" ဒါဆိုရင် ... အဲ့ဒီ စိုးမြတ်နွယ်ဆိုတဲ့ ကောင်မလေးကို ဒဲမွန်တို့ ကယ်နိုင်ခဲ့လား "
" အင်း စိုးမြတ်နွယ်ရဲ့ ကိုယ်ခန္ဓာကို လိုချင်နေတဲ့ နတ်ဆိုးကို စိုးမြတ်နွယ်ကိုယ်ကနေ ငါတို့ နှင်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ... အဲ့ဒါတွေကို အစအဆုံး ကူညီလုပ်ကိုင်ပေးခဲ့တဲ့၊ စိတ်နှလုံး သိမ်မွေ့နူးညံ့တဲ့ ငါ့ချစ်ရတဲ့ မွေ့သုန္ဒရီကိုတော့ ငါ မကယ်တင်နိုင်ခဲ့ဘူး ဇာနည် "
" ဟာ! ဘယ်လိုဖြစ်တာလဲ။ မွေ့သုန္ဒရီက ဘာဖြစ်သွားတာလဲ "
" ဒီလိုကွ ဇာနည်ရ ။ စိုးမြတ်နွယ်ကိုယ်ပေါ်က နတ်ဆိုးကို နှင်တဲ့နေရာမှာ၊ ငါ ဝင်ပါလို့မရဘူး။အဲ့ဒီတုန်းက ဘုန်းတော်ကြီး ' ဖာသာ ဆိုးရော့ 'နဲ့ မွေ့တို့ တူအရီးပဲ စိုးမြတ်နွယ် အခန်းထဲမှာ ရှိကြတယ်။ ငါရှိနေရင် 'ဖာသာဆိုးရော့' က ငါဟာ နတ်ဆိုးတကောင်ဆိုတာ သိသွားလိမ့်မယ်မဟုတ်လား။
'ဖာသာဆိုးရော့ ' ကသာ ငါက နတ်ဆိုးပါလို့ မွေ့ကို ပြောပြလိုက်ရင်၊ မွေ့ ငါ့ကို မုန်းသွားလိမ့်မယ်လေ။ ငါ့ကို မွေ့က မုန်းတီးသွားမှာ ငါ သိပ်ကြောက်တယ်။
ဒါကြောင့် ... ငါက စိုးမြတ်နွယ်ကိုယ်ပေါ်က နတ်ဆိုးနှင်တဲ့အချိန် တခြားမှာ ရှောင်နေခဲ့တယ်။ ရှောင်တယ်ဆိုတာကလဲ အဲ့ဒီအိမ်အနီးမှာပါ။ အဝေးကြီး ထွက်မသွားပါဘူး"
ဇာနည်က ဖြတ်မေးလိုက်၏။
"ဒါဖြင့် မွေ့သုန္ဒရီက ဘာဖြစ်သွားတာလဲ "
ဒဲမွန်က သူ့အပြစ်ကို ဝန်ခံခဲ့သည်။
" ငါ ညံ့ခဲ့တယ်လို့ ပြောရလိမ့်မယ် ဇာနည်။ ငါဟာ နတ်ဆိုးတကောင် မလုပ်သင့် မလုပ်အပ်တဲ့ လူသားတယောက်အပေါ် ချစ်ခြင်းမေတ္တာတရားထားမိခဲ့လေတော့ ...
ငါ့ဆီက နတ်ဆိုးစွမ်းအင်ဟာ အတော်လေး လျော့ပါးအားနည်းနေခဲ့တယ်။ ဒါကို ငါက လျစ်လျူရှု့ခဲ့မိတယ်။ မွေ့ကိုပဲ ချစ်နေရရင် ကျေနပ်နေမိခဲ့တယ်ပေါ့ကွာ။
တကယ်တော့ စိုးမြတ်နွယ်ကိုယ်ပေါ်မှာ ပူးကပ်နေတဲ့ နတ်ဆိုးဟာ သာမန်နတ်ဆိုးတကောင်ပါ။ သူဟာ ငါ့လိုဒဲမွန်နတ်ဆိုးကို မယှဥ်ဝံ့ပါဘူး။ ငါ့မှာ စွမ်းအင်လျော့ပါးနေလေတော့ အဲ့ဒီ နိမ့်ကျတဲ့ နတ်ဆိုးနောက်ကွယ်မှာ နောက်ထပ် ခေါင်းကိုင်နတ်ဆိုးတကောင် ရှိနေတာကို ငါက မသိခဲ့ဘူးလေ။ အဲ့ဒါ ငါ့စွမ်းအင်နည်းပါးလို့ မသိခဲ့တာပဲ။ ခေါင်းကိုင်နတ်ဆိုးတွေသဘောက လူသားဝိဉာဥ် သူတို့ အလိုကျ နုတ်ယူနိုင်စွမ်းတယ်။
စိုးမြတ်နွယ်ကိုယ်ပေါ်က နတ်ဆိုးကို နှင်ထုတ်နေချိန်မှာ ခေါင်းကိုင်နတ်ဆိုးက ... မွေ့ကို မျက်စိကျသွားခဲ့တယ်။ သာမန်နတ်ဆိုးကိုတောင် ဖာသာဆိုးရော့က အင်အားအကုန်ထုတ်သုံးပြီး၊ နှင်ထုတ်နေရတဲ့အချိန် ၊ ခေါင်းကိုင်နတ်ဆိုးက မွေ့ရဲ့ အသက်ကို နုတ်ယူသွားတာကို ဖာသာဆိုးရော့လဲ မတားနိုင်ခဲ့ပါဘူး။
မွေ့ရဲ့ အော်သံ သဲ့သဲ့ကြားလို့ ငါ အိမ်ထဲ ပြေးဝင်သွားချိန်မှာ ၊ ခေါင်းကိုင်နတ်ဆိုးဟာ ထွက်သွားခဲ့ပြီပေါ့ကွာ။
အခန်းထဲမှာ မွေ့ကိုယ်ကို ပွေ့ချီထားတဲ့ ဒေါ်လေးသိမ့်နဲ့ အားအင်ချိနဲ့ပြီး ကြမ်းပေါ် လဲကျနေတဲ့ ဖာသာဆိုးရော့ ၊ ပြီးတော့ နတ်ဆိုးလက်က လွတ်မြောက်လာတဲ့ စိုးမြတ်နွယ်တို့ကို ငါ နောက်ဆုံး မြင်တွေ့လိုက်ရတယ်။ ငါ မွေ့ဆီရောက်သွားတော့ မွေ့ အသက်မရှိတော့ဘူး ဇာနည်။ မွေ့ ငါဆီကနေ အပြီးအပိုင် ထွက်ခွါသွားခဲ့ပြီ။ အဲ့ဒီနေ့က ငါ့ရင်တွေ တစစီ တဖဲ့စီ ကွဲကြေသွားခဲ့တဲ့နေ့ပဲ။
ငါ့ရဲ့ အသဲနှလုံးကို ထုတ်ယူသွားတဲ့ ခေါင်းကိုင်နတ်ဆိုးကို ငါ မြေလှန်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။
ဖာသာဆိုးရော့လဲ အဲ့ဒီနေ့ကစပြီး အီတလီနိုင်ငံကို ထွက်သွားခဲ့တယ်။ သေသလား၊ ရှင်သလားတောင် မသိပါဘူး။ အဲ့တုန်းက ဖာသာဆိုးရော့က အရွယ်ငယ်သေးတယ်ကွ။
ရှိလှ အသက်၃၀ပေါ့။ မွေ့သုန္ဒရီကို သူ့ရှေ့တင် နတ်ဆိုးက ဝိဉာဥ်နုတ်သွားတဲ့ အဖြစ်အပျက်ကြောင့် သူတော်တော်လေး တုန်လှုပ်ချောက်ချား သွားခဲ့ပုံပဲ။ အဲ့ဒီနေ့ကဆိုရင် ...
သူက 'ငါ ပညာမပြည့်ဝသေးဘူး၊ ငါဟာ အရည်အချင်း မပြည့်မှီသေးဘူး'လို့ တဖွဖွ ရေရွတ်နေခဲ့တယ်။ သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံး ဖြစ်နေရှာတယ်။ဒါကြောင့်ပဲ သူ အီတလီကို ပြန်သွားခဲ့တယ် ထင်တာပါပဲ ... "
ဇာနည်ရဲ့မျက်လုံးထဲမှာ အခန်းတခုထဲ၌ ဖာသာဆိုးရော့က စိုးမြတ်နွယ်ကိုယ်ပေါ်က နတ်ဆိုးကို နှင်ထုတ်နေပုံ ၊ မွေ့သုန္ဒရီနှင့်ဒေါ်လေးသိမ့်က ဖာသာဆိုးရော့အား ကူညီနေပုံတွေ မြင်ယောင်လာ၏။
ဖာသာဆိုးရော့သည် စိုးမြတ်နွယ်ကိုယ်ပေါ်က နတ်ဆိုးအား လက်ဝါးကပ်တိုင်နှင့် ဘုရားသခင်၏ နာမတော်အား အသုံးပြု၍ နှင်ထုတ်ခဲ့လိမ့်မည်။ထိုအခါ နတ်ဆိုးသည် ဖာသာဆိုးရော့အား သူ့အင်အားရှိသလောက် ပြန်လည်တိုက်ခိုက်လိမ့်မည်။
နတ်ဆိုးကြောင့် ဖာသာဆိုးရော့သည် အခန်းထဲ၌ အလဲလဲအပြိုပြို ဖြစ်ခဲ့ရှာလိမ့်မည်။
ဖာသာဆိုးရော့သည် နတ်ဆိုးအား ရေစင်ဖြင့် အကြိမ်ကြိမ်အခါခါ ပက်ဖျန်းလိမ့်မည်ဖြစ်သည်။ ထိုအခါ နတ်ဆိုးသည် အားအင် လျော့ပါးသွားလိမ့်မည်။ ဖာသာဆိုးရော့သည် နတ်ဆိုးအား ချုပ်ကိုင်နိုင်သည့် အနေအထား၌ စိုးမြတ်နွယ်ကိုယ်ပေါ်မှ ဖယ်ရှားပစ်လိမ့်မည်ဖြစ်၏။
တကယ်တော့ ထိုအချိန်သည် ဖာသာဆိုးရော့အတွက် အခက်ခဲဆုံးနှင့် အပင်ပန်းဆုံး အချိန်ကာလတခု ဖြစ်လိမ့်မည်။
ယင်းအခြေအနေကို နောက်ကွယ်၌ ရှိသော ခေါင်းကိုင်နတ်ဆိုးက အခွင့်အရေးယူ၍ မွေ့သုန္ဒရီ၏ ဝိဉာဥ်ကို နုတ်ယူသွားခဲ့သည်။
နတ်ဆိုးနှင်သည့်ပညာရည် မပြည့်ဝသေးသော ဖာသာဆိုးရော့အား အပြစ်တင်ရန်မရှိချေ။ သူလည်း သူ့အနေအထားဖြင့် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်၏။
မွေ့ကို သူတို့ ဆေးရုံသို့ ပို့ကြပါသေး၏။ ဆရာဝန်က ရုတ်တရက် နှလုံးခုန် ရပ်၍ သေဆုံးရခြင်း ဖြစ်ကြောင်း ဆေးစစ်ချက်အဖြေပေးသည်။
သူမ၏ နှလုံးကို ခေါင်းကိုင်နတ်ဆိုးက ဆုတ်ညှစ်ထားခဲ့ဟန်တူ၏။ ထို့ကြောင့် သူမ နှလုံးခုန်ရပ်ကာ သေဆုံးသွားခဲ့ဟန်တူသည်။
ဒေါ်လေးသိမ့်က ဒဲမွန်အား ...
" သူ ရုတ်တရက် လဲမကျခင် နောက်ဆုံး စကားတခွန်း ပြောသွားခဲ့သေးတယ်။ 'ကိုကိုရေ ... မွေ့ကို ကယ်ပါအုံး ' တဲ့။ ဒေါ်လေး စိတ်မကောင်းလိုက်တာကွယ်။ ငါ့တူမလေးက သူတော်ကောင်းမလေးပါ "
ဒဲမွန်မျက်နှာကို ဇာနည် မော့ကြည့်လိုက်တော့ မျက်ရည်များ ဝဲနေ၏။မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ယှက်သမ်းနေပါ၏။ နတ်ဆိုးတကောင်က မျက်ရည်ကျမည်တော့မဟုတ်ချေ။
" ငါ ... ခေါင်းကိုင်နတ်ဆိုးကို လက်စားချေဖို့ သွားခဲ့တယ်။ ငါရင်ထဲမှာ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။ ငါ့ချစ်သူ သေရတဲ့အတွက် ဒင်းကိုလဲ သေတာထက် ပိုခံစားရအောင် လုပ်မယ်လို့ ဆိုပြီး အရောက်သွားခဲ့တာပေါ့ကွာ ... "
_________________
ခပ်ပြန့်ပြန့်ရှိသော ကုန်းမြင့်လွင်ပြင်လေးတခုတွင် ပြည့်ဝသော လမင်း၏ အလင်းရောင်က ကောင်းစွာ ဖြန့်ကျက်ထားလေတော့ ၊ ထိုလွင်ပြင်လေးတွင် ရောက်ရှိနေကြသော နတ်ဆိုးနှစ်ကောင်၏ မျက်နှာသွင်ပြင်တွေကို ထင်ရှားစွာ မြင်တွေ့နိုင်လေ၏။
တဦးက ဒဲမွန်၊ ကျန်တဦးကတော့ ခေါင်းကိုင်နတ်ဆိုး ဖြစ်လေ၏။
ဒဲမွန်နတ်ဆိုး၏ မျက်နှာပေါ်မှာ မုန်းတီးရန်လိုစိတ်တွေ ပြည့်လျှမ်းနေသလို၊ တဖက်က ခေါင်းကိုင်နတ်ဆိုး၏ မျက်နှာကလည်း ထီမထင်ဟန်၊ လှောင်ပြောင်လိုဟန်များဖြင့် ရှိနေ၏။
ရှေးဦးစွာ ခေါင်းကိုင်နတ်ဆိုးထံမှ အသံထွက်ပေါ်လာ၏။
" ကဲ ဒဲမွန်၊ လူသားတယောက်အတွက်နဲ့ တို့တွေနတ်ဆိုးအချင်းချင်း ဘာလို့ ရန်ပြုတိုက်နေမှာလဲ။ မင်းလဲ နတ်ဆိုးတကောင်ပဲမို့လား။ ငါ လူသားတယောက်ရဲ့ ဝိဉာဥ်ကို စားသုံးတာ အပြစ်မဟုတ်ဘူးဆိုတာ မင်း နားလည်စမ်းပါကွာ ။ မင်းရော လူသားတွေရဲ့ ဝိဉာဥ်တွေကို အသုံးမချဖူးတာလဲ မဟုတ်။ မင်းရော ငါရောက ငါတို့စွမ်းအင်အတွက် ဒီလိုပဲ လူသားဝိဉာဥ်တွေကို အသုံးပြုနေကြရတာပဲလေ ... "
" တော်စမ်း အယုတ်တမာကောင်၊ ငါ့ကို မင်းနဲ့ မနှိုင်းယှဥ်နဲ့ကွ ။ ငါက အပြစ်ရှိတဲ့ လူသားတွေရဲ့ ဝိဉာဥ်ကိုပဲ အသုံးချတာ ၊ မင်းလို တွေ့ကရာ လူသားဝိဉာဥ်ကို စားသုံးတဲ့ အယုတ်တမာ နတ်ဆိုးမဟုတ်ဘူး။
မင်း ဝိဉာဥ်နုတ်ယူခဲ့တဲ့ မွေ့သုန္ဒရီက ဘာများ အပြစ်လုပ်ထားလို့လဲ။ သူဟာ အပြစ်ကင်းကင်းနဲ့ အသက်ရှင်နေထိုင်ခဲ့တဲ့ ဖြူစင်သန့်ရှင်းတဲ့ မိန်းကလေးကွ ။ သူ နေမယ်ဆို နောင်နှစ်များစွာ အသက်ရှင်နေထိုင်နိုင်သေးတယ် ... "
ခေါင်းကိုင်နတ်ဆိုးထံမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။
"ဟားဟားဟား ... ဒဲမွန် ဒဲမွန် ။ မင်း ဦးနှောက်ကော ကောင်းသေးရဲ့လား။ ငါတို့နတ်ဆိုးတွေနဲ့ ဖြူစင်သန့်ရှင်းခြင်းဆိုတာ ဆန့်ကျင်ဘက်ပဲလေ။
ငါ အဲ့ဒီကောင်မလေး ဝိဉာဥ်ကို ဘာလို့ နုတ်ယူခဲ့တာလဲ မင်းသိလား။ သူ့လက်ထဲမှာ ငါတို့နတ်ဆိုးတွေကို နှိမ်နှင်းနိုင်မယ့် အစီအရင်တွေပါတဲ့ ကျမ်းစာအုပ်ကို ကိုင်ထားတယ်ကွ။
သူသာ ... အဲ့ဒီကျမ်းစာထဲက စာတွေ ဖတ်ပြီး၊ ငါတို့ရဲ့ နာမည် အမှန်တွေကိုသာ ရွတ်ဖတ်လိုက်ရင် ... ငါတင်မဟုတ်ဘူး၊ မင်းရော ဘာဖြစ်သွားမယ် ထင်သလဲ ။
အားလုံး နေရာသစ်တခုဆီ လွင့်သွားကြလိမ့်မယ်။ ပိတ်လှောင်ခြင်းကို ခံရလိမ့်မယ်ကွ။ ဒါကြောင့် ငါ သူ့ဝိဉာဥ်ကို နုတ်ယူခဲ့လိုက်တာပဲ။
ဟင်းဟင်းဟင်း ... မင်းပြောတဲ့ ဖြူစင်သန့်ရှင်းတဲ့ ဝိဉာဥ်က ခါတိုင်းဝိဉာဥ်တွေလိုတော့မဟုတ်ဘူး။ သိပ်ပြီး ချိုမြိန်တာပဲကွာ။ ဟားဟားဟား "
" ဖြောင်း "
ဒေါသကြောင့် ဒဲမွန်၏ နောက်ကြောဘက်က အတောင်တစုံသည် ပြန့်ကားထွက်ပေါ်လာ၏။
" ဖန်း ဖန်း ဖလပ် "
အတောင်ကိုခတ်၍ လေဟုန်ခွဲကာ ဒဲမွန်သည် ရန်သူတော်နတ်ဆိုးထံ တဟုန်ထိုး ဝင်ရောက်သွားသည်။
ခေါင်းကိုင်နတ်ဆိုးက ပေါ့ပေါ့ပါးပါးပင် ဒဲမွန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပေးလိုက်သည်။ပြန်လည် တိုက်ခိုက်ခြင်း မရှိသေးချေ။
ဒဲမွန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူ ရပ်တည်ရာ ဝန်းကျင်၌ ထွာဆိုင်သာသာ ကျောက်တုံးများ ပြည့်နှက်နေ၏။ ဒဲမွန်က သူ့အာရုံကို စုစည်း၍ ကျောက်တုံးများကို လေ၌ ဝဲစေလိုက်သည်။ များစွာသော ကျောက်တုံးများမှာ လေ၌ ရပ်တန့်နေကြသည်။
" ဟား ... "
ဒဲမွန်က ရင်ခေါင်းထဲက ထွက်လာသော အသံဖြင့် ဟစ်အော်၍ ထိုကျောက်တုံးကျောက်ခဲများကို ခေါင်းကိုင်နတ်ဆိုးရှိရာသို့ ပစ်သွင်းလိုက်သည်။
" ဝေါ ... ဝရော ... "
ကျောက်ခဲအစုအဝေးကြီးက လောက်လေးကိုင်းများမှ ပစ်လွှတ်လိုက်သည့်အလား ၊ အရှိန်အဟုန် ပြင်းပြင်းနှင့် ခေါင်းကိုင်နတ်ဆိုး ရှိရာသို့ တမဟုတ်ချင်း တိုးဝင်လာကြသည်။
ခေါင်းကိုင်နတ်ဆိုးသည် သူ၏ ကိုယ်ပေါ်ကို ပြာလဲ့လဲ့ ရောင်ခြည်ပိုက်ကွန်တခုဖြင့် အလျင်အမြန် ကာကွယ် ဖုံးအုပ်လိုက်၏။ ကျောက်တုံးကျောက်ခဲများသည် ထိုရောင်ခြည်ပိုက်ကွန်ကို ထိုးဖေါက်ခြင်းငှါ မစွမ်းသာကြချေ။ ပိုက်ကွန်ကိုထိ၍ မြေပေါ်သို့ ကျကုန်လေ၏။
ခေါင်းကိုင်နတ်ဆိုးသည် ဆက်လက်၍ သည်းခံမနေတော့ဘဲ၊ ဒဲမွန်အား ပြန်လည်တိုက်ခိုက်လေ၏။ ထိုအခါ မြေပြင်၌ စစ်ပွဲတခုပမာ အလင်းတန်းများက ဟိုမှသည်။ သည်မှဟို ကူးလူးပြေးလွှားနေကြတော့သည်။
ရေရှည်တွင် ဒဲမွန်သည် စွမ်းအားလျော့ပါးနေသည်ဖြစ်ရာ၊ ခေါင်းကိုင်နတ်ဆိုး၏ အနိုင်ယူခြင်းကို ခံလိုက်ရလေသည်။ ဒဲမွန်ကိုယ်ပေါ် အနှံ့ ခေါင်းကိုင်နတ်ဆိုး ပစ်လွှတ်လိုက်သော ရောင်စဥ်တန်းများ ဆက်တိုက်ထိမှန်ကာ မြေသို့ လဲကျသွားလေသည်။
ဒဏ်ရာများစွာ ရထားသော ဒဲမွန်အနီးသို့ ခေါင်းကိုင်နတ်ဆိုး ရောက်လာ၏။ ဒဲမွန်အား ခပ်လှောင်လှောင် အကြည့်ဖြင့် ကြည့်လိုက်ပြီး၊
" မင်းကို ငါ သတ်လို့မရပေမယ့်၊ ကျိန်စာဆိုပြီး ပိတ်လှောင်ထားလို့ ရတယ် ဒဲမွန် ။
အဲ့ဒီတော့ နတ်ဆိုးတွေအပေါ် သစ္စာဖေါက်ပြီး လူသားနဲ့ ချစ်ကြိုက်မိတဲ့ မင်းမှာ အပြစ်ရှိတယ်။ ဒါကြောင့် ငါ မင်းကို ကျိန်စာတွေနဲ့ ဒီနေရာမှာ ပိတ်လှောင်ထားခဲ့မယ်။
"ဒဲမွန် ... "
" သင်သည် ဤနေရာမှ မည်သည့်နေရာသို့ သွားလာခွင့်မရှိ၊ ကျိန်စာပြယ်စေသော အကြောင်းမရှိသ၍ သင့်အား ဤနေရာ၌ ပိတ်လှောင်ထားမည် "
" ဒဲမွန်... "
" သင် နိုးထလာသည့်အခါ ခန္ဓာပိုင်ရှင်လူသား ကိုယ်၌က ခွင့်မပြုပါက ... သင် မည်သည့်ခန္ဓာမျှ အသုံးပြု၍ မရပါစေနဲ့ "
"ဒဲမွန် ..."
" ဒါ့အပြင် သင်သည် လူသားခန္ဓာ မရမီ အကြားကာလ၌ သင့်အား ရန်မမူသောသူကို သင့်စွမ်းအားဖြင့် အနိုင်မရပါစေနဲ့ "
"ဒဲမွန် ... "
" ငါ၏ ကျိန်စာသည် ပြင်းထန်စွာ လက်စားချေလိုသူ၏သွေး ၊ သင်ရှိရာ မြေပေါ်သို့ ကျပါမှ ပျက်ပြယ်ပါစေသား ... "
နတ်ဆိုးတို့တိုက်ပွဲ၌ ရှုံးသူသည် နိုင်သူ၏ အလိုကျ ကျိန်စာကို လက်သင့်ခံရသည်ဖြစ်ရာ ၊ဒဲမွန်သည်လည်း ခေါင်းကိုင်နတ်ဆိုး၏ ကျိန်စာ၌ ပိတ်လှောင်မိခဲ့လေတော့သည်။
ဒဲမွန်သည် ကျိန်စာ၌ ဆယ်စုနှစ်တခုစာလောက် ပိတ်မိနေခဲ့ပြီးနောက် ၊ သူ ရှိရာ နယ်မြေဖြစ်သော တောသင်္ချိုင်းလေးသို့ လူမိုက်တစုက ဇာနည်ကို ဖမ်းခေါ်လာခဲ့သည်။
ဇာနည်သည် မိသားစုရန်သူတော်နှစ်ဦးနှင့် သူဌေးဦးကံဝင်းကို လက်စားချေလိုသူ ဖြစ်၏။
ဇာနည်၏ ခေါင်းကဒဏ်ရာမှ ကျလာသော သွေးတို့သည် ဒဲမွန်နတ်ဆိုးရှိရာ မြေပေါ်သို့ ကျသွားသည့်အခါ ဒဲမွန်သည် တဖန်ပြန်လည် နိုးထလာ၏။ ကျိန်စာသည် ပြယ်လွင့်သွားခဲ့လေပြီ ဖြစ်သည်။
___________
ဇာနည်သည် အခုမှ ဇာတ်ရည်လည်ဟန်ဖြင့် ...
" ေဩာ် ကျွန်တော့်ကြောင့် ဒဲမွန် ကျိန်စာက လွတ်ခဲ့တာပေါ့ ။ ဒါဆိုရင် ဒဲမွန်က အဲ့ဒီ ခေါင်းကိုင် နတ်ဆိုးကို ပြန်ပြီး လက်စားချေအုံးမှာပေါ့နော် "
" အင်း ... ငါ သူ့ကို ရှာတွေ့ရင် လက်စားချေမှာ အမှန်ပဲ။ မတွေ့ခင်မှာတော့ ငါ့စွမ်းအင် တိုးပွားအောင် လုပ်ထားရမှာပေါ့ကွာ။ သူက အခုဆို အတော်အင်အား ကြီးနေလောက်ပြီကွ၊ ခုနေ တွေ့ရင်တောင် ငါ သူ့ကို နိုင်မယ် ၊ မနိုင်မယ်ဆိုတာ ဘာမှ မသေချာဘူးရယ် "
ဒဲမွန်က အခုဆိုရင် လူဆိုးလူမိုက်များကို ရှင်းလင်းသုတ်သင်ရင်း သူ့စွမ်းအင်ကို ဖြည့်တင်းနေပြီ ဖြစ်သည်။
လူလိမ် ကျောက်ပွဲစား ဦးမြင့်နိုင်နှင့် ဦးကျော်ဇေယျာ ၊လူမိုက် ဖိုးထူးနှင့် အပေါင်းအပါ နှစ်ဦး ၊ စုစုပေါင်း ၅ဦးကို သုတ်သင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးစွမ်းအင် အချို့ကို သူ ရရှိပြီးဖြစ်နေသည်။
ဇာနည်က ဒဲမွန် ပြောသွားခဲ့သည့် ဇာတ်ကြောင်းကို အစကနေ အဆုံးထိ နားထောင်ခဲ့သည်။ သူ့စိတ်မှ မတင်မကျ ဖြစ်နေသည့် တခုသော အရာကား ' နတ်ဆိုးများကို နှိမ်နှင်းသော အစီအရင် ' ကျမ်းစာအုပ်သည် ယခုအချိန်၌ မည်သူ့ထံ ရောက်နေသနည်းဆိုသည့်အချက်ပင်။
ဒဲမွန်ကို သူ မေးရကောင်းနိုးနိုး၊ မမေးဘဲ ဒီအတိုင်း နေရကောင်းနိုးနိုးဖြင့် ဇဝေဇဝါ ဖြစ်နေသည်။ နောက်ဆုံးတွင် မမေးဘဲ နေလိုက်တော့၏။
ဒဲမွန်က ဇာနည်အား မေးလိုက်သည်။
" မင်း သူဌေးဦးကံဝင်းတပည့် မြတ်မင်း သွားတတ်တဲ့ ကေတီဗွီကို စုံစမ်းပြီးပြီလား ။ ဘယ် ကေတီဗွီတဲ့လဲ ဇာနည် "
" စုံစမ်းပြီးပြီ ဒဲမွန်၊မြို့သစ်ထဲက ပန်းဝတ်မှုန် ကေတီဗွီတဲ့ "
" ဒါဆိုရင် ဒီည ပန်းဝတ်မှုန် ကေတီဗွီကို မင်းနဲ့အတူ ငါပါလိုက်ခဲ့မယ်။ ဦးကံဝင်း တပည့်ကို ဖမ်းပြီး၊ ငါတို့ သူ့အိမ်ကို ဘယ်လို ဝင်လို့ရမလဲဆိုတာ စုံစမ်းကြည့်တာပေါ့ "
"ဟုတ်ကဲ့ အဲ့သလို လုပ်တာပဲ ကောင်းပါတယ် ဒဲမွန် "
" အေး ... မင်းလုပ်ရမယ့်တာဝန်က၊ မြတ်မင်း လက်က အဆောင်လက်ဖွဲ့ကြိုးကို ဖြုတ်ပစ်ဖို့ပဲ၊ ကျန်တာကို ငါဆက်လုပ်မယ်။ သဘောပေါက်တယ်နော် ဇာနည် "
ဇာနည် ခေါင်းငြိမ့်ပြလိုက်သည်။ ဒဲမွန်သည် မြတ်မင်းကိုယ်ထဲ ဝင်ရောက် ပြုစားနိုင်ရန်မှာ၊ မြတ်မင်း ကိုယ်ပေါ်က နတ်ဆိုးအား အရံအတားဖြစ်စေသော အဆောင်လက်ဖွဲ့ကြိုး မရှိမှ ဝင်နိုင်မည်ဖြစ်သည်။ မြတ်မင်းတွင် ဦးကံဝင်း၏ ဆရာကြီးဆိုသူက အဆောင်လက်ဖွဲ့ကြိုး ချည်နှောင်ပေးထားသည်မဟုတ်လား။
ဇာနည်သည် ညနေ ၅နာရီလောက်ကတည်းက ပန်းဝတ်မှုန်ကေတီဗွီသို့ ထွက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မြတ်မင်းသည် ည၇နာရီလောက်တွင် ပန်းဝတ်မှုန်ကေတီဗွီသို့ ရောက်လာတတ်သောကြောင့်ပင်။
______________
ည ဆယ်နာရီ ကျော်ကျော်ခန့်တွင် ခြံထဲကို ကားတစီး ဝင်လာတာ မြင်လိုက်တော့ သောက်လက်စ အရက်ဖန်ခွက်ကို ချ၍ သူဌေးဦးကံဝင်းသည် စားပွဲပေါ်က ကျည်အပြည့်ဖြည့်ထားသော ခြောက်လုံးပြူးသေနတ်ကို အမြန်လှမ်းယူကာ ထလိုက်သည်။
ပြတင်းပေါက်မှနေ ခြံထဲကို လှမ်းကြည့်လိုက်သည့်အခါ တပည့်ကျော်မြတ်မင်း ကားပေါ်က ဆင်းလာသည်ကို တွေ့လိုက်ရ၏။ ထိုအခါမှ သူသည် သက်ပြင်းကို ချ၍ သေနတ်ကို ပြန်ထားလိုက်သည်။
နာရီကို ကြည့်လိုက်တော့ ညဆယ်နာရီခွဲပြီ ဖြစ်သည်။ သူ့စိတ်ထဲ ဒီတခါ မြတ်မင်း မိုးမချုပ်ပါလားဟု သဘောကျသွား၏။ ခါတိုင်းဆို မြတ်မင်းသည် ညဥ့်နက်မှ ပြန်လာတတ်သည်။ အစောဆုံး အိမ်ပြန်ရောက်ချိန်မှာ ညဥ့် ၁၂နာရီပင် ဖြစ်၏။
မြတ်မင်းမှာ ဝမ်းကွဲညီတော်စပ်၍ ဦးကံဝင်းသည် အစစအရာရာ အလိုလိုက်ထားလေ၏။ ပြီးတော့ မြတ်မင်းသည် သူ့အပေါ် သစ္စာစောင့်သိသူလည်း ဖြစ်သလို သူ့အသက်ကိုလည်း တကြိမ်ကယ်တင်ခဲ့ဖူးသည်။
တခါက ဦးကံဝင်းကို ပြိုင်ဘက် မူးယစ်ဂိုဏ်းတခုက လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခဲ့ဖူး၏။ ဦးကံဝင်း တယောက်တည်းသာဆို ထိုအချိန်ကပင် အသတ်ခံရ၍ သေခဲ့မည်ဖြစ်သည်။ တဖက်က လူ၄ယောက် လက်နက်ကိုယ်စီနှင့်။
သို့ပေမဲ့ မြတ်မင်း၏ အသတ်အပုတ် ကျွမ်းကျင်မှုကြောင့် ဦးကံဝင်း သေဘေးက လွတ်ခဲ့ရ၏။ထိုကတည်းက ဦးကံဝင်းသည် မြတ်မင်းအား သူ့အိမ်ဂေဟာသို့ ခေါ်ယူကာ မြှောက်စားထားခဲ့ခြင်း ဖြစ်သည်။
မြတ်မင်း၌ မိန်းမပွေရှုပ်တတ်သော အားနည်းချက်တခု ရှိသည်ဖြစ်ရာ ယင်းအားနည်းချက်ကို ဦးကံဝင်းက ခွင့်လွှတ်ပေးထားသည်။ သူကိုယ်၌ကလည်း ပွေရှုပ်သည်မဟုတ်လား။ ဂျိုကုတ်ရှိရာ ဂျိုထောင် မလာချေ။ ဝါသနာတူတွေမို့ သူတော်ချင်းချင်း သတင်းလွေ့သည်သာ။
ဦးကံဝင်းထံ ဧကရီကျော်က အကြပ်ကိုင် တောင်းဆိုသည့်အခါ၌လည်း၊ မြတ်မင်းက ဧကရီကျော်အား အပြတ်ရှင်းပစ်ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက ဦးကံဝင်းက ထိုအကြံကို လက်မခံဘဲ ရှိနေခဲ့သေး၏။
သို့သော် ဧကရီကျော်က သူရရှိထားသော အချက်အလက်များကို နန်းရှေ့က အန်တီနွဲ့ထံမှတဆင့် စသုံးလုံး အရာရှိထံ ပို့မည့်အစီအစဥ်ကို မြတ်မင်းက ကြားဝင် ဖျက်ဆီးကာ၊ ဦးကံဝင်းထံ တင်ပြလိုက်လေ၏။ ထိုစဥ်က ဇာနည့်နောက် လိုက်လာသော ကားမှာ မြတ်မင်း၏ ကားဖြစ်သည်။
ထိုအခါမှ ဦးကံဝင်းလည်း စိုးရိမ်ထိတ်လန့်သွားပြီး ၊ဧကရီကျော့်ပြသနာကို မြတ်မင်း ကြိုက်သလို စီစဥ်ရန် လွှဲအပ်လိုက်ခြင်း ဖြစ်သည်။တကယ်တော့ ဦးကံဝင်းက ဧကရီကျော်အား သံယောဇဥ်မပြတ်။ဧကရီကျော် တောင်းဆိုသမျှကို လိုက်လျောရန်နှင့် ဧကရီကျော်အား ပြန်လည် စည်းရုံးသိမ်းသွင်းရန် ကြံစည်ထားခြင်း ဖြစ်၏။
သို့သော် သူ့ကို ထောင်ထဲ အပြီးပို့မည့် ဧကရီကျော်၏ အစီအစဥ်ကို မြတ်မင်းထံမှ သိရှိသွားသောအခါ မတတ်သာဘဲ မျက်နှာလွှဲလိုက်ရခြင်းပင်။
" အစ်ကိုကြီး ကျွန်တော် ပြန်ရောက်ပြီနော်။ ဘာခိုင်းစရာ ရှိသေးလဲ "
ဧည့်ခန်းထဲက အဖြတ်၌ မြတ်မင်းက ဦးကံဝင်းကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။ ဦးကံဝင်း အတွေးစ ပြတ်သွားသည်။ မြတ်မင်းက ဦးကံဝင်းကို အစ်ကိုကြီးဟုသာ ခေါ်သည်။ တခြားတပည့်များလို ဘော့စ်ဟု လုံးဝမခေါ်ချေ။
" အေး ... မရှိတော့ပါဘူး။ ဂိုဒေါင်က ဖုန်းလာသေးလား မြတ်မင်း "
" ဂိုဒေါင်က စီစီတီဗွီကို ကျွန်တော့ဖုန်းနဲ့ ချိတ်ထားတယ် အစ်ကိုကြီး။ အားလုံး အဆင်ပြေပါတယ်။ ဘာပြသနာမှ မရှိပါဘူး "
" အေးကွာ ... ငါလဲ ခုတလော စိတ်တွေ ရှုပ်နေတယ်။ ဂိုဒေါင်ကိစ္စ မင်းပဲ တာဝန်ယူလိုက်တော့ ၊ ဖြစ်တယ်မို့လား "
"စိတ်ချပါအစ်ကိုကြီး၊ ဂိုဒေါင်ကိစ္စ ကျွန်တော့် တာဝန်ထားလိုက်ပါ ။ သြော် ဒါနဲ့ အစ်ကိုကြီး နေ့လယ်က ကိစ္စ ကြားပြီးပြီလား "
" ဘာလဲ ခင်အောင်တို့ ဟီးရိုးဂိုဏ်းက ကောင်တွေ အဖမ်းခံရတဲ့ကိစ္စလား ... "
မြတ်မင်းက ခေါင်းငြိမ့်ပြလိုက်ပြီး၊
" ဟုတ်တယ် အစ်ကိုကြီး၊ ခင်အောင်ရဲ့ ညာလက်ရုံး ဗလနဲ့ သူ့အဖွဲ့ဝင် ၃ယောက်ကို မူးယစ်ဆေးတွေနဲ့အတူတူ မိသွားတာတဲ့။
ပစ္စည်းတွေက ပါဂျဲရိုးကားနောက်ခန်း အပြည့်ဆိုပဲ။ ဒီတခါတော့ ခင်အောင် အချီကြီး ခံလိုက်ရပြီ။ ဟဲဟဲ ... အစ်ကိုကြီး သတင်းပေးလိုက်တာတော့ မဟုတ်ပါဘူးနော် "
မြတ်မင်းရဲ့ ရယ်သလိုမောသလို ရယ်ကျဲကျဲနဲ့ ပြောလိုက်တဲ့ နောက်ဆုံးစကားက သူဌေးဦးကံဝင်းကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
"ဟာ ... ဟေ့ကောင် ၊ မင်း ငါ့ကို ဘာတွေ လာပြောနေတာလဲ ။ ငါက ငါ့နယ်ပယ်ကို လာမထိရင် ဘယ်သူ့မှ မလုပ်ပါဘူးကွ။ အခုကိစ္စက အပြင်လူက သတင်းပေးပုံရတယ်။
ရဲထဲက ငါတို့အတွင်းလူတောင် ဘာမှ မသိလိုက်ဘူးတဲ့။ အပေါ်ကဆိုလား ဗဟိုကဆိုလား ဆင်းဖမ်းတယ်ဆိုပဲ။ ဒီကိစ္စ ငါနဲ့ ဘာမှ မပတ်သက်ပါဘူးကွာ "
မြတ်မင်းက လူလည်။ သူ့ဆရာ သူဌေးဦးကံဝင်း လက်ချက်မဟုတ်ဘူးဆိုတော့ ...
" ဒါဆို ကျွန်တော်တို့ အတော်လေး ဂရုစိုက်ရမယ် အစ်ကိုကြီး။ ဘာလို့လဲဆိုတော့ အဲ့ဒီအပြင်လူဆိုတဲ့ကောင်က ကျွန်တော်တို့ရဲ့ ကွန်ချက်တွေကိုပါ မသိဘူးလို့ ပြောမရနိုင်ဘူး။
ဂိုဒေါင်ကိုတောင် ကျွန်တော် သိပ်ပြီး စိတ်မချချင်တော့ဘူး။ ဖြစ်နိုင်ရင် ပစ္စည်းတွေကို နေရာရွေ့ထားရင် ကောင်းမယ်ထင်တယ်နော် အစ်ကိုကြီး "
မြတ်မင်း ပြောတာက သဘာဝကျသဖြင့် ဦးကံဝင်းသည် ထိုကိစ္စကို စဥ်းစားရတော့သည်။ သူ ဦးနှောက်ခြောက်သွားသည်။ မနက်ဖြန် သခင်ကြီးထံသွား၍ အကြံဉာဏ် တောင်းခံရန် စဥ်းစားမိလိုက်သည်။
ထိုအခိုက် ဦးကံဝင်းထံ ဖုန်းဝင်လာသည်။ ဦးကံဝင်းက ဖုန်းကို ကောက်ကိုင်လိုက်သည်။ တဖက်မှ ဘာပြောလိုက်သည်မသိ။ ဦးကံဝင်းမျက်နှာမှာ စိတ်ဆိုးဒေါသထွက်ဟန် နီရဲလာ၏။ ဦးကံဝင်းက 'မဟုတ်ဘူး၊ ငါ ဘာမှမသိဘူး ၊ ဒီကိစ္စ ငါနဲ့မဆိုင်ဘူး 'ဟုသာ တွင်တွင် ငြင်းဆိုနေ၏။ တဖက်မှ ဆက်၍ စွပ်စွဲ ပြောဆိုနေသည့်အခါ ...
" ဟေ့ကောင် ... ခင်အောင် ။ မင်းတို့ ညံ့လို့ အဖမ်းခံရတာလေကွာ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါတောင် ငါ့ကိစ္စနဲ့ ငါ တိုင်ပတ်နေတာ။ မင်းတို့ အရောင်းအဝယ် လုပ်တာ ငါ ဘာမှ မသိဘူးကွ ။ အခုကိစ္စကို ငါကသတင်းပေးတယ်လို့ မင်းကို ဘယ်သူက ပြောတာလဲ။ သက်သေ ရှိလား။ ရှိရင် ငါ့ဆီလာပြီး ဒဲ့လာရှင်းလှဲ့... ခင်အောင်။ သူများ ပြောစကားနဲ့ ငါ့ကို လာပြီး ပြသနာမရှာနဲ့ "
မြတ်မင်း သဘောပေါက်လိုက်ပြီ။ ဟီးရိုးဂိုဏ်းသည် မူးယစ်ဆေးရောင်းဝယ်သည့် ဂိုဏ်းငယ်တခုဖြစ်ပြီး၊ ခေါင်းဆောင်က ခင်အောင် ဆိုသူဖြစ်၏။ ယခု ခင်အောင်က သူ့လူတွေနဲ့ ပစ္စည်းတွေ အဖမ်းခံရသည်မှာ ဦးကံဝင်းက သတင်းပေးသောကြောင့် ဖြစ်သည်ဟု ဖုန်းထဲမှ စွပ်စွဲ ပြောဆိုနေဟန်တူ၏။
ယခင်က ဦးကံဝင်းသည် သူ့ဈေးကွက်ကို လုယူလာတတ်သည့် ဂိုဏ်းငယ်လေးတွေကို ယခုလို သတင်းပေး၍ ရှင်းလင်းတတ်သည်။ထိုသို့သော အကျင့်ဆိုးရှိသည့် ဦးကံဝင်းကို ဟီးရိုးဂိုဏ်းခေါင်းဆောင် ခင်အောင်က သိထား၍ သင်္ကာမကင်း ဖြစ်နေဟန်တူသည်။
ဦးကံဝင်းသည် ဖုန်းကို ဒေါသဖြင့် ပစ်ချကာ မြတ်မင်းဘက်သို့ လှည့်၍၊
" မြတ်မင်း ... သတင်းပေး ဘယ်သူလဲဆိုတာ စုံစမ်းကွာ။ သိတာနဲ့ တခါတည်း အပြတ်ရှင်းပစ်လိုက် ...၊ ဒီကိစ္စက ဒီမှာတင် ရပ်သွားရင် တော်သေးတယ်။ တော်နေကြာ မီးခိုးကြွက်လျှောက် အကုန်လိုက်လာရင် ငါတို့အတွက် အခြေအနေ မကောင်းဘူး ။
အခု ငါ့ကို ခင်အောင်က ဘာပြောသွားတယ် အောက်မေ့လဲ။ အလှည့်ဆိုတာ ရှိတယ် ဦးကံဝင်း တဲ့။ ခင်များ အလှည့်ကျ မငိုနဲ့ တဲ့။ ခွေးမသား လူပါးဝလို့ ။ မနေ့တနေ့ကမှ ဒီလောကထဲ ဝင်လာပြီး ငါ့ကိုတောင် လာပြီး ပမာမခန့် လာပြောနေတယ်။
အေး ... ဒီကောင့်လဲ သတိထား ဂရုစိုက်ကြည့်အုံး။ ဒီကောင်က ကျားနာခဲ ခဲတတ်တယ်။ ဒီတချီ ဒီကောင် အတော်လေး ထိသွားပုံပဲကွ။
ဟူး ... မြွေပူရာ ကင်းမှောက်ကိန်း လာဆိုက်နေတယ်။ ငါလဲ ဟိုကောင် ဇာနည်ရဲ့ ရန်ကို သတိထားနေရတယ်။ ဒီကောင် လုပ်သွားတာ ငါတို့လဲ အတော် ဆုံးရှုံးထားတယ်မဟုတ်လား ။ မင်းပြောသလိုပဲ ငါတို့ ပစ္စည်းတွေကို မနက်ဖြန် ည၈နာရီမှာ နေရာရွေ့ကြမယ် ။ လုံခြုံရေး အထူးဂရုစိုက် မြတ်မင်း "
မြတ်မင်းက ...
"ဟုတ်ကဲ့ အစ်ကိုကြီး။ လုံခြုံရေးကို စိတ်ချပါ အစ်ကိုကြီး။ ပြီးတော့ ကျွန်တော့်လူတွေကို ဇာနည် ဘယ်မှာ ရှိနိုင်မလဲဆိုတာ စုံစမ်းခိုင်းထားပါတယ်။ ဒီကောင် မြို့ထဲ ရှိနေလို့ကတော့ မြတ်မင်းလက်က မလွတ်ပါဘူး။ ဒီတခါ တွေ့ရင် ကျွန်တော် ဇာနည့်ကို အပြတ်ရှင်း ပစ်လိုက်ပါ့မယ် ။ အခု သတင်းပေးကိုလဲ ဘယ်သူလဲ သိတာနဲ့ ရှင်းပေးပါ့မယ် အစ်ကိုကြီး ၊ ခင်အောင်ကိစ္စကတော့ ခေါင်းထဲ မထည့်ပါနဲ့။ ဒီကောင်တွေ ဂိုဏ်းက ပမွှားပါ ၊ ကျွန်တော်တို့ကို မယှဥ်နိုင်ပါဘူး ၊ လိုအပ်ရင် ခင်အောင်ဆီကို ကျွန်တော် သွားလိုက်ပါ့မယ်"
မြတ်မင်းရဲ့ လိုအပ်ရင် သွားလိုက်ပါ့မယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ တသီတတန်းကြီး ပါ၏။ ဒါကို ဦးကံဝင်းက သိထားသည်။
ဦးကံဝင်းက မြတ်မင်းစကားကို ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တစုံတရာကို ဆက်၍ တွေးတောနေ၏။ မြတ်မင်းလည်း အလိုက်တသိပင် နုတ်ဆက်၍ အိပ်ရာ အရင်ဝင်သွားလေ၏။
ဦးကံဝင်း တွေးတောနေသည်က၊ ဇာနည်၏ နောက်ကွယ်က နတ်ဆိုးအကြောင်းပင်။ နတ်ဆိုး မဝင်နိုင်အောင် သူသည် ဆရာကြီးထံမှ အရံအတား အစီအရင်တွေတော့ လုပ်ဆောင်ထားပြီး ဖြစ်၏။
သို့သော် ကလိမ်ကကျစ်ကျတတ်သော နတ်ဆိုးရန်ကို သူ ထိတ်လန့်နေဆဲသာ ဖြစ်လေ၏။ထို့ကြောင့် ဧကရီကျော် သိရှိထားသော နေရာများမှ ပစ္စည်းများကို တခြား လုံခြုံရာသို့ ရွေ့ပြောင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
" သြော် ဧကရီ ... ဧကရီ ၊ မင်းဟာ သေပြီးတာတောင် ငါ့ကို ဒုက္ခပေးနေတုန်းပါလားကွယ် ... ဟူး "
ဦးကံဝင်းသည် သက်ပြင်းမောကို ချ၍ စားပွဲပေါ်က ကျည်အပြည့်ပါသော သေနတ်ကို ယူကာ သူ့အခန်းရှိရာသို့ တရွေ့ရွေ့ ထွက်ခွါသွားတော့လေ၏။
ညသည် တဖြည်းဖြည်းနှင့် ငြိမ်သက်တိတ်ဆိတ်လာ၏။ ဦးကံဝင်း၏ ခြံဝန်းကြီးကိုလည်း အမှောင်ထုက ဝါးမြို လာ၏။ ဝန်းကျင်သည် ပိန်းပိန်းမှောင်လာသည်။ ဦးကံဝင်း၏ခြံဝန်း အရှေ့က သစ်ပင်တပင်အောက်၌ မှောင်ရိပ်ခိုနေသော ကားတစီး ရှိသည်။ထိုကားထဲ၌ ဒဲမွန်နှင့် ဇာနည်တို့ ရှိနေကြသည်။
ဇာနည်က နားကြပ်တခုဖြင့် ဦးကံဝင်းတို့ ဆရာတပည့်နှစ်ယောက် ပြောနေသမျှကို နားထောင်နေခြင်း ဖြစ်သည်။ နတ်ဆိုးသည် ခြံဝင်းအတွင်းက အရံအတား ရှိမည့်နေရာများကို မြေပုံဖြင့် ရေးခြစ်၍ မှတ်သားနေသည်။
တကယ်တော့ ဇာနည်သည် မြတ်မင်း၏ခန္ဓာကိုယ်ပေါ်က ချည်မန်းကြိုးကို ဖြုတ်ယူ၍ မရသောကြောင့်၊ ဒုတိယအစီအစဥ်ဖြစ်သော စပိုင်အသံဖမ်းစက်ကလေးပါသည့် ဖေါင်တိန်အား မြတ်မင်း၏ အပေါ်အင်္ကျီအိတ်ထောင်ထဲ ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ကေတီဗွီအခန်းထဲ ရောက်သည့်အခါ မြတ်မင်းက သူ့အပေါ်အင်္ကျီကို ချွတ်၍ ချိတ်ထား၏။ မြတ်မင်း အပေါ့သွားချိန် ဇာနည်က ထိုအခန်းထဲဝင်၍ ဖေါင်တိန်ကို ထည့်ထားလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်နိုင်ရန်အတွက် ဇာနည်က မြတ်မင်းရဲ့ ကောင်မလေးကို ကြိုတင် ညှိထားပြီးဖြစ်၏။ သူ ကေတီဗွီ စရောက်ကတည်းက ထိုကောင်မလေးကို ရွေးခေါ်ထားလိုက်သည်။ ပြီးတော့ ပရိယာယ်တချို့ သုံး၍ ကောင်မလေးကို စည်းရုံးထားလိုက်ခြင်း ဖြစ်၏။ ဇာနည်က မော်ဒယ်မင်းသားတယောက်လို ချောမောတော့ ကောင်မလေးက ခဏချင်းမှာ ကြွေသွားဟန်တူ၏။ ဇာနည့်အစီအစဥ်ကို သဘောတူလိုက်သည်။
ဇာနည်ရဲ့ ပထမအစီအစဥ်က မြတ်မင်းလက်က ချည်မန်းကြိုးကို ကောင်မလေးက ဖြုတ်ယူပေးရန် ဖြစ်၏။ အဲ့ဒီတော့ ကောင်မလေးက မြတ်မင်းထံမှ ထိုချည်မန်းကြိုးကို တောင်း၏။ ဖြုတ်ရန် ရွယ်၏။သို့သော် မြတ်မင်းက လုံးဝ အဖြုတ်မခံ။ ဦးကံဝင်းက မှာထားသောကြောင့် မဖြုတ်ပေးရဲချေ။
ဒီတော့ ဒုတိယအစီအစဥ်ကိုသာ အကောင်အထည် ဖေါ်လိုက်ရခြင်း ဖြစ်လေ၏။ ယခု ထိုစပိုင်အသံဖမ်းစက်ကြောင့် ဦးကံဝင်းတို့အဖွဲ့ မနက်ဖြန် ည၈နာရီမှာ မူးယစ်ဆေးဝါးများကို နေရာရွေ့ပြောင်းကြမည့် သတင်းကို သိလိုက်ရပြီ ဖြစ်သည်။ သူတို့ ဦးကံဝင်း ခြံရှေ့မှ ပြန်လာကြပြီး မနက်ဖြန်အတွက် အစီအစဥ် ဆွဲကြမည် ဖြစ်သည်။ကားလေးသည် ထိုခြံရှေ့မှ တရွေ့ရွေ့ မောင်းထွက်သွားတော့လေ၏။
မနက်ဖြန် သူတို့ ဦးကံဝင်းကို မည်သို့မည်ပုံ ပညာပေးလက်စားချေကြမလဲ။ ကားကို ကျင်လည်စွာ မောင်းနှင်နေရင်း ဇာနည်က ပြုံးလိုက်သည်။ ဒီတခါတော့ ဇာနည်၏ အပြုံးနောက်ကွယ်က လျို့ဝှက်ချက်ကို ဒဲမွန်ခမျာ တအံတဩ ဖြစ်နေဟန်တူ၏။ ဇာနည့်ကိုသာ မျက်လုံးပြူး၍ ကြည့်နေမိတော့သည်။
ဆက်ရန်
ပီပီ၊မန္တလေး၊
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ