
Part - 2
ဆောင်းညကား အေးစိမ့်လွန်းလှသည်။ ဆွယ်တာအနွေးထည်လေးကို ဗီရိုထဲမှထုတ်ဝတ်နေစဥ် ဖုန်းမြည်သံကြားလိုက်ရသည်နှင့် မောင့်ဆီကမှန်း ယွန်းတန်းသိလိုက်ပါသည်။ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ မောင့်အသံက လှိုက်ဖိုစရာကောင်းအောင်ကို ကြားနေရသည်။
" မောင့်ယွန်းကလေး အေးနေပြီထင်တယ်....."
ယွန်း မျက်ခုံးလေးပင့်မိသွား၏။
" မောင်က ဘယ်လိုသိတာလဲ။ "
" မောင်က ယွန်းကိုချစ်တဲ့လူလေ.....သိတာပေါ့ဗျ။ ဒီညက နည်းနည်းအေးတယ်...."
ယွန်း အိပ်ယာထက်အသာထိုင်ချရင်း...
" မောင်ကရော အိမ်ပြန်ရောက်ပြီလား။ "
" ဘယ်ကသာ ကောင်မလေးတစ်ယောက်နဲ့တွေ့ဖို့ စောင့်နေတာ။ "
ယွန်း နှုတ်ခမ်းလေး မသိမသာစူမိသွား၏။ ယွန်းဘက်မှ အသံတိတ်သွားတော့ မောင့်ထံမှ ရယ်သံက သြရှရှထွက်လာသည်။
" မောင့်ယွန်းကလေး ပြတင်းပေါက်ကနေ ခြံအပြင်လှမ်းကြည့်ကြည့်။ "
ယွန်း ကပျာကယာဖြင့် ပြတင်းပေါက်မှ ခန်းစီးစလေးကို ဖယ်ကာ ကြည့်မိတော့ ကားကိုမှီရပ်ရင်း ဖုန်းကိုလက်တစ်ဖက်က ကိုင်ကာ ယွန်းကိုလှမ်းကြည့်နေသည့် မောင်။
" မောင့် အေးကအေးနဲ့ အနွေးထည်တောင်မပါဘူး။ "
" မောင်က ယွန်းကလေးကိုပဲ ပိုစိတ်ပူတာ။ အောက်ဆင်းလာခဲ့လေ။ "
ယွန်း လက်ကလေးခါပြ၏။
" ဟာကွာ......ယွန်းကလဲ မောင်လွမ်းလို့ပါဆို။ "
ယွန်း အသံလေးတိတ်သွားသလို ချီတုံချတုံဖြစ်နေရသည်။ နောက်ဆုံး ယွန်းဖုန်းလေးချကာ ထွက်လာတော့ မောင့်မျက်နှာက ကျေနပ်သလို ပြုံးသွား၏။
ဂုဏ်တံတိုင်း ယွန်းလက်ကလေးကို ဆုပ်ကိုင်ရင်း သူ့ပါးမှာ အသာအပ်ထားမိသည်။ အိမ်နေရင်း ဂါဝန်အရှည်လေးဖြင့် ဆံနွယ်ရှည်ကြီးကို စုကာ ခပ်ပြေပြေစည်းထား၏။
" မောင်ဖြင့်လေ ယွန်းကို သိပ်ချစ်မြတ်နိုးတာပဲ။ "
နဖူးချင်းတေ့ထိကာ ခပ်တိုးတိုးပြောလာသည့်အသံက ယွန်း၏ ဘဝင်ကိုဟပ်ခနဲ ဖြစ်စေသည်။
" မောင့်ကို ချစ်တယ်နော် ယွန်း ".
ယွန်း ပြုံးကာ ခေါင်းလေးညိတ်တော့ ပါးပြင်လေးနွေးသွားသည်။ ယွန်း မောင့်ကို မကြည့်ရဲတော့သလို ကြက်သီးလေးတွေပင် ထသွားရသည်။
" မနက်ဖန် မနက် ဘုရားသွားရအောင်နော် ယွန်း။ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ မောင် စောင့်နေမယ် သိလား။ "
ယွန်း ခေါင်းလေးညိတ်ပြတော့ မောင်က ပြုံးရယ်ရင်း ကားထဲမှ မုန့်ထုပ်တွေလှမ်းယူပေး၏။
" ယွန်းအတွက် ဝယ်လာတာ......ညဘက်ဗိုက်ဆာရင် စားရအောင်လို့။ မာလာရှမ်းကော နဲ့ ကြေးအိုးဆီချက် ကြိုက်တာစား။ "
ယွန်း မောင့်ကိုယ်ကြီးကို သိုင်းဖက်ရင်း ပြုံးမိသည်။
" မောင့်ကို ယွန်း အရမ်းချစ်တယ် သိလား။ "
ဂုဏ်တံတိုင်းစိတ်ထဲက ကြိတ်ပြုံးမိ၏။ သူ လိုချင်တာလဲ ဒါပဲမဟုတ်လား။
" မောင်က ပိုတောင်ချစ်သေးတယ်....ကဲ အေးတယ် အိမ်ထဲဝင်။ အနွေးထည်ဝတ်ပြီးမှ အိပ်နော်။ "
" အင်းပါ မောင်ရဲ့...."
ဂုဏ်တံတိုင်း အိမ်ထဲဝင်သွားသည့် ယွန်းကိုကြည့်ပြီး ကားပေါ်တက်ကာ ထွက်လာခဲ့သည်။ ခင်ဗျား ကျုပ်ကို ချစ်စမ်းပါ မြယွန်းချယ်ရယ်။ ခင်ဗျား ပိုချစ်ပေးလေ ကျုပ်နိုင်လေပဲ။
@@@@@@@@@@@@
ယွန်း လက်မှနာရီလေးကို တစ်ချက်ငုံ့ကြည့်မိသည်။ ယွန်း ရောက်နေတာ အတော်ကြာပါပြီ။ သို့ပေမယ့် မောင်က အခုထိရောက်မလာသေး။ ဖုန်းဆက်တော့လဲ မကိုင်။
ဂုဏ်တံတိုင်း မြည်နေသည့် ဖုန်းကို သဘောကျကျေနပ်စွာ စိုက်ကြည့်ရင်း ပြုံးမိသည်။ စောင့်လေ....ခြေထောက်သွေးကျမတတ်စောင့်လိုက်ဦး မြယွန်းချယ်။
တကယ်လဲ အရိုးခံယွန်းမှာ ချစ်သူကို စောင့်ရှာပါသည်။ ဘေးဘီကြည့်ရင်း ရှက်သလိုလို ၊ ကောင်လေးတွေ မကြားတကြား စနောက်လျှင် အနေကျုံ့သလို မလုံမခြုံခံစားရပြန်သည်။ သူက စချိန်းပြီး နောက်ကျနေသည့် မောင်ဟာ တစ်ခုခုများ ဖြစ်နေရော့သလားဟုလဲ တွေးပူရပြန်သည်။
တစ်နာရီ... နှစ်နာရီ.....သုံးနာရီ အတော်လေးအချိန်ကြာအောင် စောင့်ပြီးမှ ယွန်းဆီကို မောင် ရောက်လာခဲ့သည်။
" နောက်ကျလိုက်တာ မောင်ရယ်.....ယွန်းမှာ စိတ်ပူလိုက်ရတာ။ "
ဂုဏ်တံတိုင်း ပြုံးမိရင်းမှ .......
" မောင် အလုပ်အရမ်းများနေတာ ယွန်းရဲ့....လာလေ ဘုရားပေါ်တက်ကြမယ်။ "
ယွန်း မှာ မောင့်ကိုကြည့်ရင်း အလုပ်များနေသည့်ကြားက မရမက ရောက်အောင်လာပေးသည်အား သနားမိသေးသည်။
" ယွန်းကြောင့် မောင် အလုပ်ရှုပ်သွားတာ စိတ်မကောင်းဘူး။ "
ယွန်းပုံစံလေးက တကယ်စိတ်မကောင်းတာ အထင်းသားတွေ့နေရသည်။
" ယွန်းကလဲကွာ.....ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့။ အပြန်ကျရင် အကြာကြီးစောင့်ရတဲ့အတွက် မောင် ဟော့ပေါ့လိုက်ကျွေးမယ်။ "
ယွန်း လက်ကလေးကိုဆွဲကာ ဘုရားပေါ်တက်လာသည့် မောင့်ကြောင့် ယွန်း စိတ်ထဲကြည်နူးသွားရသလို မောင့်မျက်နှာချောချောကို ငေးကြည့်ရင်းဘေးမှပါလာရသည်။ မောင့်ပုံစံက ကောင်မလေးတွေ ကြွေကျစရာအနေအထား ရုပ်ရည်ရှိသည့်အထဲပါသည်ဟု ဆိုရမည်ပင်။
မေးရိုးကားကား ၊ နှာတံချွန်ချွန် ၊ နှုတ်ခမ်းပါးပါးဖြင့် အရပ်အရှည်ကြီးမို့ ကြည့်လို့အတော်ကောင်းသည်။ မောင့်စကားအရ ကုမ္ပဏီအသေးလေးထူထောင်ထားသည်ဆိုတာမို့ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစားသည့်ချစ်သူအတွက် ဂုဏ်လဲယူမိတာ အမှန်ပင်။
ဟော့ပေါ့ဆိုင်ရောက်လာကြသည့်အခါ မောင့်က ယွန်းကို မထင်မှတ်စွာ ခွင့်တောင်းလာသည်။
" ယွန်း.....မောင့်ကို လက်ထပ်နိုင်မလား။ "
ယွန်း ရင်တွေခုန်သွားရသလို စိတ်လဲလှုပ်ရှားမိသည်။ ဘာပြန်ပြောရမှန်းမသိသလို ဘာဖြေရမည်လဲ မသိ။ အရမ်းမြန်လွန်းနေသလိုလဲ စိတ်ထဲက ထင်မိသလို မောင့်ကိုလက်လွှတ်ရမှာလဲ စိုးရွံ့နေမိပြန်သည်။
" ဘာလို့လဲ ယွန်း.....မောင့်ကို လက်မထပ်ချင်လို့လားဟင်။ "
ယွန်း အဖြေရကြပ်သွားရင်းမှ...
" ဟို....မြန်လွန်းမနေဘူးလားဟင် ။ ယွန်းတို့ တစ်ယောက်အကြောင်း တစ်ယောက်အဲ့လောက်မသိသေးဘူးလေ မောင်ရယ်။ "
မောင့်မျက်နှာက ကွက်ခနဲ ပျက်သွား၏။ ယွန်းကို မယုံနိုင်သလို တွေတွေကြီးစိုက်ကြည့်နေရင်းမှ...
" ခဏနော်.....မောင် ဖုန်းပြောဦးမယ်။ "
ဆိုင်ထဲမှ ခဏထွက်သွားသည့် မောင့်ပုံစံကိုကြည့်ပြီး ယွန်း ရင်ထဲစိုးထိတ်စိတ်ပူသွားရပြန်သည်။ မောင် စိတ်မကောင်းဖြစ်သွားသလား....ယွန်းကိုများ အထင်လွဲသွားမလား။ ဒါပေမယ့် ယွန်းကို လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးချစ်မှန်းသိလိုက်ရသဖြင့် တစ်ဖက်က ကြည်နူးရတာလဲ ငြင်းလို့မရပါ။
" ဆောရီး ယွန်း....မောင် အလုပ်လေးသတိရသွားလို့ပါ။ စားလေ ယွန်းရဲ့....ရော့ ပုစွန်ကြိုက်တယ် မဟုတ်လား။ မောင်အခွံနွှာပေးထားမယ်။ "
စကားကိုအဆက်မပြတ်ပြောရင်း ခေါင်းကြီးငုံ့ကာ အခွံနွှာပေးနေပေမယ့် မောင့်မျက်ဝန်းတွေက ငိုထားမှန်း သိသာသည်။ ယွန်း ရင်ထဲထိခိုက်သွားရသလို ....
" မောင်....ယွန်းလေ "
" ရတယ် ယွန်း.....မောင် နားလည်ပါတယ်။ "
ယွန်းကို ပြုံးပြနေသည့် မောင့်အပြုံးတွေက မပီပြင်သလို ခံစားရသည်။ နှစ်ယောက်သား ငြိမ်ကျသွားသလို ယွန်းကို သေချာစားရန် လုပ်ကိုင်ပေးနေသည့် မောင့်ကိုသာ ယွန်းငေးကြည့်နေမိ၏။
" ကိုဂုဏ်...."
" ဟာ....ငြိမ်း..."
ယွန်းတို့စားပွဲနားလာရပ်သည့် မိန်းကလေးတစ်ယောက်။ မောင် နဲ့ အသိဖြစ်ပုံရသလို မောင့်ဘေးရဲတင်းစွာ ဝင်ထိုင်လိုက်သဖြင့် ယွန်း ငေးခနဲ ကြည့်မိသွား၏။
" ဒါက ကိုဂုဏ့်.....".
" အင်း.....ကိုယ့်ချစ်သူပါ။ မြယွန်းချယ်တဲ့....ယွန်း... ဒါ မောင့်သူငယ်ချင်းရဲ့ ညီမပေါ့ ငြိမ်းတဲ့။ "
ယွန်း ပြုံးကာ နှုတ်ဆက်လိုက်ပေမယ့် ထိုကလေးမက ယွန်းကို မကြည့်ပဲ မောင်နဲ့သာ စကားဖောင်ဖွဲ့နေသလို မောင့်ဆီမှ အပြုံးတွေကလဲ ဝေဝေဆာဆာမို့ ယွန်း ကိုယ့်ကိုယ်ကိုယ် ဘေးရောက်သွားသလို ခံစားရသည်။ ယွန်း သဝန်တိုမိသည်။ ဆက်လဲ ရှိမနေချင်တော့သလို ဆက်ရှိနေတော့ရော မောင်ကယွန်းထက် ထိုမိန်းကလေးနဲ့သာ ရယ်မောနေတာမို့ ပိုခံစားရရုံသာ မဟုတ်လား။
@@@@@@@@@@@@
" ယွန်း.....ယွန်း.....နေဦး....ဘာလုပ်တာလဲ။ "
ကားဆီလျှောက်လာသည့် ယွန်းနောက် ပြေးလိုက်လာသည့် မောင်က ယွန်းရှေ့မှ ပိတ်ရပ်လိုက်၏။
" ဘာလို့ ထပြန်တာလဲ....သူများကို အားနာစရာ။ "
" အားနာရင် မောင် နေခဲ့လေ။ ယွန်း ကတော့ ပြန်ချင်ပြီ။ ယွန်းရှိနေတော့ရော...မောင်တို့က ယွန်းကိုရှိနေမှန်းတောင် သိလို့လား။ ".
ပြောရင်းကို ယွန်း အသံတွေ တုန်ယင်လာရသည်။ ငိုချင်နေသည့် စိတ်ကို မနည်းထိန်းထားရသလို မောင့်ဆီမှ စူးခနဲ အကြည့်က ရောက်လာ၏။
" ယွန်း အဲ့လောက် သဘောထားသေးသိမ်မယ်လို့ မောင်မထင်ခဲ့ဘူး။ မောင်သာ မရိုးသားရင် ယွန်းရှေ့ မှာမဟုတ်ပဲ ကွယ်ရာရှုပ်မှာပေါ့။ ယွန်းက မောင်လက်ထပ်ခွင့်တောင်းတော့လဲ ငြင်းတယ် သဝန်ကျကြောင်တယ်။ ခင်ဗျားက ဘာလဲ....ကျုပ်ကိုကျ လက်မထပ်ချင်ဘူး....ကျုပ်ကျ လိုက်ချုပ်ချယ်ချင်တယ်....သိပ်မရီရဘူးလား။ "
ယွန်း မောင့်မျက်နှာကို ငေးခနဲစိုက်ကြည့်ရင်းမှ....
" ကောင်းပြီလေ....အဲ့တော့ မောင်က ဘာဖြစ်ချင်တာလဲ။ ".
ယွန်းမေးခွန်းကြောင့် မောင့်ပုံစံက ဆတ်ခနဲ ဖြစ်သွားသလို ယွန်းမှာလဲ ရင်တထိတ်ထိတ် နှင့် မောင် ဆက်ပြောလာမည့်စကားကို မကြားရဲဖြစ်နေရပြန်သည်။
" ခင်ဗျား.....တောက်! "
ယွန်း အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိရင်းမှ ကားပေါ်တက်ကာ ထွက်သွားသည့် မောင့်ကို ငေးစိုက်ကြည့်နေမိသည်။ ယွန်းဘဝမှာ ဒါပထမဆုံးအကြိမ် ပူလောင်မှုကို ခံစားရခြင်းဖြစ်ခဲ့ပါသည်။
@@@@@@@@@@@@@
အိမ်ပြန်ရောက်သည်နှင့် ယွန်း အခန်းထဲပဲ တန်းဝင်လာကာ အိပ်ယာထက်လှဲရင်း တသိမ့်သိမ့်ရှိုက်ငိုနေမိသည်။ ယွန်း မှားသွားသလား ၊ မှန်သလားဆိုသည့် အတွေးတွေကလဲ လွန်ဆွဲနေသလို မျက်စိထဲ မောင်နဲ့ထိုမိန်းကလေးကို ပြန်မြင်တိုင်း သဝန်တိုရပြန်သည်။
မောင် ယွန်းကို စိတ်ဆိုးသွားတာ သိသလို ယွန်းကလဲ မောင်ချော့တာမှ ခံချင်မိသည်။ မောင်ဟာ ယွန်းရဲ့ အချစ်ဦးဖြစ်သလို ဘဝမှာ ဘယ်ယောကျာ်းသားကိုမှ မတိမ်းညွှတ်ခဲ့ဖူးတာလဲ အမှန်ပင်။
ထိုညက ယွန်းတစ်ညလုံး အိပ်မပျော်သလို မောင့်ဆီက ဖုန်းကို တစ်ချိန်လုံးထိုင်စောင့်သည်။ သို့ပေမယ့် တကယ်ပဲ မောင် ဖုန်းဆက်မလာခဲ့ပါ။
--------------
" မင်း တကယ်ကြီးကို လုပ်နေတာပဲ တံတိုင်းရာ။ မလုပ်စမ်းပါနဲ့.....မြယွန်းချယ်က ကြားလူပါကွာ။ "
သားစက် ရဲ့စကားကြောင့် ဂုဏ်တံတိုင်း ရှူးရှူးရှားရှား ဖြစ်သွား၏။
" ဟ....ဘာကြားလူရမှာလဲ။ သူက အဲ့လူယုတ်မာရဲ့အစ်မလေ။ "
" သူမှ ဘာမှမသိပဲကွာ...."
ဂုဏ်တံတိုင်း နှုတ်ခမ်းကို မဲ့ချပစ်မိသည်။ မသိဘူးဆိုတာ သူတော့ မယုံပါ။ ကျိန်းသေ သိမှာပဲ။ အစ်မဖြစ်ပြီး သူ့မောင်သူမဆုံးမခဲ့သမျှ ဒီလောက်တော့ ပေးဆပ်ရမှာပေါ့။
" မောင်နှမနှစ်ယောက်လုံး တစ်ကြိတ်ထဲတစ်ဥာဏ်ထဲပါကွာ။ "
ဂုဏ်တံတိုင်း၏ စကားကြောင့် သားစက် ရင်မောသွားရသည်။ တံတိုင်းက ဒေါသကြီးသလို အနေလဲအေးသည်။ သူ့ကို ဘာလုပ်လုပ် တော်ရုံသည်းခံသလို ငြိုးပြီဆိုလျှင်လဲ သွားစမိတာ မှားပြီဆိုသည်အထိ တစ်ဖက်လူဝန်ခံအောင် ရက်စက်သည့် လူမျိုးပင်။ ထို့ကြောင့် မြယွန်းချယ်ကို သူစိတ်ပူမိသည်။
" တံတိုင်း.... မင်း "
" တော်စမ်းပါကွာ.....နားချဖို့ဆို ဒိုးလိုက်တော့ ငါ့ကောင်။ ငါက အခုမှ စလုံးရေးစမလို့ရှိသေးတာ။"
သားစက် သက်ပြင်းသာချမိတော့သည်။ တံတိုင်းက သူ့ညီမကိုလဲ သိပ်ချစ်တာမို့ ခုဆို တားမရဆီးမရ။ မြယွန်းချယ်ပဲ ကံဆိုးတာလား တံတိုင်းကပဲ ရက်စက်တာလား...ရတက်ကတော့ မအေးစရာပင်။
@@@@@@@@@@@@@@@@@@@@@@
To be continue P - 3
Author - အနမ်းခြွေ
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_shortstory
#LTY_အနမ်းခြွေ