“ဒါတွေက ဘာလုပ်ဖို့လဲ”

“ရောင်းဖို့လေ”

“ဘယ်သူက ဝယ်မှာမို့လို့လဲ”

“ဒီအဆောင်မဝယ်တဲ့သူက ရည်းစားမရှိတဲ့သူပဲဖြစ်လိမ့်မယ်”

တစ်ရုံးလုံးက အဲဒီအဆောင်ကို စိတ်မဝင်စား။ ဒါပေမဲ့ နောက်သုံးရက်ကြာတော့ …

“ကျေးဇူးတင်လိုက်တာ .. အစ်မရယ် .. အစ်မအဆောင်ကြောင့် ကျနော်တို့ ပြန်ပြေလည်သွားပြီ… ဒီမှာ ဝမ်းသာလွန်းလို့ ကျနော် ပိုက်ဆံလာပေးတာ”

အဲဒီ သတင်းက တစ်ရုံးလုံးကို တမဟုတ်ချင်းပျံ့နှံ့သွားသည်။ ရုံးထဲက ယောကျ်ားလေးတွေကတော့ သိပ်ပြီးစိတ်မဝင်စားပေမဲ့ .. အမျိုးသမီးတွေကြားမှာတော့ .. တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုးနှင့် ..

“ဟဲ့ … အဲဒီအဆောင်လေး ဝယ်ထားရင် ကောင်းမယ်နော်”

“အေး .. ငါလည်း စဉ်းစားနေတာ”

“ဘာပဲဖြစ်ဖြစ် ဟိုကောင်လေး ပြန်ပြေလည်သွားတာ လက်တွေ့ပဲကို”

“အေးဟာ … ငါတော့ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ”

အဲဒီလိုနင့် အချစ်ရေးအဆင်ပြေစေတဲ့အဆောင်ဆိုပြီး ရောင်းလိုက်တာ .. သုံးရက်အတွင်းကို ၁၅ခုလောက်ရောင်းလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် ဒီလတော့ ကုမ္ပဏီ Target မထိပေမဲ့ သူ့ Target တော့ ထိသွားပြီလို့ဆိုရမည်။ အဲဒီအဆောင် စွမ်းစွမ်းမစွမ်းစွမ်း သူနှင့်မဆိုင်တော့။ ဒီလို အဆောင်ကို ရောင်းဖို့အတွက် .. Sale မမ ရဲ့ အကြံတွေက လက်ဖျားခါလောက်စရာပင်။ ဘာဖြစ်လို့လည်းဆိုတော့ … လွန်ခဲ့တဲ့ ခြောက်ရက်လောက်က .. အချိန်ကို ပြန်သွားလိုက်ရင် ရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မည်။

လွန်ခဲ့တဲ့ ခြောက်ရက်ခန့်က..

အခုတလော ဘာမှ မရောင်းရလို့ သူ့အတွက်အဆင်မပြေ။ စိတ်ညစ်ညစ်နဲ့ဖုန်းပွတ်နေတုန်း .. ရုံးကကောင်လေးတစ်ယောက် အသည်းကွဲပို့စ်တစ်ခုတင်ထားတာတွေ့လေသည်။ အဲဒါနဲ့ မိန်းမတို့သဘာဝအတိုင်း အဲဒီကောင်လေးအကောင့်ထဲဝင်စပ်စု၊ ပြီးတော့ သူ့ကောင်မလေးဘယ်သူဆိုတာ ဝင်စုံစမ်းပေါ့။ ပြီးတော့ သိပြီဆိုတာနဲ့ မက်ဆင်ဂျာက စာသွားပို့၊ အစ်မက ညီမ ကောင်လေး ရုံးက အသိပါ။ အခုတလော အဲဒီကောင်လေး တမှိုင်မှိုင်တတွေတွေနဲ့ အသည်းကွဲနေတယ်ဘာညာဆိုပြီး ဝင်လုံး၊ ကောင်မလေးကလည်း ကောင်လေးကို စိတ်မပြတ်တော့ ရင်ပြန်ဖွင့်။ အဲဒီလိုနဲ့ သူက အဲဒီကောင်မလေးကို အကြံတွေပေးတာပေါ့။ နောက်ဆုံးပေးခဲ့တဲ့ အကြံကတော့ ..

“ညီမလေး . .. သူ့ကို ဖြတ်လိုက်။ ညီမလေးဆီမှာ နောက်တစ်ယောက်ရှိနေတယ်လို့ပြောပြီး ဖြတ်လိုက်”

“ဖြစ်ပါ့မလား .. မမရယ်..။ ညီမလေး သူ့ကို မပြတ်နိုင်ဘူး”

“စိတ်ချစမ်းပါ ညီမလေးရယ် .. ညီမကောင်လေး ညီမကို အရင်ကထက် ပိုချစ်လာစေရမယ်”

ကဲ .. ဒီလောက်ဆို သဘောပေါက်လောက်မယ်ထင်သည်။ အဆောင်ရဲ့ နောက်ကွယ်က လက်မဲကြီးက Sale မမ ကိုယ်တိုင်ပင်။ အဲဒီအကြောင်းတွေကိုလည်း နောက် ၂လလောက်နေမှ သိကြရခြင်းဖြစ်သည်။ အဲဒီအချိန်မှာတော့ … Sale မမ က အခြားတစ်ခုကို ရောင်းဖို့ပင်ကြံစည်နေပြီပဲ ဖြစ်သည်။

သူရောင်းနေတာကတော့ …

“ဒီလို ညီမလေးရဲ့ … လိပ်ပြာလှမှ ယောကျ်ားလေးတွေက ချစ်ကြတာ”

ခြူသစ်မောင် 

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory

#LTY_ChuThitMg




Some text some message..