
ညဉ်ဦးယံဆိုပေမဲ့ ဤလမ်းတလျောက်၌ အသွားအလာမရှိတော့ချေ။လမ်းသည် မြို့သစ်ကို ကွင်းရှောင်၍ လယ်တောများအကြားမှ ဖေါက်လုပ်ထားသော မြေသားလမ်းငယ် တခုဖြစ်၏။ ကျင်း ချိုင့် ကမူ ထူပြော၏။ ဝဲယာ၌ တမာ ထနောင်း ကုက္ကိုပင်များနှင့် စပါးသိမ်းပြီးစ လယ်ကွင်းများသာ ရှိလေ၏။
ထိုလမ်းပေါ်တွင် တလှုပ်လှုပ်ဖြင့် ရွေ့လျားနေသော ကားသုံးစီးကို တွေ့မြင်ရမည်ဖြစ်သည်။ သုံးစီးစလုံးမှာ OFF ROAD အမျိုးအစား 4 Wheel drive ကားများ ဖြစ်ကြ၏။
ရှေ့ဆုံးကကား၏ ပစ်ကပ်နောက်ခန်းတွင် ခန္ဓာကိုယ်ထွားကျိုင်းသန်မာသော ယောက်ကျား ၅ယောက်ပါရှိ၏။
နောက်က ကားများထဲတွင်တော့ ကားရှေ့ခေါင်းခန်းမှာ ၂ယောက်စီသာပါရှိပြီး၊ နောက်ပစ်ကပ်ပေါ်တွင် တာလပတ်များ ဖုံးအုပ်ထားသည့် မူးယစ်ဆေးဝါးများ ပါ၏။
ရှေ့ဆုံး ကား၏ ခေါင်းခန်းတွင် သူဌေးဦးကံဝင်း၏ တပည့်ကျော် မြတ်မင်း ဦးဆောင်လိုက်ပါလာခြင်း ဖြစ်သည်။
၎င်းတို့သည် လူခြေတိတ်ချိန်၌ မူးယစ်ဆေးဝါးများကို အသွားအလာပြတ်သော တောလမ်းမှ ရွေ့ပြောင်းနေကြခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော နောက်ကားများ၏ လေးထုပ်များမှာ ကုန်ချိန်များစွာ တင်ဆောင်ထားရသဖြင့် ဆန့်နေကြ၏။ ဒီတချီ သူတို့ ကုန်ပစ္စည်းများစွာကို ရွေ့ပြောင်းနေကြခြင်း ဖြစ်လိမ့်မည်။
ကားများသည် လမ်းကြမ်း၌ တရွေ့ရွေ့နှင့် ခပ်မှန်မှန် မောင်းနှင်နေကြသည်။ မြတ်မင်းသည် ဦးကံဝင်းပေးလိုက်သော လိုင်စင်မဲ့ သေနတ်တလက်ကို ဝမ်းဗိုက်၌ ထိုးထား၏။ကျန်လူများမှာလည်း သေနတ်သာ မပါပေမယ့် တခြားသော တုတ်၊ဓါး လက်နက်များကိုယ်စီ ပါရှိကြသည်။
ရေမရှိသော ရေသွင်းမြောင်းလေးတခု အရောက်တွင် ရှေ့ဆုံးကားမှ မြတ်မင်းက ကားလမ်းတွင် သစ်ကိုင်းတခု ကန့်လန့်ခံနေသည်ကို မြင်လိုက်ရာ ၊ ကားမောင်းနေသူအား လက်ပြ၍ ကားကို ရပ်ခိုင်းလိုက်၏။
" ဟေ့ကောင် ဟိုရှေ့မှာ သစ်ကိုင်း ကျိုးကျနေတာလား "
"ဟုတ်တယ် အာစရိ "
မှန်၏။ သူတို့ သွားမည့် လမ်းတွင် ယောက်ကျားကြီး တယောက်၏ ပေါင်လုံးခန့် ရှိမည့် သစ်ကိုင်းကြီးတခုသည် ကန့်လန့်ခံနေ၏။
ကားရပ်သွားသဖြင့် နောက်ခန်းက မြတ်မင်းတပည့်တွေ ဆင်းလာကြသည်။ မြတ်မင်းက ...
" ဟေ့ကောင်တွေ ... အဲ့သစ်ကိုင်းကို မြန်မြန်ရွေ့ကြစမ်း ၊ တောက်! အရေးကြီးပါတယ်ဆိုနေမှကွာ "
တပည့်ကျော်တွေလည်း မြတ်မင်းက အမိန့်ပေးသည်နှင့် ထိုသစ်ကိုင်းကို လမ်းဘေး ရေနုတ်မြောင်းထဲသို့ ရွေ့ချရန် ထွက်သွားကြသည်။ သစ်ကိုင်းရွေ့ရမည်မို့ သူတို့ကိုင်လာကြသော လက်နက်များကို ကားပေါ်ထားခဲ့ကာ ထွက်သွားကြခြင်း ဖြစ်သည်။
ထိုလူ ငါးယောက် သစ်ကိုင်းအနီးသို့ ရောက်သောအခါ၊ လမ်းဘေးဝဲယာက ဆောင်ဓါး အရှည်ကိုယ်စီနှင့် လူတချို့ ရုတ်ချည်း ထွက်လာကြပြီး အတင်းအဓမ္မတိုက်ခိုက်ကြတော့လေ၏။ ထိုလူငါးယောက်မှာ ကြာကြာ အံအားသင့်ချိန်မရလိုက်ချေ။
" ဟာ! ဟေ့ကောင်တွေ ... မင်းတို့ မင်းတို့ ..."
" ဒုတ် ခွပ် "
" ဖေါင်း ခွမ်း "
"အား အံမယ်လေး "
မြတ်မင်း အံဩသွားသည်။ ကားမီးရောင် ထိုးထားသဖြင့် သူ့လူများ လမ်းပေါ်သို့ အတုန်းအရုန်း လဲကျသွားသည်ကို မြင်လိုက်ရသည်။ ရန်သူများသည် လေ့ကျင်ထားသော စစ်သည်များအလား အသတ်အပုတ် ကျွမ်းကျင်စွာ သူ့လူများကို မိနစ်ပိုင်းအတွင်း အလဲလဲအကွဲကွဲ ဖြစ်သွားစေသည်မဟုတ်လား။
မြတ်မင်းနှင့် ကားသမားသည် ကားပေါ်က ဆင်းလိုက်ကြသည်။ မြတ်မင်းက ဝမ်းဗိုက်၌ ထိုးထားသော သေနတ်ကို ထုတ်ယူ၍၊ ကားဒရိုင်ဗာက တံခါးဘေးမှာ အသင့်ထားရှိသော ဓါးရှည်တလက်ကို ဆွဲယူလိုက်ခြင်း ဖြစ်သည်။
မြတ်မင်းက သူ၏ သေနတ်ဖြင့် ရှေ့က ရန်သူအား ပစ်ရန် ချိန်ရွယ်လိုက်သည်။ သို့သော် သူ ပစ်ခွင့်မရလိုက်ချေ။ သူ၏ အနောက်ကို ညာဘက်ရှိ ရေသွင်းမြောင်းထဲမှ ပုန်းခိုနေသူတယောက်က်က တက်လာသည်။ ထိုလူ၏ လက်ထဲတွင် ဓါးရှည်တချောင်း ကိုင်ဆောင်ထားသည်။ ဓါးကိုင် လူသည် လျှင်မြန်သွက်လက်စွာပင် မြတ်မင်း၏ နောက်ကျောကို ဓါးဖြင့် စလွယ်ခုတ်ပိုင်း လိုက်သည်။
" ဒုတ် "
" အား "
မြတ်မင်း လဲကျသွားသည်။ ထို့အတူ မြတ်မင်းတပည့်လည်း ဓါးဖြင့် အခုတ်ခံရ၍ လဲကျသွားလေ၏။
အမှန်တော့ မြတ်မင်းတို့အဖွဲ့အား ကြိုတင်၍ စောင့်ဆိုင်းနေသော ဟီးရိုးအဖွဲ့က ရေသွင်းမြောင်းထဲ၌ ဝပ်၍ ပုန်းအောင်းနေကြခြင်း ဖြစ်သည်။
သူတို့ကားဘေးဝဲယာတွင် ဟီးရိုးအဖွဲ့က လူအယောက်၂၀လုံးသည် ယခုအခါ ကားလမ်းပေါ်သို့ တက်လာကြပြီ ဖြစ်လေ၏။သူတို့သည် ကားပေါ်က ပါလာသူများကို တယောက်မကျန် အပြတ်ရှင်းပစ်လိုက်ကြသည်။
လဲကျနေသော မြတ်မင်းသည် သူ့အား ဓါးဖြင့် ခုတ်သောသူကို မြင်လိုက်ရလေပြီ။ ဟီးရိုးဂိုဏ်းခေါင်းဆောင် ခင်အောင် ဖြစ်နေ၏။ မြတ်မင်းသည် ဓါးဒဏ်ရာကြောင့် သေလုမြောပါးဖြစ်နေသော်လည်း လက်ထဲက သေနတ်ဖြင့် ခင်အောင်အား ပစ်ခတ်ရန် ချိန်ရွယ်ပြန်၏။
"ဒုတ် ... အု "
သို့သော် မြတ်မင်းအပေါ် အစာမကြေ ဖြစ်နေသည့် ခင်အောင်က မြတ်မင်းအား လက်စသတ်ပေးလိုက်သည်။ သူ့ဓါးဖြင့် မြတ်မင်း၏ ရင်ဘက်ကို ထိုးစိုက်ပစ်လိုက်ခြင်း ဖြစ်သည်။ မြတ်မင်း မျက်လုံးပြုးလျက် အသက်ထွက်သွားလေတော့၏။
ခင်အောင်က မြတ်မင်းလက်ထဲက သေနတ်ကို ကောက်ယူ၍ ကြည့်လိုက်သည်။ သေနတ်အစစ်ဖြစ်နေသည်ကို မြင်တွေ့ရသောအခါ၊
" ငါထင်သားပဲ ၊ ဒီကောင်က သူ့မှာ သေနတ်ပါတော့ ဘယ်သူ့မှ ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆနေမှာပါလို့ ...။ ဟားဟားဟား အခုတော့ ဦးကံဝင်း ညာလက်ရုံး မြတ်မင်းလဲ မရဏလမ်းကို ကြွမြန်းပြီပေါ့ကွာ ။ သူ့တပည့်ကျော်တွေလဲ သူ့ဆရာနောက် လိုက်သွားကြပြီပေါ့ ဟားဟားဟား "
ဟီးရိုး မူးယစ်ဂိုဏ်းခေါင်းဆောင် ခင်အောင်က အူလှိုက်သဲလှိုက် ရယ်မောလိုက်သည်။ ခင်အောင်၏ တပည့်တယောက်က ရောက်လာပြီး၊
" ဆရာ ... နောက် ကားတွေထဲမှာ ဆေးပြားတွေရော အဖြူမှုန့်တွေရော အပြည့်ပဲ ။ ကျွန်တော်တို့ အဖမ်းခံရတာထက် ဆယ်ဆ မကဘူး "
"ဟေ! ဟုတ်လား ၊ ဒီတချီတော့ ပွပြီပေါ့ကွာ။ ငါ့ကို သတင်းလှမ်းပေးတဲ့ ကောင်လေးက အသေအချာ ပြောလိုက်တာကွ။
သူတို့ ဒီလမ်းက လာမှာ သေချာတယ်တဲ့။ ဒါကြောင့် ငါတို့ လက်ဦးမှု ရခဲ့တာဟေ့။ ဘာပြောပြော အဲ့ဒီသတင်းပေးတဲ့ကောင်လေးကို ဘောက်ဆူး ကောင်းကောင်းပေးရမယ်။ အင်း ခက်တာက ကောင်လေးက သူ့နာမည် ပြောမသွားဘူး။
ကဲ ...ကဲ ... သစ်ကိုင်းနဲ့ အလောင်းတွေကို ရေသွင်းမြောင်းထဲ ကန်ချပစ်ခဲ့ကွာ။ ကားတွေကို ငါတို့ မောင်းယူသွားရအောင် "
ခင်အောင်၏ တပည့်များက ခပ်မြန်မြန်ပဲ လမ်းပေါ်က အတားအဆီးများကို ရှင်းထုတ်ပစ်လိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့သည် မြတ်မင်းတို့အဖွဲ့က ကားများကို ယူ၍ ထိုနေရာမှ မောင်းထွက်သွားကြလေ၏။
______________
ကားတစီးပေါ်၌ ဒဲမွန်နှင့် ဇာနည်တို့ အပြန်အလှန် စကားပြောနေကြခြင်း ဖြစ်သည်။ ဒဲမွန်က ...
" ဟင်! မင်းပြောသလိုဆို မြတ်မင်းကို ငါတို့လက်နဲ့ သတ်စရာတောင် မလိုတော့ဘူးပေါ့ ။ ပိုင်လှပါ့လား ဇာနည်ရ။ နို့ နေပါအုံးကွ ။ အဲ့ဒီ မူးယစ်ဆေးတွေက ခင်အောင်တို့ အဖွဲ့က ရသွားပြီဆိုတော့ ဒီဆေးဝါးတွေက ဆက်ဖြန့်နေအုံးမှာပေါ့ ။
မင်း ပြောတော့ မူးယစ်ဆေးတွေကို ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်ဆို။ ဒီမူးယစ်ဆေးတွေက လူသားမျိုးနွယ်အတွက် အန္တရာယ်အကြီးဆုံးပဲဆို ။ မင်းအစီအစဥ်က ဟုတ်မလိုလိုနဲ့ မဟုတ်သေးပါဘူးကွာ။
ခင်အောင်က ဒီပစ္စည်းတွေ ဖြန့်ဖြူးပြီး သူ့အင်အား ကြီးထွားလာအုံးမှာကွ။ အဲ့ဒီခါကျ ဒ္ကောင်လဲ ဦးကံဝင်းလို လူယုတ်မာ တကောင် ဖြစ်လာတော့မှာပေါ့ "
ဒဲမွန်က ခေါင်းတရမ်းရမ်းဖြင့် အလိုမကျဟန် ဆိုလေ၏။ ဇာနည်က သဲ့သဲ့လေးမျှ ပြုံးရယ်ရင်း ...
" မပြီးသေးဘူးလေ ... ဒဲမွန်။ ခင်အောင်က မူးယစ်ဆေးဝါးတွေ ရသွားတာ မှန်တယ်။
ဒါပေမဲ့ သူတို့ အဲ့ဒီပစ္စည်းတွေထဲကနေ တမှုန်တောင် မရှုလိုက် မရောင်းလိုက်ရပါဘူး။ ဘာလို့လဲဆိုတော့ ခင်အောင်တို့ သွားမယ့် လမ်းကြောင်းကို ကျွန်တော်က ရဲတပ်ဖွဲ့ကို သတင်းပေးလိုက်လို့ပဲပေါ့ ။ ရဲက ခုချိန်ဆို ခင်အောင်တို့ကို ဖမ်းပြီးလောက်ရောပေါ့။
ဒီည သတင်းလွှင့်တဲ့အခါ ဒဲမွန် နားထောင်ကြည့်လိုက်။ လူသတ် မူးယစ်ဆေး ရောက်ဝယ်ဖေါက်ကားသည့် ဟီးရိုးမူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ခင်အောင်နှင့် အဖွဲ့သားများကို လက်နက်များ၊မူးယစ်ဆေးဝါး အမြောက်အမြားနှင့်အတူဖမ်းဆီးရမိဆိုတာ နားထောင်ရလိမ့်မယ် "
ဒဲမွန် တွန့်ထားသော မျက်မှောင် ပြေလျော့သွားသည်။ သူ ဇာနည်အား မယုံနိုင်သလို ကြည့်၍ ...
"ဟေ! မင်း ... မင်း... ငါစတွေ့ခါစ ဇာနည်မှ မဟုတ်တော့ဘဲ။ မင်း လဲ နတ်ဆိုးတကောင်လို ပါးနပ်ပြီး ကောက်ကျစ်တတ်လာပြီးကိုးကွ။ ဟားဟားဟား သဘောကျသကွာ"
နတ်ဆိုးက သဘောကျစွာ ဇာနည်၏ ပခုန်းတဖက်ကို ဖျစ်ညှစ်၍ ကျေနပ်စွာ ရယ်မောလိုက်သည်။
" ကဲ ကျွန်တော်တို့ လုပ်စရာ တခုပဲ ကျန်တော့တယ် ဒဲမွန်။ ဦးကံဝင်း အိမ်ကို ဝင်ပြီး လက်စားချေမယ်။ ကျွန်တော့မမကို စော်ကားပြီး သတ်ခဲ့တဲ့ ဦးကံဝင်းကို ဒီတခါ ငရဲပြည် ပို့ကြရအောင် ... "
" အင်း ! မြတ်မင်းက သူ့လူတွေ အကုန်နီးပါး ခေါ်သွားတာဆိုတော့၊ ခုနေချိန်မှာ ဦးကံဝင်းအတွက် အားအနည်းဆုံး အချိန်ပဲ ။
ကောင်းပြီလေ။ မင်းကို ငါပေးထားတဲ့ ဦးကံဝင်းရဲ့ ခြံမြေပုံထဲက အရံအတား အစီအရင်တွေ ဖျက်ဆီးပေးပါ ။ အဲ့ခါကျရင် ငါ မင်းနဲ့အတူ လူယုတ်မာ ဦးကံဝင်းကို လှလှပပကြီး လက်စားချေကြတာပေါ့ "
ဇာနည်က တက်ကြွစွာ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အတွက် မဟာရန်သူတော်ကြီးကို လက်စားချေရမည်ဆိုတော့ စိတ်အနည်းငယ် လှုပ်ရှားသွားသည်မှာ အမှန်ပင်။
သူတို့ကားလေးသည် ဦးကံဝင်း နေထိုင်သည့် အိမ်သို့ မောင်းနှင်သွားနေခြင်းဖြစ်လေ၏။
______________
ဦးကံဝင်းသည် ဖုန်း မကြာခဏ ခေါ်နေ၏။ သူ မြတ်မင်းထံ ဖုန်းခေါ်နေခြင်း ဖြစ်သည်။ မြတ်မင်း၏ဖုန်းကား ကိုင်မည့်သူ မရှိချေ။ မြတ်မင်းသည် တမလွန်ဘဝသို့ ကူးပြောင်းသွားရှာပြီကို ဦးကံဝင်းခမျာ အခုထိ မသိရှာသေးပေ။
ဖုန်းခေါ်မရသည့်အခါ ဦးကံဝင်းသည် ခြံစောင့်လူယုံ အောင်ကျော်အား ဒေါသတကြီးဖြင့် ဟစ်ခေါ်ပြန်၏။
"အောင်ကျော် ... အောင်ကျော် "
"ဗျာ ဆရာကြီး၊ လာပါပြီခင်မျ"
ခြံထဲက အောင်ကျော်ခမျာ သူ့ဆရာအသံကြားသည်နှင့် အပြေးလာရလေ၏။ အောင်ကျော်၏ လက်ထဲတွင် နှစ်လုံးပြူး သေနတ်အရှည်တလက် ကိုင်ဆောင်ထား၏။
ဦးကံဝင်းက အပြေးရောက်လာသော အောင်ကျော်ကို ...
" ခြံထဲမှာ ဘယ်သူတွေ ရှိသေးလဲ ၊ ဟိုကောင် မြတ်မင်းကို ဖုန်းဆက်တာ ခုထိ မကိုင်ဘူး၊ တယောက်လောက် လိုက်သွားခိုင်းစမ်း "
" ဆရာကိုမြတ်မင်းက လူလိုတယ်ဆိုပြီး ခြံထဲက ဝင်းဌေးတို့အဖွဲ့ကို အကုန်ခေါ်သွားတယ် ဆရာကြီး၊ အခု ခြံထဲမှာ ကျွန်တော်နဲ့ဝင်းဌေးညီ ဝင်းသောင် နှစ်ယောက်တည်းပဲ ရှိပါတယ် "
" အေး ဒါဆိုလဲ၊ ဝင်းသောင်ကို အခုချက်ချင်း မြို့ပြင်က ဂိုဒေါင်ကို သွားကြတဲ့ မြတ်မင်းနောက် လိုက်ခိုင်း။ ပြီးရင် ဘာအကြောင်းထူးလဲ ငါ့ဆီ ဖုန်းပြန်ဆက်လို့ မှာလိုက် "
" ဟုတ်ကဲ့ပါ ဆရာကြီး "
အောင်ကျော်က ပြန်ထွက်မည်အလုပ် ၊ ဦးကံဝင်းက ထပ်၍ မှာပြန်၏။
" နေအုံး ... ခြံထဲမှာ မင်းတယောက်တည်း ကျန်ခဲ့မှာဆိုတော့ ၊ အိပ်မငိုက်နေနဲ့အုံး ။ ဒီည အထူးသတိဝီရိယနဲ့ စောင့် ကြားလား "
" ဟုတ်ကဲ့ စိတ်ချပါဆရာကြီး "
သို့ဖြင့် ခြံထဲမှ ဝင်းသောင်သည် ဆိုင်ကယ်တစီးဖြင့် အမြန်မောင်းထွက်သွားလေ၏။ ဆိုင်ကယ်စက်သံ တဖုန်းဖုန်းနှင့် ကျန်ရစ်ခဲ့လေ၏။
ဦးကံဝင်း ခြေမကိုက်မိလက်မကိုင်မိ ဖြစ်နေသည်။ ဒီတချီ မှားယွင်းလို့ကတော့ သူ့အား သခင်ကြီးက ခွင့်လွှတ်မည့်ဟန်မရှိချေ။ သူ့အသက်ကိုပါ နုတ်ယူလိမ့်မည်ဖြစ်၏။ မြို့ပြင်က ဂိုဒေါင်သည် သူ့အတွက် နောက်ဆုံးခံတပ်ဖြစ်၏။ မူးယစ်ဆေးများစွာ ထိုဂိုဒေါင်မှာ သိုလှောင်ထားရှိသည်။ ကာလတန်ကြေး သိန်းပေါင်း ၇သောင်းခန့် ရှိလိမ့်မည်။
သူ မြတ်မင်းကို စိတ်ချသော်လည်း ယခုတလော သူ့အား ဒုက္ခပေးနေသော နတ်ဆိုး ဇာနည်အား စိတ်မချချေ။ ပြီးတော့ သူ့အား လတ်တလောတွင် ဖုန်းဖြင့် လှမ်း၍ ခြိမ်းခြောက်ထားသော ဟီးရိုးဂိုဏ်းခေါင်းဆောင် ခင်အောင်၏ အန္တရာယ်ကလည်း ရှိသေး၏။
ထို့ကြောင့် မြတ်မင်းက သူ့ခြံထဲက လူတွေ အကုန်ခေါ်သွားတာကို မတားမြစ်ခဲ့ချေ။ နတ်ဆိုးသည် သခင်ကြီး စီမံထားသော အရံအတားများကို မည်သို့မျှ ဖြတ်ကျော်နိုင်မည်မဟုတ်။ ဒါကိုတော့ သူ လုံးဝ ယုံကြည်စိတ်ချထား၏။
ယခု ခြံစောင့်အဖြစ် ကျန်ခဲ့သော အောင်ကျော်သည်လည်း အသတ်အပုတ် ခေသူမဟုတ်။ ပြီးတော့ စစ်ထွက်ဆိုတော့ သေနတ်ပစ်လည်း ကျွမ်းကျင်၏။ ထို့ကြောင့် အောင်ကျော့်ကို ဦးကံဝင်း သေနတ်တလက် ဖန်တီးပေးထားခြင်း ဖြစ်သည်။
ဦးကံဝင်းက စားပွဲခုံပေါ်က သေနတ်ကို တချက်လှမ်းကြည့်လိုက်ပြီး၊
" အင်း ငါ့မှာလဲ ကျည်အပြည့်ထိုးထားတဲ့ သေနတ် ရှိတာပဲ။ သိပ်တော့ ကြောက်စရာ မရှိပါဘူး ၊ မြတ်မင်းက လုပ်ငန်းလုပ်တာ ကျွမ်းကျင်ပေမယ့်၊ တခါတလေကျ ရူးပေါပေါနိုင်တယ်။ အေးလေ ... ဒီကောင့်ကို သေနတ်ပေးလိုက်မိတာ မှားတော့ မမှားတန်ကောင်းပါဘူး။ ဒီကောင်က သေနတ်ပါတော့ မြောက်ကြွားကြွားနဲ့ "
ဦးကံဝင်းသည် ဧည့်ခန်းထဲ၌ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက်နှင့် စိတ်ဂဏှာမငြိမ်ချေ။ သူသည် မြတ်မင်းထံမှ ဖုန်းအဆက်အသွယ် မရမချင်း ရင်ပူနေရှာမည်မှာ အမှန်ဖြစ်၏။
" အ ... အ ... အာ "
ရုတ်တရက် သူ့ခြံထဲက ငှက်ဆိုးထိုးသံ ကြားလိုက်ရ၏။ သူ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ ခြံထဲတွင် အောင်ကျော်သည် သေနတ်ကို ပခုန်းမှာ လွယ်လျက် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို မြင်တွေ့လိုက်ရ၏။ သက်ပြင်းချလိုက်ပြီး ၊ ဆိုဖါခုံပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
အ ... အ ... အာ
နောက်တကြိမ် ငှက်ဆိုးမြည်သံ ထွက်လာပြန်၏။ ဒီတခါတော့ သူ ထ၍ မကြည့်တော့ချေ။ မျက်စိကို စုံမှိတ်၍ စိတ်ကို တည်ငြိမ်အောင် အသက်ဝဝ ရှုသွင်း ရှုထုတ် လုပ်နေလိုက်သည်။ သို့သော် မိနစ်ပိုင်းမျှ အကြာ၌ ...
" ဖျန်း ဖလပ် ဖလပ် "
" ဖေါင်း ... "
ဦးကံဝင်း ထိတ်လန့်စွာ မျက်စိ ဖွင့်ကြည့်လိုက်သည်။ သူ့ ရှေ့တည့်တည့်က မှန်ပြတင်းပေါက်ကို ကျီးငှက်တကောင် ဝင်တိုက်ပြီး မှန်ကွဲသွားခြင်းပင်။ ကျီးငှက်သည် ညဘက်ထွက်သော ငှက်မဟုတ်။ အခု ထိုကျီးငှက်က ထူးဆန်းစွာ အတောင်ခတ်သံ တဖန်းဖန်းနှင့် မှန်ပြင်ကို ရန်သူအလား သူ့နုတ်သီးဖြင့် ထိုးခွဲနေခြင်း ဖြစ်သည်။
ဦးကံဝင်း မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်အနီးသို့ လျှောက်သွားလိုက်သည်။ ရုတ်တရက် ကျီးငှက်သည် ဘုတ်ခနဲ ပြုတ်ကျသွား၏။ ပြတင်းပေါက်မှန်ကွက်သည် ကျီးငှက်ကြောင့် ပင့်ကူအိမ်သဖွယ် အက်ကွဲရာများ ဖြစ်နေ၏။
" အု ဝု ဝု ဝူး "
ရုတ်တရက် ခြံအပြင်က ခွေးများက စွဲစွဲငင်ငင် အူဟစ်လိုက်ကြသည်။
" ဖုန်း ဖုန်း "
ကျီးငှက် ထိုးသွားသော နှစ်ရွက်ဖွင့် မှန်တံခါးသည် ဦးကံဝင်း နီးကပ်လာမှ ၊ သူ့အလိုလို ပွင့်လိုက် ပိတ်လိုက်ဖြင့် ဆူညံသံပေးလာ၏။
ဦးကံဝင်း အနောက်သို့ ပြန်ဆုတ်ကာ ၊ စားပွဲပေါ်က သေနတ်ကို ပြေးကိုင်လိုက်သည်။ မှန်ပြတင်းပေါက် ရှိရာကို သေနတ်ဖြင့် အသေအချာ ချိန်ရွယ်ထားလိုက်ရင်း ...
" အောင်ကျော် ... အောင်ကျော် ... "
ဟု ဟစ်ခေါ်လိုက်၏။ သို့သော် ဒီတခါတော့ အောင်ကျော်ထံမှ ပြန်ထူးသံ မကြားရချေ။
ပြတင်းတံခါးအပြင်ဘက်မှ ဝှီးခနဲ အရိပ်တခု ဖြတ်သွားတာ ဦးကံဝင်း မြင်လိုက်ရသည်။ ဦးကံဝင်း ထိတ်လန့်စွာ သေနတ်မောင်းခလုပ်ပေါ်ကို ပစ်ခတ်ရန်အသင့်တင်ထားလိုက်၏။
" ခစ်ခစ်ခစ် ... "
" ခစ်ခစ် ... ခစ် "
ရယ်သံ။ မိန်းကလေးတယောက်၏ ရယ်သံ။ ခပ်သဲ့သဲ့မျှ ထွက်ပေါ်လာ၏။
ဟင်! ဒီလို ရယ်သံ ငါကြားဖူးပါတယ်။ ဘယ်တုန်းကပါလိမ့် ။
ဦးကံဝင်းစိတ်ထဲ ထိုရယ်သံကို ရင်းနှီးနေသယောင်ယောင်။ ဦးကံဝင်း နှာခေါင်းထဲ အနံ့တခု ဝင်လာသည်။ ထိုရနံ့သည် အသားကို မီးလောင်ကြွမ်းသည့်အခါ၌ ထွက်ပေါ်လာသော အနံ့ဖြစ်သည်။ အကင်ဆိုင်များ၌ ရတတ်သော ညှော်နံ့ဖြစ်၏။
" ဒေါက် ... ဒေါက် ... ဒေါက် "
အုတ်တမံသလင်းပေါ် သို့မဟုတ် ကြွေပြားချပ်ပေါ် နင်းလျှောက်လာသည့် ဒေါက်ဖိနပ်သံ။ ဖိနပ်သံ တဒေါက်ဒေါက်သည် အိမ်အပြင်ဘက်မှ လာနေခြင်း ဖြစ်သည်။ တဖြည်းဖြည်း အိမ်အဝင်ပေါက်နှင့် နီးကပ်လာ၏။
ဦးကံဝင်းသည် ပြတင်းပေါက်ကို ချိန်ရွယ်ထားသော သေနတ်ကို လူဝင်ပေါက်ဘက်သို့ ပြောင်း၍ ချိန်ရွယ်လိုက်ရင်း သူ့စိတ်ထဲ သတိရမိသွားသည့် အမည်နာမ တခုကို ခပ်တိုးတိုးလေး ရွတ်လိုက်သည်။
" ခိုင် သ ဇင် ထွန်း "
ဧကရီကျော်က ဒေါက်မြင့်ဖိနပ် စီးသူမဟုတ်။ အမြဲ ခြေညှပ်ဖိနပ်ပါးသာ စီးလေ့ရှိ၏။ ယခု သူကြားနေရသော ဖိနပ်သံက ဧကရီကျော့်အရင်က သူ ရှုပ်ပွေခဲ့သော ခိုင်သဇင်ထွန်း၏ ဖိနပ်သံမှန်း သူ့နားမှ ကျက်နေမိသည်။ ပြီးတော့ အဲ့ဒီလို တခစ်ခစ်နဲ့ ဆက်တိုက် ရယ်မောတတ်တာကလည်း ခိုင်သဇင်ထွန်းပင်။
ခိုင်သဇင်ထွန်းကိုလည်း သူ စားလို့ဝတော့ ပစ်ထားခဲ့သည်။ ခိုင်သဇင်ထွန်းက မကျေနပ်၍ သူ့လုပ်ငန်းတချို့ကို ဖေါ်မည်၊ ရဲကို သတင်းပေးမည်လုပ်တော့ ကြေးစားလူသတ်သမား ဖိုးထူးကိုပဲ အပြတ်ရှင်းခိုင်းခဲ့၏။
ဖိုးထူးတို့ ဘယ်လိုလုပ်လိုက်သည်မသိ။ ယခုချိန်ထိ ခိုင်သဇင်ထွန်း တယောက် သေသလား၊ ရှင်သလား မသိ။ လုံးဝ ပျောက်ကွယ်သွားလေ၏။ ယခုမှ ပြန်ပေါ်လာသည့် ခိုင်သဇင်ထွန်း ခြေသံက စိတ်ရှုပ်ထွေးနေသော ဦးကံဝင်းအဖို့ ချောက်ချားသွားစေသည်မှာတော့ အမှန်ပင်။
ဦးကံဝင်းသည် လူဝင်တံခါးပေါက်ကို ထိတ်လန့်စွာ ကြည့်နေသည်မှာ ကျောက်ရုပ်တရုပ်အလားပင်။ မလှုပ်မယှက် ရှိလေ၏။
" ဒေါက် ... ဒေါက် ... ဒေါက် "
ဒေါက်ဖိနပ်သံသည် လူဝင် တံခါးပေါက်၌ ရပ်တန့်သွားသည်။ခက်သည်က အသံသာ ကြားရပြီး ဒေါက်ဖိနပ်သံပိုင်ရှင်၏ သဏ္ဍာန်သရုပ်ကို မမြင်ရခြင်းပင်။ ဦးကံဝင်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် လှမ်းမေးလိုက်သည်။
" ဘယ် ... ဘယ် ... ဘယ်သူလဲ "
"ခစ်ခစ် ... "
ဟော! ရယ်ပြန်ပြီ။ ဒီရယ်သံက ခိုင်သဇင်ထွန်းမှ ခိုင်သဇင်ထွန်း အစစ်ပဲ။ ဒီကောင်မ မသေဘူး ထင်တယ်။ ဟိုကောင် ဖိုးထူးပြောတော့ ဓာတ်ဆီလောင်း မီးရှို့သတ်ခဲ့ပြီတဲ့။ အလောင်းကို မြို့နဲ့ဝေးတဲ့ တောသင်္ချိုင်းတခုမှာယူသွားပြီး မြုပ်ခဲ့တယ်ဆိုလား။ တခုခုတော့ လွဲနေပြီ။ ဖိုးထူးပဲ ငါ့ကို လိမ်ညာပြောခဲ့တာလား။
ဦးကံဝင်းသည် လူဝင်တံခါးပေါက်ကို သေနတ်ဖြင့် ချိန်ရွယ်ထားရင်း အဖြေရှာနေ၏။
တံခါးပေါက်တွင် မြူမှုန်အခိုးအငွေ့များက တစစနှင့် ဖုံးလွှမ်းစပြုလာသည်။ မြင်ကွင်းမှာ မရှင်းလင်းတော့ချေ။
ဒေါက် ... ဒေါက် ... ဒေါက်
တံခါးဝက မြူမှုန်တွေက ဒေါက်ဖိနပ်သံနှင့်အတူ အိမ်အတွင်းထိ ဝင်ရောက်လာသည်။
" တစ္ဆေ တစ္ဆေများလား "
ဦးကံဝင်း နောက်သို့ တဖြည်းဖြည်း ဆုတ်ခွါလာရင်း ပါးစပ်က ထွက်သွား၏။
"အောင်ကျော် အောင်ကျော်ရေ "
ဦးကံဝင်းသည် အားကိုးအနေဖြင့် အောင်ကျော်အား လှမ်းခေါ်ပြန်၏။အောင်ကျော်၏ ထူးသံတော့ မကြားရ။ မိန်ကလေး ရယ်သံသာ ဆက်တိုက် ထွက်ပေါ်လာ၏။
" ခစ် ခစ် ခစ် "
" ခစ် ခစ် ခစ် "
စိတ်ချောက်ချားနေပြီဖြစ်သော ဦးကံဝင်းသည် စိတ်မရှည်တော့ချေ။ သေနတ်မောင်းခလုပ်ကို ဆွဲညှစ်လိုက်သည်။
" ဒိုင်း "
" ဖေါင်း ခွမ်း "
ကျည်ဆံက ဆင်ဝင်အောက်က အလှပန်းအိုးကြီးကို ထိမှန်သွားသည်။ ပန်းအိုးသည် ကျည်ဆံကြောင့် ကွဲကြေသွားလေ၏။ တခစ်ခစ် ရယ်သံမှာ တိခနဲ ရပ်သွားသည်။
ထို့အတူ အိမ်ထဲဝင်လာသော မြူမှုန်များမှာ တဖြည်းဖြည်း ပါးလျလာပြီးနောက် သဏ္ဍာန်တခုသည် ထိုမြူမှုန်များ ကြားမှ ထွက်ပြူလာ၏။ထိုအချင်းအရာကို မြင်တွေ့လိုက်ရသော ဦးကံဝင်းမှာ ...
"ဟာ! ဘာကြီးလဲ "
တကိုယ်လုံး မီးလောင်ကြွမ်းထာ၍ မည်းတူးချိတ်နေသော အလောင်းကောင် တခု။ သူ့ရှေ့တည့်တည့်မှာ မားမားကြီး ရပ်နေလေ၏။ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်၍ ထိုအလောင်းကောင်မှာ ခိုက်သဇင်ထွန်းမှန်း ဦးကံဝင်း သိပါ၏။
မီးလောင်ကြွမ်းထားသော အလောင်းကောင်ကြီးသည် ဦးကံဝင်းရှိရာသို့ လက်နှစ်ဖက် ဆန့်တန်း၍ လျှောက်လာ၏။ ထိုလက်နှစ်ဖက်သည် ဦးကံဝင်း၏ လည်တိုင်နှင့် တန်းနေ၏။
ဦးကံဝင်းသည် ကြောက်လန့်တကြားနှင့် သူ၏ သေနတ်ထဲမှ ကျည်ကုန်သည်အထိ ပစ်ခတ်လေတော့၏။
" ဒိုင်း ... ဒိုင်း ... "
"ဒိုင်း ... ဒိုင်း ... ဒိုင်း "
ကျည်တတောင့် ထိမှန်လိုက်တိုင်း၊ ရုပ်အလောင်းကြီးက နောက်သို့ တွန့်တွန့်သွားသော်လည်း လဲကျမသွားဘဲ၊ ရှေ့ဆက်လှမ်းနေသည်။
" ချောက် ... ချောက် ... ချောက် "
ကျည်ကုန်သော်လည်း ဦးကံဝင်းမှာ ကယောင်ချောက်ချားနှင့် ဆက်ပစ်နေသည်။ ၎င်းကိုင်ဆောင်သော ခြောက်လုံးပြူးသေနတ်မှာ ကျည်ခြောက်တောင့်သာ ဆန့်လေ၏။
အလောင်းကောင်ကြီး၏ အေးစက်၍ မည်းနက်နေသော လက်ကြီးက ဦးကံဝင်း လည်တိုင်ကို မိမိရရ ဆုပ်ကိုင်သွားနိုင့်ခဲ့သည်။
" မလုပ်ပါနဲ့ ... အု အ အား "
ဦးကံဝင်းသည် ဖျစ်ညှစ်ထားသော လက်နှစ်ဖက်ကြောင့် အသက်ရှုရ ခက်ခဲလာ၏။ မျက်လုံးများ ပြာဝေလာကြသည်။ ဦးနှောက်သည် အောက်ဆီဂျင် ပြတ်တောက်သည့်အခါ သတိက လစ်ချင်လာ၏။မကြာပါ၊အရာအားလုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့လေတော့သည်။
______________
"ဟိတ်! ရပ်လိုက်စမ်း "
အလောင်းကောင်၏ လက်နှစ်ဖက်သည် ဒဲမွန်၏ ပြင်းထန်သော အမိန့်ပေးသံကြောင့် ဆတ်ခနဲ ရုတ်သွား၏။ လှည့်ကြည့်လိုက်သည့်အခါ ဒဲမွန်နတ်ဆိုးကို မြင်တွေ့သွားသည်။
နတ်ဆိုးသည် သူမလို တစ္ဆေတကောင်၏ ပြိုင်ဘက်မဟုတ်သည့်အတွက် ခိုင်သဇင်ထွန်း၏ ဝိဉာဥ်သည် နောက်သို့ ဆုတ်ပေးလိုက်ရသည်။
" သူ့ကြောင့် ကျွန်မ အသတ်ခံခဲ့ရပြီး သေခဲ့ရတာ၊ ဒါကြောင့် ကျွန်မ သူ့ကို လက်စားချေချင်တယ် ၊ သူ့ကို လက်စားမချေမပြီးမချင်း ကျွန်မ သာဓု မခေါ်နိုင်ဘူး ။ သူ့ကို ... ကျွန်မလက်နဲ့ ... .... "
ပြာလဲ့၍ စူးရှသော မျက်လုံးအစုံနှင့် ဒဲမွန်နတ်ဆိုးက ကြည့်လိုက်သည့်အခါ ... ခိုင်သဇင်ထွန်းသည် ဆက်မပြောဝံ့တော့ချေ။
ဇာနည်က ပန်းအိုးကွဲရှေ့၌ လဲကျသေဆုံးနေသော နှစ်လုံးပြူးသေနတ်နဲ့လူကို ကြည့်၍ အထဲသို့ ဝင်လာ၏။
သူသည် ခြံထဲက အရံအတား အစီအရင်များကို ဖယ်ရှားနေ၍ နောက်ကျနေခြင်း ဖြစ်သည်။
သူ ရောက်သည့်အခါ ဧည့်ခန်းကြမ်းပြင်၌ လဲကျနေသော ဦးကံဝင်းကို မြင်လိုက်သည် ...။ သူ အံဩစွာ
" ဟင်! ဦးကံဝင်း "
ဇာနည် ဦးကံဝင်းလဲကျနေရာသို့ ပြေးသွားပြီး၊ အသက်ရှု မရှု စမ်းသပ်လိုက်သည်။ အသက် ရှုနေသေးသဖြင့် ဟူးခနဲ သက်ပြင်းကို ချ၍၊
" တော်သေးတယ် ၊ ဒီလူယုတ်မာကြီး မသေသေးဘူး "
ဇာနည်သည် ဦးကံဝင်းကိုယ်ပေါ်က အရံအတား အဆောင်လက်ဖွဲ့များကို တခုမကျန်အောင် ရှာဖွေ၍ ဖြုတ်ယူလိုက်သည်။ သူတို့သည် ဦးကံဝင်းကို အသုံးချ၍ သခင်ကြီးဆိုသော လူထူးဆန်းကြီးအား သုတ်သင်ကြရဦးမည်မဟုတ်လား။
ဒဲမွန်နတ်ဆိုးက ...
" သူ့အင်္ကျီ ချွတ်လိုက် ဇာနည်။ ပြီးရင် သူ့လက်မောင်းမှာ ချည်ထားတဲ့ ချည်မန်းကြိုးကိုပါ ဖြုတ်လိုက် ... "
ဒဲမွန်က ထိုသို့ ပြောပြီးနောက် တစ္ဆေမ ခိုင်သဇင်ထွန်းထံ လျှောက်သွားသည်။ ဒဲမွန်က ခိုင်သဇင်ထွန်းအား ဘာပြောလိုက်သည်မသိ။ ခိုင်သဇင်ထွန်းက ကျေနပ်ဟန်ဖြင့် အိမ်အပြင်သို့ ထွက်ခွါပျောက်ကွယ်သွားလေ၏။
ဇာနည်က မေ့မြောနေသော ဦးကံဝင်း၏ အင်္ကျီကို ချွတ်လိုက်သည့်အခါ ဒဲမွန်ပြောသည့်အတိုင်း၊ ဦးကံဝင်း လက်မောင်းမှာ အနီရောင် ချည်ကြိုးတခု စည်းနှောင်ထားသည်။ ထူးဆန်းသည်က ၊ ထိုချည်ကြိုး၌ ချလူလေးတခု ဆွဲထားခြင်း ဖြစ်သည်။
ဇာနည်သည် ထိုချည်မန်းကြိုးကို ဖြုတ်လိုက်၏။ သူ့နားထဲတွင် ချလူကလေးက အသံမြည်သွားသလို အသံသဲ့သဲ့လေး ကြားလိုက်ရသော်လည်း မသေချာပေ။ ရုတ်တရက် လျှပ်စစ်မီးများက ငြိမ်းတော့မလိုလို ပုတ်ခတ်ခတ် ဖြစ်ကုန်ကြသည်။
လကို တိမ်အုပ်တခုက ဖုံးအုပ်သွားသည်။ ပြင်ပတွင် လရောင် မရှိတော့ချေ။ အမှောင်ယံကြီးစိုးသွားသော အာကာသ၌ တစုံတရာက သူ့အတောင်ကို ဖြန့်ကားလျက် လေဟုန်စီးလာနေ၏။
" ဖျောင်း ဖျောင်း ဝုန်း "
အသံက ကောင်းကင်က လာသောအသံဖြစ်၏။ အတောင်ခတ်သံနှင့် တူသည်။ အရှိန်သတ်၍ ရပ်လိုက်ပုံရသည်။
ဒဲမွန် မျက်လုံးများက ဝင်းခနဲ တောက်ပသွားသည်။ သူသည် ဇာနည်အား ...
" ဇာနည် ... မင်း ရှောင်နေတော့၊ ငါ့ရန်သူတော် ခေါင်းကိုင် နတ်ဆိုး ရောက်လာပြီ ငါတို့ သူ့ဆီ သွားစရာမလိုတော့ဘူး။"
ဇာနည်သည် ဦးကံဝင်းထံမှ ရသော အဆောင်လက်ဖွဲ့များကို ယူ၍ ရေအိမ်ရှိရာသို့ ပြေးသွားသည်။ ပြီးသော ဘိုထိုင်ကြွေခွက်ထဲ အကုန်ပစ်ချကာ ရေဆွဲချလိုက်သည်။ဝေါခနဲ အကုန်ပါသွားလေ၏။
သူ ရေအိမ်က ပြန်အထွက်မှာ ဒဲမွန်ကို ခပ်ပြုံးပြုံးစိုက်ကြည့်၍ လာနေသော လူတယောက်ကို တွေ့လိုက်၏။ ထိုလူမှာ အဖြူရောင် ချည်သားအင်္ကျီ ပွပွနှင့် အဖြူရောင် ချည်သားဘောင်းဘီကို သပ်ရပ်စွာ ဝတ်စားထားသည်။ အသက် ၃၀ခန့်ပင် ရှိလိမ့်ဦးမည်ဟု ခန့်မှန်းရ၏။ ထိုသူ၏ မျက်လုံးများက အထူးတည်ငြိမ်လှသည်။ နက်မှောင်နေသော ဆံကေသာက ပခုံးစွန်းတိုင်အောင် ရှည်လျားပြီး၊ ဒဲမွန်ကဲ့သို့ အရပ်၆ပေကျော် မြင့်မားလေ၏။
ထိုသူသည် ခေါင်းကိုင် နတ်ဆိုး ဖြစ်လေ၏။ ဒဲမွန် မျက်နှာပေါ်ဝယ်၊ အံဩနေသည့်ဟန်ရှိသည်။ သူ ထင်မှတ်မထားသော 'သူ' ဖြစ်နေသောကြောင့်ပင်။
" ခင်... ခင်များ ... ဖာ သာ ... ဆိုးရော့ မဟုတ်လား "
" ဟားဟားဟား "
" ဟားဟားဟား "
ခေါင်းကိုင်နတ်ဆိုးထံမှ ဟက်ဟက်ပက်ပက်နှင့် ရယ်မောလိုက်သံက တအိမ်လုံးပင် တုန်ဟီးသွားလေ၏။
ခေါင်းကိုင်နတ်ဆိုးက ရယ်လို့ အားရတော့မှ ...
" ဟုတ်တယ် ငါက ဖာသာဆိုးရော့ပဲ ။ မင်း ချစ်သူ မွေ့သုန္ဒရီကိုယ်တိုင် သူ့ညီမကိုယ်ပေါ်က အပနှင်ပေးဖို့ လာခေါ်ခဲ့တဲ့ (ဖာသာဆိုးရော့)ပဲ ။
ဘယ်လိုလဲ ဒဲမွန်။ မင်းက မင်းရဲ့ချစ်သူကို ငါ့ဆီ လွှတ်လိုက်တော့၊ ငါ့အစာဖြစ်ပြီပေါ့။ ဒါကြောင့် ငါဟာ မငြင်းဘဲနဲ့ စိုးမြတ်နွယ်တို့အိမ်ကို တပါတည်း လိုက်လာခဲ့တာလေ။
စိုးမြတ်နွယ်ကိုယ်ပေါ်က မကောင်းဆိုးဝါးဟာ ငါ့မြင်တာနဲ့ ထွက်ပြေးသွားပြီကွ။ သူ့ကို ငါကတောင် နှင်စရာမလိုပါဘူး။ ဒါပေမဲ့ ... ငါဟာ ဖာသာတယောက်အဖြစ် ဆက်လက်နေထိုင်ရအုံးမှာဆိုတော့ ၊ မကောင်းဆိုးဝါးကို နှင်သလို ပင်ပင်ပန်းပန်း သရုပ်ဆောင်ရတာပေါ့ကွာ ။
မင်းရဲ့ချစ်သူက အင်မတန် နှလုံးသားဖြူစင်တယ်ကွ။ ဒါကြောင့်လားမသိပါဘူးကွာ ... ငါ့ သူ့နှလုံးသားကို ဆုပ်ညှစ်ရုံလေးနဲ့ နှလုံးခုန်ရပ်ပြီး သေသွားတယ်။
ဟင်းဟင်းဟင်း သူ နောက်ဆုံးအချိန်ထိ မင်းကို တမ်းတမ်းတတ ခေါ်နေတာများ .... "
" တော်တော့ ... "
" ခင်များ ဆက်မပြောနဲ့တော့ ၊ ခင်များကို ဖာသာတယောက်အဖြစ် ကျုပ် ယုံကြည်ပြီး မွေ့ကို လွှတ်လိုက်မိတာ ကျုပ်ရဲ့ အကြီးဆုံးအမှားပဲဆိုတာ သိလိုက်ရပြီ ။
-ကျုပ်ချစ်သူကို သတ်ခဲ့တဲ့ ခင်များ
-ကျုပ်ကို ကျိန်စာနဲ့ ပိတ်လှောင်ထားခဲ့တဲ့ ခင်များ
ဒီတခါတော့ ခင်များ အလှည့်ပဲဆိုတာ မမေ့ပါနဲ့ "
ဒဲမွန်က ခေါင်းကိုင် နတ်ဆိုးအား တိုက်ခိုက်ရန် ပြင်လိုက်သည်။ ခေါင်းကိုင်နတ်ဆိုးက ကြမ်းပြင်ပေါ်က ဦးကံဝင်းကို လက်ညှိုးထိုးပြကာ ...
" မင်း ငါ့ကို ယှဥ်နိုင်မယ် မထင်နဲ့ ဒဲမွန်။ ငါက မင်းရှေ့က ကံဝင်းကို အသုံးချပြီး မူးယစ်ဆေးစွဲနေတဲ့ လူသားတွေရဲ့ ဝိဉာဥ်ကို စားသုံးနေခဲ့လို့ ငါ့စွမ်းအားက မတန်တဆ ကြီးထွားနေပြီကွ ။
မင်း ဒီတခါလဲ ငါ့ကို ရှုံးအုံးမှာပဲဟားဟားဟား "
ဦးကံဝင်း တည်ထောင်ထားသော နိုက်ကလပ်များနှင့် ဘားများမှာ မူးယစ်ဆေး အလွယ်တကူ ရနိုင်သလို ၊ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်သည်။ ထိုနေရာများမှာ ခေါင်းကိုင်နတ်ဆိုးအတွက် ဝိဉာဥ်စားသုံးဖို့ လွယ်ကူသည်မဟုတ်လား။
ဒဲမွန်က စတင်တိုက်ခိုက်သည်။ စ၍ တိုက်ကတည်းက အင်မတန် ရက်စက်ကြမ်းကြုတ်လေ၏။
နတ်ဆိုး နှစ်ကောင်၏ တိုက်ပွဲက အလွန် ပြင်းထန်လေ၏။တဦးနဲ့တဦး ညှာတာစိတ် ကင်းမဲ့သလို၊ အင်မတန်မှလည်း ရက်စက်ကြလေ၏။
တခါတရံ ဒဲမွန်တိုက်ကွက်က အသာရသလိုလိုရှိပေမယ့်လည်း ခေါင်းကိုင်နတ်ဆိုးက ရှောင်ထွက်သွားနိုင်ခဲ့၏။
တခါတရံမှာတော့ ဒဲမွန်သည် ခေါင်းကိုင်နတ်ဆိုးကြောင့် လဲကျမလိုလို ဖြစ်သွားခဲ့၏။ သို့ပေမယ့် ကလဲ့စားချေလိုသော အာဃာတစိတ်အငြိုးကြောင့် ပြန်ထလာနိုင်ပြန်၏။
ရေရှည်တိုက်ပွဲမှာ ဒဲမွန်ဘက်က အားပျော့လာ၏။ နောက်သို့ တသွင်သွင် ဆုတ်ပေးနေရသည်။
တိုက်ပွဲကို ကြည့်နေသော ဇာနည်သည် ၊ သူ့ပခုန်းက ကျောပိုးအိတ်ကို ဖြုတ်ယူလိုက်သည်။
သူသည် ခြောက်ထောင့်ကြယ်ပါသော (အဝတ်ဖြူကို ခင်း၍ ထိုင်လိုက်၏ )
အိတ်ထဲမှ ဖယောင်းတိုင်များကို ကြယ်ခြောက်ထောင့်၌ ခြောက်တိုင် ထွန်းငြိသည်။ နောက်ဆုံး ကျောပိုးအိတ်ထဲက ထုတ်ယူလိုက်သည်က မျက်နှာဖုံး ဝါကျင့်ကျင့် ဖြစ်နေသော လက်လေးလုံးခန့် အထူရှိသည့် ကျမ်းစာအုပ်ဖြစ်၏။
သူသည် ကျမ်းစာအုပ်ပါ စာသားအချို့ကို စတင်၍ ရွတ်ဖတ်လိုက်သည်။ သူ၏ အသံက ရဟူဒီဘာသာရေးဆရာတယောက်၏ သံနေသံပေါက်နှင့် ဆင်တူလေ၏။
" မိုးနဲ့မြေကို ဖန်ဆင်းသော ဘုရားသခင်၏ နာမတော်ကို ကျွန်ုပ်ကိုင်စွဲ တိုင်တည်ပါ၏။ ကျွန်ုပ်အား ခွန်အားများ ပေးသနားပါ ။
ကမ္ဘာမြေကို အနှောက်အယှက်ပြုသော နတ်ဆိုးများစွာ ရှိကြကုန်၏။
ထိုနတ်ဆိုးတို့အား နှိမ်နှင်းရန် ဤကျမ်းစာအုပ်အား ရွတ်ဖတ်ပါလေ ။ ငါ နာမည်ခေါ်သောသူသည် ငရဲ၌ အတိုင်းမသိ ဆင်းရဲဒုက္ခကို ခံစားစေရမည်"
" ဝုန်း "
ဒဲမွန်သည် လွင့်ထွက်သွား၏ ။ ခေါင်းကိုင်နတ်ဆိုးက ပြင်းထန်စွာ တွန်းထုတ်တိုက်ခိုက်လိုက်ခြင်းပင်။
ခေါင်းကိုင်နတ်ဆိုးသည် ဒဲမွန်ကို အနိုင်ရသော်လည်း အံဩထိတ်လန့်စွာ ဇာနည့်ထံ လှည့်ကြည့်လာ၏။ သူ့မျက်နှာက စိုးရိမ်ဟန် အတိုင်းသား ပေါ်လွင်နေ၏။
ကျမ်းစာကို ခပ်မှန်မှန် ရွတ်ဖတ်နေသော ဇာနည့်ထံသို့ သူသည် စိတ်အာရုံဖြင့် ထိုင်ခုံတလုံးကို ရွေ့လျားတိုက်ခိုက်စေလိုက်သည်။
ထိုင်ခုံသည် အရှိန်ပြင်းပြင်းနှင့် ဇာနည် ထိုင်နေသော ခြောက်ထောင့်ကြယ်အနီးသို့ ရွေ့လျားလာ၏။
သို့သော် ဇာနည့်ထံ မရောက်မီ၊ဒဏ်ရာ ရနေသော ဒဲမွန်က ကြားဖြတ် ကာလိုက်သည်။
ထိုင်ခုံသည် ရပ်တန့်သွား၏။ ခေါင်းကိုင်နတ်ဆိုးသည် အလျော့မပေးဘဲ နောက်ထပ် ထိုင်ခုံတွေ ပန်းကန်ပြားတွေ လေးလံသော အရာဝတ္ထုတွေကို ဆက်တိုက် ပစ်လွှတ်လိုက်လေ၏။ တဝီဝီနှင့် ဧည့်ခန်းအတွင်းမှာ အရာဝတ္ထုမျိုးစုံက လေထဲဝဲပျံလာ၏။
ဇာနည့်ထံမှ နာမည်တခု ရေရွတ်သံ ထွက်ပေါ်လာသည်။
" ရပ်တာအီ ဆိုရှိုက်တမ် "
"RAYIYS SHAYTAN "
" ဝုန်း ဝုန်း "
အိမ်တခုလုံး ငလျင်လှုပ်သလို ပြင်းပြင်းထန် လှုပ်ခါသွားသည်။ လေ၌ ဝဲပျံနေသော အရာဝတ္ထုများသည် ထိမ်းချုပ်မှု ကင်းမဲ့စွာ ကြမ်းပေါ်သို့ တခွမ်းခွမ်းနဲ့ ပြုတ်ကျကုန်၏။
ခေါင်းကိုင်နတ်ဆိုးသည် သူ၏ အမည်ကို မှန်ကန်စွာ ရွတ်ဆိုနိုင်သော ဇာနည်အား မျက်လုံးပြူး၍ ကြည့်နေမိသည်။ သူ လွန်စွာ အံအားသင့်နေပုံရလေ၏။
အမှောင်ထဲမှ အရိပ်မည်းကြီး၂ခုသည် ထွက်ပေါ်လာပြီး လွန်စွာမှ တုန်လှုပ်နေသော ခေါင်းကိုင်နတ်ဆိုး၏ တဖက်တချက်မှ ပြောင်းပြန် ဖမ်းချုပ်၍ ကမ္ဘာမြေ၏ အောက်ဆုံး ငရဲသို့ ခေါ်ဆောင်သွားကြလေ၏။
ဒဲမွန်သည် ဇာနည်အား မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ အကယ်၍သာ ဇာနည်သည် ဒဲမွန်၏ အမည်နာမဖြစ်သော အဲရှိုက် ကာနို (Alshaytan) ဟု သာ ယခုချိန်၌ ထပ်မံ ရေရွတ်လိုက်ပါက သူလည်း ငရဲပြည်၌ အတိုင်းမသိ ဒုက္ခဆင်းရဲကို ခံစားရမည်မဟုတ်လား...။
_____________
အဲ့ဒီနောက်မှာတော့ စိတ်မနှံတော့တဲ့ သူဌေးဦးကံဝင်းကို စိတ်ကျန်းမာရေးဆေးရုံရဲ့ အချုပ်ထောင်တခုမှာ တွေ့နိုင်၏။
ဦးကံဝင်းသည် အမြဲလိုလို ဇက်ကြီးက ဘယ်ဘက်သို့ တိမ်းစောင်းနေပြီး၊ ပါးစပ်ကလည်း သရေတမြားမြားနှင့်ဟု မြင်တွေ့ခဲ့သူများက ပြောကြ၏။ အမှန်မှာတော့ ဦးကံဝင်းသည် သေသွားတာမှ သူ့အဖို့ ကောင်းလိမ့်ဦးမည်ဖြစ်သည်။
ယခုတော့ လာတွေ့သူမရှိ။ စောင့်ရှောက်သူမရှိနဲ့၊ အနေဆင်းရဲ အစားဆင်းရဲစွာ သူ့ဘဝကို ကုန်လွန်ရန် စောင့်ဆိုင်းနေရသူပမာ ဒုက္ခဆင်းရဲ ကြီးလှပေ၏။ တချို့က ပြောကြသည်။ ဦးကံဝင်းကို တစ္ဆေတကောင် စီးနေသည်တဲ့။ ဟုတ်၏ ၊ မဟုတ်၏ကတော့ ဦးကံဝင်းသာ သိလိမ့်မည် ဖြစ်လေ၏။ ဟုတ်တယ်ဆိုလဲ ခိုင်သဇင်ထွန်း၏ ဝိဉာဥ်ဖြစ်လိမ့်မည်။ ခိုင်သဇင်ထွန်း၏ ဝိဉာဥ်သည် ဒဲမွန်နှင့်အတူ ပြန်လည်နိုးထလာသော ဝိဉာဥ်ဖြစ်၏။ ဒဲမွန်က သူ့အတောင်ပံဖြင့် အုပ်မိုးကာ ဇာနည်အား ခေါ်ယူသွားချိန်၌ မြေကျွင်းထဲက တက်လာသော တစ္ဆေမလေးမှာ ခိုင်သဇင်ထွန်းပင် ဖြစ်လေ၏။
ဇာနည် ... ဇာနည်ကတော့ အလုပ်တဖက်နှင့် ကျောင်းတက်နေပါ၏။ ယခု ဇာနည်သည် ရှေးယခင်ကလို မဟုတ်တော့။ အရာရာကို အလေးအနက် ထားတတ်ပြီဖြစ်၏။
အလုပ်တဖက်ဆိုတာက ဇာနည်သည် လူချောတယောက်ဖြစ်၍ သူ ဝါသနာပါရာ မော်ဒယ်လုပ်ခြင်း၊ သရုပ်ဆောင်ခြင်းတို့ဖက်၌ နာမည်ရစပြုနေပြီ ဖြစ်၏။ ဝင်ငွေ အထိုက်အလျောက် ရနေသော ဇာနည်သည် ကွန်ဒိုတိုက်ခန်းတခန်း ဝယ်ယူကာ ရွာပြန်နေသော မိခင်ကြီးကို ပြန်ခေါ်ထားလိုက်၏။ သူတို့သားအမိသည် ယခုအခါ ပြေလည်နေပြီ ဖြစ်သည်။
ဒဲမွန် ... ဒဲမွန်သည် ဇာနည်၏ ခန္ဓာကိုယ်အား မယူတော့ပေ။ ယူရန်လည်း မဝံ့တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဇာနည်၌ နတ်ဆိုးနှိမ်နှင်းသော ကျမ်းစာအုပ် လက်ဝယ်ရှိနေပြီမဟုတ်လား။ ဇာနည်ကတော့ ကတိတည်ပါ၏။ ဦးကံဝင်းကို လက်စားချေပြီးသည်နှင့် သူခန္ဓာကိုယ် ပေးအပ်သည်။ သို့သော် ဒဲမွန်သည် မယူဝံ့တော့ချေ။
ဒဲမွန် ဘယ်ရောက်နေသနည်း။ ယခု ဒဲမွန်သည် မွေ့သူန္ဒရီကို လွမ်းဆွတ်သော စိတ်ဖြင့် သူ့ချစ်သူ ရှိသော အုတ်ဂူလေးထံ ရောက်နေပါ၏။
" မွေ့ရေ ... မင်း ဘယ်အရပ် ရောက်နေသလဲ ကိုယ်မသိပေမယ့် ၊ ကိုယ် စကားပြောပါရစေနော်။ မင်း နားထောင်မယ်မဟုတ်လားဟင် ...။
မင်းတို့ လူသားတွေဆီက ကိုယ် ပညာတခု ရလိုက်ပါတယ်ကွယ်။ ငါတို့ နတ်ဆိုးတွေ ဘယ်လောက်ပဲ ကောက်ကျစ်လိမ္မာပါးနပ်ပါစေ၊နောက်ဆုံးတော့ လူသားတွေရဲ့ ဉာဏ်ပညာအစွမ်းကိုတော့ မနိုင်ပါဘူးကွယ်။
ဒါကြောင့် မွေ့လဲ နောက်တကြိမ် လူဖြစ်ခွင့်ရခဲ့ရင် ကြောက်တဲ့စိတ် မမွေးမြူပါနဲ့။ ဖြစ်လာတဲ့ ပြသနာမှန်သမျှ ရင်ဆိုင်ဖြတ်ကျော်ပါ။ တကယ်တော့ ပြသနာဆိုတာ ဖြေရှင်းမှ ပြေလည်တာမဟုတ်လား။ ရှောင်လွှဲသွားလို့ မရဘူးလေကွယ်။ ဘဝမှာ ရှင်သန်နေထိုင်နေသမျှတော့ ပြသနာဆိုတာ တခုမဟုတ် နောက်တခုကတော့ ပေါ်လာဦးမှာ။ ဒါကြောင့် ပြသနာဆိုတာ အရည်အချင်းစစ်ခြင်းလို့ အောက်မေ့ပါ မွေ့ရေ။
တကယ်တော့ မင်းတို့လူသားတွေမှာ ကိုယ်တို့လို တန်ခိုးမရှိကြပေမယ့်၊ ဘုရားဖြစ်အောင် စွမ်းတဲ့ ဉာဏ်ပညာဆိုတာ ရှိကြတာမို့ နောက်တခါကျရင် ရဲရင့်ပါ မိန်းကလေးရေ ... ရဲရင့်လိုက်ပါကွယ် ... "
ပြီးပါပြီ။
ပီပီ၊မန္တလေး၊
၁၊၂၊၂၀၂၃
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_ပီပီ