အမုန်းမြို့ရိုးရဲ့အလွန်..... (အပိုင်း ၃)
lotaya.mpt.com.mm
|
2023-02-11

Part - 3

" ခြံဝမှာ ဘယ်သူကများ လာချိတ်သွားလဲ မသိပါဘူးအေ....ဧကန္တ သားမှိုင်းရဲ့ Fan တွေများလား မသိပါဘူး။ "

မနက်စောစော ကြားနေရသည့် အသံဆူဆူကြောင့် ထမင်းစားခန်းထဲဝင်လာသည့် မြယွန်းမှာ ငေးငေးလေး လိုက်ကြည့်မိသည်။ ကြီးငယ်လက်ထဲကိုင်ထားသည့် ပါဆယ်ထုပ်လေးထဲမှ ဗူးလေးတွေက ဘာဗူးလေးတွေမှန်းမသိ။

" ဘာတွေလဲ ကြီးငယ်......"

" စားစရာပဲနေမယ်.....ဖွင့်ကြည့်မယ်လေ။ "

ကြီးငယ်က ပြောပြောဆိုဆိုပင် ဗူးအဖုံးလေးတွေ လိုက်ဖွင့်ကြည့်သည်။ တို့ဟူးနွေး ၊ ပဲလိတ်ခုတ် ၊ လက်ဖက်ရည် ၊ ဘဲသားမုန့် စုံနေသလို မြယွန်းအကြိုက်တွေချည်းပင်။ စိတ်ထဲက မောင်များလာပို့သလားဟု မရဲတရဲထင်လိုက်မိသေးသလို ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့ သက်ပြင်းချမိပြန်၏။

! တွင်....တွင်!

Message ဝင်သံကြောင့် မြယွန်း ဖုန်းလေးယူကြည့်မိတော့ မောင့်ဆီမှပင်။

! မနက်စာပို့ခဲ့ပေးတယ်....စိတ်ဆိုးမနေပဲ စားလိုက်ဦးနော်....မောင် တောင်းပန်တယ်!

ရင်ထဲလှိုက်သလို မျက်ရည်စလေးတွေ ဝဲသွားအောင်ပင် ကြည်နူးမိသွားရသည်။ မောင်က ယွန်းကို ပြန်ချော့တယ်ဆိုတဲ့အသိက တကယ့်ကို ကြည်နူးရင်ခုန်ရပါသည်။ 

မနက်စာသာစားနေပေမယ့် အခန်းထဲပြေးသွားကာ မောင့်ဆီဖုန်းခေါ်၍ စကားပြောချင်စိတ်ကို မနည်းထိန်းထားရသည်။ တကယ်လဲ မနက်စာစားပြီးသည်နှင့် အိမ်ပေါ်ထပ်ကို တက်လာကာ အခန်းထဲဝင်၍ မောင့်ဆီ ဖုန်းပြန်ခေါ်လိုက်တော့ သြရှရှနှင့် သံလိုက်ဓာတ်ပါသော မောင့်အသံကို ကြားလိုက်ရ၏။

" ပြောလေ ယွန်းရဲ့.....စိတ်ဆိုးပြေပြီလားဟင်။ "

မြယွန်း ပြုံးမိသွား၏။ 

" အင်း..."

" ဒါဆို ညနေ လမ်းထိပ်ထွက်လာခဲ့နော်.....မောင် စောင့်နေမယ်။ "

ဂုဏ်တံတိုင်း ဖုန်းချလိုက်သည့်အချိန် ရုံးခန်းထဲဝင်လာသည့် သူ့အတွင်းရေးမှူး ကိုမြတ်သူ။ 

" သူဌေး ဒါ တိမ်ယံမှိုင်း အကြောင်း အသေးစိတ်ပါ။ "

ဂုဏ်တံတိုင်း ဖိုင်တွဲကို လှမ်းယူကာ အကြမ်းဖျဥ်းဖတ်ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်စွန်းကို ကွေးညွှတ်ရုံ ပြုံးရင်းမှ...

" ရော့....ဒီကိစ္စကို အစဖော်ပြီး ဖြန့်လိုက်။ "

ဂုဏ်တံတိုင်း သူ့ကို ခေါင်းညိတ်ပြကာ ရုံးခန်းထဲမှ ထွက်သွားသည့် ကိုမြတ်သူကိုတစ်ချက်ကဲကြည့်မိ၏။ 

ဒုတိယခြေလှမ်း....။

ဂုဏ်တံတိုင်းဟာ ခြေလှမ်းသုံးလှမ်းနှင့် ပွဲသိမ်းရိုက်ချရန် ပြင်ထား၏။ သူ့ညီမရှေ့ တိမ်ယံမှိုင်း ဒူးထောက်တောင်းပန်ရလိမ့်မည်။ ကျွန်တော် မှားသွားပါတယ်ဆိုပြီး ဖြစ်စေရမည်။ 

ဂုဏ်တံတိုင်း ဖုန်းကိုကောက်ယူ၍ ဆက်လေ့ဆက်ထမရှိသည့် နံပါတ်ကိုယူကာ.....

" ဟယ်လို......ချမ်း...ကိုယ့်ကိုတစ်ခု ကူညီပေးပါလား။ "

တိမ်ယံမှိုင်းကို အားအပြင်းဆုံးနဲ့ ရိုက်ချနိုင်ဖို့ဆိုတာ မြယွန်းချယ်က ပစ်မှတ်မဟုတ်လား။ သူ မရက်စက်ပါဘူး....ဒါပေမယ့် မသနားတတ်တာတော့ အမှန်ပင်။

@@@@@@@@@@@@

မြယွန်း မောင့်ကားပေါ်တက်လိုက်သည်နှင့် ပြုံးကာ ငေးစိုက်ကြည့်နေသည့် မောင့်ပုံစံကြောင့် မကျေနပ်သလို မျက်စောင်းထိုးလိုက်မိသည်။ 

" အဟွန်းးးးယွန်းကို ခေါ်သွားစရာရှိတယ် ။ "

ယွန်း မောင့်ကို တစ်ချက်ပြန်ကြည့်မိရင်းမှ.....

" ဘယ်တုန်း......"

" အင်းးးးရောက်ရင် သိမှာပေါ့။ "

ပဟေဠိလုပ်နေသည့် မောင့်ကြောင့် ယွန်း မျက်စလေးပင့်မိ၏။ ထိုအချိန်......

Shooting တွင် ရိုက်ကူးရေးပြီးသည်နှင့် ခုံတွင်လာဝင်ထိုင်ရုံရှိသေး ကိုဆက်က ကပျာကယာ အနားရောက်လာကာ....

" ပြဿနာတက်ပြီ မှိုင်း......ဒီမှာကြည့်စမ်း။ "

ကိုဆက်ပြသည့် ဖုန်း screen ပေါ် ကြည့်မိတော့ ဘယ်ကမှန်းမသိသည့် မိန်းမတစ်ယောက် ပိုစ့်တင်ထားခြင်းဖြစ်သလို ထိုအောက်က မန့်တွေထဲ တရားခံဟာ သူဖြစ်နေခဲ့သည်။ 

" ဘာတွေလဲ......"

! ကလင်.....ကလင်.....ကလင်!

ဖုန်းမြည်သံကြောင့် ကိုဆက်က ကိုင်လိုက်ရင်းမှ မျက်နှာပျက်သွား၏။ 

" မှိုင်း.....ထ...ထ သတင်းထောက်တွေ ရောက်လာတော့မယ်။ "

အခြေအနေက မြန်သလို ကိုဆက်ကောင်း၍သာ သူ အိမ်အမြန်ပြန်ရောက်လာခြင်းပင်။ ဖုန်းတွေဆိုတာ စက်ပိတ်ထားရသလို Social Media ပေါ် သတင်းတွေ တမဟုတ်ချင်း ပွထကုန်၏။ 

ဘာတွေများ ဖြစ်ကုန်တာလဲ။

မြယွန်း ဟိုတယ်ထဲဝင်လာရင်းမှ မောင့်လက်မောင်းကို တစ်ချက်ကိုင်ကာ....

" မောင့်....."

" ဒါ မောင့်ဟိုတယ်လေ...."

" ဟမ်...."

မထင်မှတ်ထားသည့်စကားမို့ မြယွန်း မောင့်မျက်နှာကို ငေးကြည့်မိသွားသည်။ 

" သြော်...... တကယ်ပြောနေတာ မယုံဘူးလား။ "

မောင်က ယွန်းကို ပြုံးကြည့်ရင်းမှ ဟိုတယ်ဝန်ထမ်းတစ်ယောက်ကို လက်ယက်ခေါ်လိုက်သည်။

" ဟုတ်ကဲ့ သူဌေး....."

ဟင်.....ယွန်းခုမှ တကယ်အံ့သြသွားကာ နှုတ်ခမ်းလေး ဖွင့်ဟသွား၏။ မောင်က ယွန်းပုံစံကိုကြည့်ကာ တဟွန်းဟွန်းရယ်၏။ 

" ယွန်း အံ့သြရမှာတွေ ရှိသေးတယ်......"

ဂုဏ်တံတိုင်းစကားကြောင့် ယွန်း ခပ်အေးအေးလေး ပြုံးမိသည်။ အခန်းတစ်ခုထဲဝင်လာခဲ့ကြသလို ပန်းတွေနဲ့ အလှဆင်ထားတာမြင်တော့ ယွန်း ကြည်ကြည်နူးနူး ပြုံးမိသွား၏။

" မောင် ယွန်းကို ချော့တာနော်.....မောင့်ကြောင့် ယွန်း စိတ်ဆင်းရဲသွားရလို့...."

ယွန်း မောင့်ခါးကိုသိုင်းဖက်ရင်း မောင့်ရင်ခွင်ထဲ တိုးဝင်မိသည်။ ယွန်း မောင့်ကိုချစ်သထက်ချစ်အောင် မောင်ဖန်တီးနိုင်လွန်းလှသည်။ 

" ဖွင့်စမ်းလို့ ပြောနေတယ်.....".

" မမလေး....."

! ဒုန်း....!

အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားကာ ဝင်လာသည့် မိန်းကလေးကြောင့် ယွန်း လှည့်ကြည့်လိုက်မိသည်။ အနီရောင်ဂါဝန်တို ၊ ဆံပင်ဂုတ်ဝဲလေးဖြင့် မိန်းကလေးတစ်ယောက်....ယွန်းနဲ့မောင့်ကို ဒေါသတကြီးစိုက်ကြည့်နေကာ မောင့်ပုံစံက ချက်ချင်း ပြာယာခတ်သွား၏။

" ဘေဘီ......"

" ကိုကို့....အဲ့မိန်းမက ဘယ်သူလဲ...."

ယွန်း ရင်ထဲ ဒိန်းခနဲဖြစ်သွားသလို ပူပန်စိတ်နဲ့အတူ မောင့်ကို ငဲ့ကြည့်မိသည်။

" မောင်....ဘာတွေဖြစ်နေ..."

" စနှိုက်ကြော်မ....."

! ဖြောင်း! .....!

ယွန်းပါးတစ်ဖက်က ထူပူသွားသလို မျက်ရည်စတွေပါ တစ်ပြိုင်နက်ထဲ ဝဲတက်သွား၏။

" ဘာမောင်လဲ အဖွားကြီးရဲ့. ...အဲ့ဒါ ဘေဘီ့ကိုကို....မကြာခင်ယူတော့မှာ။ ကိုကိုနဲ့ ငါက စေ့စပ်ထားပြီးသား....ပြောလိုက်လေ ကိုကိုရဲ့။ "

ယွန်း နာကျင်သွားသည့် ပါးတစ်ဖက်ကို လက်ကလေးဖြင့် အုပ်ကိုင်ကာ မောင့်မျက်နှာကို မယုံနိုင်သလိုငေးကြည့်မိ၏။

" ဆောရီးပါ ဘေဘီရယ်....ကိုကိုက အပျော်ပါ။ ကိုကို ဘေဘီ့ကိုပဲ ချစ်တာ သိလျက်သားနဲ့....."

ရင်ထဲဟာဆင်းသွားရသလို ယွန်း ပါးပြင်ပေါ် မျက်ရည်တွေ စီးကျသွားရသည်။ မောင့်ထံမှ ဒီလိုစကားမျိုးထွက်လာမည်ဟုကို လုံးဝ မထင်ထားခဲ့မိတာ အမှန်ပင်။ 

" မောင့်....မောင် ခု ပြောနေတာ။ "

ဂုဏ်တံတိုင်း ဟင်းခနဲ သက်ပြင်းချလိုက်မိရင်းမှ ....

" ဟုတ်တယ်...... ဘေဘီက ကျုပ်ချစ်သူပဲ။ "

ယွန်း အင့်ခနဲ ရှိုက်မိသွားသလို နေရာမှ ဘယ်လိုဘယ်ပုံ ထွက်လာခဲ့မိသည်ဆိုတာ မသိတော့။ တစ်လမ်းလုံး ငိုရှိုက်လာရင်းမှ ပတ်ဝန်းကျင်ကိုလဲ ရဲရဲမကြည့်နိုင်အောင် ထူပူနေသည်။ ရှက်လိုက်တာဆိုတာလေ.....နေရာမှာတင် အခိုးအငွေ့ဖြစ်သွားချင်မိသည်အထိ။

@@@@@@@@@@@

ပြန်ရောက်ထဲက အခန်းထဲပဲခွေနေပေမယ့် ကြီးငယ်ရောက်လာကာ ပြောပြသည့် စကားတွေကြောင့် မောင်လေး ပြဿနာတက်နေမှန်း သိလိုက်ရသည်။ ကိုယ့်အပူနဲ့ကိုယ်မို့ သတိမထားလိုက်မိပေမယ့် သိလိုက်ရတော့ ယွန်း ရင်ပူသွားရသည်။

" ဒုက္ခပါပဲ..... မှိုင်း အခု ဘယ်မှာလဲဟင် ကြီးငယ်။ "

" သူ့အခန်းထဲမှာ ကိုဆက်နဲ့ စကားပြောနေကြတယ်။ "

ယွန်း အိပ်ခန်းလေးထဲမှ ထွက်လာကာ မှိုင်းရဲ့ အခန်းတံခါးကို အသာခေါက်လိုက်သည်။ အခန်းတံခါး လာဖွင့်သည့် ကိုဆက်က ယွန်းကိုမြင်တော့....

" ယွန်း....."

" ယွန်း အခုမှသိတာ.....ဘယ်လိုဖြစ်တာလဲဟင်။ "

ကိုဆက်က ယွန်းထိုင်ရန် ခုံလေးကို ရှေ့တိုးပေးလိုက်ရင်းမှ......

" တစ်ယောက်ယောက်က တမင်ကို ဖွတာပဲ ယွန်း.....အတော်လက်တံရှည်ပြီး အာဏာရှိတယ်ထင်တယ်.......စုံစမ်းလို့မရဘူး။ "

ယွန်း ရင်ထိတ်သွားရ၏။ 

တစ်ယောက်ယောက်က မှိုင်းကို အငြိုးထားနေတယ်ဆိုတာ ကောင်းတဲ့ လက္ခဏာမှ မဟုတ်ပဲ။ ပြီးတော့ မှိုင်း သူ့အလုပ်ကို ဘယ်လောက်တန်ဖိုးထားမှန်း သိနေသည်။ မှိုင်းပုံက ခေါင်းငိုက်စိုက်ကျနေရင်းမှ စိတ်အတော်ညစ်နေဟန် အထင်းသား။

" မှိုင်း....."

" လက်ခံထားတဲ့ အလုပ်တွေ ပျက်ကုန်ပြီ မယွန်း....."

ဟုတ်သည်......ဂယက်ကအတော်ထသလို တရားစွဲဖို့လုပ်ပေမယ့် ပို၍သာဂယက်ထပြန်သည်။ ရှင်းမရသလို ကိုဆက်ဆို ဖုန်းတွေဆက်တိုင်း အဆဲခံရသည်မို့ စက်ပါပိတ်ပစ်ရသည်။

-------------

သားစက် ကော်ဖီသောက်ရင်းမှ အပေါ်ထပ်ကနေ ဆင်းလာသည့် တံတိုင်းကိုမြင်တော့ မတ်တတ်ထရပ်လိုက်သည်။ အပေါ်ထပ်မှ ကျကွဲသံတွေ အော်ဟစ်သံတွေကြောင့် ကြွေ သောင်းကျန်းနေပြန်ပြီထင်၏။ 

" တံတိုင်း တိမ်ယံမှိုင်း ကိစ္စက မင်းလက်ချက်မဟုတ်လား....."

" အင်း......"

သားစစ် စိတ်မောသလို ဟူးခနဲ သက်ပြင်းချမိသည်။ တံတိုင်းပုံစံကတော့ အေးအေးလူလူဖြင့် ကော်ဖီသောက်ရင်း သူ့လုပ်ရပ်သူ သဘောကျသလို ပြုံးနေ၏။

" တနေ့က ချမ်း ငါ့ဆီလာသွားတယ်....မင်း မြယွန်းချယ်ကို မရက်စက်လွန်းဘူးလား....သူ့ခမျာ ဘာမှသိတာမဟုတ်ဘူးကွာ."

လာပြန်ပြီ ဘာမှမသိပါဘူး။

ဂုဏ်တံတိုင်း သားစစ်ကို မကြည်သလို ကဲကြည့်တော့ သူ့ကိုကြည့်ရင်း ကျစ်ခနဲစုပ်သပ်၏။ ခံရသူမဟုတ်တော့ ပြောနိုင်တာပေါ့.....ကိုယ့်မှာသာ မျက်စိရှေ့ ညီမအရင်းတစ်ယောက်လုံး စုတ်ပြတ်သတ်နေတာကို ထိုင်ကြည့်နေရတဲ့အဖြစ်။

" ကဲ....ဒါဆို ခု မင်းလုပ်ချင်တာ လုပ်လိုက်ရတော့ ကျေနပ်ပြီလား။ ပြီးပြီပေါ့......"

သားစစ် စကားကြောင့် သူ ဟာသတစ်ခုကြားရသလို ဟက်ခနဲ ထရယ်၏။

" နိုးပါ......ခုမှ စမှာ.....နောက်ဆုံးကဒ် မြယွန်းချယ် ငါ့ဆီရောက်လာလိမ့်မယ်။ "

" ဘယ်လို....."

သားစစ်အမေးကို တံတိုင်းက ပခုံးတွန့်ပြ၏။ လာမှာပေါ့......မကြာခင်။ တိမ်ယံမှိုင်း အလှည့်ရောက်ပြီ.....သူ့အစ်မ သူ့ရှေ့ ဘယ်လိုစုတ်ပြတ်သတ်နေမလဲဆိုတာ မျက်မြင်ပြပေးမည်။

ခံစားကြည့်စမ်းပါ...။ 

@@@@@@@@@@@@@@@@@@@@@@

To be continue P - 4

Author - အနမ်းခြွေ

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_shortstory
#LTY_အနမ်းခြွေ




Some text some message..